Thursday, October 25, 2007

ကျွန်တော်နှင့် ဆံသဆိုင်

၇တန်းလောက်တုန်းက အတန်းပိုင်ဆရာက ပြောဖူးတယ်။ ယောက်ျားလေးဆိုတာ မိန်းကလေးတွေလို မျက်နှာကို အလှပြင်လို့ရတာမဟုတ်ဘူးတဲ့။ ဆံပင်ပုံစံကို သပ်သပ်ရပ်ရပ်ဖြီး၊ စမတ်ကျကျနေလို့ပဲ ရတာတဲ့။ သူငယ်ချင်းတစ်ယောက် ခေါင်းစုတ်ဖွားနဲ့ ကျောင်းလာလို့ ပြောဖူးတဲ့ ဆရာရဲ့ စကားပါ။ ၈တန်းရောက်တော့လည်း “ငါက ဗိုလ်ချုပ်အောင်ဆန်းကို လေးစားလို့ ဗိုလ်ချုပ်ကေထားတာ” ဆိုပြီး အာနိုးဆံပင်ပုံစံနဲ့ နေဘုန်းလတ်တို့ အတန်းပိုင်ဆရာက ပြောပါတယ်။ အဲဒီအချိန်တုန်းက ကျွန်တော့်ဆံပင်ပုံစံက ဖြောင့်ဖြောင့်စင်းစင်းဆံပင်ကို အလယ်ခွဲလေးနဲ့ပါ။ အဲဒါကို အကိုက ဘားလမ်းမှာ ရှိတဲ့ Tony TunTunဆိုတဲ့ဆိုင် အရမ်းနာမည်ကြီးတယ် ဆိုပြီး ခေါ်သွားပြီး ညှပ်ခိုင်းပါတယ်။ ဆံပင်ညှပ်ပြီး အိမ်ပြန်ရောက်တော့ အမေက တန်းဆူတော့တာပဲ။ ဆံပင်သွားညှပ်တဲ့ဟာ ဆံပင်မတိုလာလို့တဲ့။ အခုအဲဒီဆိုင်ကို ပြန်သွားပြီး ထပ်ညှပ်ခိုင်းတဲ့။ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်လည်း ဘာလုပ်လို့လုပ်ရမှန်းမသိနဲ့ပေါ့။

တကယ်တမ်းရန်ကုန်မှာ ကျွန်တော်ဆံပင်ညှပ်နေကျဆိုင်က သမ၀ါယမဆိုင်ဘေးနားမှာ ကပ်ဖွင့်ထားတဲ့ဆိုင်ပါ။ မှတ်မိသလောက် ဆံပင်ညှပ်ခက ၅၀ကျပ်ပါ။ သူငယ်ချင်းတွေကတော့ သမ၀ါယမဆိုင်မှာ ညှပ်လို့ ၀ိုင်းစကြပါတယ်။ ကျွန်တော်ကတော့ အိမ်နဲ့လည်းနီး ငယ်ငယ်လေးကတည်းက ဒီဆိုင်မှာပဲ ညှပ်နေကျဆိုတော့ သမ၀ါယမဆိုင်မှာပဲ ညှပ်ပါတယ်။ နောက်ပိုင်းကျတော့ ဆံပင်ညှပ်ပြီးခေါင်းပါ လျှော်လို့ရတဲ့ ViLasမှာ ညှပ်ဖြစ်ရော။ အိပ်ရာလေးပေါ်မှာ မပူမနွေးရေလေးနဲ့ ဇိမ်ကိုကျလို့။ ဒါပေမယ့် နောက်ပိုင်း စင်္ကာပူကို ရောက်တော့ မလေးတွေ ညှပ်တဲ့ဆိုင်သွားလိုက် တရုတ်တွေ ညှပ်တဲ့ဆိုင်သွားလိုက်နဲ့ပေါ့။ Short Cutဆိုပြောပြီး ထိုင်နေလိုက်ရုံပဲ။ သူ့ဘာသာ ညှပ်ချင်တဲ့ပုံညှပ်။ နောက်ဆုံး ဆံပင်တိုသွားရင်၊ နောက် တစ်လခွဲ နှစ်လလောက် ဆံပင်ညှပ်စရာမလိုတော့ရင် ပြီးတာပဲ။ ရန်ကုန်ကို အလည်ပြန်ခါနီးဆိုရင်တော့ နှစ်လသုံးလလောက် ဆံပင်မညှပ်တော့ပဲ ပြန်ရောက်ပြီး နောက်တစ်ရက်မှာ ဆံပင်ညှပ်၊ ခေါင်းလျှော်၊ မျက်နှာပါဆေးလိုက်ပါတယ်။



ရန်ကုန်က သူငယ်ချင်းတွေ ရောက်စက ဒီကဆိုင်တွေမှာ ဘယ်လိုပြောပြီး ညှပ်ရမှန်းမသိလို့ ဒီမှာအနေကြာနေပြီဖြစ်တဲ့ သူငယ်ချင်းတစ်ယောက်ကို ခေါ်သွားပြီး လိုချင်တဲ့ပုံစံကို ပြောခိုင်းကြတာလည်း ကြုံဖူးပါတယ်။ ၂၀၀၃ခုနှစ်လောက်ကစပြီး ပင်နီဇူလားမှာ မြန်မာဆံပင်ညှပ်ဆိုင်တွေ တစ်ဆိုင်ပြီး တစ်ဆိုင်ပေါ်လာတော့ သူငယ်ချင်းတွေအတွက် အဆင်ပြေသွားပေမယ့် ကျွန်တော်ကတော့ အိမ်နားက တရုတ်အဘိုးကြီးဆိုင်မှာပဲ ညှပ်ကောင်းတုန်းပေါ့။ ကျန်ခဲ့တဲ့ တနင်္ဂနွေနေ့ကတော့ လမ်းပြကြယ်မှာ လူနည်းနည်းပါးတုန်း စာကြည့်တိုက်က အကိုတစ်ယောက်ကို ခွင့်တောင်းပြီး ဖွင့်တာ မကြာသေးတဲ့ Vilasမှာ သွားညှပ်ဖြစ်ပါတယ်။ ဆံပင်ညှပ်၊ ခေါင်းလျှော်ဆိုရင် ၁၂ဒေါ်လာ၊ မျက်နှာပါဆေးမယ်ဆိုရင် ၁၆ဒေါ်လာဆိုတာနဲ့ မထူးပါဘူးဆိုပြီး အကုန်လုပ်ခဲ့တယ်။ ကုတင်အသေးလေးပေါ်မှာ လှဲပြီး ခေါင်းလျှော်ခံရတာ ဇိမ်ကိုကျလို့။ စင်္ကာပူမှာ ပထမဆုံး ဆံပင်ညှပ်ဆိုင်မှာ ခေါင်းလျှော်ဖူးတာဖြစ်ပြီး မြန်မာဆိုင်မှာ လည်း ပထမဆုံး ညှပ်ဖူးတာပါ။ ရန်ကုန်မှာကတည်းကလည်း ကိုယ်ညှပ်နေကျVilas ဖြစ်တဲ့အတွက် Serviceကလည်း ပြောစရာမလိုပါဘူး။

နောက်မှ သေသေချာချာ သတိထားမိတာက ပန်နီဇူလားမှာ ကစ်ကစ်၊ မမကြီး၊ မောရှမ်း၊ Vilas စသည်ဖြင့် မြန်မာဆံပင်ညှပ်ဆိုင် ၄၊ ၅ဆိုင်လောက် ရှိပါလားလို့။ ဒီဆိုင်တွေ ရပ်တည်နိုင်ဖို့အတွက် တော်ရုံတန်ရုံ မြန်မာcustomerတွေ ရှိရုံနဲ့ မဖြစ်လောက်ဘူးလို့။ သေချာတာတော့ ဆံပင်ညှပ်ဆိုင်တွေ ထပ်ထပ်ပြီး တိုးလာတာ ပုံမှန်လာညှပ်နေတဲ့ မြန်မာတွေ များများလာလို့ပါ။ နောက်ဆို ရန်ကုန်မှာ နာမည်ကြီးနေတဲ့ ကိုကို-ညီညီတို့ ဘာတို့ကိုတောင် ပန်နီဇူးလားမှာ တွေ့ရတော့မယ် ထင်တယ်။ သြော်... စင်္ကာပူမှာ မြန်မာတွေ ဘယ်လောက်များလည်းဆိုတာ ဆံပင်ညှပ်ဆိုင်တွေက သက်သေပြနေသလားပဲ။ ဆံပင်ညှပ်ပြီး လမ်းပြကြယ်ပြန်ရောက်တော့ စာကြည့်တိုက်က အမှန်ကို မြင်တတ်တဲ့ အကိုကြီးကတောင် သန့်လို့ပြန့်လို့ပါလားတဲ့။ ကျွန်တော်လည်း ဘာပြန်ပြောရမှန်း မသိတော့ ... ဟဲဟဲ ... ဟဲဟဲ ပေါ့။

8 comments:

Nay Nay Naing said...

အဟမ်.. အဟမ်... ချောင်းဆိုးတာပါ.. .. :D ဒါနဲ့  ဖိနပ်အသစ်နဲ့  သိပ်လှနေတယ်လား..

Chaos said...

ဓါတ်ပုံပြပါလား
ကေ အသစ်နဲ့ဆိုတော့
ဟဲ

မျှားပြာ said...

ပျော်ရွှင်ဖွယ်ရာ သီတင်းကျွတ်လပြည့်နေ့ဖြစ်ပါစေ ကိုဇင်ကို
လတ်ရေ ... သန့်ပြန်နေတယ်ပေါ့

NayPhoneLatt said...

ငါလဲ မင်းနဲ့ပေါင်းမှပဲ ခေါင်းလျှော်ရတာ ကောင်းတယ်ဆိုတာ သိတော့တယ် ...
ပြောရင်းဆိုရင်း ခေါင်းပူလာပြီ ... သွားလိုက်ဦါ်မယ် ...း-)

ခွန်မြလှိုင် said...

မျက်နှာက ဆိုင်မှာ ဆေးယူရတယ် ဆိုတော့ မနက်တိုင်း မျက်နှာသစ်တာ ဂျီးမပြောင်လို့လားဟင် မသိလို့ မေးတာနော် ခွစ်ခွစ်

Unknown said...

N3 - ဟဲ့...ကလေးမ လူကြီးကို အဲလိုပြောစရာလား။

chaos - ဓါတ်ပုံလား။ ပြတော့ ပြချင်ပေမယ့် ၀လွန်းလို့ ဘလော့ခ်နဲ့တောင် မဆံ့လောက်ဘူးထင်လို့ ပိန်သွားမှ ပြမယ်နော်။

မျှားပြာ - ဟုတ်ကဲ့ပါခင်ဗျာ. မျှားပြာအတွက်လည်း ပျော်ရွှင်ဖွယ်သီတင်းကျွတ်လပြည့်နေ့ ဖြစ်ပါစေ။

နေဘုန်းလတ် - ဟားဟား... ပိုင်ပ။ ဒိုးမယ်။ မင်း..ဒီလာရင် Vilasမှာ ခေါင်းသွားလျှော်မယ်။

Khunmyahlaing - သူတို့က ရှယ်သစ်ပေးတာဟ။ အိမ်မှာကိုယ့်ဘာသာ သစ်တာနဲ့မတူဘူး။ တခါမှမသွားဘူးတာ သိသာလိုက်တာ။ ခွိခွိ

Anonymous said...

အလဲ့ ဆံပင်ညှပ် ၊ ခေါင်းလျှော် ၊ မျက်နှာဆေး ထားတဲ့ အသစ်ကေပုံစံလေး ပြပါဦးဗျို့ ။ မြင်ဖူးချင်လို့ပါ အဟား ။

Unknown said...

အဟီး... မြင်ဖူးချင်ရင် လမ်းပြကြယ်လာခဲ့လေ။ ဘလော့ခ်ပေါ်တော့ မတင်ချင်ပါဘူး။ တော်ကြာ နေဘုန်းလတ်က ကျွန်တော့်ကိုယ်ကို ကြော်ငြာတယ် ပြောနေပါဦးမယ်။