Sunday, December 28, 2014

လက်ဝဲလက်ယာ နိုင်ငံရေး


အရင်က နိုင်ငံရေးသိပ္ပံသီအိုရီတချို့ကို အသုံးချပြီးရေးရင် လက်ဝဲလက်ယာ အသုံးအနှုန်းတွေကိုသုံးလေ့ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဒီ လက်ဝဲလက်ယာ အသုံးအနှုန်းတွေနဲ့ မရင်းနှီးသူတွေ အတွက် အများအားဖြင့်ချန်လှပ်ထားခဲ့ပါတယ်။ အခုတော့ လက်ဝဲလက်ယာတွေ တကြော့ပြန်လာတဲ့အတွက် နည်းနည်းပြန်ဖော်ပြချင်ပါတယ်။

နိုင်ငံရေးအယူအဆခေါ် အိုင်ဒီယိုလိုဂျီတွေအများကြီးရှိကြပါတယ်။ ဒီလို အယူအဆတွေကို နားလည်ဖို့အတွက် Political Spectrum ဆိုတာကို အရင်နားလည်ဖို့လိုပါတယ်။ Political spectrum ဆိုတာ မျဉ်းဖြောင့်တစ်ကြောင်းပေါ်မှာ အိုင်ဒီယာတွေကို နီးစပ်ရာအကန့်လိုက် တင်ထားကြည့်လိုက်တဲ့ သဘောပါပဲ။ ပေတံတချောင်းပေါ်မှာ တင်ထားကြည့်လိုက်တဲ့သဘောပေါ့။
အဲ့လိုတင်ထားကြည့်လိုက်တဲ့အခါမှာ အကြမ်းဖျင်း လက်ဝဲနဲ့လက်ယာ အုပ်စုနှစ်ခု တွေ့ရပါတယ်။ (လက်ဝဲလက်ယာသမိုင်းကတော့ ကိုထိုက်ရေးဖူးပါတယ်။)

လက်ဝဲအုပ်စုတွေရဲ့ အိုင်ဒီယိုလိုဂျီက ဘယ်ဖက်အစွန်းဆုံးကနေအလယ်အထိ စီလိုက်ရင် မင်းမဲ့ဝါဒ၊ ကွနမြူနစ်ဝါဒ၊ ဆိုရှယ်လစ်ဝါဒ အလယ်နားမှာကျတော့ ဆိုရှယ်လစ်ဘရယ်ဝါဒ ခေါ် ဒီမိုကရက်တစ်ဆိုရှယ်လစ်ဇင်အစိုးရဖြစ်ပါတယ်။ ညာဖက် အစွန်းဆုံးကို ကြည့်လိုက်ရင် ဖက်ဆစ်ဝါဒ၊ နာဇီဝါဒ၊ ဘာသာရေးအစွန်းရောက်ဝါဒများ၊ မျက်ကန်းမျိုးချစ်ဝါဒ၊ မျိုးချစ်ဝါဒ၊ နောက် ကွန်ဆာဗေးတစ်လက်ယာဝါဒ၊ ဒီမိုကရက်တစ်ကွန်ဆာဗေတစ်ဇင်ဝါဒ ဆိုပြီး ရှိတတ်ပါတယ်။
လက်ဝဲအိုင်ဒီယာတွေက မာ့စ်၊ ကွန်မြူနစ်သဘောတရားတွေကိုအခြေခံတတ်ပါတယ်။ မာ့စ်တို့ဟာလဲ ယခင် ဟေဂဲလ်တို့ဒဿနတွေအပေါ် တည်မှီပါတယ်။ အခြေခံအားဖြင့် ယနေ့လူ့ဘောင်ပဋိပက္ခတွေဖြစ်နေရတာဟာ မညီမျှမှုစံနစ်တွေကြောင်င့်္ဖြစ်တယ်။ ဒီစံနစ်တွေကို လုပ်ဆောင်နေတာ ဖောက်ပြန်တဲ့ ဓနရှင်လက်တစ်ဆုပ်စာကြောင့်ဖြစ်တယ်။ ဒါကြောင့် ဒီဖောက်ပြန်သူတွေကို လူများစု နင်းပြားတွေက လွတ်မြောက်ရေးအတွက် လူတန်းစားတိုက်ပွဲဆင်နွဲရမယ်ဆိုတဲ့ သဘောတရားကို အခြေခံပါတယ်။

ဒါပေမယ့်ကမ္ဘာ့သမိုင်းမှာ ကွန်မြူနစ်ခေါင်းဆောင် စတာလင်၊ မော်စီတုန်းတို့ဟာ လူပေါင်းများစွာ သတ်ဖြတ်ခဲ့ပြီး ပြည်သူလူထုကို နှိပ်စက်ခဲ့ပါတယ်။ မြောက်ကိုးရီးယား ကင်ဂျုံအီးလ်အပါအဝင်ပေါ့။ ကျူးဘားက ကတ်စ်ထရိုသည်လဲပဲ အာဏာကို နှစ်ပေါင်းများစွာ ဆုပ်ကိုင်ထားခဲ့ပါတယ်။ လက်ဝဲကွန်မြူနစ်စံနစ်က နိုင်ငံအပြောင်းအလဲအတွက် အာဏာရှင်အစိုးရတစ်ရပ်ကိုဖော်ဆောင်ပြီး ဘုံစံနစ်ကိုအကောင်အထည်ဖော်ပါတယ်။

နောက်ပိုင်းမှာတော့ ဒီလက်ဝဲဝါဒကို ပျော့ပြောင်းတဲ့ဒီလစ်ဘ၇ယ်လစ်ဇင်ရယ် ဒီမိုကရေစီအစိုးရစံနစ်ရယ်မှာ ပေါင်းစပ်လိုက်တဲ့အခါ ဆိုရှယ်ဒီမိုကရက်တစ်တွေဖြစ်လာပါတယ်။ လက်ဝဲစံနစ်အရ ပြည်သူလူထုကိုအသားပေးရပါတယ်။ ဒီမိုကရက်တစ်စံနစ်ကြောင့် စတာလင်တို့လို အာဏာရှင်တွေ ထွက်မလာပါဘူး။ ဒါ့ပြင် ဒီမိုကရေစီစံနစ်ကြောင့် လူတန်းစားအားလုံးကိုလဲ တပြေးညီဆက်ဆံရတဲ့အတွက် ဟန်ချက်မှုပြီးအေးချမ်းတည်ငြိမ်မှုဖြစ်ထွန်းလာပါတယ်။
လက်ဝဲအစိုးရတွေဟာ သာတူညီမျှချမ်းသာရေးကို ဦးစားပေးတတ်တဲ့အတွက် စီးပွားရေးမှာ ဘောဂဗေဒပညာရှင် ဂျွန်မေးနက်ကိန်းရဲ့ အယူအဆတချို့ဖြစ်တဲ့ နိုင်ငံတော်ဗဟိုက စီးပွားရေးကိုချုပ်ကိုင်ခြင်းကို အလွန်အားထားတတ်ကြပါတယ်။ ယနေ့ တရုတ်ကွန်မြူနစ်ရဲ့ Mixed Economy ဆိုတာ ဒီလိုသဘောတရားပဲဖြစ်ပါတယ်။ နောက်ပြီး ပညာရေး၊ ကျန်းမာရေး စတဲ့ အရာတွေအားလုံးကို အစိုးရက တာဝန်ယူလေ့ရှိပါတယ်။ ဒီအတွက်ပြည်သူလူထုက အခွန်အခကို များများပေးပြီး အစိုးရကို ကူညီရပါတယ်။ ဒီလိုနည်းနဲ့ ငွေမရှိလို့ လူသေရတယ်၊ ငွေမရှိလို့ ပညာမဲ့ဖြစ်ရတယ်ဆိုတဲ့ ကွာဟမှုတွေ နည်းပါးသွားပါတယ်။ ယနေ့အောင်မြင်နေတဲ့ နိုင်ငံတွေကတော့ စကင်ဒီနေးဗီးယန်းနိုင်ငံများ (နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ်၊ ဖင်လန်) စတဲ့နိုင်ငံများဖြစ်ပါတယ်။ ဒီနိုင်ငံတွေမှာ ပညာရေးစံနစ်တွေ အထူးအောင်မြင်တာကိုတွေ့ရပါလိမ့်မယ်။ Nordic Model လို့ခေါ်ပါတယ်။ အားနည်းချက်ကတော့ အစိုးရဟာ တတိုင်းပြည်လုံးကိုထောက်ပံ့ဖို့ အလွန်ကြီးမားတဲ့ဝန်ထုပ်ဝန်ပိုးကိုထမ်းရတတ်ပါတယ်။

လက်ယာဝါဒတွေကတော့ လူမျိုးရေး၊ ဘာသာရေး ယဉ်ကျေးမှုစံနှုန်းတွေကို အသားပေးပါတယ်။ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ဆိုတဲ့အချက်ကို အထူးအလေးထားပါတယ်။ စီးပွားရေးစံနစ်မှာတော့ စီးပွားရေးလုပ်ငန်းရှင်တွေက "သူလုပ်မှသူရတာ" ဆိုတဲ့ တစ်ဦးချင်းပိုင်ဆိုင်မှု Equity ကို ကာကွယ်ပေးတတ်ပါတယ်။ အစိုးရက လုံးဝဝင်မစွက်တဲ့ လွတ်လပ်သော ကုန်သွယ်ရေး စီးပွားရေးစံနစ်ကို အားပေးပါတယ်။ ဒီလို လွတ်လပ်ပြီး စီးပွားရေးလုပ်ချင်တဲ့ လူတွေများမှ ကုန်ထုတ်လုပ်ငန်းတိုးတက်တာလို့ယုံကြည်ပါတယ်။ ပညာရေး ကျန်းမာရေးစတဲ့ကိစ္စတွေအတွက် ကိုယ့်တာဝန်ကိုယ်ယူပြီး စရိတ်မျှခံရတာကို အားမပေးပါဘူး။ ဒါပေမယ့် သူတို့အမြင်က ဖွံ့ဖြိုးတိုးတက်ပြီး လူချမ်းသာပေါများတဲ့ တိုင်းပြည်ဟာ ပညာရေး ကျန်းမာရေးအတွက်ကို ဖြုန်းအားပိုကောင်းတယ်။ ဒီတော့ အကောင်းဆုံးသော ဆားဗစ်တွေ တီထွင်မှုတွေရနိုင်တယ်ဆိုတဲ့ အမြင်ဖြစ်ပါတယ်။


မြန်မာ့နိုင်ငံရေး။ ။ မြန်မာပြည်မှာ အစဉ်အဆက်လွှမ်းမိုးခဲ့တာ လက်ဝဲနိုင်ငံရေးအယူအဆဖြစ်ပါတယ်။ အနီးစပ်ဆုံးကတော့ စတာလင်ဝါဒနဲ့ မော်ဝါဒ ဖြစ်ပါတယ်။ သခင်ကိုယ်တော်မှိုင်းရဲ့ အုပ်စု (ဗိုလ်ချုပ်တို့လူငယ်အုပ်စု)ဟာ လက်ဝဲ ဝါဒသမားတွေဖြစ်ပါတယ်။ ဗိုလ်ချုပ်ရဲ့ ပေါ်လစီဟာ ဒီမိုကရက်တစ်ဆိုရှယ်လစ်ဇင်အစိုးရပုံစံဖြစ်ပါတယ်။ နောက် ဗိုလ်ချုပ်သူငယ်ချင်း သခင်သန်းထွန်း သခင်စိုး တို့ဟာ ဗကပ အလံနီကွန်မြူနစ်ပါတီတွေကို ထူထောင်ခဲ့ကြပါတယ်။
ထူးခြားတာက ဗမာ့တပ်မတော်ကို သန္ဓေတည်ပေးလိုက်တဲ့ ဂျပန်တပ်မတော်သည် လက်ယာအိုင်ဒီယိုလိုဂျီပြင်းထန်လှတဲ့ဖက်ဆစ်တပ်မတော်ဖြစ်ပါတယ်။ ဒါနဲ့အတူ ယနေ့အချိန်အထိ အထင်အရှားတွေ့ရတာကတော့ မြန်မာတပ်မတော်သည် လက်ယာဝါဒ အမျိုးသားရေးဝါဒခေါ် နေရှင်နယ်လစ်ဇင်ကို ဆုပ်ကိုင်ထားတာပဲဖြစ်ပါတယ်။ နေရှင်နယ်လစ်ဇင်ရဲ့ ထင်ဟပ်မှုကိုတော့ တပ်မတော်ရဲ့ ဒို့တာဝန်အရေးသုံးပါးမှာတွေ့ရပါတယ်။ တပ်မတော်ရဲ့ အစဉ်အလာနိုင်ငံရေးပြိုင်ဘက်သည် ဗကပ ဖြစ်ပါတယ်။

တပ်မတော်ရဲ့နိုင်ငံရေးအိုင်ဒီယိုလိုဂျီက နေရှင်နယ်လစ်ဇင်ဖြစ်တဲ့အတွက် တပ်မတော်ရဲ့ စစ်ရေးတုန့်ပြန်မှုတွေဟာ Aggressive ဖြစ်ခဲ့တာကို တွေ့ရပါတယ်။ တပ်မတော်ရဲ့ နိုင်ငံရေးတုန့်ပြန်မှု ပုံစံတွေဟာ ရန်၊ငါ စည်းနဲ့ အုပ်စုခွဲခြားပုံစံဖြစ်တာကိုတွေ့ရပါလိမ့်မယ်။ တပ်မတော်အရာရှိတွေကို ပုံသွင်းထားတဲ့ Mind Framing အခြေခံနိုင်ငံရေးအယူအဆ သည် နေရှင်နယ်လစ်ဇင် ဖြစ်တဲ့အတွက် ငါတို့မရှိရင်တိုင်းပြည်ပြိုကွဲမယ်ဆိုတဲ့ အယူအဆသည် စိမ့်ဝင်နေပါတယ်။
အကယ်လို့သာ တပ်မတော်ရဲ့ အခြေခံနိုင်ငံရေးအိုင်ဒီယိုလိုဂျီသည်သာ လစ်ဘရယ်ဒီမိုကရေစီဖြစ်ခဲ့ရင် တပ်မတော်သားတွေရဲ့ အခြေခံအခွင့်အရေးတွေနဲ့ လွတ်လပ်ခွင့်တွေကို ခွင့်ပြုရပါလိမ့်မယ်။ ဒီလို လွတ်လပ်ခွင့်ရတာနဲ့ ဝေဖန်ဆန်းစစ်ခြင်းပါ တပါတည်း ပါလာပြီး Check and balance သဘာဝဟာ တပ်တွင်းမှာ ထင်ရှားဖြစ်ထွန်းလာပါလိမ့်မယ်။ ဒီလို အနေအထားသည် အာဏာရှင်လုံးဝ မကြိုက်တဲ့အနေအထားဖြစ်ပါတယ်။ ဒါကြောင့် တပ်သားတွေရဲ့ Mind Set ကိုဘယ်လိုပြောင်းမလဲဆိုတဲ့မေးခွန်းအတွက် တပ်သားတွေရဲ့အခြေခံလွတ်လပ်ခွင့်ကိုပေးအပ်လိုက်ရင် လစ်ဘရယ်ဒီမိုကရေစီသဘောတွေထည့်သွင်းပေးလိုက်ရင် Mind Set တွေပြောင်းလာပါလိမ့်မယ်။
ဆက်ရရင်1988 နောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဖဆပလနောက်ပိုင်းအင်အားကြီးပါတီအဖြစ် ထွက်လာခဲ့တဲ့အခါမှာ လက်ဝဲယိမ်း ဆိုရှယ်ဒီမိုကရက်ပုံစံနဲ့ထွက်ပေါ်လာခဲ့ပါတယ်။
ဒါပေမယ့် ဗမာ့နိုင်ငံရေးမှာ လက်ယာဒီမိုကရက်စစ်စစ် များကို လုံးဝမတွေ့ရဘဲ နေရှင်နယ်လစ်များကိုသာ တွေ့ရတာကတော့ ထူးခြားမှု တစ်ရပ်ပါပဲ။
သဘာဝအားဖြင့် လက်ဝဲအစဉ်အလာ ရှိတဲ့တိုင်းပြည်မှာ နိုင်ငံရေးလွတ်လပ်ခွင့်တစ်ခုရလာတာနဲ့ လက်ယာဒီမိုကရက်တွေ ပေါ်ပေါက်လာလေ့ရှိပါတယ်။ အခု ပေါ်ပေါက်လာခဲ့ပေမယ့် ဘာသာရေးစိတ်ပြင်းထန်သော အဖွဲ့တွေသာ ပေါ်ပေါက်လာခဲ့တာကတော့ ထူးခြားမှုတစ်ခုပဲဖြစ်ပါတယ်။


လက်ဝဲဒီမိုကရက်ပဲဖြစ်ဖြစ်၊ လက်ယာ ဒီမိုကရက်ပဲဖြစ်ဖြစ်
-လူ့အခွင့်အရေး
-ပြည်သူ့လွတ်လပ်ခွင့်နှင့် သန့်ရှင်းမျှတသော ရွေးကောက်ပွဲ
-ဒီမိုကရေစီအစိုးရစံနစ်
ဒီအခြေခံကို မမှိတ်မသုန် ယုံကြည်ကြပါတယ်။
အစွန်းရောက်လက်ဝဲ လက်ယာ ဝါဒတွေကို ပြည်သူ့လွတ်လပ်ခွင့် နဲ့ တစ်ဦးချင်း လွတ်လပ်ခွင့်ကို ဦးစားပေးတဲ့ လစ်ဘရယ်လစ်ဇင်ဝါဒက ထိန်းကျောင်းပေးသွားပြီး အစိုးရတွေ ထင်ရာစိုင်းမသွားအောင် အာဏာရှင်ဖြစ်မသွားအောင် ဒီမိုကရေစီစံနစ်က ပဲ့ကိုင်ပေးသွားလို့ဖြစ်ပါတယ်။ ဒါကြောင့်ယနေ့ လစ်ဘရယ်ဒီမိုကရေစီဟာ ကမ္ဘာ့နိုင်ငံတွေမှာအောင်မြင်နေတာဖြစ်ပါတယ်။
ယနေ့ ဟန်ဝင်းအောင်တို့ ဗကသ တချို့ လုပ်တဲ့ ပုံစံက တော့ ယခင် လက်ဟောင်းကွန်မြူနစ်ပုံစံဖြစ်ပါတယ်။ ဒါကြောင့်လဲ အစဉ်အလာပြိုင်ဘက် တပ်ထွက်တွေနဲ့ ဖွဲ့ထားတဲ့ သမ္မတရုံးကလူတွေက ဗကပ ပုံစံလို့ စွပ်စွဲတာဖြစ်ပါတယ်။ ဗမာပြည်လက်ဝဲတွေဟာ ယနေ့ အောင်မြင်နေတဲ့ Nordic Model, Democratic Socialism စတဲ့လိုက်လျောညီထွေရှိတဲ့ လက်ဝဲပုံစံမျိုးထက် အရင်ခေတ်ဟောင်း လက်ဝဲပုံစံမျိုးကိုသာ အားသန်ကြတာကိုတွေ့ရပါတယ်။ ပြောရင်လဲ အလွန်ဆွေ့ဆွေ့ခုန်တာကလဲ ထူးခြားမှုတစ်ခုပါပဲ။
နောက် ပေါ်ပေါက်လာသင့်တာက လက်ယာဒီမိုကရစ်စစ်စစ်တွေဖြစ်ပေမယ့် ဦးဝီရသူတို့လို အုပ်စုတွေဖြစ်လာခဲ့တာကတော့ စိတ်မချမ်းသာစရာပါပဲ။ သဘာဝအားဖြင့် ဦးဝီရသူတို့အုပ်စုဟာ အခြေခံအိုင်ဒီယိုလိုဂျီမမှန်တဲ့အတွက် မုချ အားနည်း ကျဆုံးသွားရမှာဖြစ်ပါတယ်။ အချိန်တခုအပြီးမှာ မုချ အားနည်းသွား၇မယ့်အဖွဲ့လဲဖြစ်ပါတယ်။

လက်ရှိလက်ဝဲလက်ယာ နိုင်ငံရေးလှုပ်ရှားမှုတွေကို ခေတ်ပြိုင်ဥပမာတွေနဲ့ ထင်ဟပ်ပြတာပါ။

ကိုမျိုးဆက် ဖေ့ဘုတ်မှ ကူးယူသည်။