Thursday, February 11, 2016

သူငယ်ချင်းသို့ ပြန်စာ (၁)

မင်းပို့လိုက်တဲ့ စာတွေ အကုန်ဖတ်ရပါတယ်။ ငါကလည်း စာရေးပျင်းတဲ့ ကောင်ဆိုတော့ စာပြန်ရေးမယ် ရေးမယ်နဲ့ ငါ့ဘ၀ရဲ့ အပြောင်းအလဲတစ်ခုအတွက် အလုပ်နည်းနည်း ရှုပ်နေတာနဲ့ အခုမှပဲ ရေးမယ့်ဆီကို ရောက်တော့တယ်။ (အဲဒီကိစ္စအသေးစိတ်တွေ မင်းဆီကို စာရေးပါဦးမယ်။) ဒီနေ့ ငါ့ကို စာရေးဖြစ်စေဖို့ အဓိကတွန်းအားကတော့ မင်းသိတဲ့ အတိုင်း လက်ပံတန်းက အကြမ်းဖက်ဖြိုခွဲမှုကြောင့်ပဲ သူငယ်ချင်း။ လက်ပံတန်းကနေ ရန်ကုန်ကို ချီတက်ကြဖို့ အချက် ၈ချက် တောင်းဆိုထားတဲ့ ကျောင်းသားသပိတ်ကို အာဏာပိုင်တွေက ပိတ်ဆို့ထားတဲ့ အတွက် မတ်လ ၁၀ရက်နေ့မှာ ဖောက်ထွက်ကြဖို့ ဆုံးဖြတ်လိုက်ပြီဆိုတော့ ကျောင်းသားတွေအတွက် စိုးရိမ်မိတယ်။ မင်းလည်း သိတဲ့အတိုင်း ဒီအစိုးရက ကမူးရှုးတိုးအစိုးရလေ။ ထင်ထားတဲ့အတိုင်းပါပဲ။ ပထမတော့ လေးယောက်တစ်တွဲ လွှတ်ပြီး ရန်ကုန်ကို ကားနဲ့ သွားခွင့်ပေးမလိုလိုနဲ့ နောက်တော့ လက်ပံတန်းပြည်သူများရဲ့ ကြော်ငြာချက်လိုလို နဖူးမစီးရ အလံမလွှင့်ရ စတဲ့ တားမြစ်ချက်တွေနဲ့ ကျောင်းသားတွေရဲ့ စိတ်ကို ဆွပြီး အကြမ်းဖက်နှိမ်နှင်းမှု တစ်ခုပေါ်ပေါက်အောင် လုပ်ခဲ့တာ မင်းလည်း သတိထားမိမယ်ထင်ပါတယ်။

အင်အားသုံးနှိမ်နင်းမှုတွေ မဖြစ်ခင်မှာ သပိတ်မှောက်ကျောင်းသားတွေရဲ့ Facebook မှာ တင်ထားတာတွေ ဖတ်ရတော့ စိတ်ထဲမကောင်းဘူးကွာ။ သူတို့အဖမ်းခံရ၊ အရိုက်ခံရတဲ့အခါ မသနားပါနဲ့ သူတို့ လိုချင်တဲ့ ဒီမိုကရေစီပညာရေးဥပဒေအသက်ဝင်အောင် လုပ်ပေးကြပါ၊ လို့ ပြောတဲ့လူတွေ ရှိသလို၊ သမီးက အမာခံမဟုတ်ဘူး အသေခံလို့ ပြောတဲ့ ညီမငယ်လေးရဲ့ Status update ကိုလည်း ဖတ်ရတယ်။
အဲဒါလေးတွေ ဖတ်ရတော့ ငါတို့ ၁၀တန်းစာမေးပွဲ ဖြေခါနီး ၉၆တုန်းက ဖြစ်ခဲ့တဲ့ ကျောင်းသားအရေးအခင်းကို သွား သတိရမိတယ်။ လှည်းတန်းကနေ ညကြီးသန်းခေါင် ကြွေးကြော်သံတွေနဲ့ လမ်းလျှောက်ချီတက်လာတဲ့ ငါတို့ဟာ သန်းခေါင်ကျော်တော့ ဆူးလေဘုရားကို ရောက်ခဲ့တယ်။ အဲဒီအချိန်က စစ်အစိုးရအုပ်ချုပ်မှုအောက်မှာ ဖြစ်လို့ အကြမ်းဖက်ဖြိုခွင်းတော့မှာ သိတဲ့ ငါတို့ဟာ ကိုယ့်ကိုယ်ကို သေသူလို့ သတ်မှတ် ကတ္တရာလမ်းကို ဦးတိုက်ပြီး သရဏဂုံတင်ခဲ့ကြတယ်။ ထင်တဲ့အတိုင်း ကျောင်းသားအရေးအခင်းဟာ စစ်တပ်ရဲ့ ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွင်းမှုကို ခံခဲ့ရတယ်။ အခုလည်း သမိုင်းဟာ တကျော့ပြန်လည်ခဲ့ပြန်ပြီပေါ့။

မင်း ကတော့ ဘယ်လိုမြင်တယ် မသိဘူး။ ငါကတော့ အခုကျောင်းသားတွေ တောင်းဆိုနေတဲ့ ဒီမိုကရေစီပညာရေးဥပဒေကို အကြွင်းမဲ့ ထောက်ခံတယ်။ ငါတို့နိုင်ငံ ကမ္ဘာ့အလယ်မှာ မျက်နှာငယ်ရတာ အဓိကအချက်ထဲမှာ ပညာရေးနှိမ့်ကျမှုဟာ ထိပ်ဆုံးက ပါတယ်ဆိုတာ မင်းအသိပဲ မဟုတ်လား။ အဲဒီမှာ သားသမီးကို International school တွေမှာ ထားနိုင်တဲ့ လူကုံထံတွေကတော့ ကျောင်းသားသပိတ်ကို စောသေးတယ်၊ ဒီအချိန်မှာ မလုပ်သင့်သေးဘူးလို့ အပြစ်တင်ချင်ကြတယ်။ ငါ့အနေနဲ့တော့ ဆန္ဒပြပွဲဟာ နောက်တောင် ကျနေပြီလို့ ထင်မိသေးတယ်။
တချို့ကကျတော့လည်း ဒီနှစ်ထဲမှာ ရွေးကောက်ပွဲ ရှိတဲ့အတွက် တိုင်းပြည်တစ်ခုခုဖြစ်မှာ မလိုလားဘူး၊ ရွေးကောက်ပွဲကိုတော့ ပြီးအောင် စောင့်သင့်တယ်လို့ ဝေဖန်သူတွေလည်း ရှိတယ်။ ငါ့အနေနဲ့တော့ ရွေးကောက်ပွဲမနိုင်လောက်ဘူးလို့ ထင်တဲ့ လက်ရှိအစိုးရဟာ တနည်းမဟုတ် တနည်းနဲ့ သူတို့ အာဏာတည်မြဲရေးအတွက် နည်းမျိုးစုံသုံးနေဦးမှာပဲ။ ကျောင်းသားတွေ ဆန္ဒပြလို့ နိုင်ငံချောက်ထဲကျခါနီးလက်တလုံးအလို ကယ်တင်လိုက်ရပါတယ် ဆိုတာကြီးဖြစ်ရင် ဘယ်လိုလုပ်မလဲဆိုပြီး မေးခွန်းထုတ်သူတွေကလည်း ဒုနဲ့ဒေး။ အဲဒီလို လူတွေကို ငါတစ်ခုပြောချင်တာက ကျောင်းသားတွေ ဆန္ဒပြမှ မဟုတ်ပါဘူး ဒေါသထွက်နေတဲ့ လူအုပ်ကြီးကြောင့် လက်တလုံးအလိုကယ်တင်လို့ ရသလို ကိုယ်မွေးတဲ့ မျောက် ကိုယ့်ပြန်ခြောက်ခိုင်းပြီး ကယ်တင်လည်း ရတယ်။ အဲဒါမှမဟုတ်သေးရင် ပြည်တွင်း ငြိမ်းချမ်းရေး အဆင်မပြေသေး၊ တိုင်းရင်းသားလက်နက်ကိုင်စစ်မီးကြောင့် ကယ်တင်လိုက်ရပါတယ် ဆိုတာမျိုးလည်း လုပ်ချင် လုပ်မှာပဲ။ အခုဒီနေ့ ဖြစ်သွားတဲ့ ကိစ္စမှာပဲ ကြည့်။ မန္တလေးကနေ အလံတွေ ကိုင်၊ နဖူးတွေ စည်းပြီး လမ်းလျှောက်ချီတက်လာကြတာ လက်ပံတန်းတောင်ရောက်ပြီ။ အခုမှ ရန်ကုန်သွားကြမယ့် ကားဆီ ကိုက် ၃၀၀ လောက် လမ်းလျှောက်တာကို အလံမကိုင်ရ နဖူးမစည်းရ ဆိုပြီး အကြမ်းဖက်မှု အသွင်ပြောင်းအောင် နယ်လုံဝန်ကြီးနဲ့ အဖွဲ့က ဖန်တီးခဲ့တာ မင်းလည်း ကြားမယ် ထင်ပါတယ်။ ဒီကျောင်းသားလေးတွေ နဖူးစည်းတော့ ဘာဖြစ်သွားမှာမို့လဲ၊ အလံကိုင်တော့ရော ဘာဖြစ်မှာတဲ့လဲ။ အဲဒါကြောင့် ငါပြောတာပေါ့ ဒီအစိုးရက ညစ်ချင်ရင်နည်းတွေ အများကြီးရှိပါတယ်လို့။

ကျောင်းသားတွေကလည်း လွှတ်တော်ထဲ ရောက်နေတဲ့ သူတို့ အမျိုးသားပညာရေး ဥပဒေ အတည်မပြုမှာ အထူးစိုးရိမ်ကြတယ်။ စိုးရိမ်ရင်လည်း စိုးရိမ်စရာပဲလေ အုပ်ချုပ်ရေးက ကြံ့ဖွံ့အစိုးရ၊ တရားစီရင်ရေးက ကြံ့ဖွံ့ကို မလွန်ဆန်နိုင်၊ ဥပဒေပြုရေးက ကြံ့ဖွံ့လွှတ်တော်ဆိုတော့လည်း ဘယ်သွားပြီး ဒီမိုကရေစီ ဆန်နိုင်ပါတော့မလဲ။ မင်းစဉ်းစားကြည့်ကွာ အစိုးရက ဒီဥပဒေလေး တစ်ခုတောင် ဒီလောက်သည်းသည်းလှုပ်နေတာ သူတို့ ပါဝါ အာဏာနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ ရွေးကောက်ပွဲကို လွယ်လွယ်နဲ့အလွတ်ပေးလိမ့်မယ်မင်းထင်သလား။ ငါကတော့ ဘဘဦးဝင်းတင်ပဲကွ။ မင်းသဘောပေါက်တယ်မဟုတ်လား။

ဒါပေမယ့် . . . ပင်မသပိတ်စစ်ကြောင်းနဲ့ ပတ်သက်ပြီး ပြောစရာရှိတာက သူတို့ ရန်ကုန်ဝင်မယ့် ကိစ္စပဲ။ အောင်မြင်မှုက မသေချာသေးတဲ့ အချိန် ရန်ကုန်ကို အောင်ပွဲခံဖို့ လာမယ်ဆိုတာ၊ ရန်ကုန်ရောက်မှ သပိတ်လှန်မယ်ဆိုတာ ပညာရေးဥပဒေအတွက်ဆိုတာထက် တခြား ရည်ရွယ်ချက်တွေများ ရှိနေမလားလို့ မတွေးချင်ပေမယ့် တခြားအဖြေလည်း ရှာမရဘူးဖြစ်နေတယ်။ မင်းကို ပွင့်ပွင့်လင်းလင်းပြောရရင် အစိုးရရဲ့ အပြောင်းအလဲဟာ အချိန်အကြာကြီးပေးပြီးမှ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်မယ်ဆိုတာကို လက်မခံသလို ဟိုမရောက်ဒီမရောက် အရပ်သားအစိုးရအမည်ခံထက် စာရင် စစ်အစိုးရဆိုတာကမှ တိုက်ရိုက် တိုက်ခိုက်လို့ ကောင်းသေးတယ် ဆိုတဲ အယူကိုလည်း လက်မခံဘူးကွ။ အဲဒီတော့ ငါမတွေးချင်တဲ့ ကျောင်းသားတွေရဲ့ ရည်ရွယ်ချက်ဟာ အစိုးရတစ်ရပ်လုံးဖြုတ်ချဖို့ ဆိုရင်တော့ ငါတို့ ပြည်သူလူထုက အဆင်သင့်ဖြစ်သေးရဲ့လားဆိုတာ သံသယရှိနေမိတယ်။ တကယ်ဆိုရင် ဧရာဝတီသပိတ်စစ်ကြောင်းလို အခြေအနေတွေကို စောင့်ကြည့်သင့်တယ် ထင်တာပဲ။ တချို့က ဒီစစ်အစိုးရရဲ့ မျက်နှာဖုံးတွေ ချွတ်ဖို့ ဒီလောက်တော့ စတေးရမယ်လို့ဆိုလာတယ်။ သူတို့ကို မိကျောင်းကန်၊ လက်ပံတောင်းတောင်၊ ကိုပါကြီး၊ အစိုးရခေါင်းဆောင်များရဲ့ ရင်တွင်းပေါက်ကရစကား စတာတွေနဲ့ မလုံလောက်သေးဘူးလားလို့ မေးချင်မိတယ်။

ငါအစောပိုင်းက ပြောခဲ့သလို ကယ်တင်ချင်တာနဲ့ ချောက်ထဲတွန်းပြီးမှ လက်နဲ့ လှမ်းဆွဲဖို့ဆိုရင် ကိုယ်တွေက ချောက်ကမ်းပါးမှာ မတ်တက်ရပ်မနေမိဖို့တော့ လိုမယ်ထင်ပါတယ်။ သို့မဟုတ်လို့ကတော့ မျက်ဖြူဆိုက်လေ စာဖတ်သူကြီးကြိုက်လေ ဖြစ်တော့မှာပါ။ စာလည်း ရှည်ပြီကွာ နောက်များမှ တခြားအကြောင်းတွေ ပြောတာပေါ့။ လောလောဆယ် ရန်ကုန်မြို့ပေါ်နဲ့ မြန်မာတပြည်လုံးမှာ နောက်ထပ် ဖြစ်ပေါ်လာဦးမယ့် ကျောင်းသားပြည်သူတွေရဲ့ ဆန္ဒပြခြင်းတွေမှာ အကြမ်းဖက်ဖြိုခွင်းခြင်းတွေ မကြုံတွေ့ပါစေနဲ့။ အားလုံး အဆင်ပြေကြပြီး ငါတို့ချစ်တဲ့ အမိမြေမှာ ဒီမိုကရေစီ ပညာရေးတစ်ရပ်အမြန်ဆုံးထွန်းကားပါစေလို့ အဝေးတနေရာက ဆုတောင်းလိုက်ပါတယ် သူငယ်ချင်းရေ . . . ။
စည်သူ(သံလွင်)

သူငယ်ချင်းသို့ ပြန်စာ(၂)

မင်းကလည်း အယ်ဒီတာ လုပ်နေတဲ့ ဂျာနယ်ဖောင်ပိတ်ရက်မှ အသည်းအသန် စာမူတောင်း။ ငါကလည်း စာရေးပျင်းဆိုတော့ တစ်ပတ်တစ်ခါ မင်းဂျာနယ်အတွက်ကို အလျဉ်မှီတယ်ဆိုရုံလေးပါပဲ။ အလုပ်တစ်ခုလို စာရေးရတာပျင်းပေမယ့် ရင်ထဲမှာ စကားလုံးတွေ ပြည့်ကျပ်လာတဲ့အခါ ပြန်အန်ဖို့အတွက် အရင်တုန်းက ဘလော့ခ်တစ်ခု အခုတော့ ဖေ့ဘုတ်အကောင့်တစ်ခုကို သုံးရပြန်ပေါ့။ ငါ့ရဲ့ စာကို ဟိုရက်ပိုင်းတုန်းက လူပြောများနေတဲ့ လီကွမ်ယူ့ဈာပနအကြောင်းနဲ့ပဲ စလိုက်ပါမယ်။ လီကွမ်ယူ့အကြောင်း ဆိုလို့ ဖန်တရာတေနေပြီဖြစ်တဲ့ နိုင်ငံတစ်ခုတည်ဆောက်ခြင်း ကောင်းချီးပေးမယ့် အကြောင်းတွေလို့ မင်းထင်ရင်တော့ မှားသွားမယ်။ ငါပြောချင်တာကတော့ ငါတို့ မြန်မာတွေ ငြင်းစရာမရှိ ကြံဖန်အငြင်းပွားကြတဲ့အကြောင်းပါ။ လီကွမ်ယူ့သမိုင်းကြောင်းကို ပြန်ဖတ်ကြည့် သူဟာ အာဏာရှင် တစ်ယောက်ဖြစ်တယ်ဆိုတာ မမှားသလို စင်္ကာပူနိုင်ငံကောင်းစားရေးအတွက် ဘာမဆိုလုပ်မယ့်ခေါင်းဆောင်တစ်ယောက် အမြင်ကျယ်တဲ့ ၀န်ကြီးချုပ်တစ်ယောက်ဆိုတာလည်း ငြင်းမရပါဘူး။ အဲဒီနဲ့ ပတ်သက်လို့ ကောင်းတယ်လို့ ရေးတဲ့လူကို မကောင်းဘူးလို့ မြင်တဲ့လူက ဆဲ၊ မကောင်းဘူးလို့ ပြောတဲ့လူကို ကောင်းတယ်ထင်တဲ့ လူက မကြိုက်နဲ့ ငါတို့ မြန်မာတွေ diversity တို့ different perspective တို့ ဆိုတဲ့ အမြင်တွေ တော်တော်လေး နည်းပါးနေကြပြီဆိုတာတွေ့ရတော့ တော်တော်စိတ်မကောင်းဖြစ်မိတယ်။

အမှန်အတိုင်းပြောရရင် ငါနဲ့ မတူ ငါ့ရန်သူဆိုတဲ့ စိတ်ဓါတ်က အခုမှတော့မဟုတ်ပါဘူး။ ဟိုး အရင် ၂၀၀၈ခုနှစ် စစ်အစိုးရက ဖွဲ့စည်းပုံကြီးကို ပြဒါန်းဖို့ အသည်းအသန်ကြိုးစားတုန်းကလည်း ဒီလိုပဲ။ မင်းလည်း ထောင်ထဲကနေ သတင်းတွေ ကြားမယ်ထင်ပါတယ်။ Vote No နဲ့ No Vote လေ။ ဖွဲ့စည်းပုံကို မထောက်ခံဖို့ အငြင်းပွားတာပေါ့။ တချို့ကလည်း ဖွဲ့စည်းပုံ အတွက် ပြည်သူ့ဆန္ဒခံယူပွဲမှာ Vote လုပ်ရင် မထောက်ခံကြောင်း No လို့ ထည့်ကြမယ်၊ တချို့ကလည်း ဒီအစိုးရဟာ အသိအမှတ်အပြုခံအစိုးရဖြစ်ချင်လို့ လုပ်တာ ငါတို့က ဖွဲ့စည်းပုံကိုလည်း အသိအမှတ်မပြုဘူး အစိုးရကိုလည်း အသိအမှတ်မပြုဘူးဆိုပြီး ငြင်းကောင်းနေတုန်း စစ်အစိုးရက ဘယ်ကမဲတွေမှန်းမသိတာတွေနဲ့ အသိအမှတ်ပြုသွားလို့ အဲဒီဟာကြီးက အခုအသက်ဝင်နေပြီး ပြင်မရဖြစ်နေတာ မင်းလည်း အသိပါ။ နောက်တော့ ၂၀၁၀ မှာလည်း မဲပေးမယ် မပေးဘူး ငြင်းနေတုန်း ကြိုတင်မဲနဲ့ အနိုင်ယူခဲ့ပြန်တယ်။ ဟော ပြီးတော့ ပြောင်းလဲတယ်၊ မပြောင်းလဲဘူး။ နောက်ဆုံးကုန်ကုန်ပြောရရင် ပွင့်လင်းလာတဲ့ ခေတ်မှာ အလှမယ်တွေ နိုင်ငံခြား သွားပြိုင်တော့ ရေကူးဝတ်စုံဝတ်ရတာကို ယဉ်ကျေးမှုနဲ့ မညီဘူး၊ မယ်ပြိုင်ပွဲသွား ခန္ဓာကိုယ်အလှပြတာ ဒီလိုမ၀တ်လို့ ဘယ်လို ၀တ်ရမှာလဲ ဆိုပြီး အသည်းအသန်ငြင်းကြတယ်။ Myanmarလား Burmaလား ငြင်းကြတယ်။ ဖဆပလ အလံ၊ ဆိုရှယ်လစ်အလံ၊ အခုလက်ရှိ ဘာအဓိပ္ပါယ်မှန်းမသိတဲ့အလံ ငြင်းကြတယ်။ ဖွဲ့စည်းပုံ တစ်အုပ်လုံးပြင်မယ်၊ တချို့ကို ပြင်မယ်၊ နောက်ဆုံး ၄၃၆ ပြင်မယ်။ နောက်ဆုံး တခုတောင်မပြင်နိုင်သေးဘူး။ အခု လီကွမ်ယု ငြင်းကြတယ်။ အမြင်ချင်းမတူတာကို လက်ခံပေမယ့် ဆဲကြဆိုကြ သူငယ်ချင်းတွေ မခေါ်မပြော ဖြစ်ကြတာတော့ မကောင်းဘူးလို့ ငါထင်လို့ပါ။ အမြင်မတူတာတွေပေါင်းစည်းတဲ့ အခါ ဆန်းကြယ်တတ်ပါတယ်။
နိဒါန်းချီနေတာနဲ့တင် ပြောချင်တဲ့ဆီမရောက်ဖြစ်တော့မယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အခု ၂၀၁၅ ရောက်ပြီ၊ ငါတို့ စည်ရုံးညီညွတ်ကြဖို့ ကောင်းပြီလို့ ထင်တယ်ကွာ။ လောလောဆယ်ငါတို့ မြန်မာတစ်နိုင်ငံလုံးအတွက် အရေးအကြီးဆုံး လုပ်စရာတစ်ခုပဲ ရှိတယ်။ အာဏာရှင်စနစ်ပြုတ်ကျရေးပဲ။ အဲဒီအတွက် ပထမဆုံး ဖွဲ့စည်းပုံကို မဖြစ်ဖြစ်တဲ့ နည်းနဲ့ ပြင်ကိုပြင်ရမယ်။ တစ်ဖက်က တသွေးတသံတမိန့် ဖြစ်နေတဲ့ အချိန်မှာ ငါတို့ကလည်း တစိတ် တ၀န်း တလမ်းတည်းတူတူသွားမှ ဖြစ်တော့မယ်။ တချို့ကလည်း လမ်းချင်းတူရင် လူချင်းတွေ့မယ်တဲ့။ ငါထင်တာတော့ လမ်းချင်းတူပေမယ့် သွားတဲ့အရှိန်ချင်းမတူရင် မတွေ့နိုင်ဘူး၊ လမ်းချင်းတူပေမယ့် သွားတဲ့ ဖက်ချင်းမတူရင် မတွေ့နိုင်ဘူး၊ လမ်းချင်းတူပေမယ့် အပြိုင်သွားရင် မီးရထားသံလမ်းလို ကြားမှာခြားနေဦးမှာပဲ။ ငါတို့ တလမ်းထဲ တူတူ တွဲပြီး သွားရမယ်။ တချို့ကလည်း နောက်ပြန်လှည့်မှာ စိုးတယ်တို့၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးတို့ ပြောကြတယ်။ နောက်ပြန်လှည့်စရာမလိုအောင် ဖွဲ့စည်းပုံကြီးကိုင်ထားတယ်။ အဲဒါကြောင့် နောက်ပြန်မလှည့်ဘူးလို့ သူတို့ တွင်တွင်ပြောနေတာ မင်းလည်း ကြားမှာပဲ။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုလည်း ၄ပွင့်ဆိုင် ၆ပွင့်ဆိုင် တဖက်က အသည်းအသန်တောင်းဆိုနေတာပဲ၊ အဲဒါကို တောင်ပြောမြောက်ပြောနဲ့ သူတို့ တွေ့ချင်တော့လည်း အိုဗားမားလာခါနီး ချက်ချင်းကြီး။ ဒီလောက်ပြောင်ပြောင်တင်းတင်း ပြောင်လိမ်ပြောင်ငြင်းတွေ အစိုးရလုပ်သမျှ ခံနေရတာ ငါတို့ တော်တော်ညံ့သေးပါလားဆိုတာကို သိသင့်ပြီကွာ။ လာမယ့်ရွေးကောက်ပွဲကို ၀င်ဖို့ စာရင်းပေးထားတာ အားလုံး ၇၁ ပါတီ ရှိတယ်တဲ့။ ရှင်းရှင်းပဲ ပြောမယ်ကွာ အခုလောလောဆယ် လာမယ့် ရွေးကောက်ပွဲကို ဒီဖွဲ့စည်းပုံနဲ့ ၀င်ကို မ၀င်နိုင်ဘူးလို့ အဲဒီ ၇၁ ပါတီလုံး သပိတ်မှောက်တာမျိုး၊ လူထုရဲ့ အားကို သုံးတာမျိုးလုပ်သင့်တယ်လို့ တစ်ယောက်ယောက်က အကြံပေးရင် ဘယ်နှပါတီလောက်ပါမယ်ထင်သလဲ။ ငါတော့ မထင်။ အတိုက်အခံပါတီကြီးကဆို လူအချို့ခွဲထွက်ပြီး ပါတီထောင်၊ အသစ်ထောင်တဲ့ ပါတီက နှစ်ခြမ်းကွဲနဲ့ ငါတို့ မြန်မာတွေ ၂ယောက်ရှိရင် ၃စုကွဲတယ် အပြောခံရတိုင်း ရင်နာမဆုံးဘူး။ ရွေးကောက်ပွဲကိုဝင် နိုင်မလားလို့ အခြေအနေလေးကြည့်ဆိုတာမျိုးနဲ့ အမြီးကျက် အမြီးစားခေါင်းကျက် ခေါင်းစားနိုင်ငံရေးချည်းပဲ လုပ်နေလို့ကတော့ ငါတို့ အဲဒီဖွဲ့စည်းပုံ ခန္ဓာကိုယ်ကြီးကို ဘယ်တော့မှ စားရမယ်မထင်ဘူး ဟကောင်ရေ။ ဘာမှ သုံးစားလို့ မရတဲ့ အစိုးရတစ်ရပ်က အုပ်ချုပ်ခွင့် ရနေတာဟာ ငါတို့ တော်တော် ညံ့သေးလို့ပဲ ဆိုတာ လက်မခံချင်ပေမယ့် အဲဒီအတိုင်းဖြစ်နေတယ် သူငယ်ချင်းရေ။
လူဦးရေ အနေနဲ့ တရုတ် ၁၃၅၇သန်း၊ ဘင်္ဂလားဒေ့ရှ် ၁၅၆သန်း၊ အိန္ဒိယ ၁၂၁၀သန်း ကြားမှာ သန်း၅၀ကျော်ပဲ ရှိတဲ့ ငါတို့ နိုင်ငံငယ်လေးအနေနဲ့ ဒီလို နိုင်ငံကြီးတွေရဲ့ ကြားမှာ လိမ္မာပါးနပ်ရင် သဌေးဖြစ်နိုင်ပေမယ့် စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့ အစိုးရအဆက်ဆက်အောက် နှစ်ပေါင်း ၅၀ ကျော်အတွင်းမှာ ခွေးဖြစ်နေတာက နေရုန်းထွက်သင့်ပြီကွာ။ အိမ်ဖော်တွေနိုင်ငံခြားပို့တယ်၊ လူငယ်တွေ လုပ်စရာမရှိတော့ မလေးရှားမှာ ဒုက္ခခံရတယ်၊ လယ်သမား လုပ်စရာလယ်မရှိ၊ အလုပ်သမား လခနှိမ်ခံရတယ်၊ ကျောင်းသား ကောင်းမွန်တဲ့ ပညာရေးမရဘူး၊ အမှန်တရားဟောတဲ့ ဘုန်းကြီး ဟောခွင့်ပိတ်ခံရတယ်၊ အမုန်းတရား ဟောတဲ့ ဘုန်းကြီး လွတ်ပေးထားတယ်၊ ပြည်သူတွေရဲ့ နေ့စဉ်ဘ၀ ကားလမ်းတွေ ကြပ်တော့ လမ်းဆင်းလျှောက် လျှောက်စရာ ပလက်ဖောင်းမရှိဘူး၊ ရတဲ့နေရက ကြုံသလိုလျှောက်တော့ ဓါတ်လိုက်ပြီးသေတယ်၊ တရားဥပဒေစိုးမိုးမှုက ဘယ်ဆီမှန်းမသိဘူး။ အဖက်ဖက်က ချွတ်ချုံကျနေတာတွေ ပြောရင် ပြီးမှာတောင်မဟုတ်ဘူးကွာ။ မင်းလည်း နိုင်ငံရေးလောကသားတွေလည်း ထိတွေ့နေတော့ အကြံဥာဏ်လေးတွေ ပေးလို့ရရင် ပေးစမ်းပါဦး၊ အစိုးရက ဘယ်ခြေပြ ဘယ်ဖက်လိုက်၊ ညာခြေပြ ညာဖက်လိုက် လုပ်နေလို့ကတော့ တဂိုးပြီး တဂိုး အသွင်းခံရမှာပဲလို့။ ငါ့မှာတော့ NLD နဲ့ 88 တွေ့ရင် ၀မ်းသာလိုက်၊ 88 နဲ့ တိုင်းရင်းသား၊ NLD နဲ့ တိုင်းရင်းသား အချို့တွေ့ရင် ပျော်လိုက်နဲ့ ဒီထက်ကို ပိုမိုစည်းလုံးပြီး တစ်စိတ်တစ်ဝန်း တစ်လမ်းသွားဖို့ကို မျှော်လင့်နေမိတယ်။ ခေါင်းဆောင်တွေ ရှေ့က စည်းစည်းလုံးလုံး တည့်တည့်သွားရင် ငါတို့လည်း နောက်က ညီညီညွတ်ညွတ် ဖြောင့်ဖြောင့်တန်းတန်းလိုက်ဖို့ လိုမယ်ဆိုတာတော့ ထည့်ပြောဖို့ လိုမယ်မထင်ဘူး။ အဲဒီလိုသာ မျှော်လင့်တဲ့ အတိုင်းဖြစ်မယ်ဆိုလို့ကတော့ ရွှေရောင်လွှမ်းမယ့် နေ့သစ်တွေဟာ သိပ်အဝေးကြီးမှာ မဟုတ်တော့ပါဘူး။ အဲလိုမှ မဟုတ်ရင်တော့ . . . .
မင်းရဲ့
စည်သူ(သံလွင်)

သူငယ်ချင်းသို့ ပြန်စာ (၃)






ငါလည်း စင်္ကာပူကနေ သြစတြေးလျကို ရောက်တာ ဘာလိုလိုနဲ့ သုံးလတောင် ကျော်ပေါ့။ နေရာသစ်မှာ အသားကျအောင် ကြိုးစားနေရတာနဲ့ အခုမှပဲ စာရေးဖြစ်တော့တယ်ကွာ။ ပထမငါထင်တာတော့ သြစတြေးလျကိုလာတဲ့ လေယာဉ်ပေါ်မှာ လူဖြူတွေနဲ့ချည်းတွေ့ရမယ်ပေါ့။ ငါပြောတာရော သူတို့ နားလည်ပါ့မလား။ သူတို့ပြောတဲ့ လေယူလေသိမ်းကလည်း နာမည်ကြီး Aussie Accent ဆိုတော့ ကိုယ်ကလည်း အင်္ဂလိပ်စကားဆို စလုံးတွေရဲ့ တလားလားပဲ သိ၊ ပြီးတော့ Hollywood ရုပ်ရှင်ကားတွေ အကြည့်များလို့ အမေရိကန်လေယူလေသိမ်းကို ရုပ်ဖမ်းသံဖမ်းလောက်ဆိုတော့ ဖြစ်ပါ့မလားပေါ့။ တကယ်လည်း Singapore ကနေ Sydneyကိုလေယာဉ်စီးရော အရှေ့ခုံမှာ တရုတ်၊ အနောက်ခုံမှာ ဗီယက်နမ်၊ နဲ့ ဘေးခုံမှာ အိန္ဒိယသားတွေနဲ့ပေါ့။ လေယာဉ်တစ်စီးလုံးလည်း အဖြူဆိုလို့ နည်းနည်းပဲ ပါတယ်။ အဲဒါပြီးတော့ Sydney ကနေ ငါနေမယ့် Adelaide ဆိုတဲ့ မြို့လေးကို လေယာဉ်စီးတော့မှပဲ လေယာဉ်တစ်စီးလုံး အဖြူတွေ၊ ငါတို့ပဲ အာရှသားတွေ ပါတော့ ငါ့မှာ အဖြူတွေချည်းနေတဲ့ မြို့ကိုတော့ ရောက်ဦးမှာပေါ့လို့ ထင်နေခဲ့တယ်။ နောက်ဆုံး ငါအခုငှားနေတဲ့ အိမ်ကို ရောက်မှပဲ အထင်နဲ့ အမြင် လွဲမှန်းသိရတော့တယ်။ ဟုတ်တယ်လေ ငါနေတဲ့ အိမ်ရှေ့အိမ်က တရုတ်၊ မျက်စောင်းထိုးက ကိုရီးယား၊ ညာဖက်ဘေးအိမ်က Middle Eastern၊ ငါတို့က မြန်မာ ဘယ်ဖက်ကပ်လျက် အိမ်တစ်အိမ်ပဲ အဖြူတွေ တွေ့တယ်။ ရပ်ကွက်တိုင်းလောက်နီးပါးမှာလည်း Asian Grocery လို့ခေါ်တဲ့ တရုတ်ဆိုင် ကုလားဆိုင်၊ ဗီယက်နမ်ဆိုင်တွေ ရှိတော့ ငါ့ရဲ့ မဟေသီကတော့ ပျော်နေလေရဲ့။

ဟုတ်တယ်သူငယ်ချင်း . . . ဒီနိုင်ငံမှာတော့ တော်တော်များများက တခြားနိုင်ငံတွေကနေ အခြေချ လာနေတဲ့လူတွေ များတယ်။ အဖြူတွေ ကိုယ်တိုင်တောင်မှပဲ ၁၇ရာစု နှောင်းပိုင်းမှ ဗြိတိန်နဲ့ ဥရောပသားတွေရဲ့ နယ်မြေသစ်ရှာဖွေ အခြေချ နေထိုင်မှုတွေကြောင့် တစစ ရောက်ရှိခဲ့ကြတာလေ။ အဖြူတွေ ကြီးစိုးထားပေမယ့်လည်း Aboriginal လို့ ခေါ်တဲ့ ဒီနိုင်ငံရဲ့ ဒေသခံတိုင်းရင်းသားတွေကို အခွင့်အရေးတွေ အပြည့်ပေးထားတာကို တွေ့ရတယ်။ ဥပမာ ဒီမှာ အလုပ်လျှောက်တဲ့ အခါတိုင်း Aboriginal လားဆိုတာကို အလုပ်ရှင်တွေက မေးတတ်ပြီး ဟုတ်တယ်ဆိုရင်တော့ သူတို့ကို ဦးစားပေးခန့်ထားတတ်ကြတယ်။ ငါနေတဲ့ မြို့က အခုနောက်ဆုံး ကောက်ခံရရှိတဲ့ စစ်တမ်းတွေ အရ ကမ္ဘာ့နေချင်စရာအကောင်းဆုံးမြို့မှာ နံပါတ် ၅ ရထားတဲ့ မြို့ပေါ့။ စစ်တမ်းတွေမှာ ကျန်းမာရေး၊ ပညာရေးနဲ့ အခြေခံ အဆောက်အအုံဆိုတဲ့ အချက်တွေကို ကြည့်ပြီး အမှတ်ပေးခဲ့တယ်လို့ သိရတယ်။ ငါ အဓိကပြောချင်တာတော့ ဒီမြို့လေးအကြောင်းထက်ကို ဒီနိုင်ငံရဲ့ ပညာရေးစနစ်နဲ့ အလုပ်အကိုင် အခွင့်အလမ်းပဲ။ ဒီမှာ Technical And Further Education - TAFE လို့ခေါ်တဲ့ ကျောင်းတွေကို နေရာတော်တော်များများမှာတွေ့ရပြီး အဓိက အားဖြင့်တော့ Certificate နဲ့ Diploma သင်တန်းတွေကို ပို့ချပေးတယ်။ ကမ္ဘာ့အဆင့်မှီတက္ကသိုလ်ကြီးတွေကို တက်ကြတဲ့ သူတွေ ရှိပေမယ့် အများစုကတော့ TAFE ကျောင်းဆင်းတွေ ဖြစ်တယ်။ TAFE ကနေ ကျောင်းပြီးတဲ့ အခါ University ကို ဆက်တက်ချင် တက်လို့ ရသလို၊ ကိုယ်တတ်မြောက်တဲ့ ဘာသာရပ်နဲ့ ဆိုင်တဲ့ အလုပ်အကိုင်ကို ရှာဖွေပြီး ၀မ်းစာရှာချင်လည်း ဖြစ်တယ်။ စင်္ကာပူနဲ့ ယှဉ်ရင်တော့ Institute of Technical Education - ITE ရယ် Polytechnic ရယ်ကိုပေါင်းထားတဲ့သဘောပေါ့။ စင်္ကာပူမှာဆိုရင်လည်း ငါ့အရင်အလုပ်ထဲမှာ ITE ကျောင်းဆင်းတွေနဲ့ အတူတူ လုပ်ခဲ့ဖူးပြီး အလုပ်ဝင်ဝင်ချင်းမှာ Technician ရာထူးကနေ တော်ရင် တော်သလို အင်ဂျင်နီယာ မန်နေဂျာအဆင့်ထိ တက်သွားတဲ့သူတွေ ရှိတယ်။

ဒီ TAFE က Theory ထက်ကို Practical ပိုင်းဦးစားပေး သင်တယ်ဆိုတော့ စင်္ကာပူက ITE နဲ့ ပိုဆင်တူမှာပေါ့။ တက်ရောက်နိုင်တဲ့ ပညာရပ်တွေဟာလည်း လက်တွေ့အလုပ်အကိုင်တွေနဲ့ နီးစပ်တဲ့ Certificate in Hairdressing, Kitchen Operation, Automotive Servicing Technology, Pork Production အစရှိတဲ့ Course တွေ ကို သင်ယူနိုင်တယ်။ လခအနေနဲ့ကတော့ တစ်လကို အခွန်ဖြတ်အပြီး ၃၀၀၀ ၀န်းကျင်ကနေ ၅၀၀၀ ထောင်နဲ့ အထက်လောက် ရကြတယ်ဆိုတော့ လူလူသူသူ သုံးနိုင်ဖြုန်းနိုင်လောက်တဲ့ အနေအထားပေါ့ကွာ။ ငါ အဓိကပြောချင်တာက လူတိုင်းဟာ တက္ကသိုလ်ဘွဲ့ရဖြစ်နေမှ ပညာတတ်ကြီးတွေ ဖြစ်ပြီး နိုင်ငံတိုးတက်မှာ မဟုတ်ဘူးဆိုတာကိုပဲ၊ ဘက်စုံတိုးတက်ဖို့အတွက် နေရာတိုင်းမှာ ကျွမ်းကျင်လုပ်သားတွေ လိုအပ်တယ်။ ငါတို့ဆီမှာလည်း အရင်တုန်းက စက်မှု လက်မှု အထက်တန်းကျောင်း၊ စက်မှုလက်မှု သိပ္ပံ၊ စသဖြင့် ရှိသလိုပေါ့။ အခုကတော့ ငါတို့နိုင်ငံရဲ့ ပညာရေးဟာ တက္ကသိုလ်တွေများ၊ မိဘတွေက သားသမီးကို ဆရာဝန်နဲ့ အင်ဂျင်နီယာလောက်ပဲ ဖြစ်စေချင်၊ အဲဒီဟာကိုမှ မမှီရင် အဝေးသင်ဖြစ်ဖြစ် တက္ကသိုလ် တစ်ခုခုက ဘွဲ့ရပြီးရောနဲ့ ပညာရေးစနစ်ကြီးက ပျက်စီးနေတာ မင်းလည်း အသိပဲကွာ။ အလုပ်အကိုင်အခွင့်အလမ်းလိုအပ်ချက်အပေါ် မူတည်ပြီး ပညာရေးကနေ ကျွမ်းကျင်လုပ်သားတွေ မွေးထုတ်ပေးရမှာဖြစ်ပေမယ့် အခုက Zoology တို့ သမိုင်းတို့ ပထ၀ီတို့ ရတဲ့ ဘွဲ့ကို ယူ၊ ပညာရေးက သက်သက် အလုပ်အကိုင် အခွင့်အလမ်းက သက်သက်ကြီးကို ဖြစ်နေကြတော့တာ။

အဲဒါနဲ့ ပတ်သက်ပြီး ဟိုတလောက ကျိုက်လတ်မှာ အန်တီစု စည်းရုံးရေးဆင်းတော့ ကျောင်းသားလေး တစ်ယောက်က မေးတယ်။ သူတို့အနေနဲ့ တက္ကသိုလ်ဝင်ခွင့် အပြီးမှာ ကိုယ်စိတ်ဝင်စားတဲ့ တက္ကသိုလ်ဘာသာရပ်တွေ တက်ရောက်နိုင်ဖို့ အန်တီအနေနဲ့ လုပ်ဆောင်ပေးပါလို့ တောင်းဆိုတယ်။ အဲဒီတော့ အန်တီ ပြန်ဖြေတာက အနောက်နိုင်ငံတွေမှာဆိုရင် ကိုယ်စိတ်ဝင်စားတာကို တတ်ရောက်နိုင်မယ့် သင်တန်းတွေ အများကြီးရှိကြောင်း လူတိုင်း တက္ကသိုလ်တက်ပြီး ဘွဲ့ရနေရင် ပုံမှန်အလုပ်တွေကို လုပ်ကိုင်မယ့်လူ ရှိမှာ မဟုတ်ကြောင်း၊ အဲဒါကြောင့် ပညာရေးမှာ အဲလို ကျောင်းတွေ များများ ပေါ်ထွက်လာအောင် စီစဉ်ရမှာ ဖြစ်ကြောင်း ကျောင်းသားလေး နားလည်အောင် ရှင်းပြခဲ့တယ်။ အန်တီက သြစတြေးလျရဲ့ TAFE တို့လို Singapore ရဲ့ ITE တို့လို ကျောင်းတွေကို ရည်ရွယ်ပြီး ပြောခဲ့တယ်ဆိုတာ သေချာပါတယ်။ အဲဒါကြောင့်လည်း အန်တီစု စင်္ကာပူ လာတုန်းက ITE ကျောင်းကို သွားရောက်လေ့လာခဲ့တယ်။ ပြီးတော့ သူ့ရဲ့ ကော့မှူးမှာလည်း စာဖိုမှူးသင်တန်းတွေ ဖွင့်ထားပြီး အဲဒီက ကျောင်းပြီးတဲ့လူတွေဟာ အဆင့်မြင့် ဟိုတယ်ကြီးတွေ မှာ အလုပ်တောင် ၀င်နေကြပြီဆိုတာ သိရလို့ ၀မ်းသာရတယ်။

ငါတို့ ဆီမှာ ရွေးကောက်ပွဲကလည်း နီးလာပြီဆိုတော့ အပြောင်းအလဲတစ်ရပ်ကို ဖော်ဆောင်ဖို့ ငါလည်း ဒီဘူတာပဲ ဆိုက်ရဦးမယ်။ အဲဒါကြောင့် ဒီရွေးကောက်ပွဲမှာ NLD သာ နိုင်လို့ကတော့ ကျောင်းသားတွေ စိတ်ဝင်စားတဲ့ ဘာသာ ကို တက်ရောက်နိုင်မယ့် ကျောင်းကြီးတွေ၊ အဲဒီကျောင်းကြီးတွေက မွေးထုတ်ပေးလိုက်မယ့် ကျွမ်းကျင်လုပ်သားတွေ၊ အဲဒီ ကျွမ်းကျင်လုပ်သားတွေကြောင့် တိုးတက်လာမယ့် ငါတို့ နိုင်ငံကြီးကို လှမ်းမျှော်ကြည့်တာနဲ့တင် ၀မ်းသာပီတိဖြစ်ရတယ်ကွာ။ အဲဒီလိုနေ့ရက်တွေရောက်ရှိဖို့အတွက် နိုင်ငံသားတစ်ဦးတစ်ယောက်ချင်းစီရဲ့ တာဝန်ဟာ မဲစာရင်းကြည့်ဖို့နဲ့ NLD ကို မဲထည့်ဖို့ ဆိုတာကတော့ ပြောဖို့ မလိုတော့ဘူး ထင်ပါတယ်။ နောက်များမှ ဒီနိုင်ငံရဲ့ အစိုးရအကြောင်း၊ ကျန်းမာရေး၊ အခြေခံအဆောက်အအုံအကြောင်းတွေ မင်းကို လှမ်းပြောပြဦးမယ် သူငယ်ချင်းရေ ။

မင်းရဲ့ သူငယ်ချင်း
စည်သူ(သံလွင်)

သူငယ်ချင်းသို့ ပြန်စာ (၄)


 
မြန်မာပြည်မှာ မဲစာရင်းတွေနဲ့ အလုပ်ရှုပ်နေကြတဲ့ အချိန် ငါ့အိမ်ကိုလည်း သြဇီ ရွေးကောက်ပွဲကော်မရှင် ဆီကစာလာတယ်ကွ။ ငါ ဒီလိပ်စာမှာ နေတယ်ဆိုတာတွေ့ရပေမယ့် သူတို့ရဲ့ မဲပေးခွင့်ရှိသူ စာရင်းမှာ ငါ့နာမည်မပါတဲ့ အကြောင်း၊ သြဇီမှာ အသက် ၁၈နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲ မပေးမနေရဖြစ်တဲ့အတွက် မဲပေးခွင့်ရှိသူစာရင်းမှာ နာမည်ထည့်ရမယ့်အကြောင်း၊ မဲပေးခွင့်မရှိသူဆိုရင်လည်း ဘာကြောင့် မရှိရသလဲဆိုတာကို ပြန်ပြောရမယ့်အကြောင်း စာရောက်လာတာပါ။ ငါလည်း သူတို့နိုင်ငံသားမဟုတ်လို့ မဲပေးခွင့် ရှိသူမဟုတ်ပါဘူးလို့ဆိုပြီး စာပြန်ပို့ပေးလိုက်တယ်။ ငါတို့နိုင်ငံ မဲစာရင်းရဲ့ လူနာမည် နေရာမှာ “တက္ကသိုလ်လမ်း” ဖြစ်နေတာ၊ အဖေနာမည်နဲ့ သားနာမည် တစ်ခုတည်းဖြစ်နေတာ၊ နာမည်တွေ နှစ်ခုထပ်နေတာတွေ ဖြစ်နေတဲ့အချိန် ဒီမှာတော့ စာရင်းမှာ ဒီလူရှိ မရှိကို သိတာနဲ့ ချက်ချင်း ရွေးကောက်ပွဲကော်မရှင်က စာရောက်လာရော။ ပြီးတော့ မဲ မပေးမနေရ စနစ်ဖြစ်တဲ့အတွက် မဲမပေးဘူးဆိုရင် ဒဏ်ကြေး ဒေါ်လာ ၂၀ ဆောင်ရတယ်။ စင်္ကာပူလည်း တူတူပဲ၊ မဲမပေးမနေရ။ မဲမပေးခဲ့ဘူးဆိုရင် မဲစာရင်းထဲကနေ ကိုယ့်နာမည်ကို ထုတ်လိုက်မှာ ဖြစ်ပြီး နောင်တချိန် မဲပြန်ပေးချင်တယ်ဆိုရင်တော့ ဒဏ်ကြေး ဒေါ်လာ ၅၀ ပေးရမယ်တဲ့။



ငါတို့နိုင်ငံမှာတော့ မဲပေးဖို့ကို မနည်းဆော်သြနေကြရတယ်။ မင်း ပြောသလိုပေါ့ကွာ ဒီမိုကရေစီနိုင်ငံတော် ကြီးဆီကို မဲရုံသွားတဲ့ ခြေလှမ်းတွေနဲ့ စကြရမယ်ကွ။ အဲဒါမှ ငါတို့ လိုချင်တဲ့ အစိုးရတရပ်ကို ငါတို့ ရွေးချယ်နိုင်မယ်။ အရပ်ထဲမှာ ပြောပြောနေတဲ့ ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရမယ်ဆိုတဲ့ လူတွေကို တစ်ခုလောက်ပြောပေးစမ်းပါကွာ။ တကယ်အစိုးရကောင်းရင် ကိုယ်မလုပ်လည်း ကိုယ်စားခွင့်ရှိတယ်၊ ဒါမှမဟုတ် ကိုယ် လုပ်သလောက် တကယ်ကို ကိုယ်စားခွင့် ရှိတယ်ဆိုတဲ့ အကြောင်းလေး။ သြဇီမှာ သူ့နိုင်ငံသားတွေ အလုပ်မရှိဘူးဆိုရင် အစိုးရက လစဉ်ထောက်ပံ့ကြေးပေးတယ်။ ကလေးမွေးထားပြီး ကလေးကို အမေက ပြုစုစောင့်ရှောက်ဖို့ အလုပ်မလုပ်ဘူးဆိုရင် အစိုးရက ထောက်ပံ့ကြေးပေးတယ်၊ အသက်ကြီးလာရင် ထောက်ပံ့ကြေးပေးတယ်၊ နေမကောင်းလို့ ဆေးခန်း၊ ဆေးရုံသွားရင် ပိုက်ဆံတပြားမှမယူဘူး၊ မသန်မစွမ်းတွေကို ထောက်ပံ့ကြေးပေးတယ်။ အဲဒီထောက်ပံ့ကြေးက ဒီနိုင်ငံရဲ့ ဈေးနှုန်းတွေနဲ့ ယှဉ်ရင် အများကြီးမဟုတ်ပေမယ့် စားလို့ သောက်လို့တော့ ဖြစ်တဲ့ အနေအထားပေါ့ကွာ။ ငါလည်း စပ်စပ်စုစု သူတို့ရဲ့ website မှာ အလုပ်မရှိသူတွေကို ဘယ်လောက်ပေးလည်း သိချင်လို့ သွားကြည့်တော့ နှစ်ပတ်ကို ၅၄၁ ဒေါ်လာပေးတယ်တဲ့၊ မိန်းမကပါ အလုပ်မရှိရင် နောက်ထပ် ၅၄၁ဒေါ်လာ၊ နှစ်ယောက်ပေါင်း ၁၀၈၂ ဒေါ်လာ၊ တစ်လဆိုရင် ၂၁၆၄ ဒေါ်လာ အလကားပေးပြီး အစိုးရက ကျွေးထားတယ်။ ဟ ကောင်းလှချည့်လား ငါ့ကောင်ရ ဒါဆို အားလုံး အလုပ်မလုပ်ပဲ ထိုင်စားနေကြမှာပေါ့လို့ တွေးနေပြီမဟုတ်လား။ အဲလောက်တော့ မလွယ်ဘူး သူငယ်ချင်း၊

အလုပ်မရှိလို့ အစိုးရက ပိုက်ဆံပေးရပြီဆိုတာနဲ့ CentreLink ဆိုတဲ့ အစိုးရအဖွဲ့အစည်း(ငါတို့ဆီမှာဆိုရင်တော့ လူမှု့ဖူလုံရေးလိုနေမှာပေါ့)က အလုပ်အတင်းရှာပေးတယ်။ အင်တာဗျူးတွေ သွားခိုင်းတယ်၊ တကယ်ကို အလုပ်က မရတဲ့ လူတွေကိုမှ အစိုးရက ပိုက်ဆံပေးတာကွ။ အဲဒါမှ အလုပ်မရသေးရင် သင်တန်းတွေ ငါ့အရင်စာမှာတုန်းက ပါတဲ့ TAFE လို ကျောင်းတွေကို အစိုးရစားရိတ်နဲ့ အတင်းတက်ခိုင်းတယ်။ ကျောင်းပြီးရင် အလုပ်အတင်းရှာပေးပြန်တယ်။
အလုပ်ရသွားရင်တော့ Qualification မရှိတဲ့ သူက အနိမ့်ဆုံး လစာ တနာရီကို ၁၅ဒေါ်လာလောက် ရပြီး တစ်ပတ်ကို ၄၀ နာရီ နဲ့ တွက်ရင် တစ်လကို ဒေါ်လာ၂၄၀၀ လောက်ရတယ်။ Certificate တွေ ဘွဲ့တွေ ရထားတဲ့ လူ၊ လုပ်ငန်းအတွေ့အကြုံလည်း ရှိတဲ့လူ ဆိုရင်တော့ တစ်လကို ဒေါ်လာ ၄၊ ၅ ထောင် ပြေးမလွတ်ဘူးပေါ့ကွာ။ ဒီမှာ အလုပ်လုပ်သူတိုင်း အိမ်နဲ့ကား ၀ယ်နိုင်ကြတော့ အိမ်တွေကားတွေ ရှိတဲ့သူက သူဌေးမဟုတ်ဘူး၊ ဇိမ်ခံကားအိမ် (Caraven) တွေ ဇိမ်ခံရွက်လှေ၊ သင်္ဘောတွေ ၀ယ်နိုင်တဲ့လူကမှ တကယ်ချမ်းသာတာ။ ဟ လခတွေက ကောင်းလှ ချည့်လားလို့ မင်းတွေးနေပြန်သလား။ အေး လခကောင်းပေမယ့် အစိုးရက လခများရင် များသလို Tax ကိုလည်း ၁၉% ကနေ ၄၅% လောက်ထိ လခ အနည်းအများပေါ်မူတည်ပြီး ပြန်နှုတ်ထားလေရဲ့။ ပြီးတော့ စောစောက အလုပ်မရှိတဲ့လူတွေကို ပြန်ပေးပေါ့ကွာ။ ဒါ့ကြောင့် ငါပြောတာပေါ့ ဘယ်အစိုးရ တက်တက် ကိုယ်လုပ်မှ ကိုယ်စားရမယ်ဆိုတာထက်၊ ကိုယ်မလုပ်ပဲ ကိုယ်စားနိုင်သလို ကိုယ်လုပ်သလောက် တန်ရာ တန်ရာ ကိုယ်စားနိုင်ဖို့လည်း လိုသေးတယ်ကွ။ မင်းစဉ်းစားကြည့်ကွာ ဒီမှာလည်း လူတစ်ယောက် တစ်ပတ်ကို နာရီလေးဆယ်လောက်လုပ်ရတာပဲ ငါတို့ဆီမှာလည်း နာရီလေးဆယ်လုပ်ကြတာပဲ၊ ဒါပေမယ့် ဘာလို့ ဒီကလူတွေက အိမ်နဲ့ ကားနဲ့ သက်တောင့်သက်သာနေနိုင်ပြီး ငါတို့ဆီမှာ လူတွေ ဒုက္ခရောက်နေသလဲ။ ကိုယ်လုပ်သလောက် ကိုယ်မစားရလို့ပေါ့ကွာ။ အဲဒီတော့ ကိုယ်လုပ်သလောက် ကိုယ်စားခွင့် ရှိတဲ့ စနစ်တစ်ခု အစိုးရတစ်ရပ်ကို ဖော်ဆောင်ဖို့က ငါတို့တွေ အားလုံးရဲ့ တာဝန်ပဲမဟုတ်လား။ ဟော ပြောရင်းနဲ့ နိုင်ငံရေးတွေ ပါလာပြန်ပြီ။


ဟုတ်တယ်သူငယ်ချင်း ငါတို့ဆီမှာ လူတွေက နိုင်ငံရေး စိတ်မ၀င်စားဘူး။ ရှုပ်ရှုပ်ရှက်ရှက်တွေဆိုပြီး ထင်ကြတယ်။ အမှန်အတိုင်းပြောရရင် နိုင်ငံရေးကို စိတ်မ၀င်စားပေမယ့် အဲဒီနိုင်ငံရေးဆိုတာကြီးက ငါတို့ လမ်းတွေကို ကျပ်စေတယ်၊ ငါတို့ မီးတွေကို ပျက်စေတယ်၊ ငါတို့မျိုးဆက်တွေရဲ့ ပညာရေးကို ရပ်စေတယ်၊ ငါတို့ တိုင်းပြည်ကြီးကို ဖျက်နေတယ် ဆိုတာကိုတော့ လူတိုင်း သိကြဖို့လိုမယ်ကွာ။ ကဲ ဒါဆို ဘယ်နိုင်ငံရေးကို သိဖို့လိုမလဲ လို့မေးမလား။ ရှင်းရှင်းလေးပဲ ပြောရရင် အနည်းဆုံးတော့ ကိုယ့်ကို အုပ်ချုပ်မယ့် စနစ်၊ ကိုယ့်ကို အုပ်ချုပ်မယ့် အစိုးရကိုတော့ သိဖို့လိုတယ်ကွ။ အုပ်ချုပ်မယ့်စနစ်ဆိုတော့ လောလောဆယ် ပြောရရင် ငါတို့အားလုံး လိုချင်နေတဲ့ ဒီမိုကရေစီပေါ့။ ဟိုးတလောက ငါတို့နိုင်ငံရဲ့ စစ်တမ်းတစ်ခုမှာ ဒီမိုကရေစီဆိုတာ ဘာလဲလို့ မေးတော့ ၉၀%လောက်က လွတ်လပ်ရေးလို့ ဖြေကြတယ်တဲ့။ အဲဒီမှာကတည်းက စလွဲတာပဲ။ ဒီမိုကရေစီဆိုတာ အဲဒီလွတ်လပ်ရေးဆိုတာထက်ကို အများကြီးကျယ်ပြန့်ကြောင်း သိနိုင်ဖို့ အတွက် Wiki လုပ်ကြည့်တဲ့အခါ ဒီမိုကရေစီဆိုတာ ဂရိဘာသာစကား Demos=People, Kratos=Power တို့ပေါင်းစပ်ထားတဲ့ “Demokratia” ဆိုတဲ့ စကားလုံး ကလာတာဖြစ်တယ်။ တနည်းအားဖြင့် People Power ၊ မြန်မာလိုဆိုရင်တော့ ပြည်သူ့အာဏာစနစ်ပေါ့။ အဲဒီ ဂရိစကားလုံးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော် ဒီမိုကရေစီကို ကျင့်သုံးခဲ့တဲ့ အချိန်ကတည်းက စတင်သုံးစွဲလာတာဆိုတော့ ငါတို့က အခုထက်ထိ ဒီမိုကရေစီစနစ်မသုံးစွဲနိုင်သေးဘူးဆိုတော့ နှစ်ပေါင်း ၂၅၀၀ လောက် နောက်ကျနေပြီပဲ ပြောရမလား။ ဆက်ဖတ်ကြည့်တော့ “ဒီမိုကရေစီစနစ်ကို ဘယ်လို အဓိပ္ပါယ်ဖွင့်တယ်ဆိုတာ တိတိကျကျမရှိကြပေမယ့် တရားသဖြင့် တန်းတူညီခြင်း၊ နိုင်ငံရေးအရ လွတ်လပ်ခွင့်ရခြင်း၊ တရားဥပဒေ စိုးမိုးခြင်း စတဲ့ အချက်တွေကတော့ အရမ်းအရေးကြီးတယ်”လို့ ရေးထားတာ တွေ့ရတယ်။

ကဲ အဲဒီကနေ ဆက်စပ်ပြီးတွေးတော့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးမယ်ဆိုတဲ့ အစိုးရတစ်ရပ်ဟာ အနည်းဆုံးတော့ အဲဒီအချက်သုံးချက်နဲ့ ကိုက်ညီမှ ရလိမ့်မယ်ဆိုတာကို ငါတို့ သိရလိမ့်မယ်။ အသစ်တက်မယ့် အစိုးရကို ဝေဖန်သုံးသပ်ချက်တွေ အများကြီးမလုပ်နိုင်သေးပေမယ့် အခု လက်ရှိအစိုးရကို ငါတို့ သုံးသပ်ကြည့်ရအောင်ပါ။ တရားသဖြင့် တန်းတူညီခြင်းဆိုတဲ့နေရာမှာ နီးစပ်ရာအသိုင်းအ၀ိုင်းနဲ့ ပတ်သက်ရာပတ်သက်ကြောင်းတွေကသာ အခွင့်ထူးခံဖြစ်နေတဲ့ အစိုးရတစ်ရပ်၊ နိုင်ငံရေးအရ လွတ်လပ်ခွင့်ရခြင်း ဆိုတဲ့ နေရာမှာ ပညာရေးပြုပြင်ပြောင်းလဲဖို့ ဆန္ဒပြကျောင်းသားတွေကို ထောင်သွင်းအကျဉ်းချတဲ့ အစိုးရတစ်ရပ်၊ တရားဥပဒေစိုးမိုးခြင်းကတော့ အထွေအထူးပြောနေစရာတောင် မလိုတဲ့ အစိုးရတစ်ရပ်ကို ငါတို့ လက်မခံသင့်ကြောင်းလောက် နိုင်ငံရေးကိုတော့ ငါတို့ သိကြရလိမ့်မယ် သူငယ်ချင်း။ စာလည်း ရှည်ပြီ ရွေးကောက်ပွဲလည်း နီးလာပြီဆိုတော့ ဘယ်အစိုးရတက်တက်မဟုတ်ပဲ၊ ကိုယ်လိုချင်တဲ့ အစိုးရတက်ဖို့၊ ဒီမိုကရေစီနဲ့ နိုင်ငံရေးအခြေခံလောက်တော့ သိဖို့၊ အဲဒါမှ ငါတို့ရဲ့ လူနေမှုအဆင့်အတန်းတွေ မြင့်တက်ပြီး ငြိမ်းချမ်းသာယာဖို့ ဆိုတာတွေကတော့ မင်းတို့ ငါတို့ ပြည်သူတွေ အားလုံးရဲ့ တာဝန်ပဲမဟုတ်ပါလား သူငယ်ချင်းရာ. ။

မင်းရဲ့ သူငယ်ချင်း
စည်သူ(သံလွင်)

သူငယ်ချင်းသို့ ပြန်စာ(၅)


သူငယ်ချင်းရေ ငါလည်း မင်းဆီ စာမရေးဖြစ်တာ ကြာပေါ့။ အခုတော့ စစ်လေယာဉ်ပျက်ကျတာနဲ့ ပတ်သက်ပြီး ဆက်စပ်တွေးမိတာလေးတွေကြောင့် ဒီစာကို ရေးလိုက်တယ်။ လေသူရဲတွေ သေဆုံးသွားတယ်ဆိုတာ သိရလို့ တကယ်ကို စိတ်မကောင်း ၀မ်းနည်းကြီးစွာ ဖြစ်ရပါတယ်။ ဒါပေမယ့် သေဆုံးသွားတဲ့ လူတွေ အတွက် ဒါမှမဟုတ် တပ်မတော်အတွက် ကြံဖန်ပြီး လောဘီလုပ်နေရတာတွေကို တွေ့တော့ ပိုပြီး စိတ်မကောင်းဖြစ်ရတယ်။ တပ်မတော်အတွက် ဒီလောက်တောင် လော်ဘီလုပ်စရာ ရှားနေပြီလား။ ဘယ်နိုင်ငံ ဘယ်လူမျိုးမဆို ဘယ်လို မတော်တဆ ထိခိုက်မှုဖြစ်ဖြစ် တတ်နိုင်သမျှ Impact အနည်းဆုံးဖြစ်အောင် နောက်ဆုံးအချိန်ထိ ကြိုးစားရစမြဲပါ။ ဒါဟာ လူသားဆန်တဲ့ဝါဒပါ။ အဲဒါနဲ့ ဆက်စပ်ပြီး လွန်ခဲ့တဲ့ ၆နှစ်လောက်က စင်္ကာပူမှာ ဖြစ်သွားတဲ့ ရဟတ်ယာဉ် စက်ချွတ်ယွင်းပြီး မြက်ခင်းပြင်ပေါ် ပျက်ကျသွားခဲ့တာလေးကို ပြန်သတိရမိတယ်။ မှတ်မိနေတာ တခြားကြောင့်မဟုတ်ဘူးကွ၊ ငါတို့ Woodlands အိမ်ကနေ ကိုက်အနည်းငယ်လောက်ဝေးတဲ့ မူလတန်းကျောင်းလေးရဲ့ အရှေ့ မြက်ခင်းပြင်မှာ ပျက်ကျခဲ့လို့ ပိုပြီးမှတ်မိနေတာပါ။ အဲဒီတုန်းကလည်း လူနေအိမ်တွေပေါ် ပျက်ကျခဲ့ရင် ဒါမှမဟုတ် ကျောင်းပေါ် ပျက်ကျခဲ့ရင် လူအသေအပျောက်နည်းမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဘယ်သူမှ ဒါကို ပျက်ကျတော့မယ့် ဆဲဆဲ လူတွေ အသေအပျောက်မရှိအောင် မြက်ခင်းပြင်ပေါ် အသည်းအသန် ပျက်ကျလိုက်ရပါတယ်ဆိုပြီး လော်ဘီလုပ်နေတာ မတွေ့မိဘူး။ “ရဟတ်ယာဉ်မှူး နှစ်ဦးအပါအ၀င် ဘယ်သူမှ ထိခိုက်ဒဏ်ရာမရရှိဘူး” ဆိုပြီး သတင်းအနေနဲ့ပဲ ပါလာတယ်။ သတင်းအစုံအလင်ကိုတော့ အောက်က လင့်မှာ ဖတ်လို့ ရပါသေးတယ်။ http://news.asiaone.com/News/AsiaOne+News/Singapore/Story/A1Story20100930-239915.html

နောက်ဆုံးကုန်ကုန်ပြောရရင် ကားမောင်းရင်း Lost Control ဖြစ်လို့ ဖြစ်ဖြစ် ဘရိတ်ပေါက်လို့ ဖြစ်ဖြစ် အရှိန်မထိန်းနိုင်တော့ရင်တောင် အရှေ့မှာ လူတစ်ယောက်ယောက်ရှိတယ်ဆိုရင် တတ်နိုင်သမျှ ဘေးဖက်က ဓါတ်တိုင်၊ သစ်ပင်၊ ပလက်ဖောင်း စတာတွေကို ၀င်တိုက်ပြီး အရှိန်ကို သတ်ကြပါတယ်။ ဒါဟာ လူသားဆန်တဲ့ အပြုအမူ၊ မိမိကြောင့် တပါးသူ အသက်အိုးအိမ်ကို မပျက်စီးစေတဲ့ စိတ်ဓါတ်ပါ။ အခုတော့ အဲဒါကိုပဲ ဂုဏ်ယူသလိုရေးနေကြတော့ တပ်မတော်မှာ ဂုဏ်ယူစရာ ဒီလောက်တောင် ရှားနေပြီလားလို့ တွေးမိတယ်။ Accident ဆိုတာကြီးကို ဘယ်သူမှ မဖြစ်ချင်ကြသလို တကယ်ဖြစ်လာရင်လည်း ဘယ်သူမှ ရှောင်လွှဲလို့မရတဲ့အတွက် အသက်အိုးအိမ်တွေ ပျက်စီးရပါတယ်။ ဒါပေမယ့် အဲဒီအသက်အိုးအိမ်တွေ မလိုအပ်ပဲ မပျက်စီးအောင်၊ တချို့ဘ၀တွေဆိုလည်း ရှင်လျှက်နဲ့ သေနေသကဲ့သို့ မဖြစ်အောင်၊ ဘ၀မှာ ဘာမှ ထပ်ပြီး မျှော်လင့်ချက်မရှိတော့တာမျိုးတွေ မဖြစ်အောင်တော့ ကြိုတင်ပြီး တားဆီးကာကွယ်လို့ ရပါသေးတယ်။

ဥပမာ ဟိုတလောက မီးလောင်တဲ့ မင်္ဂလာဈေးဆို Fire Sprinkler System တွေ မရှိတာကြောင့်လား၊ မီးသတ်ကားမလုံလောက်တာကြောင့်လား၊ ရေမရှိလို့လား၊ အဲဒါတင်မဟုတ်ပဲ နမ့်ဆန် အပါအ၀င် နိုင်ငံတ၀ှမ်းက မီးဘေး၊ မိုးရာသီမှာ ဖြစ်နေကျရေဘေး အစရှိတာတွေ။ ပြီးတော့ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်းက ထုတ်ပြန်လိုက်တဲ့ လူတွေကို ဖြည်းဖြည်းချင်း သတ်နေတဲ့ အစားအစာ အသုံးအဆောင်တွေ အကြောင်း ၊ ဒါတွေကလည်း ငါတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို တနည်းမဟုတ် တနည်းနဲ့ ထိခိုက်နေတာပဲမဟုတ်လား။ တကယ်တော့ စစ်သား၊ အရပ်သားမှ မဟုတ်ပါဘူး၊ လူမှန်ရင် ချစ်သူမုန်းသူရှိစမြဲပါ၊ လူ့ဘ၀တွေ သေကြေပျက်စီးရတယ်ဆိုရင် အနည်းဆုံးတော့ သူ့မိသားစု သူ့ကို ချစ်တဲ့သူတွေကတော့ ဖြေမဆည်နိုင်အောင်ဖြစ်ကြရမှာပါ။ အရင်အစိုးရအဆက်ဆက်ကတော့ အဲဒီလို မသေသင့်ပဲ ချွေလွင့်ခံခဲ့ရတဲ့ လူ့ဘ၀တွေကို တာဝန်ယူနိုင်ခြင်းမရှိဘူးဆိုတာ ထပ်ပြောနေဖို့ မလိုဘူးထင်ပါတယ်ကွာ။

အခု NLD အစိုးရတက်လာတော့မယ် ငါတို့ လိုချင်တဲ့ နိုင်ငံတော်ဖြစ်တော့မယ်လို့ တထစ်ချ ယုံကြည်နေရင်တော့ ဒီအခြေခံဥပဒေအောက်မှာဆိုရင်တော့ “မထင်”လို့ တခွန်းတည်းပြောရမှာပါ။ မင်းကတော့ ပြောမယ် နောက်ဆုံးတော့ ဒီဘူတာပဲ ဆိုက်တာ ပဲ လို့။ ငါတို့မှာလည်း ဘယ်သွားသွား ဒီဘူတာကြီးက ခံနေတော့ ရှေ့ကို ဆက်တိုးဖို့ ဆိုတာ ဖြစ်မှ မဖြစ်နိုင်ပဲကွာ။ တပ်မတော်အနေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို တကယ်စောင့်ရှောက်တယ်ဆိုရင်၊ တပ်မတော်ရဲ့ သိက္ခာကို အဖတ်ဆည်ချင်တယ်ဆိုရင်၊ မြန်မာ့အရေးမှာ ရှေ့တန်းက ပါဝင်ချင်တယ်ဆိုရင် ပြည်သူတွေ အလိုလားဆုံးဖြစ်တဲ့ အခြေခံဥပဒေကို ပြင်ဖို့မှာ ဦးဆောင်ဦးရွက်ပြုဖို့ တိုက်တွန်းလိုက်ချင်တယ်ကွာ။ ဟိုတစ်နေ့က ဖေ့ဘုတ်မှာ တစ်ယောက်ရေးထားတဲ့ စာသားလေးတစ်ခုကိုတောင် ပြေးသတိရမိတယ်။ ဘာတဲ့ ”၅၉(စ)ကို ဆိုင်းငံ့ ဒါမှမဟုတ် ပယ်ဖျက်ပေးမယ်ဆိုရင် လာမယ့် မတ်လ ၂၇ရက်နေ့မှာ တနိုင်ငံလုံးက လမ်းတွေမှာ စံပယ်ပန်းကုံးတွေ ဖုံးသွားစေရမယ်”တဲ့။

မင်းရဲ့ သူငယ်ချင်း
စည်သူ(သံလွင်)