Friday, December 23, 2011

အခွန်ကိစ္စနဲ့ တကယ့်စေတနာ


မနေ့ကပဲ အခွန်တွေပေးစရာမလိုတော့ဘူးဆိုပြီး အမိန့်ကြေငြာစောင် တစ်စောင်ထွက်လာတော့ သို့လော သို့လောနဲ့ ဟုတ်ရဲ့လား မှန်ရဲ့လားဆိုပြီး ညီညီ(သံလွင်)နဲ့ နှစ်ယောက်သား လိုက်လံစုံစမ်းကြပါသေးတယ်။ အောက်က အတွင်းရေးမှူး တင်မျိုးကြည်ဆိုတာ ဘယ်သူလဲ၊ အပေါ်က fax ထိုးထားတဲ့ နေ့ရက်နဲ့ အချိန်၊ အလယ်မှာ ရေးထားတဲ့ စာအရေးအသား။ စတာတွေကို အရင်ကြေငြာချက်အဟောင်းတွေနဲ့ တိုက်ကြည့်၊ ဘယ်သတင်းဌာနမှာမှလည်း မပါသေးပါလား ဟုတ်ရဲ့လားဆိုပြီး စဉ်းစားနဲ့ လုပ်နေလို့ ကောင်မလေးကတောင် စုံထောက် ဦးစံရှားလုပ်နေတယ်ဆိုပြီး စနေပါသေးတယ်။ စုံထောက်မောင်စံရှားတို့ ဆားပုလင်းနှင်းမောင်တို့ ဖတ်ထားတာ ဒီအချိန်မှာ အသုံးမချ ဘယ်အချိန်အသုံးချမလဲ။ ဒီကိစ္စက သိပ်ကိုအရေးကြီးတဲ့ကိစ္စပါ။ မစုံစမ်းလို့လဲမရပါဘူး၊ အခုလခရမယ့် ၁၃ လစာလေးကို ပထမတော့ အခွန်ဆောင်မလို့ထားတာပါ။ ပေးစရာမလိုဘူး၊ သေချာတယ်ဆိုရင်တော့ တခြားအကြွေးလေးဘာလေးဆပ်၊ အိမ်ကိုပြန်ပို့စရာရှိပို့၊ လှူစရာရှိတာလေးလှူလို့ စင်္ကာပူမှာ မစားဖူးတဲ့ အစားကောင်းတွေ စားလိုက်မယ်ဟဲ့လို့ ကြံစည်နေလေတော့ သိဖို့က လိုအပ်ပါတယ်။ 

ဒီနေ့တော့ အစိုးရသတင်းစာတွေရော အစိုးမရသတင်းစာတွေပါ တရားဝင်ပါလာပါပြီ။ FB ထဲမှာလည်း အားပွားလုပ်တဲ့လူကလုပ်၊ သမ္မတကြီးကို ချစ်သွားပြီ ဆိုသူကဆို၊ ဒါဟာအမှန်ပဲ အိပ်မက်မဟုတ်ပါလို့ တင်သူကတင်နဲ့ အပျော်ကြီးပျော်နေကြပါတယ်။ အဲဒီကိစ္စကို Double Tax မကောက်ခံရေးအနေနဲ့ ကြိုးစားခဲ့ကြတဲ့ ခရီးလမ်းကို ပြန်မြင်ယောင်မိတော့ တော်တော်လေးကို ရင်မောပြီး အလုံးကြီးတော်တော်ကျသွားသလို ခံစားမိပါတယ်။ တကယ်မပေးရတော့မှ နောင်ဘယ်တော့မှ ပေးစရာမလိုတော့မှ သံရုံးမှာ သက်တမ်းတိုးပြီးတော့မှ အပြည့်အ၀ပျော်နိုင်မှာပါ။ ဟိုးအရင် ခုနှစ်တွေကတည်းက စင်္ကာပူရောက်မြန်မာတွေကြိုးစားခဲ့ကြတဲ့ အခွန်မဆောင်ရရေးကြိုးပမ်းချက်တွေ ပြီးမြောက်သွားတဲ့အထိမ်းအမှတ်နဲ့ သွားအဖြဲသားလုပ်လို့ စားမြုံ့ပြန်ချင်ပါတယ်။ ၀မ်းသာလွန်းလို့ပါ။

၂၀၀၄ လောက်က ထင်ပါတယ် အွန်လိုင်းမှာ အခွန်မဆောင်ရရေး Petition တစ်ခုကို မြန်မာနိုင်ငံဖက်က သံအမတ်ကြီးဦးလှသန်း၊ ဘဏ္ဍာရေးဝန်ကြီးလှထွန်း၊ စင်္ကာပူက လက်ထောက်ဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီး ရာထူးနှစ်ခုယူထားတဲ့ လီရှန်လွန်း(လီရှန်လွန်းဆိုတာ အခု စင်္ကာပူရဲ့ ၀န်ကြီးချုပ်ပါ၊ အရပ်စကားနဲ့ ပြောရရင် အဲဒီအချိန်က ငချွတ်လေးပေါ့။း) ဟိဟိ အစိုးရရာထူးကြီးနှစ်ခုယူထားတဲ့ ငချွတ်လေး၊ ထားပါ) ပြီးတော့ သတင်းဌာနကြီးတွေကို လိပ်မူတပ်ပြီး လုပ်တဲ့ Petition ပါ။ လုပ်တဲ့သူကတော့ ကိုသီဟလို့ သိထားပါတယ်။ အခုထိ ဒီနေရာမှာ ရှိနေပါသေးတယ်။ 


နောက်ထပ်တစ်ဖွဲ့ကတော့ ၂၀၀၇နှစ်ဆန်းပိုင်းလောက်ကစတဲ့ DTASG ဆိုတဲ့ ကိုနိုင်မိုးအောင်နဲ့ အဖွဲ့ပါ။ သူတို့ကတော့ စင်္ကာပူရဲ့ အစိုးရအဖွဲ့အစည်းဖြစ်တဲ့ IRAS မှာ ရှိတဲ့ မြန်မာနဲ့ စင်္ကာပူ ၂နိုင်ငံအကြားက အခွန်နှစ်ထပ်မပေးဆောင်ရရေး စာချုပ် ကို လက်ကိုင်ထားလို့ စင်္ကာပူအစိုးရရုံးတို့ မြန်မာသံရုံးတို့အထိတက်ပြီးတိုင်ပါတယ်။ အဲဒါတွေရဲ့ အပြည့်အစုံတို့ သူတို့ဘလော့ခ်ဖြစ်တဲ့ ဒီနေရာမှာ သွားကြည့်နိုင်ပါသေးတယ်။
ကျွန်တော်တို့ သံလွင်အိပ်မက်နဲ့တောင် အင်တာဗျူးလုပ်လိုက်ပါသေးတယ်။


ပြီးတော့ ကျွန်တော်တို့ Temasek Poly Myanmar Thingyan တွေမှာလဲ ကိုသားကြီးရဲ့ “သားသားကြောက်တာ မြန်မာသံရုံး အမေရေကယ်ပါဦး”တို့ ၊ “ဘယ်သွားမလို့လဲ မောင်ရေခဲ”ဆိုပြီး သံရုံးအခွန်သွားဆောင်တဲ့ မောင်ရေခဲတစ်ယောက် လခ၂၀၀၀ အကုန်လုံးပြောင်တဲ့အကြောင်း စတာတွေကို နှစ်တိုင်း သံချပ်ထဲ ထည့်ပျက်လိုက်၊ ပြဇာတ်ထဲ ထည့်လိုက်နဲ့ သံအမတ်ကြီး ဦးလှသန်းတောင် တဟားဟားနဲ့ အော်ရယ်ခဲ့တဲ့ ဟာသလေးတွေကို အမှတ်ရစေပါသေးတယ်။ ဒါတင်မကပဲ April Fool Day တိုင်း စင်္ကာပူရောက်မြန်မာတွေ အခွန်ပေးစရာမလိုတော့ဘူးဆိုတဲ့ sms တွေ ပလူပျံအောင် တစ်ယောက်ကို တစ်ယောက်ပို့ပြီး အရူးလုပ်ခဲ့ကြတယ်။

ဘာပဲဖြစ်ဖြစ်အခုအချိန်မှာတော့ လုပ်ခဲ့တဲ့လူတွေပဲ လုပ်ရကျိုးနပ်တယ်ပြောရမလား၊ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲထဲမှ ပျော်ရွှင်ဖွယ်နေ့ရက်တချို့လို့ပဲ နာမည်တပ်ရမလားမပြောတတ်ပါ။ အခုလိုဆိုရင်တော့ မြန်မာနိုင်ငံသားအဖြစ်က စွန့်လွှတ်ပြီး စလုံးနိုင်ငံသားခံသွားကြသူတွေ တော်တော်နည်းသွားမယ်ထင်ပါတယ်။ ဟုတ်တယ်လေ အရင်ကဆို ဘာလို့ စလုံးနိုင်ငံသားခံလဲဆိုရင် အခွန်မပေးချင်လို့၊ စလုံးကရမယ့် အကျိုးကျေးဇူးတွေက မိသားစုရှေ့ရေးအတွက် အများကြီးအထောက်အကူဖြစ်လို့၊ အိမ်ဝယ်ရတာ ဈေးသက်သာလို့၊ နိုင်ငံတော်တော်များများကို ဗီဇာမလိုလို့စသည်ဖြင့် ပြောကြတဲ့အထဲမှာ အခွန်မပေးချင်လို့ဆိုတာက ထိပ်ဆုံးကနေ အမြဲပါ ပါတယ်။ အဲဒါရဲ့ အပြည့်အစုံကိုတော့ နိုင်ငံသားပြောင်းသွားသူတွေနဲ့ အင်တာဗျူးလုပ်ထားတာကို သံလွင်အိပ်မက်မဂ္ဂဇင်းမှာသွားဖတ်နိုင်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံသားအဖြစ်က စွန့်လွှတ်သင့်မသင့်ဆိုတဲ့ ၂၀၀၆လောက်က သံလွင်စကားဝိုင်းမှာလည်း အဲဒီအခွန်ကိစ္စက ထိပ်ဆုံးက ပါခဲ့ပါတယ်။

ကျွန်တော်ကိုယ်တိုင်တောင်မှပဲ ကောက်ရိုးလေးတမျှင်မပြတ်သ၍ဆိုပြီးအက်ဆေးလေး တစ်ပုဒ်ရေးခဲ့မိပါသေးတယ်။ အခုတော့ ကျွန်တော့်ကောက်ရိုးမျှင်လေးပိုခိုင်လာခဲ့ပါပြီ။ ဒါပေမယ့် ကောက်ရိုးမျှင်ကို ကောက်ရိုးမျှင်လေးတွေနဲ့ပဲ ဆက်နေနိုင်ပါသေးတယ်။ တချိန်မှာတော့ ဂုန်နီကြိုး၊ နိုင်လွန်ကြိုး၊ သွပ်နန်းကြိုး၊ တွေနဲ့ နိုင်ငံအပေါ်ကို ထားတဲ့ သံယောဇဉ်ကြိုး တိုင်းပြည်ချစ်တဲ့ နိုင်ငံချစ်တဲ့ နိုင်ငံခေါင်းဆောင်တွေကို ချစ်တဲ့ နိုင်ငံသားတစ်ယောက်ဖြစ်ချင်ပါသေးတယ်။ အခုလောလောဆယ်တော့ နိုင်ငံတော်သမ္မတ ကိုယ်တိုင် နိုင်ငံရေးအကျဉ်းသားမရှိဘူးတို့ လယ်ယာမြေသိမ်းတဲ့ကိစ္စ၊ တိုင်းရင်းသားတွေနဲ့ စစ်ဖြစ်နေတဲ့ ကိစ္စ၊ တွေကြောင့် အပြည့်အ၀တော့ ယုံကြည်လို့ မရသေးပါဘူး။ (နိုင်ငံရေးအကျဉ်းသားမရှိဘူးဆိုရင် ကျွန်တော်သူငယ်ချင်း နေဘုန်းလတ်နဲ့ တကွ ၈၈ခေါင်းဆောင်တွေကဘာလဲ၊ မတရားပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရတာ ဒီလူကြီးမသိဘူးလား။ မသိချင်ယောင်ဆောင်နေတာလား၊ ဗျောင်လိမ်တာလား၊ ညစ်ပတ်တာလား၊ တော်ပြီဗျာ အဲဒီကိစ္စပြောရင် တင်းတင်းလာတယ်)

ထားပါ။ အခုလောလောဆယ်တော့ အခွန်ကိစ္စ အပါအ၀င်မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတချို့ကိုတော့ ကောင်းသောပြောင်းလဲခြင်းများနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်ရောင်ချည်သမ်းလာပြီလို့ ပြောရင် မှားမယ်မထင်ပါဘူး။ ကောင်းတာလုပ်တယ်ဆိုရင် ကောင်းတယ်လို့ ချီးကျူးရမှာ ဖြစ်ပြီး မကောင်းတာလုပ်ရင်တော့ မကောင်းဘူးလို့ ရှုံ့ချရမှာပါ။ ကြုံတုန်း ကောင်းသော ပြောင်းလဲခြင်းတို့ထဲက တစ်ခုကို ပြပါဆို မြန်မာနိုင်ငံရဲ့ မီဒီယာ လွတ်လပ်ခွင့်ဟာ တော်တော်လေးကို တိုးတက်လာတယ်လို့ ပြောလို့ရပါတယ်။ ပြည်သူ့ခေတ်ဂျာနယ်မှာဆို ဒီမိုကရေစီဆိုတဲ့ စကားလုံး၊ နိုင်ငံရေးအကြောင်း ရေးသားချက်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ ဝေေ၀ဆာဆာတွေကို ၀မ်းသာအားရဖွယ် တွေ့ရမှာပါ။ ဒီလိုဂျာနယ်မျိုးကို အရင်တုန်းကဆိုရင် ၈၈အရေးအခင်းတုန်းက တရားမ၀င်ထုတ်ဝေခဲ့တဲ့ ဂျာနယ်တွေမှာပဲ ဖတ်ခွင့်ရခဲ့တာပါ။ နိုင်ငံတော် လွှတ်တော်နဲ့ လုပ်ပိုင်ခွင့်ရှိသူတွေကို အကြံတစ်ခုတော့ ပေးချင်ပါတယ်။ ဘာပဲ လုပ်လုပ် စေတနာပါပါနဲ့လုပ်ပါ။ တပွဲတိုး လုပ်ပြတယ်၊ ကောင်းပြတယ် ဆိုတာမျိုးထက် ပြည်သူ့အကျိုး အများအကျိုးအတွက်လုပ်ပါ။ ဒါမှလဲ သမိုင်းမှာ နာမည်ဆိုးနဲ့ မကျန်ခဲ့ပဲ လူအများ ချစ်ခင်လေးစားတဲ့လူတွေ အနေနဲ့ ကျန်ခဲ့မှာပါ။ စင်္ကာပူနဲ့ တူချင်တယ်ဖြစ်ဖြစ်၊ စီးပွားရေးပိတ်ဆို့မှုတွေ ရပ်တန့်ပြီး နိုင်ငံကို ကောင်းစားစေချင်တယ်ပြောပြော၊
သန့်ရှင်းသော အစိုးရဖြစ်ချင်တယ်ဆိုဆို၊ ဘယ်နေရာမှာဖြစ်ဖြစ် ရေရှည်ကို ကြည့်ပြီး ပြည်သူလူထု ကောင်းစားမယ့်အရေးကို စေတနာပါပါနဲ့လုပ်ပါ။ 

အဲလိုမှမဟုတ်ပဲ ဒီမိုကရေစီအမည်ခံပြီး ဟိုဟာလေး လုပ်ပြလိုက်၊ ဒီဟာလေးလုပ်ပြလိုက်ဆိုရင်တော့ စင်္ကာပူလို ဒီမိုကရေစီအမည်ခံပြီး လီမိသားစု စီးပွားရေးလိုဖြစ်မလား၊ ထိုင်းလို အနီနဲ့ အ၀ါချမလား၊ ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ အိမ်နီးချင်းဒီမိုကရေစီနိုင်ငံ ဘင်္ဂလားဒေ့ရှ်လို စုတ်ပြတ်သပ်နေမလားဆိုတာကတော့ သိပ်မဝေးတော့မယ့် အနာဂတ်မှာ မျက်ဝါးထင်ထင် တွေ့ရတော့မှာပါ။

နိဂုံးချုပ်ပြောရမယ်ဆိုရင်တော့ အခုလို အခွန်တွေ လွတ်ကင်းခွင့်ပေးလိုက်တာဟာ နောက်ကွယ်မှာ တခြား ဆိုးရွားတဲ့ ရည်ရွယ်ချက်မရှိဘူးဆိုရင်တော့  နိုင်ငံခြားရောက်ပြည်သူတွေ အတွက်အရမ်းကောင်းပါတယ်။ ဒါပေမယ့် နိုင်ငံတော်အနေနဲ့ဆိုရင်တော့ တိုင်းသူပြည်သားတွေဆီက အခွန်ငွေကို ဟိုးအရင် ရှင်ဘုရင်တွေ လက်ထပ်ကတည်းက ယူခဲ့တာဖြစ်လို့ အခွန်အခဆိုတာကိုတော့ တိကျတဲ့ဥပဒေတွေနဲ့ တရားမျှတစွာ သက်မှတ်သင့်ပါတယ်။ စင်္ကာပူ၊ ယူအက်စ်၊ ယူကေ၊ သြဇီ စတဲ့ တိုးတက်တဲ့နိုင်ငံတိုင်းလည်း ၀င်ငွေရှိသူတိုင်း (သို့) သတ်မှတ်ထားသော လစာ ပြည့်မှီသူတိုင်း အခွန်ထမ်းဆောင်ကြရပါတယ်။ ခုလောလောဆယ်တော့ ကျွန်တော်တို့ဆီက မယူပါနဲ့ဦး။ ဆယ်စုနှစ် သုံးခုစာလောက် ပေးခဲ့ရလို့ ခြေကုန်လက်ပမ်းလည်း ကျနေကြပါပြီ။ တချိန် နိုင်ငံတော် အတွက် ရိုးရိုးသားသား စေတနာမှန်မှန်နဲ့ လုပ်ကြရတော့မယ်ဟေ့ ဆိုရင်တော့ ဇင်ကိုလတ် တို့က ရှေ့ဆုံးက ပေးပြီးသားဖြစ်နေမှာ။ စိတ်ချ။

ကျွန်တော့်ရဲ့ ဒီပိုစ့်နဲ့ ပတ်သက်ပြီး လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရမှာကိုက လွတ်လွတ်လပ်လပ်ရဲရဲဝံ့ဝံ့ချပြရဲတဲ့ သတ္တိတွေရှိရမယ်မဟုတ်ဘူးလား။ ဒါပေမယ့် တစ်ခုတော့ ရှိတာပေါ့ အများအတွက် တကယ့်စေတနာတော့ပါရမယ်လေ . . . 


Tuesday, October 25, 2011

ရန်ကုန်နှင့် သုံးဒဿမလေးအကွာ

နိုင်ငံခြားရောက် မြန်မာတွေ အနေနဲ့ မြန်မာနိုင်ငံကို အလည်ပြန်ရတာလောက် ပျော်ရွှင်ကြည်နူးဖို့ ကောင်းတဲ့အချိန်မရှိပါဘူး။ မပြန်ဖြစ်တာ ၃နှစ်နဲ့ ၄လ အကြာ အခုတစ်ခေါက် ရန်ကုန်ပြန်တော့ တိုးတက်လာတာတွေ တွေ့ရသလို ဆုတ်ယုတ်သွားတာတွေလည်း အများကြီး တွေ့ခဲ့ရတယ်။ ကောင်းတာနဲ့ မကောင်းတာမှာ ကောင်းတာကိုပဲ အရင်ပြောပြချင်မိတယ်။

တိုးတက်လာတာတွေကတော့

အရင်တုန်းက သုံးတဲ့ ကျွတ်ကျွတ်အိတ်တွေ လုံးဝမတွေ့ရတော့ပဲ ပလတ်စတစ်အိတ်အပျော့စားလေးတွေကို နေရာတိုင်းမှာ အသုံးပြုနေကြပါတယ်။ အဲဒီအိတ်လေးတွေဟာ အရင် ကျွတ်ကျွတ်အိတ်တွေထပ်စာရင်အများကြီး ချေဖြတ်ရလွယ်တယ်လို့ သိရပါတယ်။


ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံတွေကို ဗိုလ်ချုပ်အောင်ဆန်းဈေးရှေ့လို မြို့လယ် လူစည်ကားတဲ့နေရာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ၀ယ်ယူလို့ ရနေပါပြီ။ အဲဒီမှာ လာကြည့်တဲ့ အဒေါ်ကြီးတွေက အင်း အရမ်းဝမ်းသာဖို့ ကောင်းတာပဲ အခုမှပဲ လွတ်လွတ်လပ်လပ် ၀ယ်ယူနိုင်တော့တယ်ဆိုပြီး ပြောသံ ကြားခဲ့ရပါသေးတယ်။

တီဗွီကနေ ရုပ်သံလိုင်းပေါင်းမြောက်မြားစွာကို ကြည့်ရှုနိုင်တာပါပဲ။ တောသားမြို့ရောက်ဆိုသလိုပါပဲ တီဗွီက လာနေတာတွေကို ကြည့်ပြီး ပါးစပ်အဟောင်းသားဖြစ်ရပါတယ်။ အရင်တုန်းက MRTV နဲ့ MWD ဆိုပြီး နှစ်လိုင်းထဲ ရှိရာကနေ အခုတော့ MRTV4။ အဲဒါတွေက FOC လိုင်းတွေ၊ ပြီးတော့ ပိုက်ဆံ၅၀၀၀ လောက်ပေးရင် ကြည့်လို့ ရတဲ့ For Tune, For edu, for comedy, Movie 5 Family Entertainment Group ကလုပ်တာတွေရော အားလုံးပေါင်း မြန်မာရုပ်သံလိုင်းပေါင်း ၁၀ခုကျော်ကျော်လောက် အားရပါးရ ကြည့်လို့ ရတာကို တွေ့ရပါတယ်။

မီးပုံမှန်လာပါတယ်။ စင်္ကာပူက ပြန်သယ်သွားတဲ့ လက်နှိပ်မီးလေးကို တစ်ခါမှ မသုံးခဲ့ရပါဘူး။ အဲဒါတစ်ခုတော့ ကျေနပ်စရာပါ။ မီးမပျက်ရင် မြန်မာပြည်ပြန်ရတာ အဓိပ္ပါယ် မရှိဖြစ်မှာ စိုးလို့ ထင်ပါတယ်။ ချီးကျူးမဆုံးခင်မှာပဲ စင်္ကာပူပြန်ရမယ့် မနက်မှာ မီးလေး ပျက်ပြီး နှုတ်ဆက်တာကိုလည်း ခံခဲ့ရပါတယ်။

မတိုးတက်လာပဲ စုတ်ပြတ်သက်နေတာတွေကတော့

GSM ဖုန်းတွေဟာ အရင်လိုပဲ ဟိုနေရာ လိုင်းမမိ ဒီနေရာ လိုင်းမမိနဲ့ သိပ်စိတ်ပြတ်ဖို့ ကောင်းပါတယ်။ ရိုးရိုး ကြိုးဖုန်းလိုင်းကလည်း တစ်ချက်တစ်ချက် လိုင်းပူးနေတာတွေကို ကြားရပါသေးတယ်။ မှတ်မှတ်ရရ အဖွားဆီ ဖုန်းဆက်တော့ “အဖွားနေကောင်းလား၊ သားခဏနေရင် အဖွားဆီ လာခဲ့မယ်နော်”လို့ ပြောတော့ “အင်း များလိုက်တာ၊ နှစ်ခု၊သုံးခုလောက်ဆို တော်သေးတယ်။ ခုကျတော့ ကြည့်ပါလား ငါးခုဆိုတော့ များတာပေါ့” ဆိုတဲ့ ခပ်စွာစွာ မိန်းမသံတစ်သံထွက်လာတော့ အင်း ဆက်ပြောနေရင် ၁၀ခု လောက်ဖြစ်တော့မယ်ဆိုပြီး မြန်မြန်ဆက်ဖုန်းချလိုက်ပါတယ်။

အင်တာနက်ကို ဆိုင်မှာ သွားသုံးတော့ တဆိုင်လုံးမှာ ကိုယ်တစ်ယောက်တည်း၊ လူအများနဲ့ ရှယ်သုံးရတာမဟုတ်ပဲ တစ်ယောက်တည်း သုံးရတာဖြစ်လို့ လိုင်းကောင်းမလားမှတ်တယ်။ Website တစ်ခုပွင့်ဖို့ သုံးမိနစ်ကနေ ငါးမိနစ်လောက်ကြာတယ်။ ဒါတောင် အများကြီး တပြိုင်နက်တည်းဖွင့်ရင် မရမှာစိုးလို့ Gmail နဲ့ facebook ပဲ ဖွင့်တာပါ။ ကျွန်တော်စင်္ကာပူကို ရောက်စတုန်းက သုံးရတဲ့ အင်တာနက်ကော်နက်ရှင်လောက်တောင် မမြန်တဲ့အတွက် လွန်ခဲ့တဲ့ ၁၂နှစ်ကျော်ကျော်လောက်က Internet Speed ကိုတောင် မမှီသေးတဲ့ သဘောရှိတယ်။ ဖွင့်ထားတဲ့ website ကို စောင့်ရတာအလွန့်အလွန်ကြာတဲ့အတွက် နာရီဝက်အတွင်း ၄ခါတိတိ အိပ်ပျော်ခဲ့တာနဲ့ ကျသင့်ငွေ ၃၀၀ ကျပ်ကို ပေးပြီး ပြန်ခဲ့ရပါတယ်။

တချို့လမ်းတွေ တော်တော်ဆိုးပါတယ်။ နေဘုန်းလတ်တို့အိမ်ကို သွားတဲ့ လေးထောင့်ကန်လမ်းမကြီးဆို လကမ္ဘာပေါ်က လမ်းတွေအလား ချိုင့်ခွက်များစွာနဲ့ ဖြစ်နေတယ်။

ပညာရေးနဲ့ ပတ်သက်ပြီး အခြေခံ မူလတန်းကိုတောင် တက်ဖို့ တော်တော်ခက်နေတဲ့ လူတွေ ရှိနေတယ်ဆိုတာကို တစေ့တစောင်းသိမြင်ခဲ့ရပါတယ်။ အဲဒီအကြောင်းကို နောက်ထပ် ပိုစ့်တစ်ခုရေးပါဦးမယ်။

ဒီ ပိုစ့် လေးကို မြန်မာပြည်မပြန်ဖြစ်တာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းမောင်နှမများအတွက် ရည်ညွှန်းပြီး ရေးပါတယ်။ တခြား တိုးတက်၊ ဆုတ်ယုတ်လာတာတွေလည်း အများကြီး ရှိနိုင်သေးပေမယ့် ပြန်ခဲ့တဲ့ တစ်ပတ်အတွင်းမှာ မြင်တွေ့ခဲ့ရတာလေးတွေကို အမှတ်တရအနေနဲ့ ရေးခဲ့မိတယ်။ နိုင်ငံရေးနဲ့ ပက်သက်လို့တော့ အင်တာနက်ပေါ်မှာ အများကြီး ဖတ်လို့ ရနေတဲ့အတွက် အကျယ်ချဲ့ပြီးမရေးတော့ပါဘူး။ နိုင်ငံကောင်းလာတယ် တိုးတက်လာတယ်ဆိုရင် ပျော်ရွှင်ကြည်နူးစွာ လက်ခံရမှာ ဖြစ်သလို နိုင်ငံမတိုးတက်ပဲ ဆုတ်ယုတ်တယ်ဆိုရင်လည်း စိတ်မကောင်းဖြစ်စွာပဲ လက်ခံနေရဦးမှာပါ။ အဓိက မြင်တာတော့ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးပိုင်းနဲ့ စီမံခန့်ခွဲမှုပိုင်းတွေမှာ တော်တော်လေး အားနည်းနေသေးတာ တွေ့ရပါတယ်။ အရင် ပြန်တုန်းကဆိုရင် တစ်နှစ်ပြန်လည်း ဒီတိုင်း နောက်တစ်နှစ်ပြန်လည်း ဒီအတိုင်းဆိုတာထက် စာရင်တော့ အများကြီး သာလာတယ်လို့ ထင်မိတယ်။ အဲဒီလိုပဲ နောက်အခေါက်တွေ ပြန်တိုင်းမှာလည်း တစတစ တိုးတက်မှုတွေ ပိုများလာပါစေလို့ ဆုတောင်းလိုက်ပါတယ်။

စာကြွင်း။ ။ရေးဖို့ တစ်ခုကျန်သွားလို့ ဒီမှာပဲ ထပ်ရေးလိုက်တော့မယ်။ အရင်တုန်းက City Mart လောက်ပဲ ရှိတာ။ အခုတော့ Ocean ၊ Orange ၊ Ruby Mart ၊ အစရှိတဲ့ ဆိုင်ကြီးတွေ အပြင်၊ တော်ဝင်ပလာဇာ၊ မော်တင်ပလာဇာ စတဲ့ Shopping Mall ကြီးတွေကိုပါ တွေ့ခဲ့ရတယ်။ Gandamar Wholesale ဆိုတာကြီးကိုလည်း တွေ့ခဲ့ရတယ်။ စင်္ကာပူကလိုဆို Giant တို့ Carrefour တို့လိုမျိုးကြီးပေါ့။ သူရဲ့ website ဖြစ်တဲ့ www.gandamarwholesale.com မှာလည်း ဈေးနှုန်းတွေကို တင်ထားပေးပါတယ်တဲ့။

Thursday, September 29, 2011

စင်္ကာပူ မြန်မာပွဲတွေရဲ့အစ (သို့) ပေါ်လီသင်္ကြန်

ကျွန်တော် Temasek Poly မှာ ကျောင်းစမတက်ခင်ကတည်းက ပေါ်လီသင်္ကြန်ဆိုတာကို ရင်းရင်းနှီးနှီးသိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ရန်ကုန်မှာ SIP(Industrial attachment) ပြန်ဆင်းတဲ့ အကိုဟာ ပြန်ရောက်ကတည်းက စင်္ကာပူမှာ ပေါ်လီလေးကျောင်းပေါင်းပြီး သင်္ကြန်လုပ်မယ်ဆိုတဲ့အကြောင်း၊ အကတွေ သံချပ်တွေ တီးဝိုင်းတွေ ဝေေ၀ဆာဆာနဲ့ တင်ဆက်မယ်ဆိုတဲ့အကြောင်းတွေ စီကာပတ်ကုံးလို့ ပြောပြပါတယ်။ အဲဒီသင်္ကြန်ပွဲအကြောင်းတွေနဲ့ တူတူ ပေါ်လီလေးကျောင်းပေါင်းပြီး ဖွဲ့ထားတဲ့ အဖွဲ့အကြောင်းကိုလည်း ပြောပြပါသေးတယ်။ အဲဒီအဖွဲ့နာမည်က MIS (Myanmar International Students) တဲ့။ ကျွန်တော်ကလည်း ၁၀တန်းအောင်ခါစ ကွန်ပျူတာသင်တန်းလေးတက်လိုက်၊ အင်္ဂလိပ်စာသင်တန်းလေးတက်လိုက်နဲ့ စင်္ကာပူဆိုတာကို တရုတ်တွေရှိတယ်၊ ငါးခြင်္သေ့သတ္တ၀ါရုပ်ထုရှိတယ်၊ ကျွန်တော့်အကိုကျောင်းသွားတက်နေတယ် ဆိုတာထက်ပိုပြီး မသိခဲ့ပါဘူး။ စင်္ကာပူမှာ ပေါ်လီသင်္ကြန်လုပ်ပြီး ရက်အနည်းငယ်ကြာတဲ့အခါမှာ ကျောင်းသား၊ ကျောင်းသူအချို့မြန်မာပြည်ကို အလည်ပြန်လာပြီး ကျွန်တော့်အကို ဆီကို သင်္ကြန်ခွေ ယူလာပေးပါတယ်။ အဲဒီသင်္ကြန်ခွေလေးကတော့ . . . ပေါ်လီသင်္ကြန် ၁၉၉၉ အဲဒီသင်္ကြန်ပွဲကို TP, NYP, NP, SP (ထိုအချိန်က RP မဖွင့်သေး) စတဲ့ ပေါ်လီ၎ကျောင်းပေါင်းပြီး Temasek Polytechnic ရဲ့ Auditorium 1 မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို စတင်လိုက်တယ်ဆိုရင်ပဲ TPရဲ့ မသင်းလဲ့ဝင်းနဲ့ ကိုထိန်လင်းကျော်တို့ဟာ အဲဒီသင်္ကြန်ပွဲရဲ့ အခမ်းအနားမှူးတွေ အဖြစ်ဆောင်ရွက်မှာ ဖြစ်တယ်ဆိုတဲ့အကြောင်း stage စင်ပေါ်ကနေ ကြေငြာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ထိုအချိန်က TP ရဲ့ ကျောင်းအုပ်ကြီးဖြစ်တဲ့ Dr N. Varaprasad က မိန့်ခွန်းပြောကြားခဲ့ပါတယ်။ စကားစပ်ပြီးတခါတည်း အဲဒီကျောင်းအုပ်ကြီး အကြောင်းပြောပြချင်ပါတယ်။
ကျွန်တော်တို့ရဲ့ စီနီယာများရဲ့ စကားအရ အဲဒီကျောင်းအုပ်ကြီးဟာ ရန်ကုန် မင်္ဂလာတောင်ညွန့် ဘီလူးမဈေးအနီးမှာ ရှိတဲ့ ဘင်္ဂါလီစုဆိုတဲ့ ရပ်ကွက်လေးမှာ မွေးဖွားခဲ့တာလို့ သူကိုယ်တိုင်ပြောကြောင်း မှတ်သိရပါတယ်။ ကျွန်တော်တို့ ကျောင်းစတက်တော့ သူ Principle အဖြစ်လုပ်ကိုင်လျှက်ရှိပြီး ကျွန်တော်တို့ Second year အပြီး၂၀၀၁ခုနှစ် လောက်မှာ National Library Singapore ကို ပြောင်းသွားပါတယ်။ နောက်ပိုင်း National Library ရဲ့ CEO နေရာကနေ အခုဆိုရင် NUS ရဲ့ deputy president အနေနဲ့ လုပ်ကိုင်လျှက်ရှိပါတယ်။ ဒါက ကြုံတုန်း ကျောင်းအုပ်ကြီး အကြောင်းပြောပြတာပါ။ သူပြောသွားတဲ့ Speech ထဲမှာ ဒီပွဲပြီးလို့ ရေကစားကြတဲ့အခါ Triangular garden ပေးက Koi Pond မှာ ရှိတဲ့ ရောင်စုံငါးကြင်းလေးတွေကို မထိပါနဲ့ ဆိုပြီး ပြောသွားတာလေး မှတ်မိနေပါသေးတယ်။ အဲဒီနောက် ပထမဆုံးအစီအစဉ်အနေနဲ့ မြန်မာပွဲတို့ရဲ့ ထုံးစံအတိုင်း မြနန္ဒာ(မန်းတောင်ရိပ်ခို) သီချင်းနဲ့ TP, NYP, NP စတဲ့ ကျောင်း ၃ကျောင်းက လှပျိုဖြူလေးတွေ ရဲ့ ကကွက်လေးတွေကို ရှုစားရပါတယ်။ TP က လူဖြစ်လို့ တခြားကျောင်းက လူတွေကို မသိတာတော့ သိပ်မဆန်းပါ။ အဲဒါကြောင့် ကျွန်တော်သိတဲ့လူတွေရဲ့ နာမည်တွေ ရွတ်ပါဦးမယ်။ အဲဒီ မန်းတောင်ရိပ်ခိုနဲ့ က TP ကျောင်းကို ကိုယ်စားပြုပြီး ကသွားသူတွေကတော့ မမေသန္တာ၊ မချိုမာ၊ မနေနွယ်၊ မခိုင်ချောစုနဲ့ မမိုး တို့ပဲ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဦးရွှေရိုးနဲ့ ဒေါ်မိုးအကပါ။ အဲဒီအကကိုတော့ ဦးရွှေရိုးအဖြစ် SPမှ ကိုဇေယျာက ကပြီး ဒေါ်မိုးအဖြစ် TPက ကိုမျိုးထွန်းက ကပြဖျော်ဖြေခဲ့ပါတယ်။ အဲဒါလာတော့ ကျွန်တော့်အကိုက အဲဒါမျိုးထွန်းဆိုတာတဲ့။ သူအဲလိုကတာ ဘယ်သူမှ မသိဘူး။ တချို့လူတွေပဲ သိတယ်ဆိုပြီး ပြောပြနေပါသေးတယ်။ ဦးရွှေရိုးဒေါ်မိုးကတော့ ထုံးစံအတိုင်း ပရိသတ်အကြိုက်အစီအစဉ်ပါ။ လက်ခုတ်သံတွေ သောသောညံတဲ့ အစီအစဉ်ပါပဲ။ ကိုဇေယျာက အရပ်ပုပြတ်ပြတ် ကိုမျိုးထွန်းက ပိန်ရှည်ရှည်နဲ့ တကယ့်ကို ဦးရွှေရိုး ဒေါ်မိုး အဖြစ် လိုက်ဖက်လှပါတယ်။ အဲဒီနောက်မှာတော့ NP က ကောင်မလေး ၄ယောက်က ဟော့တော့ဆိုတဲ့ သင်္ကြန်သီချင်းလေးနဲ့ ဖျော်ဖြေခဲ့ပြီး နောက်အစီအစဉ်တစ်ခုအနေနဲ့ မြူမှောင်ဝေကင်းသီချင်းနဲ့ ဆီမီးခွက်အကကို TPမှ မနေနွယ်၊ မစံ၊ မမေသန္တာနဲ့ မမိုးတို့က တင်ဆက်ခဲ့ပါတယ်။ ပြီးတော့ သင်္ကြန်ရဲ့ အငွေ့အသက်နဲ့အတူ သံချပ်အစီအစဉ်ကို SP နဲ့ NP တို့မှ ပူးပေါင်းတင်ဆက်ခဲ့ပါတယ်။ SP က မိန်းကလေး အင်အားနည်းတာကြောင့် သင်္ကြန်ယိမ်းတစ်ခုမှ မထွက်နိုင်ပဲ သင်္ကြန်မှာသာ ပါဝင်ဖျော်ဖြေခဲ့ရတယ်လို့ ကျွန်တော့်အကိုက ပြောပြပါတယ်။ အဲဒီအချိန်က ပထမဆုံးလုပ်တဲ့ပွဲလည်း ဖြစ်၊ အတွေ့အကြုံတွေလည်း မရှိသေးလို့ ထင်ပါရဲ့ အိုးစည်မပါ၊ ဒိုးပတ်မပါပဲ အသားလွတ် သံချပ်စာသားတွေကို ရွတ်ခဲ့ကြတာကို မြင်ယောင်နေပါသေးတယ်။ အဲဒီအစီအစဉ်ရဲ့ နောက်မှာတော့ TP ရဲ့ Costume show ကို မကြော့၊ Ivy၊ မခိုင်ချောစု၊ မစံ၊ မမိုး၊ Vel၊ သုဝဏ်၊ ကိုသက်၊ ကိုအုပ်စိုး၊ ကိုမျိုးထွန်း၊ Johnathan၊ Andy၊ ကိုကျော်ထွန်းနဲ့ ကိုအိဘုတ်တို့က တင်ဆက်သွားခဲ့ပါတယ်။ ပထမပိုင်း နောက်ဆုံးအစီအစဉ်အနေနဲ့တော့ NYP မှ မိန်းမပျိုလေးများမှ ချမ်းတုန်ချမ်းသီချင်းနဲ့ ကပြဖျော်ဖြေခဲ့ကြပါတယ်။ ဒုတိယပိုင်းအစီအစဉ်မှာတော့ အခမ်းအနားမှူးနှစ်ယောက်အသစ်ပြောင်းခဲ့ပါတယ်။ မိန်းကလေးကတော့ ကျွန်တော်တို့ TP မှ Grace ပါ။ သင်္ကြန်ပွဲဖြစ်တဲ့အတွက် ပန်းမျိုးတရာသီချင်း သင်္ကြန်ယိမ်းနဲ့ပဲ ပြန်စပါတယ်။ အဲဒါပြီးတဲ့နောက် NPမှ တင်ဆက်တဲ့ ပြဇာတ်အစီအစဉ်ဖြစ်ပါတယ်။ ပြဇာတ်အတိုချုံးကတော့ စင်္ကာပူမှာ ပေါ်လီတက်ပြီး ပြန်လာခဲ့တဲ့ ကျောင်းသားလေးတွေ ရန်ကုန်လေဆိပ်မှာ ပြဿနာဖြစ်တဲ့အကြောင်းလေးတွေကို ဟာသနှောပြီး တင်ဆက်ခဲ့ပါတယ်။ ပြဇာတ်ပြီးတဲ့အခါ ကံစမ်းမဲအစီအစဉ်ကို တင်ဆက်ပြီး တူးပို့ တူးပို့ သီချင်းနဲ့ TPမှ မခိုင်ချောစု၊ Ivy၊ မမေသန္တာ၊ မချိုမာ၊ မနေနွယ်၊ မကြော့၊ မယု၊ Vel နဲ့ မမိုးတို့က လှပစွာ တင်ဆက်ဖျော်ဖြေခဲ့ပါတယ်။ နောက်ဆုံးအစီအစဉ်အနေနဲ့ ကတော့ Stage show ပါ၊ သီဆိုဖျော်ဖြေသွားတဲ့ သီချင်းတွေကတော့ အချစ်သေနတ်၊ ငပျင်း၊ တစ်မိနစ်နောက်ကျ(ကိုကျော်သက်)၊ အနှိုင်းမဲ့၊ ပြီးတော့ အင်္ဂလိပ်သီချင်းတစ်ပုပ်ကို TPမှ အဆိုတော်ဆွေဟိန်း၊ ကိုအိဘုတ်နဲ့ Andy တို့က တင်ဆက်ဖျော်ဖြေသွားခဲ့ပါတယ်။ နောက်ဆုံးအဆုံးသတ်အနေနဲ့ မကေ ရဲ့ Hero ဆိုတဲ့ သီချင်းနဲ့ ဖျော်ဖြေခဲ့ပါတယ်။ မကေသီချင်းဆိုတာ ကောင်းတဲ့အတွက် စင်ရှေ့မှာလာပြီး ဦးကျွတ်အလေးပြုတဲ့သူတွေကိုပါ တွေ့ခဲ့ရပါတယ်။ (မကေဆိုတာ ကျွန်တော်နဲ့ batch တစ်ခုတည်း တူတူတက်ခဲ့တဲ့ ဂစ်တာတီးကောင်းတဲ့ ကိုအော်တိုရဲ့ အမဖြစ်သူပါ။ အခုတော့ အဲဒီအဆိုကောင်းတဲ့ မကေကြီးတစ်ယောက်လည်း တမလွန်ကို ကူးပြောင်းခဲ့ပါပြီ၊ RIP Ma K ၊ ဤကားစကားချပ်)
ပထမဆုံးပေါ်လီ ၄ကြောင်းပေါင်း လုပ်တာက တစ်ကြောင်း၊ အခက်အခဲတွေအများကြီးကြားထဲကနေ လုပ်ရတာက တစ်ကြောင်းဖြစ်လို့ လိုအပ်ချက်လေးတွေရှိတယ်ဆိုပေမယ့် ခုချိန်ထိ နောက်ထပ်တစ်ခေါက်မလုပ်နိုင်သေးတဲ့ ပေါ်လီပေါင်းစုံ သင်္ကြန်ပွဲတစ်ခုအနေနဲ့ မှတ်တမ်းတင်အပ်ပါတယ်။ အဲဒီသင်္ကြန်ပွဲ ဖြစ်မြောက်ခဲ့ပြီးနောက် နှစ်စဉ်နှစ်တိုင်းလောက်နီးပါး သင်္ကြန်ပွဲတွေကို ကပြဖျော်ဖြေခဲ့ရာကနေ အခုဆိုရင် စင်္ကာပူမှာ IC show၊ အငြိမ့်၊ Hip Hop Show၊ မြန်မာသံစဉ်ဖျော်ဖြေမှု၊ စာပေဟောပြောပွဲစသည်ဖြင့် ၁၂ရာသီမြန်မာပွဲတွေနဲ့ မြန်မာနိုင်ငံအလားစည်ကားသိုက်မြိုက်နေပါပြီ။ အဲဒါကြောင့် ဒီပွဲတွေရဲ့ ပထမဆုံးပွဲဖြစ်တဲ့ ဒီသင်္ကြန်ပွဲကို မှတ်တမ်းတင်ချင်တဲ့ အတွက် ဒီစာလေးကို ရေးဖြစ်ခဲ့ပါတယ်။ ဒီပွဲဖြစ်မြောက်ရေးအတွက် အဓိက လုပ်ဆောင်သွားသူတွေ ဖြစ်တဲ့ TP မှ ကျွန်တော့်အစ်ကို ကိုသီဟ၊ ကိုမျိုးထွန်း၊ ကိုအေးအောင်သက်၊ ကိုဗညားနိုင်၊ ကိုHarry ၊ NYP မှ မဂွမ်းပုံ၊ NP မှ မမို့မို့စံ၊ SP မှ ကိုကျော်သက် တို့ကိုလည်း ဒီစာလေးနဲ့ အတူ မှတ်တမ်းတင်ရင်း နိဂုံးချုပ်လိုက်ပါတယ်။ အထက်ပါအကြောင်းအရာများဟာ ဘယ်သူ့ကိုမျှ ထိခိုက်စေလိုတဲ့ သဘောနဲ့ ရေးထားတာ မဟုတ်တဲ့အတွက် နာမည်အရင်းတွေကိုပဲ အသုံးပြုထားပါတယ်။ အဲဒီအတွက် တစုံတယောက်ကို ထိခိုက်မှု ရှိခဲ့တယ်ဆိုရင် ကျွန်တော့်တာဝန်ပဲ ဖြစ်ပြီး ပြန်လည် ပြင်ဆင်ပေးဖို့ အဆင်သင့်ဖြစ်နေကြောင်းလည်း အသိပေးပါတယ်။ ပြီးတော့ အထက်ပါအချက်တွေထဲမှာ အမှားတွေ ပါခဲ့တယ်ဆိုရင်လည်း နားလည်ခွင့်လွှတ်ပြီး အမှန်ပြင်ပေးဖို့ တောင်းဆိုပါတယ်။ နောက်ဆုံးအနေနဲ့ TPmyanmar ရဲ့ လျှောက်ခဲ့တဲ့လမ်းတွေကို မှတ်မိသလောက် မှတ်တမ်းတင်ချင်တဲ့အတွက် ရေးသားတာ ဖြစ်လို့ ဒီပွဲမှာ ပါဝင်ကပြခဲ့ကြသူတွေရဲ့ ခံစားချက်တွေကို မျှဝေပေးဖို့ တောင်းဆိုလိုက်ပါတယ်။