Thursday, May 31, 2007

လူသတ်သမ ချောချောလေးတွေ

ဒီနေ့ အလုပ်ထဲမှာ Naked Weaponလို့ ခေါ်တဲ့ ရုပ်ရှင်တစ်ကားကြည့်ဖြစ်ပါတယ်။ အဲဒီကားက ကြာတာတော့တော်တော် ကြာနေပြီ။ ဒါပေမယ့် ရန်ကုန်က တစ်ချပ် ၁၅၀၀နဲ့ ၀ယ်လာတဲ့ DVD9 (12 in 1 DVD)ထဲမှာ ပါလာတယ်။ ရုပ်ရှင်၁၂ကားကို DVD တစ်ချပ်ထဲမှာ ထည့်ထားတာပါ။ သုံးလေးကားလောက်က ကြည့်ပြီးသားတွေ။ သူငယ်ချင်းတွေက အဲဒီကားအကြောင်းကို ခဏခဏပြောလို့ ဇာတ်လမ်းတောင် တော်တော် သိနေပါပြီ။

ဒီNaked Weaponရဲ့ ဇာတ်လမ်းကတော့ ကောင်မလေးတွေကို ဆယ်နှစ်သမီးလောက်ကတည်းက လျှောက်ဖမ်းလာပြီး သိုင်း၊ သေနတ်ပစ်စတဲ့ ပညာရပ်တွေကို လေ့ကျင့်ပေးတယ်။ ပြီးတော့အဲဒီ ကောင်မလေးတွေအရွယ်ရောက်လာရင် အတော်ဆုံးသူတွေကို ရွေးပြီး ကြေးစားလူသတ်သမား လုပ်ခိုင်းပါတယ်။ ရုပ်ရှင်ထဲမှာမို့လို့လားတော့ မသိ။ ကောင်မလေး(မင်းသမီးလေး)တွေက ရုပ်လေးတွေချောသလောက် တော်တော်တော့ အကြမ်းခံနိုင်ပါတယ်။ အပစ်အခတ် အသတ်အပုတ်နဲ့ ကြည့်လို့လည်း တော်တော်ကောင်းတယ်။ ကျွန်တော်ကို အမှတ်ပေးခိုင်းရင်တော့ ကြယ်လေးပွင့်(**** 4 stars) ပေးချင်ပါတယ်။

Wednesday, May 30, 2007

နှင်းဝိညာဉ်တစ်စက်ရဲ့ နိဂုံး

အဲဒီနေ့ကပေါ့ တိမ်ညိုတွေလွင့်ကြဲ ကောင်းကင်တစ်ခုလုံးမည်းနေခဲ့တာ။ သွေးမထွက်တဲ့ ဒါဏ်ရာတစ်ချက်ကြောင့် ဘ၀တစ်ခုလုံးလည်း ပျက်မတတ်ဖြစ်ခဲ့ရပါပြီ သဒ္ဒါ။ ပြောပါဦးကောင်မလေးရယ်၊ ငါကRomanticမဖြစ်ဘူးတဲ့လား။ Candle Light Dinner တစ်ခု၊ နေညိုညို ကမ်းခြေနဲ့ အနမ်းတွေဆန်းတဲ့ ညနေလမ်းကိုမှ မင်းက Romanticလို့ဆိုချင်တာလား။ ငါ့အတွက်တော့ နေပူပူမိုးရွာရွာ မင်းအနားမှာ ရှိသရွေ့ Romanticနေ့တွေချည်းပါပဲ။

`ကြယ်တွေအခါခါ ကြွေရင်တောင်
မင်းအနားမှာပဲ နေချင်တဲ့ကောင်ပါ´

အလင်းဖြူ(ဇင်ကိုလတ်)ရဲ့ မှောင်နေတဲ့ကောင်မှ

ထားခဲ့ပါ မိသဒ္ဒါ၊ စင်္ကာပူဆိုတဲ့ ကျွန်းနိုင်ငံသေးသေးလေးမှာ ငါ့ကိုထားခဲ့ပါ။ လွတ်လပ်တယ်ဆိုတာ နားလည်ခွင့်မရကြသူ တို့ရဲ့ဘေးနားမှာ ထားခဲ့ပါ။ ခံစားချက်တို့ကို ပြက်ရယ်ပြုသူတချို့ရဲ့ လက်ထဲမှာထားခဲ့ပါ။ သစ်တောမြေရဲ့ အဝေးတစ်နေရာမှာထားခဲ့ပါ။ အိပ်တစ်ဝက် နိုးတစ်ဝက် သွေးပျက်တဲ့ညတွေမှာ ထားခဲ့ပါ။ ရာဇ၀င်ခပ်ကြဲကြဲမှာ မျက်ရည်တွေဝေ့၀ဲ ငါဆိုတဲ့ကောင်ကတော့ ဆက်လျှောက်ဆဲပဲ ငါ့ရဲ့ အစုတ်ပလုတ်မလေး မိသဒ္ဒါရေ။ ကဲ . . . အလွမ်းတွေကို ထက်ခြမ်းခြမ်းလို့ တစ်ယောက်တစ်လမ်းဆီသာ သွားလိုက်ကြပါစို့ရဲ့။


``ရှင်ကွဲ´ တဲ့လေ
စကားနှစ်လုံးနဲ့ပဲ
မိုးစဲခဲ့ရပေါ့
နှုတ်ခမ်းတွေ ဖျော့တော့သွေ့ခြောက်
ငါတစ်ယောက်ထဲ
ငါတစ်ယောက်ထဲ
ငါတစ်ယောက်ထဲ
အလဲလဲအပြိုပြို
အသိုသိုအ၀ှက်ဝှက်
မချစ်တတ်ရင် ကောင်းမယ်..။´

ခေလွန်း(ညီညီ၊သံလွင်၊)ရဲ့ လမ်းခွဲမှ

လွမ်းဆွတ်တမ်းတ အချိန်တိုင်းသတိရနေခဲ့တာ မင်းသိရဲ့လား သဒ္ဒါ။ နှလုံးသားတစ်ခုရဲ့ နိဂုံးဟာ အပြုံးတွေနဲ့ မလှပနိုင်တာကိုတော့ ခွင့်လွှတ်ပါ။ အင်း . . . ပြောမယ့်သာ ပြောရတယ် ငါဆိုတဲ့ကောင်ကလည်း ကိုယ်လုပ်ချင်တာဆို တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် လုပ်ခဲ့မိတာကိုး။ တုံးနဲ့ မတိုက်ပဲ စုန်းမလေးက အလွမ်းတွေ တိုက်ကျွေးခဲ့ရပြီ။ ကျားနဲ့ မကိုက်ပဲ ခွေးမလေးမိသဒ္ဒါက အနက်ရှိုင်းဆုံးတနေရာကို ကိုက်သွားခဲ့ပြီ။ အင်း . . ပြီးတာတွေလဲ ပြီးပါစေတော့လေ။ ငါ . . . ငါ . . . စကားလုံးတွေနဲ့ ပြည့်သိပ် ရင်ခွင်တံခါးကိုပိတ်လို့ အိပ်စက်ခွင့် ပြုကြပါတော့။


`သိုက်သိုက်ဝန်းဝန်းပါပဲ
ငါနဲ့ ငါ့ရင်ခုန်သံအစစ်တွေ
မိုးစက်တွေအောက်မှာ တဖျစ်ဖျစ်လောင်ကျွမ်း
အဲဒီ့ညနေတစ်ခုလုံး
ငါလွမ်းနေတာ ...
အစိမ်းရောင်တွေရင်တစ်ခွင်လုံးလွှမ်းလို့ ...။´

နွေလေ(နေဘုန်းလတ်)ရဲ့ နောက်ဆုံးသောညမှ

ဇင်ကိုလတ်
၇း၄၅၊ ၃၀ မေလ ၂၀၀၇

Monday, May 28, 2007

နှင်းဝိညာဉ်တစ်စက်ရဲ့ ပုံပြင်

အဲဒီနေ့ကပေါ့ ကောင်းကင်မှာ တိမ်ပြာတွေကူးခတ် ရင်ထဲမှာ တလှပ်လှပ်နဲ့ မင်းကို စတွေ့ခဲ့တဲ့ရက်လေ။ မင်းသာစိတ်မဆိုးဘူး ဆိုရင် အမှန်အတိုင်းပြောချင်ပါတယ်။ အဲဒီနေ့က မင်းဝတ်ထားတာ ကပိုကရိုနဲ့ ဖြစ်ကလက်ဆန်းနိုင်ခဲ့တယ်လို့ ငါထင်တယ်။ ဒါကြောင့်ပဲ မင်းကို ကမောက်ကမ ချစ်ခဲ့မိတာနဲ့တူတယ်။ လှလို့ ချစ်တာလား ချစ်လို့လှတာလားဆိုတဲ့ စကားကို ကြားတိုင်း မေသန်းနုကြော်ငြာတဲ့ မုန့်ကြွပ်တစ်ခုကို ပြေးသတိရတယ်။ `ကောင်းတာကြိုက်တာလား ကြိုက်တာကောင်းတာလား၊ ကောင်းတာကြိုက်တဲ့သူတွေ အတွက်တော့ ဘာမုန့်ကြွပ်ရှိတယ်ဆိုလားပဲ´။ အဲဒီမုန့်ကြွပ်ကြော်ငြာကြောင့် ငါလှတာကို မချစ်တော့ပါဘူး။

ဒါပေမယ့် ငါချစ်တဲ့မင်း ကတော့ ဘာကြောင့် လှနေရတာလဲ မိသဒ္ဒါ။ ထူးဆန်းစွာနဲ့ မင်းမျက်နှာမှာ ဂန္တ၀င် စကားလုံးတွေ ပါဝင်နေတာကို ချက်ချင်းသတိထား မိလိုက်တယ်။ ဟုတ်တယ် အဲဒီ ပါးချိုင့်လေးပေါ့၊ လူငယ်တစ်ယောက်ကို တိုင်နဲ့ခေါင်းနဲ့ဆောင့်စေခဲ့တာ။ ဟုတ်တယ် အဲဒီ သွားတက်လေးပေါ့၊ လူငယ်တစ်ယောက်ကို ခလုတ်တိုက်လဲစေခဲ့တာ။ ဟုတ်တယ် အဲဒီ စံပယ်တင်မှဲ့လေးပေါ့၊ လူငယ်တစ်ယောက်ကို ပြုစားခဲ့တာ။ မင်းသာ နှင်းဆီပန်းတစ်ပွင့် ဖြစ်မယ်ဆိုရင် ငါဆူးတွေဖြစ်ပါရစေ။ ဟိုတစ်နေ့က ခပ်ပေးထားတဲ့ ရေကို မင်းလက်နဲ့လှမ်းအယူမှာ ငါ . . .ဓါတ်လိုက်သေဆုံးသွားခဲ့တာပါ။ နှင်းဝိညာဉ်တစ်စက်ဟာ သွေးစက်လက်မကျပဲ သေဆုံးသွားခဲ့ပါပြီ။
ပြောမယ့်သာပြောရတယ်။ ငါကလည်း ခပ်ကြောင်ကြောင်ကောင်ပါ။ ဒဏ္ဍာရီပေါင်း မြောက်များစွာထဲက မင်းသမီးလေးဟာ မင်းဖြစ်တယ်လို့ စိတ်ထဲမှာ စွဲမှတ် နေ့စဉ်ရက်ဆက် အိပ်မက်ရိုးရိုးလေးတွေ မက်ချင်နေခဲ့တာပါ။ တာရာမင်းဝေရဲ့ စကားလုံးကိုအငှားသုံး ရမယ်ဆိုရင်တော့ `ချစ်သူကို ချစ်တဲ့အကြောင်း ရှေးလူကြီးတွေ ဘယ်လိုစာလုံးပေါင်းခဲ့ကြပါသလဲ´ ငါကတော့ အရိုးရှင်းဆုံး စကားလုံးနဲ့ အပွင့်လင်းဆုံးဆက်ချစ်သွားမယ်။ ခွင့်ပြုပါသဒ္ဒါ။ မင်းမျက်နှာကို ကဗျာတစ်ပုဒ်လို ဖတ်ခွင့်ပြုပါ။ မင်းလက်ဖမိုးကို ခိုးနမ်းခွင့်ပြုပါ။ မင်းနှုတ်ဖျားက တေးသွားလေးတွေ ကြားခွင့်ပြုပါ။ မင်းရင်ခွင် ဘယ်ဘက်ခြမ်းကို ငါ့အချစ်တွေ ဖုံးလွှမ်းခွင့်ပေးလိုက်ပါတော့ သဒ္ဒါရေ။

ဇင်ကိုလတ်
၂၃း၀၀ ၂၈ မေလ ၂၀၀၇

မော်ဒန်ဆိုတဲ့ အနုပညာ

ညီညီ(သံလွင်)ရဲ့ ချုပ်ရိုးပေါ်ကနွေ ဆိုတဲ့ပိုစ့်လေးကို ဖတ်ပြီး မော်ဒန်အနုပညာနဲ့ ပတ်သတ်လို့ သူငယ်ချင်းတော်တော်များများက မခံစားတတ်ဘူး၊ ဘာတွေရေးထားမှန်း မသိဘူးဆိုပြီး ခဏခဏပြောကြတာတွေကို သွားသတိရမိတယ်။ အဲဒီသူငယ်ချင်းတွေကို ကျွန်တော်ဒီပိုစ့်လေးနဲ့ တတ်သလောက်မှတ်သလောက် ပြောပြချင်တယ်။ အဲဒီမော်ဒန်အကြောင်းကို ဖိုရမ်တွေဘာတွေထဲမှာ ဆွေးနွေးထားကြတာတွေ ဖတ်ဖူးတယ်။ ဒါပေမယ့် အခုဟာကတော့ ကျွန်တော်ခံယူထားတဲ့ မော်ဒန်အနုပညာပေါ့။ မတတ်တဲ့သူက မသိတဲ့သူကို ဆရာလုပ်ပါတော့မယ်။

တကယ်တော့ မော်ဒန်အနုပညာဆိုတာ အရမ်းကို လွတ်လပ်တဲ့ပညာရပ်ပါ။ စည်းတွေ ဘောင်တွေ၊ မရှိဘူး။ ကာရန်တွေ နဘေတွေမရှိဘူး။ ဒါပေမယ့် စည်းမရှိတိုင်း၊ ကာရန်မရှိတိုင်းလည်း မော်ဒန်မဟုတ်ဘူး။ တနည်းအားဖြင့် မော်ဒန်ဆိုတာ စာရေးသူက စာဖတ်သူကို ပါးစပ်ထဲအထိ ထည့်ပေးတာမဟုတ်ပါဘူး။ ၀ယ်ချမ်းပြီး ကိုယ့်ဘာသာကြိုက်သလို ချက်စားဆိုပြီးကျွေးသလိုပါပဲ။ ကျွန်တော်က ဓါတ်ပုံဘာညာလည်းတခါတလေ ရိုက်တော့ ဓါတ်ပုံသဘောတရားလေးနဲ့ ယှဉ်ပြီးပြောချင်တယ်။ ဓါတ်ပုံရိုက်တဲ့အခါ Fineနဲ့ Rawနဲ့ နှစ်မျိုးရှိပါတယ်။ Fineဆိုတာက တစ်ခါတည်း ဓါတ်ပုံအချော Jpegထုတ်ပေးတာဖြစ်ပြီး Rawနဲ့ ရိုက်ထားရင်တော့ ဓါတ်ပုံကိုအကြမ်းပဲ ထုတ်ပေးတာပါ၊ ပြီးမှလိုသလို အလင်းအမှောင် အရောင်စတာတွေချိန်ပြီး Jpegပုံလှလှလေးတွေထုတ်ပေးတာပါ။

အခုမော်ဒန်ဆိုတာလဲ အဲဒီသဘောနဲ့ နည်းနည်းဆင်တယ်။ စာရေးတဲ့သူရဲ့ စိတ်ခံစားချက်တွေကို တိုက်ရိုက်ဖြစ်ဖြစ် သွယ်ဝိုက်ပြီးတော့ ဖြစ်ဖြစ်ဖော်ပြမယ်။ အဲဒါကိုမှ စာဖတ်တဲ့သူက ကိုယ်နားလည်သလို အဓိပ္ပါယ်ကောက်ယူလိုက်မယ်။ အဲဒါဟာ ကျွန်တော်ခံယူထားတဲ့ မော်ဒန်အနုပညာပါ။ ဒီထက်ကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ပြောရမယ်ဆိုရင် စာရေးသူက `ဓါတ်ကြိုးပေါ်မှာ မင်းကိုယ့်ကို လှလှလေး လမ်းလျှောက်ပြပါလားကွယ်´ လို့ ဆိုရင် ကျွန်တော်နားလည်တာက `တယ်လီဖုန်းထဲကနေ မင်းရဲ့ ရယ်သံတွေ ကြားချင်နေတယ်´လို့ နားလည်တယ်။ အဲဒီမှာ မော်ဒန်ကဗျာတွေ၊ စာတွေမှာ အတွေ့များတဲ့ စကားလုံးတွေရှိတယ်။ ပင်လယ်လို့ရေးထားရင် ကျယ်ပြန့်တဲ့သဘော၊ ကြီးမားတဲ့သဘော။ တိမ်လို့ရေးထားရင် လွတ်လပ်တဲ့သဘော။ ဒါပေမယ့် ကဗျာ၊ စာရဲ့အခြေအနေပေးမူတည်ပြီးတော့ ကိုယ်ယူဆတဲ့အဓိပ္ပါယ်ကလည်း ပြောင်းလဲနိုင်ပါတယ်။ `တိမ်တွေလို မင်းက ငါ့အတွက် တော့ သချာင်္တစ်ပုဒ်ပါပဲ´ အဲဒီမှာကျတော့ တိမ်ကို လွတ်လပ်တဲ့သဘောလို့ ယူတာထက် ပြောင်းလဲတတ်တဲ့သဘောလို့ ယူတာက ပိုကောင်းပါတယ်။ `ပြောင်းလဲတတ်တဲ့ မင်းကို ငါဘယ်လိုမှ နားမလည်တော့ဘူး´လို့ ကျွန်တော်က မှတ်ယူပါတယ်။

ကျွန်တော်ဖတ်ဖူးတဲ့ နိုင်ငံရေး ကဗျာတစ်ပုဒ်ကို မှတ်မိသလောက် ပြန်ရေးရမယ်ဆိုရင် `လူစိမ်းတွေ လူစိမ်းတွေ .. ပုခုံးပေါ်မှာ ကြယ်တွေကို ထမ်းရင်း ဘွတ်ဖိနပ်ကြီးတွေနဲ့ တို့မြေကို မပျက်စီးပါနဲ့တော့´တဲ့။ အဲဒါဘာကို ဆိုလိုတာလဲဆိုတာတော့ သိလောက်မယ် ထင်ပါတယ်။ နောက်ပြီးတော့ မော်ဒန်မှာ ကာရန်လွတ်တွေရှိသလို ကာရန်နဲ့ ဟာတွေလည်း အများကြီးပါ။ ကျွန်တော်ကတော့ ကာရန်လေးနဲ့ မော်ဒန်ကို ပိုကြိုက်ပါတယ်။ ဖတ်လို့နားမလည်ရင်တောင် ကာရန်လေးတွေနဲ့ဆိုတော့ မိုက်တယ်ပေါ့။ ဥပမာ တာရာမင်းဝေရဲ့ မီးတောက်ရမ်သမ်ဆိုတဲ့ကဗျာကို ကာရန်တွေ ဝေေ၀ဆာဆာနဲ့တွေ့ရမှာပါ။ တာရာမင်းဝေရဲ့ စကားပြေအရေးအသားတချို့ကိုလည်း ကာရန်လေးတွေနဲ့ ရေးထားတာကို တွေ့ရတယ်။ ကျွန်တော်နှင့် ကြယ်ကြွေသတို့သမီးဆိုတဲ့ ၀တ္ထုလတ်တစ်ပုဒ်ထဲက စာသားလေးကို အဓိပ္ပါယ်ဖော်ချင်ပါတယ်။

``အချစ်ဆိုတာ နေနဲ့လမှာ ပန်းဘာသာနဲ့ ရေးထိုးထားတဲ့ အလျှို့ဝှက်ဆုံး အက္ခရာတစ်လုံးပါပဲ။ ဒီကောင်သာ မိုက်ကန်းရဲတင်း မမြင်မချင်း ဖတ်ချင်ခဲ့မိတယ်။´´သူဖွဲ့သွားတာ အရမ်းလှပါတယ်။ `အချစ်ဆိုတာ နေနဲ့လလိုမျိုး မတူညီတဲ့ မင်းနဲ့ ငါကြားက ပန်းလေးတစ်ပွင့်လို နှစ်လိုဖွယ်ကောင်းပေမယ့် ဘယ်သူမှမသိခဲ့ကြတဲ့အရာပါ။ ငါကလဲ အဲဒီကိုမှ ရှာဖွေတွေ့ရှိ ပြီးတော့ ဘာကိုမှ မကြောက်ရွံ့တဲ့ သတ္တိနဲ့ ချစ်နေချင်ခဲ့တာပါ။´ အဲလိုမျိုးပြန်ချင်လည်းရတယ်။ ဒါမှမဟုတ် `အချစ်ဆိုတာ လူတွေအထွတ်အမြတ် ထားတဲ့နေရာမှာ လှပစွာ ရေးထိုးထားပေမယ့် အဓိပ္ပါယ်ဖော်ဖို့ခက်တယ်။ ငါကတော့ အဲဒါကို ပဲ ဖော်ထုတ်ချင်နေတယ်´ ဒီလိုယူဆလည်းရတယ်။ ကျွန်တော်နားလည်လိုက်တာကတော့ `အချစ်ဆိုတာ ၂၄နာရီလုံး နူးညံ့စွာ၊ သိမ်မွေ့စွာနဲ့ ရင်ထဲမှာသိမ်းဆည်းထားတဲ့ အရာဖြစ်တယ်။ အဲဒီဟာကိုပဲ မင်းသိအောင် ရဲရဲတင်းတင်း ထုတ်ဖော်ပြော ပြချင်နေမိတာပါ´ဆိုပြီး နားလည်လိုက်ပါတယ်။

အဲဒါကိုမှနားမလည်သေးဘူး၊ လွယ်လွယ်နဲ့ ရှင်းရှင်းလေးတွေပြောပါဆိုရင် မင်းခိုက်စိုးစန်ရဲ့ ကဗျာတိုတိုလေးကို ပြေးသတိရတယ်။ `အချစ်အိမ်ပျက်၊ အရှေ့ဖက်မှာ အိပ်မက်ပင်လေး စိုက်ထားတယ်´၊ `လူတစ်ယောက်ဟာ အသည်းကွဲဖူးပေမယ့် နောက်ထပ်အချစ်ကိုလည်း ထပ်ပြီးမျှော်လင့်နေပါတယ်´လို့ ကျွန်တော်နားလည်လိုက်တယ်။ အခုကျွန်တော်ရေးပြသွားတာတွေက အရိုးရှင်းဆုံး မော်ဒန်စကားလုံးတွေပါ။ အဲဒီ ရိုးရိုးမော်ဒန်ထက်ကို အဆင့်မြင့်တဲ့ ပိုစ့်မော်ဒန်၊ ရီရယ်လစ်ဇင်၊ ဆာရီရယ်လစ်ဇင်၊ စံသွေမှု၊ ဘာတွေညာတွေဆိုပြီး အများကြီးရှိပါသေးတယ်။ ကျွန်တော်ကိုယ်တိုင်လည်း မသိပါဘူး။ ဇော်ဇော်အောင်တို့၊ မင်းခိုက်စိုးစန်တို့ရဲ့ မော်ဒန်သဘောတရားအနည်းငယ်ကိုသာ ဖတ်ဖူးတာပါ။ သေသေချာချာ လေ့လာချင်တယ်ဆိုရင်တော့ သူတို့ရဲ့ စာအုပ်တွေအပြင် အင်တာနက်ပေါ်မှာပါ တက်ရှာပြီးဖတ်ကြပါလို့။ တစ်ခုခုသိချင်တယ် မေးချင်တယ်ဆိုရင်တော့ ဘလော့ခ်ကာထဲကဆိုရင် ကျွန်တော့်ထက်ပိုပြီး သိတဲ့ ညီလင်းဆက်၊ နေဘုန်းလတ်၊ ညီညီ(သံလွင်)တို့ကိုသာ သွားမေးပါလို့ အချွန်နဲ့မ လိုက်ချင်ပါတယ်။

Friday, May 25, 2007

အစိတ်တန် ရုပ်ရှင်လက်မှတ်

Spider Man 3ကို ကြည့်မယ်ကြည့်မယ်နဲ့ မအားလို့ ဟိုတစ်ရက်ကမှ သွားကြည့်ဖြစ်တယ်။ သွားကြည့်ဖြစ်တော့လည်း Golden Villageရဲ့ Gold Classဆိုတာမှာ တစ်ခါမှ မကြည့်ဖူးလို့ လက်မှတ်တစ်စောင်ကို ၂၅ကျပ်နဲ့ ၀ယ်ရတယ်။ ပုံမှန်ရုပ်ရှင်လက်မှတ် ၇ကျပ်ခွဲတောင် များလှပြီထင်နေတာ၊ ၂၅ကျပ်ဆိုရင် Original DVDတစ်ချပ်တောင် ၀ယ်လို့ရတယ်။ ဒါပေမယ့် ထုံးစံအတိုင်း `တခါတလေပဲ၊ ပြီးတော့ အဲဒီGold Classဆိုတာကြီးကို ကြည့်ဖူးသွားတာပေါ့´ဆိုပြီး စိတ်ဖြေတွေးပြီး သွားကြည့်ဖြစ်ခဲ့တယ်။

ရုပ်ရှင်ရုံထဲရောက်တော့ ခုံနည်းနည်းလေးပဲရှိတာ တွေ့ရတယ်။ ရုံကြီးတစ်ခုလုံးမှ ၃၈ခုံပဲရှိပါတယ်။ ဒါပေမယ့် ခုံတစ်လုံးတစ်လုံးက အိပ်ရာသေးသေးတစ်ခုစာ လောက်ရှိပါတယ်။ ပြီးတော့ခုံနှစ်လုံးကြားမှာ စားပွဲအသေးလေးတစ်လုံး ရှိပြီး Menuတင်ထားပါတယ်။ ဘာတွေများရမလဲလို့ ဟိုလှန်ဒီလှန်ကြည့်တော့ Black Label, Chevasစတဲ့ Whiskyတွေအပြင် ၀ိုင်မျိုးစုံလည်း ရတာတွေ့ရတယ်။ Coke, Spriteတို့လည်း ရပြီး တစ်ခွက်ကို လေးကျပ်ပါ။ မှာစရာရှိလို့ကတော့ အဲဒီစားပွဲပေါ်က ခလုတ်သေးသေးလေးကို နှိပ်လိုက်ရုံနဲ့ စားပွဲထိုးက ဘေးနားရောက်လာပါလိမ့်မယ်။ ပထမတော့ အဲဒီခလုတ်ကိုလည်း စမ်းနှိပ်ရင်း ၀ိုင်တစ်ခွက်လောက်သောက်ရင် ကောင်းမလားလို့စဉ်းစားပါသေးတယ်။ ပြီးတော့မှ တစ်ခွက် ၂၀ဆိုတာကြီးကို ဘယ်လိုမှ မပေးချင်တာကြောင့် ပါလာတဲ့ ရေဗူးပဲ ထုတ်သောက်လိုက်ပါတယ်။

ရုပ်ရှင်မစခင် ထုံးစံအတိုင်း ကြော်ငြာတွေလာနေတုန်း အဲဒီခုံကြီးကို ကောင်းကောင်းကလိပါတယ်။ ခုံရဲ့ ဘယ်ဘက်မှာ အနက်ရောင်ခလုတ်လေးရှိပြီး ခြေတင်ထားတဲ့ဟာကို မလို့ရသလို၊ နောက်မှီကိုလည်း ဟိုးအောက်ဆုံးအထိချလို့ရပါတယ်။ Dream Bedလိုမျိုးပေါ့။ တစ်ရုံလုံးမှာ လူက ငါးယောက်တောင်မပြည့်လို့ Spider Manက ဇာတ်ရှိန်တက်လာလေ ရုပ်ရှင်ရုံကပိုအေးလာလေနဲ့ပေါ့။ ရုပ်ရှင်ကြည့်ရင် အနွေးထည်ဘယ်တော့မှ မယူတတ်တဲ့ ကျွန်တော် အဲဒီခုံအကြီးကြီးပေါ်မှာ ခြေထောက်ပါတင်ပြီးကွေးနေတုန်း ထိုင်ခုံလက်တန်းမှာ စောင်တစ်ထည်သွားတွေ့တယ်။ သန့်ရော သန့်ပါ့မလားဆိုပြီး ကြာကြာစဉ်းစားဖို့ အချိန်မရှိပါဘူး။ လက်မှတ်တစ်စောင် အစိတ်တောင်ယူထားတာ ညစ်ညစ်ပတ်ပတ်ကြီးတော့ မလုပ်လောက်ပါဘူးဆိုပြီး စောင်ခြုံကွေးပြီး ကြည့်လိုက်တာ ရုပ်ရှင်ပြီးတဲ့အထိပါပဲ။

Wednesday, May 23, 2007

ဘန်းစကားတွေ လန်းနေတယ်

မြန်မာစကားကို ကျွန်တော့်အလုပ်ထဲက စလုံးတရုတ်တွေက အရမ်းသင်ချင်ကြတယ်။ အမှန်အတိုင်းပြောရရင် မြန်မာဘာသာဟာ သင်ပေးဖို့တော်တော်ခက်တဲ့ ဘာသာပါပဲ။ အထူးသဖြင့် ဘန်းစကားတွေပါလာရင် ပိုရှုပ်ကုန်ရော။ စလုံးတရုတ်တွေမပြောနဲ့ ဟိုတစ်နေ့ကပဲ မြန်မာမိန်းကလေးသူငယ်ချင်းတစ်ယောက်က မေးတယ်။ `သေလို့ရတယ်`ဆိုတာဘာလဲတဲ့။ ကိုယ်ကသာ ပြောနေတာ ဒီလိုကြီးမေးလာတော့ တော်တော်ပြန်ဖြေဖို့ခက်တယ်။ အဲဒါနဲ့ပဲ အဆင်ပြေသလို `သေလို့ရတယ်´ဆိုတာ သေချင်လောက်အောင်ဖြစ်တာ။ ဥပမာ။ စာမေးပွဲမှာ တစ်ခါမှ မမြင်ဖူးတဲ့ မေးခွန်းတွေလာရင် `ဟာ . . သေလို့ရတယ်´ဆိုပြီးပြောကြတယ်။
နောက်တစ်ယောက်ကလဲ ကျွတ်ဆင်ကြီး ဆိုတာဘာလဲတဲ့။ အဲဒါတော့ ကြောက်စရာကြီး၊ အကြီးကြီးကို ပြောတာလို့ထင်ပါတယ်လို့။ အမှန်အတိုင်းပြောရရင် ဘန်းစကားတွေ ဘယ်ကစဖြစ်ပြီး ဘာအဓိပ္ပါယ်လဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ နေ့စဉ်ပြောနေတဲ့ ဘန်းစကားတွေကနေ အမြဲတမ်းပုံမှန်ပြောတဲ့စကားလုံးတွေ အဖြစ်ပြောင်းလဲလာတာတွေရှိသလို ပျောက်ပျက်သွားတာတွေလဲရှိပါတယ်။ ဥပမာ ပြိုင်းတယ်တို့၊ ယွန်းတော့မယ်(သွားတော့မယ်)ဆိုတဲ့စကား။ တကယ်တမ်းတော့ အဲတာက ကရင်စကားလို့ သူငယ်ချင်းတစ်ယောက်က ပြောပါတယ်။ ဆိုလိုတာကတော့ ပင်ပန်းနေတယ်ဆိုတာပါ။
ဒါပေမယ့် အဲဒီအထဲက ဘန်းစကားတွေကို စာအနေနဲ့ မဖော်ပြကြဘူး။ စာအုပ်တွေ ထဲမှာ မတွေ့ရဘူး။ ကျွန်တော်နားလည်လိုက်တာကတော့ ဘန်းစကားဟာ ဘန်းစာမဟုတ်လို့ပဲလို့။ ကောင်းလိုက်တဲ့အယူအဆနော်။ အဲ . . .ဆရာတော်ဦးဇောတိက ကတော့ `ဘန်းစကား သိပ်မပြောပါနဲ့ ကိုယ်ရည်ကိုယ်သွေးကျတတ်တယ်´တဲ့။ ဆရာတော်ပြောတဲ့အတိုင်းဆို ကျွန်တော်ကတော့ ကိုယ်ရည်ကိုယ်သွေးတော်တော်ကျနေလောက်ပြီ။ ဘန်းစကားကို မိုက်တယ်။ စားတယ်။ စိတ်လေတယ် ကအစ နောက်ဆုံးပေါ် ပိန်းတယ်။(တုံးတာကိုပြောတာပါ) လန်းတယ်(အထူးသဖြင့် ကောင်မလေးတွေ လှတယ်ဆိုတာကို သုံးကြပါတယ်)အထိပြောနေတဲ့သူပါ။
လှသမိန်ရဲ့ မြန်မာဘန်းစကားအဓိပ္ပါယ်နှင့် သုံးနည်းထဲမှာတော့ `ဘန်းစကားများသည် အချည်းနှီး မဟုတ်ပေ။ လူမျိုး၏ ယဉ်ကျေးမှုနောက်ခံကားနှင့် စရိုက်သွင်ပြင်ကိုလည်းကောင်း၊ စကားအပြောအတတ်ကိုလည်းကောင်း၊ ဥပမာ၊ ဥပစာသုံးစွဲပုံကိုလည်းကောင်း ဖော်ပြလျက်ရှိနေပေသည်။´လို့ ဆိုထားပါတယ်။ ကျွန်တော်ကတော့ ဘာပဲဖြစ်ဖြစ် လေနေတဲ့စိတ်တွေကို လန်းအောင်နေနေတုန်းပါပဲ။

Tuesday, May 22, 2007

တီပီမြန်မာသင်္ကြန် ၂၀၀၇




TPmyanmar Thingyan 2007ရဲ့ ပုံတွေပါ။ သင်္ကြန်ယိမ်းပုံတွေကတော့ သိပ်စိတ်တိုင်းမကျလို့ မတင်တော့ပါဘူး။


Sunday, May 20, 2007

ငါမွန်အမြတ်ငါအတတ်ဟု

(သူငယ်ချင်းတစ်ယောက်က ဒီကဗျာလေးကို ဘာလို့တင်တာလဲဆိုလို့ ထပ်ဖြည့်ပြီးရေးပေးလိုက်ပါတယ်။)
ဒီရက်ပိုင်း ထူးထူးဆန်းဆန်း တိုက်ဆိုင်မှုတွေနဲ့ပဲ ကြုံနေပါတယ်။ ဥပမာ ကျွန်တော် ခွေးဟောင်သံတွေကြားတဲ့နေ့မှာ မမေဓါဝီက သူ့ရဲ့ ခွေးလေးအကြောင်းကို တင်ထားတယ်။ (မမေဓါဝီဆိုတာ လူချင်းမရင်းနှီးပေမယ့် မဟနစံပြောလို့ ခဏခဏ ကြားဖူးတာတော့ကြာပါပြီ။ လူတော်တော်များများလဲ သူ့ကိုလေးစားကြပေမယ့် ကျွန်တော်တော့မပါပါဘူး) နောက်တိုက်ဆိုင်မှုတစ်ခုက မိဘမေတ္တာအကြောင်း အက်ဆေးတစ်ပုဒ်ဖတ်အပြီးမှာ နေဘုန်းလတ်က ဒေါ်လာ၂၀ဆိုတဲ့ ပိုစ့်လေးကိုတင်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ စိတ်မကောင်းစရာပါ။ နာရေးကူညီမှုအသင်းကို ဒုတိယအကြိမ် ပိုက်ဆံလှမ်းလှူမယ်လို့ စဉ်းစားနေတဲ့အချိန်မှာ ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ သတင်းကို နေနေနိုင်ရဲ့ ဘလော့ခ်မှာ ဖတ်လိုက်ရတာပါ။ ဒီလိုတိုက်ဆိုင်မှုတွေ များတဲ့လောကကြီးကို အရွဲ့တိုက်ချင်လို့ ဘာမှ မဆိုင်တဲ့ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ ကဗျာလေးကို တင်ခဲ့တာပါ။


သစ္စာ

ငါ့စာဖတ်၍၊ မမြတ်တိုင်စေ၊
မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက်၊
တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ၊
တွေ့ငြားပေမူ၊ စာပေကျေးကျွန်၊
ငါ့ဝတ်ပွန်ပြီ၊ ငါမွန်အမြတ်
ငါအတတ်ဟု၊ စာဖတ်သူပေါ်၊
ခေါင်းကိုကျော်၍၊ ငါသော်ဆရာ၊
မလုပ်ပါတည်း။ ။

တက္ကသိုလ်ဘုန်းနိုင်၏ ကဗျာကို သံလွင်အိပ်မက် အမှတ် ၅ မှ တိုက်ရိုက်ကူယူဖော်ပြပါသည်။

Wednesday, May 16, 2007

ရွေးလို့မရခဲ့တဲ့ ပိုစ့်တွေ

ဘလော့ခ်စာအုပ်အတွက် ကျွန်တော်ဖတ်ရမယ့် ဘလော့ခ်တွေထဲမှာ ကျွန်တော်နဲ့ အပြင်မှာတွေ့ဖူးတဲ့ ကိုတက်စလာ၊ ကိုသန့်ဇင်အောင်နဲ့ သဲလေးတို့ရဲ့ ဘလော့ခ်တွေပါတယ်။ အခုပဲသူတို့ရဲ့ ဘလော့ခ်တွေထဲကနေ ကောင်းနိုးရာရာ ပိုစ့်လေးတွေကို သွားရွေးခဲ့တာပါ။ အမှန်တော့ ကျွန်တော်ရွေးခဲ့တဲ့ပိုစ့်တွေထက် ပိုကောင်းတာတွေ အများကြီးရှိပါသေးတယ်။ ဒါပေမယ့် ဟိုဟာနဲ့ မလွတ်၊ ဒီဟာနဲ့ မလွတ်ဆိုတာတွေ ဖြစ်နေလို့ ချန်ထားခဲ့ရပါတယ်။ တကယ်တမ်းတော့ ကျွန်တော်တို့ဘလော့ခ်ဂါတွေဟာ ၀တ္ထုလိုလို အက်ဆေးလိုလိုလေးရေးလိုက်၊ ကဗျာလေးရေးလိုက်၊ ကိုယ်တွေ့အဖြစ်အပျက်လေးရေးလိုက်နဲ့ တစ်တိုင်းပြည်လုံးမှောင် အတိဖုံးနေတာ၊ တစ်မျိုးသားလုံး ဒုက္ခရောက်နေတာကိုတော့ မသိကြဘူး မရေးကြဘူးလို့ စာအုပ်ဖတ်တဲ့ လူတွေထင်သွားမှာကို စိုးရိမ်မိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စာအုပ်လေးက အင်တာနက်ဆိုတာတောင် ဘာမှန်းမသိတဲ့ မြန်မာပြည်သူတွေကို ဘလော့ခ်ဆိုတာဘာလဲဆိုတာတော့ ဖွင့်ချပြနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ အဲဒီအထဲကမှ ကျွန်တော်ကြိုက်ပြီး ရွေးခွင့် မရှိတဲ့ တစ်ချို့ပိုစ့်လေးတွေကို ဒီမှာ အမှတ်တရတင်ထားပါတယ်။

ကိုသန့်ဇင်အောင်ရဲ့ လွတ်လပ်ရေး

ကိုသန့်ဇင်အောင်ရဲ့ အလှူဒါနပြုကြသူငါဆိုတဲ့ပိုစ့် ကနေတဆင့် နိုင်းနိုင်းစနေရဲ့ တွေးတွေးပြီး . .ရယ်

ကိုတက်စလာရဲ့ ငါတို့မျှော်လင့်ချက်

ကျွန်တော်တို့ စာမူတွေကို ၁၅ရက်နေ့ အပြီး အဆုံးသတ်ရွေးပြီးဘလော့ခ်ပေါ်မှာ တင်ရမှာလေ။ ဒါပေမယ့် ဒီရက်ပိုင်း မအားတာနဲ့ မဖတ်ဖြစ်သေးဘူး။ ဒီနေ့မှ ဖတ်ပြီးအသည်းအသန်သွားတင်တော့မှ ကိုယ့်ထက်ဆိုး ကိုသာဆိုးတွေ အများကြီးပဲဆိုတာသိလိုက်ရတယ်။ ဟီးဟီး။ အယောက်၂၂ယောက်က မြန်မာဘလော့ခ်ပေါင်း 150လောက်ကို ဖတ်ဖို့တာဝန်ကျတာ အခုထိ ဖတ်ပြီးတင်ထားတဲ့ သူက ၁၀ယောက်မပြည့်သေးလို့လေ။ :P

တကယ် . . နောက်ဆုံးတစ်ခေါက်ပါ

ကျွန်တော့်ရဲ့ မကောင်းကြောင်းတွေကို ဆက်လက် ဖော်ပြပါဦးမည် ဆိုပြီးတော့ ဆက်မရေးတော့ဘူးလားလို့ သူငယ်ချင်းတွေက မေးတာလည်း များနေပါပြီ။ ပထမတစ်ခုက ကျွန်တော့်ရဲ့ သူငယ်ချင်းဘလော့ခ်ဂါတို့နဲ့ တူတဲ့အချက်တွေပါ။ ဒုတိယတစ်ခုက ကျွန်တော့်ရဲ့ တစ်ယောက်သောသူက ပြောတဲ့ ကျွန်တော့်မကောင်းကြောင်းတွေပါ။ ဒီတစ်ခါတော့ ကိုယ့်ဘာသာ အူကြောင်ကြောင် နိုင်တယ်ထင်တာတွေကို ရေးထားတာပါ။ ဒါပြီးရင် တကယ်ဆက်မရေးတော့ပါဘူး။

၁) တစ်ခုခုဆို အရမ်းရိုးလွယ်တတ်ပါတယ်။ ဒါကြောင့် ကျွန်တော်ကြိုက်တဲ့ အစားအစာတွေကို အမြဲမစားပဲနေသလို၊ ကြိုက်တဲ့သီချင်းတွေကိုလည်း ခဏခဏ နားမထောင်ပဲနေပါတယ်။ (NOရဲ့ သီချင်းလိုပေါ့၊ မင်းပြောတဲ့ စကားလုံးတွေက ငါ့အတွက်တော့ ရိုးသွားပြီ)

၂) စာဖတ်ရင် အရမ်းကြာပါတယ်။ စာလုံးတစ်လုံးချင်း တစ်ကြောင်းချင်းရဲ့ အဓိပ္ပါယ်ကို ခံစားပြီးဖတ်နေလို့ထင်တာပဲ။ (ယုံလားတော့ မသိဘူး တခါတခါ လုံးချင်းဝတ္ထုတစ်အုပ်ကို ၅နာရီလောက်ကြာတယ်)

၃) ကိုယ့်ဘာသာကိုယ် အယုံကြည်လွန်တတ်ပါတယ်။ (ဘာစာမှ မကျက်ပဲ စာတွေရနေပြီ၊ ဒီစာမေးပွဲ ငါဖြေရင် အောင်မှာပါ ဆိုပြီး စာမေးပွဲများစွာ ကျဖူးပါတယ်)

၎) ၀တ္ထုတွေ ရုပ်ရှင်တွေရဲ့ ဇာတ်သိမ်းကို ဘယ်တော့မှ ကျော်ပြီးမဖတ်တတ်၊ မကြည့်တတ်ပါဘူး။ (ဖတ်ပြီးသား၊ ကြည့်ပြီးသားမိတ်ဆွေတစ်ယောက်ယောက်က လာပြောပြရင် ကျွန်တော့်ရန်သူပါပဲ၊ တေတွားမယ်)

၅) အလုပ်လုပ်စရာရှိရင် တစ်ယောက်ယောက်က ဖိအားပေးမှ လုပ်ပါတယ်။ ဒါပေမယ့် ကိုယ့်ကိုလာပြီး ဖိအားပေးရင် မကြိုက်ပါဘူး။ (ကိုယ့်ကို ဖိအားပေးတဲ့သူ ကြားထဲကနေ ရူးသွားမယ် ဟီးဟီး)

၆) ကိုယ်တိုင်ကမကောင်းဘူးဆိုတာ သိပေမယ့် ကိုယ့်ကို မကောင်းလာပြောလျှင်နည်းနည်းမှ မကြိုက်ပါ။ (စောင်းလည်းမပြောနဲ့၊ တည့်တည့်လည်းမပြောနဲ့၊ ဇောက်ထိုးလည်း မပြောနဲ့)

၇) ဟိုစပ်စပ် ဒီစပ်စပ်နဲ့ အကုန်လျှောက်လုပ်တတ်ပြီး နောက်ဆုံးမှာ ကိုယ်ဘယ်နေရာရောက်နေမှန်း မသိအမြဲဖြစ်ပါတယ်။ (အခုလောလောဆယ်တော့ ကွန်ပျူတာရှေ့မှာပါ)

၈) လုပ်ချင်တာလုပ်တတ်ပါတယ်။ တစ်ယောက်ယောက်က ဟိုဟာမလုပ်နဲ့ ဒီဟာလုပ်ဆိုရင် ကိုယ့်ဘာသာကိုယ် လုပ်ချင်ရင်လုပ်ပြီး မလုပ်ချင်ရင်မလုပ်ဘူး။ (မီးကို မကိုင်နဲ့လို့ ပြောရင်တော့ မကိုင်ပါဘူး)

၉) ကိုယ်မသိတဲ့ လူတစ်ယောက်ကို အသားလွတ်ကြီး စကားသွားမပြောတတ်ပါဘူး။ (ခပ်ချောချောကောင်မလေးဆိုရင်တော့ စကားသွားပြောဖို့အတွက် စဉ်းစားပေးမှာပါ)

၁၀) သူများထက်နဲနဲတော့ ထူးလိုက်ရမှ။ နဲနဲလေး ပိုလုပ်လိုက်ရမှ ကျေနပ်တတ်တယ်။ (အခုပဲကြည့်၊ သူများတွေက Tagတယ်ဆိုတာကို မေ့တောင်နေလောက်ပြီ၊ ဒီမှာတော့ တက်ကောင်းတုန်း)

ကျွန်တော်က လူတွေအကြောင်းကို လေ့လာရတာကြိုက်ပါတယ်။ သူများတွေအကြောင်း မလေ့လာခင် အနည်းဆုံးတော့ ကိုယ့်အကြောင်းကိုယ်တော့သိမှဖြစ်မယ်လို့ ယူဆထားသူပါ။ ဒါကြောင့် တက်တာနဲနဲများသွားတယ်ဗျာ။

နောက်တစ်ခေါက်မတက်တော့ပါ။

Monday, May 14, 2007

ဘလော့ခ်ကာများရဲ့ မိတင်

ဘလော့ဂ်စာအုပ်ထုတ်ဝေနိုင်ဖို့အတွက် မေလ ၁၂ ရက် ၂၀၀၇ တွင် စင်္ကာပူ Esplanade Library ရှိ Cafe တွင် မြန်မာဘလော့ဂ်ဂါများမှ အစည်းအဝေးတစ်ခု ကျင်းပခဲ့ပါတယ်။ ထိုအစည်းအဝေးသို့ ကိုသန့်ဇင်အောင်၊ ကိုဖြိုးဝေကျော်၊ ကိုဇင်ကိုလတ်၊ ကိုဝေယံလင်း၊ ကိုဝေဖြိုးကျော်၊ မောင်သန့်ဇင်၊ ကိုညီညီ(သံလွင်)၊ ကိုနိုင်မိုးအောင်နှင့် မလင်းလက်ကြယ်စင်၊ မ၀တ်ရည်ထိုက် အစရှိတဲ့ မြန်မာဘလော့ဂ်ဂါများ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ ဆုံးဖြတ်ချက်များအနက်မှ အချို့ကို ချမှတ်ရာတွင် မဲခွဲ ဆုံးဖြတ်ခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ကိုညီညီ(သံလွင်)ရဲ့ ဘလော့ခ်မှာပဲ သွားဖတ်ကြပါ။
အဲဒီအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ မြန်မာဘလော့ခ်ဂါများကို အထူးကျေးဇူးတင်သလို မတက်ရောက်နိုင်ပေမယ့် နောက်ကွယ်ကနေ တိတ်တိတ်လေး ကြိတ်ပြီး အားပေးနေတဲ့ မြန်မာဘလော့ခ်ဂါများကိုလည်း မှတ်တမ်းတင်အပ်ပါသည်။

Saturday, May 12, 2007

အိပ်မက်ပန်းတွေ ပွင့်တဲ့သစ်ပင်(၆)

ည . . .ည . . .ဆို
ဘောလုံးကွင်း အရှေ့ဖက် ပွဲကြည့်စင်တစ်ခုစာလောက်
ရှိတဲ့လူတွေ
မင်းအကြောင်းကို ၀ိုင်းပြီး အိပ်မက်မက်နေကြရော့မယ်
ငါ . . .မနာလိုပါဘူးကွယ်
မနာလိုခြင်းသာ နှင်းဆီပန်းတစ်ခင်း ဖြစ်မယ်ဆိုရင်
(အချစ်ရေ . . .)
ကမ္ဘာ့မြေပုံမှာ နှင်းဆီပွင့်တွေပုံသာ ဆွဲလိုက်တော့...


ရနံ့ဟာ ပန်းပွင့်တွေကို ဖန်ဆင်းတယ်၊ ပန်းပွင့်တွေဟာ သစ်သီးကို ဖန်ဆင်းတယ်။ သစ်သီးဟာ အချစ်ကို ဖန်ဆင်းတယ် . . .
အချစ်ရေ ကံကြမ္မာစုန်ဆန်ခြင်းနဲ့ မင်း ငါ့ကို ဖန်ဆင်းလှည့်ပါတော့ကွယ် . . .
ငါ့ရဲ့ အနမ်းတွေကို မျက်နှာသုတ်ပ၀ါတစ်ထည် ရက်လုပ်တို့ မင်းကို ဆက်သပါ့မယ်။ ဆောင်းရာသီမှာ မင်းဝတ်ဆင်ဖို့ရာ ခြေအိတ်တစ်စုံအဖြစ်နဲ့ ငါ့လက်ဖ၀ါးနှစ်ဖက်ကို ဆက်သပါ့မယ်။ တမ်းတမိတိုင်း ငါ့အနီးထံပါးမှာ နွေးထွေးမွှေးပျံ့လာတတ်တဲ့ မင်းရဲ့ ၀ိညာဉ်တော်ကို ကမ္ဘာပေါ်မှာ ပွင့်ပွင့်သမျှ ပန်းတွေနဲ့ ငါပူဇော်ပါ့မယ် . . . ။
ငါ့ရဲ့ အလွမ်းနှစ်ကူးမှာ ပန်းအသစ်အဖူးတွေနဲ့ မင်းပျော်မွေ့ပါတော့ မြနန္ဒာ. . .။

မင်းဟာ ငါ့အတွက်
နက္ခတ်တာရာအသစ်တစ်လုံး ဖြစ်တယ် မြနန္ဒာ...
ပြီးတော့ မင်းဟာအရုဏ်တက်ချိန်တစ်ခုလို
စောင့်မျှော်ကြည့်ရှုချင်စရာ ကောင်းလောက်အောင်
လှပနေသူလည်း ဖြစ်ပေရဲ့...။


ငါလာခဲ့မယ် မြနန္ဒာ၊ မနက်ဖြန်မနက် အရုဏ်တက်ချိန်မှာ မင်း ရဲ့ နက္ခတ်တာရာကို ငါ့နှလုံးသည်းပွတ်စံမြန်းရာ နန်းတော်နဲ့ ဗလိနတ်စာပူဇော်လို့ ငါလာခဲ့ပါမယ် မြနန္ဒာ။
စောင့်နေပါ . . .
မနက်ဖြန်မနက် .
အရုဏ်တက်တဲ့အချိန်မှာ ... ။

- - - - - - -

နောက်တစ်နေ့မနက် အရုဏ်တက်တဲ့အချိန်မှာ ကျွန်တော်ဟာ တစ်ဘ၀လုံးစာ အိပ်ရာထ နောက်ကျသွားခဲ့ပါတယ် . . .။

(နိုဝင်ဘာလ ၃၀၊ ၁၉၉၄)
မင်းခိုက်စိုးစန်

Friday, May 11, 2007

နွားရိုင်းသွင်းချိန် ပြင်မထွက်နဲ့

ကျွန်တော်ရဲ့ ဘ၀မှာ ပထမဆုံးရင်းနှီးခဲ့ပြီး အခုအချိန်ထိ အလွတ်ဆိုနိုင်တဲ့ ကဗျာတွေကို ပြောပါဆိုရင် ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာလေးတွေပဲ ဖြစ်ပါလိမ့်မယ်။ ဆွမ်းအုပ်နီနီတို့ သပြေသီးကောက်၊ မောင်လေးရေ ထပါတော့တို့ အစရှိတဲ့ ကဗျာလေးတွေပါ။ အခု ဆရာမင်းသုဝဏ်ရဲ့ ကဗျာစာအုပ်ကို ပြန်ဖတ်မိလို့ ကဗျာလေးတစ်ပုဒ် တင်လိုက်ပါတယ်။

သဘက်ဆေး

နွားရိုင်းသွင်းချိန် ပြင်မထွက်နဲ့
ဖုတ်သဘက်တွေ လိုက်တတ်တယ်။
ဖုတ်သဘက်တွေ ကြောက်တဲ့ဆေးကို
ဘုန်းကြီးပေးလို့ ရှိပါတယ်။
သူငယ်ချင်းရယ် သဘက်ဆေးကို
ကျွဲရုပ်လေးနဲ့ လဲပါကွယ်။
ဗုဒ္ဓံ ဓမ္မံ သံဃံ ရွတ်ကွဲ့
သရဲလွှတ်လို့ ပြေးလိမ့်မယ်။
ရွတ်ကွယ် ရွတ်ကွယ်။ ။

မင်းသုဝဏ်

Tuesday, May 8, 2007

ဘလော့ခ်စာအုပ်ဖြစ်မြောက်ရေး

အခုတစ်ခါမှာတော့ ဘလော့ဂ်စာအုပ်ဖြစ်မြောက်ရေးအတွက် ကျွန်တော်တို့ စင်္ကာပူမှာ ရှိတဲ့ ဘလော့ဂ်ဂါတွေရဲ့ တွေ့ဆုံဆွေးနွေးပွဲလေးကို Esplanade မှာ လာမယ့်စနေနေ့ မေလ ၁၂ရက်နေ့မှာ တွေ့ကြဖို့ စီစဉ်ထားပါတယ်။ စင်္ကာပူက ဘလော့ခ်ကာတွေ အကုန်လုံးကို မသိတဲ့အတွက် လက်လှမ်းမှီသလောက်ပဲ လိုက်ဖိတ်နိုင်ပါတယ်။ ဒါကြောင့် စိတ်ဝင်စားသူမည်သူမဆို လာရောက်ကြဖို့ လေးစားစွာ ဖိတ်ကြားပါတယ်။ Esplanade ရှိ Outdoor Theatre မှာ နေ့လည် ၁နာရီတိတိ တွေ့ဆုံကြပါမယ်။


စိတ်ပါဝင်စားသူများ အနေနဲ့ အောက်ဖော်ပြပါ ဖုန်းနံပါတ် (သို့) အီးမေးလ်လိပ်စာများသို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။
ဇင်ကိုလတ်
Mobile: 97619007
Email: hololu@gmail.com

ညီညီ(သံလွင်)
Mobile: 94892959
Email: nyinyiprogrammer@gmail.com

Sunday, May 6, 2007

၂၀မိနစ် ကာလသားချက်

ဟိုတနေ့ညနေက အလုပ်နားတာနဲ့ အေးအေးဆေးဆေး ကြက်သားနဲ့ ဘူးသီးကာလသားချက်လေး ချက်စားဖြစ်တယ်။ ကာလသားချက် ဆိုတဲ့အတိုင်း ချက်ရတာ တော်တော်ကို လွယ်ပါတယ်။
၁။ ကြက်သားအတုံး ခပ်သေးသေးတွေကို ဆား၊ ဆနွင်း(သို့)အရောင်တင်မုန့်နဲနဲနဲ့ နယ်ပြီး နှပ်ထားပါ။
၂။ ဘူးသီးကို အခွံနွှာချင်လည်း နွှာ၊ မနွှာချင်လည်း အတုံး ခပ်သေးသေးတွေ လှီးပြီး ကြက်သားနဲ့ ရောနယ်ပါ။ (ဘူးသီး အတုံးအရမ်းသေးရင် ကြေသွားတတ်ပါတယ်။)
၃။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းစတာတွေကို လိုချင်သလောက် ပါးပါးသေးသေးလေးတွေ လှီးပြီးတော့ပဲဖြစ်ဖြစ်၊ ထောင်းပြီးတော့ပဲဖြစ်ဖြစ် ကြက်သား၊ ဘူးသီးတို့နဲ့ရောနယ်ပါ။
၎။ ဆီနဲနဲထည့်၊ မီးပြင်းပြင်းနဲ့ မီးဖိုပေါ်တင်ပြီး မွှေပေးပါ။
၅။ တရှဲရှဲမြည်လာရင် ရေသင့်သလောက်ထည့်ပြီး မီးအေးအေးနဲ့ ကြက်သားကျက်လောက်တဲ့ အချိန်အထိစောင့်ပါ။
၆။ ဟင်းအိုး ဆူလာလျှင် အပေါ့အငန် လိုသလိုထည့်ပြီး ကြက်သားကျက်လျှင် စားလို့ရပါပြီ။

ဒါကတော့ ကျွန်တော့်ရဲ့ ကြက်သားနဲ့ ဘူးသီး ကာလသားချက်လေးပါ။ ကျွန်တော်ကတော့ ဟင်းချက်ရင် ဆီသတ်ရတာကို ပျင်းလို့ ရှိသမျှ အကုန် ပစ်ထည့်ပြီး စားရတဲ့ ကာလသားချက်ကို အရမ်းသဘောကျပါတယ်။ တခြားဟင်းချက်နည်းပဲဖြစ်ဖြစ် တစ်ခုခုမရှင်းတာရှိရင်ဖြစ်ဖြစ် မေးပါ။ ကိုငယ်(မန္တလေး)ဆိုတဲ့ ကျွန်တော့်ရဲ့ ဆရာတစ်ပါးရှိပါတယ်။ သူ့ကိုမေးပေးပါမယ်။

Friday, May 4, 2007

သံသရာနယ်က ရုန်းအထွက်

အဝေးဆုံး

အနော်မာကမ်းမှာတော့
ယသော်ဓယာလွမ်းကျန်ခဲ့မယ် . . .။

ပြန်လှည့်ကာ အသွားမဖျက်ပါရစေနဲ့
ကဏ္ဍကဖွားဖက်တော်ရယ် . . .။

ချစ်တာသိပေမယ့်
သစ္စာရှိရာ ရှေ့လမ်းပေမို့
မေ့စတမ်းကွယ် တာရှည်ကြည့်
ပါရမီဖြည့်ကျန်ပါကွယ် . . .
သံသရာနယ်က ရုန်းအထွက်။

ကြည်ချည်လှပ် လွမ်းတုန်းမှာပဲ
ယာယီဇာတ် တစ်ခန်းဆုံးပြီပေါ့
ပန်းကုံးနှယ် သစ္စာဆင်ဖို့ ခရီးသွားမှာမို့
စည်းခြားကျန်မျှော် . . .မျှော်ကာနဲ့
ယသော်ဓယာတစ်သက်လွမ်းစေမယ့်
အနော်မာတစ်ဘက်ကမ်းကို
(ကဏ္ဍကရယ် . . .)
လှမ်းတော့ သွက်သွက်။ ။

မောင်စိန်ဝင်း(ပုတီးကုန်း)

Tuesday, May 1, 2007

တီပီလက်မှတ် ကုန်သွားပြီ :(

TPသင်္ကြန်လက်မှတ်ကို ၂၀၀၅တုန်းက စောင်ရေ၁၀၀၀ထုတ်ခဲ့ပေမယ့် ဒီတစ်ခေါက်တော့ အစောင်၄၅၀လောက်ပဲ ထုတ်မှာပါ။ စောင်ရေ၁၀၀၀ထုတ် ခဲ့တုန်းကတောင် ရောင်းမလောက်ဖြစ်ခဲ့တာ အခုလို ဆိုရင်တော့ သေချာပေါက် ဖြုတ်ကနဲ ကုန်သွားမှာပဲဆိုတာ ကြိုသိထားပြီးသားပါ။ အခုလည်း ကျွန်တော်တို့နှစ်က Graduateတွေအတွက် ရောင်းဖို့ လက်မှတ်၂၅စောင်ရထားတာ ဖုန်းနံပါတ်ငါးခုလောက်နှိပ်အပြီးမှာ အကုန်ကုန်သွားပါတယ်။ စိတ်တောင်မကောင်းဘူး။ အားလုံးကုန်သွားပြီးတော့မှ သတိရတယ် ကိုယ့်အတွက်တောင်တစ်စောင်မှ မ၀ယ်ထားမိဘူးလို့။


Googleပေါ်မှာ တင်ထားတဲ့ Video Clip လေးတွေပါ။