Monday, June 16, 2014

စလုံးရောက် စာမျက်နှာ ၁၅ အမှတ်တရ

လွန်ခဲ့တဲ့ ၁၅နှစ်ကပေါ့။ စင်္ကာပူမြေကို စနင်းခဲ့တယ်

ပြား ၅၀ ဖိုး ထမင်းဖြူပေါ် ဟင်းအနှစ်လေး စမ်းပြီး ပြီးခဲ့ရတဲ့ နေ့လည်စာတွေရှိ ခဲ့ဖူးသလို တပွဲ ၈၅ကျပ်တန် စလုံးရဲ့ အကောင်းဆုံးစာရင်းဝင် ဆိုင်တချို့ မှာလည်း စားခဲ့ဖူးပြီ။

အမေ၀ယ်ပေးခဲ့တဲ့ Skechers တရံ၊ expo မှာ ဈေးလျော့ ရောင်းတဲ့ ငါးကျပ်တန် ဖိနပ်တရံ နဲ့ ပေါ်လီသုံးနှစ်ပြီးခဲ့ရသလို
ရန်ကုန်မှာတုန်းက ပွဲလမ်းသဘင်မှစီးတဲ့ Caterpillar ကို အလုပ်ထဲမှာ အကြမ်းစီးခဲ့ဖူးပြီ။

ဘတ်စ်ကားဖိုး ပြား၇၀ မရှိလို့ ၄မှတ်တိုင်စာ လမ်းလျှောက်ခဲ့ဖူးသလို
စင်္ကာပူ၊ မလေးရှား၊ အမေရိက၊ သြစတြေးလျနိုင်ငံစုံအောင် ကားလျှောက်မောင်းဖူးပြီ။

ရန်ကုန်ကို ၃နှစ်နေမှ တစ်ခေါက် ပြန်ခဲ့ဖူးသလို
တစ်နှစ်တည်း ၃ခေါက်လည်း ပြန်ခဲ့ဖူးပြီ။

ကြက်ဥတကတ်လုံး ၀ယ်ဖို့ ပိုက်ဆံ တကျပ်ခွဲမရှိလို့ ကြမ်းပေါ်ကျနေတဲ့ ငါးပြားစေ့တွေလိုက်ကောက်၊ လေးစေ့ ပြည့်မှ တစ်လုံး ပြားနှစ်ဆယ်နဲ့ ၀ယ်စားနိုင်ခဲ့သလို
Fullerton, Raffles က အစ စင်္ကာပူက အကောင်းဆုံးဆိုတဲ့ ဟော်တယ်တိုင်းမှာ ဘူဖေးလ်စားခဲ့ဖူးပြီ။

ဝတ်စရာ ဘောင်းဘီရှည် ၂ထည်နဲ့ ကျောင်းတက်ခဲ့ရသလို
ဘီဒိုမဆန့်တော့လို့ မရှိဆင်းရဲသူတွေကို ပေးဝေခဲ့ဖူးပြီ။

Watson ရဲ့ Cashier မှာ Credit card နဲ့ ပေးသူတိုင်းကို ချမ်းသာလှချည့်လားဆိုပြီး ငေးခဲ့ဖူးသလို Credit card bill တွေ မပေးနိုင်ခဲ့လို့ နောက် သုံးရမှာ ကြောက်ပြီး သားရေပင်နဲ့ ပတ်ထားတဲ့ Credit card တွေ အံဆွဲထဲမှာ အထပ်လိုက် ရှိခဲ့ဖူးပြီ။

ကြက်သွန်ဆီသတ်တိုင်း၊ Hotdog ကြော်တိုင်း တူးခဲ့ရဖူးသလို
Gordan Ramsay ချက်နည်းတွေကို တမျိုးပြီး တမျိုးစမ်းသပ်ဖူးပြီ။

နိုင်ငံရေးလုပ်လို့ ဆိုပြီး ကွန်ပျူတာသိမ်း၊ ရဲက အကြိမ်ကြိမ်ခေါ်တွေ့တာ ခံဖူးသလို
စင်္ကာပူသမ္မတနဲ့လည်း ညစာစားပွဲမှာ ဆုံဖူးပြီ။

ရေဖိုးမီးဖိုး ပေးစရာမရှိလို့ တပတ်လောက် မီးမရှိရေမရှိနေခဲ့ဖူးသလို
ရေလည်း မကူး၊ Gym လည်း မဆော့ဖြစ်ပဲ Maintenance fees ၂၀၀ကျော် ကို လတိုင်း အလကားသက်သက်ပေးခဲ့ဖူးပြီ။

OPC ကားဖိုး ၂၀ မပေးပဲ အကြိမ်ကြိမ် ခိုးထွက်ခဲ့ဖူးသလို
ရဲမိသွားလို့ ဒေါ်လာ ၂၀၀လည်း ဒါဏ်ကြေးဆောင်ဖူးပြီ။

စာပေအနုပညာနဲ့ ဘာမှမဆိုင်သလိုနေခဲ့ဖူးပြီး
သံလွင်အိပ်မက်၊ လမ်းပြကြယ်နဲ့ TP Myanmar ကပွဲတွေမှာ ထဲထဲဝင်ဝင်ပါခဲ့ဖူးပြီ။

Movie ကို ၂.၅ ဒေါ်လာ Booking fees မပေးချင်လို့ ရုံအထိသွား လူတိုးပြီး ၀ယ်ခဲ့ဖူးသလို
Online Degree တစ်ခုက Dropout ဖြစ်လို့ ဒေါ်လာ တစ်သောင်းကျော် ပလုံသွားဖူးပြီ။

စားသောက်ဆိုင် ပုဂံဆေး၊ လမ်းဘေးစာရွက်ဝေ၊ စာတိုက်ဗုံး ကြော်ငြာထည့်၊ ဂိုထောင်ကုန်တင်ကုန်ချ အလုပ်ကြမ်းသမား၊ စားပွဲထိုး မျိုးစုံလုပ်ခဲ့ဖူးသလို
ကုမ္ပဏီဒါရိုက်တာ၊ Investor, Shareholder တွေလည်း လုပ်ခဲ့ဖူးပြီ။

စလုံးတွေ ခိုင်းသမျှ ခံခဲ့ရသလို
စလုံးတွေကိုလည်း ခိုင်းချင်ရာခိုင်းခဲ့ဖူးပြီ။

စရောက်ကတည်းက ဆန့်ကျင်ဖက်မဟုတ်ပဲ ပိုတိုးလာတာဆိုလို့ သုံးခုပဲ ရှိတယ်။ အဲဒါတွေကတော့ ၂၀ ကီလိုလောက် တက်ခဲ့တဲ့ ခန္ဓာကိုယ်အလေးချိန်ရယ်၊
ကျောင်းတက်တုန်းက ဆယ်ဂဏန်း
အလုပ်စလုပ်တော့ ရာဂဏန်း
ဒီဂရီတက်တော့ ထောင်ဂဏန်း
ကားဝယ်တော့ သောင်းဂဏန်း
အိမ်ဝယ်တော့ သိန်းဂဏန်းတင်နေတဲ့အကြွေးရယ်၊

မိဘကိုပြန် ပြုစုချင်တဲ့
စီးပွားရေး ပြန်လုပ်ချင်တဲ့
နိုင်ငံရေး ပြန်လုပ်ချင်တဲ့
လူမှုရေးပြန်လုပ်ချင်တဲ့
မြန်မာပြည်ပြန်ချင်တဲ့စိတ်ဆန္ဒရယ်။

အင်း . . . ဖြတ်သန်းခဲ့ရတဲ့ စာမျက်နှာတိုင်းအတွက် ကျေးဇူးပါ စင်္ကာပူ။ ဒါပေမယ့် စလုံးရေ . . ကမ္ဘာမြေရဲ့ အစက်လေးပေါ်မှာ နောက်ထပ် ၁၅မျက်နှာတော့ မရှိချင်တော့ပါ။ အမိမြန်မာပြည်မှာသာ ကိုယ်လိုချင်တဲ့ နေရာတစ်ခု ရှိမယ်ဆိုရင်ပေါ့။