Sunday, October 28, 2007

စင်္ကာပူက သီတင်းကျွတ်မီးထွန်းပွဲ


Free Burma Now


ကျန်ခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့က Toa Payohဘုန်းကြီးကျောင်းမှာ သီတင်းကျွတ်မီးထွန်းပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ ကျွန်တော့်အပေါင်းအသင်းတွေက Free Burmaဆိုတဲ့ စာလုံးကို ဖယောင်းတိုင်တွေနဲ့ ပုံဖော်ပြီး ဆီမီးပူဇော်ခဲ့သလို ထွန်းညှိခဲ့တဲ့ မီးပုံးတိုင်းမှာလည်း Free Burmaဆိုတဲ့ စာရွက်လေးတွေ ချိတ်ဆွဲခဲ့ကြပါတယ်။ ပြီးတော့ လာတဲ့သူတွေကို သာကူကျိုနဲ့လည်း ဧည့်ခံခဲ့ပြီး ဖယောင်းတိုင်များကို ထွန်းညှိပူဇော်လိုသူတိုင်းအတွက် ဝေမျှပေးနိုင်ခဲ့တယ်။ တခြားအခမ်းအနားအနေနဲ့ ဘာမှ ထွေထွေထူးထူးမရှိပေမယ့် ပုံမှန်လပြည့်နေ့တိုင်း ဓမ္မစင်္ကြာလာရွတ်နေကျ လူတွေပါပေါင်းရင် စင်္ကာပူရောက် မြန်မာ လေးရာလောက်တော့ လာတယ်ထင်တယ်။ ကျန်ခဲ့တဲ့ နှစ်တွေတုန်းက သီတင်းကျွတ်တိုင်း ရန်ကုန်ပြန်ဖို့ ကြိုးစားခဲ့ပေမယ့် ဒီနှစ်တော့ ဘယ်လိုမှကို အဆင်မပြေတဲ့အတွက် မိဘတွေနဲ့ အဖွားကို ဖုန်းဆက်ပြီးပဲ ကန်တော့လိုက်ပါတယ်။ ဒီလိုကန်တော့ရတဲ့ အကျိုးကြောင့် ဘ၀ဆက်တိုင်း ဓမ္မနဲ့ အဓမ္မကို ခွဲခြားနိုင်ပြီး ဓမ္မတရားအတွက် အသက်ကို စွန့်လွှတ်ရဲသူ ဖြစ်ရပါစေသား အရှင်ဘုရား......။


တရုတ်မီးပုံးတွေပဲ ၀ယ်လို့ရလို့ပါတဲ့



သားသားလည်း ဆီမီးပူဇော်မယ်

Thursday, October 25, 2007

ကျွန်တော်နှင့် ဆံသဆိုင်

၇တန်းလောက်တုန်းက အတန်းပိုင်ဆရာက ပြောဖူးတယ်။ ယောက်ျားလေးဆိုတာ မိန်းကလေးတွေလို မျက်နှာကို အလှပြင်လို့ရတာမဟုတ်ဘူးတဲ့။ ဆံပင်ပုံစံကို သပ်သပ်ရပ်ရပ်ဖြီး၊ စမတ်ကျကျနေလို့ပဲ ရတာတဲ့။ သူငယ်ချင်းတစ်ယောက် ခေါင်းစုတ်ဖွားနဲ့ ကျောင်းလာလို့ ပြောဖူးတဲ့ ဆရာရဲ့ စကားပါ။ ၈တန်းရောက်တော့လည်း “ငါက ဗိုလ်ချုပ်အောင်ဆန်းကို လေးစားလို့ ဗိုလ်ချုပ်ကေထားတာ” ဆိုပြီး အာနိုးဆံပင်ပုံစံနဲ့ နေဘုန်းလတ်တို့ အတန်းပိုင်ဆရာက ပြောပါတယ်။ အဲဒီအချိန်တုန်းက ကျွန်တော့်ဆံပင်ပုံစံက ဖြောင့်ဖြောင့်စင်းစင်းဆံပင်ကို အလယ်ခွဲလေးနဲ့ပါ။ အဲဒါကို အကိုက ဘားလမ်းမှာ ရှိတဲ့ Tony TunTunဆိုတဲ့ဆိုင် အရမ်းနာမည်ကြီးတယ် ဆိုပြီး ခေါ်သွားပြီး ညှပ်ခိုင်းပါတယ်။ ဆံပင်ညှပ်ပြီး အိမ်ပြန်ရောက်တော့ အမေက တန်းဆူတော့တာပဲ။ ဆံပင်သွားညှပ်တဲ့ဟာ ဆံပင်မတိုလာလို့တဲ့။ အခုအဲဒီဆိုင်ကို ပြန်သွားပြီး ထပ်ညှပ်ခိုင်းတဲ့။ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်လည်း ဘာလုပ်လို့လုပ်ရမှန်းမသိနဲ့ပေါ့။

တကယ်တမ်းရန်ကုန်မှာ ကျွန်တော်ဆံပင်ညှပ်နေကျဆိုင်က သမ၀ါယမဆိုင်ဘေးနားမှာ ကပ်ဖွင့်ထားတဲ့ဆိုင်ပါ။ မှတ်မိသလောက် ဆံပင်ညှပ်ခက ၅၀ကျပ်ပါ။ သူငယ်ချင်းတွေကတော့ သမ၀ါယမဆိုင်မှာ ညှပ်လို့ ၀ိုင်းစကြပါတယ်။ ကျွန်တော်ကတော့ အိမ်နဲ့လည်းနီး ငယ်ငယ်လေးကတည်းက ဒီဆိုင်မှာပဲ ညှပ်နေကျဆိုတော့ သမ၀ါယမဆိုင်မှာပဲ ညှပ်ပါတယ်။ နောက်ပိုင်းကျတော့ ဆံပင်ညှပ်ပြီးခေါင်းပါ လျှော်လို့ရတဲ့ ViLasမှာ ညှပ်ဖြစ်ရော။ အိပ်ရာလေးပေါ်မှာ မပူမနွေးရေလေးနဲ့ ဇိမ်ကိုကျလို့။ ဒါပေမယ့် နောက်ပိုင်း စင်္ကာပူကို ရောက်တော့ မလေးတွေ ညှပ်တဲ့ဆိုင်သွားလိုက် တရုတ်တွေ ညှပ်တဲ့ဆိုင်သွားလိုက်နဲ့ပေါ့။ Short Cutဆိုပြောပြီး ထိုင်နေလိုက်ရုံပဲ။ သူ့ဘာသာ ညှပ်ချင်တဲ့ပုံညှပ်။ နောက်ဆုံး ဆံပင်တိုသွားရင်၊ နောက် တစ်လခွဲ နှစ်လလောက် ဆံပင်ညှပ်စရာမလိုတော့ရင် ပြီးတာပဲ။ ရန်ကုန်ကို အလည်ပြန်ခါနီးဆိုရင်တော့ နှစ်လသုံးလလောက် ဆံပင်မညှပ်တော့ပဲ ပြန်ရောက်ပြီး နောက်တစ်ရက်မှာ ဆံပင်ညှပ်၊ ခေါင်းလျှော်၊ မျက်နှာပါဆေးလိုက်ပါတယ်။



ရန်ကုန်က သူငယ်ချင်းတွေ ရောက်စက ဒီကဆိုင်တွေမှာ ဘယ်လိုပြောပြီး ညှပ်ရမှန်းမသိလို့ ဒီမှာအနေကြာနေပြီဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်ကို ခေါ်သွားပြီး လိုချင်တဲ့ပုံစံကို ပြောခိုင်းကြတာလည်း ကြုံဖူးပါတယ်။ ၂၀၀၃ခုနှစ်လောက်ကစပြီး ပင်နီဇူလားမှာ မြန်မာဆံပင်ညှပ်ဆိုင်တွေ တစ်ဆိုင်ပြီး တစ်ဆိုင်ပေါ်လာတော့ သူငယ်ချင်းတွေအတွက် အဆင်ပြေသွားပေမယ့် ကျွန်တော်ကတော့ အိမ်နားက တရုတ်အဘိုးကြီးဆိုင်မှာပဲ ညှပ်ကောင်းတုန်းပေါ့။ ကျန်ခဲ့တဲ့ တနင်္ဂနွေနေ့ကတော့ လမ်းပြကြယ်မှာ လူနည်းနည်းပါးတုန်း စာကြည့်တိုက်က အကိုတစ်ယောက်ကို ခွင့်တောင်းပြီး ဖွင့်တာ မကြာသေးတဲ့ Vilasမှာ သွားညှပ်ဖြစ်ပါတယ်။ ဆံပင်ညှပ်၊ ခေါင်းလျှော်ဆိုရင် ၁၂ဒေါ်လာ၊ မျက်နှာပါဆေးမယ်ဆိုရင် ၁၆ဒေါ်လာဆိုတာနဲ့ မထူးပါဘူးဆိုပြီး အကုန်လုပ်ခဲ့တယ်။ ကုတင်အသေးလေးပေါ်မှာ လှဲပြီး ခေါင်းလျှော်ခံရတာ ဇိမ်ကိုကျလို့။ စင်္ကာပူမှာ ပထမဆုံး ဆံပင်ညှပ်ဆိုင်မှာ ခေါင်းလျှော်ဖူးတာဖြစ်ပြီး မြန်မာဆိုင်မှာ လည်း ပထမဆုံး ညှပ်ဖူးတာပါ။ ရန်ကုန်မှာကတည်းကလည်း ကိုယ်ညှပ်နေကျVilas ဖြစ်တဲ့အတွက် Serviceကလည်း ပြောစရာမလိုပါဘူး။

နောက်မှ သေသေချာချာ သတိထားမိတာက ပန်နီဇူလားမှာ ကစ်ကစ်၊ မမကြီး၊ မောရှမ်း၊ Vilas စသည်ဖြင့် မြန်မာဆံပင်ညှပ်ဆိုင် ၄၊ ၅ဆိုင်လောက် ရှိပါလားလို့။ ဒီဆိုင်တွေ ရပ်တည်နိုင်ဖို့အတွက် တော်ရုံတန်ရုံ မြန်မာcustomerတွေ ရှိရုံနဲ့ မဖြစ်လောက်ဘူးလို့။ သေချာတာတော့ ဆံပင်ညှပ်ဆိုင်တွေ ထပ်ထပ်ပြီး တိုးလာတာ ပုံမှန်လာညှပ်နေတဲ့ မြန်မာတွေ များများလာလို့ပါ။ နောက်ဆို ရန်ကုန်မှာ နာမည်ကြီးနေတဲ့ ကိုကို-ညီညီတို့ ဘာတို့ကိုတောင် ပန်နီဇူးလားမှာ တွေ့ရတော့မယ် ထင်တယ်။ သြော်... စင်္ကာပူမှာ မြန်မာတွေ ဘယ်လောက်များလည်းဆိုတာ ဆံပင်ညှပ်ဆိုင်တွေက သက်သေပြနေသလားပဲ။ ဆံပင်ညှပ်ပြီး လမ်းပြကြယ်ပြန်ရောက်တော့ စာကြည့်တိုက်က အမှန်ကို မြင်တတ်တဲ့ အကိုကြီးကတောင် သန့်လို့ပြန့်လို့ပါလားတဲ့။ ကျွန်တော်လည်း ဘာပြန်ပြောရမှန်း မသိတော့ ... ဟဲဟဲ ... ဟဲဟဲ ပေါ့။

Wednesday, October 17, 2007

A380 နှင့် စင်္ကာပူ



ဒီနေ့ အလုပ်ထဲမှာ ပျင်းပျင်းရှိတာနဲ့ Transit Hall ထဲမှာ ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်လုပ်နေတုန်း The A380 Experience Starts at Changi Airportဆိုတဲ့ စာတန်းတွေ နေရာတော်တော်များများမှာ တွေ့ရတယ်။ သြော် . သူတို့မှာလည်း ဒါကို ဂုဏ်ယူလို့ကို မဆုံးတော့ ပါလားလို့။ A380ဆိုတာ ပြင်သစ်နိုင်ငံက Airbusဆိုတဲ့ ကုမ္ပဏီက နောက်ဆုံးထုတ်လုပ်လိုက်တဲ့ ကမ္ဘာ့အကြီးဆုံးလေယာဉ်ပျံကြီးပါပဲ။ အရင်တုန်းက နှစ်ထပ်လေယာဉ်ပျံတွေဟာ အရှေ့ပိုင်းလေးပဲ နှစ်ထပ်ဖြစ်ပေမယ့် အခု A380ကတော့ နောက်ဆုံး အမြှီးအထိကို နှစ်ထပ်ပါ။ Economy, Businessနဲ့ First class သုံးခု ထားမယ်ဆိုရင် လူပေါင်း ၅၂၅ယောက် ဆန့်ပြီး Economy Classတစ်ခုပဲ ထားမယ်ဆိုရင် လူပေါင်း ၈၅၃ယောက်တောင် ဆန့်နိုင်ပါတယ်တဲ့။ ကာလပေါက်ဈေးအနေနဲ့တော့ အမေရိကန်ဒေါ်လာ သန်း၃၀၀တဲ့။



အဲဒီ Airbus ကုမ္ပဏီဟာ USAက Boeingကုမ္ပဏီရဲ့ Boeing 747-400လေယာဉ်ကို ယှဉ်ပြိုင်ဖို့အတွက် A380လေယာဉ်ကို တည်ဆောက်ခဲ့တာပါတဲ့လေ။ အခုလောလောဆယ်တော့ အဲဒီလေယာဉ်ကို ကမ္ဘာပေါ်မှာ Singapore Airlinesက စပြီးပျံသန်းမှာပါတဲ့။ ဒီလ ၂၅ရက်နေ့မှာ သူ့ရဲ့ ပထမဆုံး ခရီးသည်များကို သယ်ဆောင်လို့ Singapore Changi Airportကနေ Sydney Kingsford Smith Airportကို စတင် ပျံသန်းမှာဖြစ်ပါတယ်။ အဲဒီအကြောင်းကိုပဲ ဒီလေဆိပ်မှာ First to fly A380ဆိုပြီး နေရာအနှံ့မှာတွေ့နေရပါတယ်။ ပုံမှန် လေယာဉ်တစ်စင်းမှာ Aerobridge နှစ်ခုထပ်ပိုပြီး မလိုပေမယ့် ဒီလေယာဉ်ကြီးအတွက်တော့ အောက်ဖက်မှာ Aerobridgeနှစ်ခုနဲ့ အပေါ်ဖက်ကလူတွေအတွက် တစ်ခု စုစုပေါင်း သုံးခု လိုအပ်ပါတယ်တဲ့။ သူ့ဘာသာ ဘာလေယာဉ်ပျံဖြစ်ဖြစ် ဘယ်လောက်ကြီးလို့ ဘယ်လောက်ပဲ ကောင်းပါစေ တစ်နှစ်မှ ခရီး ၁ခေါက် ၂ခေါက်တောင် အနိုင်နိုင် သွားနေရတဲ့ ကျွန်တော်ကတော့ အဲဒီလေယာဉ်ပျံကို ပထမဆုံး စပြီးစီးတဲ့ လူလည်း ဖြစ်မယ်မထင်ပါဘူး။

Wednesday, October 10, 2007

ပြည်ပရောက် မျိုးချစ်မြန်မာများ

ကျွန်တော် စင်္ကာပူကို အပြန် လေယာဉ်ပေါ်မှာ လေယာဉ်မယ်လေးက ဘာသတင်းစာဖတ်မလဲ မေးတဲ့အခါ Strait Timeပဲ တောင်းပြီး ဖတ်ကြည့်တော့ ထင်ထားတဲ့ အတိုင်း မြန်မာသတင်းကို ဖတ်ရပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာက ဘယ်နိုင်ငံမှာ မြန်မာတွေ ဘယ်လောက်ရှိပြီး ဘယ်အဖွဲ့အစည်းတွေ ရှိတယ်ဆိုတဲ့ ကမ္ဘာ့မြေပုံပါ။ စင်္ကာပူမှာ မြန်မာ ၃၀ ၀၀၀ရှိပြီး ပြည်ပရောက် မျိုးချစ်မြန်မာများက ဦးဆောင်လို့ မြန်မာနိုင်ငံအရေးတွေကို ပြုလုပ်နေပါတယ်တဲ့။



စင်္ကာပူကို ပြန်ရောက်ရောက်ချင်း မျိုးချစ်မြန်မာများ ပန်နီဇူလား ဟိုတယ်မှာ လုပ်သွားတဲ့ပွဲက အကြောင်းတွေကို လှိုင်နေအောင် ကြားရပါတယ်။ စင်္ကာပူရောက် သံဃာ ၁၁ပါးနဲ့ မျိုးချစ်မြန်မာ ၄၀၀ကျော် တက်ရောက်ကြတယ်ဆိုတဲ့ အကြောင်း၊ သံဃာ ၇ပါး၊ သီလရှင်တစ်ပါး၊ ကျောင်းသားတစ်ယောက်နဲ့ အလုပ်သမားတစ်ယောက် စကားထွက် ပြောသွားတဲ့အကြောင်း၊ မီးတွေမှိတ်ပြီး အနုမြူဖယောင်းတိုင်တွေသာ ထွန်းလို့ ကျွန်တော်တို့ ချစ်တဲ့ မြန်မာနိုင်ငံအတွက် ဆုတောင်းခဲ့တယ် ဆိုတဲ့အကြောင်း၊ နောက်ဆုံးမှာ “ကမ္ဘာမကြေဘူး၊ ငါတို့တွေရဲ့ သွေးနဲ့ ရေးတဲ့မှော်ကွန်းတွေ”ဆိုတဲ့ သီချင်းကို သံပြိုင်သီဆိုပြီး အခမ်းအနား ပြီးဆုံးသွားတဲ့အကြောင်း၊ အဲဒီပွဲဟာ စင်္ကာပူအစိုးရက ခွင့်ပြုထားတဲ့ပွဲမို့ ဘာပြဿနာမှ မရှိခဲ့တဲ့အကြောင်း၊ တွေကို ကြားရပါတယ်။ သြော် အဲဒီအချိန်မှာတုန်းက ကျွန်တော်ရှိနေချင်လိုက်တာ။

အခု အဲဒီမျိုးချစ်မြန်မာများကပဲ ဦးစီးပြီး Toa Payoh မြန်မာဘုန်းကြီးကျောင်းမှာ ကျဆုံးသွားတဲ့ အာဇာနည်များအတွက် ဆွမ်းကပ်မယ်ဆိုတဲ့ အီးမေးလ်တစ်စောင် ရောက်လာတယ်။ လာမယ့် တနင်္ဂနွေနေ့မှာလုပ်မှာပါ။ ကျွန်တော်ကတော့ အလုပ်ရှိလို့ သွားနိုင်မှာမဟုတ်ပေမယ့် သွားချင်တဲ့ လူတွေအတွက် အသေးစိတ်ကို တင်ပေးလိုက်တယ်။ အစီအစဉ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

Invitation to the Funeral Ceremony for Our Martyrs

The Myanmar military junta currently bans all funeral and religious rites dedicated to the Burmese peaceful protesters who lost their lives in the pursuit of freedom, peace and justice for Myanmar during the brutal military crackdown. According to Burmese Buddhist custom, a set of funeral and religious rites dedicated to the deceased is compulsory for the dead to have peace in the afterlife and for their smooth incarnation.

In commemoration of the extraordinary courage and sacrifice of the fallen Burmese peaceful protesters as well as in sympathy with their bereaved families who are suffering from the excruciating pain of bereavement and the injustice of the junta, Overseas Burmese Patriots cordially invite all patriotic Burmese (you) to the funeral ceremony of praying for and paying tributes to those honorable martyrs.

Date : 14th October 2007 (Sunday)
Time : 8:30 am to 11:30 am
Venue : Toa Payoh Myanmar Buddhist Monastery
Note : To show great respect for and to honor the fallen martyrs, please wear solid red tops to the funeral ceremony.

Saturday, October 6, 2007

၇ရက်မြောက် ဘင်္ဂလားဒေ့ရှ်

Onlineသူငယ်ချင်းတော်တော်များများနဲ့ တွေ့တဲ့အခါ ဘယ်လိုလဲ နေရထိုင်ရတာ အဆင်ပြေရဲ့ လားလို့ မေးသလို၊ ဆွေမျိုးတွေကို ဖုန်းဆက်တော့လည်း ကျန်းမာရေးဂရုစိုက်ဖို့ ပြောကြပါတယ်။ ကျွန်တော်တည်းတဲ့ ဟော်တယ်က အလုပ်လုပ်ရတဲ့ ZIA International Airportနဲ့ ၅မိနစ်လောက် ကားမောင်းရင် ရောက်တဲ့အတွက် အစစအရာရာတော့ အဆင်ပြေပါတယ်။ အဆင်မပြေတာကတော့ အစားအသောက်ပါပဲ။ ဘာလို့လဲဆိုတော့ ဘင်္ဂလားဒေ့ရှ်ဟာ မွတ်ဆလင်နိုင်ငံဖြစ်တဲ့ အတွက် အခုလောလောဆယ် သူတို့ရဲ့ ဥပုသ်လဖြစ်နေလို့ပါ။ ကျွန်တော်နဲ့ တူတူလာတဲ့ မလေးရှားနိုင်ငံက တစ်ယောက်ကလည်း မွတ်ဆလင်ဖြစ်လေတော့ နေ့လည်စာမစားပါဘူး။

ဟိုတယ်က မနက်စာကို ဘူဖေးလ်အလကားကျွေးပေမယ့် နေ့တိုင်း တပုံစံတည်း ကျွေးပါတယ်။ ကြက်ဥကြော်၊ Chicken Hot Dog, Beef Hot Dog ပြီးတော့ ပေါင်မုန့်၊ ပလာတာစသည်ဖြင့် ဥရောပနဲ့ အိန္ဒိယ အစားအစာအနည်းငယ်ကို အပြင်အဆင်က အစ နေ့တိုင်း တစ်ပုံစံတည်း ကျွေးပါတယ်။ တစ်ရက်လာလည်း ဒါပဲ၊ နောက်တစ်ရက်လာလည်း ဒါပါပဲ။ 5starsဟိုတယ်ဖြစ်တဲ့ အတွက် ဟိုတယ်ခန်း၊ အပြင်အဆင်က ကောင်းပေမယ့် မနက်စာကတော့ တစ်ရက်နှစ်ရက်လောက်တည်းတဲ့ လူတွေအတွက် အိုကေပေမယ့် ကျွန်တော့်လို ရက်ရှည်နေတဲ့လူအတွက်တော့ စားရတာ လုံးဝအဆင်မပြေပါဘူး။

နေ့လည်စာကပိုလို့ ဆိုးပါသေးတယ်။ ဘာလို့လဲဆိုတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကုလားဥပုသ်စောင့်ကြလို့ပါ။ ကျွန်တော့်တစ်ယောက်တည်းအတွက် သူတို့လည်း သေသေချာချာ မစီစဉ်ပေးနိုင်သလို ကျွန်တော်ကလည်း အားနာတတ်လို့ နေ့လည်စာကို အဆင်ပြေသလိုပဲ စားလိုက်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်အလုပ်လုပ်တဲ့ လေဆိပ်ရဲ့ တစ်ဆိုင်တည်းသော ထမင်းဆိုင်မှာ ရှိတဲ့ ကြက်သားဟင်း၊ ပဲဟင်းနဲ့ ထမင်း၊ ဒါမှမဟုတ် ပလာတာ စမူဆာစတဲ့ဟာတွေကို နေ့တိုင်းစားနေရပါတယ်။ အဲဒီဆိုင်ကလူက ပြောတာတော့ အခုလို Fastingလမဟုတ်ရင်တော့ နေ့လည်စာကို ဆိတ်သား၊ အမဲသားဟင်းတွေပါ ရတယ်တဲ့။ အခုလောလောဆယ်တော့ တနေ့နဲ့ တနေ့ အရသာတထေရာတည်း တူတဲ့ ကြက်သားဟင်းနဲ့ ပဲဟင်းရည်ကို ထမင်း ဒါမှမဟုတ် ပလာတာနဲ့ စားနေရတာ ၇ရက် ပြည့်ပါပြီ။



ညစာကိုတော့ သူတို့ ဥပုသ်ထွက်တဲ့အချိန်မှာ စားရတာ ဆိုတော့ ကောင်းကောင်းလေး စားရမယ်လို့ မျှော်လင့်ခဲ့ပေမယ့် ထင်တဲ့အတိုင်းဖြစ်မလာပါဘူး။ အလုပ်ပြီးတဲ့အချိန်က သူတို့ ဥပုသ်ထွက်တဲ့အချိန်ဖြစ်လို့ ညစာကို ကျွန်တော်တို့ရဲ့ Machineတွေ ဘေးမှာပဲ စားဖြစ်ပါတယ်။ ဘယာကြော်၊ အာလူးကြော်၊ ပဲပြုတ်သုပ်နဲ့ ထမင်းခြောက်လိုဟာမျိုးကို နေ့တိုင်းကျွေးပါတယ်။ သူတို့ ဘင်္ဂလားဒေ့ရှ်လူမျိုးတွေက ဒါကိုပဲ နေ့တိုင်းစားနိုင်ပေမယ့် ကျွန်တော်နဲ့ မလေးကောင်အတွက်တော့ တော်တော်ဒုက္ခရောက်လှပါတယ်။ ဒါ့ကြောင့် ငါးရက်လောက်ကြာပြီးတဲ့အခါ မလေးကောင်က ဟိုတယ်က စားသောက်ဆိုင်မှာ ပြန်စားကြတာပဲ ကောင်းမယ်ဆိုပြီး အကြံပေးတဲ့အတွက် မနေ့ကနဲ့ ဒီနေ့တော့ ညစာလေး အဆင်ပြေနေပါတယ်။ ဘယ်လိုပဲ အစားအသောက် မကောင်းပေမယ့် ဒီခန္ဓာကိုယ်ကတော့ ပိန်မသွားတဲ့အပြင် ၀လာသလိုတောင် ခံစားရပါတယ်။



ပြီးတော့ အခုလို ခရီးထွက်တော့မှ ကျွန်တော့်အတွက် မရှိရင်မဖြစ်တဲ့ အရာတွေကို ထင်ထင်ရှားရှားသိလာပါတယ်။ ဘာလို့လဲဆိုတော့ လောလောဆယ် အဲဒါတွေ မပါတဲ့အတွက် တော်တော်လေး စိတ်ကသိကအောက် ဖြစ်ရပါတယ်။ အမြဲတမ်းတစ်ခုခုလိုနေသလို ခံစားရတာပါ။ အဲဒါတွေကတော့ ပထမဆုံးအနေနဲ့ ဦးချိန်တီ၊ ကမ္ဘာကျော် ဒါမှမဟုတ် တခြား မြန်မာလျှက်ဆားတစ်မျိုးမျိုးပါ။ ဟုတ်ပါတယ်၊ ကျွန်တော်က တခါတလေ လေထိုးလေအောင့်သလိုလို၊ ရင်ပြည့်သလိုလို ဘာရောဂါမှန်းမသိတဲ့ ရောဂါရှိပါတယ်။ တစ်နေ့ တစ်နေ့ ဦးချိန်တီလေး၊ ကမ္ဘာကျော်လေး တစ်လုံး၊နှစ်လုံးလောက်မှ မစားရရင် နေမထိထိုင်မသာနဲ့ပါ။

နောက်တစ်မျိုးကတော့ ကျွန်တော့်ရဲ့ ပေါင်ချိန်စက်ပါ။ ၀ိတ်ကို ထိန်းတဲ့အနေနဲ့ ကိုယ့်ရဲ့ အလေးချိန်ကို နေ့တိုင်းလောက်နီးပါး ချိန်ဖြစ်ပါတယ်။ ကျွန်တော်သတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်limitထက် များလာရင် အစားကို သိသိသာသာ လျှော့စားလိုက်သလို၊ ကိုယ်အလေးချိန် နည်းသွားရင်လည်း ၀မ်းသာရအောင်လို့ပါ။ အခုတော့ ၀လာလား၊ ပိန်သွားလား မသိနိုင်တဲ့အတွက် ပေါင်ချိန်စက်လေးကို အရမ်းသတိရနေပါတယ်။ နောက်ဆုံးတစ်ခုကတော့ ဖက်လုံးလို့လည်း ခေါ်တဲ့ ခွခေါင်းအုံးပါ။ ကျွန်တော်အိပ်လို့ရှိရင် ခွခေါင်းအုံးလေးကို ခွပြီးမှ အိပ်တတ်ပါတယ်။ သို့မဟုတ်ရင် မပြည့်မစုံနဲ့ပါ။ အိပ်လို့လည်း ကောင်းကောင်းမပျော်ချင်လိုလို အိပ်ပျော်ရင်တောင် အိပ်မက်တွေ မကောင်းသလို ခံစားရလို့ပါ။

အစားအသောက်လေး နည်းနည်းအဆင်မပြေတာနဲ့ ကျွန်တော့်မရှိမဖြစ်လေးတွေ မပါလာတာကလွဲလို့ အစစအရာရာ အဆင်ပြေပါကြောင်း။ နောက်ရက်မှပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် ကျွန်တော့်ရဲ့ အမြင်လေးတွေ ရေးပြပါတော့မယ်။

Friday, October 5, 2007

Beijing Olympic 2008 လိုဂိုဖြစ်ပေါ်လာပုံ

သူငယ်ချင်းတစ်ယောက် ပို့လာပေးတဲ့ပုံဖြစ်ပြီး အိုင်ဒီယာလေး တော်တော်ကောင်းပါတယ်။



Monday, October 1, 2007

မေ့ချစ်သားသို့ ရင်ဖွင့်ပေးစာ

အသိ အန်တီတစ်ယောက်က သူရေးထားတဲ့စာလေး ရှိတယ်။ အင်တာနက်ပေါ် တင်ချင်တင်လို့ ရတယ်ဆိုပြီးပြောလာပါတယ်။ အရေးအသားရော အကြောင်းအရာပါ ပြောစရာမလိုအောင် ကောင်းတဲ့စာတစ်ပုဒ်ကို ကျွန်တော့်ရဲ့ ဘလော့ခ်မှာ ပေးတင်တဲ့ အဲဒီအန်တီကို အရမ်းကျေးဇူးတင်ပါတယ်။

မေ့ချစ်သားသို့ ရင်ဖွင့်ပေးစာ

မေချစ်သားသို့ -

ကိုးလလွယ်လို့ ဆယ်လမှာမွေး ဖ၀ါးလေးလက်နှစ်လုံး ပုခုံးလေးလက်နှစ်ဆစ် လူဖြစ်အောင် အမေ့ရင်က ဖြစ်တဲ့ နို့သွေးဖြူနဲ့ တိုက်ကျွေးခဲ့တယ်။ သန့်ရှင်းတဲ့လက်ငါးချောင်းနဲ့ ငါ့သား ကြီးတဲ့အထိ ထမင်းခွံ့ခဲ့တယ်။
“ဖေဖေ၊ မေမေ”လို့ ခေါ်တတ်အောင် အသင်စခဲ့တာလဲ အနန္တောအနန္တငါးပါးကို ငါ့သားလေး သိစေချင်လို့။
“ဦးတော်”“သြကာသ”လို့ အမေသင်ပေးတာ ငါ့သားလေးကို ကံငါးပါးလုံတဲ့ ဗုဒ္ဓဘာသာ ဖြစ်စေချင်လို့လေ။
အမေ့အိမ်ဘုရားခန်းထဲမှာ ငါ့သားနဲ့အတူ အမေတို့နှစ်ယောက်ရဲ့ အမျှဝေသံ သာဓုခေါ်သံတွေဟာ ဒီနေ့ထိပဲ့တင်ထပ် ကျန်ရစ်ဆဲပါ သား။ မေတ္တာပို့ အမျှဝေသံဟာ အမေနဲ့ ငါ့သားရဲ့ ရင်ထဲမှာ ထာဝရ ညှိထားတဲ့ ဗုဒ္ဓသံစဉ်ကြိုးပါသား။

ရင်အုပ်ကားကား ကြွက်သား ဖုထစ်နေတဲ့ ငါ့သားရဲ့ အင်္ဂါရုပ်ကို ကြည့်ပြီး “ငါ့သားလေးဟာ ငါ့တစ်ယောက်ထဲကို လုပ်ကျွေးကျေးဇူးပြုတာထက် တိုင်းပြည်နဲ့ လူမျိုးကို အလုပ်အကျွေးပြုတဲ့ ပြည်သူချစ်တဲ့ ပြည်ချစ်သားလေး ဖြစ်ရင်ကောင်းမှာပဲ ဆိုတဲ့ အသိတစ်ခုနဲ့ ငါ့သားလေးကို အမေကိုယ်တိုင်တပ်မတော်သားဆိုတဲ့ လမ်းကြောင်းပေါ်ကို အမေတင်ပေးလိုက်တာပါ”
ကျောင်းဆင်းပွဲနေ့က အမေ့မျက်လုံးထဲမှာလေ “ကမ္ဘာ့လူသားအားလုံးထဲက ငါ့သားဟာ“အလှဆုံး”လို့ မြင်တယ်။”
“အဖေကြီး ကျုပ်လေ မွေးရကျိုးနပ်တယ်နော်...လို့ လက်တို့ပြောတော့ မင်းအဖေရဲ့ အပြုံးဟာ လောကကြီးမှာ အမေ့အတွက် “အလှဆုံး”ဖြစ်သွားတယ်။”

ငါ့သားစို့တဲ့ အမေ့နို့ရည် သန့်တယ်နော်။
ကံငါးပါးလုံတဲ့ အမေ့လက်ငါးချောင်းနဲ့ ငါ့သားကို ထမင်းခွံ့ခဲ့လို့ ငါ့သားစားခဲ့သမျှ ထမင်းလုပ်ဟာလဲ သန့်မှ သန့်ပဲ သားရေ..။
ဒီနေ့လူဖြစ်အောင် မွေးခဲ့တဲ့ ငါ့သားကို အမေက အမေ့ရဲ့ နို့သွေးဖြူနဲ့ တိုက်ကျွေး၊ ထမင်းဖြူနဲ့ ခွံ့ကျွေးခဲ့ပါတယ်ဆိုတာကို သစ္စာဆိုပါတယ်။
ဒီနေ့မှာ အမေ့သားဖြစ်နေသေးရင် ငါ့သားရဲ့ နှလုံးသားမှာ ဆရာတော်များရဲ့ မေတ္တာဓါတ်များ ကိန်းအောင်းပြီး သန့်နေတဲ့ အမေ့သားရဲ့ လက် သွေးမစွန်းပါစေနဲ့လို့ အမေသစ္စာဆို နေ့နေ့ညညဆုတောင်းနေတယ် သားရေ။

ငါ့သားချစ်တဲ့
မေမေ

ရဲရဲနီစွေး မြန်မာသွေး

သူငယ်ချင်းတစ်ယောက်ပို့လာတဲ့ အီးမေးလ်ကို ပြန်ဖော်ပြပေးလိုက်ပါတယ်။ ကျွန်တော်ကတော့ အနီလက်ပတ်နဲ့ပါပဲ။