Saturday, August 16, 2014

သြဇီပီအာအကြောင်း အကျဉ်းချုပ်

ကျွန်တော်သိသလောက်တော့ သြဇီထွက်ဖို့ အခွင့်အရေးတွေအကုန် ပိတ်ထားတယ်ဆိုတာ မဟုတ်ပါဘူး။ သြဇီမှာ နေထိုင်ခွင့်ရဖို့ နည်းလမ်းများစွာရှိတဲ့အထဲက Skilled Migrant လို့ ခေါ်တဲ့ PR လျှောက်ထားခွင့်ကို သိသလောက် ဝေမျှချင်ပါတယ်။

သြဇီမှာ PR ရဖို့ အတွက် လျှောက်ထားရတာ တော်တော်ရှုပ်ပါတယ်။ အဓိက အဆင့် ၄ ဆင့်ရှိပါတယ်။ ကိုယ် က Skilled migrant အနေနဲ့ သွားမယ်ဆိုရင် ပထမအဆင့် သက်ဆိုင်ရာ ကျွမ်းကျင်မှုတွေအတိုင်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေကနေ ထောက်ခံစာ ယူရပါမယ်။ တကယ်လို့ ကိုယ်က အင်ဂျင်နီယာဆိုရင် Engineer Australia အဖွဲ့ကနေ ထောက်ခံစာ၊ ကိုယ်က ဆရာဝန်ဆိုရင် Medical Board of Australia ကနေ ထောက်ခံစာ၊ ကွန်ပျူတာသမားဆိုရင် Australia Computer Society ကနေ ထောက်ခံစာ အသီးသီး ယူရပါမယ်။ အဲဒါကို Skilled Assessment လုပ်တယ်ခေါ်တယ်။

သြဇီမှာ PR ကျဖို့ဆိုရင် Point 60 လိုပါတယ်။ IELTS ဖြေပြီးလည်း အမှတ်တွေ ရနိုင်ပါတယ်။ အနည်းဆုံးလိုအပ်ချက်က IELTS individual 6, 10 point ရဖို့ 7 each, 20 points ရဖို့ 8 each။ တခြားအမှတ်တွေ ဘယ်လိုရနိုင်လဲ ဒီမှာ သွားကြည့်နိုင်ပါတယ်။
http://www.immi.gov.au/Visas/Pages/190.aspx
အဲဒီမှာ ကိုယ့်အမှတ်က State Sponsor ဖြစ်ဖြစ်၊ Employer Sponsor ဖြစ်ဖြစ် ယူဖို့မလိုဘူးပဲ ၆၀ ပြည့်လောက်တယ်ဆိုရင် ကြိုက်တဲ့ State ကို သွားလို့ ရပါတယ်။ အဲလိုမှ မဟုတ်ဘူးဆိုရင်တော့ State sponsor ယူပြီး အဲဒီState မှာ အနည်းဆုံး ၂နှစ်နေပြီး ကြိုက်တဲ့နေရာကို ပြောင်းလို့ ရမယ်။ State Sponsor ဘယ်လိုပေးလဲ ဆိုတော့ Occupation in demand list လို့ ခေါ်တဲ့ လိုအပ်နေတဲ့ အလုပ်တွေကို State အသီးသီးက ကြော်ငြာပါတယ်။ ဥပမာအနေနဲ့ Western Australia မှာတင်ထားတဲ့ demand list ကိုဖော်ပြပေးပါတယ်။
http://www.migration.wa.gov.au/.../occupationsindemand.aspx
ကိုယ်နဲ့ ပတ်သက်တဲ့ အလုပ်ရှိတယ်ဆိုရင်တော့ အဲဒီState မှာ နေထိုင်ခွင့်လျှောက်လို့ ရရင် 5 points ရပါမယ်။ အဲဒါက ဒုတိယအဆင့်ပါ။

ပြီးတော့မှ Australia Immigration ကို တင်ပြီး အမှတ် ၆၀ ပြည့်နိုင်မယ် ဆိုရင် အစိုးရကနေပြီး PR ချပေးပမယ်။ အဲဒီတော့မှ ဆေးစစ်တာတွေနဲ့ တခြားလိုအပ်တာတွေ ထပ်တင်ရပါမယ်။ အဲဒါ တတိယအဆင့်ပါ။

နောက်ဆုံးအဆင့်ကတော့ သြဇီကိုသွားပြီး PR ကဒ်ထုတ်တာပါပဲ။ တကယ်တော့ သြဇီပီအာက တော်တော်ရှုပ်ပါတယ်။ အဲဒါကြောင့်လူတော်တော်များများ နားမလည်ကြလို့ Agent တွေဆီကနေ လျှောက်ကြတာများပါတယ်။ Agent ကိ Point ကို ဘယ်ကနေ ဖဲ့ယူရမလဲ ကောင်းကောင်းသိပါတယ်။ Agent Fees အနေနဲ့တော့ ဒေါ်လာ ၂၀၀၀ ကနေ ၅၀၀၀ ကျော်လောက်အထိ ရှိပါတယ်။ ပြီးတော့ သြဇီအစိုးရကိုလည်း အားလုံးပေါင်း ၅၀၀၀ နီးပါး ပေးရတယ်ကြားပါတယ်။ ဒါတွေကတော့ ကျွန်တော်သိသလောက် သြဇီပီအာအကြောင်းပါ။

Friday, August 8, 2014

ကိုအောင်ဒင်ရဲ့ နွေတစ်ညမှ အစပြု၍ နှင့် ကျွန်တော်တို့ရဲ့ မပြီးသေးသော နွေညများ


ကိုအောင်ဒင်ရဲ့ နွေတစ်ညမှ အစပြု၍ စာအုပ်မိတ်ဆက်ပွဲကို Home မှာ လုပ်သွားတဲ့ ဓါတ်ပုံတွေ Facebook မှာ တွေ့ကတည်းက စိတ်ဝင်စားနေခဲ့တာ။ ဇူလိုင်လဆန်း ရန်ကုန်ပြန်ရောက်တော့ ညီညီ(သံလွင်)ပြောပြလို့ စာအုပ်မိတ်ဆက်ပွဲမှာ ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့နဲ့ ကျည်ဆံတူတူ ထိမှန်ခဲ့ပြီး ဆေးရုံမှာ ၅လလောက် ကုသမှုခံလို့ အသက်ရှင်ခဲ့တဲ့ ကိုမြင့်ဦးကလည်း အမှတ်တရ စကားပြောသွားကြောင်း သိရတယ်။ ပြီးတော့ ညီညီကပဲ ဆက်ပြီး ၈၉ ဒေါ်ခင်ကြည်ဈာပနမှာ ကျောင်းသားတွေရဲ့ အစီအစဉ်က ကုန်သည်လမ်းပေါ်မှာရှိတဲ့ မြန်မာ့ထုတ်ကုန် သွင်းကုန်ကော်ပိုရေးရှင်းပေါ်က နေ နိုင်ငံရေးတောင်းဆိုချက်တွေကို ဒိုင်ခံတောင်းဆိုပြီး စစ်အစိုးရက မလိုက်လျောပါက စတုတ္ထထပ်ကနေ ၂နာရီ တစ်ယောက်နှုန်းနဲ့ ခုန်ချမယ့်အကြောင်း၊ ဒုတိယမြောက်ခုန်ချမည့်သူမှာ ကိုကိုကြီးဖြစ်ကြောင်း၊ အခြေအနေအရပ်ရပ်ကြောင့် မလုပ်ဖြစ်ခဲ့ကြောင်း၊ စတာတွေ ပြောပြကတည်းက ဖတ်ချင်လွန်းလို့ City Mart ၊ Ocean တို့ မှာ လိုက်ရှာဝယ်ပေမယ့် မရခဲ့ပါဘူး။ နောက်ဆုံးပြန်ခါနီးအထိ ၀ယ်မရတာနဲ့ သူ့မှာ ရှိတဲ့ စာအုပ်ကို လက်ဆောင်အဖြစ်ပေးတဲ့ ညီညီ့ကို ကျေးဇူးအထူးတင်ရပါတယ်။

ကိုအောင်ဒင်က သူ့စာအုပ်ကို ၁၉၇၄ ဦးသန့်အရေးအခင်း၊ ရေကြည်အိုင်အကြောင်း တို့နဲ့ နိဒါန်းပျိုးထားပြီး ပထမအဆင့် နှိပ်စက်၊ ဒုတိယအဆင့်ချော့မေး၊ တတိယအဆင့် နှိပ်စက် စတဲ့ စစ်ကြောရေးဖြတ်သန်းမှုတွေဟာ မှတ်သားစရာ သင်ခန်းစာတွေပါ။ အဲဒီနောက်မှာတော့ ၈၈ မတိုင်မှီ နိုင်ငံရေးအခြေအနေ၊ မြန်မာ့ပညာရေး၊ စက်မှုတက္ကသိုလ်နဲ့ ငွေစက္ကူတွေ ဖျက်သိမ်းခြင်းစတဲ့အကြောင်းအရာတွေနဲ့ အရေးအခင်းမတိုင်မှီ အနေအထားတွေကို ပုံဖော်ထားပါတယ်။ အဲဒီနောက်မှာတော့ စာအုပ်ရဲ့ အဓိက အပိုင်း နွေညတစ်ညဖြစ်တဲ့ ၈၈ မတ်လ ၁၂ရက်နေ့ည စန္ဒာဝင်းလက်ဖက်ရည်ဆိုင်က စလို့ သူကြုံခဲ့ရသမျှ ၈လေးလုံး လူထုအရေးတော်ပုံကြီးအကြောင်းကို စီကာပတ်ကုံး အသေးစိတ် ဖတ်ရပါတယ်။ မတ်လ ၁၃ရက် ကိုဖုန်းမော်အရေးအခင်း၊ မတ်လ ၁၆ရက် တံတားနီအရေးအခင်းပြီးတော့ ကျောင်းတွေ ပိတ်သွားပြီး မေလကျောင်းတွေ ပြန်ဖွင့်၊ ဇွန်လ ၁၄ရက်မှာ “ကျော်စွာထွဋ် တစ်ယောက်တည်း ကျောင်းကို သပိတ်မှောက်ပြီ” လို့ ကျောက်သင်ပုန်းပေါ်မှာ ရေးခြစ်တဲ့ မောင်မောင်ကျော်အကြောင်း၊ သူအဓိက ဦးဆောင်ပါဝင်ခဲ့တဲ့ ဗမာပြည် ပြည်သူ့လွတ်မြောက်ရေး လူငယ့်တပ်ဦး၊ ဒု-ဥက္ကဌအဖြစ် တာဝန်ယူခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ အဲဒီနောက် ဒီငြိမ်းပါတီ၊ လူ့ဘောင်သစ်၊ သုံးရောင်ခြယ် စတဲ့ အဖွဲ့အစည်းတွေအကြောင်း၊ ဦးအောင်ကြီး၊ ဦးနု၊ ဗိုလ်မှူးးအောင်၊ ဒေါ်အောင်ဆန်းစုကြည် တို့အပြင် သူနဲ့ လက်တွဲဖော်တွေ ဖြစ်တဲ့ မင်းကိုနိုင်၊ ကိုကိုကြီး၊ မိုးသီးဇွန်၊ မင်းဇေယျ၊ ဌေးကြွယ် စတဲ့ ကျောင်းသားခေါင်းဆောင်တွေအကြောင်း တစေ့တစောင်းတို့ဟာလည်း တကယ့်ကို ရင်သက် ရှုမောဖွယ်ရာပါ။

၈၈ အရေးအခင်းတုန်းမှာ ကျွန်တော်က သုံးတန်းကျောင်းသားလေးပဲ ဖြစ်ပေမယ့် အဖိုးနဲ့ ဘကြီးတွေက နိုင်ငံရေး စိတ်ဝင်စားတော့ သတင်းတွေ နားစွန်နားဖျား အမြဲကြားခဲ့တယ်။ ဒါပေမယ့် အသက် ၉နှစ်လောက်သာ ရှိသေးတဲ့အတွက် အကြောင်းအရာတွေက ၀ိုးတိုးဝါးတား၊ ၈၈မှာ အဆိပ်ခပ်တာ၊ ဟိုဖက်လမ်းထိပ် ဒီဖက်လမ်းထိပ် ၀ါးကပ်ကြီးတွေ သဲအိတ်ကြီးတွေနဲ့ ကိုယ့်လမ်းကိုယ့်ရပ်ကွက် လုံခြုံရေးကိုယ့်ဘာသာယူရတာ၊ ခေါင်းဖြတ်ကြတာ၊ လေးဂွတွေ ဂျင်ကလိတွေ၊ ဓားတွေ တုတ်တွေ ဆောင်ကြတာနဲ့ အဲဒီခေတ်က ကြွေးကြော်ကြတဲ့ “ဘာလုပ်နေလဲ မောင်မောင်ရေ ဒီမိုကရေစီပေးလိုက်ပါလား” “ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး” စတာတွေကိုပဲ မှတ်မိပြီး နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်လို့တော့ ဦးအောင်ကြီး၊ ဦးနုနဲ့ ဒီငြိမ်း၊ ဒေါ်စုနဲ့ ဒီချုပ် ဆိုတဲ့ နာမည်တွေလောက်ပဲ ကြားဖူးခဲ့တာပါ။ အခုမှ ကျွန်တော် ငယ်ငယ်က ကြားဖူးနားဝတွေရယ် အရွယ်ရောက်လို့ ဖတ်မှတ်မိသမျှ အကြောင်းတွေကို ဒီစာအုပ်က သမိုင်းကွင်းဆက် တဆစ်ချင်း ဆက်ပေးလိုက်သလို အကြောင်းအရာတွေကို ရှင်းရှင်းလင်းလင်း သိခွင့်ရခဲ့တယ်။ ကိုမင်းကိုနိုင်ကတော့ အနုပညာ ရသသမားပီပီ ရသလေး ထည့်ပြီး ရေးရင် ပိုကောင်းမယ်လို့ မိတ်ဆက်ပွဲမှာ ပြောခဲ့ကြောင်း ညီညီက ပြန်ပြောပြပါတယ်။ သူတို့လို ကိုယ်တိုင် ထဲထဲဝင်ဝင် ပါဝင်ခဲ့သူတွေ အတွက်တော့ အကြောင်းအရာတိုင်းဟာ သိပြီးသားပေမယ့် ကျွန်တော်တို့နဲ့ နောက်ပိုင်း မျိုးဆက်အတွက်တော့ အဖိုးတန်စာအုပ်တစ်အုပ်ပါပဲ။ ပြီးတော့ စာအုပ်တစ်အုပ်ကို ဖတ်နေရတယ်ဆိုတာကို မေ့ပြီး အစ်ကိုကြီးတစ်ယောက်က ညီငယ်တစ်ယောက်ကို ၈၈ အရေးအခင်း အကြောင်း သရုပ်ဖော်ပြောပြနေသလို ခံစားမှုမျိုး ဖြစ်ပေါ်ခဲ့ရပါတယ်။ အဲဒါတွေကြောင့် ကျွန်တော်တို့ အရွယ်အပါအ၀င် နိုင်ငံရေးစိတ်ဝင်စားတဲ့ ဘယ်လူငယ် လူရွယ်မဆို ဖတ်ထားသင့် သိထားသင့်တဲ့ စာအုပ်တစ်အုပ်အဖြစ် ညွန်းလိုက်ပါတယ်။

စာဖတ်ပျင်းတယ်ဆိုရင်တောင် စာမျက်နှာ ၃၉၁ကနေ ၃၉၇ အထိရှိတဲ့ နောက်ဆုံးခန်း “အဆုံးမဟုတ်သေးပါ” ဆိုတာကိုတော့ မြန်မာလူငယ်တိုင်း ဖတ်ထားသင့်၊ သိထားသင့်တယ် ထင်ပါတယ်။ ညွှန်းသာညွှန်းရတယ် တချို့ စာဖတ်ပျင်းတဲ့ လူတွေရှိတဲ့ အတွက် ဒါမှမဟုတ် စာအုပ်ဝယ်မဖတ်ဖြစ်တော့မယ့် လူတွေအတွက် ၈၈ အရေးတော်ပုံနဲ့ အောင်မြင်ခါနီးလေးတွေမှ တေ့တေ့ပြီး လွဲသွားရတဲ့ အကြောင်းလေးတွေကို သမိုင်းသင်ခန်းစာအဖြစ် ရေးပြချင်ပါတယ်။ (စာအုပ်ကို ဖတ်ဖို့ ဆုံးဖြတ်ထားတဲ့ လူတွေနဲ့ ၈၈ အရေးအခင်းအကြောင်းကို ခရေစေ့တွင်းကျ သိသူတွေအတွက် မဟုတ်ပါ။)

- ၈လပိုင်းအလယ်လောက်ကစပြီး ကြီးမားလှတဲ့ လူထုကြီးနဲ့ မြင့်မားတဲ့ နိုင်ငံရေး ရည်ရွယ်ချက်တွေကို ကျောင်းသားတွေ ဆက်လက်ဦးဆောာင်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် အမျိုးသားခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်၊ လူထုခေါင်းဆောင်တွေကို ရှာပုံတော် ဖွင့်ကြတာ စိတ်ဓါတ်တက်ကြွဖွယ်ရာပါ။

- ဇူလိုင် ၂၃ ရက်မှာ ဦးနေ၀င်းကို နုတ်ထွက်ခွင့် ပြုပေမယ့် ကျန်တဲ့ ခေါင်းဆောင်တွေကို နုတ်ထွက်ခွင့်မပေးတာဟာ မဆလ ပါတီခေါင်းဆောင်များ အနေနဲ့ အာဏာကို လုံးဝလက်မလွတ်ချင်တာ သိသာလှပါတယ်။

- ဒေါက်တာမောင်မောင်ဟာ လမ်းပြမြေပုံ ၈ချက်နဲ့ အချိန်ဆွဲဖို့ ကြိုးစားသလို ၇၄ ဖွဲ့စည်းပုံနဲ့ ကိုင်ပြီး တစ်ပါတီစနစ်ကနေ ပါတီစုံစနစ်ကို ပြောင်းဖို့ လူထုဆန္ဒခံယူပွဲလုပ်ရမယ် လို့ ပြောတာဟာ အခုလောလောဆယ် ၄၃၆ ကိစ္စနဲ့ ဆင်ဆင်တူတယ်လို့ ထင်မိပါတယ်။

- မပြောင်းတုန်းကလည်း ပြောင်းလို့ မရတော့မလိုလိုပြောပြီး ပြောင်းချင်တော့လည်း ပါတီစုံစနစ်နဲ့ အထွေထွေ ရွေးကောက်ပွဲ ၃လအတွင်း ကျင်းပမယ်လို့ စက်တင်ဘာ ၁၁ မဆလရဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။

- အဲဒီကမ်းလှမ်းချက်ကို ဦးနု၊ ဗိုလ်မှူးအောင်နဲ့ ဦးသုဝေက လွဲပြီး ကျန်တဲ့ နိုင်ငံရေး ခေါင်းဆောင်တွေက လက်မခံပဲ ကြားဖြတ်အစိုးရဖွဲ့စည်းဖို့ပဲ တောင်းဆိုခဲ့ကြတယ်။

- စက်တင်ဘာ ၁၁ရက်နေ့ လွှတ်တော်အစည်းအဝေးဆုံးဖြတ်ချက်တွေကို လက်မခံခဲ့ကြပေမယ့် ၁၈ရက်နေ့ စစ်အစိုးရ အာဏာသိမ်းပြီးတဲ့အချိန်ကနေ စပြီး ပါတီတွေထောင်လာလိုက်ကြတာ အောက်တိုဘာ လကုန်မှာ ပါတီပေါင်း ၅၀ကျော် ရှိနေခဲ့ပြီလို့ သိရပါတယ်။

ဒီစာအုပ်ဖတ်ပြီးတဲ့ အချိန်မှာ ၈၈ အရေးတော်ပုံကြီးကနေ မဆလ အစိုးရကို ဖြုတ်ချနိုင်ခဲ့တယ်ဆိုပေမယ့် ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ဒီမိုကရေစီပန်းတိုင်ကို မရောက်နိုင်သေးတဲ့ အကြောင်းအရင်းပေါင်း များစွာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကျောင်းသားခေါင်းဆောင် အချင်းချင်း၊ နိုင်ငံရေးခေါင်းဆောင် အချင်းချင်း၊ အမျိုးသားခေါင်းဆောင်းအချင်းချင်း စည်းလုံးညီညွတ်မှု၊ ယုံကြည်လေးစားမှု၊ အသင်းအဖွဲ့စိတ်ဓါတ် နိုင်ငံရေးပရိယာယ်စတာတွေ အများကြီးအားနည်းခဲ့တယ်လို့ အကြမ်းဖျင်းသုံးသပ်မိပြီး ကျွန်တော်တို့ဖက်က အဲလို အလဲလဲအပြိုပြိုဖြစ်ခဲ့ကြပေမယ့် တဖက်မှာတော့ တသွေးတသံတမိန့်နဲ့ ယဉ်ပါး နေတဲ့ အာဏာရနဲ့ လက်နက်ကိုင် အဖွဲ့အစည်းကို ရင်ဆိုင်ကြရတာပါ။ ကျွန်တော်တို့ ခေါင်းဆောင်တွေ ဘယ်လိုပဲ မညီညွတ်ခဲ့ကြပေမယ့် အဖိနှိပ်ခံ ပြည်သူလူထုကတော့ မခံနိုင်တဲ့အဆုံး အာဏာရှင်ကို ဆန့်ကျင်ဖို့ လမ်းပေါ်ကို အမြဲထွက်လာခဲ့ကြရပါတယ်။ သမိုင်းကြောင်းကို ပြန်ကြည့်ရင် ၆၂ ကျောင်းသားအရေးအခင်း၊ ၇၀ ကျော်များဆီက ဦးသန့် အရေးအခင်း၊ မှိုင်းရာပြည့်၊ ၈၈၈၈ ၊ ၉၆၊ ၉၈ ကျောင်းသားလှုပ်ရှားမှု၊ ၂၀၀၇ ရွှေဝါရောင် စသဖြင့် အာဏာရှင် အဆက်ဆက်ကို ဆယ်စုနှစ်တိုင်း အနည်းဆုံးတစ်ချိန်တော့ တော်လှန်ခဲ့ကြပါတယ်။ အခုလို လယ်သိမ်းယာသိမ်း၊ အလုပ်သမားအလုပ်ရှင်ပြဿနာ၊ ပြည်သူတွေ ဆင်းရဲတွင်း နက်သနက် နက်လာတဲ့အချိန် ၂၀၁၀ ကနေ ၂၀၂၀ အကြား ဘာမှ မဖြစ်လာနိုင်ဘူးလို့ ဘယ်သူမှ ပြောနိုင်မယ်မထင်ပါ။ အဓိကတော့ အခုအရှိန်တက်နေပြီဖြစ်တဲ့ ၂၀၁၄၊ ၂၀၁၅ နောက်ပိုင်း နိုင်ငံရေးအခြေအနေပေါ် အများကြီးမူတည်ပါတယ်။

မှတ်မှတ်ရရ ၈၈၈၈ နှစ်ပတ်လည် ၂၆နှစ် ပြည့်တာနဲ့ အညီ ကျွန်တော်တို့ နေဘုန်းလတ်တို့ သံလွင်အိပ်မက်က သူငယ်ချင်းတွေ ဆုံတိုင်း ဂစ်တာတီး သီချင်းဆိုဖြစ်တဲ့ ၈၈တုန်းက သီချင်းစာသားလေး အချို့နဲ့ စာကို အဆုံးသတ်ချင်ပါတယ်။ ၆၂ ဦးနေ၀င်းအာဏာသိမ်း ၂၆နှစ်အကြာ ၈၈ အရေးတော်ပုံ ဖြစ်ပြီး အဲဒီ ၈၈ကနေ အခု ၂၆နှစ်အကြာအထိ မပြီးဆုံးနိုင်သေးသော နွေညများအကြောင်းပေါ့ . . ။

“ရိုင်းစိုင်းတဲ့ တောတိရစ္ဆာန်များလည်းမဟုတ် အားလုံးက အသိနဲ့လူတွေ

လက်နက်ပြခြိန်းခြောက်ကာ အုပ်ချုပ်မှု ရပ်တန်းက ရပ်သင့်ပြီလေ

အများစုက မနှစ်မြို့တဲ့အစိုးရမို့ အများနဲ့ တစ်ယောက်လျော့သင့်ပြီလေ

အရေးအခင်းတိုင်း လက်နက်နဲ့ ရှင်းလို့တော့ မြန်မာပြည်မှာ လူသာကုန်မလေ .....

Cho : တရားလက်လွတ် ဘယ်လောက်လုပ်ကြမလဲ၊ အားလုံးက ကြံကြံခံဇွဲ

လက်နက်နဲ့ Public တိုက်ပွဲ မဆလ တောထုတ်တဲ့ပွဲ . .

အများကောင်းစားရေးအတွက် မူချမှတ်ခဲ့ ၂၆နှစ် ရှိခဲ့ပြီလေ

အများစုက ကုန်းကောက်စရာမရှိတဲ့ဘ၀ သူတို့ကျတော့ အရမ်းချမ်းသာနေ

ဆင်းရဲတွင်းနက်လှတဲ့ ကြားထဲက လူ့အခွင့်အရေးဆုံးရှုံးရာမြေ

လုပ်လိုက်တိုင်း ကောင်းကျိုးရယ် တကွက်မှမရှိ မြန်မာပြည်ဟာ နာနေပြီလေ . . . .

Cho 2 : ကျဆုံးသော အပြစ်မဲ့သူများ သုဂတိသို့ လားရောက်ပါစေ

တို့အားလုံး ၀မ်းနည်းတယ်လေ၊ တို့အားလုံး ဆက်လုပ်မယ်လေ . . . ”

စည်သူ(သံလွင်)