၂၀၀၇က ကျွန်တော့်ဘ၀ကို တော်တော်လေးပြောင်းလဲသွားစေပါတယ်။ ဘ၀တစ်ခုလုံးမှာ အလုပ်အများဆုံး ခုနှစ်တစ်ခုလည်း ဖြစ်ခဲ့လိမ့်မယ်နဲ့ တူပါတယ်။ ကျွန်တော်စားချင်သော အစားအစာများ၊ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက၊ ၂၀မိနစ် ကာလသားချက်၊ နှင်းဝိညာဉ်တစ်စက်ရဲ့ နိဂုံး၊ ဘန်းစကားတွေလန်းနေတယ် စတဲ့ ပိုစ့်တွေနဲ့ အတူ ကျွန်တော် ဟာ ဘလော့ခ်ဂါ တစ်ယောက်ဘ၀ကို ပျော်ရွှင်စွာရောက် ခဲ့ပါတယ်။ ပြီးတော့ အဲဒီဘလော့ခ်ကာဘ၀နဲ့ တူတူ ဘလော့ခ်ဂါဖိုရမ်လေးကို ရောက်ခဲ့ပြီး ကဗျာတွေ ရေးရင်း ဘလော့ခ်စာအုပ်ကိစ္စတွေငြင်းရင်း ခုန်ရင်း မတ်လလောက်မှာ ဖိုရမ်မာတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီဖိုရမ်ကတဆင့် ကိုရန်အောင်၊ ကိုကျော်ဇေယျ၊ မညလေး၊ ကိုဝေယံလင်းတို့နဲ့ သိခဲ့ကျွမ်းခဲ့ ခင်မင်ခဲ့ပါတယ်။
၂၀၀၇ခုနှစ် Aprilလမှာတော့ မဆုံစည်းရတာ ၈နှစ်လောက်ရှိပြီဖြစ်တဲ့ မြန်မာသင်္ကြန်ပွဲတော်ကို ညီညီ၊ နေဘုန်းလတ်တို့နဲ့ တူတူ အင်းလျားလမ်းမှာ ပျော်ရွှင်မြူးတူးစွာ ဆင်နွှဲခဲ့တယ်။ စင်္ကာပူကို မပြန်ခင်မှာ ဘာညာ၊ ဘလာဂေါက်၊ မောင်ပွတ်၊ စိုးဇေယျ၊ ကိုမျက်လုံးဆိုတဲ့ သူတွေနဲ့ ဘလော့ခ်စာအုပ်ကိစ္စအစည်းအဝေးမှာ ခင်မင်ခွင့်ရလာခဲ့တယ်။ ၂၀၀၇ခုနှစ် မေလမှာတော့ ကျွန်တော့်ရဲ့ ၀ါဿနာဖြစ်တဲ့ ဓါတ်ပုံရိုက်ခြင်း အတတ်ပညာကို TPmyanmar Thingyan 2007မှာ Photographer of the event အဖြစ် အပြည့်အ၀အသုံးချနိုင်ခဲ့ပါတယ်။ အဲဒါရဲ့ နောက်ပိုင်းမှာလည်း စင်္ကာပူမှာ ရှိတဲ့ သူငယ်ချင်းတွေရဲ့ မင်္ဂလာဆောင်၆ခုလောက်ကို ဆက်တိုက်ဆိုသလို မှတ်တမ်းတင်ပေးနိုင်ခဲ့တယ်။
မေလမှာတော့ စင်္ကာပူနိုင်ငံ မြန်မာများစုစည်းတဲ့နေရာဖြစ်တဲ့ ပန်နီဇူလား ပလာဇာမှာ လမ်းပြကြယ်ဆိုတဲ့ မြန်မာစာကြည့်တိုက်တစ်ခုကို ကျွန်တော်အပါအ၀င် မိတ်ဆွေ လေးငါးခြောက်ဦးနဲ့ တူတူအောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ စာအုပ် ၅၀၀လောက်နဲ့ စတင်ခဲ့တဲ့ လိုင်ဘရီလေးဟာ အခုဆို စာအုပ် သုံးထောင်ကျော်ကျော်လောက်ရှိနေပါပြီ။ အဖေရော အမေပါ Engineerဖြစ်တဲ့အတွက် ငယ်ငယ်ကတည်းက Engineerတစ်ယောက် ဖြစ်ချင်ခဲ့တဲ့ ကျွန်တော်၊ ဒီ ၂၀၀၇ခုနှစ်မှာပဲ ဖြစ်ချင်တဲ့ Engineerရာထူးကို အလုပ်ထဲမှာ ရရှိခဲ့ပါတယ်။ TPmyanmar အဖွဲ့အစည်းပေါ်ပေါက်လာတာ ၂၀၀၈မှာ ၁၀နှစ်ပြည့်မှာ ဖြစ်တဲ့အတွက် သင်္ကြန်ပွဲတစ်ခုကို အကြီးအကျယ်ကျင်းပနိုင်ဖို့အတွက် ၂၀၀၇ရဲ့ ဇူလိုင်လမှာ စပြီး အစည်းအဝေးတွေ စတင်ခဲ့ရာကနေ Organiserဆိုတဲ့ နေရာတစ်ခုကို တကျော့ပြန် ရယူခဲ့ရ ပြန်ပါတယ်။
သြဂုတ်လကတည်းက စပြီး မြန်မာနိုင်ငံရဲ့ အရေးကိစ္စများကို ကြိုးစားပမ်းစား ဆောင်ရွက်ရာကနေ အလုပ်အလွန်များတဲ့ လူတစ်ယောက်အဖြစ်ကို ရောက်မှန်းမသိ ရောက်ရှိခဲ့ပြန်ပါပြီ။ တကယ်ပါ။ ၂၀၀၇ရေ မင်းကတော့ ဖုန်ဖက်ခါပြီး ခွဲခွာနှုတ်ဆက်သွားပေမယ့် ဒီကကောင်မှာတော့ Blogger, Forummer, Photographer, Librarian, Engineer, Organiser, Activist ဆိုတဲ့ နေရာတွေမှာ တလှည့်စီရပ်ရင်း မောပန်း နွမ်းလျလို့ ဖုတ်လိုက်ဖုတ်လိုက်ပါပဲ။ ဗေဒင်မေးရင်တောင် ဆန်ကုန်နေပါဦးမယ်။ အဲဒီလိုရှုပ်ရှပ်ခတ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ၂၀၀၇ခုနှစ်ကိုတော့ ကျွန်တော့်တစ်သက်မှာ ဘယ်တော့မှ မေ့လို့ရတော့မှာမဟုတ်ပါဘူး။
Monday, December 31, 2007
Sunday, December 30, 2007
The return of TLAM
သံလွင်အိပ်မက်ကို စောင့်နေကြတဲ့ ပရိသတ်ကိုလည်း အတော်လေး အားနာမိပါတယ်။ သံလွင်အိပ်မက် အမှတ်(၁၂) ကို ပုံမှန်ထွက်ရမယ့် အောက်တိုဘာမှာ မထုတ်ဖြစ်ဘူး။ အဲဒီကာလက အားလုံးသိကြတဲ့အတိုင်း စက်တင်ဘာရဲ့ ရွှေဝါရောင် တော်လှန်ရေးလှိုင်းအရှိန်နဲ့ ကျွန်တော်တို့ အားလုံးရဲ့စိတ်တွေ ညိုညစ်ညစ်သန်းနေခဲ့တယ်။ ပြီးတော့ သံလွင်ဝက်ဆိုက်ဒ်ကို တင်ထားတဲ့ ဆာဗာကလည်း အချိန်ကိုက်ဒေါင်းသွားခဲ့တယ်။ နောက်ပြီး ဆာဗာအသစ်ကို domain transfer လုပ်ဖို့ အခက်အခဲတချို့ ရှိခဲ့တဲ့အတွက် မမျှော်လင့်ဘဲ သံလွင်ဝက်ဆိုက်ဒ်တစ်ခုလုံးကို လုံးဝပိတ်ထားလိုက်ရတယ်။ အခုတော့ သံလွင်အိပ်မက် အမှတ် (၁)ကနေ (၁၁) အထိကို ဆာဗာအသစ်မှာ တင်ထားလိုက်ပြီးပါပြီ။ www.thanlwin.com ကနေ တိုက်ရိုက် ဖတ်ရှုနိုင်ပါတယ်။ အမှတ် (၁၂)ကို ဇန်န၀ါရီလကုန်ပိုင်း (သို့) ဖေဖော်ဝါရီလဆန်းပိုင်းမှာ ထွက်နိုင်အောင် ကြိုးစားနေပါတယ်။ ခုဆိုရင် သံလွင်အယ်ဒီတာအဖွဲ့ထဲကို ညီညီ(သံလွင်)၊ နေဘုန်းလတ် (ခ) နေမျိုး(သံလွင်)၊ ကိုငယ် (မန္တလေး) နဲ့ ကျွန်တော်တို့ အပြင် မောင်ပွတ် (ခ) အေးချမ်း(သံလွင်)တို့ကလည်း ပါဝင်လာပြီဖြစ်လို့ လူအင်အားများလာသလို ကျွန်တော်တို့ရဲ့ မိတ်ဆွေသူငယ်ချင်း ဘလော့ဂ်ဂါတွေသာမက အခြားသော စာပေ၀ါသနာပါသူ တွေကိုလည်း ၀ိုင်းဝန်းကူညီတဲ့ အနေနဲ့ စာမူတွေ ပေးပို့ကြဖို့ ဖိတ်ခေါ်ပါတယ်။ စာမူတွေကို အရင်က ၀င်းဖွန့်နဲ့သာ ပေးပို့နိုင်ကြပေမယ့် အခုတော့ ဘလော့ဂ်ရေးသူ၊ ဖတ်သူတွေ များလာတာနဲ့အမျှ မြန်မာဘလော့ဂ်တွေ အားလုံးလိုလိုမှာ သုံးနေကြတဲ့ ဇော်ဂျီဖွန့်နဲ့လည်း ပေးပို့နိုင်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။ စာမူတွေကို ပေးပို့ရမယ့် လိပ်စာကတော့ thanlwinainmat@gmail.com ပါ။
Labels:
News
Tuesday, December 25, 2007
Merry Christmas
ဒီရက်ပိုင်း ကျွန်တော့်ကို SMSပို့ပေးတဲ့သူတွေ၊ အီးမေးလ်ပို့တဲ့သူတွေ၊ ဟိုးအဝေးက သူငယ်ချင်း၊ မိတ်ဆွေ၊ ဆွေမျိုးသားချင်းတွေ၊ နီးနီးလေးနေပြီး ဝေးနေတဲ့သူတွေ၊ ကျွန်တော့်ဘလော့ခ်ကို လာလာလည်နေကြတဲ့ သူတွေအားလုံးကို ဒီခရစ္စမတ်မှာ သာစေ မာစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
Labels:
Days
Friday, December 21, 2007
ဝင်းအင်းဝလား၊ ဇော်ဂျီဝမ်းလား။
ဝင်းအင်းဝဆိုတဲ့ ဖောင့်ကို စွဲစွဲမြဲမြဲနဲ့ သုံးလာခဲ့တာ ၁၀တန်းအောင်စ လောက်ကတည်းက စပြီး အခုအချိန်အထိ (သံလွင်အိပ်မက်မှာ) သုံးဆဲပါပဲ။ အဲဒီအချိန်လောက်တုန်းကတော့ ရွေးစရာတခြားဖောင့်လည်း သိပ်များများစားစားရှိတာမဟုတ်တော့ ဒီဖောင့်ကိုပဲ သုံးခဲ့ကြတယ်။ သုံးဖြစ်သွားတဲ့ အဓိကအကြောင်းကတော့ နေဘုန်းလတ်၊ ညီညီ(သံလွင်)၊ ကိုငယ်(မန္တလေး)တို့နဲ့ အတူတူ လုပ်ဖြစ်တဲ့ ဒြပ်မဲ့ကမ္ဘာ ကဗျာစာအုပ်လေး ကြောင့်ပါပဲ။ ကဗျာတွေကို အဓိကရိုက်တာက ကျွန်တော်ပေါ့။ ၁၉၉၇ နှစ်လယ်ပိုင်းလောက်က ဖြစ်မယ်။ အဲဒီအချိန်တုန်းက ကျွန်တော်သုံးတာ ၀င်းအင်းဝနဲ့ CE myanmarဖောင့် နှစ်မျိုးကို ရောသုံးတယ်။
နောက်ပိုင်းလည်း လိုအပ်ရင် လိုအပ်သလို သူငယ်ချင်းတွေရဲ့ ကဗျာစာအုပ်တွေကို ရိုက်ပေးတယ်။ မှတ်မှတ်ရရ ကျွန်တော့်ဘ၀မှာ ပထမဆုံး ကိုယ့်လုပ်အားနဲ့ ကိုယ်ရခဲ့တဲ့ အရာဟာ ဘောလ်ပင်လေးပါ။ ကျွန်တော့်သူငယ်ချင်းက သူတက်နေတဲ့ GTIက သူငယ်ချင်းတွေနဲ့ ပေါင်းထုတ်တဲ့ ကဗျာစာအုပ်လေးကို ရိုက်ပေးဖို့ အကူအညီတောင်းတာကို လက်ခံခဲ့တယ်။ ကိုယ်တိုင်ကလည်း ကဗျာလေးတွေ ရေးနေတဲ့သူဆိုတော့ သူတို့ရဲ့ ကဗျာစာအုပ်လေးကို အကောင်းဆုံးလုပ်ပေးလိုက်တဲ့အခါ သူငယ်ချင်းက ကျေးဇူးအရမ်းတင်ပြီး ကျွန်တော့်ကို ဘောလ်ပင်လေးတစ်ချောင်း လက်ဆောင်ပေးပါတယ်။ (ကျွန်တော့်ဘ၀ရဲ့ ပထမဆုံး လုပ်အားခ လက်ဆောင်ဆိုရင်လည်း မမှားနိုင်တဲ့အတွက် အခုထက်ထိတိုင် သိမ်းထားဆဲပါ။)
အဲဒီစာအုပ်အပြင် ကျွန်တော်တို့ ဒြပ်မဲ့ကမ္ဘာ(၂)ဆိုပြီး ထပ်ထွက်တော့လည်း စာစီစာရိုက် ကျွန်တော်ပဲလုပ်။ အဲဒီနောက် လသာ(၂)က ကောင်မလေးတွေ ကဗျာစာအုပ်ထုတ်ချင်တာကိုလည်း ကျွန်တော်ပဲ ကူရိုက်ပေးခဲ့ပါသေးတယ်။ ၀င်းအင်းဝနဲ့ ကျွန်တော်နဲ့ အကျိုးပေးတာလားတော့မသိ။ ကျွန်တော့်လုပ်အားနဲ့ ပထမဆုံးရတဲ့ ၀င်ငွေဟာလည်း ၀င်းအင်းဝကြောင့်ပါပဲ။ အမေနိုင်ငံခြားကို ခဏသွားပြီးပြန်လာတော့ သူတို့ တဖွဲ့လုံးရဲ့ ခရီးစဉ်တွေကို Reportတင်ဖို့ အတွက် ဆိုင်မှာသွားရိုက်လည်း ပေးရမှာပဲ ဆိုပြီး ကျွန်တော့်ကို ရိုက်ခိုင်းပါတယ်။ သေသေချာချာ မမှတ်မိပေမယ့် အဲဒီတုန်းက မြန်မာငွေ၃၀၀၀လောက် ရလိုက်ပါတယ်။ (အဲဒီပိုက်ဆံတွေတော့ လိုအပ်တာတွေ ၀ယ်လိုက်လို့ ထင်တယ်၊ ကုန်ပြီ)
ဇော်ဂျီကိုတော့ စသုံးဖူးတာ လွန်ခဲ့တဲ့ နှစ်လောက်ကမှပါ။ သူကလည်း သူ့ဟာနဲ့ သူကောင်းတာပါပဲ။ အဓိကတော့ ဇော်ဂျီဖောင့်ကို ဘလော့ခ်ရေးဖြစ်တဲ့အခါ သူငယ်ချင်းတွေနဲ့ Gtalkထဲမှာ စကားပြောဖြစ်တဲ့အခါ သုံးတာများပါတယ်။ ၀င်းအင်းဝနဲ့ မတူတာက သူက (ကျွန်တော်ဘာမှန်းမသိတဲ့) Unicodeဖောင့်ဖြစ်တယ် ဆိုတာပါပဲ။ ပြီးတော့ သူ့ရဲ့ အားသာချက်က ပတ်ဆင့်တွေကို ၀င်းအင်းဝမှာလို Number Keyတွေ မလိုပဲ Tide Keyလို့ ခေါ်တာလေးနဲ့တွဲပြီး ရိုက်လို့ ရပါတယ်။ ဒါပေမယ့် သူက ဖောင့်ပုံစံတစ်မျိုးတည်းရှိတဲ့အတွက် ၀င်းဖောင့်မှာလို ၀င်း မော်လမြိုင်၊ ၀င်း တောင်ကြီး၊ ၀င်း ဗိဿနိုး၊ ၀င်း ရန်ကုန်၊ ၀င်း ကလော စသည်ဖြင့် ပုံစံတွေ ပြောင်းလို့ မရပါဘူး။
မြန်မာဘလော့ခ်တွေ စပေါ်ကာစက ၀င်းကလောနဲ့ ရေးကြတယ်လို့လည်း ဖတ်မှတ်ဖူးပါတယ်။ မြစေတီ၊ အကယ်ဒမီ၊ စီအီး၊ ၀င်း၊ ဇော်ဂျီ စသည်ဖြင့် မြန်မာဖောင့်တွေ အများကြီးရှိတဲ့ အနက်က ကျွန်တော်ကတော့ ၀င်းနဲ့ ဇော်ဂျီကိုပဲ အသုံးအများဆုံးပါ။ ၀င်းအင်းဝဖောင့်ကို သံလွင်အိပ်မက် အမှတ် ၁မှ ၁၁ အထိ၊ ပြီးတော့ ကဗျာစာအုပ် ခုနှစ်အုပ်လောက်ကို လည်း ရိုက်ဖူးပြီး ဇော်ဂျီဖောင့်ကတော့ ကျွန်တော့်ဘလောခ့်တစ်ခုလုံးပါပဲ။ ကျွန်တော်မကြိုက်ဆုံးဖောင့်ကို ပြောပါဆိုရင်တော့ ၀င်းဘားမိစ်ပါပဲ။ ဘာလို့လည်းဆိုတော့ ၀င်းဖောင့်ရဲ့ လက်ကွက်ကနေပြီး သွေဖယ်ပြီး တချို့စာလုံးတွေက တခြားခလုပ်တွေ ဖြစ်နေလို့ပါ။
ရန်ကုန်မှာ ဘလော့ခ်ကာတွေ အစည်းအဝေးလုပ်ရင် ညီလင်းဆက်နဲ့ ကိုစစ်အိမ်တို့ အင်းဝပိုလှတယ် ဇော်ဂျီပိုကောင်းတယ်။ ငြင်းကြ၊ ခုန်ကြ၊ ဆွေးနွေးကြတယ်လို့ ကြားရပါတယ်။ ဒါကြောင့်လည်း ကျွန်တော့်အမြင်ဖြစ်တဲ့ ဒီပိုစ့်လေးကို အဓိက ရေးဖြစ်သွားတာပါ။ ဘယ်ဖောင့်ပိုကောင်းသည် ဖြစ်စေ ကျွန်တော် ကတော့ တလှည့်စီ အဆင်ပြေသလို နှစ်ခုလုံးကို မျှပြီး သုံးသွားမှာပါ။ တကယ်တမ်းတော့ မြန်မာဖောင့်တစ်ခုစီတိုင်းကို တီထွင်ခဲ့တဲ့ ပုဂ္ဂိုလ်များရဲ့ ကျေးဇူးကတော့ ကျွန်တော်တို့ အပေါ်မှာရှိပြီး ထိုသူများအတွက်လည်း အမြဲတမ်း ဂုဏ်ယူနေမိမှာပါ။

Wednesday, December 19, 2007
မှောင်နေတဲ့ အလင်းရောင်
အဲဒီ နံနက်ဦးမှာပေါ့... စံပယ်တွေ အကြိမ်ကြိမ်ဖူးလို့ အိပ်မက်တွေ ရူးခဲ့ရတာ။ ချစ်သူအကြောင်းတွေ တွေးမိတိုင်း စိတ်ကူးတွေ မြူးလို့ အလွမ်းတွေ မူးခဲ့ရတဲ့ ကောင်ဟာ ကိုယ်ပါ။ ငါ့ရဲ့ ကြက်တူရွေးမလေး သဒ္ဒါရေ... ဆောင်းညအေးအေးမှာ ဆောင်းလေဖြည်းဖြည်းနဲ့ ဆောင်းလကလေးကို မျှော်ငေးမိတာကိုက စမှားခဲ့တာပါ။ အိုဘယ့်. ဒီဇင်ဘာရေ ... နှင်းငွေ့ခြုံတဲ့ ကောင်မလေး မင်းရင်ခွင်ထဲက မွေးထုတ်ပေးလို့ သူဆိုတဲ့ တေးသံစဉ် ရင်တစ်ခုလုံး ဖိတ်စင်သွားတယ်။ မျိုးကြော့မြိုင်ကြိုက်တယ်ဆိုတဲ့ ငါ့ရဲ့ နတ်မိမယ်လေး သဒ္ဒါ . . . “မင်းကို ချစ်တဲ့ ဒီနှလုံးသားရယ်”လို့ ထပ်ကာ ထပ်ကာ ဆိုပြပါဦးလားကွယ်။
ဘာကို ချစ်တာလဲလို့ ချစ်သူက မေးတိုင်း စကားလုံးတွေ ထုံထိုင်းသွားကြတာ ဘာလို့လဲ။ ကိုယ်ချစ်တာ မင်းရဲ့ စံပယ်တင် မှဲ့လေးပါလို့ ပြောရင် ယုံမှာလား။ မင်းရဲ့ သွားတက်လေးတွေလို့ ပြောရင် ယုံမှာလား။ မင်းရဲ့ မျက်နှာ ၀ိုင်းဝိုင်းလေးလို့ ပြောရင် ယုံမှာလား။ မင်းရဲ့ မဲ့ပြုံးလေးတွေလို့ ပြောရင် ယုံမှာလား။ မင်းရဲ့ စကားသံလေးတွေလို့ ပြောရင် ယုံမှာလား။ ဒါတွေ အကုန်မပါလည်း ချစ်ဦးမှာပဲလို့ ပြောရင်ကော ယုံဦးမှာတဲ့လား။ တစ်ယောက်က တစ်ယောက်ကို မယုံကြည် “ကျွန်တော် တကယ်ချစ်ပါသည်” လို့ အခါခါ သစ္စာတိုင်တည်ပြီး ပြောပေမယ့် မင်းကတော့ နောက်တစ်ယောက်ကိုလည်း ဒီစကားပဲ ပြောဦးမှာမဟုတ်လားလို့ ဘာကြောင့် ထင်ရတာလဲ အစုတ်ပလုတ်မလေး မိသဒ္ဒါ။
တကယ်တော့ ကိုယ်ဟာ စင်္ကာပူဆိုတဲ့ တိုင်းပြည်သေးသေးလေးမှာ မြန်မာဆိုတဲ့ လူမျိုးကြီးကြီးအတွက် လိုအပ်ရင် လိုအပ်တဲ့ နေရာက လုပ်ကိုင်နေတဲ့ အုတ်တစ်ချပ်ပါ။ Myanmar Bloggers Societyကို ချစ်ပြီး လမ်းပြကြယ်ကို တည်ထောင်လို့ ပြည်ပရောက် မျိုးချစ်မြန်မာများကို ကူညီကာ TPmyanmarကို သံယောဇဉ်ရှိဆဲ သံလွင်အိပ်မက်တွေ အမြဲမက်ခဲ့သူဟာ ကိုယ်ပါ သဒ္ဒါ။ ဒါတွေကြောင့်ပဲ အသည်းကွဲခဲ့ရတယ်ဆိုတာ မင်းမပြောပေမယ့် ကိုယ်သိပါတယ် မြတ်နိုးရသူလေး သဒ္ဒါရေ။ မည်သူတစ်ဦးတစ်ယောက်ကမှ ချစ်သူက အချိန်ပေး၊ ဦးစားပေး၊ အလေးပေးမခံချင်တဲ့သူ မရှိဘူးဆိုတာ ကိုယ်သိပါတယ်ကွယ်။ နောက်ဆုံးတော့လဲ စနေနေ့တစ်နေ့ အစိမ်းရောင် မုန်တိုင်းနဲ့ တွေ့ခဲ့ရတာပါပဲ။
သက်တော်စောင့်လေး မိသဒ္ဒါရေ... လမင်းကို တမ်းတ၊ နမ်းခွင့် ဘယ်တော့မှ မရနိုင်တော့မယ့် ကြယ်ဟာ ကိုယ်ပါ။ ချစ်ဖို့အတွက် အချိန်မကျသေးဘူးဆိုတဲ့ စကားလုံးကြားမှာ အနူးညံ့ဆုံး ကျရှုံး ခဲ့ရပါပြီ။ မင်းကတော့ ရည်မှန်းချက်တွေ ပြည့်ဝ အလုပ်တစ်ခုရလို့ လှလှပပ ဘ၀တစ်ခုကို စတော့မယ်ပေါ့လေ။ ရပါတယ် မိသဒ္ဒါ၊ လွမ်းလွမ်းဆွေးဆွေး စိတ်တွေ လေးနေရမယ့် အရွယ်မှ မဟုတ်တော့ပဲကွယ်။ တမ်းတမ်းတတ ချစ်ခွင့်ရဦးမလားလို့ မျှော်လင့်ခြင်းအလင်းရောင် ငါ့အခန်းထဲမှာတော့ မှောင်နေတယ်။ အင်း မင်းကြားချင်မှာ မဟုတ်ပေမယ့် ထပ်ပြောခဲ့ပါ့မယ်။ မင်း . . . ကို . . . . သိပ် . . . ချစ် . . . တယ်။

Essays
Monday, December 17, 2007
ယုံပါ၊ တကယ်မအားတာပါ။
အိပ်ရာကနှိုးတော့ နေ့လည် သုံးနာရီထိုးပြီ။ မနေ့ညက တစ်ညလုံး TPmyanmar သင်္ကြန်တွေကို Collection DVD ကိစ္စ လုပ်ထားလို့ တော်တော်ပင်ပန်းနေတယ်။ ဟင်း..... ဒီညလည်း ထပ်သွားရဦးမယ်။ သွားတိုက်၊ မျက်နှာသစ်၊ ရေမိုးချိုး။ ရေချိုးခန်းထဲက ထွက်လာတော့ Missed call တစ်ခုတွေ့လိုက်တယ်။ MKNMတဲ့။ ဒါနဲ့ ပြန်ဆက်လိုက်တော့....
“အမ ပြော”
“ဟဲ့... ဘယ်ရောက်နေတာတုန်း။ ဟိုကိစ္စ စင်္ကာပူကို လာဖြစ်တယ်။ အဲဒီကိစ္စ စီစဉ်စရာရှိတာတွေ စီစဉ်ရမယ်။ အားလား။ ”
“အမရယ်၊ ကျွန်တော်ကတော့ ထုံးစံအတိုင်းပေါ့။”
အဲဒီကိစ္စကို ၁၀မိနစ်လောက် ပြောနေတုန်း MaShweဆီက 2nd call ၀င်လာတယ်။
“ဟဲလို ဟုတ် အမပြော”
“တီပီမြန်မာ ၁၀နှစ်ပြည့်အတွက် Key Chainကိစ္စ ပြောမလို့”
“သြော်.... ဟုတ် . . . . . . ဘယ်လောက်တဲ့တုန်း၊ ...... ဆိုင်ကနေ Sample ပို့ခိုင်းလိုက်လေ။ . . . ဟုတ် ”
ဖုန်းတွေ အားလုံးချပြီးတော့မှ မနက်စာ ခေါက်ဆွဲပြုတ်လေး အပြေးအလွှားလုပ်။ လုပ်ရင်းနဲ့ အီးမေးလ်ဖွင့်တော့ ညီညီFwdထားတဲ့ အီးမေးလ်၊ သံလွင်အိပ်မက်Domain name က နောက်လကုန်လောက်ဆို ကုန်ပြီတဲ့။ အင်း အဲဒီကိစ္စကလည်း အရေးကြီးတယ်။ websiteက ဒေါင်းနေတာတော်တော်ကြာပြီ။ ပြီးတော့ လမ်းပြကြယ်က Duty Roster ကို ပို့ထားတာတွေ့တယ်။ ဒီလထဲ ဘယ်နှရက်လောက်လုပ်ရမလဲ။ ၂၂ရက်နေ့နဲ့ ၃၀ရက်နေ့တဲ့။ ၂ရက်ပဲ လုပ်ရမယ်။ တခြား Volunteerတွေ အများကြီး ရှိလို့ တော်ပါသေးတယ်။
အဲဒါနဲ့ DVDကိစ္စကို ကိုZYအိမ်မှာ လုပ်နေတုန်း ည ကိုးနာရီလောက်မှာ မန်နေဂျာဆီက ဖုန်းလာတယ်။ “မင်းအခု အလုပ်ကို တချက်လောက်ပြန်သွားပါ”တဲ့။ “ဒီနေ့က မင်းရဲ့ Standbyနေ့တော့ မဟုတ်ဘူး၊ ဒါပေမယ့် အလုပ်ထဲက စက်တစ်လုံး မော်တာလဲရမှာမို့လို့ ပြန်သွားပါ”တဲ့။ ဟင်း မတတ်နိုင်။ ပင်ပန်းတယ် မပင်ပန်းဘူးဆိုတာထက် သြော် ပိုက်ဆံရတာပေါ့လို့ပဲ တွက် ပြီး သွားလိုက်တယ်။ မော်တာလဲတာ သုံးလေးနာရီလောက်ပဲ ကြာမှာလို့ ထင်တာပဲလေ။ အလုပ်ကို သွားနေတုန်း MaGTက ဖုန်းလှမ်းဆက်တယ်။ “ဟိုကိစ္စ ပိုက်ဆံလှူဖို့လေ
၊ အဲဒါ ဘယ်လိုလုပ်ရင်ကောင်းမလဲ မေးတာ”
“သြော် ဟုတ်... လုပ်သင့်ပါတယ်။ .... ဟုတ် .... ပြန်ဆက်လိုက်မယ်လေ”
။ သူနဲ့ ခဏပြောပြီးတော့ KoTSဆီက ဖုန်းလာတယ်။ TPmyanmar ၁၀နှစ်ပြည့်လုပ်ဖို့ Conference call လုပ်ဖို့ တိုင်ပင်တာ။ အင်း...နောက်နေ့ ညဖက် ၁၀နာရီလောက် အလုပ်က ပြန်ရောက်မယ့် အချိန် ချိန်းလိုက်တယ်။
ဒီလိုနဲ့ မော်တာလဲတာ မနက် လေးနာရီလောက်ကျတော့ ပြီးသွားတယ်။ (လေဆိပ်ထဲမှာက ညဖက် လေယာဉ်ပျံတွေရှင်းတဲ့ အချိန်မှ အေးအေးဆေးဆေး စက်တွေ ကိုင်လို့ ရတာလေ၊) အလုပ်ထဲကနေ DVDလုပ်နေတဲ့ ကိုဇေယျာအိမ်ကို သွား။ ပြီးတော့ လုပ်စရာရှိတာ ဆက်လုပ်။ မနက်၆နာရီ လောက်မှာ အိမ်ပြန်။ နေ့လည် ၁၂နာရီလောက်အထိအိပ်။ အိပ်ရာနိုးတော့လည်း အဲဒီDVDကိစ္စကို သွားလုပ်။ ည၁၀နာရီလောက် Conference call လုပ်ဖို့ ပြန်လာပြီး ဖုန်းခေါ်တော့ Conference ထဲမှာ လူငါးယောက်လောက်ရောက်နေပြီ။ Hostလုပ်တဲ့ သူရဲ့ ဖုန်းက ငါးယောက်ပဲ လက်ခံလို့လားမသိ။ နောက်တစ်ယောက် ထပ်ဝင်လို့ မရတော့ဘူး။ ဒါနဲ့ ပဲ နောက်ထပ် လေးယောက်က ပထမရှိနေတဲ့ Conferenceထဲက တစ်ယောက်ရဲ့ ဖုန်းကို ခေါ်၊ Conference တစ်ခုလုပ်ပြီး ကျွန်တော်တို့ ရှိနေတဲ့ Conferenceကို လာJoinမှ အဆင်ပြေသွားတယ်။ အဲဒါနဲ့ ပဲ အားလုံးပေါင်း လူ၉ယောက်လောက် TPmyanmar ၁၀နှစ်ပြည့်အတွက် အပြင်းအထန်ဆွေးနွေးတာ အားလုံးပေါင်း ၃နာရီလောက်ကြာသွားတယ်။
နောက်နေ့ မနက် အိပ်ရာနိုးတော့ OBP websiteအတွက် အထဲမှာ ထည့်ဖို့ dataတွေစု။ စုနေတုန်း OBPက ကိုSTunက ဖုန်းဆက်ပြီး “အဲဒီwebsiteလေး မြန်မြန်ပြီးအောင် လုပ်ပေးပါဦး”တဲ့။ “ဟုတ်ကဲ့ အကို ကျွန်တော်အကူအညီတောင်းထားတဲ့ တစ်ယောက်နဲ့ ချိတ်ပြီး အဆင်ပြေအောင်လုပ်ပေးပါ့မယ်”။ အဲဒီအချိန်မှာပဲ ကျွန်တော်နဲ့ အတူတူတွဲလုပ်နေတဲ့ အဖွဲ့နောက်တစ်ခုက မKက ဖုန်းဆက်ပြီး အစည်းအဝေးရှိမယ်တဲ့။ ဘယ်နေ့ အားလဲတဲ့။ “...အဲ..မနက်ဖြန်က စပြီး လေးရက်ဆက်တိုက် အလုပ်ရှိတယ်။ Conference call ပဲ လုပ်လိုက်ပါလား အမ” “အင်း အဲဒါဆိုလည်း Conference call ပဲ လုပ်မယ်”
ဆိုပြီး အဖွဲ့ထဲက လူလေးငါးယောက်လောက်နဲ့ လုပ်စရာရှိတာတွေကို ဆွေးနွေးဖြစ်တယ်။ ဖုန်းပြောနေတုန်း အခန်းတစ်ခုလုံး အ၀တ်တွေနဲ့ ရှုပ်ပွနေလို့ လျှော်စရာရှိတာတွေကို အ၀တ်လျှော်စက်ထဲထည့် ဆပ်ပြာမှုန့်ထည့်ပြီး ခလုပ်နှိပ်ထားလိုက်တယ်။
ဖုန်းချပြီးတော့ ဘလော့ခ်လေးရေးချင်လို့ ကွန်ပျူတာဖွင့် ထုံးစံအတိုင်း အီးမေးလ်ကို အရင်စစ်တော့ စာမေးပွဲ ဖြေဖို့အတွက် Reminder email ကို တွေ့လိုက်တယ်။
ဘလော့ခ်ရေးမယ် စဉ်းစားတုန်းရှိသေး၊ အ၀တ်လျှောက်စက်က ပြီးသွားလို့ “တီ ... တီ .... တီ” မြည်သံတွေ ထွက်လာပါတယ်။ အဲဒါနဲ့ အ၀တ်တွေလှမ်းရင်း တွေးမိတယ်။ လူမှုရေး၊ စီးပွားရေး
၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အစည်းအဝေးတွေ၊ လုပ်စရာရှိတာတွေ တစ်ခုပြီး တစ်ခုလုပ်နေတယ် ဆိုပေမယ့် တကယ်တမ်းကျတော့ လူမှာ လုပ်နိုင်တဲ့ Limitတစ်ခုရှိပါတယ်။ အဲဒီLimitကို ကျော်ပြီး ဘယ်လိုမှကို လုပ်လို့ မရပါဘူး။ အဓိကတော့ အချိန်ပါ။ ကျန်တာကတော့ လူတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်ပါ။ ကိုယ်မနိုင်ပဲနဲ့ အများကြီး လုပ်တဲ့အခါမှာ ဒီဖက်မှာ လစ်ဟင်းသလို၊ ဟိုဖက်မှာလည်း ပြီးပြည့်စုံတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီဖက်မနိုင်၊ ဟိုဖက်မနိုင်နဲ့ နောက်ဆုံးမှာ “လေ”ပဲလာပြီး တကယ်အလုပ်မလုပ်နိုင်တဲ့သူ၊ ကတိတွေ အကြိမ်ကြိမ်ပေးပြီး ဖြစ်မြောက်အောင် မလုပ်နိုင်သူဖြစ်လာမှာ စိုးရိမ်လာမိပါတယ်။ အဲဒါကြောင့် လုပ်ချင်တာတွေ၊ လုပ်ရမှာတွေ၊ လုပ်သင့်တာတွေကို တစ်ခုချင်း တစ်ခုချင်း လုပ်တာအကောင်းဆုံးပဲလို့။ ကဲ .... ဘယ်ဟာကို အရင်ဆုံးလုပ်ရင်ကောင်းမလဲ။ အခုလောလောဆယ် အ၀တ်တွေ လှမ်း၊ ခြောက်ပြီးသားတွေခေါက်လို့ အ၀တ်ဘီရိုထဲထည့်လိုက်တာ အကောင်းဆုံး ဖြစ်နေပါတော့တယ်။

Personal
Wednesday, December 12, 2007
ကျွန်တော်တကယ်မအားပါ။
ဟုတ်ပါတယ်။ ကျွန်တော်တကယ်ကို မအားတာပါ။
Labels:
Personal
Tuesday, December 4, 2007
Sunday, November 25, 2007
Blog Times No 3 is online now
ဘလော့ခ်တိုင်း နံပါတ် ၃ကို ကြိုးစားပန်းစားနဲ့ ၀ိုင်းရေးလိုက်တဲ့အခါမှာ အရင် စာမျက်ခွက်တွေထက် ၂မျက်ခွက်ပိုပြီး ဓါတ်ပုံများစွာနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ထွက်လို့ လာခဲ့ပါပြီ။ MBSအဖွဲ့ကြီး ပြိုကွဲတော့မည်လော၊ Blogger များသည် လောင်းကစားသမားများလော၊ MBSဒိုင်း ရန်ပုံငွေ ဘောလုံးစိန်ခေါ်ပွဲ ခြိမ့်ခြိမ့်သဲသဲ ကျင်းပရန် စီစဉ်၊ ၀င်ငွေကောင်းရန်လိုသော ဘလော့ခ်ကာများ၊ ဘလော့ခ်တစ်ခုကို ကြော်ငြာနည်း၊ စသည့်သတင်းများအပြင် ပါနေကျ ကဏ္ဍများဖြစ်သော ကြော်ငြာ၊ ဖုန်းသတင်း၊ အမေးအဖြေ၊ ပရိတ်သတ်အကြိုက် မော်ဒယ်ဂဲလ် တို့လည်း ပါဝင်ပါတယ်။ ထိုဘလော့ခ်တိုင်းနဲ့ တူတူလက်တွဲသွားဖို့အတွက် ကျွန်တော်ကိုလည်း ပေါင်သန်း၁၅သန်းဖြင့် ၂နှစ်စာချုပ်ရန် ကမ်းလှမ်းလာသဖြင့် လက်ခံခဲ့ပြီး ကြိုးစားပမ်းစား ရေးသားခဲ့သောကြောင့် ပရိသတ်များ၏ ချီးမြှင့်မှုများကို ကြိုတင်မျှော်လင့်ထားပါကြောင်း၊ စတာလင်ပေါင် မပေးနိုင်သော စာဖတ်ပရိသတ်များထံမှ စတာလင်ဒူး၊ စတာလင်ခြေ၊ နှင့် စတာလင်လက်သီးများကိုလည်း မျှော်လင့်မိကြောင်း ဒီနေရာကနေ ပြောကြားလိုပါတယ်။ အဲဒီ ကန့်သတ်ချက်အရေအတွက်ဖြင့် ၀ယ်သလောက်သာ ရောင်းသော ဘလော့ခ်တိုင်းကို ဒီနေရာမှ ရယူနိုင်ကြောင်း.....။
Labels:
News
Saturday, November 24, 2007
သာယာချမ်းမြေ့ဆိုတဲ့ ဇာတ်ကား
မြန်မာကားတွေ မကြည့်ဖြစ်တာ တော်တော်လေးကို ကြာပါပြီ။ ပန်နီဇူးလားက ငှားရင်လည်း တချို့က Qualityသိပ်မကောင်းတာနဲ့ ဈေးကလည်း ၄ဒေါ်လာလောက်ပေးရတော့ သိပ်မကြည့်ဖြစ်ဘူး။ တကယ်တမ်းတော့ မြန်မာကားတင်မဟုတ်ပါဘူး အင်္ဂလိပ်ကားတွေလည်း ကြည့်ဖို့အတွက်ကို အချိန်မရှိတာပါ။ ဒီနေ့တော့ အလုပ်ထဲမှာ တော်တော်အားနေတာနဲ့ downloadချထားပြီး မကြည့်ဖြစ်သေးတဲ့ သာယာချမ်းမြေ့ဆိုတဲ့ဇာတ်ကားကို ကြည့်ဖြစ်ပါတယ်။ မြန်မာကားတော်တော်များများကို မြန်မာတွေမကြိုက်ကြတာလည်း မပြောနဲ့။ ဇာတ်လမ်းတွေက တစ်ခုနဲ့ တစ်ခုထပ် နေတာကိုး။ အဲဒါကြောင့် ဇာတ်လမ်းကောင်းကောင်းကို ဒါရိုက်တာကောင်းကောင်းက ရိုက်ပြီး သရုပ်ဆောင်တွေကလည်း ကိုယ်ကြိုက်တဲ့ သရုပ်ဆောင်တွေဆိုရင်တော့ မြန်မာကားတွေလည်း သူ့ဟာနဲ့ သူတော့ ကြည့်လို့ကောင်းပါတယ်။
ဒီသာယာချမ်းမြေ့ဆိုတဲ့ ဇာတ်ကားကတော့ အမလင်မယားဆုံးသွားလို့ တူမနဲ့ တူလေးနှစ်ယောက်ကို စောင့်ရှောက်နေတဲ့ အိဒ္ဒြာကျော်ဇင်နဲ့ အမေနဲ့ တူတူနေပြီး စီးပွားရေးလုပ်ငန်းတွေကို ဦးစီးလုပ်နေတဲ့ မင်းမော်ကွန်းတို့ရဲ့ ဇာတ်လမ်းပါ။ စပြီးကြည့်လိုက်တာနဲ့ ဘာဖြစ်ပြီး ဘာဖြစ်မယ်ဆိုတာ သိနေတဲ့အတွက် ကြည့်ရတာ ဇိမ်တော့ သိပ်မရှိပေမယ့် မကြည့်ရတာ ကြာလို့ မြန်မာကားကြည့်ရတဲ့ အရသာလေး တစ်ခုအတွက် ဆိုရင်တော့ မဆိုးလှပါဘူး။ ဒါကြောင့် မြန်မာကားတွေဆိုရင် တစ်ယောက်ယောက်က ကောင်းတယ် ကြည့်၊ ဆိုပြီး ပြောလာတဲ့ကားတွေကိုပဲ အဓိက ကြည့်ချင်တာပါ။ ဒါပေမယ့် လောလောဆယ်တော့ Minthila.comကနေ ကောင်းနိုးရာရာလေးတွေ Downloadချပြီး အားရင် အားသလိုကြည့်ဖို့ သိမ်းထားလိုက်ပါတယ်။

Movies
Tuesday, November 20, 2007
စားလိုက်ကြစို့ သူငယ်ချင်း
စင်္ကာပူမှာတော့ မွေးနေ့ဆိုရင် သူငယ်ချင်းတွေက မွေးနေ့ရှင်ကို လိုက်ကျွေးကြတယ်ဆိုတာမျိုး ရှိပေမယ့် ကျွန်တော်တို့ မြန်မာတွေကတော့ မွေးနေ့ရှင်ကနေ သူငယ်ချင်းတွေကို လိုက်ကျွေးရတာပါ။ အခုလည်း ကျွန်တော့်ရဲ့ သူငယ်ချင်းတွေကို လိုက်ကျွေးချင်ပေမယ့် အခြေအနေအရပ်ရပ်ကြောင့် မတွေ့ဖြစ်တာတွေ၊ အဝေးမှာရောက်နေတာတွေကြောင့် လိုက်မကျွေးနိုင်သေးပါဘူး။ ဒါ့ကြောင့် ခုလောလောဆယ် ကျွန်တော်စာရင်းကောက်လို့ ရသလောက် သူငယ်ချင်းတွေ စားချင်တာတွေကို မှတ်ထားလိုက်ပါတယ်။ တချိန် အပြင်မှာ တကယ်ဆုံကြတဲ့အခါ ပိုက်ပိုက်လည်း အခုလို အဆင်ပြေနေတယ်ဆိုရင် သေချာပေါက်လိုက်ကျွေးပါမယ်။ ကျွန်တော်အခုထိ ယူထားတဲ့ အော်ဒါတွေကတော့ ...
စုစု - ပင်လယ်စာ
ဒီမို - ဆူရှီး(ဂျပန်စာ)
အနှင်း - ပီဇာ(Pizza)
မပန် - ဂျပန်စာနဲ့ ၀က်သားတုတ်ထိုး
စုဝေ - တရုတ်ထမင်းပေါင်း
မမယ်လိုဒီမောင် - Singapore Flyerရဲ့ Capsuleထဲမှာ မှာလို့ရတာ အကုန်စားမယ်
ဘာညာ - ဆာရှိမိ(ဂျပန်စာ)
မဂျစ် - ထမင်းနဲ
မရွှေဇင် - မုန့်စိမ်းပေါင်း
တခြားသူငယ်ချင်းတွေကတော့ ဘာဖြစ်ဖြစ်စားမှာတဲ့။ စားရရင် ပြီးရောဆိုတဲ့ သဘောပဲ။ ဟုတ်ပါပြီ။ စာရင်းကို ကြည့်လိုက်ရင်တော့ မိန်းကလေးတွေချည်း ဖြစ်နေတဲ့အတွက် သူများတွေတော့ ထင်မှာပဲ။ ဇင်ကိုလတ်သူငယ်ချင်း ကောင်မလေးတွေ တော်တော်အစားပုတ်လို့။ အဲလိုလည်း မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ယောက်ျားလေး သူငယ်ချင်းတွေနဲ့ မတွေ့သေးလို့ပါ။ ဘာပဲဖြစ်ဖြစ် စားချင်တာတွေ မပြောရသေးတဲ့လူရှိရင်လည်း ထပ်ပြီးတော့ မှတ်ထားပေးပါ့မယ်။

မွေးနေ့များရဲ့ ဒိုင်ယာရီ
အသက်လေးနှစ်
မူကြိုဆရာမကို ခြေထောက်နဲ့ ကန်ပစ်လိုက်တယ်။
ရှစ်နှစ်ကျော်ကျော်
ကျောင်းနေပျော်ပေမယ့် စာမတော်ခဲ့ပါ။
တစ်ဆယ်နဲ့ သုံး
လောကကြီးကို ပြုံးပြလိုက်တယ်။
ဆယ့်ခြောက်နှစ်အရွယ်
အချစ်ကို ကိုးကွယ်ခဲ့ဖူးတယ်။
ဆယ့်ကိုးနှစ်သား
အိပ်မက်တွေနဲ့ ကစားခဲ့တယ်။
နှစ်ဆယ့်သုံး
ဘ၀အတွက် စပြီးရုန်းလို့။
နှစ်ဆယ့်ငါး
အသည်းကွဲတယ်ဆိုတာ အလကားပါ။
နှစ်ဆယ်နဲ့ ရှစ်
့အသက်နဲ့ ခန္ဓာဟာ နိုင်ငံနဲ့ လူမျိုးအတွက် ဖြစ်တယ်။
အလင်းဖြူ
Saturday, November 17, 2007
Thursday, November 15, 2007
ဒီဇင်ဘာစတိတ်ရှိုးများ
ဟိုတစ်နေ့က ပန်နီဇူးလားပလာဇာရောက်တော့မှ သတိထားမိတယ်။ နည်းနည်းနောနော စတိတ်ရှိုးတွေ မဟုတ်ပါလားလို့။ ရန်ကုန်မှာ တစ်လတည်း စတိတ်ရှိုး သုံးလေးခု ရှိသလိုပါပဲလားလို့။ အခုလောလောဆယ် ဒီဇင်ဘာလရဲ့ ပထမဆုံး အပတ်မှာ Music Challange Round 1လို့ ခေါ်တဲ့ Hip Hop, Pop, Metalအစုံပါတဲ့ပွဲ တစ်ပွဲ။ ပြီးတော့ ရှမ်းနှစ်သစ်ကူးပွဲကို ဒီဇင်ဘာ ၈ရက်နေ့ Clarke Queyမှာလုပ်မယ်။ VIPဆို ၄၀၊ ရိုးရိုးဆို ၃၀။ ဆိုမယ့် အဆိုတော်တွေကတော့ ဘိုဖြူ၊ စိုင်းစန်ဇွန်ဖနဲ့ ဧည့်သည် အဆိုတော် ဆုန်သင်းပါရ်တို့ပဲ ဖြစ်ပါတယ်။ အဆို၊ အကတွေ အပြင် ဘူဖေးလ်ပါ ကျွေးဦးမှာဆိုတော့ သုံးဆယ်ကတော့ တန်တယ်ထင်တာပဲ။
နောက်ဆုံးတစ်ခုကတော့ အားလုံးမျှော်လင့်တောင့်တနေကြတဲ့ Iron Crossပါပဲ။ နေရာကတော့ အရင်တခေါက်က လုပ်သွားတဲ့ Jurong East Sports & Cultural Centreမှာပါ။ လက်မှတ်က ၆၀တန်းနဲ့ ၅၀တန်းက အောက်ဖက်မှာ စင်နဲ့ ပိုနီးပေမယ့် သေသေချာချာ မမြင်ရလောက်ပါဘူး။ လေးဆယ်တန်းနဲ့ သုံးဆယ်တန်းကတော့ နည်းနည်းဝေးပေမယ့် အမြင့်ကနေ ကြည့်ရမှာ ဆိုတော့ သေသေချာချာ ပိုမြင်ရနိုင်ပါတယ်။ ကဲ ကျွန်တော်ကတော့ လေးဆယ်တန်းကနေ ကြည့်မှာပါ။ ကျွန်တော်နဲ့ တူတူလိုက်ချင်တဲ့သူများ ကိုယ့်ပိုက်ဆံကိုယ်ပေးပြီး ကြည့်နိုင်ကြပါတယ်။ တော်ကြာမခေါ်ဘူး ဖြစ်နေမှာစိုးလို့။
Labels:
News
Monday, November 12, 2007
ဆာလောင်မှုများနဲ့ နိုင်ငံ
အဲဒီနိုင်ငံမှာပေါ့
ဆင်းရဲဒုက္ခ ဘ၀ကို ခက်ခဲစွာ ဖြတ်သန်းကြတဲ့
လူမျိုးတွေနေတယ်...
ကိုယ့်နိုင်ငံကို
သူတပါးလာတိုက်စေချင်တဲ့လူမျိုး
ကမ္ဘာပေါ်မှာ ငါ့တို့ တမျိုးပဲရှိမယ်...
ကိုယ့်နိုင်ငံကို
ချောက်ထဲတွန်းချနေတဲ့ လူစိမ်းမျိုး
ကမ္ဘာပေါ်မှာ ဘယ်လောက်တောင်တိုးနေပြီလဲ...
ကိုယ့်နိုင်ငံကို
ကောင်းစားစေချင်တဲ့ လူမျိုး
အရိုးဆွေးတဲ့ အထိတိုက်မယ်တဲ့.....
ကိုယ့်နိုင်ငံကို
ဖျက်စီးပြီး သာသနာကိုပါ စော်ကားတဲ့ လူစိမ်းမျိုး
အ၀ီဇိအိုး ဇောက်ထိုးကပ်မယ်....
အဲဒီနိုင်ငံမှာပေါ့....
မင်းကောင်းမင်းမြတ်ကို ဆာလောင်တယ်
လာဘ်မစားမှုများကို ဆာလောင်တယ်
တရားမျှတမှုကို ဆာလောင်တယ်
အမှန်တရားကို ဆာလောင်တယ်
လွတ်လပ်မှုကို ဆာလောင်တယ်
တိုးတက်မှုကို ဆာလောင်တယ်
Internetကို ဆာလောင်တယ်
ပညာရေးကို ဆာလောင်တယ်
ဘာသာရေးကို ဆာလောင်တယ်
ကျန်းမာရေးကို ဆာလောင်တယ်
စားဝတ်နေရေးကို ဆာလောင်တယ်
လူတော်လူကောင်းကို ဆာလောင်တယ်။
စစ်နိုင်သူ

Poems
Sunday, November 11, 2007
Thursday, November 8, 2007
TPmyanmarရဲ့ သီချင်း တစ်ပုဒ်
ဒီဗီဒီယိုလေးကို ပြန်ကြည့်မိတိုင်း ပြန်မရနိုင်တော့တဲ့ Temasek Polytechnic မှာ ကျောင်းတက်ခဲ့ရတဲ့ ဘ၀၊ ဘုန်းကြီးကျောင်းပွဲ၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲ၊ သင်္ကြန်ပွဲတွေ ဆင်နွှဲခဲ့ရတဲ့ ဘ၀၊ လူငယ်ဘ၀၊ ကျောင်းသားဘ၀တွေကို ပြန်ပြီး အမှတ်ရစေပါတယ်။ ဒီသီချင်းလေးကို ဘုန်းမြင့်မောင်(မှန်လေး)နဲ့ အောင်အောင်ကရေးပြီး သူတို့နှစ်ယောက်ရယ် ကျော်ဇင်ရယ် သုံးယောက်ပေါင်း ဆိုထားတာပါ။ သီချင်းသွင်းတာကတော့ အာရုံရဲ့ ကိုယ်ပိုင် Studio Psalmမှာ သွင်းထားတာလို့ သူတို့ကပြောပါတယ်။ ဒီသီချင်းက TPmyanmarရဲ့ တတိယသီချင်းဖြစ်ပြီး ပထမနဲ့ ဒုတိယသီချင်းတွေကတော့ သေသေချာချာ မသွင်းရသေးပါဘူး။ ကိုယ်တိုင်က ဂီတဘက်မှာ အားနည်းခဲ့ပေမယ့် အခုလို ပါရမီ ပါတဲ့သူတွေကိုတော့ အမြဲအားပေးနေပါတယ်။
Labels:
Videos
Monday, November 5, 2007
ငယ်ငယ်တုန်းက.....
မလေပြေက ရေးဖို့အတွက် တက်သွားတော့လည်း ရေးပေးရတာပေါ့။
ကျွန်တော် ငယ်ငယ်တုန်းက ဒေါသအရမ်းကြီးပါတယ်။ ကြီးတာကမှ ဒေါသကြီးတာလား ဒေါသသေးတာလား မသိတတ်ခင် အူဝဲလို့ အော်တတ်ကတည်းက ပါတဲ့။ ကျွန်တော် ငယ်ငယ်တုန်းက ဘာကို မရလို့မှန်း ဘာဖြစ်လို့မှန်း မသိပဲကို ဒေါသတကြီးနဲ့ အော်အော်ပြီး ငိုတယ်လို့ ကြုံတိုင်း အမေက ပြောပြတယ်။ ငိုတာမှ နှုတ်ခမ်းတွေကို တဇက်ဇက်တုန်ပြီး အော်ရင်း အော်ရင်း အသံတွေပါ ပြာလာတယ်တဲ့။ စကားကလည်း မပြောတတ်သေးတော့ ကျွန်တော်ဘာလိုချင်မှန်းလည်း မသိ။ အမေနဲ့ အဖေက ဘာလုပ်လို့ လုပ်ရမှန်းလည်း မသိ။ မသိခြင်းတွေကြားထဲမှာ ကျွန်တော်ဒေါသကြီးတတ်တာကို သိခဲ့ကြတယ်နဲ့တူပါတယ်။
ဒေါသကြီးဆို အင်္ဂါသားကိုး။ အဲ... အင်္ဂါသားဆိုမှ လေး၊ ငါးနှစ်သားလောက်ရောက်တော့ ဦးလေးတွေ အဒေါ်တွေက အင်္ဂါခြင်္သေ့၊ ရှေ့တောင်ကွေ့ဆိုပြီး ကျွန်တော့်ကို စရင်လည်း ဒေါသထွက်ပါတယ်။ ပြီးတော့ ငယ်ငယ်က ကျွန်တော်က ကျော်ဟိန်းသိပ်ကြိုက်တာ။ အဲဒီကျော်ဟိန်းကို စကားမပီတော့ ကျော်ဟန်းလို့ ခေါ်တယ်။ ဒါကို ဦးလေးက ဟေ့ ကျော်ဟန်း...ချမလားကွ ဆိုလို့ကတော့ ဦးလေးကို ပြေးပြေးပြီးထိုးတော့တာပဲ။ ငယ်ငယ်တုန်းက ကျွန်တော့်ဒေါသဒါဏ်တွေကို အခံရဆုံးကတော့ ကျွန်တော့်ရဲ့ ဗီရိုပုလေးဖြစ်မယ်ထင်တယ်။ ဗီရိုလေးက သုံးပေလောက်ပဲ မြင့်တာပါ။ ဒေါသထွက်တိုင်း အဲဒီဗီရိုလေးကို ဆောင့်ဆောင့်ကန်တတ်တယ်။ တစ်ခါတစ်ခါ တံခါးတွေဆောင့်ဆောင့်ပြီးပိတ်လိုက် ဆောင့်ဆောင့်ပြီးဖွင့်လိုက်လည်း လုပ်ဖူးတယ်။
နောက်ပိုင်းကျောင်းနေတဲ့ အရွယ်ရောက်တော့ ကျွန်တော်စကားပြောတာ ရင့်သီးတာတို့၊ အော်ဟစ်ပြီးပြောတာတို့ဆိုရင် အဖေက အမြဲဆုံးမပါတယ်။ “သား ဟိုတစ်နေ့က စာကျက်တဲ့အထဲမှာ နှုတ်ချို လျှိုတစ်ပါးတို့။ ပျားသကာလို ချိုလှစေတို့ ပါတယ်လေ။ အဲဒါကို မမေ့ပါနဲ့” ဆိုလို့ ဒေါသလည်း နည်းနည်းပျောက်သွားမယ်နဲ့တူတယ်။ ဒေါသကြီးတာနဲ့ မဆိုင်ပေမယ့် ငယ်ငယ်တုန်းက အကြောင်းဆိုလို့ ဘယ်လောက် ဆော့ခဲ့သလဲဆိုတာကို ပြန်ပြောပြချင်တယ်။ ဆော့တာကမှ တခြားသူနဲ့ မဟုတ်ပါဘူး ညီညီ(သံလွင်)နဲ့ပါ။ ဘယ်အရွယ်လည်းဆိုတာကို မမှတ်မိတော့ပေမယ့် အဖြစ်အပျက်ကိုတော့ ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ ညီညီတို့အိမ်က ၇ပေလောက်မြင့်မယ့် ထပ်ခိုးပေါ်မှာ နှစ်ယောက် ကရာတေးချကစားကြတာပါ။ ကစားရင်း ကစားရင်း ညီညီ့ကို ခြေထောက်နဲ့ ကန်ထည့်လိုက်တာ ထပ်ခိုးပေါ်ကနေပြီး စာအုပ်ဖတ်နေတဲ့အောက်က ညီညီ့အမကြီးပေါ်ကို ပြုတ်ကျသွားပါလေရော။ ကျွန်တော်လည်း ကြောက်အားလန့်အားနဲ့ အောက်ကို လှမ်းကြည့်တော့ ညီညီကတော့ ဘာမှ မဖြစ်ပဲ အမကြီးတော်တော်လေးကို နာသွားတာကို သိလိုက်ရတယ်။ အဲဒီတုန်းက ကြောက်လိုက်တာ ဘာကို ကြောက်မှန်းမသိအောင်ကို ကြောက်တာ။ အင်း ငယ်ငယ်တုန်းက အဲလိုမျိုးလည်း ကစားချင်တိုင်းကစားပြီး တစ်ခုခုဆို ကြောက်ခဲ့ဖူးပါတယ်။
အရွယ်လေးရောက်လာပြီးတဲ့ နောက်ပိုင်း ဟိုး...အရင်တစ်ယောက်သောသူက ဒေါသအရမ်းကြီးပါတယ်။ ကျွန်တော်က “ဟဲ့”ဆိုပြီး နည်းနည်းလေးအော်လိုက်တာနဲ့ ကျွန်တော့်ကို “နင်နော် .... ဘာဟဲ့လဲ”ဆိုပြီး ဘာဖြစ်ချင်လို့တုန်းဆိုတဲ့ ရုပ်နဲ့ ပြန်ကြည့်တတ်ပါတယ်။ အဲဒါနဲ့ပဲ ကျွန်တော့်ဒေါသတွေလည်း ကြက်ပျောက်ငှက်ပျောက် ဖြစ်ကုန်ပေမယ့် နောက်တစ်ယောက်နဲ့ကျတော့ ပြန်ပြီး ဒေါသတွေ အတစ်လိုက်ထွက်ရပါတယ်။ ဘာလို့လဲဆိုတော့ သူကတော့ အရမ်းခေါင်းမာလို့ပါ။ ကျွန်တော့်မှာ သူနားလည်အောင် ပါးစပ်က အမြှုပ်တွေ ထွက်လောက်အောင် ရှင်းပေမယ့် ဘယ်လိုမှ ပြောမရလေ ဒေါသတွေ ထွက်လေပါပဲ။ ဘယ်လောက်တောင်လည်းဆို ဆက်ထွက်စရာဒေါသမကျန်တော့အောင်၊ ဒေါသထွက်ပြီး မောလောက်အောင်ကို ဖြစ်ရတယ်။
အမှန်တော့ ဒေါသဖြစ်တယ်ဆိုတာ ဘာသာရေးရှုထောင့်က ကြည့်ရင် ခန္ဓာကိုယ်ကို မီးတွေ လောင်ကျွမ်းနေတာပါပဲ။ အဲဒီလို လောင်ကျွမ်းတဲ့မီးကို အသိစိတ်ဓါတ်နဲ့မှ ပြန်မထိန်းနိုင်ရင် ဒုက္ခနဲ့ လှလှနဲ့ တွေ့ရတတ်ပါတယ်။ ဒါနဲ့ပဲ တတ်နိုင်သလောက် ကိုယ့်ဒေါသတွေကို ထိန်းရတယ်။ ပြီးတော့ ကျွန်တော်လုပ်နေတဲ့ အလုပ်တော်တော်များများကလည်း လူအများနဲ့ ဆက်ဆံရတာဆိုတော့ ဒေါသထွက်လို့ မဖြစ်တာချည်းပဲလေ။ နောက်ပိုင်းကျတော့ လူတိုင်းကို သံတမန်ဆန်ဆန်ဆက်ဆံတတ်တဲ့ အားလည်း အရမ်းနာတတ်တဲ့ သူငယ်ချင်းနေဘုန်းလတ်နဲ့ အတွဲများတော့ ကျွန်တော်ပါ သံတမန်ဆန်ပြီး အားနာတတ်လာသလား မသိပါဘူး။ ပုံမှန်အတိုင်းကို ပြုံးပြုံးလေးနေတတ်ပါပြီ။ ပြီးတော့ လူတွေက ကျွန်တော့်ကို ကောင်လေးက ပြုံးပြုံး ပြုံးပြုံးနဲ့တဲ့။ ကိုယ့်ဘာသာလည်း စိတ်ချမ်းသာတယ်။ သူများလည်း ကိုယ့်ကို မြင်ရတာ စိတ်ချမ်းသာတယ်။ ဘယ်လောက်ကောင်းတုန်း။ အခုတော့ ပြန်တွေးမိရင် အမှတ်ရစရာလေးတွေပဲ ကျန်ခဲ့တယ်။ သြော်...ငယ်ငယ်တုန်းကတော့ ငါ ဒေါသတော်တော်ကြီးပါလားပေါ့။

Sunday, October 28, 2007
စင်္ကာပူက သီတင်းကျွတ်မီးထွန်းပွဲ
Free Burma Now
ကျန်ခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့က Toa Payohဘုန်းကြီးကျောင်းမှာ သီတင်းကျွတ်မီးထွန်းပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ ကျွန်တော့်အပေါင်းအသင်းတွေက Free Burmaဆိုတဲ့ စာလုံးကို ဖယောင်းတိုင်တွေနဲ့ ပုံဖော်ပြီး ဆီမီးပူဇော်ခဲ့သလို ထွန်းညှိခဲ့တဲ့ မီးပုံးတိုင်းမှာလည်း Free Burmaဆိုတဲ့ စာရွက်လေးတွေ ချိတ်ဆွဲခဲ့ကြပါတယ်။ ပြီးတော့ လာတဲ့သူတွေကို သာကူကျိုနဲ့လည်း ဧည့်ခံခဲ့ပြီး ဖယောင်းတိုင်များကို ထွန်းညှိပူဇော်လိုသူတိုင်းအတွက် ဝေမျှပေးနိုင်ခဲ့တယ်။ တခြားအခမ်းအနားအနေနဲ့ ဘာမှ ထွေထွေထူးထူးမရှိပေမယ့် ပုံမှန်လပြည့်နေ့တိုင်း ဓမ္မစင်္ကြာလာရွတ်နေကျ လူတွေပါပေါင်းရင် စင်္ကာပူရောက် မြန်မာ လေးရာလောက်တော့ လာတယ်ထင်တယ်။ ကျန်ခဲ့တဲ့ နှစ်တွေတုန်းက သီတင်းကျွတ်တိုင်း ရန်ကုန်ပြန်ဖို့ ကြိုးစားခဲ့ပေမယ့် ဒီနှစ်တော့ ဘယ်လိုမှကို အဆင်မပြေတဲ့အတွက် မိဘတွေနဲ့ အဖွားကို ဖုန်းဆက်ပြီးပဲ ကန်တော့လိုက်ပါတယ်။ ဒီလိုကန်တော့ရတဲ့ အကျိုးကြောင့် ဘ၀ဆက်တိုင်း ဓမ္မနဲ့ အဓမ္မကို ခွဲခြားနိုင်ပြီး ဓမ္မတရားအတွက် အသက်ကို စွန့်လွှတ်ရဲသူ ဖြစ်ရပါစေသား အရှင်ဘုရား......။
တရုတ်မီးပုံးတွေပဲ ၀ယ်လို့ရလို့ပါတဲ့
သားသားလည်း ဆီမီးပူဇော်မယ်
Labels:
Days
Thursday, October 25, 2007
ကျွန်တော်နှင့် ဆံသဆိုင်
၇တန်းလောက်တုန်းက အတန်းပိုင်ဆရာက ပြောဖူးတယ်။ ယောက်ျားလေးဆိုတာ မိန်းကလေးတွေလို မျက်နှာကို အလှပြင်လို့ရတာမဟုတ်ဘူးတဲ့။ ဆံပင်ပုံစံကို သပ်သပ်ရပ်ရပ်ဖြီး၊ စမတ်ကျကျနေလို့ပဲ ရတာတဲ့။ သူငယ်ချင်းတစ်ယောက် ခေါင်းစုတ်ဖွားနဲ့ ကျောင်းလာလို့ ပြောဖူးတဲ့ ဆရာရဲ့ စကားပါ။ ၈တန်းရောက်တော့လည်း “ငါက ဗိုလ်ချုပ်အောင်ဆန်းကို လေးစားလို့ ဗိုလ်ချုပ်ကေထားတာ” ဆိုပြီး အာနိုးဆံပင်ပုံစံနဲ့ နေဘုန်းလတ်တို့ အတန်းပိုင်ဆရာက ပြောပါတယ်။ အဲဒီအချိန်တုန်းက ကျွန်တော့်ဆံပင်ပုံစံက ဖြောင့်ဖြောင့်စင်းစင်းဆံပင်ကို အလယ်ခွဲလေးနဲ့ပါ။ အဲဒါကို အကိုက ဘားလမ်းမှာ ရှိတဲ့ Tony TunTunဆိုတဲ့ဆိုင် အရမ်းနာမည်ကြီးတယ် ဆိုပြီး ခေါ်သွားပြီး ညှပ်ခိုင်းပါတယ်။ ဆံပင်ညှပ်ပြီး အိမ်ပြန်ရောက်တော့ အမေက တန်းဆူတော့တာပဲ။ ဆံပင်သွားညှပ်တဲ့ဟာ ဆံပင်မတိုလာလို့တဲ့။ အခုအဲဒီဆိုင်ကို ပြန်သွားပြီး ထပ်ညှပ်ခိုင်းတဲ့။ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်လည်း ဘာလုပ်လို့လုပ်ရမှန်းမသိနဲ့ပေါ့။
တကယ်တမ်းရန်ကုန်မှာ ကျွန်တော်ဆံပင်ညှပ်နေကျဆိုင်က သမ၀ါယမဆိုင်ဘေးနားမှာ ကပ်ဖွင့်ထားတဲ့ဆိုင်ပါ။ မှတ်မိသလောက် ဆံပင်ညှပ်ခက ၅၀ကျပ်ပါ။ သူငယ်ချင်းတွေကတော့ သမ၀ါယမဆိုင်မှာ ညှပ်လို့ ၀ိုင်းစကြပါတယ်။ ကျွန်တော်ကတော့ အိမ်နဲ့လည်းနီး ငယ်ငယ်လေးကတည်းက ဒီဆိုင်မှာပဲ ညှပ်နေကျဆိုတော့ သမ၀ါယမဆိုင်မှာပဲ ညှပ်ပါတယ်။ နောက်ပိုင်းကျတော့ ဆံပင်ညှပ်ပြီးခေါင်းပါ လျှော်လို့ရတဲ့ ViLasမှာ ညှပ်ဖြစ်ရော။ အိပ်ရာလေးပေါ်မှာ မပူမနွေးရေလေးနဲ့ ဇိမ်ကိုကျလို့။ ဒါပေမယ့် နောက်ပိုင်း စင်္ကာပူကို ရောက်တော့ မလေးတွေ ညှပ်တဲ့ဆိုင်သွားလိုက် တရုတ်တွေ ညှပ်တဲ့ဆိုင်သွားလိုက်နဲ့ပေါ့။ Short Cutဆိုပြောပြီး ထိုင်နေလိုက်ရုံပဲ။ သူ့ဘာသာ ညှပ်ချင်တဲ့ပုံညှပ်။ နောက်ဆုံး ဆံပင်တိုသွားရင်၊ နောက် တစ်လခွဲ နှစ်လလောက် ဆံပင်ညှပ်စရာမလိုတော့ရင် ပြီးတာပဲ။ ရန်ကုန်ကို အလည်ပြန်ခါနီးဆိုရင်တော့ နှစ်လသုံးလလောက် ဆံပင်မညှပ်တော့ပဲ ပြန်ရောက်ပြီး နောက်တစ်ရက်မှာ ဆံပင်ညှပ်၊ ခေါင်းလျှော်၊ မျက်နှာပါဆေးလိုက်ပါတယ်။
ရန်ကုန်က သူငယ်ချင်းတွေ ရောက်စက ဒီကဆိုင်တွေမှာ ဘယ်လိုပြောပြီး ညှပ်ရမှန်းမသိလို့ ဒီမှာအနေကြာနေပြီဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်ကို ခေါ်သွားပြီး လိုချင်တဲ့ပုံစံကို ပြောခိုင်းကြတာလည်း ကြုံဖူးပါတယ်။ ၂၀၀၃ခုနှစ်လောက်ကစပြီး ပင်နီဇူလားမှာ မြန်မာဆံပင်ညှပ်ဆိုင်တွေ တစ်ဆိုင်ပြီး တစ်ဆိုင်ပေါ်လာတော့ သူငယ်ချင်းတွေအတွက် အဆင်ပြေသွားပေမယ့် ကျွန်တော်ကတော့ အိမ်နားက တရုတ်အဘိုးကြီးဆိုင်မှာပဲ ညှပ်ကောင်းတုန်းပေါ့။ ကျန်ခဲ့တဲ့ တနင်္ဂနွေနေ့ကတော့ လမ်းပြကြယ်မှာ လူနည်းနည်းပါးတုန်း စာကြည့်တိုက်က အကိုတစ်ယောက်ကို ခွင့်တောင်းပြီး ဖွင့်တာ မကြာသေးတဲ့ Vilasမှာ သွားညှပ်ဖြစ်ပါတယ်။ ဆံပင်ညှပ်၊ ခေါင်းလျှော်ဆိုရင် ၁၂ဒေါ်လာ၊ မျက်နှာပါဆေးမယ်ဆိုရင် ၁၆ဒေါ်လာဆိုတာနဲ့ မထူးပါဘူးဆိုပြီး အကုန်လုပ်ခဲ့တယ်။ ကုတင်အသေးလေးပေါ်မှာ လှဲပြီး ခေါင်းလျှော်ခံရတာ ဇိမ်ကိုကျလို့။ စင်္ကာပူမှာ ပထမဆုံး ဆံပင်ညှပ်ဆိုင်မှာ ခေါင်းလျှော်ဖူးတာဖြစ်ပြီး မြန်မာဆိုင်မှာ လည်း ပထမဆုံး ညှပ်ဖူးတာပါ။ ရန်ကုန်မှာကတည်းကလည်း ကိုယ်ညှပ်နေကျVilas ဖြစ်တဲ့အတွက် Serviceကလည်း ပြောစရာမလိုပါဘူး။
နောက်မှ သေသေချာချာ သတိထားမိတာက ပန်နီဇူလားမှာ ကစ်ကစ်၊ မမကြီး၊ မောရှမ်း၊ Vilas စသည်ဖြင့် မြန်မာဆံပင်ညှပ်ဆိုင် ၄၊ ၅ဆိုင်လောက် ရှိပါလားလို့။ ဒီဆိုင်တွေ ရပ်တည်နိုင်ဖို့အတွက် တော်ရုံတန်ရုံ မြန်မာcustomerတွေ ရှိရုံနဲ့ မဖြစ်လောက်ဘူးလို့။ သေချာတာတော့ ဆံပင်ညှပ်ဆိုင်တွေ ထပ်ထပ်ပြီး တိုးလာတာ ပုံမှန်လာညှပ်နေတဲ့ မြန်မာတွေ များများလာလို့ပါ။ နောက်ဆို ရန်ကုန်မှာ နာမည်ကြီးနေတဲ့ ကိုကို-ညီညီတို့ ဘာတို့ကိုတောင် ပန်နီဇူးလားမှာ တွေ့ရတော့မယ် ထင်တယ်။ သြော်... စင်္ကာပူမှာ မြန်မာတွေ ဘယ်လောက်များလည်းဆိုတာ ဆံပင်ညှပ်ဆိုင်တွေက သက်သေပြနေသလားပဲ။ ဆံပင်ညှပ်ပြီး လမ်းပြကြယ်ပြန်ရောက်တော့ စာကြည့်တိုက်က အမှန်ကို မြင်တတ်တဲ့ အကိုကြီးကတောင် သန့်လို့ပြန့်လို့ပါလားတဲ့။ ကျွန်တော်လည်း ဘာပြန်ပြောရမှန်း မသိတော့ ... ဟဲဟဲ ... ဟဲဟဲ ပေါ့။

Wednesday, October 17, 2007
A380 နှင့် စင်္ကာပူ
ဒီနေ့ အလုပ်ထဲမှာ ပျင်းပျင်းရှိတာနဲ့ Transit Hall ထဲမှာ ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်လုပ်နေတုန်း The A380 Experience Starts at Changi Airportဆိုတဲ့ စာတန်းတွေ နေရာတော်တော်များများမှာ တွေ့ရတယ်။ သြော် . သူတို့မှာလည်း ဒါကို ဂုဏ်ယူလို့ကို မဆုံးတော့ ပါလားလို့။ A380ဆိုတာ ပြင်သစ်နိုင်ငံက Airbusဆိုတဲ့ ကုမ္ပဏီက နောက်ဆုံးထုတ်လုပ်လိုက်တဲ့ ကမ္ဘာ့အကြီးဆုံးလေယာဉ်ပျံကြီးပါပဲ။ အရင်တုန်းက နှစ်ထပ်လေယာဉ်ပျံတွေဟာ အရှေ့ပိုင်းလေးပဲ နှစ်ထပ်ဖြစ်ပေမယ့် အခု A380ကတော့ နောက်ဆုံး အမြှီးအထိကို နှစ်ထပ်ပါ။ Economy, Businessနဲ့ First class သုံးခု ထားမယ်ဆိုရင် လူပေါင်း ၅၂၅ယောက် ဆန့်ပြီး Economy Classတစ်ခုပဲ ထားမယ်ဆိုရင် လူပေါင်း ၈၅၃ယောက်တောင် ဆန့်နိုင်ပါတယ်တဲ့။ ကာလပေါက်ဈေးအနေနဲ့တော့ အမေရိကန်ဒေါ်လာ သန်း၃၀၀တဲ့။
အဲဒီ Airbus ကုမ္ပဏီဟာ USAက Boeingကုမ္ပဏီရဲ့ Boeing 747-400လေယာဉ်ကို ယှဉ်ပြိုင်ဖို့အတွက် A380လေယာဉ်ကို တည်ဆောက်ခဲ့တာပါတဲ့လေ။ အခုလောလောဆယ်တော့ အဲဒီလေယာဉ်ကို ကမ္ဘာပေါ်မှာ Singapore Airlinesက စပြီးပျံသန်းမှာပါတဲ့။ ဒီလ ၂၅ရက်နေ့မှာ သူ့ရဲ့ ပထမဆုံး ခရီးသည်များကို သယ်ဆောင်လို့ Singapore Changi Airportကနေ Sydney Kingsford Smith Airportကို စတင် ပျံသန်းမှာဖြစ်ပါတယ်။ အဲဒီအကြောင်းကိုပဲ ဒီလေဆိပ်မှာ First to fly A380ဆိုပြီး နေရာအနှံ့မှာတွေ့နေရပါတယ်။ ပုံမှန် လေယာဉ်တစ်စင်းမှာ Aerobridge နှစ်ခုထပ်ပိုပြီး မလိုပေမယ့် ဒီလေယာဉ်ကြီးအတွက်တော့ အောက်ဖက်မှာ Aerobridgeနှစ်ခုနဲ့ အပေါ်ဖက်ကလူတွေအတွက် တစ်ခု စုစုပေါင်း သုံးခု လိုအပ်ပါတယ်တဲ့။ သူ့ဘာသာ ဘာလေယာဉ်ပျံဖြစ်ဖြစ် ဘယ်လောက်ကြီးလို့ ဘယ်လောက်ပဲ ကောင်းပါစေ တစ်နှစ်မှ ခရီး ၁ခေါက် ၂ခေါက်တောင် အနိုင်နိုင် သွားနေရတဲ့ ကျွန်တော်ကတော့ အဲဒီလေယာဉ်ပျံကို ပထမဆုံး စပြီးစီးတဲ့ လူလည်း ဖြစ်မယ်မထင်ပါဘူး။
Labels:
News
Wednesday, October 10, 2007
ပြည်ပရောက် မျိုးချစ်မြန်မာများ
ကျွန်တော် စင်္ကာပူကို အပြန် လေယာဉ်ပေါ်မှာ လေယာဉ်မယ်လေးက ဘာသတင်းစာဖတ်မလဲ မေးတဲ့အခါ Strait Timeပဲ တောင်းပြီး ဖတ်ကြည့်တော့ ထင်ထားတဲ့ အတိုင်း မြန်မာသတင်းကို ဖတ်ရပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာက ဘယ်နိုင်ငံမှာ မြန်မာတွေ ဘယ်လောက်ရှိပြီး ဘယ်အဖွဲ့အစည်းတွေ ရှိတယ်ဆိုတဲ့ ကမ္ဘာ့မြေပုံပါ။ စင်္ကာပူမှာ မြန်မာ ၃၀ ၀၀၀ရှိပြီး ပြည်ပရောက် မျိုးချစ်မြန်မာများက ဦးဆောင်လို့ မြန်မာနိုင်ငံအရေးတွေကို ပြုလုပ်နေပါတယ်တဲ့။
စင်္ကာပူကို ပြန်ရောက်ရောက်ချင်း မျိုးချစ်မြန်မာများ ပန်နီဇူလား ဟိုတယ်မှာ လုပ်သွားတဲ့ပွဲက အကြောင်းတွေကို လှိုင်နေအောင် ကြားရပါတယ်။ စင်္ကာပူရောက် သံဃာ ၁၁ပါးနဲ့ မျိုးချစ်မြန်မာ ၄၀၀ကျော် တက်ရောက်ကြတယ်ဆိုတဲ့ အကြောင်း၊ သံဃာ ၇ပါး၊ သီလရှင်တစ်ပါး၊ ကျောင်းသားတစ်ယောက်နဲ့ အလုပ်သမားတစ်ယောက် စကားထွက် ပြောသွားတဲ့အကြောင်း၊ မီးတွေမှိတ်ပြီး အနုမြူဖယောင်းတိုင်တွေသာ ထွန်းလို့ ကျွန်တော်တို့ ချစ်တဲ့ မြန်မာနိုင်ငံအတွက် ဆုတောင်းခဲ့တယ် ဆိုတဲ့အကြောင်း၊ နောက်ဆုံးမှာ “ကမ္ဘာမကြေဘူး၊ ငါတို့တွေရဲ့ သွေးနဲ့ ရေးတဲ့မှော်ကွန်းတွေ”ဆိုတဲ့ သီချင်းကို သံပြိုင်သီဆိုပြီး အခမ်းအနား ပြီးဆုံးသွားတဲ့အကြောင်း၊ အဲဒီပွဲဟာ စင်္ကာပူအစိုးရက ခွင့်ပြုထားတဲ့ပွဲမို့ ဘာပြဿနာမှ မရှိခဲ့တဲ့အကြောင်း၊ တွေကို ကြားရပါတယ်။ သြော် အဲဒီအချိန်မှာတုန်းက ကျွန်တော်ရှိနေချင်လိုက်တာ။
အခု အဲဒီမျိုးချစ်မြန်မာများကပဲ ဦးစီးပြီး Toa Payoh မြန်မာဘုန်းကြီးကျောင်းမှာ ကျဆုံးသွားတဲ့ အာဇာနည်များအတွက် ဆွမ်းကပ်မယ်ဆိုတဲ့ အီးမေးလ်တစ်စောင် ရောက်လာတယ်။ လာမယ့် တနင်္ဂနွေနေ့မှာလုပ်မှာပါ။ ကျွန်တော်ကတော့ အလုပ်ရှိလို့ သွားနိုင်မှာမဟုတ်ပေမယ့် သွားချင်တဲ့ လူတွေအတွက် အသေးစိတ်ကို တင်ပေးလိုက်တယ်။ အစီအစဉ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
Invitation to the Funeral Ceremony for Our Martyrs
The Myanmar military junta currently bans all funeral and religious rites dedicated to the Burmese peaceful protesters who lost their lives in the pursuit of freedom, peace and justice for Myanmar during the brutal military crackdown. According to Burmese Buddhist custom, a set of funeral and religious rites dedicated to the deceased is compulsory for the dead to have peace in the afterlife and for their smooth incarnation.
In commemoration of the extraordinary courage and sacrifice of the fallen Burmese peaceful protesters as well as in sympathy with their bereaved families who are suffering from the excruciating pain of bereavement and the injustice of the junta, Overseas Burmese Patriots cordially invite all patriotic Burmese (you) to the funeral ceremony of praying for and paying tributes to those honorable martyrs.
Date : 14th October 2007 (Sunday)
Time : 8:30 am to 11:30 am
Venue : Toa Payoh Myanmar Buddhist Monastery
Note : To show great respect for and to honor the fallen martyrs, please wear solid red tops to the funeral ceremony.

Sunday, October 7, 2007
Saturday, October 6, 2007
၇ရက်မြောက် ဘင်္ဂလားဒေ့ရှ်
Onlineသူငယ်ချင်းတော်တော်များများနဲ့ တွေ့တဲ့အခါ ဘယ်လိုလဲ နေရထိုင်ရတာ အဆင်ပြေရဲ့ လားလို့ မေးသလို၊ ဆွေမျိုးတွေကို ဖုန်းဆက်တော့လည်း ကျန်းမာရေးဂရုစိုက်ဖို့ ပြောကြပါတယ်။ ကျွန်တော်တည်းတဲ့ ဟော်တယ်က အလုပ်လုပ်ရတဲ့ ZIA International Airportနဲ့ ၅မိနစ်လောက် ကားမောင်းရင် ရောက်တဲ့အတွက် အစစအရာရာတော့ အဆင်ပြေပါတယ်။ အဆင်မပြေတာကတော့ အစားအသောက်ပါပဲ။ ဘာလို့လဲဆိုတော့ ဘင်္ဂလားဒေ့ရှ်ဟာ မွတ်ဆလင်နိုင်ငံဖြစ်တဲ့ အတွက် အခုလောလောဆယ် သူတို့ရဲ့ ဥပုသ်လဖြစ်နေလို့ပါ။ ကျွန်တော်နဲ့ တူတူလာတဲ့ မလေးရှားနိုင်ငံက တစ်ယောက်ကလည်း မွတ်ဆလင်ဖြစ်လေတော့ နေ့လည်စာမစားပါဘူး။
ဟိုတယ်က မနက်စာကို ဘူဖေးလ်အလကားကျွေးပေမယ့် နေ့တိုင်း တပုံစံတည်း ကျွေးပါတယ်။ ကြက်ဥကြော်၊ Chicken Hot Dog, Beef Hot Dog ပြီးတော့ ပေါင်မုန့်၊ ပလာတာစသည်ဖြင့် ဥရောပနဲ့ အိန္ဒိယ အစားအစာအနည်းငယ်ကို အပြင်အဆင်က အစ နေ့တိုင်း တစ်ပုံစံတည်း ကျွေးပါတယ်။ တစ်ရက်လာလည်း ဒါပဲ၊ နောက်တစ်ရက်လာလည်း ဒါပါပဲ။ 5starsဟိုတယ်ဖြစ်တဲ့ အတွက် ဟိုတယ်ခန်း၊ အပြင်အဆင်က ကောင်းပေမယ့် မနက်စာကတော့ တစ်ရက်နှစ်ရက်လောက်တည်းတဲ့ လူတွေအတွက် အိုကေပေမယ့် ကျွန်တော့်လို ရက်ရှည်နေတဲ့လူအတွက်တော့ စားရတာ လုံးဝအဆင်မပြေပါဘူး။
နေ့လည်စာကပိုလို့ ဆိုးပါသေးတယ်။ ဘာလို့လဲဆိုတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကုလားဥပုသ်စောင့်ကြလို့ပါ။ ကျွန်တော့်တစ်ယောက်တည်းအတွက် သူတို့လည်း သေသေချာချာ မစီစဉ်ပေးနိုင်သလို ကျွန်တော်ကလည်း အားနာတတ်လို့ နေ့လည်စာကို အဆင်ပြေသလိုပဲ စားလိုက်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်အလုပ်လုပ်တဲ့ လေဆိပ်ရဲ့ တစ်ဆိုင်တည်းသော ထမင်းဆိုင်မှာ ရှိတဲ့ ကြက်သားဟင်း၊ ပဲဟင်းနဲ့ ထမင်း၊ ဒါမှမဟုတ် ပလာတာ စမူဆာစတဲ့ဟာတွေကို နေ့တိုင်းစားနေရပါတယ်။ အဲဒီဆိုင်ကလူက ပြောတာတော့ အခုလို Fastingလမဟုတ်ရင်တော့ နေ့လည်စာကို ဆိတ်သား၊ အမဲသားဟင်းတွေပါ ရတယ်တဲ့။ အခုလောလောဆယ်တော့ တနေ့နဲ့ တနေ့ အရသာတထေရာတည်း တူတဲ့ ကြက်သားဟင်းနဲ့ ပဲဟင်းရည်ကို ထမင်း ဒါမှမဟုတ် ပလာတာနဲ့ စားနေရတာ ၇ရက် ပြည့်ပါပြီ။
ညစာကိုတော့ သူတို့ ဥပုသ်ထွက်တဲ့အချိန်မှာ စားရတာ ဆိုတော့ ကောင်းကောင်းလေး စားရမယ်လို့ မျှော်လင့်ခဲ့ပေမယ့် ထင်တဲ့အတိုင်းဖြစ်မလာပါဘူး။ အလုပ်ပြီးတဲ့အချိန်က သူတို့ ဥပုသ်ထွက်တဲ့အချိန်ဖြစ်လို့ ညစာကို ကျွန်တော်တို့ရဲ့ Machineတွေ ဘေးမှာပဲ စားဖြစ်ပါတယ်။ ဘယာကြော်၊ အာလူးကြော်၊ ပဲပြုတ်သုပ်နဲ့ ထမင်းခြောက်လိုဟာမျိုးကို နေ့တိုင်းကျွေးပါတယ်။ သူတို့ ဘင်္ဂလားဒေ့ရှ်လူမျိုးတွေက ဒါကိုပဲ နေ့တိုင်းစားနိုင်ပေမယ့် ကျွန်တော်နဲ့ မလေးကောင်အတွက်တော့ တော်တော်ဒုက္ခရောက်လှပါတယ်။ ဒါ့ကြောင့် ငါးရက်လောက်ကြာပြီးတဲ့အခါ မလေးကောင်က ဟိုတယ်က စားသောက်ဆိုင်မှာ ပြန်စားကြတာပဲ ကောင်းမယ်ဆိုပြီး အကြံပေးတဲ့အတွက် မနေ့ကနဲ့ ဒီနေ့တော့ ညစာလေး အဆင်ပြေနေပါတယ်။ ဘယ်လိုပဲ အစားအသောက် မကောင်းပေမယ့် ဒီခန္ဓာကိုယ်ကတော့ ပိန်မသွားတဲ့အပြင် ၀လာသလိုတောင် ခံစားရပါတယ်။
ပြီးတော့ အခုလို ခရီးထွက်တော့မှ ကျွန်တော့်အတွက် မရှိရင်မဖြစ်တဲ့ အရာတွေကို ထင်ထင်ရှားရှားသိလာပါတယ်။ ဘာလို့လဲဆိုတော့ လောလောဆယ် အဲဒါတွေ မပါတဲ့အတွက် တော်တော်လေး စိတ်ကသိကအောက် ဖြစ်ရပါတယ်။ အမြဲတမ်းတစ်ခုခုလိုနေသလို ခံစားရတာပါ။ အဲဒါတွေကတော့ ပထမဆုံးအနေနဲ့ ဦးချိန်တီ၊ ကမ္ဘာကျော် ဒါမှမဟုတ် တခြား မြန်မာလျှက်ဆားတစ်မျိုးမျိုးပါ။ ဟုတ်ပါတယ်၊ ကျွန်တော်က တခါတလေ လေထိုးလေအောင့်သလိုလို၊ ရင်ပြည့်သလိုလို ဘာရောဂါမှန်းမသိတဲ့ ရောဂါရှိပါတယ်။ တစ်နေ့ တစ်နေ့ ဦးချိန်တီလေး၊ ကမ္ဘာကျော်လေး တစ်လုံး၊နှစ်လုံးလောက်မှ မစားရရင် နေမထိထိုင်မသာနဲ့ပါ။
နောက်တစ်မျိုးကတော့ ကျွန်တော့်ရဲ့ ပေါင်ချိန်စက်ပါ။ ၀ိတ်ကို ထိန်းတဲ့အနေနဲ့ ကိုယ့်ရဲ့ အလေးချိန်ကို နေ့တိုင်းလောက်နီးပါး ချိန်ဖြစ်ပါတယ်။ ကျွန်တော်သတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်limitထက် များလာရင် အစားကို သိသိသာသာ လျှော့စားလိုက်သလို၊ ကိုယ်အလေးချိန် နည်းသွားရင်လည်း ၀မ်းသာရအောင်လို့ပါ။ အခုတော့ ၀လာလား၊ ပိန်သွားလား မသိနိုင်တဲ့အတွက် ပေါင်ချိန်စက်လေးကို အရမ်းသတိရနေပါတယ်။ နောက်ဆုံးတစ်ခုကတော့ ဖက်လုံးလို့လည်း ခေါ်တဲ့ ခွခေါင်းအုံးပါ။ ကျွန်တော်အိပ်လို့ရှိရင် ခွခေါင်းအုံးလေးကို ခွပြီးမှ အိပ်တတ်ပါတယ်။ သို့မဟုတ်ရင် မပြည့်မစုံနဲ့ပါ။ အိပ်လို့လည်း ကောင်းကောင်းမပျော်ချင်လိုလို အိပ်ပျော်ရင်တောင် အိပ်မက်တွေ မကောင်းသလို ခံစားရလို့ပါ။
အစားအသောက်လေး နည်းနည်းအဆင်မပြေတာနဲ့ ကျွန်တော့်မရှိမဖြစ်လေးတွေ မပါလာတာကလွဲလို့ အစစအရာရာ အဆင်ပြေပါကြောင်း။ နောက်ရက်မှပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် ကျွန်တော့်ရဲ့ အမြင်လေးတွေ ရေးပြပါတော့မယ်။

Friday, October 5, 2007
Thursday, October 4, 2007
Monday, October 1, 2007
မေ့ချစ်သားသို့ ရင်ဖွင့်ပေးစာ
အသိ အန်တီတစ်ယောက်က သူရေးထားတဲ့စာလေး ရှိတယ်။ အင်တာနက်ပေါ် တင်ချင်တင်လို့ ရတယ်ဆိုပြီးပြောလာပါတယ်။ အရေးအသားရော အကြောင်းအရာပါ ပြောစရာမလိုအောင် ကောင်းတဲ့စာတစ်ပုဒ်ကို ကျွန်တော့်ရဲ့ ဘလော့ခ်မှာ ပေးတင်တဲ့ အဲဒီအန်တီကို အရမ်းကျေးဇူးတင်ပါတယ်။
မေ့ချစ်သားသို့ ရင်ဖွင့်ပေးစာ
မေချစ်သားသို့ -
ကိုးလလွယ်လို့ ဆယ်လမှာမွေး ဖ၀ါးလေးလက်နှစ်လုံး ပုခုံးလေးလက်နှစ်ဆစ် လူဖြစ်အောင် အမေ့ရင်က ဖြစ်တဲ့ နို့သွေးဖြူနဲ့ တိုက်ကျွေးခဲ့တယ်။ သန့်ရှင်းတဲ့လက်ငါးချောင်းနဲ့ ငါ့သား ကြီးတဲ့အထိ ထမင်းခွံ့ခဲ့တယ်။
“ဖေဖေ၊ မေမေ”လို့ ခေါ်တတ်အောင် အသင်စခဲ့တာလဲ အနန္တောအနန္တငါးပါးကို ငါ့သားလေး သိစေချင်လို့။
“ဦးတော်”“သြကာသ”လို့ အမေသင်ပေးတာ ငါ့သားလေးကို ကံငါးပါးလုံတဲ့ ဗုဒ္ဓဘာသာ ဖြစ်စေချင်လို့လေ။
အမေ့အိမ်ဘုရားခန်းထဲမှာ ငါ့သားနဲ့အတူ အမေတို့နှစ်ယောက်ရဲ့ အမျှဝေသံ သာဓုခေါ်သံတွေဟာ ဒီနေ့ထိပဲ့တင်ထပ် ကျန်ရစ်ဆဲပါ သား။ မေတ္တာပို့ အမျှဝေသံဟာ အမေနဲ့ ငါ့သားရဲ့ ရင်ထဲမှာ ထာဝရ ညှိထားတဲ့ ဗုဒ္ဓသံစဉ်ကြိုးပါသား။
ရင်အုပ်ကားကား ကြွက်သား ဖုထစ်နေတဲ့ ငါ့သားရဲ့ အင်္ဂါရုပ်ကို ကြည့်ပြီး “ငါ့သားလေးဟာ ငါ့တစ်ယောက်ထဲကို လုပ်ကျွေးကျေးဇူးပြုတာထက် တိုင်းပြည်နဲ့ လူမျိုးကို အလုပ်အကျွေးပြုတဲ့ ပြည်သူချစ်တဲ့ ပြည်ချစ်သားလေး ဖြစ်ရင်ကောင်းမှာပဲ ဆိုတဲ့ အသိတစ်ခုနဲ့ ငါ့သားလေးကို အမေကိုယ်တိုင်တပ်မတော်သားဆိုတဲ့ လမ်းကြောင်းပေါ်ကို အမေတင်ပေးလိုက်တာပါ”
ကျောင်းဆင်းပွဲနေ့က အမေ့မျက်လုံးထဲမှာလေ “ကမ္ဘာ့လူသားအားလုံးထဲက ငါ့သားဟာ“အလှဆုံး”လို့ မြင်တယ်။”
“အဖေကြီး ကျုပ်လေ မွေးရကျိုးနပ်တယ်နော်...လို့ လက်တို့ပြောတော့ မင်းအဖေရဲ့ အပြုံးဟာ လောကကြီးမှာ အမေ့အတွက် “အလှဆုံး”ဖြစ်သွားတယ်။”
ငါ့သားစို့တဲ့ အမေ့နို့ရည် သန့်တယ်နော်။
ကံငါးပါးလုံတဲ့ အမေ့လက်ငါးချောင်းနဲ့ ငါ့သားကို ထမင်းခွံ့ခဲ့လို့ ငါ့သားစားခဲ့သမျှ ထမင်းလုပ်ဟာလဲ သန့်မှ သန့်ပဲ သားရေ..။
ဒီနေ့လူဖြစ်အောင် မွေးခဲ့တဲ့ ငါ့သားကို အမေက အမေ့ရဲ့ နို့သွေးဖြူနဲ့ တိုက်ကျွေး၊ ထမင်းဖြူနဲ့ ခွံ့ကျွေးခဲ့ပါတယ်ဆိုတာကို သစ္စာဆိုပါတယ်။
ဒီနေ့မှာ အမေ့သားဖြစ်နေသေးရင် ငါ့သားရဲ့ နှလုံးသားမှာ ဆရာတော်များရဲ့ မေတ္တာဓါတ်များ ကိန်းအောင်းပြီး သန့်နေတဲ့ အမေ့သားရဲ့ လက် သွေးမစွန်းပါစေနဲ့လို့ အမေသစ္စာဆို နေ့နေ့ညညဆုတောင်းနေတယ် သားရေ။
ငါ့သားချစ်တဲ့
မေမေ

Sunday, September 30, 2007
Live blogging From Bangladesh
ဒီခရီးကို လွန်ခဲ့တဲ့နှစ် ဇွန်လကတည်းက လာဖို့ပါ။ ဒါပေမယ့် ကျွန်တော် Installလုပ်ရမယ့် x-ray machineက readyမဖြစ်သေးတာတို့ customsက clearမလုပ်သေးတာတို့ကြောင့် မလာဖြစ်ပဲ တစ်နှစ်ကျော်ကျော်လောက် အချိန်နှောင့်နှေးခဲ့ရပါတယ်။ လာမယ့် လာရတော့လည်း အခုလို အချိန်မျိုးမှာမှ လာရတယ်လို့။ တကယ်တမ်းတော့ ကျွန်တော်စင်္ကာပူမှာ နိုင်ငံကောင်းစားရေးအတွက် တက်နိုင်တဲ့အပိုင်းက တူတူတွဲလုပ် နေတဲ့လူတွေ အားလုံးကို ချန်ထားပြီးလာရတာ ဘယ်လိုမှ စိတ်မဖြောင့်ပါဘူး။ ပြီးတော့ လာတာက အလုပ်လုပ်ဖို့ လာရတာဆိုတော့ အင်တာနက်connectionက အလုပ်ပြီးလို့ ဟော်တယ်ပြန်ရောက်မှ ရမှာလေ။
အဲဒီတော့ ကျွန်တော် မြန်မာနိုင်ငံသတင်းကို ချက်ချင်းမသိနိုင်တော့ပါဘူး။ စင်္ကာပူမှာတုန်းကလို SMSတွေ တစ်ခုပြီးတစ်ခု ပို့ပြီး သတင်းပေးမယ့်လူတွေလည်း မရှိပါဘူး။ ဒါ့ကြောင့် ဒီခရီးကို လာရတာစိတ်လုံးဝ မဖြောင့်ပါဘူး။ ဒါပေမယ့် အလုပ်ကပေးတဲ့ ပိုက်ဆံကိုယူတော့လည်း အလုပ်က ခိုင်းတာလုပ်ရမှာပေါ့။ အဲဒါနဲ့ ကျွန်တော့်အတွက် ပဉ္စမမြောက် ရောက်ဖူးတဲ့ နိုင်ငံခြားတိုင်းပြည်တစ်ခုအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်လာခဲ့ပါပြီ။ ပထမတော့ ကျွန်တော့်ကုမ္ပဏီက ဂျပန်တို့ ကိုရီးယားတို့ကျတော့ မလွှတ်ဘူးဆိုပြီး စိတ်ထဲက ဘ၀င်မကျပါဘူး။ ဒါပေမယ့် ဘယ်နိုင်ငံပဲ ဖြစ်ဖြစ် နိုင်ငံများများရောက်ဖူးလေ အမြင်ကျယ်လေ။ တချိန်ကိုယ့်နိုင်ငံအတွက် ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတဲ့ အကြံဥာဏ်တွေ ပိုထုတ်နိုင်လေဆိုပြီး စဉ်းစားမိတဲ့အတွက် မန်နေဂျာကို ဘယ်နိုင်ငံလွှတ်လွှတ် အကုန်သွားမယ်လို့ ပြောခဲ့ပါတယ်။
ပထမတော့ ထင်တာက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘာမှလည်း မရှိ၊ အိမ်နီးချင်း အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံခြားက ဖွံ့ဖြိုးဆဲ နိုင်ငံငယ်လေးတစ်ခုအနေနဲ့ သိထားပါတယ်။ ပြီးတော့ ကျွန်တော်တို့ နိုင်ငံလိုပုံစံမျိုးလား၊ ATMမရှိ Roamingမရှိလား၊ ဟော်တယ်မှာတောင် အင်တာနက်ရှိပါ့မလား စိုးရိမ်မိနေပါသေးတယ်။ ဒီကို ရောက်တော့မှ ကျွန်တော်မျက်လုံးတွေ ပြူးရပါတယ်။ လေဆိပ်ရောက်တာနဲ့ ATMစတွေ့ရတယ်။ ပြီးတော့ Roaming Service တွေလည်း ရှိတယ်။ ကျွန်တော်တည်းတဲ့ ဟော်တယ်မှာ အင်တာနက်ကို wirelessရတယ် ဆိုတာ သိရလို့ပါ။ (ကားတွေကတော့ စုတ်စုတ်ပြတ်ပြတ်လေးတွေပါ။) ကျွန်တော်ရောက်တဲ့ အချိန်က ည၁၀နာရီဖြစ်နေတဲ့ အတွက် ဘာမှ ကောင်းကောင်းမမြင်ရပါဘူး။ နောက်နေ့မှပဲ ကျွန်တော့်ရဲ့ ဘင်္ဂလားဒေ့ရှ်အတွေ့အကြုံတွေကို ကြုံရင်ကြုံသလို တင်ပေးသွားပါဦးမယ်။

Friday, September 28, 2007
သွေးစုပ်ဖုတ်ကောင်များသို့
သွေးစုပ်ဖုတ်ကောင်များသို့
ဘုန်းကြီးကိုသတ်တဲ့ လူသတ်ကောင်တွေ
ဘ၀ဆက်တိုင်း ကျဆုံးပါစေ။
စစ်ဖိနပ်တောင် မရှိတဲ့ဘဝ
ကိုယ့်အခြေအနေတော့
ကိုယ်သိကြဖို့ကောင်းတယ်။
ငရဲဆိုတာ စစ်ခေါင်းဆောင်ရဲ့ အမိန့်ထက်
ပိုကြောက်စရာ ကောင်းကြောင်း
မင်းတို့ အလောင်းတွေ မြေဘ၀ပြောင်းမှသိမယ်။
တနိုင်ငံလုံး ကောင်းစားရေး
အသက်ပေါင်း မြောက်များစွာ စတေးနေကြတယ်
ကဲ...မင်း နိုင်ငံကောင်းစားတာ မမြင်ချင်ဘူးလား။
ဟေ့...သွေးစုပ်ဖုတ်ကောင်တွေ....
လူသွေးကို စုပ်၊ လူဂုတ်ကို ချိုး
လှံစွပ်နဲ့ ထိုးပေမယ့်
အာဇာနည်မျိုး သေရိုးမရှိဘူး။
“ဘုန်းကြီးသတ်တဲ့ မိစ္ဆာတွေ
မိုးကြိုးပစ်လို့ သေပါစေ
ဘုန်းကြီးသတ်တဲ့ မိစ္ဆာတွေ
မိုးကြိုးပစ်လို့ သေပါစေ”

Thursday, September 27, 2007
လေးစားတယ်
လေးစားတယ်
ဓမ္မနဲ့ အဓမ္မယှဉ်ပြိုင်
ဓမ္မဖက်က နိုင်ဖို့ ကြိုးစားသူတိုင်းကို လေးစားတယ်။
မေတ္တာဓါတ်တွေ လွှမ်းခြုံ
ကိုယ့်ကိုကိုယ်လုံ စေတဲ့ သူတွေကို လေးစားတယ်။
တိုင်းပြည်အတွက် အသက်စတေး
ရင်ကော့ပေးခဲ့သူတွေကို လေးစားတယ်။
ကိုယ်ကျိုးလုံးဝမပါ
လူသားချင်းစာနာတတ်သူတွေကို လေးစားတယ်
အမှန်တရားကို ဖက်တွယ်
နိုင်ငံကယ်မယ့်သူတွေကို လေးစားတယ်။
Photos From AFP and AP
Labels:
Poems
Tuesday, September 25, 2007
မဂျစ်ဖတ်နေတဲ့ မြန်မာသတင်းများ
မဂျစ်ဆီက ပိုစ့်ကို တိုက်ရိုက်ကူးယူဖော်ပြပါသည်။
``ကျမဆီဗုံးမှာ စာဖတ်သူတယောက်က မြန်မာပြည်နဲ့ပတ်သက်တဲ့ နောက်ဆုံးသတင်းတွေ တင်ဖို့ ပြောပါတယ်။ တကယ်တော့ ဘလောဂ့်ပေါ်မှာ တင်နေကြတာတွေ အများကြီးပဲ ။ စာဖတ်သူတွေ ဟိုလိုက် ဒီလိုက် မဖြစ်ရအောင် ကျမသိသမျှကို ဆုံဆည်းရာဘလောဂ့်မှာပဲ စုဆည်းတင်ပြဖို့ ၊ ပေးထားပါတယ် ။ တခြားဘလောဂါ့များကိုလည်း ရသမျှသတင်းများကို လတ်တလောသတင်းထုတ်နေသော ဆုံဆည်းရာဘလောဂ့် နဲ့ မဇ္ဈိမ စသည်တို့ကို ပေးဖို့ ၊ မေတ္တာရပ်ခံလိုက်ပါတယ် ။ အောက်ပါလင့်ခ်များကတော့ မြန်မာသတင်းများ တင်ပေးနေတဲ့ ဆိုဒ်တွေကို ကျမသိသလောက် ဝေမျှလိုက်ပါတယ် ။
လတ်တလောသတင်းထုတ်ဝေသောနေရာများ
ဆုံဆည်းရာ ဘလောဂ့်
မဇ္ဈိမ breaking news
ဒီဗွီဘီ
စိန်ခလုတ်ဘလောဂ့်
တခြားသတင်းဌာနများ
RFA English
ဘီဘီစီ
VOA
CNN News on Myanmar
CNN Videos on Myanmar´´

ကိုမိုးသီးဇွန်ပြောသော စကား
နေနေနိုင်နှင့် သီဟကျော်ဇော ဘလော့ခ်မှ တဆင့် ကူးယူဖော်ပြပါသည်။
Labels:
Videos
Saturday, September 22, 2007
ကဗျာဆရာ အောင်ဝေးရဲ့ Three Fs
We want Three Fs
We want Freedom.
We want Freedom for our future.
We want Friendship.
We want Friendship between our army and our people.
We want Food.
We want Food to live peacefully.
Poet Aung Wayy
ဤနေရာမှ ရယူပါသည်။

Sunday, September 16, 2007
ကြော်ငြာတော့တမျိုး၊ အပြင်မှာတော့ တမျိုး
ကြော်ငြာထဲမှာတော့ သူတို့ ပစ္စည်း ရောင်းကောင်းအောင် လှတပတလေး စားချင်စဖွယ်ဖြစ်အောင် လုပ်ထားပေမယ့် တကယ့်တကယ်အပြင်မှာကျတော့ အဲလိုမျိုးမဟုတ်တဲ့အကြောင်း ယှဉ်ပြထားတဲ့ပုံလေးတွေပါ။ ဒါပေမယ့် တစ်ခုတော့ရှိတာပေါ့လေ။ အဲလို စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ဖို့ အချိန်တွေအများကြီးလိုပေမယ့် အပြင်မှာကျတော့ အဲလောက်အချိန်မှမရတာ။ စားမယ့်လူက ဘယ်တော့ဖြစ်ဖြစ် မြန်မြန်ဆန်ဆန်စားဖို့ပဲ စိတ်ဝင်စားတာကိုး။ လုပ်တဲ့ လူက ဖြစ်ကတက်ဆန်းမလုပ်ပေးရင် ပြီးတာပဲ။
ပုံတွေကို ဒီနေရာက ယူပါတယ်။
Taco Salad
Stouffer
MCmuffin
KFC Bowl
Filet 0 Fish
BigMac
BellGrande
ပုံတွေကို ဒီနေရာက ယူပါတယ်။
Labels:
Misc
Thursday, September 13, 2007
ဘယ်နားထားရမှန်းမသိတဲ့ သံလွင်အိပ်မက်
www.ThanLwin.comတင်ထားတဲ့ Server Downနေလို့ သံလွင်အိပ်မက်ဒေါင်းနေခဲ့တာ အခုဆိုတစ်ပတ်တောင် ပြည့်ပါတော့မယ်။ အဲဒီ Web hosting companyပိတ်သွားတဲ့ အတွက် ကျွန်တော်ရယ်၊ ညီညီရယ် web hosting နေရာအသစ်တစ်ခုကို အမြန်ဆုံးဝယ်ဖို့ စီစဉ်နေပါတယ်။ ဒီရက်ပိုင်းအတွင်း သွားဖတ်ပေမယ့် Errorတက်နေလို့ လှည့်ပြန်သွားတဲ့ ပရိသတ်တွေကို အနူးအညွှတ်တောင်းပန်ရင်း သံလွင်အိပ်မက် ပြန်ရတာနဲ့ အားလုံးကို အသိပေးပါမယ်လို့။
Labels:
News
Sunday, September 9, 2007
Singapore Flyer and Kiasu စလုံးတွေ
London Eye လိုမျိုး Singapore Flyer လို့ခေါ်တဲ့ ကမ္ဘာ့အမြင့်ဆုံး Observation wheel ကြီးကို နောက်နှစ်မတ်လထဲမှာ ဖွင့်တော့မယ် ဆိုတဲ့ သတင်းတစ်ပုဒ်ကို www.asiaone.com မှာ ဖတ်လိုက်ရပါတယ်။ ဘယ်အရာမဆို အရင်ဆုံး၊ အဦးဆုံး၊ အကောင်းဆုံး ဖြစ်ချင်တဲ့ စလုံးလူမျိုးတွေကို ချီးကျူးမိပါတယ်။ ပြီးတော့ ရယ်လည်း ရယ်ချင်ပါတယ်။ နောက်နှစ်ထဲမှာ စပြီးလည်ပတ်မယ့် အဲဒီ Flyer ကြီးဟာ ပထမသုံးလစာ လက်မှတ်ပေါင်း ၁သန်းခွဲရောင်းလိုက်ရပြီ ဆိုလို့ပါ။ စလုံးတွေက အဲလို Kiasu ဖြစ်တာပါ။ ပထမသုံးလစာ လက်မှတ်တစ်စောင်မှ မကျန်တော့တဲ့ အဲဒီ Flyer ကြီးဟာ ၁၆၅မီတာ(သို့မဟုတ်) ၄၂ထပ်တိုက် တစ်တိုက်စာရှိပါတယ်တဲ့။ တစ်ခါတစ်ခါ လည်ရင် ၇၈၄ယောက်စီးနှင်းနိုင်ပြီး တစ်ပတ်ပြည့်ဖို့ ၃၇မိနစ်ကြာတယ်။ (အဲဒါကြီး စီးနေတုန်း အရေးရယ် အကြောင်းရယ် ပြဿနာလွယ်မိပြီဆိုရင်တော့ ဒုက္ခပဲလို့ စဉ်းစားမိပါသေးတယ်။)
အပေါ်မတင်ရသေးတဲ့ Capsuleတွေပါ
Asiaoneမှ ယူထားတဲ့ပုံ
အဲဒီတစ်ပတ်စာကို စင်္ကာပူဒေါ်လာ ၂၉.၅၀ပေးရမှာဖြစ်ပြီး ၁၄.၅၀ပေါင်(S$44)ပေးရတဲ့ London Eyeထက် ဈေးသက်သာပါသေးတယ်လို့ ဆိုပါတယ်။ ပြီးတော့ capsulesကြီး တစ်ခုလုံးကို ငှားချင်ရင် ကြားရက်နေ့လည်ပိုင်းဆိုရင် စင်္ကာပူဒေါ်လာ၁၀၀၀ဖြစ်ပြီး ကြားရက်ညပိုင်းနဲ့ စနေ၊ တနင်္ဂနွေဆိုရင်တော့ ၁၅၀၀ပါတဲ့။ (သူ့ရဲ့ ကြော်ငြာထဲမှာတော့ ချစ်သူကို လက်ထပ်ခွင့်တောင်းတဲ့ အခါမှာ အသုံးပြုဖို့လည်း အလွန်သင့်တော်တဲ့ တကယ့်ကို Romantic ဖြစ်တဲ့ နေရာပါတဲ့လေ။ ချစ်သူက “အင်း”ဆိုပြီး ခေါင်းလေးငြိမ့်ရင်တော့ အကောင်းသား မငြိမ့်ရင် စိတ်ညစ်လို့ မှန်ခွဲပြီး အဲဒီအပေါ်ကနေ ခုန်ချမှ ကျော်မကောင်း ကြားမကောင်းဖြစ်နေပါဦးမယ်လို့ ပေါက်ပေါက်ရှာရှာတွေးမိပါသေးတယ်။) အခုလောလောဆယ် အဲဒီဟာကြီးအတွက် ဓါတ်ပုံပြိုင်ပွဲရှိပါတယ်။ စိတ်ပါဝင်စားသူတွေ ၀င်ရောင်ယှဉ်ပြိုင်နိုင်ပါတယ်တဲ့။ သူ့ရဲ့ websiteကတော့ http://www.singaporeflyer.com.sgပါ။
ဒီမိုပို့ပေးတဲ့ ဓါတ်ပုံ
Labels:
News
Saturday, September 8, 2007
ဘလော့ခ်ကာ ဘာတွေရှုပ်
ဒီရက်ပိုင်း ကျွန်တော် ဘလော့ခ်လေးကို ပစ်ထားတာ တော်တော်တောင် ကြာသွားပြီ။ ဟိုရက်ပိုင်းတွေတုန်းက အင်တာနက်သုံးဖြစ်တိုင်း အီးမေးလ်စစ်၊ ပြီးတာနဲ့ ဘယ်ဘလော့ခ်မှ မသွားနိုင်၊ ဘလော့ခ်ပိုစ့်လည်း မရေးနိုင်ပဲ sgcarmartကို အမြဲ ၀င်ကြည့်ဖြစ်တယ်။ အဲဒီwebsiteက စင်္ကာပူမှာ ရှိသမျှ ကားအသစ်၊ ကားအဟောင်းတွေရဲ့ ဈေးနှုန်း၊ COEပေါက်ဈေး၊ loan calculator, road tax calculatorအကုန်လုံးကို ကြည့်လို့ရတာလေ။
နောက်အမြဲတမ်းဝင်ကြည့်ဖြစ်တဲ့ websiteတစ်ခုကတော့ Club Snapဆိုတဲ့ စင်္ကာပူမှာရှိတဲ့ ဓါတ်ပုံForumပါ။ အဲဒီဖို
ရမ်မှာ ကင်မရာအသစ်တွေ Lensအသစ်တွေရဲ့ ဈေးနှုန်းတင်မဟုတ်ပဲ Memberအချင်းချင်း ပြန်ရောင်းကြတဲ့ Market Placeတွေပါရှိတယ်။ Canonသုံးတဲ့ လူတွေအတွက်၊ Nikonသုံးတဲ့လူတွေ၊ ပြီးတော့ တခြား ကင်မရာသုံးတဲ့သူတွေ အတွက်ပါ သူ့topicနဲ့ သူ လေ့လာစရာတွေ မှတ်သားစရာတွေနဲ့ ပြည့်နေတဲ့ Forumတစ်ခုပါ။
အားတဲ့ရက်တိုင်း အားတဲ့အချိန်တိုင်း အဲဒီWebsiteတွေမှာ ကျွန်တော်လိုချင်တာတွေ သွားကြည့်ပြီး ဈေးတွေစုံစမ်း၊ တစ်ခုနဲ့ တစ်ခု Compareလုပ်။ နောက်ဆုံးတော့ လိုချင်တာတွေကို ၀ယ်ပစ်လိုက်ပါတယ်။ ဒါနဲ့ပဲ ကိစ္စနှစ်ခုပြီးသွားတော့ အလုပ်ထဲမှာအားရင် အားသလို ဘလော့ခ်ရေးမယ်ကြံစည်ထားပေမယ့် မနက် အလုပ်ရောက်တာနဲ့ စက်က ပျက်တာ ညပြန်တဲ့ အထိ ပြင်လို့ကို မပြီးတာတို့၊ မန်နေဂျာက ဟိုဟာခိုင်း ဒီဟာခိုင်းရင်လည်း သူများကို ထပ်ပြီးခိုင်းရမှာ စိတ်မချတဲ့ကျွန်တော် ကိုယ်တိုင်ပဲ လုပ်ရင်း အားတဲ့အချိန်ရယ် လို့မရှိတာတို့၊ အားရင်လည်း အားသလို မြန်မာပြည်အခြေအနေသတင်းတွေ ပြေးပြေးဖတ်ရတာတို့၊ အိမ်ပြန်ရောက်တော့လည်း အလုပ်က ပင်ပန်းတာနဲ့ ကွန်ပျူတာဖွင့်တဲ့ ခလုတ်လေးကိုတောင် နှိပ်ဖို့ပျင်းနေတာတို့ကြောင့် ဘလော့ခ်ကို မရေးဖြစ်တာပါ။ ဒီနေ့တော့ အလုပ်ကလည်းပါး၊ ရာသီဥတုလေးကလည်း သာယာဆိုတော့ ဘာရယ်မဟုတ် ဘာတွေရှုပ်နေလဲဆိုတာ ချရေးလိုက်တယ်။ နောက်ပိုင်းလည်း ဒီလိုပဲ အလုပ်ထဲက စက်တွေ လိမ်လိမ်မာမာ ဒုက္ခမပေးပါစေနဲ့လို့။

Sunday, September 2, 2007
အဖေနှင့် why do we blog?
လူ၆၀၀ကျော်တဲ့
“ဟဲလို....အမေလား”
“ဟုတ်တယ်....ဘယ်သူတုန်း”
“သားငယ်။ အမေ နေကောင်းလား”
“ကောင်းတယ်....ဖေကြီးတောင် မနေ့က သားသူငယ်ချင်းတွေလုပ်တဲ့ ဘလော့ခ်ကာseminarကို သွားသေးတယ်၊ ခဏနေဦး ဖေကြီးက စကားပြောချင်တယ်တဲ့”
“ဟုတ်ကဲ့......ဟဲလို အဖေနေကောင်းလား”
“ဟဲလို...သားငယ်လား၊ အဖေနေကောင်းတယ်။ မနေ့က နေဘုန်းလတ်တို့လုပ်တဲ့ Blog Seminarသွားတယ်”
“ဟုတ်လား...အဖေ..ဘယ်ကနေဘယ်လို သိပြီးရောက်သွားတာလဲ”
“ကုမုဒြာဂျာနယ်ထဲမှာ ပါတယ်လေ..ဒါနဲ့ပဲ ဦးအောင်ဝင်းကို ခေါ်ပြီးသွားကြတာ”
“ဟုတ်..နေဘုန်းလတ်တို့ လုပ်မှန်းသိပြီး သွားတာလား”
“မဟုတ်ဘူး၊ ဟိုရောက်မှ တွေ့တော့ နေဘုန်းလတ်က တိုက်ပုံတွေ ဘာတွေနဲ့ ဆိုတော့ အဖေက မင်း စာတမ်းဖတ်မှာလား ဆိုတော့ ဟုတ်တယ်တဲ့။ ပြီးတော့ မောင်စစ်နဲ့ လည်းတွေ့တယ်၊ သူကတော့ စကားတက်မပြောဘူး၊ အောက်ကနေပဲ ၀ိုင်းပြီးကူညီနေတာတွေ့တယ်”
“ဟုတ်”
“ပြီးတော့ သားတို့ သံလွင်အိပ်မက်ရော Heavenကပါ sponser list ထဲမှာ ပါတာ အဖေတွေ့ခဲ့တယ်”
“ဟုတ်တယ် သားတို့ တွေ အားလုံး မြန်မာပြည်က ဘလော့ခ်ကာတွေရော နိုင်ငံတကာက ဘလော့ခ်ကာတွေပါ ၀ိုင်းပြီးလုပ်ထားကြတာ၊ သားတို့အပြင်က ဘလော့ခ်ကာတွေကတော့ supportလုပ်ပေးရုံသက်သက်ပါ၊ မြန်မာပြည်က ဘလော့ခ်ကာတွေကတော့ အဲဒီပွဲအတွက် တော်တော် ပင်ပန်းကြရှာမယ်”
ကဲ...ပြော...ဘလော့ခ်ရဲ့ သမိုင်း
“Registerလုပ်တုန်း ဖေကြီးအီးမေးလ် addressကိုတောင်းတော့ မေ့နေတယ်လို့ ပြောလိုက်တယ်။ ဟားဟား အဲဒါနဲ့ ရတယ် အန်ကယ်လ်တဲ့ မထည့်လည်း ကိစ္စမရှိပါဘူးတဲ့ပြောတယ်။ seminarစတော့ နေဘုန်းလတ်က အရင်ဆုံးစကားစပြောတာ”
“ဟုတ်.ပြီးတော့ ညီလင်းဆက်တို့ဘာတို့လည်း ပြောသေးတယ်မဟုတ်လား”ဆိုပြီး ကျွန်တော့်အဖေများ သူတို့ကို သိမလားလို့ မေးကြည့်တော့...
“အင်း ဟုတ်တယ်။ ညီလင်းဆက်တို့၊ မယ်လိုဒီမောင်တို့၊ စေတန်ဂေါ့ဆိုတာရယ် ပြီးတော့ ဘာညာဘာညာဆိုတဲ့ ကောင်မလေးတစ်ယောက်လည်း ပါသေးတယ်”
“အဟီး .. ...ဟုတ်တယ်....သူတို့တွေ အားလုံး သားသူငယ်ချင်းတွေချည်းပဲ၊ မနေ့က ပွဲလုပ်တဲ့အချိန်တောက်လျှောက် သားလည်း သူတို့နဲ့ အတူတူရှိနေပါတယ်။ အဲဒီမှာ laptopတွေနဲ့ ထိုင်နေတဲ့ လူတွေနဲ့ live chat သဘောမျိုးလုပ်နေတာ”
ပေါက်ကရ သီချင်းတွေ ဆိုနေတဲ့အကြောင်းပြောရင်တော့ အဖေက ထင်မှာပဲ။ ငါ့သား တော်တော်ပေါတယ်လို့...။ (ချိုပြုံးရွှင်သော ဘလော့ခ်ပျိုမယ်...တကိုယ်လုံးမီချော အလှပိုတယ်၊ ဘလော့ခ်မြို့နဲ့ တမြို့တည်းဖွားလို့ ဆိုကြပြန်တယ်၊ ဘလော့ခ်ကလေး တသသနဲ့ မြှောက်လို့ပေးတာမဟုတ်ကွယ်၊ ထွန်းသစ်စ ကွန်မန့်တွေရယ်...တို့...။ ကမ္ဘာကို ဘလော့ခ်များနဲ့ ဆေးချယ်၊ ဒဏ်ရာတွေ ကုစားပေးနိုင်ဖို့၊ အပြာရောင်မိုးသားများရဲ့ အောက် တို့များဘလော့ခ်မယ် ဆက်ရေးစို့၊ ကျေးဇူးတရာများနဲ့ ချစ်သောကမ္ဘာမြေကို....အင်း အရှိန်ကခုထိမသေသေးဘူး)အဖေနဲ့ ပြောတဲ့အကြောင်းဆက်ဦးမယ်။
T-Shirtရသွားလို့ ပြုံးပျော်နေတဲ့ ကျွန်တော့်ဦးလေး လူပျိုကြီး
“ဒါနဲ့ ဖေကြီးက ဘယ်လိုဘလော့ခ်ကို စိတ်ဝင်စားသွားတာတုန်း”
“သြော်... သားသင်္ကြန်တုန်းက ပြန်လာတော့ ဘလော့ခ်အကြောင်း ပြောတာကြားဖူးတယ်လေ၊ ပြီးတော့ အန်တီဆင့်ကလည်း သားနဲ့ ညီညီရဲ့ ဘလောခ့်ကို ဖတ်တဲ့အကြောင်း၊ ၁၀တန်းအောင်ပြီး အင်ဂျင်နီယာလုပ်ရမလိုလို၊ ဘာလုပ်ရမလိုလိုဖြစ်နေတဲ့ အကြောင်းတွေ ပြောပြတယ်။ ဖေကြီးလည်း ဘလော့ခ်ဆိုတာ ဘာလဲ သေသေချာချာမသိလို့ သိချင်တာနဲ့ သွားတာ။”
အမ်....ကျွန်တော့်အဒေါ်ကလည်း ကျွန်တော့်ဘလော့ခ်ကို ဖတ်တယ်ဆိုပဲ။ ဘယ်ကနေ ဘယ်လိုသိလည်း မေးတော့.
“ညီညီဘလော့ခ်ထဲက လင့်ခ်တွေ့လို့ ဖတ်တာတဲ့”
အင်း ...ကျွန်တော့်ဘလော့ခ်ကို USက အကိုတွေအမတွေ ကလည်းဝင်ဖတ်တော့ တော်တော်များလာပြီ။ ဟီးဟီး လေးဖြူက “အခုဒီပွဲကို လာကြည့်ကြတဲ့ တ၀က်လောက်က ကံစမ်းမဲဖောက်ပြီး အလကားလာကြည့်ကြသူတွေပါ။ ကျန်တဲ့တစ်ဝက်ကတော့ ကျွန်တော့်တို့အမျိုးတွေပါ”
ဆိုပြီးပြောသလို “ကျွန်တော်
့ဘလော့ခ်ကို လာဖတ်ကြတဲ့ တ၀က်လောက်က အင်တာနက်ကနေ ကံစမ်းစရာမလိုပဲ အလကားလာဖတ်ကြတာဖြစ်ပြီး ကျန်တဲ့ တ၀က်ကတော့ ကျွန်တော့်အမျိုးတွေပါ”ဆိုပြီး ပြောရမလိုဖြစ်နေပြီ။
နောက်ပြီး Seminarနဲ့ ပတ်သက်တဲ့ အမြင် အဖေက ဒီလိုဆက်ပြောပါတယ်။
“အကုန်လုံးလူငယ်တွေချည်းပဲလုပ်ကြတာ။ ကောင်းတယ်၊ အရမ်းကောင်းပါတယ်။ အဖေက ဟိုလိုမျိုး formalအရမ်းကျတဲ့ seminarတွေပဲ တက်ဖူးတာ၊ ဒါမျိုးလွတ်လွတ်လပ်လပ်နဲ့ seminarမျိုးမတက်ဖူးဘူး။ လာကြတာလဲ လူတွေက ခန်းမတစ်ခုလုံး အပြည့်ပဲ။ တက္ကသိုလ်က ပါမက္ခတွေတောင် ပါသေးတယ်။ နောက်ဆုံး ကံစမ်းမဲဖောက်တော့ ဦးအောင်ဝင်းတောင် စပို့စ်ရှပ်တစ်ထည်ပေါက်သေးတယ်။ ”လို့ ၀မ်းသာအားရ ဂုဏ်ယူဝင့်ကြွားစွာပြောပါတယ်။
ဟုတ်ပါတယ်အဖေ...အဲဒါသားတို့ ဘလော့ခ်ကာလူငယ်တွေရဲ့ ပထမဆုံးကြိုးပမ်းမှုပါ...နောက်လည်း အခြေအနေပေးရင် ဒါမျိုးလွတ်လပ်ဆန်းသစ်စွာနဲ့ ပွဲတွေလုပ်ကြဦးမှာပါ။ သားတို့လို လွတ်လပ်မှုကို ခုံမင်တဲ့ လူငယ်ဘလော့ခ်ဂါတွေရဲ့ ရေးသားမှု ပြောဆိုမှုတွေက အဖေတို့လို လူကြီးတွေရဲ့ ရင်ထဲကို လွတ်လွတ်လပ်လပ်ရောက်ရှိသွားတယ်၊ ဘလော့ခ်ဆိုတာ ဒါပါလားဆိုတာ သိသွားတယ်ဆိုရင်ပဲ ဒီပွဲကို သားတို့လုပ်ရကျိုးနပ်ပါပြီ။ တကယ်ပါ အဖေ...သားကတော့ တခြားသားသူငယ်ချင်းဘလော့ခ်ဂါတွေနည်းတူ မြန်မာဘလော့ခ်ဂါတစ်ယောက် ဖြစ်ရတဲ့အတွက် အမြဲ ဂုဏ်ယူနေမှာပါ။
ဓါတ်ပုံများကို http://why-do-we-blog.blogspot.com/ နှင့် http://www.minnyoonthit.blogspot.com/တို့မှ ရယူပါသည်။
Labels:
News
Happy birthday Ma Moe
Happy birthday my beloved cousin, Ma Moe. On your birthday, I wish for you the fulfillment of all your fondest dreams.
Labels:
Days
Thursday, August 30, 2007
Heroes - Live in Singapore
ကျွန်တော်ဒီရက်ပိုင်း ကြည့်ဖြစ်နေတဲ့ Heroesဆိုတဲ့ ဇာတ်လမ်းတွဲအကြောင်း နဲနဲပြောပြချင်ပါတယ်။ တကယ်တော့ သူတို့က X-menထဲက Mutantsတွေ ပုံစံမျိုးပါပဲ။ ကိုယ်ဖျောက်နိုင်တဲ့သူ၊ ရုပ်လွဲရုပ်ပြောင်းနိုင်တဲ့သူ၊ မိုးပျံနိုင်တဲ့သူ၊ Teleportလုပ်နိုင်သူ စသည်ဖြင့်ပေါ့။ ဒါပေမယ့်သူတို့က Mutant မဟုတ်ပါဘူး။ ဇာတ်လမ်းထဲမှာ ပြောထားတာကတော့ Ordinary human with Extra ordinary powerပါတဲ့လေ။ အခု season 1ကို USမှာ ပြပြီးပါပြီ။ အခုseason 2အတွက် Promotionလုပ်ဖို့ Heroesကလူတွေ စင်္ကာပူကို လာမှာ ဖြစ်တဲ့အကြောင်း ကျွန်တော် Heroesဇာတ်လမ်းတွဲကို အရမ်းကြိုက်မှန်းသိတဲ့ ကျွန်တော့်အကိုက သတိပေးလာပါတယ်။ သူတို့တွေထဲက Niki, Hiro, Matt, နဲ့ Mohinder တို့ ဒီနေ့ရောက်မှာဖြစ်ပြီး မနက်ဖြန်၃နာရီမှာ Vivocityကို လာပါလိမ့်မယ်။
တခြားကျွန်တော်ကြည့်နေတဲ့ ဇာတ်လမ်းတွဲတွေကတော့ Lost season 3၊ နာမည်အရမ်းကြီးပေမယ့် အခုမှစကြည့်ဖြစ်မယ့် Prison Break၊ အမတွေက ကောင်းတယ် ကြည့်လို့ ပြောတဲ့ 24ဆိုတဲ့ ဇာတ်လမ်းတွဲတွေကိုတော့ နောက်ပိုင်းမှ ပြောပြပါတော့မယ်။
Labels:
Movies
Subscribe to:
Posts (Atom)