Sunday, November 25, 2007

Blog Times No 3 is online now


ဘလော့ခ်တိုင်း နံပါတ် ၃ကို ကြိုးစားပန်းစားနဲ့ ၀ိုင်းရေးလိုက်တဲ့အခါမှာ အရင် စာမျက်ခွက်တွေထက် ၂မျက်ခွက်ပိုပြီး ဓါတ်ပုံများစွာနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ထွက်လို့ လာခဲ့ပါပြီ။ MBSအဖွဲ့ကြီး ပြိုကွဲတော့မည်လော၊ Blogger များသည် လောင်းကစားသမားများလော၊ MBSဒိုင်း ရန်ပုံငွေ ဘောလုံးစိန်ခေါ်ပွဲ ခြိမ့်ခြိမ့်သဲသဲ ကျင်းပရန် စီစဉ်၊ ၀င်ငွေကောင်းရန်လိုသော ဘလော့ခ်ကာများ၊ ဘလော့ခ်တစ်ခုကို ကြော်ငြာနည်း၊ စသည့်သတင်းများအပြင် ပါနေကျ ကဏ္ဍများဖြစ်သော ကြော်ငြာ၊ ဖုန်းသတင်း၊ အမေးအဖြေ၊ ပရိတ်သတ်အကြိုက် မော်ဒယ်ဂဲလ် တို့လည်း ပါဝင်ပါတယ်။ ထိုဘလော့ခ်တိုင်းနဲ့ တူတူလက်တွဲသွားဖို့အတွက် ကျွန်တော်ကိုလည်း ပေါင်သန်း၁၅သန်းဖြင့် ၂နှစ်စာချုပ်ရန် ကမ်းလှမ်းလာသဖြင့် လက်ခံခဲ့ပြီး ကြိုးစားပမ်းစား ရေးသားခဲ့သောကြောင့် ပရိသတ်များ၏ ချီးမြှင့်မှုများကို ကြိုတင်မျှော်လင့်ထားပါကြောင်း၊ စတာလင်ပေါင် မပေးနိုင်သော စာဖတ်ပရိသတ်များထံမှ စတာလင်ဒူး၊ စတာလင်ခြေ၊ နှင့် စတာလင်လက်သီးများကိုလည်း မျှော်လင့်မိကြောင်း ဒီနေရာကနေ ပြောကြားလိုပါတယ်။ အဲဒီ ကန့်သတ်ချက်အရေအတွက်ဖြင့် ၀ယ်သလောက်သာ ရောင်းသော ဘလော့ခ်တိုင်းကို ဒီနေရာမှ ရယူနိုင်ကြောင်း.....။

Saturday, November 24, 2007

သာယာချမ်းမြေ့ဆိုတဲ့ ဇာတ်ကား

မြန်မာကားတွေ မကြည့်ဖြစ်တာ တော်တော်လေးကို ကြာပါပြီ။ ပန်နီဇူးလားက ငှားရင်လည်း တချို့က Qualityသိပ်မကောင်းတာနဲ့ ဈေးကလည်း ၄ဒေါ်လာလောက်ပေးရတော့ သိပ်မကြည့်ဖြစ်ဘူး။ တကယ်တမ်းတော့ မြန်မာကားတင်မဟုတ်ပါဘူး အင်္ဂလိပ်ကားတွေလည်း ကြည့်ဖို့အတွက်ကို အချိန်မရှိတာပါ။ ဒီနေ့တော့ အလုပ်ထဲမှာ တော်တော်အားနေတာနဲ့ downloadချထားပြီး မကြည့်ဖြစ်သေးတဲ့ သာယာချမ်းမြေ့ဆိုတဲ့ဇာတ်ကားကို ကြည့်ဖြစ်ပါတယ်။ မြန်မာကားတော်တော်များများကို မြန်မာတွေမကြိုက်ကြတာလည်း မပြောနဲ့။ ဇာတ်လမ်းတွေက တစ်ခုနဲ့ တစ်ခုထပ် နေတာကိုး။ အဲဒါကြောင့် ဇာတ်လမ်းကောင်းကောင်းကို ဒါရိုက်တာကောင်းကောင်းက ရိုက်ပြီး သရုပ်ဆောင်တွေကလည်း ကိုယ်ကြိုက်တဲ့ သရုပ်ဆောင်တွေဆိုရင်တော့ မြန်မာကားတွေလည်း သူ့ဟာနဲ့ သူတော့ ကြည့်လို့ကောင်းပါတယ်။



ဒီသာယာချမ်းမြေ့ဆိုတဲ့ ဇာတ်ကားကတော့ အမလင်မယားဆုံးသွားလို့ တူမနဲ့ တူလေးနှစ်ယောက်ကို စောင့်ရှောက်နေတဲ့ အိဒ္ဒြာကျော်ဇင်နဲ့ အမေနဲ့ တူတူနေပြီး စီးပွားရေးလုပ်ငန်းတွေကို ဦးစီးလုပ်နေတဲ့ မင်းမော်ကွန်းတို့ရဲ့ ဇာတ်လမ်းပါ။ စပြီးကြည့်လိုက်တာနဲ့ ဘာဖြစ်ပြီး ဘာဖြစ်မယ်ဆိုတာ သိနေတဲ့အတွက် ကြည့်ရတာ ဇိမ်တော့ သိပ်မရှိပေမယ့် မကြည့်ရတာ ကြာလို့ မြန်မာကားကြည့်ရတဲ့ အရသာလေး တစ်ခုအတွက် ဆိုရင်တော့ မဆိုးလှပါဘူး။ ဒါကြောင့် မြန်မာကားတွေဆိုရင် တစ်ယောက်ယောက်က ကောင်းတယ် ကြည့်၊ ဆိုပြီး ပြောလာတဲ့ကားတွေကိုပဲ အဓိက ကြည့်ချင်တာပါ။ ဒါပေမယ့် လောလောဆယ်တော့ Minthila.comကနေ ကောင်းနိုးရာရာလေးတွေ Downloadချပြီး အားရင် အားသလိုကြည့်ဖို့ သိမ်းထားလိုက်ပါတယ်။

Tuesday, November 20, 2007

စားလိုက်ကြစို့ သူငယ်ချင်း

စင်္ကာပူမှာတော့ မွေးနေ့ဆိုရင် သူငယ်ချင်းတွေက မွေးနေ့ရှင်ကို လိုက်ကျွေးကြတယ်ဆိုတာမျိုး ရှိပေမယ့် ကျွန်တော်တို့ မြန်မာတွေကတော့ မွေးနေ့ရှင်ကနေ သူငယ်ချင်းတွေကို လိုက်ကျွေးရတာပါ။ အခုလည်း ကျွန်တော့်ရဲ့ သူငယ်ချင်းတွေကို လိုက်ကျွေးချင်ပေမယ့် အခြေအနေအရပ်ရပ်ကြောင့် မတွေ့ဖြစ်တာတွေ၊ အဝေးမှာရောက်နေတာတွေကြောင့် လိုက်မကျွေးနိုင်သေးပါဘူး။ ဒါ့ကြောင့် ခုလောလောဆယ် ကျွန်တော်စာရင်းကောက်လို့ ရသလောက် သူငယ်ချင်းတွေ စားချင်တာတွေကို မှတ်ထားလိုက်ပါတယ်။ တချိန် အပြင်မှာ တကယ်ဆုံကြတဲ့အခါ ပိုက်ပိုက်လည်း အခုလို အဆင်ပြေနေတယ်ဆိုရင် သေချာပေါက်လိုက်ကျွေးပါမယ်။ ကျွန်တော်အခုထိ ယူထားတဲ့ အော်ဒါတွေကတော့ ...



စုစု - ပင်လယ်စာ
ဒီမို - ဆူရှီး(ဂျပန်စာ)
အနှင်း - ပီဇာ(Pizza)
မပန် - ဂျပန်စာနဲ့ ၀က်သားတုတ်ထိုး
စုဝေ - တရုတ်ထမင်းပေါင်း
မမယ်လိုဒီမောင် - Singapore Flyerရဲ့ Capsuleထဲမှာ မှာလို့ရတာ အကုန်စားမယ်
ဘာညာ - ဆာရှိမိ(ဂျပန်စာ)
မဂျစ် - ထမင်းနဲ
မရွှေဇင် - မုန့်စိမ်းပေါင်း

တခြားသူငယ်ချင်းတွေကတော့ ဘာဖြစ်ဖြစ်စားမှာတဲ့။ စားရရင် ပြီးရောဆိုတဲ့ သဘောပဲ။ ဟုတ်ပါပြီ။ စာရင်းကို ကြည့်လိုက်ရင်တော့ မိန်းကလေးတွေချည်း ဖြစ်နေတဲ့အတွက် သူများတွေတော့ ထင်မှာပဲ။ ဇင်ကိုလတ်သူငယ်ချင်း ကောင်မလေးတွေ တော်တော်အစားပုတ်လို့။ အဲလိုလည်း မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ယောက်ျားလေး သူငယ်ချင်းတွေနဲ့ မတွေ့သေးလို့ပါ။ ဘာပဲဖြစ်ဖြစ် စားချင်တာတွေ မပြောရသေးတဲ့လူရှိရင်လည်း ထပ်ပြီးတော့ မှတ်ထားပေးပါ့မယ်။

မွေးနေ့များရဲ့ ဒိုင်ယာရီ



အသက်လေးနှစ်
မူကြိုဆရာမကို ခြေထောက်နဲ့ ကန်ပစ်လိုက်တယ်။

ရှစ်နှစ်ကျော်ကျော်
ကျောင်းနေပျော်ပေမယ့် စာမတော်ခဲ့ပါ။

တစ်ဆယ်နဲ့ သုံး
လောကကြီးကို ပြုံးပြလိုက်တယ်။

ဆယ့်ခြောက်နှစ်အရွယ်
အချစ်ကို ကိုးကွယ်ခဲ့ဖူးတယ်။

ဆယ့်ကိုးနှစ်သား
အိပ်မက်တွေနဲ့ ကစားခဲ့တယ်။

နှစ်ဆယ့်သုံး
ဘ၀အတွက် စပြီးရုန်းလို့။

နှစ်ဆယ့်ငါး
အသည်းကွဲတယ်ဆိုတာ အလကားပါ။

နှစ်ဆယ်နဲ့ ရှစ်
့အသက်နဲ့ ခန္ဓာဟာ နိုင်ငံနဲ့ လူမျိုးအတွက် ဖြစ်တယ်။

အလင်းဖြူ

Thursday, November 15, 2007

ဒီဇင်ဘာစတိတ်ရှိုးများ



ဟိုတစ်နေ့က ပန်နီဇူးလားပလာဇာရောက်တော့မှ သတိထားမိတယ်။ နည်းနည်းနောနော စတိတ်ရှိုးတွေ မဟုတ်ပါလားလို့။ ရန်ကုန်မှာ တစ်လတည်း စတိတ်ရှိုး သုံးလေးခု ရှိသလိုပါပဲလားလို့။ အခုလောလောဆယ် ဒီဇင်ဘာလရဲ့ ပထမဆုံး အပတ်မှာ Music Challange Round 1လို့ ခေါ်တဲ့ Hip Hop, Pop, Metalအစုံပါတဲ့ပွဲ တစ်ပွဲ။ ပြီးတော့ ရှမ်းနှစ်သစ်ကူးပွဲကို ဒီဇင်ဘာ ၈ရက်နေ့ Clarke Queyမှာလုပ်မယ်။ VIPဆို ၄၀၊ ရိုးရိုးဆို ၃၀။ ဆိုမယ့် အဆိုတော်တွေကတော့ ဘိုဖြူ၊ စိုင်းစန်ဇွန်ဖနဲ့ ဧည့်သည် အဆိုတော် ဆုန်သင်းပါရ်တို့ပဲ ဖြစ်ပါတယ်။ အဆို၊ အကတွေ အပြင် ဘူဖေးလ်ပါ ကျွေးဦးမှာဆိုတော့ သုံးဆယ်ကတော့ တန်တယ်ထင်တာပဲ။



နောက်ဆုံးတစ်ခုကတော့ အားလုံးမျှော်လင့်တောင့်တနေကြတဲ့ Iron Crossပါပဲ။ နေရာကတော့ အရင်တခေါက်က လုပ်သွားတဲ့ Jurong East Sports & Cultural Centreမှာပါ။ လက်မှတ်က ၆၀တန်းနဲ့ ၅၀တန်းက အောက်ဖက်မှာ စင်နဲ့ ပိုနီးပေမယ့် သေသေချာချာ မမြင်ရလောက်ပါဘူး။ လေးဆယ်တန်းနဲ့ သုံးဆယ်တန်းကတော့ နည်းနည်းဝေးပေမယ့် အမြင့်ကနေ ကြည့်ရမှာ ဆိုတော့ သေသေချာချာ ပိုမြင်ရနိုင်ပါတယ်။ ကဲ ကျွန်တော်ကတော့ လေးဆယ်တန်းကနေ ကြည့်မှာပါ။ ကျွန်တော်နဲ့ တူတူလိုက်ချင်တဲ့သူများ ကိုယ့်ပိုက်ဆံကိုယ်ပေးပြီး ကြည့်နိုင်ကြပါတယ်။ တော်ကြာမခေါ်ဘူး ဖြစ်နေမှာစိုးလို့။

Monday, November 12, 2007

ဆာလောင်မှုများနဲ့ နိုင်ငံ

အဲဒီနိုင်ငံမှာပေါ့
ဆင်းရဲဒုက္ခ ဘ၀ကို ခက်ခဲစွာ ဖြတ်သန်းကြတဲ့
လူမျိုးတွေနေတယ်...

ကိုယ့်နိုင်ငံကို
သူတပါးလာတိုက်စေချင်တဲ့လူမျိုး
ကမ္ဘာပေါ်မှာ ငါ့တို့ တမျိုးပဲရှိမယ်...

ကိုယ့်နိုင်ငံကို
ချောက်ထဲတွန်းချနေတဲ့ လူစိမ်းမျိုး
ကမ္ဘာပေါ်မှာ ဘယ်လောက်တောင်တိုးနေပြီလဲ...

ကိုယ့်နိုင်ငံကို
ကောင်းစားစေချင်တဲ့ လူမျိုး
အရိုးဆွေးတဲ့ အထိတိုက်မယ်တဲ့.....

ကိုယ့်နိုင်ငံကို
ဖျက်စီးပြီး သာသနာကိုပါ စော်ကားတဲ့ လူစိမ်းမျိုး
အ၀ီဇိအိုး ဇောက်ထိုးကပ်မယ်....

အဲဒီနိုင်ငံမှာပေါ့....
မင်းကောင်းမင်းမြတ်ကို ဆာလောင်တယ်
လာဘ်မစားမှုများကို ဆာလောင်တယ်
တရားမျှတမှုကို ဆာလောင်တယ်
အမှန်တရားကို ဆာလောင်တယ်
လွတ်လပ်မှုကို ဆာလောင်တယ်
တိုးတက်မှုကို ဆာလောင်တယ်
Internetကို ဆာလောင်တယ်
ပညာရေးကို ဆာလောင်တယ်
ဘာသာရေးကို ဆာလောင်တယ်
ကျန်းမာရေးကို ဆာလောင်တယ်
စားဝတ်နေရေးကို ဆာလောင်တယ်
လူတော်လူကောင်းကို ဆာလောင်တယ်။

စစ်နိုင်သူ

Sunday, November 11, 2007

Happy Birthday ....



Dilobearရဲ့ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ။

Thursday, November 8, 2007

TPmyanmarရဲ့ သီချင်း တစ်ပုဒ်



ဒီဗီဒီယိုလေးကို ပြန်ကြည့်မိတိုင်း ပြန်မရနိုင်တော့တဲ့ Temasek Polytechnic မှာ ကျောင်းတက်ခဲ့ရတဲ့ ဘ၀၊ ဘုန်းကြီးကျောင်းပွဲ၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲ၊ သင်္ကြန်ပွဲတွေ ဆင်နွှဲခဲ့ရတဲ့ ဘ၀၊ လူငယ်ဘ၀၊ ကျောင်းသားဘ၀တွေကို ပြန်ပြီး အမှတ်ရစေပါတယ်။ ဒီသီချင်းလေးကို ဘုန်းမြင့်မောင်(မှန်လေး)နဲ့ အောင်အောင်ကရေးပြီး သူတို့နှစ်ယောက်ရယ် ကျော်ဇင်ရယ် သုံးယောက်ပေါင်း ဆိုထားတာပါ။ သီချင်းသွင်းတာကတော့ အာရုံရဲ့ ကိုယ်ပိုင် Studio Psalmမှာ သွင်းထားတာလို့ သူတို့ကပြောပါတယ်။ ဒီသီချင်းက TPmyanmarရဲ့ တတိယသီချင်းဖြစ်ပြီး ပထမနဲ့ ဒုတိယသီချင်းတွေကတော့ သေသေချာချာ မသွင်းရသေးပါဘူး။ ကိုယ်တိုင်က ဂီတဘက်မှာ အားနည်းခဲ့ပေမယ့် အခုလို ပါရမီ ပါတဲ့သူတွေကိုတော့ အမြဲအားပေးနေပါတယ်။

Monday, November 5, 2007

ငယ်ငယ်တုန်းက.....

မလေပြေက ရေးဖို့အတွက် တက်သွားတော့လည်း ရေးပေးရတာပေါ့။

ကျွန်တော် ငယ်ငယ်တုန်းက ဒေါသအရမ်းကြီးပါတယ်။ ကြီးတာကမှ ဒေါသကြီးတာလား ဒေါသသေးတာလား မသိတတ်ခင် အူဝဲလို့ အော်တတ်ကတည်းက ပါတဲ့။ ကျွန်တော် ငယ်ငယ်တုန်းက ဘာကို မရလို့မှန်း ဘာဖြစ်လို့မှန်း မသိပဲကို ဒေါသတကြီးနဲ့ အော်အော်ပြီး ငိုတယ်လို့ ကြုံတိုင်း အမေက ပြောပြတယ်။ ငိုတာမှ နှုတ်ခမ်းတွေကို တဇက်ဇက်တုန်ပြီး အော်ရင်း အော်ရင်း အသံတွေပါ ပြာလာတယ်တဲ့။ စကားကလည်း မပြောတတ်သေးတော့ ကျွန်တော်ဘာလိုချင်မှန်းလည်း မသိ။ အမေနဲ့ အဖေက ဘာလုပ်လို့ လုပ်ရမှန်းလည်း မသိ။ မသိခြင်းတွေကြားထဲမှာ ကျွန်တော်ဒေါသကြီးတတ်တာကို သိခဲ့ကြတယ်နဲ့တူပါတယ်။

ဒေါသကြီးဆို အင်္ဂါသားကိုး။ အဲ... အင်္ဂါသားဆိုမှ လေး၊ ငါးနှစ်သားလောက်ရောက်တော့ ဦးလေးတွေ အဒေါ်တွေက အင်္ဂါခြင်္သေ့၊ ရှေ့တောင်ကွေ့ဆိုပြီး ကျွန်တော့်ကို စရင်လည်း ဒေါသထွက်ပါတယ်။ ပြီးတော့ ငယ်ငယ်က ကျွန်တော်က ကျော်ဟိန်းသိပ်ကြိုက်တာ။ အဲဒီကျော်ဟိန်းကို စကားမပီတော့ ကျော်ဟန်းလို့ ခေါ်တယ်။ ဒါကို ဦးလေးက ဟေ့ ကျော်ဟန်း...ချမလားကွ ဆိုလို့ကတော့ ဦးလေးကို ပြေးပြေးပြီးထိုးတော့တာပဲ။ ငယ်ငယ်တုန်းက ကျွန်တော့်ဒေါသဒါဏ်တွေကို အခံရဆုံးကတော့ ကျွန်တော့်ရဲ့ ဗီရိုပုလေးဖြစ်မယ်ထင်တယ်။ ဗီရိုလေးက သုံးပေလောက်ပဲ မြင့်တာပါ။ ဒေါသထွက်တိုင်း အဲဒီဗီရိုလေးကို ဆောင့်ဆောင့်ကန်တတ်တယ်။ တစ်ခါတစ်ခါ တံခါးတွေဆောင့်ဆောင့်ပြီးပိတ်လိုက် ဆောင့်ဆောင့်ပြီးဖွင့်လိုက်လည်း လုပ်ဖူးတယ်။

နောက်ပိုင်းကျောင်းနေတဲ့ အရွယ်ရောက်တော့ ကျွန်တော်စကားပြောတာ ရင့်သီးတာတို့၊ အော်ဟစ်ပြီးပြောတာတို့ဆိုရင် အဖေက အမြဲဆုံးမပါတယ်။ “သား ဟိုတစ်နေ့က စာကျက်တဲ့အထဲမှာ နှုတ်ချို လျှိုတစ်ပါးတို့။ ပျားသကာလို ချိုလှစေတို့ ပါတယ်လေ။ အဲဒါကို မမေ့ပါနဲ့” ဆိုလို့ ဒေါသလည်း နည်းနည်းပျောက်သွားမယ်နဲ့တူတယ်။ ဒေါသကြီးတာနဲ့ မဆိုင်ပေမယ့် ငယ်ငယ်တုန်းက အကြောင်းဆိုလို့ ဘယ်လောက် ဆော့ခဲ့သလဲဆိုတာကို ပြန်ပြောပြချင်တယ်။ ဆော့တာကမှ တခြားသူနဲ့ မဟုတ်ပါဘူး ညီညီ(သံလွင်)နဲ့ပါ။ ဘယ်အရွယ်လည်းဆိုတာကို မမှတ်မိတော့ပေမယ့် အဖြစ်အပျက်ကိုတော့ ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ ညီညီတို့အိမ်က ၇ပေလောက်မြင့်မယ့် ထပ်ခိုးပေါ်မှာ နှစ်ယောက် ကရာတေးချကစားကြတာပါ။ ကစားရင်း ကစားရင်း ညီညီ့ကို ခြေထောက်နဲ့ ကန်ထည့်လိုက်တာ ထပ်ခိုးပေါ်ကနေပြီး စာအုပ်ဖတ်နေတဲ့အောက်က ညီညီ့အမကြီးပေါ်ကို ပြုတ်ကျသွားပါလေရော။ ကျွန်တော်လည်း ကြောက်အားလန့်အားနဲ့ အောက်ကို လှမ်းကြည့်တော့ ညီညီကတော့ ဘာမှ မဖြစ်ပဲ အမကြီးတော်တော်လေးကို နာသွားတာကို သိလိုက်ရတယ်။ အဲဒီတုန်းက ကြောက်လိုက်တာ ဘာကို ကြောက်မှန်းမသိအောင်ကို ကြောက်တာ။ အင်း ငယ်ငယ်တုန်းက အဲလိုမျိုးလည်း ကစားချင်တိုင်းကစားပြီး တစ်ခုခုဆို ကြောက်ခဲ့ဖူးပါတယ်။

အရွယ်လေးရောက်လာပြီးတဲ့ နောက်ပိုင်း ဟိုး...အရင်တစ်ယောက်သောသူက ဒေါသအရမ်းကြီးပါတယ်။ ကျွန်တော်က “ဟဲ့”ဆိုပြီး နည်းနည်းလေးအော်လိုက်တာနဲ့ ကျွန်တော့်ကို “နင်နော် .... ဘာဟဲ့လဲ”ဆိုပြီး ဘာဖြစ်ချင်လို့တုန်းဆိုတဲ့ ရုပ်နဲ့ ပြန်ကြည့်တတ်ပါတယ်။ အဲဒါနဲ့ပဲ ကျွန်တော့်ဒေါသတွေလည်း ကြက်ပျောက်ငှက်ပျောက် ဖြစ်ကုန်ပေမယ့် နောက်တစ်ယောက်နဲ့ကျတော့ ပြန်ပြီး ဒေါသတွေ အတစ်လိုက်ထွက်ရပါတယ်။ ဘာလို့လဲဆိုတော့ သူကတော့ အရမ်းခေါင်းမာလို့ပါ။ ကျွန်တော့်မှာ သူနားလည်အောင် ပါးစပ်က အမြှုပ်တွေ ထွက်လောက်အောင် ရှင်းပေမယ့် ဘယ်လိုမှ ပြောမရလေ ဒေါသတွေ ထွက်လေပါပဲ။ ဘယ်လောက်တောင်လည်းဆို ဆက်ထွက်စရာဒေါသမကျန်တော့အောင်၊ ဒေါသထွက်ပြီး မောလောက်အောင်ကို ဖြစ်ရတယ်။

အမှန်တော့ ဒေါသဖြစ်တယ်ဆိုတာ ဘာသာရေးရှုထောင့်က ကြည့်ရင် ခန္ဓာကိုယ်ကို မီးတွေ လောင်ကျွမ်းနေတာပါပဲ။ အဲဒီလို လောင်ကျွမ်းတဲ့မီးကို အသိစိတ်ဓါတ်နဲ့မှ ပြန်မထိန်းနိုင်ရင် ဒုက္ခနဲ့ လှလှနဲ့ တွေ့ရတတ်ပါတယ်။ ဒါနဲ့ပဲ တတ်နိုင်သလောက် ကိုယ့်ဒေါသတွေကို ထိန်းရတယ်။ ပြီးတော့ ကျွန်တော်လုပ်နေတဲ့ အလုပ်တော်တော်များများကလည်း လူအများနဲ့ ဆက်ဆံရတာဆိုတော့ ဒေါသထွက်လို့ မဖြစ်တာချည်းပဲလေ။ နောက်ပိုင်းကျတော့ လူတိုင်းကို သံတမန်ဆန်ဆန်ဆက်ဆံတတ်တဲ့ အားလည်း အရမ်းနာတတ်တဲ့ သူငယ်ချင်းနေဘုန်းလတ်နဲ့ အတွဲများတော့ ကျွန်တော်ပါ သံတမန်ဆန်ပြီး အားနာတတ်လာသလား မသိပါဘူး။ ပုံမှန်အတိုင်းကို ပြုံးပြုံးလေးနေတတ်ပါပြီ။ ပြီးတော့ လူတွေက ကျွန်တော့်ကို ကောင်လေးက ပြုံးပြုံး ပြုံးပြုံးနဲ့တဲ့။ ကိုယ့်ဘာသာလည်း စိတ်ချမ်းသာတယ်။ သူများလည်း ကိုယ့်ကို မြင်ရတာ စိတ်ချမ်းသာတယ်။ ဘယ်လောက်ကောင်းတုန်း။ အခုတော့ ပြန်တွေးမိရင် အမှတ်ရစရာလေးတွေပဲ ကျန်ခဲ့တယ်။ သြော်...ငယ်ငယ်တုန်းကတော့ ငါ ဒေါသတော်တော်ကြီးပါလားပေါ့။