Showing posts with label Days. Show all posts
Showing posts with label Days. Show all posts

Friday, August 8, 2014

ကိုအောင်ဒင်ရဲ့ နွေတစ်ညမှ အစပြု၍ နှင့် ကျွန်တော်တို့ရဲ့ မပြီးသေးသော နွေညများ


ကိုအောင်ဒင်ရဲ့ နွေတစ်ညမှ အစပြု၍ စာအုပ်မိတ်ဆက်ပွဲကို Home မှာ လုပ်သွားတဲ့ ဓါတ်ပုံတွေ Facebook မှာ တွေ့ကတည်းက စိတ်ဝင်စားနေခဲ့တာ။ ဇူလိုင်လဆန်း ရန်ကုန်ပြန်ရောက်တော့ ညီညီ(သံလွင်)ပြောပြလို့ စာအုပ်မိတ်ဆက်ပွဲမှာ ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့နဲ့ ကျည်ဆံတူတူ ထိမှန်ခဲ့ပြီး ဆေးရုံမှာ ၅လလောက် ကုသမှုခံလို့ အသက်ရှင်ခဲ့တဲ့ ကိုမြင့်ဦးကလည်း အမှတ်တရ စကားပြောသွားကြောင်း သိရတယ်။ ပြီးတော့ ညီညီကပဲ ဆက်ပြီး ၈၉ ဒေါ်ခင်ကြည်ဈာပနမှာ ကျောင်းသားတွေရဲ့ အစီအစဉ်က ကုန်သည်လမ်းပေါ်မှာရှိတဲ့ မြန်မာ့ထုတ်ကုန် သွင်းကုန်ကော်ပိုရေးရှင်းပေါ်က နေ နိုင်ငံရေးတောင်းဆိုချက်တွေကို ဒိုင်ခံတောင်းဆိုပြီး စစ်အစိုးရက မလိုက်လျောပါက စတုတ္ထထပ်ကနေ ၂နာရီ တစ်ယောက်နှုန်းနဲ့ ခုန်ချမယ့်အကြောင်း၊ ဒုတိယမြောက်ခုန်ချမည့်သူမှာ ကိုကိုကြီးဖြစ်ကြောင်း၊ အခြေအနေအရပ်ရပ်ကြောင့် မလုပ်ဖြစ်ခဲ့ကြောင်း၊ စတာတွေ ပြောပြကတည်းက ဖတ်ချင်လွန်းလို့ City Mart ၊ Ocean တို့ မှာ လိုက်ရှာဝယ်ပေမယ့် မရခဲ့ပါဘူး။ နောက်ဆုံးပြန်ခါနီးအထိ ၀ယ်မရတာနဲ့ သူ့မှာ ရှိတဲ့ စာအုပ်ကို လက်ဆောင်အဖြစ်ပေးတဲ့ ညီညီ့ကို ကျေးဇူးအထူးတင်ရပါတယ်။

ကိုအောင်ဒင်က သူ့စာအုပ်ကို ၁၉၇၄ ဦးသန့်အရေးအခင်း၊ ရေကြည်အိုင်အကြောင်း တို့နဲ့ နိဒါန်းပျိုးထားပြီး ပထမအဆင့် နှိပ်စက်၊ ဒုတိယအဆင့်ချော့မေး၊ တတိယအဆင့် နှိပ်စက် စတဲ့ စစ်ကြောရေးဖြတ်သန်းမှုတွေဟာ မှတ်သားစရာ သင်ခန်းစာတွေပါ။ အဲဒီနောက်မှာတော့ ၈၈ မတိုင်မှီ နိုင်ငံရေးအခြေအနေ၊ မြန်မာ့ပညာရေး၊ စက်မှုတက္ကသိုလ်နဲ့ ငွေစက္ကူတွေ ဖျက်သိမ်းခြင်းစတဲ့အကြောင်းအရာတွေနဲ့ အရေးအခင်းမတိုင်မှီ အနေအထားတွေကို ပုံဖော်ထားပါတယ်။ အဲဒီနောက်မှာတော့ စာအုပ်ရဲ့ အဓိက အပိုင်း နွေညတစ်ညဖြစ်တဲ့ ၈၈ မတ်လ ၁၂ရက်နေ့ည စန္ဒာဝင်းလက်ဖက်ရည်ဆိုင်က စလို့ သူကြုံခဲ့ရသမျှ ၈လေးလုံး လူထုအရေးတော်ပုံကြီးအကြောင်းကို စီကာပတ်ကုံး အသေးစိတ် ဖတ်ရပါတယ်။ မတ်လ ၁၃ရက် ကိုဖုန်းမော်အရေးအခင်း၊ မတ်လ ၁၆ရက် တံတားနီအရေးအခင်းပြီးတော့ ကျောင်းတွေ ပိတ်သွားပြီး မေလကျောင်းတွေ ပြန်ဖွင့်၊ ဇွန်လ ၁၄ရက်မှာ “ကျော်စွာထွဋ် တစ်ယောက်တည်း ကျောင်းကို သပိတ်မှောက်ပြီ” လို့ ကျောက်သင်ပုန်းပေါ်မှာ ရေးခြစ်တဲ့ မောင်မောင်ကျော်အကြောင်း၊ သူအဓိက ဦးဆောင်ပါဝင်ခဲ့တဲ့ ဗမာပြည် ပြည်သူ့လွတ်မြောက်ရေး လူငယ့်တပ်ဦး၊ ဒု-ဥက္ကဌအဖြစ် တာဝန်ယူခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ အဲဒီနောက် ဒီငြိမ်းပါတီ၊ လူ့ဘောင်သစ်၊ သုံးရောင်ခြယ် စတဲ့ အဖွဲ့အစည်းတွေအကြောင်း၊ ဦးအောင်ကြီး၊ ဦးနု၊ ဗိုလ်မှူးးအောင်၊ ဒေါ်အောင်ဆန်းစုကြည် တို့အပြင် သူနဲ့ လက်တွဲဖော်တွေ ဖြစ်တဲ့ မင်းကိုနိုင်၊ ကိုကိုကြီး၊ မိုးသီးဇွန်၊ မင်းဇေယျ၊ ဌေးကြွယ် စတဲ့ ကျောင်းသားခေါင်းဆောင်တွေအကြောင်း တစေ့တစောင်းတို့ဟာလည်း တကယ့်ကို ရင်သက် ရှုမောဖွယ်ရာပါ။

၈၈ အရေးအခင်းတုန်းမှာ ကျွန်တော်က သုံးတန်းကျောင်းသားလေးပဲ ဖြစ်ပေမယ့် အဖိုးနဲ့ ဘကြီးတွေက နိုင်ငံရေး စိတ်ဝင်စားတော့ သတင်းတွေ နားစွန်နားဖျား အမြဲကြားခဲ့တယ်။ ဒါပေမယ့် အသက် ၉နှစ်လောက်သာ ရှိသေးတဲ့အတွက် အကြောင်းအရာတွေက ၀ိုးတိုးဝါးတား၊ ၈၈မှာ အဆိပ်ခပ်တာ၊ ဟိုဖက်လမ်းထိပ် ဒီဖက်လမ်းထိပ် ၀ါးကပ်ကြီးတွေ သဲအိတ်ကြီးတွေနဲ့ ကိုယ့်လမ်းကိုယ့်ရပ်ကွက် လုံခြုံရေးကိုယ့်ဘာသာယူရတာ၊ ခေါင်းဖြတ်ကြတာ၊ လေးဂွတွေ ဂျင်ကလိတွေ၊ ဓားတွေ တုတ်တွေ ဆောင်ကြတာနဲ့ အဲဒီခေတ်က ကြွေးကြော်ကြတဲ့ “ဘာလုပ်နေလဲ မောင်မောင်ရေ ဒီမိုကရေစီပေးလိုက်ပါလား” “ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး” စတာတွေကိုပဲ မှတ်မိပြီး နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်လို့တော့ ဦးအောင်ကြီး၊ ဦးနုနဲ့ ဒီငြိမ်း၊ ဒေါ်စုနဲ့ ဒီချုပ် ဆိုတဲ့ နာမည်တွေလောက်ပဲ ကြားဖူးခဲ့တာပါ။ အခုမှ ကျွန်တော် ငယ်ငယ်က ကြားဖူးနားဝတွေရယ် အရွယ်ရောက်လို့ ဖတ်မှတ်မိသမျှ အကြောင်းတွေကို ဒီစာအုပ်က သမိုင်းကွင်းဆက် တဆစ်ချင်း ဆက်ပေးလိုက်သလို အကြောင်းအရာတွေကို ရှင်းရှင်းလင်းလင်း သိခွင့်ရခဲ့တယ်။ ကိုမင်းကိုနိုင်ကတော့ အနုပညာ ရသသမားပီပီ ရသလေး ထည့်ပြီး ရေးရင် ပိုကောင်းမယ်လို့ မိတ်ဆက်ပွဲမှာ ပြောခဲ့ကြောင်း ညီညီက ပြန်ပြောပြပါတယ်။ သူတို့လို ကိုယ်တိုင် ထဲထဲဝင်ဝင် ပါဝင်ခဲ့သူတွေ အတွက်တော့ အကြောင်းအရာတိုင်းဟာ သိပြီးသားပေမယ့် ကျွန်တော်တို့နဲ့ နောက်ပိုင်း မျိုးဆက်အတွက်တော့ အဖိုးတန်စာအုပ်တစ်အုပ်ပါပဲ။ ပြီးတော့ စာအုပ်တစ်အုပ်ကို ဖတ်နေရတယ်ဆိုတာကို မေ့ပြီး အစ်ကိုကြီးတစ်ယောက်က ညီငယ်တစ်ယောက်ကို ၈၈ အရေးအခင်း အကြောင်း သရုပ်ဖော်ပြောပြနေသလို ခံစားမှုမျိုး ဖြစ်ပေါ်ခဲ့ရပါတယ်။ အဲဒါတွေကြောင့် ကျွန်တော်တို့ အရွယ်အပါအ၀င် နိုင်ငံရေးစိတ်ဝင်စားတဲ့ ဘယ်လူငယ် လူရွယ်မဆို ဖတ်ထားသင့် သိထားသင့်တဲ့ စာအုပ်တစ်အုပ်အဖြစ် ညွန်းလိုက်ပါတယ်။

စာဖတ်ပျင်းတယ်ဆိုရင်တောင် စာမျက်နှာ ၃၉၁ကနေ ၃၉၇ အထိရှိတဲ့ နောက်ဆုံးခန်း “အဆုံးမဟုတ်သေးပါ” ဆိုတာကိုတော့ မြန်မာလူငယ်တိုင်း ဖတ်ထားသင့်၊ သိထားသင့်တယ် ထင်ပါတယ်။ ညွှန်းသာညွှန်းရတယ် တချို့ စာဖတ်ပျင်းတဲ့ လူတွေရှိတဲ့ အတွက် ဒါမှမဟုတ် စာအုပ်ဝယ်မဖတ်ဖြစ်တော့မယ့် လူတွေအတွက် ၈၈ အရေးတော်ပုံနဲ့ အောင်မြင်ခါနီးလေးတွေမှ တေ့တေ့ပြီး လွဲသွားရတဲ့ အကြောင်းလေးတွေကို သမိုင်းသင်ခန်းစာအဖြစ် ရေးပြချင်ပါတယ်။ (စာအုပ်ကို ဖတ်ဖို့ ဆုံးဖြတ်ထားတဲ့ လူတွေနဲ့ ၈၈ အရေးအခင်းအကြောင်းကို ခရေစေ့တွင်းကျ သိသူတွေအတွက် မဟုတ်ပါ။)

- ၈လပိုင်းအလယ်လောက်ကစပြီး ကြီးမားလှတဲ့ လူထုကြီးနဲ့ မြင့်မားတဲ့ နိုင်ငံရေး ရည်ရွယ်ချက်တွေကို ကျောင်းသားတွေ ဆက်လက်ဦးဆောာင်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် အမျိုးသားခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်၊ လူထုခေါင်းဆောင်တွေကို ရှာပုံတော် ဖွင့်ကြတာ စိတ်ဓါတ်တက်ကြွဖွယ်ရာပါ။

- ဇူလိုင် ၂၃ ရက်မှာ ဦးနေ၀င်းကို နုတ်ထွက်ခွင့် ပြုပေမယ့် ကျန်တဲ့ ခေါင်းဆောင်တွေကို နုတ်ထွက်ခွင့်မပေးတာဟာ မဆလ ပါတီခေါင်းဆောင်များ အနေနဲ့ အာဏာကို လုံးဝလက်မလွတ်ချင်တာ သိသာလှပါတယ်။

- ဒေါက်တာမောင်မောင်ဟာ လမ်းပြမြေပုံ ၈ချက်နဲ့ အချိန်ဆွဲဖို့ ကြိုးစားသလို ၇၄ ဖွဲ့စည်းပုံနဲ့ ကိုင်ပြီး တစ်ပါတီစနစ်ကနေ ပါတီစုံစနစ်ကို ပြောင်းဖို့ လူထုဆန္ဒခံယူပွဲလုပ်ရမယ် လို့ ပြောတာဟာ အခုလောလောဆယ် ၄၃၆ ကိစ္စနဲ့ ဆင်ဆင်တူတယ်လို့ ထင်မိပါတယ်။

- မပြောင်းတုန်းကလည်း ပြောင်းလို့ မရတော့မလိုလိုပြောပြီး ပြောင်းချင်တော့လည်း ပါတီစုံစနစ်နဲ့ အထွေထွေ ရွေးကောက်ပွဲ ၃လအတွင်း ကျင်းပမယ်လို့ စက်တင်ဘာ ၁၁ မဆလရဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။

- အဲဒီကမ်းလှမ်းချက်ကို ဦးနု၊ ဗိုလ်မှူးအောင်နဲ့ ဦးသုဝေက လွဲပြီး ကျန်တဲ့ နိုင်ငံရေး ခေါင်းဆောင်တွေက လက်မခံပဲ ကြားဖြတ်အစိုးရဖွဲ့စည်းဖို့ပဲ တောင်းဆိုခဲ့ကြတယ်။

- စက်တင်ဘာ ၁၁ရက်နေ့ လွှတ်တော်အစည်းအဝေးဆုံးဖြတ်ချက်တွေကို လက်မခံခဲ့ကြပေမယ့် ၁၈ရက်နေ့ စစ်အစိုးရ အာဏာသိမ်းပြီးတဲ့အချိန်ကနေ စပြီး ပါတီတွေထောင်လာလိုက်ကြတာ အောက်တိုဘာ လကုန်မှာ ပါတီပေါင်း ၅၀ကျော် ရှိနေခဲ့ပြီလို့ သိရပါတယ်။

ဒီစာအုပ်ဖတ်ပြီးတဲ့ အချိန်မှာ ၈၈ အရေးတော်ပုံကြီးကနေ မဆလ အစိုးရကို ဖြုတ်ချနိုင်ခဲ့တယ်ဆိုပေမယ့် ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ဒီမိုကရေစီပန်းတိုင်ကို မရောက်နိုင်သေးတဲ့ အကြောင်းအရင်းပေါင်း များစွာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကျောင်းသားခေါင်းဆောင် အချင်းချင်း၊ နိုင်ငံရေးခေါင်းဆောင် အချင်းချင်း၊ အမျိုးသားခေါင်းဆောင်းအချင်းချင်း စည်းလုံးညီညွတ်မှု၊ ယုံကြည်လေးစားမှု၊ အသင်းအဖွဲ့စိတ်ဓါတ် နိုင်ငံရေးပရိယာယ်စတာတွေ အများကြီးအားနည်းခဲ့တယ်လို့ အကြမ်းဖျင်းသုံးသပ်မိပြီး ကျွန်တော်တို့ဖက်က အဲလို အလဲလဲအပြိုပြိုဖြစ်ခဲ့ကြပေမယ့် တဖက်မှာတော့ တသွေးတသံတမိန့်နဲ့ ယဉ်ပါး နေတဲ့ အာဏာရနဲ့ လက်နက်ကိုင် အဖွဲ့အစည်းကို ရင်ဆိုင်ကြရတာပါ။ ကျွန်တော်တို့ ခေါင်းဆောင်တွေ ဘယ်လိုပဲ မညီညွတ်ခဲ့ကြပေမယ့် အဖိနှိပ်ခံ ပြည်သူလူထုကတော့ မခံနိုင်တဲ့အဆုံး အာဏာရှင်ကို ဆန့်ကျင်ဖို့ လမ်းပေါ်ကို အမြဲထွက်လာခဲ့ကြရပါတယ်။ သမိုင်းကြောင်းကို ပြန်ကြည့်ရင် ၆၂ ကျောင်းသားအရေးအခင်း၊ ၇၀ ကျော်များဆီက ဦးသန့် အရေးအခင်း၊ မှိုင်းရာပြည့်၊ ၈၈၈၈ ၊ ၉၆၊ ၉၈ ကျောင်းသားလှုပ်ရှားမှု၊ ၂၀၀၇ ရွှေဝါရောင် စသဖြင့် အာဏာရှင် အဆက်ဆက်ကို ဆယ်စုနှစ်တိုင်း အနည်းဆုံးတစ်ချိန်တော့ တော်လှန်ခဲ့ကြပါတယ်။ အခုလို လယ်သိမ်းယာသိမ်း၊ အလုပ်သမားအလုပ်ရှင်ပြဿနာ၊ ပြည်သူတွေ ဆင်းရဲတွင်း နက်သနက် နက်လာတဲ့အချိန် ၂၀၁၀ ကနေ ၂၀၂၀ အကြား ဘာမှ မဖြစ်လာနိုင်ဘူးလို့ ဘယ်သူမှ ပြောနိုင်မယ်မထင်ပါ။ အဓိကတော့ အခုအရှိန်တက်နေပြီဖြစ်တဲ့ ၂၀၁၄၊ ၂၀၁၅ နောက်ပိုင်း နိုင်ငံရေးအခြေအနေပေါ် အများကြီးမူတည်ပါတယ်။

မှတ်မှတ်ရရ ၈၈၈၈ နှစ်ပတ်လည် ၂၆နှစ် ပြည့်တာနဲ့ အညီ ကျွန်တော်တို့ နေဘုန်းလတ်တို့ သံလွင်အိပ်မက်က သူငယ်ချင်းတွေ ဆုံတိုင်း ဂစ်တာတီး သီချင်းဆိုဖြစ်တဲ့ ၈၈တုန်းက သီချင်းစာသားလေး အချို့နဲ့ စာကို အဆုံးသတ်ချင်ပါတယ်။ ၆၂ ဦးနေ၀င်းအာဏာသိမ်း ၂၆နှစ်အကြာ ၈၈ အရေးတော်ပုံ ဖြစ်ပြီး အဲဒီ ၈၈ကနေ အခု ၂၆နှစ်အကြာအထိ မပြီးဆုံးနိုင်သေးသော နွေညများအကြောင်းပေါ့ . . ။

“ရိုင်းစိုင်းတဲ့ တောတိရစ္ဆာန်များလည်းမဟုတ် အားလုံးက အသိနဲ့လူတွေ

လက်နက်ပြခြိန်းခြောက်ကာ အုပ်ချုပ်မှု ရပ်တန်းက ရပ်သင့်ပြီလေ

အများစုက မနှစ်မြို့တဲ့အစိုးရမို့ အများနဲ့ တစ်ယောက်လျော့သင့်ပြီလေ

အရေးအခင်းတိုင်း လက်နက်နဲ့ ရှင်းလို့တော့ မြန်မာပြည်မှာ လူသာကုန်မလေ .....

Cho : တရားလက်လွတ် ဘယ်လောက်လုပ်ကြမလဲ၊ အားလုံးက ကြံကြံခံဇွဲ

လက်နက်နဲ့ Public တိုက်ပွဲ မဆလ တောထုတ်တဲ့ပွဲ . .

အများကောင်းစားရေးအတွက် မူချမှတ်ခဲ့ ၂၆နှစ် ရှိခဲ့ပြီလေ

အများစုက ကုန်းကောက်စရာမရှိတဲ့ဘ၀ သူတို့ကျတော့ အရမ်းချမ်းသာနေ

ဆင်းရဲတွင်းနက်လှတဲ့ ကြားထဲက လူ့အခွင့်အရေးဆုံးရှုံးရာမြေ

လုပ်လိုက်တိုင်း ကောင်းကျိုးရယ် တကွက်မှမရှိ မြန်မာပြည်ဟာ နာနေပြီလေ . . . .

Cho 2 : ကျဆုံးသော အပြစ်မဲ့သူများ သုဂတိသို့ လားရောက်ပါစေ

တို့အားလုံး ၀မ်းနည်းတယ်လေ၊ တို့အားလုံး ဆက်လုပ်မယ်လေ . . . ”

စည်သူ(သံလွင်)

Monday, June 16, 2014

စလုံးရောက် စာမျက်နှာ ၁၅ အမှတ်တရ

လွန်ခဲ့တဲ့ ၁၅နှစ်ကပေါ့။ စင်္ကာပူမြေကို စနင်းခဲ့တယ်

ပြား ၅၀ ဖိုး ထမင်းဖြူပေါ် ဟင်းအနှစ်လေး စမ်းပြီး ပြီးခဲ့ရတဲ့ နေ့လည်စာတွေရှိ ခဲ့ဖူးသလို တပွဲ ၈၅ကျပ်တန် စလုံးရဲ့ အကောင်းဆုံးစာရင်းဝင် ဆိုင်တချို့ မှာလည်း စားခဲ့ဖူးပြီ။

အမေ၀ယ်ပေးခဲ့တဲ့ Skechers တရံ၊ expo မှာ ဈေးလျော့ ရောင်းတဲ့ ငါးကျပ်တန် ဖိနပ်တရံ နဲ့ ပေါ်လီသုံးနှစ်ပြီးခဲ့ရသလို
ရန်ကုန်မှာတုန်းက ပွဲလမ်းသဘင်မှစီးတဲ့ Caterpillar ကို အလုပ်ထဲမှာ အကြမ်းစီးခဲ့ဖူးပြီ။

ဘတ်စ်ကားဖိုး ပြား၇၀ မရှိလို့ ၄မှတ်တိုင်စာ လမ်းလျှောက်ခဲ့ဖူးသလို
စင်္ကာပူ၊ မလေးရှား၊ အမေရိက၊ သြစတြေးလျနိုင်ငံစုံအောင် ကားလျှောက်မောင်းဖူးပြီ။

ရန်ကုန်ကို ၃နှစ်နေမှ တစ်ခေါက် ပြန်ခဲ့ဖူးသလို
တစ်နှစ်တည်း ၃ခေါက်လည်း ပြန်ခဲ့ဖူးပြီ။

ကြက်ဥတကတ်လုံး ၀ယ်ဖို့ ပိုက်ဆံ တကျပ်ခွဲမရှိလို့ ကြမ်းပေါ်ကျနေတဲ့ ငါးပြားစေ့တွေလိုက်ကောက်၊ လေးစေ့ ပြည့်မှ တစ်လုံး ပြားနှစ်ဆယ်နဲ့ ၀ယ်စားနိုင်ခဲ့သလို
Fullerton, Raffles က အစ စင်္ကာပူက အကောင်းဆုံးဆိုတဲ့ ဟော်တယ်တိုင်းမှာ ဘူဖေးလ်စားခဲ့ဖူးပြီ။

ဝတ်စရာ ဘောင်းဘီရှည် ၂ထည်နဲ့ ကျောင်းတက်ခဲ့ရသလို
ဘီဒိုမဆန့်တော့လို့ မရှိဆင်းရဲသူတွေကို ပေးဝေခဲ့ဖူးပြီ။

Watson ရဲ့ Cashier မှာ Credit card နဲ့ ပေးသူတိုင်းကို ချမ်းသာလှချည့်လားဆိုပြီး ငေးခဲ့ဖူးသလို Credit card bill တွေ မပေးနိုင်ခဲ့လို့ နောက် သုံးရမှာ ကြောက်ပြီး သားရေပင်နဲ့ ပတ်ထားတဲ့ Credit card တွေ အံဆွဲထဲမှာ အထပ်လိုက် ရှိခဲ့ဖူးပြီ။

ကြက်သွန်ဆီသတ်တိုင်း၊ Hotdog ကြော်တိုင်း တူးခဲ့ရဖူးသလို
Gordan Ramsay ချက်နည်းတွေကို တမျိုးပြီး တမျိုးစမ်းသပ်ဖူးပြီ။

နိုင်ငံရေးလုပ်လို့ ဆိုပြီး ကွန်ပျူတာသိမ်း၊ ရဲက အကြိမ်ကြိမ်ခေါ်တွေ့တာ ခံဖူးသလို
စင်္ကာပူသမ္မတနဲ့လည်း ညစာစားပွဲမှာ ဆုံဖူးပြီ။

ရေဖိုးမီးဖိုး ပေးစရာမရှိလို့ တပတ်လောက် မီးမရှိရေမရှိနေခဲ့ဖူးသလို
ရေလည်း မကူး၊ Gym လည်း မဆော့ဖြစ်ပဲ Maintenance fees ၂၀၀ကျော် ကို လတိုင်း အလကားသက်သက်ပေးခဲ့ဖူးပြီ။

OPC ကားဖိုး ၂၀ မပေးပဲ အကြိမ်ကြိမ် ခိုးထွက်ခဲ့ဖူးသလို
ရဲမိသွားလို့ ဒေါ်လာ ၂၀၀လည်း ဒါဏ်ကြေးဆောင်ဖူးပြီ။

စာပေအနုပညာနဲ့ ဘာမှမဆိုင်သလိုနေခဲ့ဖူးပြီး
သံလွင်အိပ်မက်၊ လမ်းပြကြယ်နဲ့ TP Myanmar ကပွဲတွေမှာ ထဲထဲဝင်ဝင်ပါခဲ့ဖူးပြီ။

Movie ကို ၂.၅ ဒေါ်လာ Booking fees မပေးချင်လို့ ရုံအထိသွား လူတိုးပြီး ၀ယ်ခဲ့ဖူးသလို
Online Degree တစ်ခုက Dropout ဖြစ်လို့ ဒေါ်လာ တစ်သောင်းကျော် ပလုံသွားဖူးပြီ။

စားသောက်ဆိုင် ပုဂံဆေး၊ လမ်းဘေးစာရွက်ဝေ၊ စာတိုက်ဗုံး ကြော်ငြာထည့်၊ ဂိုထောင်ကုန်တင်ကုန်ချ အလုပ်ကြမ်းသမား၊ စားပွဲထိုး မျိုးစုံလုပ်ခဲ့ဖူးသလို
ကုမ္ပဏီဒါရိုက်တာ၊ Investor, Shareholder တွေလည်း လုပ်ခဲ့ဖူးပြီ။

စလုံးတွေ ခိုင်းသမျှ ခံခဲ့ရသလို
စလုံးတွေကိုလည်း ခိုင်းချင်ရာခိုင်းခဲ့ဖူးပြီ။

စရောက်ကတည်းက ဆန့်ကျင်ဖက်မဟုတ်ပဲ ပိုတိုးလာတာဆိုလို့ သုံးခုပဲ ရှိတယ်။ အဲဒါတွေကတော့ ၂၀ ကီလိုလောက် တက်ခဲ့တဲ့ ခန္ဓာကိုယ်အလေးချိန်ရယ်၊
ကျောင်းတက်တုန်းက ဆယ်ဂဏန်း
အလုပ်စလုပ်တော့ ရာဂဏန်း
ဒီဂရီတက်တော့ ထောင်ဂဏန်း
ကားဝယ်တော့ သောင်းဂဏန်း
အိမ်ဝယ်တော့ သိန်းဂဏန်းတင်နေတဲ့အကြွေးရယ်၊

မိဘကိုပြန် ပြုစုချင်တဲ့
စီးပွားရေး ပြန်လုပ်ချင်တဲ့
နိုင်ငံရေး ပြန်လုပ်ချင်တဲ့
လူမှုရေးပြန်လုပ်ချင်တဲ့
မြန်မာပြည်ပြန်ချင်တဲ့စိတ်ဆန္ဒရယ်။

အင်း . . . ဖြတ်သန်းခဲ့ရတဲ့ စာမျက်နှာတိုင်းအတွက် ကျေးဇူးပါ စင်္ကာပူ။ ဒါပေမယ့် စလုံးရေ . . ကမ္ဘာမြေရဲ့ အစက်လေးပေါ်မှာ နောက်ထပ် ၁၅မျက်နှာတော့ မရှိချင်တော့ပါ။ အမိမြန်မာပြည်မှာသာ ကိုယ်လိုချင်တဲ့ နေရာတစ်ခု ရှိမယ်ဆိုရင်ပေါ့။

Friday, August 17, 2012

Happy Birthday Than Lwin Ain Mat

သံလွင်အိပ်မက်

သံလွင်ကိုအိပ်မက်တဲ့အခါ…
ငါတို့ရဲ့တေးသွားကိုကြားလိမ့်မယ်…

ကမ္ဘာအရပ်ရပ်က လွင့်ပျံ့နေတဲ့
အိပ်မက်တွေကိုစုစည်း..
ငါတို့ သံလွင်လို စီးမယ်…

တောင်တန်းများ ၊ ချိုင်ဝှမ်းများ
လွင်ပြင်ကျယ်များ၊ လယ်ကွင်းများ
စီးဆင်းလာခဲ့တဲ့ခရီးမှာ…
ဘယ်လိုမြစ်ကျဉ်းမျိုးနဲ့ဆုံဆုံ
ဘယ်လိုကျောက်သားနံရံနဲ့ကာကာ
မြေမျက်နှာသွင်ပြင် ဘယ်လောက်ကြမ်းမလဲ…

သံလွင်ဟာ အနှစ်သာရအပြည့်နဲ့
နှစ်ကာလတွေကြား
ရွေ့လျားလှပနေမယ်….

သူ့ရင်ဘတ်ကမ်းပါးပေါ်မှာက
မြို့တွေရွာတွေ ဘ၀တွေ
မျော်လင့်ခြင်းအိပ်မက်အသစ်
ဆက်လက်အသက်ရှင်ခဲ့ပေါ့…

တခါတရံတော့ သံလွင်ဟာ
သောင်ထွန်းခဲ့မယ်၊ ကျွန်းပေါ်ခဲ့မယ်၊
ဝဲဂယက်ထခဲ့မယ်…
ဒါပေမယ့် သံလွင်ရဲ့ အသက်
သံလွင်ရဲ့ မေတ္တာတရား
သံလွင်ရဲ့တေးသွားက
လွတ်လပ်ခြင်းနဲ့ အနုပညာ…

သံလွင်ဟာ ရှင်သန်ခြင်းကိုကိုယ်စားပြုတယ်
ရင့်ကျက်မှုကိုအသွင်ဆောင်တယ်…
သံလွင်ကို အိပ်မက်ပါ…
လွတ်လပ်ခြင်းနဲ့ အနုပညာအတွက်
ငါတို့ရဲ့တေးသွားကို
ရာစုနှစ်ထဲ
အဖန်ဖန် အထပ်ထပ်ကြားရလိမ့်မယ်…..။

                                                မိုးလှိုင်ည

Friday, November 20, 2009

မွေးနေ့ကဗျာ . .

ကျွန်တော့်ဘ၀မှာ ကျွန်တော့်အတွက်ဆိုပြီး ရေးထားတဲ့ ကဗျာကို ပထမဆုံး ရရှိဖူးခြင်းပါ။ အဲဒီကဗျာလေးကို မွေးနေ့တိုင်း ပြန်ဖတ်ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီနေ့လည်း အဲဒီကဗျာလေးကို . . . .

ကျွန်တော်ခုန်ချချင်တဲ့ မြစ်

အန္တရာယ်ရှိသည် မ၀င်ရတဲ့
ကျွန်တော်ကလည်း
စွန့်စားရတာ ၀ါသနာပါတယ်…
အဲဒီ ဇင်ကိုလတ်ဆိုသူရဲ့အိမ်ကိုရောက်တော့
မာရေကျောရေအမှန်တရားနဲ့ ဧည့်ခံတယ်
သူ့စကားလုံးတွေက ပြတ်သားသလို
သူ့အတွင်းစိတ်ကလည်း ရိုးရှင်းတယ်
သူတို့ရဲ့သံလွင်အိပ်မက်တွေက
ကျွန်တော့်ဆီကူးစက်ခဲ့ပေါ့
ကျွန်တော်တို့အတူ အလင်းဖြူနေ့တွေကို
စောင့်မျှော်ရင်း…
အနုပညာတွေ ဝေမျှ၊ အတွေ့အကြုံတွေ ကူးလူး
လမ်းချင်းတူလို့ လူချင်းတွေ့ခဲ့ရတယ်
ကဗျာဆရာဖြစ်ပြီး…ခင်ဗျား ၀,နေတယ်လို့
ကျွန်တော်ပြောရင်… သူ တဟားဟားနဲ့ အော်ရယ်နေလိမ့်မယ်
ကျွန်တော်ခုန်ချချင်တဲ့မြစ်ကတော့
၂၈ နှစ်ခရီးကို စီးဆင်းပြီးပြီ…
နောင်နှစ်ပေါင်းများစွာပေါ့
ဟိုလိုလူတစ်ယောက်ရဲ့
အနုပညာကို တခုတ်တရခံစားရဦးမယ်

မိုးလှိုင်ည

(ကဗျာလက်ဆောင်ပေးတဲ့ မိုးလှိုင်ညကို အမြဲ ကျေးဇူးတင်နေပါတယ်။)

Thursday, November 20, 2008

၂၉နှစ်ပြည့်လား ပိုစ့်၂၀၀မြောက်လား

အပေါ်ကိုမော့ကြည့်လိုက်တော့ ဆောင်းဦးပေါက် လတစ်စင်း ကောင်းကင်မှာ စီးဆင်းနေတယ်။ မဟုတ်သေးဘူး။ အနောက်ကိုလှည့်ကြည့်လိုက်တယ်။ မည်းညစ်ညစ် သမိုင်းကြောင်း အလှည့်အပြောင်းများစွာနဲ့လေ။ ဒါဏ်ရာဆိုတာ ပျောက်ဖို့လွယ်ပေမယ့် အမာရွတ်တွေကတော့ အခုအချိန်ထိ ရှိတုန်း။ တာရာမင်းဝေစကားနဲ့ ပြောရရင်တော့ လောကမာယာဆိုတာ အတီးခံရတဲ့ ဗုံတွေပါပဲ။ အသံမထွက်တာက လွဲလို့ပေါ့။ ရပ်ကွက်ထဲက လူတွေပြောတာတော့ “လူတွေဟာ ကိုယ့်သမိုင်း ကိုယ်ရေးနေကြတာပဲ”တဲ့။ အင်း . . . ကိုယ့်သမိုင်းကိုယ်ရေးရင်း ရာဇ၀င်တွေ ရိုင်းအောင် လုပ်နေတဲ့သူတွေကိုတော့ မုန်းမိတာအမှန်ပဲ။ ထားပါ . . .။ ကံတရားဆိုတာ ပန်ကန်ပြားလို ၀ိုင်းဝိုင်းလေးပါ။ တချိန်သူ့ကံသူ့ဟာသူ အကျိုးပေးလိမ့်မပေါ့။ ပြောရင်းနဲ့ အရှေ့ကို လှမ်းကြည့်မိတယ်။ ၀ိုးတ၀ါး၊ တကယ့်ကို ၀ိုးတ၀ါး။ အင်း မြူနှင်းတွေနဲ့ အုံ့မှိုင်း အရိုးပြိုင်းပြိုင်း ညနေအိုတို့ ဖယ်ကြ။ သွားကြ။ ငါ့လမ်းကို ငါဖောက် ငါ့ဘာသာ ငါ ဆက်လျှောက်မယ်။ မသေချာမှုတွေများတဲ့ ဒီလောကကြီးမှာ သေချာတာတစ်ခုကတော့ မင်းကိုကိုယ်သိပ်ချစ်တယ်လို့ ၁၀တန်းကျောင်းသားဘ၀တုန်းက ပြောခဲ့ဖူးတယ်။ အင်း . . ရယ်တော့ ရယ်ရသား။ အဲဒီသေချာမှုတွေက တော်တော်များခဲ့တာကိုး။ အဖေကတော့ မှာဖူးတယ်။ အသက် သုံးဆယ်မကျော်စေနဲ့တဲ့။ ဖေဖေရေ . . နောက်နှစ်ဆို သုံးဆယ်ပြည့်တော့မယ်။ အဲဒီတော့ သုံးဆယ်လား။ သုံးဆယ့်တစ်လား။ အင်း. . . ဒါမှမဟုတ် မနက်ဖြန်လား၊ သန်ဖက်ခါလား။ သေချာတယ် . . အခုထိတော့ လွတ်လပ်ခြင်းတို့ကို ခုံမင်နေတုန်းပဲလေ။ နောက်ဆုံး အောက်ကို ငုံ့ကြည့်လိုက်တယ်။ ငါ့ခြေထောက်တစ်စုံ . . . ညအိပ်ရာဝင်တိုင်း နဖူးပေါ်လက်တင်ပြီး စဉ်းစားပါ။ သင်ဒီနေ့ ဘာလုပ်ခဲ့သလဲ။ ဘာရခဲ့သလဲ။ ပညာ၊ ပိုက်ဆံ၊ ဒါမှမဟုတ် ကုသိုလ်တစ်ခုခုရခဲ့သလား။ မရခဲ့ရင် မနက်ဖြန် ဘာရအောင် လုပ်မလဲ။ အင်း . . . ငါလိုချင်တာအဲဒီအတွေးတွေ မဟုတ်ဘူး။ ခေါင်းအုံးနဲ့ ခေါင်းနဲ့ ထိလိုက်တာနဲ့ တုံးကနဲ အိပ်ပျော်သွားခြင်းတစ်ခုပဲ ဖြစ်ပေတယ်။ အောက်ကိုထပ်ငုံ့ကြည့်မိတယ်။ ငါ့ ခြေထောက်တစ်စုံက ဂုဏ်ယူ ၀င့်ကြွားစွာနဲ့ . . . ။ ငါရပ်တည်ခြင်း ၂၉နှစ်ပြည့်အတွက်ပေါ့။

ဘလော့ခ်Readerဘ၀ကနေ ဘလော့ခ်လောကကို ရောက်တဲ့အချိန် ဘန်းစကားတွေ လန်းနေခဲ့တယ်။ ဒါမှမဟုတ် ဘာကြောင့် ဘလော့ခ်ရေးဖြစ်လဲ စဉ်းစားတုန်းဘလော့ခ်တွေခေတ်ကို ရောက်ခဲ့တယ်။ နှလုံသားတစ်ခုအလုပ်ပြုတ်သွားတဲ့ အချိန်မှာ သတိုးသီရိ သုဓမ္မရာဇာ အဂ္ဂမဟာသရေစည်သူ အလင်္ကာကျော်စွာ ၀ဏ္ဏကျော်ထင် ဇင်ကိုလတ်ကို သမ္မတအဖြစ်ရွေးကြလိမ့်မယ်။ ကျွန်တော်စားချင်သော အစားအစာများမှာ ပုဇွန်ထုပ်၊ ငါးခူဆီပြန်နဲ့ အသုပ်စုံလား၊ ၂၀မိနစ် ကာလသားချက်လား၊ မြောင်းမြက ဒယ်လေးခေါက်ဆွဲလားဆိုတာကိုမသိခင် စားနေကျဖြစ်တဲ့ ဘလော့ခ်ဂါရဲ့ ညနေစာကိုပဲ စားသုံးခဲ့တယ်။ စုံတွဲလေးသွားကြည့်သင့်တဲ့ ရုပ်ရှင်ပဲဖြစ်ဖြစ်၊ စုံတွဲသွားမကြည့်သင့်တဲ့ ရုပ်ရှင်ဖြစ်ဖြစ် လူသတ်သမချောချောလေးတွေကတော့ မိုက်တာသေချာတယ်။ အခုရေးနေတဲ့ စာဟာ မော်ဒန်ဆိုတဲ့အနုပညာလား။ မဟုတ်သေးဘူး။ ပြောရမှာတော့ ရှက်ပါတယ်။ ဒါပေမယ့် အခုထိ တာဝန်မကျေသေးဘူးမဟူရာညရဲ့ စက်နှိုးသံကို နားထောင်ရင်းနောက်ဆုံးတော့ မိုးရာသီမှာ ရူးသွားပြီလေ။နှင်းဝိညာဉ်တစ်စက်ရဲ့ နိဂုံးဟာ အိပ်မက်ပန်းတွေ ပွင့်တဲ့သစ်ပင်မဟုတ်ပေမယ့် မှောင်နေတဲ့အလင်းရောင်ဖြစ်ပေတယ်။ သြော် . . . ကြိုးပြတ်နေတဲ့ဂစ်တာတစ်လက်ကတော့ အခန်းထောင့်တစ်နေရာမှာ ငြိမ်ကုပ် တိမ်တစ်အုပ်လို လွှင့်မျောရမယ့်နေ့တွေကို စောင့်နေလေရဲ့ . . .။

Saturday, June 28, 2008

၂၈နှစ်ပြည့် မွေးနေ့ရှင်နေဘုန်းလတ်သို့



မင်း အဖမ်းခံရတယ် ကြားကြားချင်းတုန်းက တစ်ရက်၊ နှစ်ရက်လား။ တစ်ပတ်၊ နှစ်ပတ်လားလို့ပဲ ထင်ခဲ့တာ။ ဒါနဲ့ပဲ မင်း အကြောင်းပါတဲ့ သတင်းတွေ၊ အသံလွှင့်ဌာနတွေက လွှင့်တဲ့ အသံတွေကို ငါသိမ်းထားတယ်။ မင်းလွတ်လာတဲ့ အချိန် ဖတ်လို့ရအောင်၊ နားထောင်လို့ရအောင်ပါ။ မင်း အထဲမှာ ရောက်နေတဲ့ အချိန် အပြင်မှာ ဘာတွေဖြစ်ခဲ့လဲ ဆိုတာ သိအောင်ပါ။ အခုတော့ မင်းကို ချစ်တဲ့ သူငယ်ချင်းတွေ၊ ဘလော့ခ်ကာတွေရဲ့ ခံစားချက်တွေကို Free နေဘုန်းလတ်ဆိုတဲ့ ဘလော့ခ်လေးမှာ ဖတ်လို့ ရနေပါပြီ။ တစ်လ၊ နှစ်လလောက်နဲ့ မင်း ပြန်လွတ်မလာတော့ အခုမေလပြီးရင် မင်းကို လွှတ်ပေးတော့မယ် ထင်ခဲ့တယ်။ ဒီ ၂၈နှစ်ပြည့်မွေးနေ့ကို အရင်နှစ်တုန်းကလိုပဲ ဘလော့ခ်တွေပေါ်မှာ၊ အွန်လိုင်းပေါ်မှာ ပြီးတော့ ဂျီတော့ခ်ပေါ်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျင်းပနိုင်လိမ့်မယ်လို့ပဲ ထင်ခဲ့တာ။ ဒါပေမယ့်ကွာ ထင်သလို မဖြစ်လာခဲ့ဘူး။

မင်း အထဲမှာ ရောက်နေတုန်း ငါလည်း ဘလော့ခ်ကို ကောင်းကောင်းမရေးဖြစ်ပါဘူးကွာ။ မင်း ဘလော့ခ် မရေးနိုင်လို့ ငါလည်း လိုက်မရေးဘူးလို့ ပြောရင် ပြောမနာဆိုမနာ သူငယ်ချင်းဖြစ်တဲ့ မင်းက “မင်း စောက်ရူးပဲ၊ ကိုယ့်ဘာသာကိုယ် စောက်ပျင်းကြီးပြီး မရေးတာများ ငါ့ကို လွှဲချနေတယ်”ဆိုပြီး ပြောမှာ ငါသိတယ် သူငယ်ချင်း။ မင်းအထဲမှာ ရောက်နေလို့ သံလွင်အိပ်မက်ရပ်သွားတာမျိုး၊ လူမှုရေးလုပ်ငန်းတွေ ရပ်သွားတာမျိုး၊ ငါ ဘလော့ခ် ဆက်မရေးတော့တာမျိုးတွေကို မင်း မဖြစ်စေချင်မှန်းငါသိပါတယ်။ ဒါ့ကြောင့် မင်းရဲ့ ၂၈နှစ်မြောက် မွေးနေ့က စပြီး ငါ ဘလော့ခ်ပြန်ရေးတော့မယ်။ ပိုစ့်တွေ တသီကြီး မရေးနိုင်တောင် တပတ်ကို ပိုစ့်တစ်ခုလောက် ဖြစ်ဖြစ်ပေါ့။ မင်းရဲ့ မပြီးပြတ်သေးတဲ့ တာဝန်တွေကို ငါဆက်လက်ထမ်းရွက်မယ်။ မင်းရဲ့ ရင်ထဲက ဆန္ဒအမှန်တွေကို မင်းကိုယ်စား ငါ ပြောပြမယ်။

မင်း လွတ်လာတဲ့ အချိန်မှာ မင်းနားထောင်ဖို့ မင်းရဲ့ သတင်းတွေကို "ForNPL"ဆိုပြီး ငါ Folderတစ်ခုထဲမှာ ထည့်ထားတယ်။ မင်းလွတ်လာရင် ငါ့ဆီက တောင်းဖို့ မမေ့နဲ့ဦး။ မင်း အမြန်ဆုံး လွတ်မြောက်ပြီး မင်းချစ်တဲ့ မိသားစုနဲ့ တူတူ ပြန်လည်တွေ့ဆုံရပါစေလို့ ငါ ဆုတောင်းပေးပါတယ်ကွာ။ ကဲ . ဟက်ပီဘက်ဒေးပါ သူငယ်ချင်း။

Wednesday, February 6, 2008

နေဘုန်းလတ်သို့ ….

ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့  ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။
ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။
မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။
ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် … ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။
ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

Tuesday, February 5, 2008

တစ်နှစ်ပြည့် Danger Zone

ကျွန်တော် ဒီဘလော့ခ်လေးကို လွန်ခဲ့တဲ့ နှစ် ဒီအချိန်မှာ စရေးခဲ့ပြီး ဟုတ်တာရော မဟုတ်တာပါ အားလုံး ပိုစ့်ပေါင်း ၁၈၃ခု ရေးခဲ့ပါတယ်။ ဘလော့ခ်စရေးတုန်းကတော့ အားနဲ့ မာန်နဲ့ လက်တွေက အရမ်းကို သွက်ခဲ့တယ်။ နောက်ပိုင်း တဖြည်းဖြည်းနဲ့ တခြားကိစ္စတွေများလာတဲ့အခါ ဘလော့ခ်ရေးဖို့ မပြောနဲ့ တစ်နေ့တစ်နေ့ အီးမေးလ် မစစ်ဖြစ်တဲ့နေ့တွေ၊ အင်တာနက်တောင် မသုံးဖြစ်တွေနေ့တွေ များများလာတယ်။ ဒါပေမယ့် တခြားအရာတွေကို မေ့ချင်မေ့မယ်။ ဘလော့ခ်ရေးချင်တဲ့စိတ်၊ သွားရင်းလာရင်း ထူးခြားတာလေးတွေ တွေ့ရင် သတင်းထူးတွေ ဖတ်ရရင် သူများတွေကို ပြောပြချင်တဲ့စိတ်၊ ဘလော့ခ်ပိုစ့်တင်ချင်တဲ့စိတ်တွေ ကတော့ အချိန်တိုင်းလောက်နီးပါးရှိနေပါတယ်။ ပြီးတော့ ကျွန်တော်ဘာပိုစ့်မှ အသစ်မတင်ပေမယ့်လည်း လာဖတ်ကြတဲ့သူတွေ၊ ကော်မန့်တွေ ထားသွားကြတဲ့ ဘလော့ခ်ကာ သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးအထူး တင်ပါတယ်။

ကျွန်တော့်ဘလော့ခ်နဲ့ တူတူ တစ်ရက်ကြီး တစ်ရက်ငယ် မွေးဖွားလာခဲ့တဲ့ “လွတ်ကျခဲ့တဲ့ မြို့တော်”ဟာဆိုရင်လည်း အခုဆို အုပ်ချုပ်သူကင်းမဲ့နေပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ရေးဖော်ရေးဖက် မရှိတော့ အရင်ကလို တက်တက်ကြွကြွနဲ့ မရေးနိုင်တော့ပါဘူး။ ပြီးတော့ အခုခုလောလောဆယ် TPmyanmar ၁၀နှစ်ပြည့် သင်္ကြန်ကို မတ်လထဲမှာ လုပ်ဖို့အတွက်လည်း အသည်းအသန် လုံးပန်းနေရတယ်။ အဲဒါကြောင့် ကိစ္စတွေ အားလုံး ရှင်းမယ့်နေ့၊ သူငယ်ချင်းနဲ့ တူတူပျော်ပျော်ပါးပါး ဘလော့ခ်ပြန်ရေးကြမယ့် နေ့တစ်နေ့ကို စောင့်မျှော်ရင်း . . . . .။

Thursday, January 24, 2008

မောင်ပွတ်အတွက် မွေးနေ့ဆုတောင်း

ဘလော့ခ်စာအုပ်ကိစ္စအတွက် ရန်ကုန်မှာ ဘလော့ခ်ကာတွေ သင်္ကြန်အပြီးလောက်က ဆုံကြတော့ တစ်ယောက်ကို တစ်ယောက် မမြင်ဖူးကြသေးဘူးလေ။ အဲဒီချိန်းထားတဲ့ ဆိုင်လေးကို ကျွန်တော်နဲ့ နေဘုန်းလတ်တို့ရောက်သွားတော့ ကဗျာဆရာနဲ့ သူမက စားပွဲတစ်ခု၊ စိုးဇေယျနဲ့ ကိုမျက်လုံးက နောက်စားပွဲတစ်ခုမှာ ခပ်တည်တည်နဲ့ ထိုင်နေကြတာကို တွေ့ရတယ်။ အဲဒါနဲ့ပဲ နေဘုန်းလတ်ကနေ “ဟ ဟေ့ကောင်တွေ လာကြလေ။ ဘာလို့ တစ်ယောက်တစ်စားပွဲထိုင်နေကြတာတုန်း” ဆိုပြီး ကျွန်တော်နဲ့ တူတူ နောက်စားပွဲတစ်လုံးမှာ ၀င်ထိုင်ပါတယ်။ (ပိုပြီးကြီးတဲ့ လူများများဆံ့တဲ့ စားပွဲပါ) အစည်းအဝေးစပြီးတဲ့ အချိန်မှာ ကျွန်တော် မသင်္ကာစရာတစ်ခုသွားတွေ့ရပါတယ်။ အဲဒါကတော့ ခပ်လှမ်းလှမ်းက စားပွဲက ကောင်လေးတစ်ယောက်က ကျွန်တော်တို့ ၀ိုင်းကို ကွက်ကြည့်ကွက်ကြည့်နဲ့။

ဟ... ဒီကောင် ဘာကောင်လဲပေါ့။ ဘလော့ခ်ကာတွေ စာအုပ်ထုတ်မယ့်ကိစ္စကို သတင်းရသွားကြတာလား။ ဒီအတိုင်းကွက်ကြည့် ကွက်ကြည့်လုပ်နေရင်တော့ နည်းနည်း ပညာပေးလိုက်ဦးမှဆိုပြီး စဉ်းစားနေတုန်း သူက ကျွန်တော်တို့ဝိုင်းကို တည့်တည့်ကြီး လျှောက်လာတယ်။ ပြီးတော့ “ဘလော့ခ်စာအုပ်အတွက် အစည်းအဝေးနဲ့ တူတယ်၊ ကျွန်တော်က myanmaroa6ဆိုတဲ့ ဘလော့ခ်ကို ရေးတဲ့သူပါ။ ဘလော့ခ်ရေးတာ သိပ်မကြာသေးတော့ သိကြမယ်တော့ မထင်ပါဘူး” ။ ဟုတ်ပါတယ်။ ကျွန်တော် သူ့ဘလော့ခ်ကို မသိပါဘူး။ ပြီးတော့လည်း တစ်ယောက်ကို တစ်ယောက် မိတ်ဆက်ကြရင်းနဲ့ စာအုပ်ကိစ္စကိုပဲ အဓိက ဆွေးနွေးဖြစ်သွားပါတယ်။

နောက်ပိုင်း ကျွန်တော် စင်္ကာပူပြန်ရောက်ပြီးတဲ့ အခါမှာတော့ ဘလော့ခ်ကာတို့ထုံးစံအတိုင်း အွန်လိုင်းမှာ တစ်ခါတစ်လေတွေ့၊ သူ့ဘလော့ခ် ကိုယ်ဖတ်၊ ကိုယ့်ဘလော့ခ်သူဖတ်နဲ့ပေါ့။ သူ့ဟာသူ ပေးထားတဲ့ နာမည်ကတော့ Mr Poohတဲ့။ ဒါပေမယ့် သူ့ကို မောင်ပွတ်လို့ပဲ ၀ိုင်းခေါ်ကြတော့ သူလက်မခံလို့ မရတော့တဲ့ အချိန်မှာ သူ့ကိုယ်သူပါ မောင်ပွတ်ပါ ဆိုတာကို လက်ခံခဲ့ရတယ်နဲ့ တူပါတယ်။ မောင်ပွတ်နဲ့ နေဘုန်းလတ်နဲ့ တပူးပူးတတွဲတွဲစာအုပ်ကိစ္စ၊ ဘလော့ခ်တွေကိစ္စ စတာတွေ လှုပ်ရှားနေတယ်ဆိုကတည်းက ကျွန်တော်နဲ့လည်း တွဲလုပ်လို့ရပြီဆိုတာကို သိလိုက်ပါတယ်။ နောက်ပိုင်း ဘလော့ခ်တိုင်း ထွက်လာတော့ သူ့ရဲ့ ကြိုးစားအားထုတ်မှုတစ်ခုကို အသိအမှတ်မပြုပဲ မနေနိုင်တော့ဘူး။

မောင်ပွတ် စင်္ကာပူကို ရောက်တဲ့နေ့မှာပဲ ကျွန်တော်သွားတွေ့ဖြစ်တယ်။ နောက်ပိုင်းလည်း မကြာခဏတွေ့ဖြစ်ပေမယ့် သူ့ရဲ့ အစွမ်းအစကိုတော့ နေဘုန်းလတ် စင်္ကာပူကို လာလည်ပြီးတဲ့အချိန်မှာ အတိအကျသိခွင့်ရခဲ့တယ်။ အဲဒါကတော့ သူ့ရဲ့ ဟာသဥာဏ်ပါ။ သူ့ဘလော့ခ်မှာ ဟာသတွေချည်းရေးနေတာမဟုတ်ပဲနဲ့ သူ့ရဲ့ ရုပ်က ပြောင်ချော်ချော်နောက်တောက်တောက် ဖြစ်နေတာမဟုတ်ပဲနဲ့ကို ရယ်စရာတွေ တလက်စက် ပြောနိုင်ပါတယ်။ နေဘုန်းလတ်နဲ့တောင် သူ့အကြောင်းပြောဖြစ်တော့ ဒီကောင် လူရွှင်တော်လုပ်သင့်တယ်လို့ ပြောမိပါသေးတယ်။ ကျွန်တော်က သူလုပ်နေတဲ့ ဘလော့ခ်တိုင်းမှာ တတပ်တအား ပါဝင်ပေးသလို ကျွန်တော်တို့ရဲ့ သံလွင်အိပ်မက်အတွက်လည်း သူကူညီလာခဲ့ပါတယ်။

ဒီနေ့သူ့မွေးနေ့မှာတော့ ထိုင်းအစားအစာကျွေးမယ်လို့ ပြောပါတယ်။ စားလည်း စားမယ်။ မွေးနေ့အတွက်လည်း ဆုတောင်ပေးပါ့မယ်။ မောင်ပွတ်ရေ .... ငါတို့ သောက်ကြစားကြတဲ့ အခါ ဆုတောင်းတဲ့ ဆုတောင်းလေးကို သိပ်ကြိုက်တယ်ကွာ။ အဲဒါလေးပဲ ထပ်ပြီး ဆုတောင်းပေးလိုက်ပါတယ်။

Monday, December 31, 2007

2007နှင့် ခွဲခွာခြင်း

၂၀၀၇က ကျွန်တော့်ဘ၀ကို တော်တော်လေးပြောင်းလဲသွားစေပါတယ်။ ဘ၀တစ်ခုလုံးမှာ အလုပ်အများဆုံး ခုနှစ်တစ်ခုလည်း ဖြစ်ခဲ့လိမ့်မယ်နဲ့ တူပါတယ်။ ကျွန်တော်စားချင်သော အစားအစာများ၊ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက၊ ၂၀မိနစ် ကာလသားချက်၊ နှင်းဝိညာဉ်တစ်စက်ရဲ့ နိဂုံး၊ ဘန်းစကားတွေလန်းနေတယ် စတဲ့ ပိုစ့်တွေနဲ့ အတူ ကျွန်တော် ဟာ ဘလော့ခ်ဂါ တစ်ယောက်ဘ၀ကို ပျော်ရွှင်စွာရောက် ခဲ့ပါတယ်။ ပြီးတော့ အဲဒီဘလော့ခ်ကာဘ၀နဲ့ တူတူ ဘလော့ခ်ဂါဖိုရမ်လေးကို ရောက်ခဲ့ပြီး ကဗျာတွေ ရေးရင်း ဘလော့ခ်စာအုပ်ကိစ္စတွေငြင်းရင်း ခုန်ရင်း မတ်လလောက်မှာ ဖိုရမ်မာတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီဖိုရမ်ကတဆင့် ကိုရန်အောင်၊ ကိုကျော်ဇေယျ၊ မညလေး၊ ကိုဝေယံလင်းတို့နဲ့ သိခဲ့ကျွမ်းခဲ့ ခင်မင်ခဲ့ပါတယ်။

၂၀၀၇ခုနှစ် Aprilလမှာတော့ မဆုံစည်းရတာ ၈နှစ်လောက်ရှိပြီဖြစ်တဲ့ မြန်မာသင်္ကြန်ပွဲတော်ကို ညီညီ၊ နေဘုန်းလတ်တို့နဲ့ တူတူ အင်းလျားလမ်းမှာ ပျော်ရွှင်မြူးတူးစွာ ဆင်နွှဲခဲ့တယ်။ စင်္ကာပူကို မပြန်ခင်မှာ ဘာညာ၊ ဘလာဂေါက်၊ မောင်ပွတ်၊ စိုးဇေယျ၊ ကိုမျက်လုံးဆိုတဲ့ သူတွေနဲ့ ဘလော့ခ်စာအုပ်ကိစ္စအစည်းအဝေးမှာ ခင်မင်ခွင့်ရလာခဲ့တယ်။ ၂၀၀၇ခုနှစ် မေလမှာတော့ ကျွန်တော့်ရဲ့ ၀ါဿနာဖြစ်တဲ့ ဓါတ်ပုံရိုက်ခြင်း အတတ်ပညာကို TPmyanmar Thingyan 2007မှာ Photographer of the event အဖြစ် အပြည့်အ၀အသုံးချနိုင်ခဲ့ပါတယ်။ အဲဒါရဲ့ နောက်ပိုင်းမှာလည်း စင်္ကာပူမှာ ရှိတဲ့ သူငယ်ချင်းတွေရဲ့ မင်္ဂလာဆောင်၆ခုလောက်ကို ဆက်တိုက်ဆိုသလို မှတ်တမ်းတင်ပေးနိုင်ခဲ့တယ်။

မေလမှာတော့ စင်္ကာပူနိုင်ငံ မြန်မာများစုစည်းတဲ့နေရာဖြစ်တဲ့ ပန်နီဇူလား ပလာဇာမှာ လမ်းပြကြယ်ဆိုတဲ့ မြန်မာစာကြည့်တိုက်တစ်ခုကို ကျွန်တော်အပါအ၀င် မိတ်ဆွေ လေးငါးခြောက်ဦးနဲ့ တူတူအောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ စာအုပ် ၅၀၀လောက်နဲ့ စတင်ခဲ့တဲ့ လိုင်ဘရီလေးဟာ အခုဆို စာအုပ် သုံးထောင်ကျော်ကျော်လောက်ရှိနေပါပြီ။ အဖေရော အမေပါ Engineerဖြစ်တဲ့အတွက် ငယ်ငယ်ကတည်းက Engineerတစ်ယောက် ဖြစ်ချင်ခဲ့တဲ့ ကျွန်တော်၊ ဒီ ၂၀၀၇ခုနှစ်မှာပဲ ဖြစ်ချင်တဲ့ Engineerရာထူးကို အလုပ်ထဲမှာ ရရှိခဲ့ပါတယ်။ TPmyanmar အဖွဲ့အစည်းပေါ်ပေါက်လာတာ ၂၀၀၈မှာ ၁၀နှစ်ပြည့်မှာ ဖြစ်တဲ့အတွက် သင်္ကြန်ပွဲတစ်ခုကို အကြီးအကျယ်ကျင်းပနိုင်ဖို့အတွက် ၂၀၀၇ရဲ့ ဇူလိုင်လမှာ စပြီး အစည်းအဝေးတွေ စတင်ခဲ့ရာကနေ Organiserဆိုတဲ့ နေရာတစ်ခုကို တကျော့ပြန် ရယူခဲ့ရ ပြန်ပါတယ်။

သြဂုတ်လကတည်းက စပြီး မြန်မာနိုင်ငံရဲ့ အရေးကိစ္စများကို ကြိုးစားပမ်းစား ဆောင်ရွက်ရာကနေ အလုပ်အလွန်များတဲ့ လူတစ်ယောက်အဖြစ်ကို ရောက်မှန်းမသိ ရောက်ရှိခဲ့ပြန်ပါပြီ။ တကယ်ပါ။ ၂၀၀၇ရေ မင်းကတော့ ဖုန်ဖက်ခါပြီး ခွဲခွာနှုတ်ဆက်သွားပေမယ့် ဒီကကောင်မှာတော့ Blogger, Forummer, Photographer, Librarian, Engineer, Organiser, Activist ဆိုတဲ့ နေရာတွေမှာ တလှည့်စီရပ်ရင်း မောပန်း နွမ်းလျလို့ ဖုတ်လိုက်ဖုတ်လိုက်ပါပဲ။ ဗေဒင်မေးရင်တောင် ဆန်ကုန်နေပါဦးမယ်။ အဲဒီလိုရှုပ်ရှပ်ခတ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ၂၀၀၇ခုနှစ်ကိုတော့ ကျွန်တော့်တစ်သက်မှာ ဘယ်တော့မှ မေ့လို့ရတော့မှာမဟုတ်ပါဘူး။

Tuesday, December 25, 2007

Merry Christmas



ဒီရက်ပိုင်း ကျွန်တော့်ကို SMSပို့ပေးတဲ့သူတွေ၊ အီးမေးလ်ပို့တဲ့သူတွေ၊ ဟိုးအဝေးက သူငယ်ချင်း၊ မိတ်ဆွေ၊ ဆွေမျိုးသားချင်းတွေ၊ နီးနီးလေးနေပြီး ဝေးနေတဲ့သူတွေ၊ ကျွန်တော့်ဘလော့ခ်ကို လာလာလည်နေကြတဲ့ သူတွေအားလုံးကို ဒီခရစ္စမတ်မှာ သာစေ မာစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Tuesday, November 20, 2007

စားလိုက်ကြစို့ သူငယ်ချင်း

စင်္ကာပူမှာတော့ မွေးနေ့ဆိုရင် သူငယ်ချင်းတွေက မွေးနေ့ရှင်ကို လိုက်ကျွေးကြတယ်ဆိုတာမျိုး ရှိပေမယ့် ကျွန်တော်တို့ မြန်မာတွေကတော့ မွေးနေ့ရှင်ကနေ သူငယ်ချင်းတွေကို လိုက်ကျွေးရတာပါ။ အခုလည်း ကျွန်တော့်ရဲ့ သူငယ်ချင်းတွေကို လိုက်ကျွေးချင်ပေမယ့် အခြေအနေအရပ်ရပ်ကြောင့် မတွေ့ဖြစ်တာတွေ၊ အဝေးမှာရောက်နေတာတွေကြောင့် လိုက်မကျွေးနိုင်သေးပါဘူး။ ဒါ့ကြောင့် ခုလောလောဆယ် ကျွန်တော်စာရင်းကောက်လို့ ရသလောက် သူငယ်ချင်းတွေ စားချင်တာတွေကို မှတ်ထားလိုက်ပါတယ်။ တချိန် အပြင်မှာ တကယ်ဆုံကြတဲ့အခါ ပိုက်ပိုက်လည်း အခုလို အဆင်ပြေနေတယ်ဆိုရင် သေချာပေါက်လိုက်ကျွေးပါမယ်။ ကျွန်တော်အခုထိ ယူထားတဲ့ အော်ဒါတွေကတော့ ...



စုစု - ပင်လယ်စာ
ဒီမို - ဆူရှီး(ဂျပန်စာ)
အနှင်း - ပီဇာ(Pizza)
မပန် - ဂျပန်စာနဲ့ ၀က်သားတုတ်ထိုး
စုဝေ - တရုတ်ထမင်းပေါင်း
မမယ်လိုဒီမောင် - Singapore Flyerရဲ့ Capsuleထဲမှာ မှာလို့ရတာ အကုန်စားမယ်
ဘာညာ - ဆာရှိမိ(ဂျပန်စာ)
မဂျစ် - ထမင်းနဲ
မရွှေဇင် - မုန့်စိမ်းပေါင်း

တခြားသူငယ်ချင်းတွေကတော့ ဘာဖြစ်ဖြစ်စားမှာတဲ့။ စားရရင် ပြီးရောဆိုတဲ့ သဘောပဲ။ ဟုတ်ပါပြီ။ စာရင်းကို ကြည့်လိုက်ရင်တော့ မိန်းကလေးတွေချည်း ဖြစ်နေတဲ့အတွက် သူများတွေတော့ ထင်မှာပဲ။ ဇင်ကိုလတ်သူငယ်ချင်း ကောင်မလေးတွေ တော်တော်အစားပုတ်လို့။ အဲလိုလည်း မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ယောက်ျားလေး သူငယ်ချင်းတွေနဲ့ မတွေ့သေးလို့ပါ။ ဘာပဲဖြစ်ဖြစ် စားချင်တာတွေ မပြောရသေးတဲ့လူရှိရင်လည်း ထပ်ပြီးတော့ မှတ်ထားပေးပါ့မယ်။

မွေးနေ့များရဲ့ ဒိုင်ယာရီ



အသက်လေးနှစ်
မူကြိုဆရာမကို ခြေထောက်နဲ့ ကန်ပစ်လိုက်တယ်။

ရှစ်နှစ်ကျော်ကျော်
ကျောင်းနေပျော်ပေမယ့် စာမတော်ခဲ့ပါ။

တစ်ဆယ်နဲ့ သုံး
လောကကြီးကို ပြုံးပြလိုက်တယ်။

ဆယ့်ခြောက်နှစ်အရွယ်
အချစ်ကို ကိုးကွယ်ခဲ့ဖူးတယ်။

ဆယ့်ကိုးနှစ်သား
အိပ်မက်တွေနဲ့ ကစားခဲ့တယ်။

နှစ်ဆယ့်သုံး
ဘ၀အတွက် စပြီးရုန်းလို့။

နှစ်ဆယ့်ငါး
အသည်းကွဲတယ်ဆိုတာ အလကားပါ။

နှစ်ဆယ်နဲ့ ရှစ်
့အသက်နဲ့ ခန္ဓာဟာ နိုင်ငံနဲ့ လူမျိုးအတွက် ဖြစ်တယ်။

အလင်းဖြူ

Sunday, November 11, 2007

Happy Birthday ....



Dilobearရဲ့ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ။

Sunday, October 28, 2007

စင်္ကာပူက သီတင်းကျွတ်မီးထွန်းပွဲ


Free Burma Now


ကျန်ခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့က Toa Payohဘုန်းကြီးကျောင်းမှာ သီတင်းကျွတ်မီးထွန်းပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။ ကျွန်တော့်အပေါင်းအသင်းတွေက Free Burmaဆိုတဲ့ စာလုံးကို ဖယောင်းတိုင်တွေနဲ့ ပုံဖော်ပြီး ဆီမီးပူဇော်ခဲ့သလို ထွန်းညှိခဲ့တဲ့ မီးပုံးတိုင်းမှာလည်း Free Burmaဆိုတဲ့ စာရွက်လေးတွေ ချိတ်ဆွဲခဲ့ကြပါတယ်။ ပြီးတော့ လာတဲ့သူတွေကို သာကူကျိုနဲ့လည်း ဧည့်ခံခဲ့ပြီး ဖယောင်းတိုင်များကို ထွန်းညှိပူဇော်လိုသူတိုင်းအတွက် ဝေမျှပေးနိုင်ခဲ့တယ်။ တခြားအခမ်းအနားအနေနဲ့ ဘာမှ ထွေထွေထူးထူးမရှိပေမယ့် ပုံမှန်လပြည့်နေ့တိုင်း ဓမ္မစင်္ကြာလာရွတ်နေကျ လူတွေပါပေါင်းရင် စင်္ကာပူရောက် မြန်မာ လေးရာလောက်တော့ လာတယ်ထင်တယ်။ ကျန်ခဲ့တဲ့ နှစ်တွေတုန်းက သီတင်းကျွတ်တိုင်း ရန်ကုန်ပြန်ဖို့ ကြိုးစားခဲ့ပေမယ့် ဒီနှစ်တော့ ဘယ်လိုမှကို အဆင်မပြေတဲ့အတွက် မိဘတွေနဲ့ အဖွားကို ဖုန်းဆက်ပြီးပဲ ကန်တော့လိုက်ပါတယ်။ ဒီလိုကန်တော့ရတဲ့ အကျိုးကြောင့် ဘ၀ဆက်တိုင်း ဓမ္မနဲ့ အဓမ္မကို ခွဲခြားနိုင်ပြီး ဓမ္မတရားအတွက် အသက်ကို စွန့်လွှတ်ရဲသူ ဖြစ်ရပါစေသား အရှင်ဘုရား......။


တရုတ်မီးပုံးတွေပဲ ၀ယ်လို့ရလို့ပါတဲ့



သားသားလည်း ဆီမီးပူဇော်မယ်

Sunday, September 2, 2007

Happy birthday Ma Moe



Happy birthday my beloved cousin, Ma Moe. On your birthday, I wish for you the fulfillment of all your fondest dreams.

Friday, August 17, 2007

Happy Birthday သံလွင်အိပ်မက်


သံလွင်အိပ်မက် အမှတ်(၁)ကို ၂၀၀၄ခုနှစ် သြဂုတ်လ ၁၇ရက်နေ့မှာ စပြီးထုတ်ဝေခဲ့တဲ့အတွက် ဒီနေ့ ၃နှစ်ပြည့်ပါပြီ။ ဒီ၃နှစ်အတွင်း အခက်အခဲတွေ အများကြီးတွေ့ခဲ့သလို အဆင်မပြေတာတွေကိုလည်း ရှိခဲ့ပါတယ်။ ဒါတွေကို အောက်ပါလူတွေ မပါပဲ ကျွန်တော်၊ ညီညီ၊ နေမျိုး၊ ကိုငယ်တို့ လေးယောက်တည်းနဲ့ သံလွင်အိပ်မက်ဆိုတာ မဖြစ်လာနိုင်တဲ့အတွက် ကျေးဇူးစကား အရင်ပြောချင်ပါတယ်။

- စာမူများကို အသုံးပြုခွင့်ပေးတဲ့ ဆရာမင်းလူ၊ ဆရာမောင်သစ်ဆင်း၊ ဆရာဖေမြင့်နဲ့ ကာတွန်းတွေကို ကြိုက်တာသုံးဆိုပြီး ပေးခဲ့တဲ့ ဆရာအော်ပီကျယ်။
- စာမူလိုတယ်ဆို စာမူ၊ ဘာသာပြန်ဖို့လိုရင် ဘာသာပြန်၊ စာရိုက်စရာရှိရင်လည်း ရိုက်ပေးခဲ့တဲ့ သူငယ်ချင်း ခွန်မြလှိုင်
- သံလွင်အိပ်မက်ကို စာမူတွေပို့ကြဖို့ ပလန်းနက်ထဲမှာရော တခြားနေရာတွေမှာပါ လိုက်ကြော်ငြာပေးတဲ့ ညီလင်းဆက်
- ၀တ္ထုတွေပို့ပေးခဲ့ကြတဲ့ ခရေဖြူ၊ ညီသစ်၊ နိုင်းနိုင်းစနေဇွဲလင်းလက်ကြယ်စင်၊ မင်းနေမာန်ခ၊ မွန်းသက်ပန်မအိမ်ချမ်းမြေ့
- ဆောင်းပါးတွေ ရေးပေးခဲ့ကြတဲ့ မဟနစံ၊ ချမ်းမြေ့သူ၊ စကားပန်း၊ မင်းသစ္စာ၊ မကေသွယ်
- ကဗျာတွေပေးပို့ခဲ့ကြတဲ့ သူတွေနဲ့ တခြားစာမူများကို ပေးပို့ခဲ့သူများ။
- သံလွင်အိပ်မက်အလှူလုပ်တိုင်း လိုက်ကူညီခဲ့သလို စာမူတွေလည်း ပေးခဲ့တဲ့ မိုးလှိုင်ည
- ကာတွန်းတွေကို လိုချင်တဲ့ပုံစံအတိုင်း ဆွဲပေးခဲ့တဲ့ ခန့်ငြိမ်းသက်။
- အင်တာဗျူးတွေကို တတ်နိုင်သလောက် ဖြေပေးခဲ့ကြသူများ။
- စာတွေကူရိုက်ပေးခဲ့ကြတဲ့ နေနေနိုင်၊ ဒီမို၊ မချစ်လေပြေ Heaven CyberCafeက မိသားစုများ။
- နိုင်ငံတကာက သံလွင်အိပ်မက်အဖွဲ့ဝင်တွေ။
- အဝေးတစ်နေရာက အမြဲအားပေးနေကြတဲ့ အကို၊ အမများ။
- စကားဝိုင်းထဲမှာ ၀င်ရောက်ဆွေးနွေးခဲ့သူများ။
- ဝေဖန်အကြံပြု၊ အားပေးစာများ ပေးပို့ခဲ့သူများ။
- Websiteအတွက် ကျခံခဲ့ရသော ငွေကြေးများ။
- Issueတစ်ခု ထွက်ခါနီးတိုင်း အိပ်ပျက်ခဲ့သော ညများ။
- အခုဒီအထဲမှာ မပါပေမယ့် တခြားတခြားသော ကျေးဇူးတင်ထိုက်သူများနဲ့
- သံလွင်အိပ်မက် အမှတ်(၁)မှ အမှတ်(၁၁)ထိ အားပေးခဲ့တဲ့ စာဖတ်ပရိသတ်ကြီးကို အထူးကျေးဇူးတင်ရှိပါကြောင်း အယ်ဒီတာအားလုံးရဲ့ ကိုယ်စားပြောချင်ပါတယ်။
သံလွင်အိပ်မက်ဟာ ပြည်တွင်းနဲ့ ပြည်ပရောက် မြန်မာလူငယ်များအတွက် ရည်ရွယ်ပြီးထုတ်ဝေမယ်လို့ မူချမှတ်ခဲ့တာနဲ့ အညီ အဲဒီမူနဲ့ မကိုက်ညီတဲ့ စာမူများ၊ အရေးအသားအားနည်းတဲ့ စာမူများ၊ အကြောင်းအရာပိုင်း မပြည့်စုံတဲ့ စာမူများကို ပယ်ခဲ့ရတဲ့ အတွက်အလွန် စိတ်မကောင်းဖြစ်မိပါတယ်။

သုံးနှစ်သား သံလွင်အိပ်မက်မှသည် နောင်နှစ်ပေါင်းများစွာတိုင် စာဖတ်သူတွေကို သုတ၊ ရသပေးနိုင်တဲ့ တိုင်းပြည်နဲ့ လူမျိုးကို အကျိုးပြုသော မဂ္ဂဇင်းတစ်စောင်ဖြစ်သွားဖို့ ဆုမွန်ကောင်း တောင်းရင်း သံလွင်မောင်ရဲ့ သူငယ်ချင်းသို့ ပေးစာ(၅) မှာ ဖော်ပြခဲ့တဲ့ စာသားတစ်ချို့ကို ပြန်ဖော်ပြပေးလိုက်ပါတယ်။

``တို့ဗမာလူငယ်တွေလည်း ကမ္ဘာအနှံ့ ခြေစင်္ကြာဖြန့်နေလိုက်ကြတာ မြန်မာပြည်မှာ လူငယ်တွေ ကျန်မှ ကျန်သေးရဲ့လားလို့တောင် ထင်မိတယ်။ နိုင်ငံတကာ အတွေ့အကြုံတွေ များတော့ ကောင်းပါတယ်လေ။ ဒါမှ အနာဂတ် မြန်မာပြည် တည်ဆောက်ဖို့ အတွက် အတွေ့အကြုံကောင်းတွေ၊ အမြင်သစ်တွေ၊ အတွေးအခေါ်ဆန်းတွေကို ပြန်ပြီး သယ်လာနိုင်မှာ မဟုတ်လား။ ဧပရယ်လ်ရယ်...ဘာပဲဖြစ်ဖြစ် သိပ်မဝေးတဲ့ အနာဂတ်မှာ ငါတို့ ချစ်တဲ့ မြန်မာပြည် တိုးတက်ကောင်းစားရေးအတွက် ငါတို့လူငယ်တွေ အားလုံးအတူတကွ ကိုယ်စီကိုယ်ငှ တာဝန်ယူကြမယ်လို့ဖြင့် ငါတော့ ယုံကြည်မိတယ်။ `ဒါတို့ပြည်၊ ဒါတို့မြေ ဒို့ပိုင်တဲ့မြေ´လို့ ငါတော့ ခပ်တိုးတိုးလေး ညည်းရင်း ငါတို့လူငယ်တွေ အားလုံး ငါတို့မြေမှာ ပြန်ဆုံကြမယ့် နေ့ရက်တွေကို မျှော်လင့်မိတယ်။´´

ညီညီနဲ့ သံလွင်အိပ်မက်

နေဘုန်းလတ်နဲ့ သံလွင်အိပ်မက်