Tuesday, July 31, 2007

ဘလော့ခ် ဘာကြောင့်ရေးဖြစ်လဲ

ဖေဖော်ဝါရီ ၆ ရက် ၂၀၀၇
ကျွန်တော် ဘလော့ခ်ဆိုတဲ့ အရာတစ်ခုကို သဲကြီးမဲကြီးစမ်းသပ်နေပါတယ်။ မစမ်းသပ်လို့လဲ မဖြစ်တော့ဘူးလေ။ သံလွင်အိပ်မက်အနေနဲ့ ဘလော့ခ်တစ်ခုက ၂၀၀၅ဒီဇင်ဘာလောက်ကတည်းက ရှိနေတာ။ အဲဒါက Official ဘလော့ခ်ဖြစ်နေတော့ ကိုယ်ပိုင်ရေးချင်တာလည်း ရေးလို့ကောင်းမှာ မဟုတ်ဘူး။ ပြီးတော့ ညီညီကလည်း မြှောက်ပေးပါတယ်။ ရေးတဲ့။ သူကတော့ ဘလော့ခ်ကို ၂၀၀၆ ဇူလိုင်လောက်ကတည်းက လုပ်ထားပေမယ့် ပိုစ့်သိပ်မတင်ဖြစ်ပါဘူး။ ဒါပေမယ့် အခု ၂၀၀၇ အစမှာတော့ ပိုစ့်တွေတစ်ခုပြီး တစ်ခုတင်နေလေရဲ့။ ကိုငယ်ကလည်း ဘလော့ခ်တစ်ခု ရေးနေပြီ (အခုတော့ အကြောင်းအမျိုးမျိုးကြောင့် ဖျက်လိုက်ပါပြီ)။ နေဘုန်းလတ်ကို ရေးမလားဆိုတော့ ရေးမယ်ကွာ။ ချတဲ့။ အင်း ဟုတ်တော့ ဟုတ်နေပါပြီ။ ဒါနဲ့ပဲ ညီညီ့ကို `မြန်မာဘလော့ခ် တစ်ခုလုပ်ပေးကွာ´လို့ပြောလိုက်တော့။ လုပ်ပေးလာပါတယ်။

အင်း..... ဘာတင်ရင် ကောင်းမလဲ။ ဘာရေးရင် ကောင်းမလဲ။ အင်္ဂလိပ်လို ဘလော့ခ်တွေကို ၂၀၀၃လောက်တုန်းကတည်းက ဖတ်ခဲ့ပေမယ့် စွဲစွဲမြဲမြဲမဟုတ်။ ရေးချင်တာတွေများ လို့လားမသိဘူး။ ဘာရေးရမှန်းတောင်မသိ။ သူငယ်ချင်းတွေရဲ့ ဘလော့ခ်တွေကို နည်းနည်းထပ်ဖတ် ကြည့်ပါဦးမယ်။ နေနေနိုင်၊ နိုင်းနိုင်း၊ ညီလင်းဆက်၊ လင်းလက်ကြယ်စင်၊ မောင်သန့်စင်နဲ့ ကိုစစ်အိမ်တို့ရဲ့ ဘလော့ခ်တွေကို ဖတ်လိုက်တယ်။ ဘာအိုင်ဒီယာလေးများ ရမလဲလို့။ သူတို့ဘလော့ခ်တွေက အမြဲတမ်းဖတ်နေကျဆိုတော့ အကုန်သိနေပြီ။ ဖတ်ဖူးနေပြီ။ တစ်ခါတစ်လေ ရောက်ဖြစ်တဲ့ မမေ၁၁၊ ကိုမောင်လှ၊ ပန်းပွင့်လေး၊ ကျော်ဇေယျတို့ရဲ့ ဘလော့ခ်တွေကို လိုက်ဖတ်ကြည့်ဦးမယ်။ အခုအချိန်မှာ ကိုယ့်ကိုယ်ကိုယုံကြည်မှု သိပ်မရှိသေးတော့ နာမည်ကြီးစာရေးဆရာ၊ ကဗျာဆရာတွေရဲ့ စကားလုံးတွေနဲ့ စလိုက်ရင်ကောင်းမယ်ဆိုပြီး ပထမဆုံးပိုစ့်တစ်ခု တင်လိုက်တယ်။

အဲဒီပိုစ့်ကိုတင်ပြီးတော့ ဘန်နာလေးတစ်ခုလုပ်လိုက်တယ်။ ပြီးတော့ နေဘုန်းလတ် အတွက်လည်း ဘန်နာလေးတစ်ခု လုပ်ပေးဖြစ်တယ်။ ဒီကောင့်ဘန်နာ လုပ်ပေးဖို့ သူ့ရဲ့ ဘလော့ခ်ခေါင်းစဉ်ကို ဘာလဲလို့ ဂျီတော့ခ်က တဆင့်မေးကြည့်တော့ `ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်´တဲ့။ အမယ် ဒီကောင်ကလည်း အလာကြီးပါလား။ ဘယ်ကတည်းက စဉ်းစားထားလည်း မသိဘူး။ ဘလော့ခ်ခေါင်းစဉ်ထဲမှာ အကြိုက်ဆုံးက အရူးလွယ်အိတ်နဲ့ ညီလင်းဆက်ရဲ့ သားရဲတွင်းပါပဲ။ ပြီးတော့ Oh My Blog!ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပါဝင်ပစ္စည်းများဆိုပြီး ရေးထားတဲ့ အိုင်ဒီယာကိုလည်း ကြိုက်ပြန်ရော။ ဘာပဲဖြစ်ဖြစ် ဆိုင်မဆိုင်တော့မသိဘူး ကျွန်တော်ကတော့ Danger Zoneပါပဲ။ အိုကေပြီ နောက်နေ့မှ တခြားဟာတွေ ဆက်ရေးမယ်။ အခုတော့ အိပ်တော့မယ်။

မနက်ကျတော့ ညီညီ၊ နေနေနိုင်တို့ ဆီက ကွန်မန့်တွေရတယ်။ အဲဒီအချိန်မှာ နေဘုန်းလတ်က ဂျီတော့ခ်ကနေတစ်ဆင့် ပြောတယ်။ `ငါလည်း ပိုစ့်တစ်ခု တင်လိုက်ပြီကွ´တဲ့။ အဲဒါနဲ့ပဲ သူ့ရဲ့ ဘလော့ခ်မှာ ကွန်မန့်သွားရေးလိုက်တယ်။ ပြီးတော့ ကိုယ့်ဘလော့ခ်မှာ ကော်မန့်လာပေးထားတဲ့ နှစ်ယောက်ကို ပြန်လိုက်တယ်။ အင်း ဟိုမှာရေးလိုက် ဒီမှာရေးလိုက် ပျော်စရာတော့ အကောင်းသား။ အရင်ကတည်းက ဘလော့ခ်ဆိုတာ ရေးချင်နေတာ။ သံလွင်အိပ်မက်မှာလည်း စာတွေ အမြဲတမ်းရေး နေပေမယ့် ကိုယ်ရေးချင်တာ ရေးလို့ရတာမဟုတ်။ သံလွင်အိပ်မက်ရဲ့ မူနဲ့ ကိုက်ညီအောင်ရေးရတာ။ အခုတော့ ကိုယ်ဖြစ်နေတာတွေ ကိုယ်ခံစားနေရတာတွေ ကိုယ်လုပ်ချင်တာတွေ၊ ရေးပြီးတင်မယ်။ ပြီးတော့ ကြိုက်တဲ့ ကဗျာ၊ ရုပ်ရှင်၊ သူများတွေကို သိစေချင်တာလေးတွေ ရေးပြီးတင်မယ်။ ကြိုက်တဲ့သူတွေ လာဖတ်လိမ့်မယ်။ မကြိုက်တဲ့သူတွေကတော့ မဖတ်ပဲနေလိမ့်မယ်။

EOTကိစ္စကိုတော့ အရင်ကတည်းက လုပ်ပေးမယ်လို့ ကတိပေးထားတဲ့ မောင်သန့်ဇင်ကိုပဲ အကူအညီတောင်းတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ညီညီက ဆီဗုံးတပ်ပါလားလို့ အကြံပေးလာပြီး နေဘုန်းလတ်တောင် တပ်ထားလိုက်ပြီးတဲ့။ `အေးဆေးကျရင် တပ်မယ်´လို့ သူစိတ်ကျေနပ်သွားအောင် ပြောလိုက်ပေမယ့် ကျွန်တော်ဆီဗုံးတပ်ဖို့ အစီအစဉ်မရှိပါဘူး။ လာလာပြီးအော်သွားမယ့် လူတွေကို စကားပြန်မပြောနိုင်မှာ ပြန်နှုတ်မဆက်နိုင်မှာ စိုးလို့ပါ။ ကွန်မန့်လည်းရေးလို့ ရနေတာပဲမဟုတ်လား။ (အခုနောက်ပိုင်းမှ ကျွန်တော်သိတာက မြန်မာနိုင်ငံက ဘလော့ခ်ကာတွေ ကွန်မန့်ပေးဖို့ အလွန်ခက်တယ်ဆိုတာပါပဲ)။ အင်း . . .ဘလော့ခ်လေးကတော့ လူလူသူသူ ဖြစ်မြောက်သွားပြီ။ ကဲ . . .အခုအချိန်ကနေစပြီး ဘလော့ခ်လေးကို ပုံမှန်လေး ရေးသွားပါတော့မယ်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

ဒါကတော့ ကိုဖြိုးtagလုပ်သွားတဲ့ `ဘလောခ့် ဘာကြောင့်ရေးဖြစ်သလဲ´ဆိုတဲ့ အကြောင်းကို ရေးရင်းနဲ့ ဘလော့ခ်ဘယ်လိုစခဲ့လဲ ဆိုတာအတွက်ပါ ရေးပေးလိုက်ပါတယ်။ စကားမစပ်ဗျာ သူ့ကို tagလုပ်လွန်းလို့ ဇွဲကောင်းကောင်းနဲ့ tagပြီးရင်းtagတဲ့ ဇွဲတက်ဖြိုးလို့ နာမည်ပေးရင်ကောင်းမလားဟင်။

(အထက်ပါပိုစ့်တွင် ပါဝင်သော နာမည်ကြီးဘလော့ခ်ကာများ၏ ဘလော့ခ်လိပ်စာများကို အချိန်မရပါသောကြောင့် မထည့်သွင်းခဲ့ခြင်းကို နားလည်ပေးရန် တောင်းဆိုအပ်ပါသည်)

Sunday, July 29, 2007

မက်မန်းသီး၊ ဇီးယိုနဲ့ နေကြာစေ့


အဲဒီအချဉ်ထုပ်တွေ စားစရာတွေ ပေးလိုက်တဲ့ မမယ်လိုဒီမောင်နဲ့ အလေးခံပြီး သယ်လာပေးတဲ့ မောင်ပွတ်ကို ကျေးဇူးတင်ပါတယ်။ ဒါတွေက ကျွန်တော့်တစ်ယောက်တည်းအတွက် ပေးတာမဟုတ်ပါဘူး။ ဟိုတလောကမှ မွေးနေ့ပွဲတွေလုပ်သွားတဲ့ စင်္ကာပူက ညီမတစ်ယောက်နဲ့ အမတစ်ယောက်အတွက်ပါ ပါတယ်။ ဒါပေမယ့် သူတို့က လူတွေ့ခံတဲ့သူတွေ မဟုတ်တော့ အဲဒီစားစရာတွေ အကုန်လုံး ကျွန်တော့်တစ်ယောက်တည်းအတွက် ဖြစ်သွားတာကို စိတ်မကောင်းဖြစ်မိပါတယ်။ ဟိဟိ။

ဒါပေမယ့် ကျွန်တော်တကိုယ်ကောင်းမဆန်ပါဘူး။ ကျွန်တော့်ဘလော့ခ်ကို လာလည်တဲ့ လူတွေနဲ့ ခွဲဝေပြီးစားမှာပါ။ မက်မန်းသီး၊ ဇီးယို၊ သရက်ယို၊ နေကြာစေ့ အစုံပဲနော်။ မမယ်လိုဒီမောင်ကို ကျေးဇူးအထူးပါလို့ထပ်ပြောပါတယ်။

ဒီပိုစ့်နဲ့ အတူတူ ကျွန်တော်ပြောချင်တာကတော့ ကျွန်တော် ဘလော့ခ်ကို အားရင်အားသလို ပြန်ရေးပါတော့မယ်လို့။ ရေးချင်တာတွေကတော့ အများကြီးပဲ။ အဲဒီအထဲကမှ ဟိုတစ်ခေါက်တုန်းက ရေးမယ်ဆိုပြီး မရေးဖြစ်တဲ့ အထီးကျန် ဘ၀ထဲမှာ၊ ကျွန်တော်မကြိုက်သော စကားပုံများ၊ ပြီးတော့ အခုရေးချင်နေတဲ့ ကိုသီချင်းရဲ့ ဇာတ်လမ်းများ၊ ဂျီတော့ခ်ဘာသာဗေဒ တို့ကို ဆက်တိုက်ရေးသွားပါမယ်။ မကြာမှီ . . .မျှော်။

Friday, July 27, 2007

ရေပန်းကပွဲ ဓါတ်ပုံများ


ဒါကတော့ စင်တိုဆာမှာ ရိုက်ထားတဲ့ ရေပန်းကပွဲပါ။ မနက်ဖြန် စင်္ကာပူရောက်မယ့် ဘလော့ခ်ကာတစ်ယောက်ကို ဒီရေပန်းမီးပန်းတွေနဲ့ ကြိုဆိုလိုက်ပါတယ်။

Tuesday, July 24, 2007

သံလွင်အိပ်မက် ၁၁ ထွက်ပြီ

ဟောဟဲ . . သံလွင်အိပ်မက် ဟောဟဲ .အမှတ်(၁၁). ဟောဟဲ..... ထွက်ပါပြီ။ လူလည်း ခပ်မျော့မျော့ပဲ ကျန်ပါတော့တယ်။

Saturday, July 21, 2007

ကျွန်တော့် ကွန်ပျူတာစားပွဲ


တခြားဘာပုံတင်ရမှန်း မသိတာရယ်။ ပြီးတော့ တခြားပုံထက် ဒီပုံကို ပိုပြီးစိတ်ဝင်စားမယ် ထင်တာရယ်။ ကျွန်တော်ကွန်ပျူတာသုံးတိုင်း မော့ကြည့်ရင် မြင်နေရတဲ့ စားပွဲပေါ်က မြင်ကွင်းရယ်ကို ဒီဘလော့ခ်လောက်လာလည်တဲ့ သူတွေလည်း မြင်ဖူးစေချင်လို့ ဒီပုံလေး တင်ပေးလိုက်ပါတယ်။

ကလေးကလား အရုပ်တွေအများကြီးပဲ လို့ပြောမလို့လား။ ဟုတ်ပါတယ်။ ကျွန်တော်က အင်္ကျီအ၀တ်အစားထက်ကို အဲလို တိုလီမိုလီလေးတွေ ၀ယ်ရတာအရမ်းကြိုက်ပါတယ်။ ဒါပေမယ့် တစ်ဝက်လောက်က သူများလက်ဆောင် ပေးထားတာပါ။ နောက်မှပဲ အရုပ်တစ်ရုပ်ချင်းစီနဲ့ မိတ်ဆက်ပေးတော့မယ်။

Thursday, July 19, 2007

တာဝန်မကျေသေးဘူး

ဗိုလ်ချုပ်ရေ ...
ကျွန်တော်တို့ တာဝန်မကျေသေးဘူး ...

Sunday, July 15, 2007

မွေးနေ့နှစ်ခုအတွက် အမှတ်တရ

ပေးထားတဲ့ကတိအတိုင်း ကျွန်တော် ဓါတ်ပုံလေးတွေ တင်ပေးမယ်။ ဒီပုံကတော့ သံလွင်အိပ်မက်အမှတ်(၉)မှာ ဖော်ပြခဲ့တဲ့ပုံပါ။

ဒီနေ့ကတော့ မှတ်မှတ်ရရပါပဲ။ ဘလော့ဂ်ဂါသူငယ်ချင်းတွေ ဖြစ်တဲ့ မမဂျစ်တူးနဲ့ မမညလေးတို့ရဲ့ မွေးနေ့ပါ။ နှစ်ယောက်စလုံး ကျွန်တော့်ထက် ကြီးပါတယ်။ အသက်။ ဒါကြောင့် ကျွန်တော့်အမတွေရဲ့ မွေးနေ့မှာ သူတို့နှစ်ယောက်စားဖို့ရော ဘလော့ခ်ကို လာလည်တဲ့လူတွေ စားဖို့ပါ ကျွန်တော်ဇင်ကိုလတ်က အသားကြော်ကျွေးပါမယ်။ ဒီပုံမှာ အသားတွေဆီနဲ့ လှိမ့်ပေးနေတဲ့ လူကို ကျွန်တော်လို့ သဘောထားပါ။ စားကြပါ။ အားရပါးရပေါ့။ သတိထားတော့ စားနော်။ မီးတွေလည်း စားမိဦးမယ်။ စားလို့ဝကြရင်တော့ ဒေါ်ကြီးညလေးနဲ့ ကြီးတော်ဂျစ်တူးတို့ရဲ့ ဘလော့ခ်မှာ ကိတ်မုန့်တွေ သွားစားကြရအောင်ပါ။

Friday, July 13, 2007

ခဏတဖြုတ် နားမည်

သံလွင်အိပ်မက်အတွက် အလုပ်များနေခြင်း၊ အလုပ်မှ အိုတီများ ခဏခဏလုပ်ခိုင်းနေခြင်း၊ ကျောင်းစာများ မနိုင်မနင်းဖြစ်နေခြင်း၊ လိုင်ဘရီသို့ အားလျှင် အားသလို သွားရခြင်း၊ ပုံမှန် ကိုယ်ရေးကိုယ်တာ ဟိုဟာဒီဟာများ ရှိခြင်းတို့ကြောင့် ဘလော့ခ်ရေးခြင်းကို ယခုဇူလိုင်လကုန်အထိ ခေတ္တခဏ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ထိုရက်ပိုင်းအတွင်း မျက်စိလည် လမ်းမှား၍ ဤဘလော့ဂ်သို့ ရောက်လာသူများအတွက် ကျွန်တော်ရိုက်ထားသော ဓါတ်ပုံများ အလျဉ်းသင့်သလို ဖော်ပြပေးသွားပါမည်။

Thursday, July 12, 2007

Happy Birthday demokitto


ကျွန်တော့်ရဲ့ အမာခံ blog readerတစ်ယောက် ဖြစ်တဲ့ ညီမငယ်DemoKittoရဲ့ ယနေ့ မွေးနေ့မှသည် နောင်နှစ်ပေါင်းရာကျော်တိုင် ကျန်းမာပျော်ရွှင် စိတ်ကြည်လင်ပြီး ဘလော့ဂ်တွေလည်း များများဖတ်နိုင်ပါစေ၊ ကွန်မန့်တွေလည်း များများရေးနိုင်ပါစေလို့.....။

ကျွန်တော်ရဲ့ ပိုစ့်တိုင်းလောက်နီးပါးကို ကွန်မန့်ရေးပေးခဲ့တဲ့ ဒီမို

Wednesday, July 11, 2007

အတတ်ပညာ ရှာသောအခါ

လောကနီတိထဲတွင်. . .
`ဥစ္စာရှာသောအခါ၌ လည်းကောင်း၊ မေထုန်မှီ ၀ဲသောအခါ၌ လည်းကောင်း၊ အတတ်ပညာရှာသောအခါ၌ လည်းကောင်း အရှက်အကြောက်ကို စွန့်ရာ၏။´ ဟုဆိုသည်။ ထိုသို့ဆိုလျှင် အတတ်ပညာရှာသော လူများသည် အရှက်မရှိသူများ ဖြစ်ကြပေလိမ့်မည်။

နောက်ပြီး အဲသည်နီတိထဲမှာပင် . . .
`အတတ်ပညာရှိသော သူကို လောက၌ သူတစ်ပါးတို့ ပူဇော်၏´

အဲသည် အချက်နှစ်ချက်ကို တစ်ဆက်တည်းတွေးယူလိုက်လျှင် `အရှက်မရှိသော သူများကို လူတို့က ပူဇော်၏´ဟု ဘာသာပြန်ရပေလိမ့်မည်။ ကျေးဇူးပြုပြီး ငါ့ကို နီတိတွေနဲ့ ကြီးကြီးကျယ်ကျယ် လာမဆုံးမကြပါနှင့်။

ဦးသံလွင်ကျော်ဇော၊
မင်းခိုက်စိုးစန်၏ စိုမှာစိုးလို့ မိုးမိတယ်မှ

Monday, July 9, 2007

အလုပ်ထဲမှာ အလုပ်များတယ်

ကျွန်တော့်အလုပ်က 12 hours shiftပါ။ တစ်နေ့ကို ၁၂နာရီနဲ့ ၄ရက်လုပ်ပြီးရင် ၃ရက်နား။ ၃ရက်လုပ်ပြီးရင် ၄ရက်နားရတယ်။ တစ်ပတ်ည၊ တစ်ပတ်နေ့ဖက် လုပ်ရပါတယ်။ ဒီတစ်ပတ်တော့ အိုတီ(Over time)လေးနှစ်ရက် ရတာနဲ့ ပိုက်ဆံကို ရတုန်းလေးရှာထားလိုက်ဦးမယ် ဆိုပြီး ငါးညဆက်တိုက် အလုပ်လုပ်ဖြစ်တယ်။

အလုပ်က စင်္ကာပူ Changiလေဆိပ်မှာပါ။ X-ray Machineတွေကို Maintenanceလုပ်၊ ပျက်ရင်ပြင်၊ မပျက်ရင် လုပ်ချင်တာလုပ် နေရတဲ့ အလုပ်ကို ကျွန်တော်လုပ်တယ်။ များသောအားဖြင့် ၁၂နာရီမှာ Maintenanceက တစ်နာရီလောက်လုပ်ရင် ပြီးပြီ။ ကျန်တဲ့အချိန်တော့ ရုပ်ရှင်ကြည့်၊ စာအုပ်ဖတ်၊ မန်နေဂျာလစ်ရင် လစ်သလိုအိပ်။ အိုဗာတိုင် နှစ်ရက်က နှစ်ရက်ဆိုသလောက် မနားရပါဘူး။ Machineတွေ ပျက်နေလို့ပါ။

Machineတွေက တခါတလေ ငါးမိနစ်လောက်လုပ်လိုက်ရင် ပြန်ကောင်းပေမယ့် တခါတလေ တစ်ရက် နှစ်ရက်လောက် ကြာတတ်တယ်။ လွန်ခဲ့တဲ့၂ညကလည်း Machineတွေ ဒေါင်းလို့ ၁၀နာရီလောက်ကြာအောင် ပြင်ရတယ်လေ။ အလုပ်က ပင်ပန်းတာနဲ့ MC(ဆေးခွင့်)ကလည်း မယူတာ ကြာနေတာနဲ့တော့ ကွက်တိပါပဲ။ နောက်ဆုံးဆေးခွင့်ယူတာ မှတ်မှတ်ရရ မတ်လလောက်က ထင်တယ်။

အင်း ကျွန်တော့် မန်နေဂျာကို သွားမပြောဘူးဆိုရင်တော့ မနက်ဖြန်ကျွန်တော် ဖျားတော့မယ်ဆိုတဲ့အကြောင်းကို အားလုံးကို ကြိုပြောပြလိုက်ပါတယ်။

Friday, July 6, 2007

မိုးရာသီ၌ ရူးသွားခြင်း

ကိုရန်အောင်က နောက်တစ်ခေါက်ထပ်ပြီး tagတဲ့အတွက် မိုးတွေ ထပ်ရွာခဲ့ရပြန်ပါပြီ။ မတောက်တခေါက်နဲ့ မော်ဒန်ကဗျာမိုးလေး ရွာပေးလိုက်ပါ့မယ်။ဟိုတလောက ရွာတဲ့မိုး

မိုးရာသီ၌ ရူးသွားခြင်း

အနမ်းနဲ့ စာစီ၊ မိုးရာသီ
မရှိတဲ့ ကြယ်ရေ(ရီ)၊ မိုးရာသီ
ပန်းနဲ့ ကဗျာသီ၊ မိုးရာသီ
ပြုံးမဲ့ ငါရယ်(ရီ)၊ မိုးရာသီ
အရှုံးပေးပါပြီ မိုးရာသီရေ .. ..။

အဲဒီ . . .အဲဒီမိုးရာသီမှာပေါ့ . . .
မိုးတွေကို မကြောက်ပဲ
လမ်းတွေ လျှောက်ဆဲမှာ
အလွမ်းတွေ ချောက်ထဲကျလို့
(တယောက်တည်း)
ငါလေ ပေါက်ကွဲရဖူးတယ်။

အဲဒီ ရူးနေတဲ့မိုးရာသီမှာပဲပေါ့...
စိတ်ကူးတွေ ပေါက်ပြဲပြီး
အချစ်တွေ သောက်တလွဲမို့
အိပ်မက်တွေ မှောက်လဲတဲ့(ငါ)
ငါလေ . . . .
အရက်တွေလည်း သောက်မြဲပါပဲ။

အင်း.
သူငယ်ချင်းတွေကတော့ ပြောကြတယ်
မင်းဟာ ဂေါက်ပဲတဲ့။

အလင်းဖြူ (ဇင်ကိုလတ် ကဗျာရေးလျှင်သုံးသော ကလောင်နာမည်)

ဒီကဗျာကို အမြင့်ဆုံးအထိ ဆွဲတင်ပြီး ကိုယ့်ဘာသာကိုယ် ရိုက်ချလိုက်တဲ့ နည်းနဲ့ ရေးထားတယ်။ မယုံရင် ပုံပြင်လို့မှတ်၊ ခိုက်တယ်ဆို လာလာဖတ်၊ မိုက်တယ်ဆို အခါခါကျက်၊ ကြိုက်တယ်ဆို နံရံမှာသာ ကပ်ထားလိုက်ပါတော့။


နောက်တစ်ခေါက် တစ်ယောက်ယောက်က ထပ်tagလာနိုင်တဲ့ အတွက် ကျွန်တော်ကြိုပြီး ပိုစ့်တစ်ခု တင်ပေးထားလိုက်မယ်။ ဘယ်သူပဲ လာtagသည်ဖြစ်စေ ဖတ်ဖို့ ဟိုတစ်ခေါက်က မဂျစ်တူးရဲ့ ဘလော့ခ်ကာတွေ ရေးတဲ့ကဗျာဆိုတဲ့ ပိုစ့်က ကျွန်တော် ၀င်ရေးခဲ့တာကို တင်ပေးလိုက်ပါတယ်။

အဲဒီကဗျာလေးရဲ့ အစကို မဂျစ်တူးက ကောင်လေးတစ်ယောက် မိုးရွာထဲမှာ အိမ်ပြန်ဖို့ ဒုက္ခရောက်နေတဲ့အကြောင်း ရေးခဲ့တယ်။ အဲဒါကို ကောင်မလေးတစ်ယောက်က အဲဒီကောင်လေးကို အိမ်လိုက်ပို့နိုင်ဖို့ ဖြည့်ဆည်းပေးချင်တယ်လို့ ကိုဖြိုးက ရေးပြန်တယ်။ ကျွန်တော်ပြန်ရေးခဲ့တာကတော့.....

ဖြည့်ဆည်းချင်လဲ မပြည့်ပါ မိုးကပိုသည်းလာ
ပိုသည်းလာတဲ့ ကိုရွှေမိုး နှစ်ယောက်စလုံးကိုငြိုး။

အငြိုးကြီးတဲ့ ဒီမိုးရယ် မတိတ်ချင်လည်း နေတော့ကွယ်
မိုးရေထဲမှာ သူတို့နှစ်ယောက် ရဲရဲတင်းတင်းလျှောက်။

ဖြစ်ပေါ်လာတဲ့ ပြဿနာ ငါတို့ရင်ဆိုင်မှာ
သူနဲ့ သူမရဲ့ကဗျာလေး တို့ဘ၀ကို ပညာပေး။

နင်လားဟဲ့လောကဓံ ငါတို့ ကြံ့ကြံ့ခံ
လောကကြီးရဲ့ ဒုက္ခဘေး ရင်ဆိုင်ကြစို့လေး။

အဲဒီကဗျာလေးရဲ့ ခေါင်းစဉ်ကို ကျွန်တော်ကတော့ `ကိုရွှေမိုးနှင့် လောကဓံ´လို့ နာမည်ပေးချင်ပါတယ်။ ဒါပါပဲ။

Wednesday, July 4, 2007

အရမ်းကြိုက်တဲ့ Independence Day

ဒီနေ့ Yahoo! Logoမှာ မီးရှုးမီးပန်းလေးတွေ ဖောက်ပြီး Happy 4th of July ဆိုတာ တွေ့တော့မှ အမေရိကန်နိုင်ငံရဲ့ Independence Day ဆိုတာ သတိရသွားတယ်။ ကျွန်တော်တကယ် သတိရသွားတာကတော့ 1996 လောက်က ရုံတင်ခဲ့တဲ့ Independence Dayဆိုတဲ့ ရုပ်ရှင်ပါ။ ကျွန်တော့်ရဲ့ အကြိုက်ဆုံး ရုပ်ရှင်တွေထဲက တစ်ခုဆိုရင်လည်း မမှားပါဘူး။ Visual Effectsအတွက်လည်း Oscarရခဲ့တဲ့ ဇာတ်ကားတစ်ကားပါ။ တော်တော်များများလည်း ကြည့်ပြီးပြီလို့ ထင်တယ်။ မကြည့်ရသေးတဲ့လူ ကြည့်ဖို့မေ့နေတဲ့သူတွေကိုလည်း တစ်ခေါက်လောက်ကြည့်လိုက်ဖို့ ညွှန်းချင်ပါတယ်။

ဇာတ်လမ်းကတော့ အဓိက ကမ္ဘာကြီးကို ဂြိုဟ်သားတွေ လာတိုက်ခိုက်တဲ့ အကြောင်းပါ။ အဲဒါကို MITကကျောင်းပြီးထားတဲ့ ကွန်ပျူတာပညာရှင် တစ်ယောက်ရဲ့ ပညာနဲ့ ဂြိုဟ်သားတွေကို တိုက်ထုတ်လိုက်တဲ့ ဇာတ်ကားပါ။ အဲဒီအထဲမှာ ဂြိုဟ်သားတွေနဲ့ တိုက်ခါနီး အမေရိကန်သမ္မတရဲ့ မိန့်ခွန်းကိုတော့ တော်တော်လေးကြိုက်မိပါတယ်။ မြန်မာလိုပြန်ပြီး တင်ပေးဦးမလို့ပဲ။ ဒါပေမယ့် အင်္ဂလိပ်လိုဆိုတော့ Original စကားလုံးတွေနဲ့ ထိထိမိမိရှိတယ်ဆိုပြီး အင်္ဂလိပ်လိုပဲ တင်ပေးလိုက်ပါတယ်။

"Good Morning, In less than an hour, aircraft from here will join others from around the world.
And you will be launching the largest aerial battle in the history of mankind. Mankind. That word
should have new meaning for all of us today. We can't be consumed by our petty differences any
more. We will be united in our common interest. Perhaps it's fate that today is the Fourth of July.
And you will once again be fighting for our freedom. Not from tyranny, oppression or presecution.
But from annihilation. We're fighting for our right to live. To exist. And should we win the day,
the Fourth of July will no longer be known as an American holiday, but as the day when the world
declared in one voice, "We will not go quietly into the night!" "We will not vanish without a fight!"
"We're going to live on!" "We're going to survive!" Today, we celebrate our Independence Day!


ဒါကတော့ President Thomas J. Whitmoreနေရာမှာ သရုပ်ဆောင်သွားတဲ့ မင်းသားBill Pullmanရဲ့ မိန့်ခွန်းပဲ ဖြစ်ပါတယ်။ သူရဲ့ သရုပ်ပါပါ၊ အသံနေအသံထား၊ သူပြောတဲ့ စကားလုံးတွေကို ကြည့်ရင်း နားထောင်းရင်း သူများတွေတော့ မသိဘူး ကျွန်တော်တော့ အရမ်းကြိုက်သွားပါတယ်။

Monday, July 2, 2007

အလုပ်ထုတ်ခံရတဲ့ နှလုံးသား

တာဝန်မှ ရပ်စဲခြင်းခံရသော နှလုံးသား

စာအမှတ် ၇-၇၇ နှလုံးသား။
ယနေ့မှစ၍
“၁၆”ကားပေါ်တွင်
“ထမင်းဘူးတော်ကိုင်”တာဝန်မှ လည်းကောင်း
ပုဂံလမ်းပေါ်တွင်
“ထီးတော်မိုး”တာဝန်မှ လည်းကောင်း
သက်သာချောင်ချိရေးဆိုင်တွင်
“စားပွဲတော်ထိုး”တာဝန်မှလည်းကောင်း
အင်းလျားကန်ဘောင်ပေါ်တွင်
“သက်တော်စောင့်”တာဝန်မှလည်းကောင်း
ဗိုလ်ချုပ်ဈေးတွင်
“ပစ္စည်းတော်ထမ်း”တာဝန်မှလည်းကောင်း
အခန်းအေ - ၂၀၅တွင်
“အနမ်းတော်ဆက်”တာဝန်မှလည်းကောင်း
သင့်အား လုံးဝရပ်စဲလိုက်ကြောင်းနှင့်
“ငှက်ပြာ”တစ်စင်း
“ဂျင်းရှပ်”တစ်လွှာ
“ရာတန်”တစ်ထပ်
“ဆေးထိုးအပ်”တစ်ချောင်း
အဆင့်ရှိသူအား
သင်၏နေရာတွင်
အစားထိုးခန့်ထားလိုက်ပါကြောင်း။

မင်းလူ

Sunday, July 1, 2007

မဟာသီရိ သုဓမ္မ ရာဇာ







ကျွန်တော့်လို အဲဒီဘွဲ့၊ တံဆိပ်တွေ မမြင်ဖူးဘူးဆိုတဲ့ လူတွေအတွက် မြန်မာစွယ်စုံကျမ်းကနေ Scanဖတ်ပြီး သတိုးသီရိ သုဓမ္မရာဇာ အဂ္ဂမဟာသရေစည်သူ အလင်္ကာကျော်စွာ ၀ဏ္ဏကျော်ထင် ဇင်ကိုလတ်က သူ့ရဲ့ ဘလော့ခ်မှာ တင်ပေးလိုက်ပါတယ်။ :P