Wednesday, February 28, 2007

အိပ်မက်ပန်းတွေ ပွင့်တဲ့သစ်ပင်(၃)

ငါ့ အချစ်တွေကို ဘ၀တစ်ခြမ်းစာ ထွန်းညှိခဲ့တာပါကွဲ့၊ ဒါပေမယ့် မင်းဘက်က အမှောင်ကျနေတဲ့ အခြမ်းမှာတော့ လောင်ကျွမ်းစရာ အလွမ်းတွေ အခန်းပြည့်သိုလှောင်ထားတာ ငါမသိခဲ့ပါဘူး။ ကံ့ကော်ဝတ်မှုန် တစ်မှုန်စာ မီးပွားကလေးလွင့်ကျရုံနဲ့ ဟုန်းကနဲ တောက်လောင်ဖို့ မင်းသိုလှောင်ခဲ့တဲ့ အလွမ်းတွေလေ။
ချစ်သူရေ . . အခုတော့ မင်းလောင်စာက ကူးတဲ့ မီးတောက်တွေဟာ အနမ်းတွေကို သင်္ဂြိဟ်ခဲ့ပြီ၊ လိပ်ပြာနဲ့ ပန်းပွင့်တွေကို သင်္ဂြိဟ်ခဲ့ပြီ၊ သစ်သီးတစ်ခြမ်းနဲ့ နှုတ်ခမ်းတစ်စုံကို သင်္ဂြိဟ်ခဲ့ပြီ၊ သက်တန့်လေးကိုင်းနဲ့ မိုးရေစက် မှိုင်းမှိုင်းတွေကို သင်္ဂြိဟ်ခဲ့ပြီ၊ နှလုံးသားသစ်တော ကြိုးဝိုင်းနဲ့ အရူးတစ်ပိုင်း ဖြစ်နေတဲ့ ပင်လယ်ကို သင်္ဂြိဟ်ခဲ့ပြီ၊ ဧဒင်ဥယျာဉ်နဲ့ မုတ်သုန်ချိန်ဝင် အိပ်မက်တို့ကို သင်္ဂြိဟ်ခဲ့ပြီ၊ မေ့လျော့ခြင်းကို သင်္ဂြိဟ်ခဲ့ပြီ၊ အိပ်စက်ခြင်းကို သင်္ဂြိဟ်ခဲ့ပြီ၊
ချစ်သူရေ . . မင်းဟာ ကမ္ဘာ့မြေပုံတစ်ခုလုံးကိုတောင် မီးသင်္ဂြိဟ်ခဲ့သူဖြစ်ပေရဲ့ . . .။
မီးသတ်သမားတို့ရေ . .
မင်းတို့ရဲ့ ဘွတ်ဖိနပ်ကြမ်းတွေနဲ့
အရမ်းမတက်မိဖို့သတိထားကြကွဲ့
မီးလောင်ခံထားရတဲ့ နှလုံးသားပေါ်ကို
အနမ်းနဲ့ တက်မှ ရပေရဲ့ . .
(မာယာကော့ဗ်စကီး)
မီးသတ်သမားတွေဟာ ငါ့ကဗျာရွတ်သံကို မကြားကြပါဘူး။ တကယ်တော့ ငါရူးတာပါ မြနန္ဒာရယ်၊ သေဆုံးနေနှင့်ပြီးတဲ့ ငါ့ခန္ဓာကို ဘယ်သူက ရိုကျိုးမှာလဲ။
အင်း . . ငရဲကြီးရှစ်ထပ်မှာ ချစ်တတ်သူတွေအတွက် မြေတစ်ကွက်စာတော့ ရှိလိမ့်မယ်ထင်ပါရဲ့ မြနန္ဒာ . . ။ ငါဟာငရဲနဲ့သာ ထိုက်အောင် မိုက်ခဲ့သူပါကွဲ့ . .။ ငါမိုက်ခဲ့တယ်။ မင်းရဲ့ ပါးပြင်လေးတစ်ဖက်စာ ငါမိုက်ခဲ့တယ်။
မင်းသောက်နေတဲ့ စတော်ဘယ်ရီတစ်ငုံစာ ငါမိုက်ခဲ့တယ်။ မင်းပြုံးတဲ့ ပါးချိုင့်လေး တစ်ဖက်စာ ငါမိုက်ခဲ့တယ်။ မင်းမျက်တောင်တစ်ခတ်စာ ငါမိုက်ခဲ့တယ်။ မင်းပေးခဲ့တဲ့ အိပ်မက်ကလေး တစ်ညတာစာ ငါမိုက်ခဲ့တယ်။ ကိုယ့်ပိုက်ကွန်ထဲမှာ ကိုယ့်ဘာသာ ပြန်ချုပ်နှောင်လို့ ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါတောင် နောင်တရဖို့ မေ့ခဲ့ပါသလဲ။
သြော် . . .
အလွမ်းတွေကို ငါ့ရဲ့ ဆိပ်ကမ်းမှာချထားရစ်ဖို့ ရည်ရွယ်ပြီး ကုန်သည်လေအသင့်မှာ ရွက်လွှင့်ဝင်လာခဲ့တဲ့လှေဟာ . .မင်းပါပဲ မြနန္ဒာ . . .။
မင်းခိုက်စိုးစန်

Monday, February 26, 2007

ဘာမှန်းမသိလိုက်တဲ့ ရုပ်ရှင်


ကြည့်ပြီးသွားတဲ့ အချိန်မှာ တကယ်ကို ဘာမှန်းမသိလိုက်ပါဘူး။ S$7.50လှူလိုက်ရတယ်လို့ပဲ သဘောထားပါတယ်။

Sunday, February 25, 2007

လေးနှစ်သား ဒရမ်မာလေး


လူတိုင်းလူတိုင်းမှာ သူ့ဟာနဲ့ သူ့ဗီဇ ဒါမှမဟုတ် သူ့ Talentနဲ့ သူလာကြတဲ့ သူချည်းပါပဲ။ အဲဒီTalentဟာဘာလဲဆိုတာကို သေသေချာချာဖော်ထုတ် နိုင်မယ်ဆိုရင် ဘယ်လိုလူမျိုးပဲ ဖြစ်ဖြစ်၊ ဘယ်လောက်ပဲအသက်ငယ်ငယ် ဖြစ်နိုင်ပါတယ်ဆိုတာကို ဒီကလေးငယ်လေးက သက်သေပြနေပါတယ်။

Thursday, February 22, 2007

ရေခဲမုန့်ကိုယ်တိုင်လုပ်စားမလား

တရုတ်နှစ်ကူး သူများတွေအလုပ်နားနေချိန်မှာ အလုပ်တွေလုပ်နေရပြီး သူများတွေ အလုပ်ပြန်သွားချိန်မှာတော့ ၄ရက် ဆက်တိုက်နားနေရပါပြီ(OT မရှိရင်ပေါ့လေ)။ ဒါနဲ့ပဲ အလုပ်ထဲက မြန်မာတွေစုပြီး ဂျပန်ဆိုင်မှာ ဘူဖေးလ်သွားစားဖြစ်ပါတယ်။ ကျွန်တော်တို့ စင်္ကာပူက မြန်မာတွေ တခါလာလည်း Marina Bay, နောက်တခါလာလည်း Marina Bayမှာ ပဲ ဘူးဖေးလ်သွားစားနေရတာ ကြာတော့လည်း ညည်းငွေ့လာပါပြီ။ အဲဒီတော့ အပြောင်းအလဲလေးလုပ်ပြီး စားချင်ပါတယ်ဆိုတဲ့သူတွေအတွက် ဒီဘူဖေးလ်ဆိုင်လေးကို ညွှန်းပါရစေ။ နေ့လည်စာကို စင်္ကာပူဒေါ်လာ ၁၈.၉၀နဲ့ ညစာကို ၂၀.၉၀ဆိုတော့ ဈေးသိပ်မကြီးဘူး လို့ပဲဆိုရမှာပါ။ ပြုတ်စား၊ ကင်စားဖို့ အသားငါးတွေကတော့ Marina Bayကအတိုင်းပါပဲ။ ဒါပေမယ့် ဒီဆိုင်မှာတော့ Salmonတို့၊ Sushiတို့ စတဲ့ ဂျပန်စာတွေပါတယ်။(ပြီးတော့ အအေးလည်း Free Flowပဲ)။ စားပြီးရင် ရေခဲမုန့်အတွက် ၂ကျပ်ထပ်ပေးပြီး အ၀ထပ်စားလို့ရသေးတယ်။ အဲဒီမှာ တစ်ခုစိတ်ဝင်စားဖို့ကောင်းတာက ရေခဲမုန့်ကိုပါ ကိုယ်တိုင်လုပ်ရတာပါပဲ။ အအေးပေးထားတဲ့ လင်ပန်းကြီးပေါ်ကို ကိုယ်ကြိုက်တဲ့ ရေခဲမုန့်အရည်တွေကို လောင်းထည့်လိုက်ပြီး ၁မိနစ်၂မိနစ်နေရင် စားလို့ရပါပြီ။ ရေခဲမုန့် အရသာတွေကတော့ ချောကလတ်၊ လိမ္မော်၊ စတော်ဘယ်ရီ၊ ပြောင်းဖူး စသည်ဖြင့် အမျိုးပေါင်း ၁၀မျိုးလောက်ရှိပါတယ်။

ကဲစိတ်ဝင်စားတဲ့သူတွေအတွက် လိပ်စာထည့်ပေးလိုက်ပါတယ်။ တစ်ခါတစ်လေ လူအရမ်းများလို့ Reserveလုပ်ပြီးမှ သွားရင်ပိုသေချာပါလိမ့်မယ်။

8 Grange Road #02-11
Orchard Cineleisure
Tel : 6737 9680

#03-210
Marina Squar
Tel : 63389680

Tuesday, February 20, 2007

ကြည်အောင်ရဲ့ ကဗျာတစ်ပုဒ်



အာဟာရစတိုင်

နို့ညှစ် နွားမ
သူ့အာဟာရ
နွားကလေး မစို့ရ။

တောက မြို့ပို့
နို့ဆီ ပျစ်ခဲ
ဝေ့၀ဲမလိုင်
လက်ဖက်ရည်ဆိုင်
ထိုင်
စတိုင်ကျတဲ့သူများပ။ ။

ကြည်အောင်
စတိုင်သစ်၊ မတ် ၁၉၉၇

Monday, February 19, 2007

Working, workin n worki

I'm working till 9pm today. Why no internet connection here? but not bad huh! because i finished one short story while i am at my boring workin place.

Sunday, February 18, 2007

လက်တွေယားနေသော ကျွန်တော်

My Dream Cars


Nissan Skyline


Subaru Impraza WRX STI


Toyota Supra


Mitsubishi Lancer Evolution

ကျွန်တော်အသက်နှစ်ဆယ် လောက်ကတည်းက ကားတွေကို Crazyဖြစ်ခဲ့တာပါ။ သွားရင်းလာရင်း ကားလှလှလေးများမြင်လျှင် အနည်းဆုံးတစ်ခေါက်တော့ လည်ပြန်ကြည့်လိုက်ရမှ နေသာထိုင်သာရှိသွားတတ်ပါတယ်။ အခုလည်း စင်္ကာပူတရုတ်နှစ်ကူးမှာ အစိုးရကCOEကို အရမ်းချပေးနေပြန်ပါပြီ။ COE(Certificate of Entitlement)ဆိုတာကတော့ စင်္ကာပူမှာ ကားဝယ်ရင် ကားတန်ဖိုးအပြင် ထပ်ဆောင်းပြီးအပိုပေးရတဲ့ပိုက်ဆံပါ။ အရင်တုန်းက ဒေါ်လာနှစ်သောင်းလောက်ပိုပေးရပြီး။ အခုလောလောဆယ်တော့ ဒေါ်လာတစ်သောင်းလောက်ပဲ ပိုပေးရမှာပါ။ ပြီးတော့ Insurance ကနှစ်ထောင်လောက်ရယ်၊ ကားတန်ဖိုးရယ်၊ ပြီးတော့ Road Taxက တစ်နှစ်ကို ခြောက်ရာလောက်ရယ်ပေးရပါတယ်။ ကားဈေးတွေကလည်းကျ၊ COEကလည်းကျနဲ့ ကားကို ၀ယ်ချင်လိုက်တာမှ လက်ကိုယားနေတာပဲ။ ဒါပေမယ့် စင်္ကာပူမှာက Public Transportကို အရမ်းကောင်းအောင် လုပ်ပေးထားတော့ ကိုယ်ပိုင်ကားဆိုတဲ့ အရာက မရှိမဖြစ်မှမဟုတ်ပဲ။ ကားဝယ်ထားတဲ့ သူငယ်ချင်းတစ်ယောက် ကတော့ တစ်လကို ၅၀၀ကနေ ၁၀၀၀လောက်ဖြုန်းဖို့ သတ္တိရှိတယ်ဆိုရင်တော့ ၀ယ်ပေါ့တဲ့။ အခုတော့ အဲဒီသတ္တိမရှိသေးခင်မှာ Sgcarmart.comမှာပဲ ကားတွေကို သွားရည်ကျနေရပါတယ်။

Sgcarmartဆိုတာ ကတော့ စင်္ကာပူနိုင်ငံရဲ့ အကြီးဆုံး မော်တော်ကားClassified Websiteပါ။ အဲဒီWebsiteထဲမှာ ကားအသစ်အမျိုးမျိုးရဲ့ လက်ရှိပေါက်ဈေး၊ ကားအဟောင်းအမျိုးမျိုးကို ကြော်ငြာရောင်းချနေတဲ့ ဈေးကွက်နဲ့ ကားဝယ်မယ်ဆိုရင် Monthly Installment ဘယ်လောက်လောက်ကျမလဲ တွက်လို့ရတဲ့ Calculator စသဖြင့် ကားနှင့် ပတ်သတ်ပြီး One Stop Website တစ်ခုလို့ပြောလို့ရပါတယ်။ ကဲ စင်္ကာပူမှာ ကားဝယ်ဖို့ ဆန္ဒရှိလို့ပဲဖြစ်ဖြစ် စပ်စပ်စုစု ဘယ်ကားတွေ ဘယ်ဈေးလောက်ရှိသလဲ သိချင်လို့ပဲဖြစ်ဖြစ် ဒီwebsiteလေးကို တစ်ခေါက်လောက်တော့သွားကြည့်သင့်ပါတယ်။ ကျွန်တော်ကတော့ ဒီကားပုံလေးတွေကြည့်ရင်း သတ္တိတွေမွေးလို့နေရပါတော့တယ်။

Saturday, February 17, 2007

Xing nian kuai le



Xing-New, Nian-Year, Kuai Le-Happy
အလုပ်ထဲက မန်နေဂျာက ပေးစရာရှိတယ်ဆိုလို့ ဘာများလဲလို့ အန်ပေါင်းဖြစ်နေတာကိုး။ အရင်နှစ်ကတော့ S$68လောက်ရတယ်။ ဒီနှစ်တော့ နည်းသွားတယ်။ ကုမ္ပဏီကလည်းပိုပိုပြီး ကပ်စေးနဲလာသလိုပဲ။ အေးလေ သူတို့လဲ မပေးရင်ရတဲ့ဥစ္စာကို နည်းတယ်များတယ် သဘောမထားတော့ပါဘူး။ လတိုင်းရနေတဲ့ လခမနည်းရင်ပြီးတာပဲ။ အလုပ်ထဲက စလုံးတရုတ်တွေ အကုန်လုံး တရုတ်နှစ်ကူးဖြစ်လို့ off dayရတယ်။ ကျွန်တော်တို့ မြန်မာ၆ယောက်နဲ့ မလေး၊ ကုလားလူမျိုးတွေ အချိန်ပိုဆင်းရတာပေါ့။ အလုပ်မလုပ်လဲ ပျင်းစရာကြီး စင်္ကာပူမှာက တရုတ်နှစ်ကူးဆို ဆိုင်တွေအကုန်ပိတ်၊ လမ်းပေါ်မှာလဲခြောက်ကပ်နေတာပဲ။ ဘယ်မှလဲသွားစရာမရှိဘူး။ တရုတ်တွေကတော့ အမျိုးတွေအိမ်သွား၊ မိသားစုတွေဆုံကြ တွေ့ကြပေါ့။ အဲဒီတရုတ်နှစ်ကူးအကြောင်းဖတ်ချင်ရင်တော့ နိုင်းနိုင်းစနေရဲ့ ပိုစ့်ကိုညွှန်းရမှာပဲ။ အချိန်ပိုဆင်းရတာလဲ ပင်ပန်းတယ်။ တနေ့၁၂နာရီ ၆ရက်ဆက်တိုက်။ niteshiftဆို ပိုဆိုးသေး။ ဒါပေမယ့် လကုန်ရက်ရောက်တော့လဲ သူများထက်ပိုပြီး ငွေရွှင်တာပေါ့။

Friday, February 16, 2007

Wirelessကို စတွေ့တဲ့မြန်မာတွေ

သူငယ်ချင်းတစ်ယောက်ဆီက ရတဲ့အီးမေးလ်ပါ။ ဘယ်သူရေးထားသလဲတော့သေချာမသိပါဘူး။ Ideaလေးကို သဘောကျလို့။

ANCIENT TECHNOLOGY

After digging to a depth of 100 meters last year, Japanese scientists found traces of copper wire dating back 1000 years, and came to the conclusion that their ancestors already had a telephone network one thousand years ago.

So, not to be outdone, in the weeks that followed, American scientists dug 200 meters and headlines in the US papers read:

" US scientists have found traces of 2000 year old optical fibers, and have concluded that their ancestors already had advanced high-tech digital telephone 1000
years earlier than the Japanese".

One week later, a Burmese newspaper reported the following: "After digging as deep as 500 meters, Burmese scientists have found absolutely nothing. They have concluded those 5000 years ago, their ancestors were already using wireless technology".

Thursday, February 15, 2007

အိပ်မက်ပန်းတွေပွင့်တဲ့သစ်ပင်(၂)

ချစ်သူဟာ . . .အလင်းကို ကမ္ဘာမြေပေါ် ပထမဦးဆုံးသယ်ဆောင်လာခဲ့သူ ဖြစ်ပေရဲ့ . . (သြဂုတ် ၂၈ ၁၉၉၂)


ငါဟာ . .အလွမ်းရဲ့ အစေအပါးတစ်ယောက်ပါ မြနန္ဒာ ..။ ပြီးတော့ လူသားမဆန်စွာ သေဆုံးသွားခဲ့ရသူလည်း ဖြစ်လေရဲ့၊ မင်းရဲ့ တစ်ချက်တည်းသော ထုတ်ချင်းပေါက် အနမ်းဒဏ်ရာက သွေးထွက်လွန်ပြီး ကွယ်လွန်ခဲ့တာလေ။

ရယ်မောခြင်းတွေနဲ့ မင်းအမျှဝေပါ။ (အလွမ်းတွေကို ပန်းခွေလုပ်ပြီး ပို့စရာမလို)

နောက်တစ်နေ့ မနက် အိပ်ရာထတဲ့အခါ ပျောက်ပျက်လွင့်ပျယ်သွားပြီလို့ မင်းထင်ထားတဲ့ ငါ့အချစ်တချို့တလေကို မင်းအိပ်ရာခေါင်းအုံးဘေးမှာ ပြန်တွေ့ရပါလိမ့်မယ်။ မင်းစိတ်ထဲမှာတော့ ..သြော်. .ညကကြွေတဲ့ နှင်းစက်တွေပါလား . .လို့ အောက်မေ့ချင် အောက်မေ့မှာပေါ့။ (ငါ့ နာမည်ကိုတော့ ယောင်ယမ်းလို့တောင် သတိရနေမှာ မဟုတ်တာ သေချာပါတယ်) ကိစ္စမရှိပါဘူးကွယ် . . ငါက မင်းနဲ့ ပတ်သတ်လာရင် မနက်ဖန်တိုင်းမှာ ကံဆိုးခြင်းအလေ့အထနဲ့ ကျင့်သားရ ယဉ်ပါးနေသူလေ . . .

စံပယ်တွေ တ၀ုန်းဝုန်းရွာချခဲ့တာတောင်မှ
ငါဆိုတဲ့ကောင်ဟာ
ရနံ့ တစ်ခုတစ်လေတောင် စိုစွတ်ခွင့် မရခဲ့ပါဘူး
အိပ်မက်တွေကို မေ့ချန်ထားလို့ အငွေ့ပျံသွားတဲ့ နှင်းဆီတစ်ပွင့်ဟာ မင်းပါပဲ . . .မြနန္ဒာ။ အခုတော့ ငါဟာ အဲဒီအိပ်မက်တွေထဲမှာ မင်းရဲ့ ရနံ့ကိုသာ လိုက်လံရှာဖွေနေစရာ ရှိတော့တာပေါ့ . .။


မင်းခိုက်စိုးစန်

ရခဲ့တဲ့ လက်ဆောင်တစ်ခု


မနေ့တုန်းက ထူးထူးခြားခြားဒီလက်ဆောင်လေး ရခဲ့တယ်။ ကျွန်တော့်ဘလော့ခ်ကို ဖတ်မယ့်သူမဟုတ်ပေမယ့် ဒီနေရာကနေ အဲဒီတစုံတယောက်ကို ကျေးဇူးပါပဲလို့ပြောချင်ပါတယ်။

Wednesday, February 14, 2007

Nothing is better than Something!

တခါတရံမှာ ဘာမှ ရှိမနေတဲ့ အရာများဟာ တစုံတခုထက်ကိုပိုပြီး အသုံးဝင်ပါလိမ့်မယ်။

ဒါကြောင့် ကလေးဘ၀မှာတုန်းက ဘယ်အရာကို မဆို သင်လွယ်တတ်လွယ်တတ်ပါတယ်။

ဥပမာ ဖန်ခွက်အလွတ်တစ်လုံးထဲကို ရေထည့်လျှင် ရေခွက်၊ ဆီထည့်လျှင် ဆီခွက်၊ ရေနွေးထည့်လျှင် ရေနွေးခွက်ဖြစ်သွားပါမယ်။ ဖန်ခွက် အလွတ်ကို အလွတ်အတိုင်းထားလျှင် ဖြစ်ချင်ရာဖြစ်ခွင့်ရှိပါတယ်။ ဒီအတိုင်းဆိုလျှင် ကျွန်တော့်မှာ နှလုံးသား အလွတ်တစ်စုံရှိပါသည်။ ဘာထည့်လျှင်ကောင်းမည်လဲ။

Tuesday, February 13, 2007

မော်ကွန်းလဲထိုးလောက်တဲ့ . . .



ဗိုလ်ချုပ် ရဲ့ မွေးနေ့မှာ ဘာမှတော့ ထွေထွေထူးထူးရေးမနေချင်တော့ပါဘူးဗျာ။ ဗိုလ်ချုပ် သာအသက်ရှိသေးရင် ၉၂နှစ်ရှိပြီဆိုတာရယ်၊ ကျွန်တော်တို့ ဒီဘ၀ကို ရောက်ရမှာ မဟုတ်ဘူးဆိုတာရယ်ကိုတော့ အသေအချာပြောရဲပါတယ်။


ဗိုလ်ချုပ်နဲ့ ပတ်သတ်တဲ့ Video Clipsလေးတွေ you tubeထဲမှာ ကြည့်ချင်တယ်ဆိုရင်ကြည့်နိုင်အောင် အောက်မှာLinkလေးတွေပေးထားပါတယ်။


မြန်မာပြည်ရဲ့ အောင်ဆန်းဆိုတာဘယ်သူလဲ။

ဗိုလ်အောင်ဆန်း

Monday, February 12, 2007

CyberSex

Cyber Sex အကြောင်းပညာပေးထားတဲ့ Video Clip လေးတစ်ခုပါ။ ဟိုးတလောလောက်ကတည်းက ထိုင်းက သူငယ်ချင်းတစ်ယောက်က မိုက်တယ် သွားကြည့်ဆိုလို့ သွားကြည့်မိတော့ တော်တော်သဘောကျသွားတယ်။ တချို့လည်း ကြည့်ပြီးလောက်ပါပြီ။ ဒါပေမယ့် မကြည့်ရသေးတဲ့သူလည်း ကြည့်ချင်ကြည့်လို့ရအောင်တင်ပေးလိုက်ပါတယ်။

Sunday, February 11, 2007

ကမ်းခြေပိစိ(သို့)East Coast



စင်္ကာပူက အားလုံးသိကြတဲ့အတိုင်း ကျွန်းနိုင်ငံဖြစ်တဲ့ အတွက် ကမ်းခြေပေါင်းများစွာ ရှိပါတယ်။ အဲဒီအထဲကမှ အကြီးဆုံးကမ်းခြေ တစ်ခုဖြစ်တဲ့ East Coastကို ကျွန်တော်ရောက် လို့နေပါတယ်။ ဒီနိုင်ငံမှာ ပိုက်ဆံမကုန်ပဲ မိသားစုအေးအေးဆေးဆေး အနားယူလို့ရတာEast Coast, Pasir Ris, Changi Beach စတဲ့ beach သေးသေးလေးတွေပဲ ရှိပြီး အဲဒီအထဲမှာမှ အကြီးဆုံးလို့ပြောလို့ရတဲ့ ဒီbeach ကတောင် ကျွန်တော်တို့ ရဲ့ ချောင်းသာ၊ ငပလီမပြောနဲ့ စက်စဲလောက်နဲ့ ယှဉ်လိုက်ရင်တောင် တော်တော်သေးနေပါသေးတယ်။ ဒါပေမယ့် မတတ်နိုင်။ ဒီလိုအားလပ်ရက်မျိုးမှာ ပိုက်ဆံမကုန်ပဲ အနားယူနိုင်တဲ့ ဒီနေရာကို စင်္ကာပူ၊ မလေး၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ စတဲ့လူမျိုးတွေ လာရောက်အပန်းဖြေလေ့ရှိပါတယ်။ ကျွန်တော်ကတော့ ကမ်းခြေရဲ့ အလှကိုမခံစားဖြစ်ပဲ သစ်ပင်ရိပ်အောက်မှာ အခင်းလေးခင်း၊ အားရပါးရလှဲအိပ်ပြီး ဂျူးရဲ့ ကြယ်စင်တံတား ကမ်းပါးနှင်းဖြူစာအုပ်လေးနဲ့ ငြိမ့်နေပါတော့တယ်။

TPမြန်မာသင်္ကြန် ၀၇

ဒီနေ့ အလုပ်က နေ့တစ်ဝက်ခွင့်ယူပြီးတော့ TPမှာ သင်္ကြန်အတွက် Meetingရှိလို့သွားဖြစ်တယ်။ TPကမြန်မာဆရာမတစ်ယောက်က အရင်တုန်းက သင်္ကြန်လုပ်ခဲ့ဖူးတဲ့သူတွေနဲ့ တွေ့ချင်လို့ပါတဲ့။ ကျောင်းကိုရောက်သွားတော့ အရင်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ပြီးဟိုအကြောင်းဒီအကြောင်း ပြောနေတာနဲ့ပဲ အချိန်တော်တော်ကုန်သွားတယ်။ Meetingမှာတော့ Graduate Organizer တွေက အရင်တုန်းက အခက်အခဲတွေအမျိုးမျိုးကြုံတွေ့ရတာတွေ၊ အားလုံးပေါင်းပြီး သင်္ကြန်ပွဲတစ်ပွဲဖြစ်မြောက်ဖို့ ဘယ်လိုမျိုးလုပ်ခဲ့ ရလဲဆိုတောတွေကို ပြောပြကြပြီး၊ အခုလောလောဆယ်လုပ်နေတဲ့ လူတွေကတော့ သူတို့တွေ့ကြုံ နေရတဲ့အခက်အခဲတွေ၊ ဘာတွေလိုအပ်တယ်၊ ပြီးတော့ TPသင်္ကြန်ကို မေလထဲမှာလုပ်ဖြစ်တယ် ဆိုတာတွေကိုပြောပြီး Meetingကပြီးသွားပါတယ်။ အဲဒီကအပြန်ကျောင်းထဲမှာ ကျောင်းစာသင်ခန်းတွေ၊ ကန်တင်းတွေကို ပြန်ရောက်ခဲ့တဲ့အချိန်မှာ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကို ပြန်ရောက်သွားသလိုခံစားရတယ်။ ။ အဲဒါနဲ့ အိမ်ပြန်ရောက်တော့ သံလွင်အိပ်မက် အမှတ်(၅)မှာ ကျွန်တော်ရေးဖူးတဲ့ ကဗျာတစ်ပုဒ်ကို ပြန်ဖတ်မိတယ်။ ကျွန်တော်က ကဗျာရေးရင် အလင်းဖြူနာမည်နဲ့ ရေးတာလေ။


Saturday, February 10, 2007

အိပ်မက်ပန်းတွေပွင့်တဲ့ သစ်ပင်

အချစ်အိမ်ပျက်
အရှေ့ဘက်မှာ
အိပ်မက်ပင်လေး စိုက်ထားတယ်။

(၁၉၈၅)
မင်းခိုက်စိုးစန်

Thursday, February 8, 2007

တော်လိုက်တာ



မနက်အိပ်ရာထထချင်း ၆နာရီခွဲလောက် အလုပ်ထဲကသူတစ်ယောက်က ဖုန်းဆက်ပြီး Budget Terminalမှာ Machineတစ်လုံး downနေတယ်။ မနေ့ညကတည်းက ပြင်နေတာ အခုထိမကောင်းသေးလို့ဆိုပြီး လေဆိပ်ကတာဝန်ရှိသူတွေက ဟောင်ကောင်မှာရောက်နေတဲ့ မန်နေဂျာကို ဖုန်းဆက်ပြီးComplaintတက်တယ်။ ပြီးတော့ အဲဒီမန်နေဂျာက ကျွန်တော့်ကို အခုချက်ချင်းTaxiနဲ့လာပါလို့ပြောတယ်တဲ့။ ကျွန်တော်Budget Terminalရောက်တော့ လေဆိပ်က အကောင်ကြီးကြီးတွေရော အမြီးရှည်ရှည်တွေရော ပျာယာခတ်နေကြပြီ။ X-Ray Machine Downနေရင်တောင် Manual Scanလုပ်ရမှာမို့ ခရီးသည်တွေရဲ့ အိတ်တွေ Delayမဖြစ်အောင် လုပ်စရာရှိတာတွေလုပ်နေကြတယ်ထင်တာပဲ။ အဲဒါနဲ့ အလုပ်ထဲလဲရောက်ရော တစ်ညလုံးပြင်လို့မရတဲ့Machineကို ၁နာရီအတွင်း ပြင်လိုက်တယ်။ ဟီးဟီး တော်လိုက်တာ။ (တကယ်တော့ သူတို့တွေတစ်ညလုံးပြင်ထားတာ ကောင်းခါနီးမှ ကိုယ်က နှမ်းဝင် ဖြူးလိုက်တာကိုး။)

ချစ်စမ်းမောင်လက်စွမ်းနဲ့ အငဲရဲ့စကား

စင်္ကာပူမှာ ၂၁ရက် ဇန်န၀ါရီ ၂၀၀၇ကလုပ်သွားတဲ့ IC Show မှာ ချစ်စမ်းမောင်လက်စွမ်းပြသွားတဲ့ Video Clipလေးပါ။ သိပ်တော့ Quality မကောင်းဘူးဗျာ။ Digital Camaraအစုတ်လေးနဲ့ ၄၀တန်းကလှမ်း ရိုက်ထားလို့နဲနဲလဲဝေးနေတယ်။ ဒါပေမယ့် ချစ်စမ်းမောင်လက်စွမ်းရဲ့ အဆုံးမှာ ``ကိုယ့်ဒေါသနဲ့ ကိုယ်ကြိုးစား နေတဲ့သူတွေ အားလုံးကို လေးစားပါတယ်။ ဒါပေမယ့်ဗျာ ကျွန်တော်တစ်ခုတော့ပြောချင်ပါတယ်။ ဒီနိုင်ငံမှာနေပြီး သိပ်မျက်နှာငယ်နေတယ်လို့ ထင်နေရင်တော့´´ဆိုပြီး ပြောသွားတဲ့ အငဲရဲ့စကားလေးကိုသဘောကျလို့ပါ။ ပြီးတော့သူက လွမ်းမိတယ်ဟိုးတုန်းက မန္တလေးညတွေဆိုတော့ မန္တလာသားမဟုတ်ပေမယ့် ရေလည် ခံစားရတယ်ဗျာ။

Wednesday, February 7, 2007

ပုဇွန်ထုပ်၊ ငါးခူဆီပြန်နဲ့ အသုပ်စုံ


ရန်ကုန်ပြန်တုန်းက အိမ်မှာဘုန်းကြီးဆွမ်းကပ်တယ်။ အဖွားက ကပ်တာဆိုတော့ သူ့ရဲ့ သား၊ သမီး၊ ကျွန်တော့်ရဲ့ အမေ၊ ဦးလေး၊ အဒေါ်တွေအားလုံး ဟင်းခွက်ကိုယ်စီကိုယ်စီ အိမ်ကချက်လာကြတာပေါ့။ ဒီဓါတ်ပုံကတော့ စင်္ကာပူကညီတစ်ယောက်ရဲ့ မွေးနေ့အတွက် ဆိုပြီးသူ့အမေက ချက်လာတဲ့ဟင်းခွက်တွေပါ။ ကျွန်တော့်ဘလော့ခ်ကို လူတွေလာလည်တဲ့အခါ ဧည့်ခံဖို့တင်လိုက်ပါတယ်။ ပုဇွန်ထုပ်ဟင်းရယ်၊ ငါးခူဆီပြန်ရယ်၊ ဘာအရွက်သုပ်ရယ်လဲမသိဘူး။ ရဲရဲစားပါ။ ငရဲမကြီးပါဘူး။ အဲဒါဘုန်းကြီးပွဲက အကျ။ စားပြီးရင်အချိုလေးပါ သုံးဆောင်လိုက်ပါဦး။

Blog Readerဘ၀မှ Bloggerလောကသို့ .


ဘလော့ခ်ဆိုတဲ့စကားလုံးနဲ့ ရင်းနှီးနေခဲ့တာ တော်တော် ကြာပါပြီ။ ဟိုးအရင်ကတည်းက အင်္ဂလိပ်လိုရေးတဲ့ဘလော့ခ်တွေကို သွားသွားဖတ်ဖြစ်ခဲ့တယ်။ ပြီးတော့ ကိုအာလူးတို့၊ ညီလင်းဆက်တို့ရဲ့ ဘလော့ခ်တွေ။ နောက်ပိုင်းလဲနာမည်ကြီးဘလော့ခ် တော်တော်များများကိုဖတ်ဖြစ်ပါတယ်။ ဟိုးတစ်ခေါက်က ဘလော့ခ်ကာတွေဝိုင်းပြီးဆွေးနွေးကြတဲ့ ဘလော့ခ်အကြောင်းတွေ၊ ဟိုတလောက မနိုင်းနိုင်းရဲ့ ပို့စ်အကြောင်းဆွေးနွေးကြတာတွေ၊ အကုန်လုံးဖတ်ဖြစ်ပါတယ်။ အခုတော့ N3ကလည်း မြှောက်ပေးတယ်။ N2ကလည်း ကူညီတယ်။ ပြီးတော့ကျွန်တော်ကလဲ တစ်ခုခုဆို အပေါင်းအဖော်လေးနဲ့မှ လုပ်ဖြစ်တာဆိုတော့ အချစ်ဆုံးသူငယ်ချင်းနေဘုန်းလတ်က လဲ လုပ်မယ်တဲ့ ။ အေးကွာ ချမယ်လို့ ဆုံးဖြတ်ပြီးတဲ့အခါ . . . . . .။

Tuesday, February 6, 2007

တတိယမြောက် မဟူရာပင့်ကူ



Spider Man 3 ကို ရုံတင်မှာကတော့ ၂၀၀၇ မေလမှပါ။ ဒါပေမယ့် Trailerတွေကြည့်ပြီးအခု ကတည်းက ဇာတ်လမ်းကိုလည်းသိနေပြီ။ အရမ်းလည်းကြည့်ချင်နေပြီ။ မိုက်တာတော့တော်တော်မိုက်တယ်။ မေလရုံတင်တင်ချင်း ကြည့်ဖြစ်အောင်သွားကြည့်ဦးမယ်။

မောင်ခိုင်မာရဲ့ ကဗျာတစ်ပုဒ်

မြန်မာကဗျာဆရာတွေထဲက နဘေတွေကို လှလှပပကြွကြွရွရွသုံးနိုင်တဲ့ ကဗျာဆရာတစ်ယောက်ကိုပြပါဆိုရင် ဆရာမောင်ခိုင်မာတစ်ယောက်ဟာ ထိပ်ဆုံးဆယ်ယောက်မှာ ပါမယ့်ကဗျာဆရာတစ်ယောက်ပါ။ ဒီကဗျာလေးကတော့ ၉၇တုန်းက ကလျာ မဂ္ဂဇင်းမှာ ပါဖူးတဲ့ကဗျာပါ။ နောက်မှပဲ သူ့ရဲ့ နာမည်ကြီး `ရှင်မရေ´ကဗျာစာအုပ်ထဲက ကဗျာတွေတင်ဦးမယ်။



မျက်လုံးလေးကို ကျေးဇူးတင် - မောင်ခိုင်မာ



အလှ . . ရှိချင်လို့ပေါ့

ငါ့ အသိအမြင်နဲ့

ငါ့ ၀ိညာဉ်ပေါ်ကို ကြွေကျလာမယ့်

ဓနဗေဒ ပညာရပ်ကို

အဂ္ဂိရတ်ထိုးသလိုမျိုး

သိုက်စာဖတ်သလိုမျိုး

အကျိုးထူးပေးနိုးနိုးနဲ့ စောင့်စား

အချိန်တွေသာ ပါးပါးသွားခဲ့ပြီ

ပြဒါးလည်းမသေ- သံလည်းမသေ

ရွှေလည်းမဖြစ် - ငွေလည်းမဖြစ်

ရှင်အဇ္ဇာဂေါဏလို စိတ်ညစ်

(ဒါပေမဲ့ . . .)

ငါ့မျက်လုံးကို ဖောက်ပစ်လိုက်တော့

မဖြစ်သေးဘူး အကြည်တော် . . .။



ဟောဒီ့စက္ခုနှစ်ကွင်းအရပ်မှာ

မျက်ရှုအလင်းဓာတ်လေး

ရှိနေသေးလို့သာ တော်သေးရဲ့

အကြားအာရုံသက်သက်နဲ့သာဆိုရင်

ငါလိုချင်နေတဲ့ အလှရွှေရည်ကြောကို

ရနေပြီကောရယ်လို့

အဟောဝတ သဘောကျနေပေလိမ့်မယ်

(အခုတော့လေ . . .)

ညနေဆည်းဆာရွှေအိုရောင်တွေတောင်

နည်းနည်းလေးညိုမှောင်သွားပြီ

အို . . .သူယောင်ကြားမှာ

ငါလည်း အူကြောင်ကျားဖြစ်နေဆဲပေါ့။ ။



ကလျာ၊ ဖေဖော်ဝါရီ ၁၉၉၇

ပထမဆုံးပို့စ်

ငါ့သမိုင်း ငါရေးမည်
ငါ့ငှက်များ ကောင်းကင်သို့ပြန်စေသတည်း။
သီဟသစ်
ရွှေဖိနပ် - တာရာမင်းဝေ