Wednesday, May 30, 2007

နှင်းဝိညာဉ်တစ်စက်ရဲ့ နိဂုံး

အဲဒီနေ့ကပေါ့ တိမ်ညိုတွေလွင့်ကြဲ ကောင်းကင်တစ်ခုလုံးမည်းနေခဲ့တာ။ သွေးမထွက်တဲ့ ဒါဏ်ရာတစ်ချက်ကြောင့် ဘ၀တစ်ခုလုံးလည်း ပျက်မတတ်ဖြစ်ခဲ့ရပါပြီ သဒ္ဒါ။ ပြောပါဦးကောင်မလေးရယ်၊ ငါကRomanticမဖြစ်ဘူးတဲ့လား။ Candle Light Dinner တစ်ခု၊ နေညိုညို ကမ်းခြေနဲ့ အနမ်းတွေဆန်းတဲ့ ညနေလမ်းကိုမှ မင်းက Romanticလို့ဆိုချင်တာလား။ ငါ့အတွက်တော့ နေပူပူမိုးရွာရွာ မင်းအနားမှာ ရှိသရွေ့ Romanticနေ့တွေချည်းပါပဲ။

`ကြယ်တွေအခါခါ ကြွေရင်တောင်
မင်းအနားမှာပဲ နေချင်တဲ့ကောင်ပါ´

အလင်းဖြူ(ဇင်ကိုလတ်)ရဲ့ မှောင်နေတဲ့ကောင်မှ

ထားခဲ့ပါ မိသဒ္ဒါ၊ စင်္ကာပူဆိုတဲ့ ကျွန်းနိုင်ငံသေးသေးလေးမှာ ငါ့ကိုထားခဲ့ပါ။ လွတ်လပ်တယ်ဆိုတာ နားလည်ခွင့်မရကြသူ တို့ရဲ့ဘေးနားမှာ ထားခဲ့ပါ။ ခံစားချက်တို့ကို ပြက်ရယ်ပြုသူတချို့ရဲ့ လက်ထဲမှာထားခဲ့ပါ။ သစ်တောမြေရဲ့ အဝေးတစ်နေရာမှာထားခဲ့ပါ။ အိပ်တစ်ဝက် နိုးတစ်ဝက် သွေးပျက်တဲ့ညတွေမှာ ထားခဲ့ပါ။ ရာဇ၀င်ခပ်ကြဲကြဲမှာ မျက်ရည်တွေဝေ့၀ဲ ငါဆိုတဲ့ကောင်ကတော့ ဆက်လျှောက်ဆဲပဲ ငါ့ရဲ့ အစုတ်ပလုတ်မလေး မိသဒ္ဒါရေ။ ကဲ . . . အလွမ်းတွေကို ထက်ခြမ်းခြမ်းလို့ တစ်ယောက်တစ်လမ်းဆီသာ သွားလိုက်ကြပါစို့ရဲ့။


``ရှင်ကွဲ´ တဲ့လေ
စကားနှစ်လုံးနဲ့ပဲ
မိုးစဲခဲ့ရပေါ့
နှုတ်ခမ်းတွေ ဖျော့တော့သွေ့ခြောက်
ငါတစ်ယောက်ထဲ
ငါတစ်ယောက်ထဲ
ငါတစ်ယောက်ထဲ
အလဲလဲအပြိုပြို
အသိုသိုအ၀ှက်ဝှက်
မချစ်တတ်ရင် ကောင်းမယ်..။´

ခေလွန်း(ညီညီ၊သံလွင်၊)ရဲ့ လမ်းခွဲမှ

လွမ်းဆွတ်တမ်းတ အချိန်တိုင်းသတိရနေခဲ့တာ မင်းသိရဲ့လား သဒ္ဒါ။ နှလုံးသားတစ်ခုရဲ့ နိဂုံးဟာ အပြုံးတွေနဲ့ မလှပနိုင်တာကိုတော့ ခွင့်လွှတ်ပါ။ အင်း . . . ပြောမယ့်သာ ပြောရတယ် ငါဆိုတဲ့ကောင်ကလည်း ကိုယ်လုပ်ချင်တာဆို တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် လုပ်ခဲ့မိတာကိုး။ တုံးနဲ့ မတိုက်ပဲ စုန်းမလေးက အလွမ်းတွေ တိုက်ကျွေးခဲ့ရပြီ။ ကျားနဲ့ မကိုက်ပဲ ခွေးမလေးမိသဒ္ဒါက အနက်ရှိုင်းဆုံးတနေရာကို ကိုက်သွားခဲ့ပြီ။ အင်း . . ပြီးတာတွေလဲ ပြီးပါစေတော့လေ။ ငါ . . . ငါ . . . စကားလုံးတွေနဲ့ ပြည့်သိပ် ရင်ခွင်တံခါးကိုပိတ်လို့ အိပ်စက်ခွင့် ပြုကြပါတော့။


`သိုက်သိုက်ဝန်းဝန်းပါပဲ
ငါနဲ့ ငါ့ရင်ခုန်သံအစစ်တွေ
မိုးစက်တွေအောက်မှာ တဖျစ်ဖျစ်လောင်ကျွမ်း
အဲဒီ့ညနေတစ်ခုလုံး
ငါလွမ်းနေတာ ...
အစိမ်းရောင်တွေရင်တစ်ခွင်လုံးလွှမ်းလို့ ...။´

နွေလေ(နေဘုန်းလတ်)ရဲ့ နောက်ဆုံးသောညမှ

ဇင်ကိုလတ်
၇း၄၅၊ ၃၀ မေလ ၂၀၀၇

5 comments:

NayPhoneLatt said...

Bravo ... Bravo ... Bravo ...
Pyaung ... Pyaung ... Pyaung ...
Myanmar Sar Yike Loe Ma ya loe Hae ... De Sat Ka

Unknown said...

ဟီး ဟီး ငါ့သူငယ်ချင်းကြီးပဲ အားပေးမယ့်သူရှိတယ် ...

Anonymous said...

post lay kg tal kha bya
like those adj u use for mithadar
:)
Hnin

Chit Lay Pyay said...

နှင်းဝိညာဉ်တစက်ရဲ့ပုံပြင်က စတောင်မစရသေးဘူး နိဂုံးဖြစ်သွားပြီလား၊ ဒီမှာအားပေးရင်း စပ်စုမလို့စောင့်နေတာ ဆန့်တငံငံတောင် ဖြစ်သွားပြီ၊

Unknown said...

Hnin >>> ဟုတ်။ ကျွန်တော်အဲလိုမျိုး သုံးရတာ ကြိုက်တယ်။

ချစ်လေပြေ >>> ဟုတ်တယ် ချစ်လေပြေရေ။ ဇာတ်လမ်းက အစကတည်းက ဆုံးနေတာ။ ဟီးဟီး။ စိတ်မပူနဲ့ တခြားပုံပြင်တွေရှိသေးတယ်။ နောက် ပြောပြမယ်။