Sunday, April 29, 2007

သူပြောတဲ့ ကျွန်တော့်အကြောင်းများ

အခုရေးမယ့် ၁၀ချက်ကတော့ ကျွန်တော့်ရဲ့ တစ်ယောက်သောသူက Friendsterမှာ Testimonialလာ ရေးခဲ့ဖူးတာတွေပါ။

၁) ကျွန်တော်က သူငယ်ချင်းတွေကို အချိန်အရမ်းပေးတတ်တယ်။ (ဟုတ်ပါတယ် လက်ဖက်ရည်ဆိုင်ထိုင်ပြီး လေပွားနေရတဲ့ အရသာကို ဘယ်လိုခုံမင်မှန်းမသိဘူး)

၂) ကွန်ပြူတာGame ကစားရတာကို အရမ်းကြိုက်တဲ့သူပါ။ (၂၄နာရီတိတိကြာအောင် ထိုင်ဆော့ခဲ့ဖူးပါတယ်)

၃) ဒေါသအရမ်းကြီးတယ်။ (ငယ်ငယ်ကဆို အင်္ဂါခြင်္သေ့ ရှေ့တောင်ကွေ့ ဆိုပြီးလာစတာနဲ့ ဒေါသက ထွက်နေပြီ၊ အခုတော့ ဒီလောက်မဟုတ်တော့ဘူး)

၎) ချိုသာတဲ့ စကားလုံးတွေပြောတတ်သလို တခါတလေစကားလုံး အကြီးကြီးတွေသုံးပြီးတော့လည်း နှိပ်ကွပ်တတ်ပါတယ်။ (ဟီး . . ဟီး တခါတလေ အမြဲတမ်းပဲ)

၅) အရေးကြီးတဲ့နေ့တွေကို မေ့တတ်ပါတယ်။ (အမေနဲ့ အဖေရဲ့မွေးနေ့လည်းမေ့တယ်၊ တချိန်တုန်းကရည်းစားရဲ့ မွေးနေ့လည်းမေ့ခဲ့ဖူးတယ်)

၆) တခါတခါလိုက်လျောညီထွေ ရှိသလောက် တခါတခါ ခေါင်းမာတယ်။ (တို့က ဘူးဆိုဖရုံမသီးဘူး။ ရှုပ်တယ်ကွာ ဘာသီးမှကို မသီးဘူး)

၇) အရွှဲ့တိုက်တတ်ပါတယ်။ (ဒီလောက်အေးနေတာ စွပ်ကျယ်လေးနဲ့မနေနဲ့။ အပေါ်ကအင်္ကျီထူထူလေး ၀တ်ထားလို့ပြောရင် စွပ်ကျယ်ပါဆွဲချွတ်ပစ်လိုက်ရော)

၈) အပေါင်းအသင်းအတွက် ဆိုရင်ငွေရေးကြေးရေး လူမှုရေးကအစ အကုန်အကူအညီပေးတယ်။ (သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ)

၉) အချိန်တိုင်းအလုပ် များနေတတ်ပါတယ်။ (ပြောရင်းဆိုရင်း အ၀တ်လျော်၊ အ၀တ်လှမ်း၊ အခန်းရှင်း၊ အိမ်လခလွှဲပြီး Polyသင်္ကြန် လက်မှတ်တွေရောင်းရဦးမယ်)

၁၀) အထိမခံ ရွှေပန်းကန်ပါ။ (လေတိုက်ရင်တောင် ခွမ်း က နဲ ကွဲသွားနိုင်တယ်)

သူရေးပေးထားတာ (၁၀)ချက်မကပေမယ့် ကျန်တာတွေကတော့ ကောင်းကြောင်းတွေချည်း ဖြစ်နေလို့ မတင်တော့ဘူး။

ဆက်လက်ပြီး တက်ပါဦးမယ် . . .

Saturday, April 28, 2007

ဘလော့ခ်ကာများနှင့် အတူ

ကျွန်တော်ရဲ့ မကောင်းတဲ့ (ကျွန်တော်အတွက်တော့ ထူးခြားတဲ့ အူကြောင်ကြောင်နိုင်တဲ့) အချက်(၁၀)ချက်ကို ပြောပါဆိုရင် ပထမဆုံးအချက်က နောက်ကျတတ်တယ်ဆိုတာ ဖြစ်မယ်ထင်တယ်။ တခြားဘလော့ခ်ကာတွေက သူတို့တက်ပြီးလို့ မေ့တောင်နေလောက်တဲ့အချိန်မှပဲ . . . ။ ကျွန်တော့်အကြောင်းမပြောခင် တခြားဘလော့ခ်ကာတွေနဲ့ ကျွန်တော်နဲ့ တော်တော်များများ သွားတူနေတာကို တွေ့ရတယ်။ အဲဒါကြောင့် တူတာလေးတွေကို အရင်ချပြချင်တယ်။

၁။ နေဘုန်းလတ်အတိုင်း နောက်နေ့ ရွှေ့လို့ ရတဲ့အလုပ်ကို ဒီနေ့ မလုပ်ပါနှင့်ဆိုတဲ့စကားကို လက်ကိုင်ထားတယ်။ (ဒီ၁၀ချက်ကို အခုမှရေးတာပဲကြည့်)

၂။ ကျွန်တော့်ကို တက်လုပ်သွားတဲ့ ညီညီ(သံလွင်)လို သွားရင်းလာရင်း Sport carလေးတွေ မြင်ရင် တမေ့တမော လိုက်ကြည့်တတ်တယ်။ (ကားမစီးရသေးသရွေ့ ကားကားပြီး လျှောက်ရရင် မကောင်းဘူးဖြစ်မယ်)

၃။ နိုင်းနိုင်းစနေလို အရွဲ့တိုက်တတ်ပြီး ထော်လော်ကန့်လန့် နိုင်လွန်းလို့ တစ်ယောက်သောသူက စိတ်ညစ်ရပါတယ်။ (ဒါမကိုင်နဲ့ဆို နဲနဲတော့တို့လိုက်ရမှ)

၎။ စိုးဇေယျထက်ကို အအိပ်ကြီးသူဖြစ်ပါတယ်။ (Missed call ၄၈ခါ ဖြစ်ပြီးတာတောင် မနိုးပါ)

၅။ ညီမလင်းလက်ကြယ်စင်အတိုင်း ကျောင်းစာကျက်ချိန်နည်းသလောက် တခြားဟာတွေနဲ့ ရှုပ်နေတတ်ပါတယ်။(အခုတောင် ကျောင်း ၄လနားထားတယ်)

၆။ ၀ိုင်ချို(ကျော်ဇေယျ)လို ဘောလုံးပွဲကို အရူးအမူးစွဲလန်းပြီး အားပေးတဲ့ အသင်းရှုံးရင် မီလျံနာဘောလုံးသမားတွေကိုရော ဒိုင်လူကြီးကိုပါ တပြားမတန်ဆဲပါတယ်။(ဥပမာ။ ။ဟေ့ကောင် ဘက်ခမ်း၊ မင်း မိန်းမနားပဲကပ်နေ၊ ဘောလုံးမကန်နဲ့တော့)

၇။ ကိုရန်အောင်လို ခရီးသွားရင် အိမ်သာမတက်ဘူး။ ရွံလို့ပါ။ (အလုပ်ထဲမှာတောင် ၂မိနစ်လောက် လျှောက်ရင်ရောက်တဲ့ မသန့်တဲ့အိမ်သာကို မတက်ပဲ၊ ၁၀မိနစ်လောက်လျှောက်ပြီး သန့်တဲ့အိမ်တာမှာတက်တယ်)

၈။ တက်စလာလို ဘာဖြစ်လို့များ လူရယ်လို့ ဖြစ်လာရတာလဲလို့ စဉ်းစားမိတယ်။ (အင်း . . .ဘာဖြစ်လို့များပါလိမ့်နော်)

၉။ တက်လုပ်ပြီးမှ ပြန်ရုပ်သိမ်းသွားတဲ့ ကိုမျက်လုံးလို ဘတ်စ်ကားပေါ်မှာ ကောင်မလေးတွေနား ဘယ်လို နေရာယူရမလဲဆိုတာ သိပါတယ်။ (ရှောင်စေတဲ့ ရှားစေ၊ ရှားစေတဲ့ ရှောင်စေနော်)

၁၀။ ညလေးလို တခုခုကို စိတ်ပါဝင်စားစွာ လုပ်နေရင် ဘယ်သူမှ လာရှုပ်တာမကြိုက်ပါ။ (ကျေးဇူးပြု၍ လာမနှောင့်ယှက်ပါနှင့် ဆိုပြီး နဖူးမှာကပ်ထားရမလိုပဲ)

ဆက်လက်ပြီး တက်ပါဦးမယ် . . . . . . . .

နာရေးကူညီတဲ့ကျော်သူနှင့် အင်တာဗျူး

ရုပ်ရှင်မင်းသားဖြစ်ပေမယ့် မာန်မာနမရှိပဲ နိဗ္ဗာန်ယာဉ်ကိုလည်း မောင်းပါတဲ့ ဆိုတဲ့ ဦးကျော်သူကို DVBက အင်တာဗျူးထားတာလေးပါ။ သွားနေတဲ့လမ်းချင်း မတူပေမယ့် ဦးတည်ချက်ချင်းတူညီတဲ့ ဦးကျော်သူကို တကယ်ပဲလေးစားမိပါတယ်ဗျာ။

Wednesday, April 25, 2007

စင်္ကာပူက မြန်မာလိုင်ဘရီ


ဒီမြန်မာလိုင်ဘရီကို ဖွင့်ဖို့ လုပ်နေတာတော်တော်ကြာပါပြီ။ ဒါပေမယ့် အခုမှပဲ လက်တွေ့အကောင်အထည်ဖော် ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ထုံးစံအတိုင်း ဟိုစပ်စပ် ဒီစပ်စပ်ကောင်ဆိုတော့ အခုလည်း ဒီလိုင်ဘရီ ဖြစ်မြောက်ရေးမှာ အမာခံတစ်ယောက် ဖြစ်မှန်းမသိဖြစ်သွားပြန်ပါပြီ။ လိုင်ဘရီမှာ မြန်မာစာအုပ်တွေပဲ အဓိကတင်မှာဖြစ်ပြီး စာအုပ်တွေလှူဒါန်းချင်တယ် ဆိုရင်တော့ဖုန်းသာ ဆက်လိုက်ပါ။ ကျွန်တော်တို့ အဖွဲ့ဝင်များ ကိုယ်တိုင်အိမ်တိုင်ရာရောက် လာရောက်သယ်ယူပေးမှာ ဖြစ်ပါတယ်။

သနပ်ခါးရနံ့တွေနဲ့ စိမ်းလန်းစိုပြည်



ဗိုလ်မတွေရဲ့ ဖက်ရှင်ရှိုးပြီးတော့ မြန်မာမလေးတစ်ယောက်ရဲ့ ပုံတွေကိုလည်း ခံစားကြည့်ကြပါဦး။ ရန်ကုန်ပြန်တုန်းက အင်လျားကန်စောင်းမှာ ရှိတဲ့ စိမ်းလန်းစိုပြည်မှာ ရိုက်ထားတာပါ။

Monday, April 23, 2007

စင်္ကာပူက ဖက်ရှင်ရှိုး

အရင်လက တစ်လလုံးစင်္ကာပူမှာ Singapore Fashion Festivalဆိုပြီး Shopping Mallတော်တော်များများမှာ ဖက်ရှင်ရှိုးတွေရှိခဲ့တယ်။ အဲဒီအထဲ ကမှ လက်လှမ်းမှီသလောက် သုံးခုလောက်သွားရိုက်ဖြစ်ခဲ့တယ်။ အခုပုံတွေကတော့ Marina Squarမှာ ၂၄ မတ်လက လုပ်သွားတဲ့ ဖက်ရှင်ရှိုးကပုံတွေပါ။






Sunday, April 22, 2007

အင်တာနက်ဝေးဝေး ဝေးတဲ့နယ်မြေ


ကျွန်တော်ရန်ကုန်ပြန်နေတုန်း အင်တာနက်နဲ့တော်တော်ကို အဆက်အသွယ်ပြတ်နေခဲ့ပါတယ်။ တမင်သက်သက် အဆက်အသွယ်ဖြတ်ထားတာ ဆိုရင်လည်း မှန်ပါလိမ့်မယ်။ ဟုတ်တယ်လေ။ စင်္ကာပူမှာက အလုပ်ထဲမှာ အားနေရင်လည်း အီးမေးလ်စစ်လိုက်၊ သူငယ်ချင်းတွေနဲ့ chatလိုက်၊ ဘလော့ခ်တွေ ဖတ်လိုက်၊ Net Surfလိုက်။ အိမ်ပြန်ရောက်တော့လည်း ဒါတွေပဲ ထပ်ခါတလဲလဲ လုပ်နေတာပဲ။ ရန်ကုန်ရောက်တော့ သူငယ်ချင်းတွေရဲ့ Cyber Cafeမှာ အမြဲတမ်းဆုံဖြစ်ပေမယ့် အင်တာနက်လုံးဝမသုံးဖြစ်ခဲ့ပါဘူး။
စင်္ကာပူပြန် ရောက်ရောက်ချင်း အိမ်ရှေ့က စားပွဲပေါ်မှာ စာ၁၈စောင်ရောက်နေပြီး အီးမေးလ်စစ်တော့ Inbox ထဲမှာ အီးမေးလ် ၈၅စောင်ရောက်နေပါတယ်။ စာ၁၈စောင်ကတော့ ထုံးစံအတိုင်း Handphone Bill, Internet Bill, Power Supply Bill, Plastic Card Billနဲ့ ဘဏ်ကလာတဲ့ စာတွေပါ။ အီးမေးလ်တွေကတော့ ကျွန်တော့်ရဲ့ ဘလော့ခ်ထဲမှာ ဘော်ဘော်ကြီးတွေ ၀င်ရေးသွားတဲ့ Commentတွေ၊ Friendsterရဲ့ testiတွေ၊ ဘလော့ခ်စာအုပ်ကိစ္စတွေနဲ့ ထုံးစံအတိုင်းကြော်ငြာတွေပဲဖြစ်ပါတယ်။
အဲဒါစာတွေ၊ အီးမေးလ်တွေအပြင် လုပ်စရာအလုပ်တွေကလည်း တန်းစီပြီးစောင့်နေပါတယ်။ ပန်နီဆူလားပလာဇာမှာ မြန်မာLibraryဖွင့်ဖို့ကိစ္စ၊ ဘလော့ခ်စာအုပ်အတွက် ဘလော့ခ်တွေဖတ်ဖို့ကိစ္စ၊ TPမြန်မာ သင်္ကြန်လက်မှတ်ကိစ္စတွေနဲ့ အိမ်ကိစ္စတွေက တန်းစီပြီးစောင့်လို့နေပါတယ်။ လောလောဆယ်တော့ ဒီညNite Shiftသွားရဦးမယ်။ ဒါကြောင့် တစ်ခါတစ်လေတော့လဲ စိုင်းထီးဆိုင်ရဲ့ သဘာဝရဲ့ ရင်သွေးငယ်တွေဆိုတဲ့ သီချင်းစာသားလေးကို ပြေးပြီး သတိရမိပါတယ်။

`Billတွေနဲ့ ဝေးဝေး ဝေးတဲ့နယ်မြေ၊
အင်တာနက်ဝေးဝေး ဝေးတဲ့နယ်မြေ၊
အတူတူသွားသွား သွားကြမယ်လေ၊
သဘာဝရဲ့ မှောင်မိုက်တဲ့ မြို့ရင်ခွင်မှာ ပျော်နေ . . .ရေ . . .
သဘာဝရဲ့ ရင်သွေးငယ်တွေ . . .´

Saturday, April 21, 2007

မင်းတို့လက်တွေ လေထဲကိုမြှောက်ထားလိုက်

`ငါပြန်လာပြီ၊ ရှေ့ကိုရောက်နေပြီ၊ မင်းတို့လက်တွေလေထဲကို မြှောက်ထားလိုက်။´
နှစ်ပေါင်းများစွာဝေးကွာခဲ့တဲ့ ရန်ကုန်သင်္ကြန်ကို ဒီနှစ်တော့ တ၀ကြီး ရေကစားခဲ့ပါတယ်။ အဲဒီသင်္ကြန်တုန်းက သူငယ်ချင်းတစ်ယောက်ဘေးနားမှာ လာလာအော်တဲ့ သီချင်းစာသားပါ။ သူက မူးပြီး ကလိုက် လျှောက်သွားလိုက်၊ ပြီးတော့ အနားနားကို ပြန်လာပြီး အဲဒီစာသားလာအော်လိုက်နဲ့ တော်တော်လေးကို ပျော်ဖို့ကောင်းခဲ့တဲ့သင်္ကြန်ပါပဲ။ (အဲဒီသူငယ်ချင်း ဘယ်သူလဲဆိုတာတော့ ပြောမနေတော့ပါဘူး။ ဟီးဟီး)

Monday, April 9, 2007

Saturday, April 7, 2007

ကေသရာဇာ ခြင်္သေ့ဖြူ


ဟိုစပ်စပ် ဒီစပ်စပ် အကုန်သိတဲ့ ထိုင်းက သူငယ်ချင်းတစ်ယောက် ပို့လိုက်တဲ့ ပုံပါ။ ပြီးတော့ သူက ပြောပါသေးတယ်။ သိမ်ဖြူဆရာတော် ရှင်နာဂသေနမထေရ် ရေးသားပြုစုတော်မူတဲ့ သားငါးကျေးငှက် အဘိဓာန်ထဲမှာ စာအဖြစ် ဖော်ပြထားတဲ့ ကေသရာဇာ ခြင်္သေ့ဖြူကို မြင်ဖူးချင်လွန်းလို့ သတိထားရှာဖွေခဲ့ရာက အင်တာနက်ထဲမှာ တွေ့လိုက်လို့ ဆရာတော်ရဲ့ သုတေသန မမှားကြောင်းသိလိုက်ရတဲ့ အတွက် အားလုံးကို ဝေမျှချင်စိတ်ပေါ်လာလို့ ပို့ပေးလိုက်တာပါ။ တဲ့။ ကဲ . . သူငယ်ချင်းKTZရေ၊ ကျေးဇူးလဲတင်ပါတယ်။ ငါကလဲထပ်ပြီး အားလုံးကို မျှဝေပေးလိုက်ပါပြီ။

Friday, April 6, 2007

အမှတ်တရ စင်္ကာပူညတစ်ည



ဝယ်ထားတဲ့ ကင်မရာ Canon 350Dလေးကို ညဖက် မရိုက်ရသေးဘူးဆိုပြီး ဟိုတစ်ပတ်က ရိုက်ခဲ့တဲ့ပုံတွေပါ။ ခံစားကြည့်ကြပါဦး။ စင်္ကာပူမှာကလဲ ပြေးကြည့်မှ ဒီနားတ၀ိုက်ပဲ ဓါတ်ပုံရိုက်လို့ကောင်းတာရှိတယ်။ အပြန် Coffee Beanမှာ ကော်ဖီဝင်သောက်ခဲ့လို့ မထူးပါဘူးဆိုပြီး Coffee Beanဆိုင်းဘုဒ်ပါ ရိုက်လာခဲ့တယ်။ :)


အိမ်အပြန် MRTကို သွားတဲ့ လမ်းမှာ မြန်မာတို့ရဲ့ စုရပ် ပန်နီဇူလားရှေ့ရောက်တော့ လည်းရိုက်လိုက်ပါဦးမယ်ဆိုပြီးတော့ .. . .။

Wednesday, April 4, 2007

အိပ်မက်ပန်းတွေ ပွင့်တဲ့သစ်ပင်(၅)

အချစ်ရေ . . မတော်တဆဖြစ်မှုတစ်ခုနဲ့ အတူ
ငါ့ကို ရှေ့ဘူတာမှ စောင့်ပါကွယ် . . .
ငါ့ကိုယ်ငါ ခုတ်မောင်းလို့ လာခဲ့မယ် . . .

အင်း . . ဟုတ်တယ်၊ မတော်တဆဖြစ်မှုတစ်ခုနဲ့ပါ။ `ယူရေးကား(Eureka)´ဆိုတဲ့စကားကို မင်းကြားဖူးလား မြနန္ဒာ၊ အဲဒါ အာခိမိဒိဆိုတဲ့ လူကြီးတစ်ယောက် ရေချိုးကန်ထဲ ၀င်စိမ်ရာက ပေါလောပေါ်နိယာမ ဆိုတာကို မတော်တဆ တွေ့လိုက်ရစဉ်မှာ ၀မ်းသာအားရ အော်တဲ့အသံပေါ့။ မတောတဆမှုတွေ များလှတယ်။ နယူတန်ဟာ ပန်းသီးပင်အောက်မှာနေရင်း ကမ္ဘာမြေဆွဲငင်ခြင်းအကြောင်း မတော်တဆ ကောင်းကောင်းကြီး တွေ့ရှိခဲ့တယ်။
(အချစ်ရေ . . မတော်တဆဖြစ်မှုတွေဟာ လောကကြီးကို တစ်ဝက် ဖန်ဆင်းလေရဲ့)။ ငါတော့ ရေချိုးကန်ထဲ ၀င်စိမ်ခဲ့ရာမှာ အအေးမိခြင်းကိုသာ တွေ့ရှိခဲ့ပါတယ်။(မတော်တဆ)။ ပန်းသီးပင်အောက်မှာ ထိုင်ဖြစ်တဲ့အခါဆိုလည်း အိပ်ငိုက်ခြင်းကိုသာ ရှာဖွေတွေ့ရှိခဲ့လေတယ်(မတော်တဆ)။ ဒါနဲ့ပဲ ငါဟာ ကမ္ဘာကျော်မယ့်ဘ၀နဲ့ တိတိကျကျကြီး လွဲချော်ခဲ့တာပေါ့ . . .။
အချစ်ရေ ငါ့ဘ၀ရဲ့ အလှပဆုံး မတော်တဆဖြစ်မှုလေး
တစ်ခုတည်းကတော့ မင်းပါပဲကွယ် . . .

မင်းခိုက်စိုးစန်

Monday, April 2, 2007

Emperorရဲ့ ပျော်ရွှင်ဖွယ်ဂီတည

မနေ့က Fashion show နှစ်ခုနဲ့ Stage Showတစ်ခုကို ဓါတ်ပုံလိုက်ရိုက်တာ မောသွားတာပဲ။ စတိတ်ရှိုးသွားကြည့်တဲ့အကြောင်း သေသေချာချာ ရေးပြီးတင်မလို့ပဲ၊ နောက်မှ နေနေနိုင်ရဲ့ ဘလောခ့်ထဲမှာ ပြည့်ပြည့်စုံစုံရေးထားတာတွေ့လို့ အဲဒီမှာပဲ သွားဖတ်လိုက်ကြပါတော့။ ဓါတ်ပုံတွေနဲ့ ဝေေ၀ဆာဆာပါပဲ။ Fashion Show တွေက ပုံလှလှလေးတွေကိုတော့ နောက် အားတော့မှပဲ တင်တော့မယ်။

Sunday, April 1, 2007

အရူးလုပ်ခံလိုက်ရတဲ့ ကျွန်တော်


ကျွန်တော်ဒီ April Foolမှာ တစ်ယောက်သောသူရဲ့ အရူးလုပ်ခြင်းကို ခံခဲ့ရပါတယ်။ ကျွန်တော်က Plaza Singapuraရောက်နေတုန်း သူဖုန်းဆက်ပြီး `ခဏနေဦး၊ ခဏနေဦး၊ အမလေးလိုက်ခေါ်လိုက်ရတာ၊ မောနေတာပဲ။ အဲဒီမှာပဲ ရပ်နေ။´တဲ့ အမ် ကျွန်တော် တော်တော်ကြောင်သွားတယ်။ သူဘယ်မှာလဲပေါ့။ ရုတ်တရက် ရပ်လိုက်ပြီး ဟိုကြည့်၊ ဒီကြည့်နဲ့။ ဖုန်းဆက်တဲ့သူကို လိုက်ရှာမိတယ်။ နောက်တစ်ခေါက် သူကပဲ ထပ်ဆက်ပြီး Happy April Fool၊ သူက အိမ်မှာ TVကြည့်နေတာတဲ့။ ဟင်း . . . တော်တော်လှတဲ့ လုပ်ကွက်ပါပဲ။ ကျွန်တော် အရူးဖြစ်သွားပါတယ်။

ဘယ်လိုတွေ၊ ဘာဖြစ်တဲ့ ဘယ်လိုလူလဲ

Hololuဆိုတာ ကျွန်တော့်ရဲ့ အီးမေးလ်ကနာမည်ပါ။ ပုံစံကိုကြိုက်ပြီးတော့ ဘယ်တော့မှ မစားဖြစ်တဲ့အသီးကတော့ Apple။ ဒီဘလော့ခ်ထဲက ဘယ်Pageကို Print ထုတ်ချင်တာလဲ၊ Youကို ငတုံးလို့တော့ကျွန်တော်မပြောချင်ပါ။ သူငယ်ချင်းတစ်ယောက်က Argentina ဘောလုံးသမားPeleကို သိပ်ကြိုက်တယ်တဲ့။ စပိန်ကလပ် Realမှာ ကစားတဲ့ Ibrahimovicကို လည်းကြိုက်တယ်ဆိုပဲ။ ကျွန်တော်ကတော့ သူ့ကို Lostသွားပြီလို့ထင်တယ်။ Footballerလဲဆိုသေး ပြောလိုက်ရင် တလွဲချည်းပဲ။ ကျွန်တော်ကတော့ အခုအချိန်ထိ Only မန်ချက်ပဲ။ Oh! မေ့နေလို့။ Londonက တစ်ယောက်နဲ့ ချိန်းထားတာ အခုမှသတိရတယ်။