Sunday, December 28, 2014

လက်ဝဲလက်ယာ နိုင်ငံရေး


အရင်က နိုင်ငံရေးသိပ္ပံသီအိုရီတချို့ကို အသုံးချပြီးရေးရင် လက်ဝဲလက်ယာ အသုံးအနှုန်းတွေကိုသုံးလေ့ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဒီ လက်ဝဲလက်ယာ အသုံးအနှုန်းတွေနဲ့ မရင်းနှီးသူတွေ အတွက် အများအားဖြင့်ချန်လှပ်ထားခဲ့ပါတယ်။ အခုတော့ လက်ဝဲလက်ယာတွေ တကြော့ပြန်လာတဲ့အတွက် နည်းနည်းပြန်ဖော်ပြချင်ပါတယ်။

နိုင်ငံရေးအယူအဆခေါ် အိုင်ဒီယိုလိုဂျီတွေအများကြီးရှိကြပါတယ်။ ဒီလို အယူအဆတွေကို နားလည်ဖို့အတွက် Political Spectrum ဆိုတာကို အရင်နားလည်ဖို့လိုပါတယ်။ Political spectrum ဆိုတာ မျဉ်းဖြောင့်တစ်ကြောင်းပေါ်မှာ အိုင်ဒီယာတွေကို နီးစပ်ရာအကန့်လိုက် တင်ထားကြည့်လိုက်တဲ့ သဘောပါပဲ။ ပေတံတချောင်းပေါ်မှာ တင်ထားကြည့်လိုက်တဲ့သဘောပေါ့။
အဲ့လိုတင်ထားကြည့်လိုက်တဲ့အခါမှာ အကြမ်းဖျင်း လက်ဝဲနဲ့လက်ယာ အုပ်စုနှစ်ခု တွေ့ရပါတယ်။ (လက်ဝဲလက်ယာသမိုင်းကတော့ ကိုထိုက်ရေးဖူးပါတယ်။)

လက်ဝဲအုပ်စုတွေရဲ့ အိုင်ဒီယိုလိုဂျီက ဘယ်ဖက်အစွန်းဆုံးကနေအလယ်အထိ စီလိုက်ရင် မင်းမဲ့ဝါဒ၊ ကွနမြူနစ်ဝါဒ၊ ဆိုရှယ်လစ်ဝါဒ အလယ်နားမှာကျတော့ ဆိုရှယ်လစ်ဘရယ်ဝါဒ ခေါ် ဒီမိုကရက်တစ်ဆိုရှယ်လစ်ဇင်အစိုးရဖြစ်ပါတယ်။ ညာဖက် အစွန်းဆုံးကို ကြည့်လိုက်ရင် ဖက်ဆစ်ဝါဒ၊ နာဇီဝါဒ၊ ဘာသာရေးအစွန်းရောက်ဝါဒများ၊ မျက်ကန်းမျိုးချစ်ဝါဒ၊ မျိုးချစ်ဝါဒ၊ နောက် ကွန်ဆာဗေးတစ်လက်ယာဝါဒ၊ ဒီမိုကရက်တစ်ကွန်ဆာဗေတစ်ဇင်ဝါဒ ဆိုပြီး ရှိတတ်ပါတယ်။
လက်ဝဲအိုင်ဒီယာတွေက မာ့စ်၊ ကွန်မြူနစ်သဘောတရားတွေကိုအခြေခံတတ်ပါတယ်။ မာ့စ်တို့ဟာလဲ ယခင် ဟေဂဲလ်တို့ဒဿနတွေအပေါ် တည်မှီပါတယ်။ အခြေခံအားဖြင့် ယနေ့လူ့ဘောင်ပဋိပက္ခတွေဖြစ်နေရတာဟာ မညီမျှမှုစံနစ်တွေကြောင်င့်္ဖြစ်တယ်။ ဒီစံနစ်တွေကို လုပ်ဆောင်နေတာ ဖောက်ပြန်တဲ့ ဓနရှင်လက်တစ်ဆုပ်စာကြောင့်ဖြစ်တယ်။ ဒါကြောင့် ဒီဖောက်ပြန်သူတွေကို လူများစု နင်းပြားတွေက လွတ်မြောက်ရေးအတွက် လူတန်းစားတိုက်ပွဲဆင်နွဲရမယ်ဆိုတဲ့ သဘောတရားကို အခြေခံပါတယ်။

ဒါပေမယ့်ကမ္ဘာ့သမိုင်းမှာ ကွန်မြူနစ်ခေါင်းဆောင် စတာလင်၊ မော်စီတုန်းတို့ဟာ လူပေါင်းများစွာ သတ်ဖြတ်ခဲ့ပြီး ပြည်သူလူထုကို နှိပ်စက်ခဲ့ပါတယ်။ မြောက်ကိုးရီးယား ကင်ဂျုံအီးလ်အပါအဝင်ပေါ့။ ကျူးဘားက ကတ်စ်ထရိုသည်လဲပဲ အာဏာကို နှစ်ပေါင်းများစွာ ဆုပ်ကိုင်ထားခဲ့ပါတယ်။ လက်ဝဲကွန်မြူနစ်စံနစ်က နိုင်ငံအပြောင်းအလဲအတွက် အာဏာရှင်အစိုးရတစ်ရပ်ကိုဖော်ဆောင်ပြီး ဘုံစံနစ်ကိုအကောင်အထည်ဖော်ပါတယ်။

နောက်ပိုင်းမှာတော့ ဒီလက်ဝဲဝါဒကို ပျော့ပြောင်းတဲ့ဒီလစ်ဘ၇ယ်လစ်ဇင်ရယ် ဒီမိုကရေစီအစိုးရစံနစ်ရယ်မှာ ပေါင်းစပ်လိုက်တဲ့အခါ ဆိုရှယ်ဒီမိုကရက်တစ်တွေဖြစ်လာပါတယ်။ လက်ဝဲစံနစ်အရ ပြည်သူလူထုကိုအသားပေးရပါတယ်။ ဒီမိုကရက်တစ်စံနစ်ကြောင့် စတာလင်တို့လို အာဏာရှင်တွေ ထွက်မလာပါဘူး။ ဒါ့ပြင် ဒီမိုကရေစီစံနစ်ကြောင့် လူတန်းစားအားလုံးကိုလဲ တပြေးညီဆက်ဆံရတဲ့အတွက် ဟန်ချက်မှုပြီးအေးချမ်းတည်ငြိမ်မှုဖြစ်ထွန်းလာပါတယ်။
လက်ဝဲအစိုးရတွေဟာ သာတူညီမျှချမ်းသာရေးကို ဦးစားပေးတတ်တဲ့အတွက် စီးပွားရေးမှာ ဘောဂဗေဒပညာရှင် ဂျွန်မေးနက်ကိန်းရဲ့ အယူအဆတချို့ဖြစ်တဲ့ နိုင်ငံတော်ဗဟိုက စီးပွားရေးကိုချုပ်ကိုင်ခြင်းကို အလွန်အားထားတတ်ကြပါတယ်။ ယနေ့ တရုတ်ကွန်မြူနစ်ရဲ့ Mixed Economy ဆိုတာ ဒီလိုသဘောတရားပဲဖြစ်ပါတယ်။ နောက်ပြီး ပညာရေး၊ ကျန်းမာရေး စတဲ့ အရာတွေအားလုံးကို အစိုးရက တာဝန်ယူလေ့ရှိပါတယ်။ ဒီအတွက်ပြည်သူလူထုက အခွန်အခကို များများပေးပြီး အစိုးရကို ကူညီရပါတယ်။ ဒီလိုနည်းနဲ့ ငွေမရှိလို့ လူသေရတယ်၊ ငွေမရှိလို့ ပညာမဲ့ဖြစ်ရတယ်ဆိုတဲ့ ကွာဟမှုတွေ နည်းပါးသွားပါတယ်။ ယနေ့အောင်မြင်နေတဲ့ နိုင်ငံတွေကတော့ စကင်ဒီနေးဗီးယန်းနိုင်ငံများ (နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ်၊ ဖင်လန်) စတဲ့နိုင်ငံများဖြစ်ပါတယ်။ ဒီနိုင်ငံတွေမှာ ပညာရေးစံနစ်တွေ အထူးအောင်မြင်တာကိုတွေ့ရပါလိမ့်မယ်။ Nordic Model လို့ခေါ်ပါတယ်။ အားနည်းချက်ကတော့ အစိုးရဟာ တတိုင်းပြည်လုံးကိုထောက်ပံ့ဖို့ အလွန်ကြီးမားတဲ့ဝန်ထုပ်ဝန်ပိုးကိုထမ်းရတတ်ပါတယ်။

လက်ယာဝါဒတွေကတော့ လူမျိုးရေး၊ ဘာသာရေး ယဉ်ကျေးမှုစံနှုန်းတွေကို အသားပေးပါတယ်။ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ဆိုတဲ့အချက်ကို အထူးအလေးထားပါတယ်။ စီးပွားရေးစံနစ်မှာတော့ စီးပွားရေးလုပ်ငန်းရှင်တွေက "သူလုပ်မှသူရတာ" ဆိုတဲ့ တစ်ဦးချင်းပိုင်ဆိုင်မှု Equity ကို ကာကွယ်ပေးတတ်ပါတယ်။ အစိုးရက လုံးဝဝင်မစွက်တဲ့ လွတ်လပ်သော ကုန်သွယ်ရေး စီးပွားရေးစံနစ်ကို အားပေးပါတယ်။ ဒီလို လွတ်လပ်ပြီး စီးပွားရေးလုပ်ချင်တဲ့ လူတွေများမှ ကုန်ထုတ်လုပ်ငန်းတိုးတက်တာလို့ယုံကြည်ပါတယ်။ ပညာရေး ကျန်းမာရေးစတဲ့ကိစ္စတွေအတွက် ကိုယ့်တာဝန်ကိုယ်ယူပြီး စရိတ်မျှခံရတာကို အားမပေးပါဘူး။ ဒါပေမယ့် သူတို့အမြင်က ဖွံ့ဖြိုးတိုးတက်ပြီး လူချမ်းသာပေါများတဲ့ တိုင်းပြည်ဟာ ပညာရေး ကျန်းမာရေးအတွက်ကို ဖြုန်းအားပိုကောင်းတယ်။ ဒီတော့ အကောင်းဆုံးသော ဆားဗစ်တွေ တီထွင်မှုတွေရနိုင်တယ်ဆိုတဲ့ အမြင်ဖြစ်ပါတယ်။


မြန်မာ့နိုင်ငံရေး။ ။ မြန်မာပြည်မှာ အစဉ်အဆက်လွှမ်းမိုးခဲ့တာ လက်ဝဲနိုင်ငံရေးအယူအဆဖြစ်ပါတယ်။ အနီးစပ်ဆုံးကတော့ စတာလင်ဝါဒနဲ့ မော်ဝါဒ ဖြစ်ပါတယ်။ သခင်ကိုယ်တော်မှိုင်းရဲ့ အုပ်စု (ဗိုလ်ချုပ်တို့လူငယ်အုပ်စု)ဟာ လက်ဝဲ ဝါဒသမားတွေဖြစ်ပါတယ်။ ဗိုလ်ချုပ်ရဲ့ ပေါ်လစီဟာ ဒီမိုကရက်တစ်ဆိုရှယ်လစ်ဇင်အစိုးရပုံစံဖြစ်ပါတယ်။ နောက် ဗိုလ်ချုပ်သူငယ်ချင်း သခင်သန်းထွန်း သခင်စိုး တို့ဟာ ဗကပ အလံနီကွန်မြူနစ်ပါတီတွေကို ထူထောင်ခဲ့ကြပါတယ်။
ထူးခြားတာက ဗမာ့တပ်မတော်ကို သန္ဓေတည်ပေးလိုက်တဲ့ ဂျပန်တပ်မတော်သည် လက်ယာအိုင်ဒီယိုလိုဂျီပြင်းထန်လှတဲ့ဖက်ဆစ်တပ်မတော်ဖြစ်ပါတယ်။ ဒါနဲ့အတူ ယနေ့အချိန်အထိ အထင်အရှားတွေ့ရတာကတော့ မြန်မာတပ်မတော်သည် လက်ယာဝါဒ အမျိုးသားရေးဝါဒခေါ် နေရှင်နယ်လစ်ဇင်ကို ဆုပ်ကိုင်ထားတာပဲဖြစ်ပါတယ်။ နေရှင်နယ်လစ်ဇင်ရဲ့ ထင်ဟပ်မှုကိုတော့ တပ်မတော်ရဲ့ ဒို့တာဝန်အရေးသုံးပါးမှာတွေ့ရပါတယ်။ တပ်မတော်ရဲ့ အစဉ်အလာနိုင်ငံရေးပြိုင်ဘက်သည် ဗကပ ဖြစ်ပါတယ်။

တပ်မတော်ရဲ့နိုင်ငံရေးအိုင်ဒီယိုလိုဂျီက နေရှင်နယ်လစ်ဇင်ဖြစ်တဲ့အတွက် တပ်မတော်ရဲ့ စစ်ရေးတုန့်ပြန်မှုတွေဟာ Aggressive ဖြစ်ခဲ့တာကို တွေ့ရပါတယ်။ တပ်မတော်ရဲ့ နိုင်ငံရေးတုန့်ပြန်မှု ပုံစံတွေဟာ ရန်၊ငါ စည်းနဲ့ အုပ်စုခွဲခြားပုံစံဖြစ်တာကိုတွေ့ရပါလိမ့်မယ်။ တပ်မတော်အရာရှိတွေကို ပုံသွင်းထားတဲ့ Mind Framing အခြေခံနိုင်ငံရေးအယူအဆ သည် နေရှင်နယ်လစ်ဇင် ဖြစ်တဲ့အတွက် ငါတို့မရှိရင်တိုင်းပြည်ပြိုကွဲမယ်ဆိုတဲ့ အယူအဆသည် စိမ့်ဝင်နေပါတယ်။
အကယ်လို့သာ တပ်မတော်ရဲ့ အခြေခံနိုင်ငံရေးအိုင်ဒီယိုလိုဂျီသည်သာ လစ်ဘရယ်ဒီမိုကရေစီဖြစ်ခဲ့ရင် တပ်မတော်သားတွေရဲ့ အခြေခံအခွင့်အရေးတွေနဲ့ လွတ်လပ်ခွင့်တွေကို ခွင့်ပြုရပါလိမ့်မယ်။ ဒီလို လွတ်လပ်ခွင့်ရတာနဲ့ ဝေဖန်ဆန်းစစ်ခြင်းပါ တပါတည်း ပါလာပြီး Check and balance သဘာဝဟာ တပ်တွင်းမှာ ထင်ရှားဖြစ်ထွန်းလာပါလိမ့်မယ်။ ဒီလို အနေအထားသည် အာဏာရှင်လုံးဝ မကြိုက်တဲ့အနေအထားဖြစ်ပါတယ်။ ဒါကြောင့် တပ်သားတွေရဲ့ Mind Set ကိုဘယ်လိုပြောင်းမလဲဆိုတဲ့မေးခွန်းအတွက် တပ်သားတွေရဲ့အခြေခံလွတ်လပ်ခွင့်ကိုပေးအပ်လိုက်ရင် လစ်ဘရယ်ဒီမိုကရေစီသဘောတွေထည့်သွင်းပေးလိုက်ရင် Mind Set တွေပြောင်းလာပါလိမ့်မယ်။
ဆက်ရရင်1988 နောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဖဆပလနောက်ပိုင်းအင်အားကြီးပါတီအဖြစ် ထွက်လာခဲ့တဲ့အခါမှာ လက်ဝဲယိမ်း ဆိုရှယ်ဒီမိုကရက်ပုံစံနဲ့ထွက်ပေါ်လာခဲ့ပါတယ်။
ဒါပေမယ့် ဗမာ့နိုင်ငံရေးမှာ လက်ယာဒီမိုကရက်စစ်စစ် များကို လုံးဝမတွေ့ရဘဲ နေရှင်နယ်လစ်များကိုသာ တွေ့ရတာကတော့ ထူးခြားမှု တစ်ရပ်ပါပဲ။
သဘာဝအားဖြင့် လက်ဝဲအစဉ်အလာ ရှိတဲ့တိုင်းပြည်မှာ နိုင်ငံရေးလွတ်လပ်ခွင့်တစ်ခုရလာတာနဲ့ လက်ယာဒီမိုကရက်တွေ ပေါ်ပေါက်လာလေ့ရှိပါတယ်။ အခု ပေါ်ပေါက်လာခဲ့ပေမယ့် ဘာသာရေးစိတ်ပြင်းထန်သော အဖွဲ့တွေသာ ပေါ်ပေါက်လာခဲ့တာကတော့ ထူးခြားမှုတစ်ခုပဲဖြစ်ပါတယ်။


လက်ဝဲဒီမိုကရက်ပဲဖြစ်ဖြစ်၊ လက်ယာ ဒီမိုကရက်ပဲဖြစ်ဖြစ်
-လူ့အခွင့်အရေး
-ပြည်သူ့လွတ်လပ်ခွင့်နှင့် သန့်ရှင်းမျှတသော ရွေးကောက်ပွဲ
-ဒီမိုကရေစီအစိုးရစံနစ်
ဒီအခြေခံကို မမှိတ်မသုန် ယုံကြည်ကြပါတယ်။
အစွန်းရောက်လက်ဝဲ လက်ယာ ဝါဒတွေကို ပြည်သူ့လွတ်လပ်ခွင့် နဲ့ တစ်ဦးချင်း လွတ်လပ်ခွင့်ကို ဦးစားပေးတဲ့ လစ်ဘရယ်လစ်ဇင်ဝါဒက ထိန်းကျောင်းပေးသွားပြီး အစိုးရတွေ ထင်ရာစိုင်းမသွားအောင် အာဏာရှင်ဖြစ်မသွားအောင် ဒီမိုကရေစီစံနစ်က ပဲ့ကိုင်ပေးသွားလို့ဖြစ်ပါတယ်။ ဒါကြောင့်ယနေ့ လစ်ဘရယ်ဒီမိုကရေစီဟာ ကမ္ဘာ့နိုင်ငံတွေမှာအောင်မြင်နေတာဖြစ်ပါတယ်။
ယနေ့ ဟန်ဝင်းအောင်တို့ ဗကသ တချို့ လုပ်တဲ့ ပုံစံက တော့ ယခင် လက်ဟောင်းကွန်မြူနစ်ပုံစံဖြစ်ပါတယ်။ ဒါကြောင့်လဲ အစဉ်အလာပြိုင်ဘက် တပ်ထွက်တွေနဲ့ ဖွဲ့ထားတဲ့ သမ္မတရုံးကလူတွေက ဗကပ ပုံစံလို့ စွပ်စွဲတာဖြစ်ပါတယ်။ ဗမာပြည်လက်ဝဲတွေဟာ ယနေ့ အောင်မြင်နေတဲ့ Nordic Model, Democratic Socialism စတဲ့လိုက်လျောညီထွေရှိတဲ့ လက်ဝဲပုံစံမျိုးထက် အရင်ခေတ်ဟောင်း လက်ဝဲပုံစံမျိုးကိုသာ အားသန်ကြတာကိုတွေ့ရပါတယ်။ ပြောရင်လဲ အလွန်ဆွေ့ဆွေ့ခုန်တာကလဲ ထူးခြားမှုတစ်ခုပါပဲ။
နောက် ပေါ်ပေါက်လာသင့်တာက လက်ယာဒီမိုကရစ်စစ်စစ်တွေဖြစ်ပေမယ့် ဦးဝီရသူတို့လို အုပ်စုတွေဖြစ်လာခဲ့တာကတော့ စိတ်မချမ်းသာစရာပါပဲ။ သဘာဝအားဖြင့် ဦးဝီရသူတို့အုပ်စုဟာ အခြေခံအိုင်ဒီယိုလိုဂျီမမှန်တဲ့အတွက် မုချ အားနည်း ကျဆုံးသွားရမှာဖြစ်ပါတယ်။ အချိန်တခုအပြီးမှာ မုချ အားနည်းသွား၇မယ့်အဖွဲ့လဲဖြစ်ပါတယ်။

လက်ရှိလက်ဝဲလက်ယာ နိုင်ငံရေးလှုပ်ရှားမှုတွေကို ခေတ်ပြိုင်ဥပမာတွေနဲ့ ထင်ဟပ်ပြတာပါ။

ကိုမျိုးဆက် ဖေ့ဘုတ်မှ ကူးယူသည်။

Tuesday, November 11, 2014

ကျောက်ကပ်ကျန်းမာရေးအတွက် လိုက်နာသင့်သော အချက်အလက်များ

ခန္ဓာကိုယ်ထဲရှိ ကျောက်ကပ်တစ်စုံမှာ အဆိပ်အတောက် များကို စစ်ထုတ်ပေးသော ရေစစ်များအဖြစ် လုပ်ဆောင်ပေးသော်လည်း အဆိပ်အတောက်များစွာ ဖြစ်တည်လာပြီး ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်များကို စွန့်ထုတ်ပစ်ရန် လုံလောက်သော ရေပမာဏမရှိပါက ကျောက်ကပ်များ ပြဿနာဖြစ်လာနိုင်သည်။

ကျောက်ကပ်များ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရေး ရေလုံလောက်စွာ သောက်သုံးရန်လိုအပ်သည်။ တစ်နေ့လျှင် ရေဖန်ခွက်ရှစ်ခွက်မှ ဆယ်ခွက်အထိ သောက်ပေးသင့်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။ ကျောက်ကပ်များမှာ အညစ်အကြေးများ ရှင်းလင်းပေးသော ၎င်းတို့၏ လုပ်ငန်းစဉ်ကို ရေမရှိဘဲနှင့် မလုပ်ဆောင်နိုင်ပေ။ သို့သော် လိုအပ်သော ပမာဏထက်ရေပိုသောက်ခြင်းကြောင့် ကျောက်ကပ်များအတွက် ပိုဖိအားဖြစ်စေကြောင်း ကျွမ်းကျင်သူများက ပြောသည်။

ကျွန်တော်တို့၏ နေ့စဉ်လူနေမှု ဘ၀ပုံစံများတွင် ခန္ဓာကိုယ်အတွင်းပိုင်းအတွက် သန့်ရှင်းရေးလုပ်ငန်းစဉ် မပါဝင်ပေ။  လူအများစုမှာ အကြော် အလှော်များ၊ ပြန်လည်သန့်စင်ထားသော အစားအသောက်များ၊ သကြားနှင့် ကဖိန်း၊ နီကိုတင်းဓာတ်တို့ကိုပါ သုံးစွဲလေ့ရှိသောကြောင့် ခန္ဓာကိုယ်အတွင်းပိုင်း ညစ်ညမ်းမှုဖြစ်ပေါ်သဖြင့် ခန္ဓာကိုယ်စနစ်ကို သန့်ရှင်းအောင် လုပ်ဆောင်ရန်လိုအပ်သည်။ တစ်ရက်မျှ အစာမစားဘဲနေကာ သစ်သီးဖျော်ရည်များသာ သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်စနစ်ကို သန့်ရှင်းပေးသကဲ့သို့ဖြစ်ပြီး အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ကြောင်း ကျန်းမာရေးပညာရှင်များ က ပြောသည်။

ခန္ဓာကိုယ်စနစ်ကောင်းမွန်စေရန် အမျှင်ဓာတ်နှင့် ဓာတ်တိုးဆန့် ကျင်ပစ္စည်း ကြွယ်ဝစွာပါဝင်သော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ စားပေးသင့်သည်။ ခန္ဓာကိုယ်စနစ်ကို သန့်ရှင်းစေသော အစားအသောက်များ စားပေးခြင်းဖြင့် အပိုအက်စစ်များကို ဖယ်ရှားပေးနိုင်သည်။ ပရိုတင်းဓာတ် မြင့်မားစွာပါဝင်သော အစားအသောက်များကို ရှောင်သင့်သည်။ အဘယ်ကြောင့်ဆိုသော် ပရိုတင်းဓာတ်လွန်ကဲစွာ စား သောက်ပါက ကျောက်ကပ်များကို အလုပ်ရှုပ်စေပြီး ပိုနေသော ပရိုတင်းဓာတ်များက ကျောက်ကပ်များ၏ လုပ်ဆောင်ချက်ကို ပျက်ယွင်းသွားစေနိုင်သည်။ ထို့ကြောင့် အာဟာရဓာတ်မျှတစွာ ပါဝင်သည့် အစားအစာများကို မဖြစ်မနေစားပေးရမည် ဖြစ်သည်။
ကျွန်တော်တို့၏ သွေးများမှ စွန့်ပစ်ပစ္စည်းများ၊ အဆိပ်အတောက်များနှင့် အန္တရာယ်ရှိသော ပစ္စည်းများကို ကျောက်ကပ်များက စွန့်ပစ်ပေးသည်။ ကျွန်တော်တို့၏ သွေးထဲတွင်ပါဝင်သော အညစ်အကြေးများကို ကျောက်ကပ်က တစ်နေ့လျှင် ၄၈ ကြိမ်ခန့် စွန့်ပစ် ရန် လုပ်ဆောင်ပေးသည်။
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ သစ်သီးများ၊ သဘာဝ ဆန်၊ ဂျုံ၊ ပြောင်းများစားပေးပါ။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက် များ၊ အစေ့များ၊ အခွံမာသီးများနှင့် သဘာဝဆန်၊ ဂျုံ၊ ပဲ၊ ပြောင်းတို့ တွင် မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး မဂ္ဂနီဆီယမ်ဓာတ်က ကျောက်ကပ်ကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်သည်။

တစ်နေ့လျှင် ရေသုံးလီတာ (သို့မဟုတ်) လေးလီတာထက် ပိုမသောက်သင့်ပေ။ ရေကို ခန္ဓာကိုယ်က လိုအပ်သည့် ပမာဏထက် ပိုသောက်ပါက ကျောက်ကပ်များကို ဖိအားပိုစေနိုင်သည်ဟု ကျန်းမာရေးပညာရှင်များက ပြောသည်။ ခန္ဓာကိုယ်တစ်ခုလုံး၏ သွေးများကို ကျောက်ကပ်များက စစ်ထုတ်ပေးပြီး စွန့်ပစ်သင့်သည့် အရာများကို ဖယ်ရှားကာ မလိုလားအပ်သော ရေများကို မိနစ် ၃၀ ကြာတိုင်း ဆီးအဖြစ် စွန့်ပစ်ပေးသည်။

လူတစ်ယောက်တွင် ကျောက်ကပ် နှစ်လုံးပါရှိသော်လည်း လူအများစုမှာ ကျောက်ကပ်တစ်လုံးတည်းနှင့် အသက်ရှင်နိုင်သည်။ အကယ်၍ ကျောက်ကပ်ပျက်စီးနေပါက အစားထိုးကုသရန် လိုအပ်သည်။ သို့သော် အစားထိုးကုသခွင့်ရရန် စောင့်ဆိုင်းရင်း နှစ်စဉ်လူများစွာ သေဆုံးလျက်ရှိသည်။ ကျောက်ကပ်အန္တရာယ်ဖြစ်ရသောအကြောင်းရင်းများတွင် မိသားစု၌ ကျောက်ကပ်ရောဂါ ရာဇ၀င်ရှိခြင်း၊ ဆီးချို၊ သွေးတိုးရှိခြင်း၊ ဆေးလိပ်၊ အရက်သောက်ခြင်းနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများရှိခြင်းတို့ကြောင့် ဖြစ်သည်။
ကျောက်ကပ်ရောဂါမှာ ရောဂါလက္ခဏာများ မပြသဖြင့်  ကြိုတင်စစ်ဆေးသိရှိနိုင်ခြင်း မရှိပေ။ ကျောက်ကပ်များ ပုံမှန်အလုပ်လုပ်၊ မလုပ်ဆိုသည်ကို သိနိုင်ရန် သွေး၊ ဆီးတို့ကို စစ်ဆေးခြင်းဖြင့် သိရှိနိုင်သဖြင့် ကျောက်ကပ်ရောဂါဖြစ်နိုင်သည့် အန္တရာယ်ရှိသူများအဖို့ ပုံမှန်စစ်ဆေးမှု ခံယူသင့်သည်။

Source : 7 Days Daily

Saturday, August 16, 2014

သြဇီပီအာအကြောင်း အကျဉ်းချုပ်

ကျွန်တော်သိသလောက်တော့ သြဇီထွက်ဖို့ အခွင့်အရေးတွေအကုန် ပိတ်ထားတယ်ဆိုတာ မဟုတ်ပါဘူး။ သြဇီမှာ နေထိုင်ခွင့်ရဖို့ နည်းလမ်းများစွာရှိတဲ့အထဲက Skilled Migrant လို့ ခေါ်တဲ့ PR လျှောက်ထားခွင့်ကို သိသလောက် ဝေမျှချင်ပါတယ်။

သြဇီမှာ PR ရဖို့ အတွက် လျှောက်ထားရတာ တော်တော်ရှုပ်ပါတယ်။ အဓိက အဆင့် ၄ ဆင့်ရှိပါတယ်။ ကိုယ် က Skilled migrant အနေနဲ့ သွားမယ်ဆိုရင် ပထမအဆင့် သက်ဆိုင်ရာ ကျွမ်းကျင်မှုတွေအတိုင်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေကနေ ထောက်ခံစာ ယူရပါမယ်။ တကယ်လို့ ကိုယ်က အင်ဂျင်နီယာဆိုရင် Engineer Australia အဖွဲ့ကနေ ထောက်ခံစာ၊ ကိုယ်က ဆရာဝန်ဆိုရင် Medical Board of Australia ကနေ ထောက်ခံစာ၊ ကွန်ပျူတာသမားဆိုရင် Australia Computer Society ကနေ ထောက်ခံစာ အသီးသီး ယူရပါမယ်။ အဲဒါကို Skilled Assessment လုပ်တယ်ခေါ်တယ်။

သြဇီမှာ PR ကျဖို့ဆိုရင် Point 60 လိုပါတယ်။ IELTS ဖြေပြီးလည်း အမှတ်တွေ ရနိုင်ပါတယ်။ အနည်းဆုံးလိုအပ်ချက်က IELTS individual 6, 10 point ရဖို့ 7 each, 20 points ရဖို့ 8 each။ တခြားအမှတ်တွေ ဘယ်လိုရနိုင်လဲ ဒီမှာ သွားကြည့်နိုင်ပါတယ်။
http://www.immi.gov.au/Visas/Pages/190.aspx
အဲဒီမှာ ကိုယ့်အမှတ်က State Sponsor ဖြစ်ဖြစ်၊ Employer Sponsor ဖြစ်ဖြစ် ယူဖို့မလိုဘူးပဲ ၆၀ ပြည့်လောက်တယ်ဆိုရင် ကြိုက်တဲ့ State ကို သွားလို့ ရပါတယ်။ အဲလိုမှ မဟုတ်ဘူးဆိုရင်တော့ State sponsor ယူပြီး အဲဒီState မှာ အနည်းဆုံး ၂နှစ်နေပြီး ကြိုက်တဲ့နေရာကို ပြောင်းလို့ ရမယ်။ State Sponsor ဘယ်လိုပေးလဲ ဆိုတော့ Occupation in demand list လို့ ခေါ်တဲ့ လိုအပ်နေတဲ့ အလုပ်တွေကို State အသီးသီးက ကြော်ငြာပါတယ်။ ဥပမာအနေနဲ့ Western Australia မှာတင်ထားတဲ့ demand list ကိုဖော်ပြပေးပါတယ်။
http://www.migration.wa.gov.au/.../occupationsindemand.aspx
ကိုယ်နဲ့ ပတ်သက်တဲ့ အလုပ်ရှိတယ်ဆိုရင်တော့ အဲဒီState မှာ နေထိုင်ခွင့်လျှောက်လို့ ရရင် 5 points ရပါမယ်။ အဲဒါက ဒုတိယအဆင့်ပါ။

ပြီးတော့မှ Australia Immigration ကို တင်ပြီး အမှတ် ၆၀ ပြည့်နိုင်မယ် ဆိုရင် အစိုးရကနေပြီး PR ချပေးပမယ်။ အဲဒီတော့မှ ဆေးစစ်တာတွေနဲ့ တခြားလိုအပ်တာတွေ ထပ်တင်ရပါမယ်။ အဲဒါ တတိယအဆင့်ပါ။

နောက်ဆုံးအဆင့်ကတော့ သြဇီကိုသွားပြီး PR ကဒ်ထုတ်တာပါပဲ။ တကယ်တော့ သြဇီပီအာက တော်တော်ရှုပ်ပါတယ်။ အဲဒါကြောင့်လူတော်တော်များများ နားမလည်ကြလို့ Agent တွေဆီကနေ လျှောက်ကြတာများပါတယ်။ Agent ကိ Point ကို ဘယ်ကနေ ဖဲ့ယူရမလဲ ကောင်းကောင်းသိပါတယ်။ Agent Fees အနေနဲ့တော့ ဒေါ်လာ ၂၀၀၀ ကနေ ၅၀၀၀ ကျော်လောက်အထိ ရှိပါတယ်။ ပြီးတော့ သြဇီအစိုးရကိုလည်း အားလုံးပေါင်း ၅၀၀၀ နီးပါး ပေးရတယ်ကြားပါတယ်။ ဒါတွေကတော့ ကျွန်တော်သိသလောက် သြဇီပီအာအကြောင်းပါ။

Friday, August 8, 2014

ကိုအောင်ဒင်ရဲ့ နွေတစ်ညမှ အစပြု၍ နှင့် ကျွန်တော်တို့ရဲ့ မပြီးသေးသော နွေညများ


ကိုအောင်ဒင်ရဲ့ နွေတစ်ညမှ အစပြု၍ စာအုပ်မိတ်ဆက်ပွဲကို Home မှာ လုပ်သွားတဲ့ ဓါတ်ပုံတွေ Facebook မှာ တွေ့ကတည်းက စိတ်ဝင်စားနေခဲ့တာ။ ဇူလိုင်လဆန်း ရန်ကုန်ပြန်ရောက်တော့ ညီညီ(သံလွင်)ပြောပြလို့ စာအုပ်မိတ်ဆက်ပွဲမှာ ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့နဲ့ ကျည်ဆံတူတူ ထိမှန်ခဲ့ပြီး ဆေးရုံမှာ ၅လလောက် ကုသမှုခံလို့ အသက်ရှင်ခဲ့တဲ့ ကိုမြင့်ဦးကလည်း အမှတ်တရ စကားပြောသွားကြောင်း သိရတယ်။ ပြီးတော့ ညီညီကပဲ ဆက်ပြီး ၈၉ ဒေါ်ခင်ကြည်ဈာပနမှာ ကျောင်းသားတွေရဲ့ အစီအစဉ်က ကုန်သည်လမ်းပေါ်မှာရှိတဲ့ မြန်မာ့ထုတ်ကုန် သွင်းကုန်ကော်ပိုရေးရှင်းပေါ်က နေ နိုင်ငံရေးတောင်းဆိုချက်တွေကို ဒိုင်ခံတောင်းဆိုပြီး စစ်အစိုးရက မလိုက်လျောပါက စတုတ္ထထပ်ကနေ ၂နာရီ တစ်ယောက်နှုန်းနဲ့ ခုန်ချမယ့်အကြောင်း၊ ဒုတိယမြောက်ခုန်ချမည့်သူမှာ ကိုကိုကြီးဖြစ်ကြောင်း၊ အခြေအနေအရပ်ရပ်ကြောင့် မလုပ်ဖြစ်ခဲ့ကြောင်း၊ စတာတွေ ပြောပြကတည်းက ဖတ်ချင်လွန်းလို့ City Mart ၊ Ocean တို့ မှာ လိုက်ရှာဝယ်ပေမယ့် မရခဲ့ပါဘူး။ နောက်ဆုံးပြန်ခါနီးအထိ ၀ယ်မရတာနဲ့ သူ့မှာ ရှိတဲ့ စာအုပ်ကို လက်ဆောင်အဖြစ်ပေးတဲ့ ညီညီ့ကို ကျေးဇူးအထူးတင်ရပါတယ်။

ကိုအောင်ဒင်က သူ့စာအုပ်ကို ၁၉၇၄ ဦးသန့်အရေးအခင်း၊ ရေကြည်အိုင်အကြောင်း တို့နဲ့ နိဒါန်းပျိုးထားပြီး ပထမအဆင့် နှိပ်စက်၊ ဒုတိယအဆင့်ချော့မေး၊ တတိယအဆင့် နှိပ်စက် စတဲ့ စစ်ကြောရေးဖြတ်သန်းမှုတွေဟာ မှတ်သားစရာ သင်ခန်းစာတွေပါ။ အဲဒီနောက်မှာတော့ ၈၈ မတိုင်မှီ နိုင်ငံရေးအခြေအနေ၊ မြန်မာ့ပညာရေး၊ စက်မှုတက္ကသိုလ်နဲ့ ငွေစက္ကူတွေ ဖျက်သိမ်းခြင်းစတဲ့အကြောင်းအရာတွေနဲ့ အရေးအခင်းမတိုင်မှီ အနေအထားတွေကို ပုံဖော်ထားပါတယ်။ အဲဒီနောက်မှာတော့ စာအုပ်ရဲ့ အဓိက အပိုင်း နွေညတစ်ညဖြစ်တဲ့ ၈၈ မတ်လ ၁၂ရက်နေ့ည စန္ဒာဝင်းလက်ဖက်ရည်ဆိုင်က စလို့ သူကြုံခဲ့ရသမျှ ၈လေးလုံး လူထုအရေးတော်ပုံကြီးအကြောင်းကို စီကာပတ်ကုံး အသေးစိတ် ဖတ်ရပါတယ်။ မတ်လ ၁၃ရက် ကိုဖုန်းမော်အရေးအခင်း၊ မတ်လ ၁၆ရက် တံတားနီအရေးအခင်းပြီးတော့ ကျောင်းတွေ ပိတ်သွားပြီး မေလကျောင်းတွေ ပြန်ဖွင့်၊ ဇွန်လ ၁၄ရက်မှာ “ကျော်စွာထွဋ် တစ်ယောက်တည်း ကျောင်းကို သပိတ်မှောက်ပြီ” လို့ ကျောက်သင်ပုန်းပေါ်မှာ ရေးခြစ်တဲ့ မောင်မောင်ကျော်အကြောင်း၊ သူအဓိက ဦးဆောင်ပါဝင်ခဲ့တဲ့ ဗမာပြည် ပြည်သူ့လွတ်မြောက်ရေး လူငယ့်တပ်ဦး၊ ဒု-ဥက္ကဌအဖြစ် တာဝန်ယူခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ အဲဒီနောက် ဒီငြိမ်းပါတီ၊ လူ့ဘောင်သစ်၊ သုံးရောင်ခြယ် စတဲ့ အဖွဲ့အစည်းတွေအကြောင်း၊ ဦးအောင်ကြီး၊ ဦးနု၊ ဗိုလ်မှူးးအောင်၊ ဒေါ်အောင်ဆန်းစုကြည် တို့အပြင် သူနဲ့ လက်တွဲဖော်တွေ ဖြစ်တဲ့ မင်းကိုနိုင်၊ ကိုကိုကြီး၊ မိုးသီးဇွန်၊ မင်းဇေယျ၊ ဌေးကြွယ် စတဲ့ ကျောင်းသားခေါင်းဆောင်တွေအကြောင်း တစေ့တစောင်းတို့ဟာလည်း တကယ့်ကို ရင်သက် ရှုမောဖွယ်ရာပါ။

၈၈ အရေးအခင်းတုန်းမှာ ကျွန်တော်က သုံးတန်းကျောင်းသားလေးပဲ ဖြစ်ပေမယ့် အဖိုးနဲ့ ဘကြီးတွေက နိုင်ငံရေး စိတ်ဝင်စားတော့ သတင်းတွေ နားစွန်နားဖျား အမြဲကြားခဲ့တယ်။ ဒါပေမယ့် အသက် ၉နှစ်လောက်သာ ရှိသေးတဲ့အတွက် အကြောင်းအရာတွေက ၀ိုးတိုးဝါးတား၊ ၈၈မှာ အဆိပ်ခပ်တာ၊ ဟိုဖက်လမ်းထိပ် ဒီဖက်လမ်းထိပ် ၀ါးကပ်ကြီးတွေ သဲအိတ်ကြီးတွေနဲ့ ကိုယ့်လမ်းကိုယ့်ရပ်ကွက် လုံခြုံရေးကိုယ့်ဘာသာယူရတာ၊ ခေါင်းဖြတ်ကြတာ၊ လေးဂွတွေ ဂျင်ကလိတွေ၊ ဓားတွေ တုတ်တွေ ဆောင်ကြတာနဲ့ အဲဒီခေတ်က ကြွေးကြော်ကြတဲ့ “ဘာလုပ်နေလဲ မောင်မောင်ရေ ဒီမိုကရေစီပေးလိုက်ပါလား” “ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး” စတာတွေကိုပဲ မှတ်မိပြီး နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်လို့တော့ ဦးအောင်ကြီး၊ ဦးနုနဲ့ ဒီငြိမ်း၊ ဒေါ်စုနဲ့ ဒီချုပ် ဆိုတဲ့ နာမည်တွေလောက်ပဲ ကြားဖူးခဲ့တာပါ။ အခုမှ ကျွန်တော် ငယ်ငယ်က ကြားဖူးနားဝတွေရယ် အရွယ်ရောက်လို့ ဖတ်မှတ်မိသမျှ အကြောင်းတွေကို ဒီစာအုပ်က သမိုင်းကွင်းဆက် တဆစ်ချင်း ဆက်ပေးလိုက်သလို အကြောင်းအရာတွေကို ရှင်းရှင်းလင်းလင်း သိခွင့်ရခဲ့တယ်။ ကိုမင်းကိုနိုင်ကတော့ အနုပညာ ရသသမားပီပီ ရသလေး ထည့်ပြီး ရေးရင် ပိုကောင်းမယ်လို့ မိတ်ဆက်ပွဲမှာ ပြောခဲ့ကြောင်း ညီညီက ပြန်ပြောပြပါတယ်။ သူတို့လို ကိုယ်တိုင် ထဲထဲဝင်ဝင် ပါဝင်ခဲ့သူတွေ အတွက်တော့ အကြောင်းအရာတိုင်းဟာ သိပြီးသားပေမယ့် ကျွန်တော်တို့နဲ့ နောက်ပိုင်း မျိုးဆက်အတွက်တော့ အဖိုးတန်စာအုပ်တစ်အုပ်ပါပဲ။ ပြီးတော့ စာအုပ်တစ်အုပ်ကို ဖတ်နေရတယ်ဆိုတာကို မေ့ပြီး အစ်ကိုကြီးတစ်ယောက်က ညီငယ်တစ်ယောက်ကို ၈၈ အရေးအခင်း အကြောင်း သရုပ်ဖော်ပြောပြနေသလို ခံစားမှုမျိုး ဖြစ်ပေါ်ခဲ့ရပါတယ်။ အဲဒါတွေကြောင့် ကျွန်တော်တို့ အရွယ်အပါအ၀င် နိုင်ငံရေးစိတ်ဝင်စားတဲ့ ဘယ်လူငယ် လူရွယ်မဆို ဖတ်ထားသင့် သိထားသင့်တဲ့ စာအုပ်တစ်အုပ်အဖြစ် ညွန်းလိုက်ပါတယ်။

စာဖတ်ပျင်းတယ်ဆိုရင်တောင် စာမျက်နှာ ၃၉၁ကနေ ၃၉၇ အထိရှိတဲ့ နောက်ဆုံးခန်း “အဆုံးမဟုတ်သေးပါ” ဆိုတာကိုတော့ မြန်မာလူငယ်တိုင်း ဖတ်ထားသင့်၊ သိထားသင့်တယ် ထင်ပါတယ်။ ညွှန်းသာညွှန်းရတယ် တချို့ စာဖတ်ပျင်းတဲ့ လူတွေရှိတဲ့ အတွက် ဒါမှမဟုတ် စာအုပ်ဝယ်မဖတ်ဖြစ်တော့မယ့် လူတွေအတွက် ၈၈ အရေးတော်ပုံနဲ့ အောင်မြင်ခါနီးလေးတွေမှ တေ့တေ့ပြီး လွဲသွားရတဲ့ အကြောင်းလေးတွေကို သမိုင်းသင်ခန်းစာအဖြစ် ရေးပြချင်ပါတယ်။ (စာအုပ်ကို ဖတ်ဖို့ ဆုံးဖြတ်ထားတဲ့ လူတွေနဲ့ ၈၈ အရေးအခင်းအကြောင်းကို ခရေစေ့တွင်းကျ သိသူတွေအတွက် မဟုတ်ပါ။)

- ၈လပိုင်းအလယ်လောက်ကစပြီး ကြီးမားလှတဲ့ လူထုကြီးနဲ့ မြင့်မားတဲ့ နိုင်ငံရေး ရည်ရွယ်ချက်တွေကို ကျောင်းသားတွေ ဆက်လက်ဦးဆောာင်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် အမျိုးသားခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်၊ လူထုခေါင်းဆောင်တွေကို ရှာပုံတော် ဖွင့်ကြတာ စိတ်ဓါတ်တက်ကြွဖွယ်ရာပါ။

- ဇူလိုင် ၂၃ ရက်မှာ ဦးနေ၀င်းကို နုတ်ထွက်ခွင့် ပြုပေမယ့် ကျန်တဲ့ ခေါင်းဆောင်တွေကို နုတ်ထွက်ခွင့်မပေးတာဟာ မဆလ ပါတီခေါင်းဆောင်များ အနေနဲ့ အာဏာကို လုံးဝလက်မလွတ်ချင်တာ သိသာလှပါတယ်။

- ဒေါက်တာမောင်မောင်ဟာ လမ်းပြမြေပုံ ၈ချက်နဲ့ အချိန်ဆွဲဖို့ ကြိုးစားသလို ၇၄ ဖွဲ့စည်းပုံနဲ့ ကိုင်ပြီး တစ်ပါတီစနစ်ကနေ ပါတီစုံစနစ်ကို ပြောင်းဖို့ လူထုဆန္ဒခံယူပွဲလုပ်ရမယ် လို့ ပြောတာဟာ အခုလောလောဆယ် ၄၃၆ ကိစ္စနဲ့ ဆင်ဆင်တူတယ်လို့ ထင်မိပါတယ်။

- မပြောင်းတုန်းကလည်း ပြောင်းလို့ မရတော့မလိုလိုပြောပြီး ပြောင်းချင်တော့လည်း ပါတီစုံစနစ်နဲ့ အထွေထွေ ရွေးကောက်ပွဲ ၃လအတွင်း ကျင်းပမယ်လို့ စက်တင်ဘာ ၁၁ မဆလရဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။

- အဲဒီကမ်းလှမ်းချက်ကို ဦးနု၊ ဗိုလ်မှူးအောင်နဲ့ ဦးသုဝေက လွဲပြီး ကျန်တဲ့ နိုင်ငံရေး ခေါင်းဆောင်တွေက လက်မခံပဲ ကြားဖြတ်အစိုးရဖွဲ့စည်းဖို့ပဲ တောင်းဆိုခဲ့ကြတယ်။

- စက်တင်ဘာ ၁၁ရက်နေ့ လွှတ်တော်အစည်းအဝေးဆုံးဖြတ်ချက်တွေကို လက်မခံခဲ့ကြပေမယ့် ၁၈ရက်နေ့ စစ်အစိုးရ အာဏာသိမ်းပြီးတဲ့အချိန်ကနေ စပြီး ပါတီတွေထောင်လာလိုက်ကြတာ အောက်တိုဘာ လကုန်မှာ ပါတီပေါင်း ၅၀ကျော် ရှိနေခဲ့ပြီလို့ သိရပါတယ်။

ဒီစာအုပ်ဖတ်ပြီးတဲ့ အချိန်မှာ ၈၈ အရေးတော်ပုံကြီးကနေ မဆလ အစိုးရကို ဖြုတ်ချနိုင်ခဲ့တယ်ဆိုပေမယ့် ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ဒီမိုကရေစီပန်းတိုင်ကို မရောက်နိုင်သေးတဲ့ အကြောင်းအရင်းပေါင်း များစွာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကျောင်းသားခေါင်းဆောင် အချင်းချင်း၊ နိုင်ငံရေးခေါင်းဆောင် အချင်းချင်း၊ အမျိုးသားခေါင်းဆောင်းအချင်းချင်း စည်းလုံးညီညွတ်မှု၊ ယုံကြည်လေးစားမှု၊ အသင်းအဖွဲ့စိတ်ဓါတ် နိုင်ငံရေးပရိယာယ်စတာတွေ အများကြီးအားနည်းခဲ့တယ်လို့ အကြမ်းဖျင်းသုံးသပ်မိပြီး ကျွန်တော်တို့ဖက်က အဲလို အလဲလဲအပြိုပြိုဖြစ်ခဲ့ကြပေမယ့် တဖက်မှာတော့ တသွေးတသံတမိန့်နဲ့ ယဉ်ပါး နေတဲ့ အာဏာရနဲ့ လက်နက်ကိုင် အဖွဲ့အစည်းကို ရင်ဆိုင်ကြရတာပါ။ ကျွန်တော်တို့ ခေါင်းဆောင်တွေ ဘယ်လိုပဲ မညီညွတ်ခဲ့ကြပေမယ့် အဖိနှိပ်ခံ ပြည်သူလူထုကတော့ မခံနိုင်တဲ့အဆုံး အာဏာရှင်ကို ဆန့်ကျင်ဖို့ လမ်းပေါ်ကို အမြဲထွက်လာခဲ့ကြရပါတယ်။ သမိုင်းကြောင်းကို ပြန်ကြည့်ရင် ၆၂ ကျောင်းသားအရေးအခင်း၊ ၇၀ ကျော်များဆီက ဦးသန့် အရေးအခင်း၊ မှိုင်းရာပြည့်၊ ၈၈၈၈ ၊ ၉၆၊ ၉၈ ကျောင်းသားလှုပ်ရှားမှု၊ ၂၀၀၇ ရွှေဝါရောင် စသဖြင့် အာဏာရှင် အဆက်ဆက်ကို ဆယ်စုနှစ်တိုင်း အနည်းဆုံးတစ်ချိန်တော့ တော်လှန်ခဲ့ကြပါတယ်။ အခုလို လယ်သိမ်းယာသိမ်း၊ အလုပ်သမားအလုပ်ရှင်ပြဿနာ၊ ပြည်သူတွေ ဆင်းရဲတွင်း နက်သနက် နက်လာတဲ့အချိန် ၂၀၁၀ ကနေ ၂၀၂၀ အကြား ဘာမှ မဖြစ်လာနိုင်ဘူးလို့ ဘယ်သူမှ ပြောနိုင်မယ်မထင်ပါ။ အဓိကတော့ အခုအရှိန်တက်နေပြီဖြစ်တဲ့ ၂၀၁၄၊ ၂၀၁၅ နောက်ပိုင်း နိုင်ငံရေးအခြေအနေပေါ် အများကြီးမူတည်ပါတယ်။

မှတ်မှတ်ရရ ၈၈၈၈ နှစ်ပတ်လည် ၂၆နှစ် ပြည့်တာနဲ့ အညီ ကျွန်တော်တို့ နေဘုန်းလတ်တို့ သံလွင်အိပ်မက်က သူငယ်ချင်းတွေ ဆုံတိုင်း ဂစ်တာတီး သီချင်းဆိုဖြစ်တဲ့ ၈၈တုန်းက သီချင်းစာသားလေး အချို့နဲ့ စာကို အဆုံးသတ်ချင်ပါတယ်။ ၆၂ ဦးနေ၀င်းအာဏာသိမ်း ၂၆နှစ်အကြာ ၈၈ အရေးတော်ပုံ ဖြစ်ပြီး အဲဒီ ၈၈ကနေ အခု ၂၆နှစ်အကြာအထိ မပြီးဆုံးနိုင်သေးသော နွေညများအကြောင်းပေါ့ . . ။

“ရိုင်းစိုင်းတဲ့ တောတိရစ္ဆာန်များလည်းမဟုတ် အားလုံးက အသိနဲ့လူတွေ

လက်နက်ပြခြိန်းခြောက်ကာ အုပ်ချုပ်မှု ရပ်တန်းက ရပ်သင့်ပြီလေ

အများစုက မနှစ်မြို့တဲ့အစိုးရမို့ အများနဲ့ တစ်ယောက်လျော့သင့်ပြီလေ

အရေးအခင်းတိုင်း လက်နက်နဲ့ ရှင်းလို့တော့ မြန်မာပြည်မှာ လူသာကုန်မလေ .....

Cho : တရားလက်လွတ် ဘယ်လောက်လုပ်ကြမလဲ၊ အားလုံးက ကြံကြံခံဇွဲ

လက်နက်နဲ့ Public တိုက်ပွဲ မဆလ တောထုတ်တဲ့ပွဲ . .

အများကောင်းစားရေးအတွက် မူချမှတ်ခဲ့ ၂၆နှစ် ရှိခဲ့ပြီလေ

အများစုက ကုန်းကောက်စရာမရှိတဲ့ဘ၀ သူတို့ကျတော့ အရမ်းချမ်းသာနေ

ဆင်းရဲတွင်းနက်လှတဲ့ ကြားထဲက လူ့အခွင့်အရေးဆုံးရှုံးရာမြေ

လုပ်လိုက်တိုင်း ကောင်းကျိုးရယ် တကွက်မှမရှိ မြန်မာပြည်ဟာ နာနေပြီလေ . . . .

Cho 2 : ကျဆုံးသော အပြစ်မဲ့သူများ သုဂတိသို့ လားရောက်ပါစေ

တို့အားလုံး ၀မ်းနည်းတယ်လေ၊ တို့အားလုံး ဆက်လုပ်မယ်လေ . . . ”

စည်သူ(သံလွင်)

Tuesday, July 15, 2014

မြန်မာအစားအစာ Calories List

Credit to and copy from Kyaw Zaw Lin's FB 

Weight လျှော့ချင်တဲ့ သူငယ်ချင်းတို့၊

သိပ္ပံနည်းကျအဖြစ်ဆုံး၊ အမှန်ကန်ဆုံးဝိတ်လျှော့နည်းဟာ Input အဖြစ်ဝင်လာတဲ့ အစားအသောက်ကရတဲ့ ကယ်လိုရီကို နည်းအောင်ထိန်းစားသောက်ပြီး၊ Output အဖြစ် လောင်ကျွမ်းသွားအောင် လှုပ်ရှားမှုများများလုပ်ပေးခြင်းဖြစ်တဲ့အတွက် နေ့စဉ်စားသောက်နေတဲ့ အစားအသောက်တွေရဲ့ ကယ်လိုရီပါဝင်မှုတွေကို ယေဘူယျသဘောတော့ သိထားရင် အကျိုးရှိပါလိမ့်မယ်။ လှုပ်ရှားမှုများတဲ့လူငယ်တွေအတွက် မလိုပါဘူး။ ၃၀ ကျော်တွေကတော့ ဆီချက်တစ်ပွဲစားလိုက်လို့ ဝင်လာတဲ့ ကယ်လိုရီပမာဏကို ကျေပျက်ဖို့ မိနစ် ၄၀ လောက်လမ်းလျှောက်တဲ့လှုပ်ရှားမှုမျိုး လိုအပ်ကြောင်း နည်းနည်းသတိပြုဖို့လိုပါတယ်။

ဒီစာရင်းလေးကြည့်လိုက်ရင် စားချင်သောက်ချင်စိတ်ကုန်သွားမယ်။
ကျွန်တော်တို့ သတိမထားမိတာတွေအများကြီး ဒီမှာပါတယ်။
ဥပမာ၊ အုန်းနို့ခေါက်ဆွဲတစ်ပွဲထက် ရှမ်းခေါက်ဆွဲတစ်ပွဲက ကယ်လိုရီပိုများတာ၊ ဒန်ပေါက်တစ်ပွဲထက် ကြေးအိုးတစ်ပွဲက အများကြီးပိုများတာမျိုးပေါ့။ 


( အောက်ပါစာရင်းအတွက် Roche Myanmar Co.,Ltd ကို ကျေးဇူးတင်ပါတယ်)







Monday, June 16, 2014

စလုံးရောက် စာမျက်နှာ ၁၅ အမှတ်တရ

လွန်ခဲ့တဲ့ ၁၅နှစ်ကပေါ့။ စင်္ကာပူမြေကို စနင်းခဲ့တယ်

ပြား ၅၀ ဖိုး ထမင်းဖြူပေါ် ဟင်းအနှစ်လေး စမ်းပြီး ပြီးခဲ့ရတဲ့ နေ့လည်စာတွေရှိ ခဲ့ဖူးသလို တပွဲ ၈၅ကျပ်တန် စလုံးရဲ့ အကောင်းဆုံးစာရင်းဝင် ဆိုင်တချို့ မှာလည်း စားခဲ့ဖူးပြီ။

အမေ၀ယ်ပေးခဲ့တဲ့ Skechers တရံ၊ expo မှာ ဈေးလျော့ ရောင်းတဲ့ ငါးကျပ်တန် ဖိနပ်တရံ နဲ့ ပေါ်လီသုံးနှစ်ပြီးခဲ့ရသလို
ရန်ကုန်မှာတုန်းက ပွဲလမ်းသဘင်မှစီးတဲ့ Caterpillar ကို အလုပ်ထဲမှာ အကြမ်းစီးခဲ့ဖူးပြီ။

ဘတ်စ်ကားဖိုး ပြား၇၀ မရှိလို့ ၄မှတ်တိုင်စာ လမ်းလျှောက်ခဲ့ဖူးသလို
စင်္ကာပူ၊ မလေးရှား၊ အမေရိက၊ သြစတြေးလျနိုင်ငံစုံအောင် ကားလျှောက်မောင်းဖူးပြီ။

ရန်ကုန်ကို ၃နှစ်နေမှ တစ်ခေါက် ပြန်ခဲ့ဖူးသလို
တစ်နှစ်တည်း ၃ခေါက်လည်း ပြန်ခဲ့ဖူးပြီ။

ကြက်ဥတကတ်လုံး ၀ယ်ဖို့ ပိုက်ဆံ တကျပ်ခွဲမရှိလို့ ကြမ်းပေါ်ကျနေတဲ့ ငါးပြားစေ့တွေလိုက်ကောက်၊ လေးစေ့ ပြည့်မှ တစ်လုံး ပြားနှစ်ဆယ်နဲ့ ၀ယ်စားနိုင်ခဲ့သလို
Fullerton, Raffles က အစ စင်္ကာပူက အကောင်းဆုံးဆိုတဲ့ ဟော်တယ်တိုင်းမှာ ဘူဖေးလ်စားခဲ့ဖူးပြီ။

ဝတ်စရာ ဘောင်းဘီရှည် ၂ထည်နဲ့ ကျောင်းတက်ခဲ့ရသလို
ဘီဒိုမဆန့်တော့လို့ မရှိဆင်းရဲသူတွေကို ပေးဝေခဲ့ဖူးပြီ။

Watson ရဲ့ Cashier မှာ Credit card နဲ့ ပေးသူတိုင်းကို ချမ်းသာလှချည့်လားဆိုပြီး ငေးခဲ့ဖူးသလို Credit card bill တွေ မပေးနိုင်ခဲ့လို့ နောက် သုံးရမှာ ကြောက်ပြီး သားရေပင်နဲ့ ပတ်ထားတဲ့ Credit card တွေ အံဆွဲထဲမှာ အထပ်လိုက် ရှိခဲ့ဖူးပြီ။

ကြက်သွန်ဆီသတ်တိုင်း၊ Hotdog ကြော်တိုင်း တူးခဲ့ရဖူးသလို
Gordan Ramsay ချက်နည်းတွေကို တမျိုးပြီး တမျိုးစမ်းသပ်ဖူးပြီ။

နိုင်ငံရေးလုပ်လို့ ဆိုပြီး ကွန်ပျူတာသိမ်း၊ ရဲက အကြိမ်ကြိမ်ခေါ်တွေ့တာ ခံဖူးသလို
စင်္ကာပူသမ္မတနဲ့လည်း ညစာစားပွဲမှာ ဆုံဖူးပြီ။

ရေဖိုးမီးဖိုး ပေးစရာမရှိလို့ တပတ်လောက် မီးမရှိရေမရှိနေခဲ့ဖူးသလို
ရေလည်း မကူး၊ Gym လည်း မဆော့ဖြစ်ပဲ Maintenance fees ၂၀၀ကျော် ကို လတိုင်း အလကားသက်သက်ပေးခဲ့ဖူးပြီ။

OPC ကားဖိုး ၂၀ မပေးပဲ အကြိမ်ကြိမ် ခိုးထွက်ခဲ့ဖူးသလို
ရဲမိသွားလို့ ဒေါ်လာ ၂၀၀လည်း ဒါဏ်ကြေးဆောင်ဖူးပြီ။

စာပေအနုပညာနဲ့ ဘာမှမဆိုင်သလိုနေခဲ့ဖူးပြီး
သံလွင်အိပ်မက်၊ လမ်းပြကြယ်နဲ့ TP Myanmar ကပွဲတွေမှာ ထဲထဲဝင်ဝင်ပါခဲ့ဖူးပြီ။

Movie ကို ၂.၅ ဒေါ်လာ Booking fees မပေးချင်လို့ ရုံအထိသွား လူတိုးပြီး ၀ယ်ခဲ့ဖူးသလို
Online Degree တစ်ခုက Dropout ဖြစ်လို့ ဒေါ်လာ တစ်သောင်းကျော် ပလုံသွားဖူးပြီ။

စားသောက်ဆိုင် ပုဂံဆေး၊ လမ်းဘေးစာရွက်ဝေ၊ စာတိုက်ဗုံး ကြော်ငြာထည့်၊ ဂိုထောင်ကုန်တင်ကုန်ချ အလုပ်ကြမ်းသမား၊ စားပွဲထိုး မျိုးစုံလုပ်ခဲ့ဖူးသလို
ကုမ္ပဏီဒါရိုက်တာ၊ Investor, Shareholder တွေလည်း လုပ်ခဲ့ဖူးပြီ။

စလုံးတွေ ခိုင်းသမျှ ခံခဲ့ရသလို
စလုံးတွေကိုလည်း ခိုင်းချင်ရာခိုင်းခဲ့ဖူးပြီ။

စရောက်ကတည်းက ဆန့်ကျင်ဖက်မဟုတ်ပဲ ပိုတိုးလာတာဆိုလို့ သုံးခုပဲ ရှိတယ်။ အဲဒါတွေကတော့ ၂၀ ကီလိုလောက် တက်ခဲ့တဲ့ ခန္ဓာကိုယ်အလေးချိန်ရယ်၊
ကျောင်းတက်တုန်းက ဆယ်ဂဏန်း
အလုပ်စလုပ်တော့ ရာဂဏန်း
ဒီဂရီတက်တော့ ထောင်ဂဏန်း
ကားဝယ်တော့ သောင်းဂဏန်း
အိမ်ဝယ်တော့ သိန်းဂဏန်းတင်နေတဲ့အကြွေးရယ်၊

မိဘကိုပြန် ပြုစုချင်တဲ့
စီးပွားရေး ပြန်လုပ်ချင်တဲ့
နိုင်ငံရေး ပြန်လုပ်ချင်တဲ့
လူမှုရေးပြန်လုပ်ချင်တဲ့
မြန်မာပြည်ပြန်ချင်တဲ့စိတ်ဆန္ဒရယ်။

အင်း . . . ဖြတ်သန်းခဲ့ရတဲ့ စာမျက်နှာတိုင်းအတွက် ကျေးဇူးပါ စင်္ကာပူ။ ဒါပေမယ့် စလုံးရေ . . ကမ္ဘာမြေရဲ့ အစက်လေးပေါ်မှာ နောက်ထပ် ၁၅မျက်နှာတော့ မရှိချင်တော့ပါ။ အမိမြန်မာပြည်မှာသာ ကိုယ်လိုချင်တဲ့ နေရာတစ်ခု ရှိမယ်ဆိုရင်ပေါ့။