Thursday, August 30, 2007

Heroes - Live in Singapore


ကျွန်တော်ဒီရက်ပိုင်း ကြည့်ဖြစ်နေတဲ့ Heroesဆိုတဲ့ ဇာတ်လမ်းတွဲအကြောင်း နဲနဲပြောပြချင်ပါတယ်။ တကယ်တော့ သူတို့က X-menထဲက Mutantsတွေ ပုံစံမျိုးပါပဲ။ ကိုယ်ဖျောက်နိုင်တဲ့သူ၊ ရုပ်လွဲရုပ်ပြောင်းနိုင်တဲ့သူ၊ မိုးပျံနိုင်တဲ့သူ၊ Teleportလုပ်နိုင်သူ စသည်ဖြင့်ပေါ့။ ဒါပေမယ့်သူတို့က Mutant မဟုတ်ပါဘူး။ ဇာတ်လမ်းထဲမှာ ပြောထားတာကတော့ Ordinary human with Extra ordinary powerပါတဲ့လေ။ အခု season 1ကို USမှာ ပြပြီးပါပြီ။ အခုseason 2အတွက် Promotionလုပ်ဖို့ Heroesကလူတွေ စင်္ကာပူကို လာမှာ ဖြစ်တဲ့အကြောင်း ကျွန်တော် Heroesဇာတ်လမ်းတွဲကို အရမ်းကြိုက်မှန်းသိတဲ့ ကျွန်တော့်အကိုက သတိပေးလာပါတယ်။ သူတို့တွေထဲက Niki, Hiro, Matt, နဲ့ Mohinder တို့ ဒီနေ့ရောက်မှာဖြစ်ပြီး မနက်ဖြန်၃နာရီမှာ Vivocityကို လာပါလိမ့်မယ်။

တခြားကျွန်တော်ကြည့်နေတဲ့ ဇာတ်လမ်းတွဲတွေကတော့ Lost season 3၊ နာမည်အရမ်းကြီးပေမယ့် အခုမှစကြည့်ဖြစ်မယ့် Prison Break၊ အမတွေက ကောင်းတယ် ကြည့်လို့ ပြောတဲ့ 24ဆိုတဲ့ ဇာတ်လမ်းတွဲတွေကိုတော့ နောက်ပိုင်းမှ ပြောပြပါတော့မယ်။

Sunday, August 26, 2007

ခရီးများ အဆုံးထိလျှောက်

အမှန်တရားနောက် တကောက်ကောက်
ခရီးများ အဆုံးထိလျှောက်ကြမယ်။

ကံ့ကော်တို့ လမ်းပေါ် ကျလဲ
သွေးတွေနီနီရဲလို့
ကမ္ဘာမကြေဆိုသံတွေ မစဲတဲ့ပွဲဖြစ်တယ်. . .။

ကိုယ့်ခေါင်းကိုယ်မသုံး
အသိဥာဏ်ကို ဖြုန်းတဲ့
လူ့နလဗိန်းတုံးတွေကို မုန်းတယ်။

ဥာဏ်နီဥာဏ်နက်
ဥာဏ်ရောင်စုံထွက်တဲ့
လူစိမ်းတွေကို မုန်းတယ် . . ။

လွတ်လပ်ခြင်းဟာ ကြောက်ရွံ့ခြင်းနဲ့
ပြောင်းပြန်အချိုးကျ
ဟေ့....
မြေလိုမကျင့်နဲ့ တိမ်လို ကျင့်ကြ။

ကဲ...သူငယ်ချင်း
(လိုက်မှာလား)
အမှန်တရားနောက် တကောက်ကောက်
ခရီးများ အဆုံးထိလျှောက်ကြမယ်။

စစ်နိုင်သူ

Thursday, August 23, 2007

ကျွန်တော်နှင့် အကြိုက်ဆုံးပိုစ့်များ

ဒီရက်ပိုင်း အလုပ်ထဲမှာ စက်တစ်လုံး အခြေအနေ တော်တော်ဆိုးဆိုးရွားရွား ပျက်နေလို့ အလုပ်ထဲရောက်တာနဲ့ စက်ဘေးမှာ စပြီး ပြင်လိုက်တာ ပြန်တဲ့အချိန်အချိန်အထိပါပဲ။ ဒါကြောင့် လေးမက ရေးခိုင်းထားတဲ့ အကြိုက်ဆုံး ကိုယ်ပိုင်ပိုစ့်တွေကို မရေးဖြစ်ဘူး။ အခုတော့ ရေးဖို့ အချိန်လေးလုပြီး ရေးပေးလိုက်ပါတယ်။

ဘလော့ခ်ဂါရဲ့ ညနေစာ----- ကျွန်တော်ကဗျာ ရေးခဲပါတယ်။ ကျွန်တော့်ပတ်ဝန်းကျင်၊ ကျွန်တော် ဖတ်နေကြလူတွေရဲ့ ကဗျာတွေလောက် ကျွန်တော့ကဗျာတွေက မကောင်းဘူးထင်လို့ပါ။ ဒါပေမယ့် ဒီကဗျာလေးကို တော့ ကြိုက်တယ်။

၂၀မိနစ် ကာလသားချက်----ဒါကတော့ မဂျစ်တူးဘလော့ခ်မှာ ၀တ္ထုတိုဝိုင်းရေးတုန်းက ပါခဲ့ဖူးတဲ့ ဇင်ကိုလတ်ချက်တဲ့ ကြက်သားကာလသားချက်ပါ။ ကျွန်တော့်ကို သူငယ်ချင်းတချို့က အဲဒီဝတ္တုဖတ်ပြီး လာလာမေးကြလို့ ဒီမှာ သွားဖတ်ဖို့ ပြောလိုက်ချင်ပါတယ်။

မော်ဒန်ဆိုတဲ့ အနုပညာ----- ကျွန်တော်သိသလောက်လေး ပြောခဲ့ဖူးပါတယ်။

နှင်းဝိညာဉ်တစ်စက်ရဲ့ နိဂုံး----- အင်း ဒါလေးကိုတော့ ကြိုက်ကို ကြိုက်တာ။ (ခံစားချက်တွေ ပါလို့ထင်တယ်၊ ပန်းကန်ပြားတစ်ချပ်နဲ့လေ)

ကျွန်တော်စားချင်သော အစားအစာများ ----- တကယ်ပါ အခုထိ စားချင်နေတုန်းပဲ။ အဲဒါတွေကို။

ညီညီ၊ နေဘုန်းလတ်၊ နေနေနိုင်နဲ့ ဘလော့ခ်ရေးတာကို ခဏနားတော့မယ့် မနိုင်းနိုင်း(ပြန်ရေးတဲ့အခါ) တို့ကို လည်း အကြိုက်ဆုံးပိုစ့်ငါးခု ပြန်ချပြဖို့ တောင်းဆိုလိုက်ပါတယ်။ အပန်းမကြီးဘူးလို့ ထင်လို့ tagလိုက်တာပါ။

Friday, August 17, 2007

Happy Birthday သံလွင်အိပ်မက်


သံလွင်အိပ်မက် အမှတ်(၁)ကို ၂၀၀၄ခုနှစ် သြဂုတ်လ ၁၇ရက်နေ့မှာ စပြီးထုတ်ဝေခဲ့တဲ့အတွက် ဒီနေ့ ၃နှစ်ပြည့်ပါပြီ။ ဒီ၃နှစ်အတွင်း အခက်အခဲတွေ အများကြီးတွေ့ခဲ့သလို အဆင်မပြေတာတွေကိုလည်း ရှိခဲ့ပါတယ်။ ဒါတွေကို အောက်ပါလူတွေ မပါပဲ ကျွန်တော်၊ ညီညီ၊ နေမျိုး၊ ကိုငယ်တို့ လေးယောက်တည်းနဲ့ သံလွင်အိပ်မက်ဆိုတာ မဖြစ်လာနိုင်တဲ့အတွက် ကျေးဇူးစကား အရင်ပြောချင်ပါတယ်။

- စာမူများကို အသုံးပြုခွင့်ပေးတဲ့ ဆရာမင်းလူ၊ ဆရာမောင်သစ်ဆင်း၊ ဆရာဖေမြင့်နဲ့ ကာတွန်းတွေကို ကြိုက်တာသုံးဆိုပြီး ပေးခဲ့တဲ့ ဆရာအော်ပီကျယ်။
- စာမူလိုတယ်ဆို စာမူ၊ ဘာသာပြန်ဖို့လိုရင် ဘာသာပြန်၊ စာရိုက်စရာရှိရင်လည်း ရိုက်ပေးခဲ့တဲ့ သူငယ်ချင်း ခွန်မြလှိုင်
- သံလွင်အိပ်မက်ကို စာမူတွေပို့ကြဖို့ ပလန်းနက်ထဲမှာရော တခြားနေရာတွေမှာပါ လိုက်ကြော်ငြာပေးတဲ့ ညီလင်းဆက်
- ၀တ္ထုတွေပို့ပေးခဲ့ကြတဲ့ ခရေဖြူ၊ ညီသစ်၊ နိုင်းနိုင်းစနေဇွဲလင်းလက်ကြယ်စင်၊ မင်းနေမာန်ခ၊ မွန်းသက်ပန်မအိမ်ချမ်းမြေ့
- ဆောင်းပါးတွေ ရေးပေးခဲ့ကြတဲ့ မဟနစံ၊ ချမ်းမြေ့သူ၊ စကားပန်း၊ မင်းသစ္စာ၊ မကေသွယ်
- ကဗျာတွေပေးပို့ခဲ့ကြတဲ့ သူတွေနဲ့ တခြားစာမူများကို ပေးပို့ခဲ့သူများ။
- သံလွင်အိပ်မက်အလှူလုပ်တိုင်း လိုက်ကူညီခဲ့သလို စာမူတွေလည်း ပေးခဲ့တဲ့ မိုးလှိုင်ည
- ကာတွန်းတွေကို လိုချင်တဲ့ပုံစံအတိုင်း ဆွဲပေးခဲ့တဲ့ ခန့်ငြိမ်းသက်။
- အင်တာဗျူးတွေကို တတ်နိုင်သလောက် ဖြေပေးခဲ့ကြသူများ။
- စာတွေကူရိုက်ပေးခဲ့ကြတဲ့ နေနေနိုင်၊ ဒီမို၊ မချစ်လေပြေ Heaven CyberCafeက မိသားစုများ။
- နိုင်ငံတကာက သံလွင်အိပ်မက်အဖွဲ့ဝင်တွေ။
- အဝေးတစ်နေရာက အမြဲအားပေးနေကြတဲ့ အကို၊ အမများ။
- စကားဝိုင်းထဲမှာ ၀င်ရောက်ဆွေးနွေးခဲ့သူများ။
- ဝေဖန်အကြံပြု၊ အားပေးစာများ ပေးပို့ခဲ့သူများ။
- Websiteအတွက် ကျခံခဲ့ရသော ငွေကြေးများ။
- Issueတစ်ခု ထွက်ခါနီးတိုင်း အိပ်ပျက်ခဲ့သော ညများ။
- အခုဒီအထဲမှာ မပါပေမယ့် တခြားတခြားသော ကျေးဇူးတင်ထိုက်သူများနဲ့
- သံလွင်အိပ်မက် အမှတ်(၁)မှ အမှတ်(၁၁)ထိ အားပေးခဲ့တဲ့ စာဖတ်ပရိသတ်ကြီးကို အထူးကျေးဇူးတင်ရှိပါကြောင်း အယ်ဒီတာအားလုံးရဲ့ ကိုယ်စားပြောချင်ပါတယ်။
သံလွင်အိပ်မက်ဟာ ပြည်တွင်းနဲ့ ပြည်ပရောက် မြန်မာလူငယ်များအတွက် ရည်ရွယ်ပြီးထုတ်ဝေမယ်လို့ မူချမှတ်ခဲ့တာနဲ့ အညီ အဲဒီမူနဲ့ မကိုက်ညီတဲ့ စာမူများ၊ အရေးအသားအားနည်းတဲ့ စာမူများ၊ အကြောင်းအရာပိုင်း မပြည့်စုံတဲ့ စာမူများကို ပယ်ခဲ့ရတဲ့ အတွက်အလွန် စိတ်မကောင်းဖြစ်မိပါတယ်။

သုံးနှစ်သား သံလွင်အိပ်မက်မှသည် နောင်နှစ်ပေါင်းများစွာတိုင် စာဖတ်သူတွေကို သုတ၊ ရသပေးနိုင်တဲ့ တိုင်းပြည်နဲ့ လူမျိုးကို အကျိုးပြုသော မဂ္ဂဇင်းတစ်စောင်ဖြစ်သွားဖို့ ဆုမွန်ကောင်း တောင်းရင်း သံလွင်မောင်ရဲ့ သူငယ်ချင်းသို့ ပေးစာ(၅) မှာ ဖော်ပြခဲ့တဲ့ စာသားတစ်ချို့ကို ပြန်ဖော်ပြပေးလိုက်ပါတယ်။

``တို့ဗမာလူငယ်တွေလည်း ကမ္ဘာအနှံ့ ခြေစင်္ကြာဖြန့်နေလိုက်ကြတာ မြန်မာပြည်မှာ လူငယ်တွေ ကျန်မှ ကျန်သေးရဲ့လားလို့တောင် ထင်မိတယ်။ နိုင်ငံတကာ အတွေ့အကြုံတွေ များတော့ ကောင်းပါတယ်လေ။ ဒါမှ အနာဂတ် မြန်မာပြည် တည်ဆောက်ဖို့ အတွက် အတွေ့အကြုံကောင်းတွေ၊ အမြင်သစ်တွေ၊ အတွေးအခေါ်ဆန်းတွေကို ပြန်ပြီး သယ်လာနိုင်မှာ မဟုတ်လား။ ဧပရယ်လ်ရယ်...ဘာပဲဖြစ်ဖြစ် သိပ်မဝေးတဲ့ အနာဂတ်မှာ ငါတို့ ချစ်တဲ့ မြန်မာပြည် တိုးတက်ကောင်းစားရေးအတွက် ငါတို့လူငယ်တွေ အားလုံးအတူတကွ ကိုယ်စီကိုယ်ငှ တာဝန်ယူကြမယ်လို့ဖြင့် ငါတော့ ယုံကြည်မိတယ်။ `ဒါတို့ပြည်၊ ဒါတို့မြေ ဒို့ပိုင်တဲ့မြေ´လို့ ငါတော့ ခပ်တိုးတိုးလေး ညည်းရင်း ငါတို့လူငယ်တွေ အားလုံး ငါတို့မြေမှာ ပြန်ဆုံကြမယ့် နေ့ရက်တွေကို မျှော်လင့်မိတယ်။´´

ညီညီနဲ့ သံလွင်အိပ်မက်

နေဘုန်းလတ်နဲ့ သံလွင်အိပ်မက်

Thursday, August 16, 2007

စင်္ကာပူလာမယ့် မြန်မာHipHop

Hip Hop ကို ဟိုးအရင် Acidတို့ Theory တို့ စထွက်လာကတည်းက နားထောင်လာခဲ့တာပါ။ ဒါပေမယ့် ကြိုက်သလားဆိုတော့ အဲလောက်ကြီးလည်း မဟုတ်ပြန်ဘူး။ ဒါပေမယ့် ကျွန်တော်က Rock မှ Rock, Rapမှ Rapလည်း မဖြစ်နေဘူး။ တကယ်တမ်းကြိုက်တာတော့ Heavy Metalနဲ့ Nu Metalကို အရမ်းကြိုက်တာပါ။ Hip Hopကို နောက်ပိုင်း စိုင်းစိုင်းခမ်းလှိုင်တို့၊ Lကောင်းမြတ်တို့ ကျတော့လည်း နားထောင်လိုက်ပြန်တာပါပဲ။ နောက်ဆုံး အခုနာမည်ကြီးနေတဲ့ J-Me, ရသတို့ ရဲလေးတို့အထိနားထောင် ဖြစ်ပါတယ်။ အခုလောလောဆယ်တော့ စင်္ကာပူမှာ လာမယ့် 26 Augမှာ သူတို့တွေပါတဲ့ Hip Hop Show တစ်ခု ရှိပါတယ်။ သွားကြည့်ချင် ကြတယ်ဆိုရင်တော့ အောက်က လိပ်စာတွေမှာ ၁၀စောင်ဝယ်ရင် တစ်စောင် အလကားပါတဲ့။ သူငယ်ချင်းတွေက သွားဖို့ခေါ်ပေမယ့် ကျွန်တော်ကတော့ သွားကြည့်ဖို့ သိပ်မသေချာလှပါဘူး။ ဘာလို့လဲဆိုတော့ Hip Hopက ကျွန်တော့်ရင်ကို လှုပ်ခါနိုင်စွမ်းမရှိလို့ပါ။

Programmerလား၊ Engineerလား

လူတိုင်း ငယ်ငယ်တုန်းက သားသား(ဒါမှမဟုတ်)မီးမီး ကြီးလာရင် ဘာလုပ်မလဲ၊ ဆိုတဲ့မေးခွန်းမျိုး မေးခံဖူးကြပါလိမ့်မယ်။ အဲဒီလိုမေးခံရတိုင်း ကျွန်တော် အင်ဂျင်နီယာလုပ်မယ်လို့ပဲ ဖြေခဲ့တယ်။ အမှန်အတိုင်းပြောရရင် အင်ဂျင်နီယာအလုပ်အပြင် တခြားဘာလုပ်စရာရှိမှန်းလည်း အဲဒီအချိန်တုန်းက မသိလောက်ပါဘူး။ အင်ဂျင်နီယာဆိုတာကိုတောင် အဖေရော အမေရော အင်ဂျင်နီယာဖြစ်နေလို့ သိတာနေမှာ။ ဒီလိုနဲ့ ကျွန်တော့် ၉တန်း ၁၀တန်းနေ့ရက်တွေရဲ့ အိပ်မက်တိုင်းမှာ YIT(ယခင် RIT)က တိုင်းလုံးကြီးတွေနဲ့သာ ပြည့်နှက်နေခဲ့ပါတယ်။ ၁၀တန်းဖြေပြီး တက္ကသိုလ်မတက် ရသေးခင်မှာတော့ ကွန်ပျူတာသင်တန်းတွေ တစ်ခုပြီးတစ်ခု တက်နေလိုက်တယ်။ အဲဒီတုန်းကတော့ Cတို့ Pascalတို့၊ Qbasicတို့ပေါ့။

ပထမဆုံးတက်ဖြစ်တာတော့ ACEမှာပါ။ နောက်ပိုင်းကျတော့ KMD, S.H.E, MCCစသည့်ဖြင့်အစုံပဲ။ Programming ကို စသင်တော့ ဆရာမက FlowChartတွေကို သင်ပေးပါတယ်။ Programming ဆိုတာ ဘာမှန်းတောင် သိတဲ့ကောင်မဟုတ်တော့ ဒီပုံတွေကို ဘယ်ထဲမှာ ဆွဲထည့်ရမှာတုန်း၊ ဒီပုံတွေကို ကွန်ပျူတာထဲ ဆွဲထည့်လိုက်တာနဲ့ ပရိုဂရမ်ဆိုတာတွေ ထွက်လာရောလားဆိုပြီး ပေါက်ကရတွေချည်း တွေးမိတယ်။ အဲဒီလို ပါရမီပါခဲ့တာလေ။ ဒါပေမယ့် ကျွန်တော်လွယ်လွယ်နဲ့ အလျော့မပေးပါဘူး။ အဲဒီတုန်းက အကိုကရှင်းပြပါတယ်။ ကွန်ပြူတာမှာ Hardware, Softwareနဲ့ DTPပိုင်းတွေရှိတယ်တဲ့။(အခုဆိုရင်တော့ Internet Security, Networking စတာတွေပါ ပါလာမယ်) ဘယ်အပိုင်းကို စိတ်ဝင်စားတုန်းတဲ့။ ဒါနဲ့ပဲ အရမ်းတော်တဲ့ ကျွန်တော်က အကုန်လုံးစိတ်ဝင်စားတယ် ဆိုပြီး အကုန်လျှောက်တတ်ပေမယ့် ဘယ်ဟာမှ ဖြစ်ဖြစ်မြောက်မြောက်ဖြစ်မလာပါဘူး။

Programming နဲ့ ပတ်သက်ပြီး ပထမဆုံး အဆင်ပြေပြေဖြစ် သွားတာတော့ အမေကကွန်ပျူတာ ၀ယ်ပေးတော့မှ သူငယ်ချင်းတွေနဲ့ Pascalပရိုဂရမ်တွေ စမ်းရင်းသပ်ရင်းနဲ့ပါ။ စာလုံးလေးတွေကို သူ့ဘာသာသူ ဟိုကထွက်လာလိုက်၊ ဒီကထွက်လာလိုက်ဖြစ်အောင် ရေးကြတာ။ နောက်ပိုင်းကျတော့ ကိုယ့်ဘာသာ တစ်ယောက်တည်း စတိုးဆိုင်ပရိုဂရမ် အသေးစားတွေ၊ စားသောက်ဆိုင်၊ ၀န်ထမ်းလစာစတာတွေကို တစ်ခုပြီးတစ်ခု ရေးပါတယ်။ ဒီလိုနဲ့ အင်ဂျင်နီယာလိုင်း လျှောက်ဖို့ ဖောင်တွေတင်လို့ ရပြီဆိုတော့မှ ကျောင်းတက်ရမှာက ကြို့ကုန်းမှာ မဟုတ်ဘူး။ သန်လျင်မှာတဲ့။ သွားပြီ။ ကျွန်တော်မက်ခဲ့ဖူးတဲ့ အိပ်မက်တိုင်လုံးကြီးတွေ ပြိုကျသွားပါပြီ။ အဲဒီမှာ ကျွန်တော်နားလည်လိုက်တာက ငါတက်ချင်တာ YITဆိုတဲ့ ကျောင်းပဲ ဖြစ်တယ်။ အင်ဂျင်နီယာ ဖြစ်ချင်တာမဟုတ်ဘူးဆိုပြီး ကွန်ပျူတာလိုင်းမှာ ကျင်လည်နေပြီဖြစ်တဲ့ ကျွန်တော်က အဲလိုတွေးပစ်လိုက်တယ်။ ပရိုဂရမ်မာ ဖြစ်ချင်တာဆိုပြီး အကိုရှိတဲ့ စင်္ကာပူမှာ ကျောင်းတက်ဖို့ စလုပ်ခဲ့ပါတော့တယ်။ (အပြောင်းအလဲက အဲဒီလိုမြန်ပါတယ်)

Temasek Polyမှာ ကျောင်းလျှောက်တော့ ITဆိုပြီး လျှောက်လိုက်ပေမယ့် နောက်ဆုံး ရလာတော့ Electronicပါတဲ့လေ။ မဖြစ်ဘူး။ မဖြစ်ဘူး။ ကျွန်တော်တတ်ချင်တာ ကွန်ပျူတာလေ။ အဲဒီ Electronicဆိုတာကြီးမဟုတ်ဘူး ဆိုတော့ ကျောင်းက တာဝန်ရှိသူတွေက Second Yearမှာ Computer Engineeringဆိုတဲ့ courseကို ပြောင်းလို့ ရတယ်တဲ့။ ဒါနဲ့ပဲ ကျွန်တော် အင်တာနက်ပေါ်က HTMLတွေကို လေ့လာရင်း၊ Websiteတွေ ကိုယ့်ဘာသာလုပ်ရင်း၊ V=IRတို့၊ 1+1=10တို့နဲ့ ၁နှစ်တာ နှစ်ပါးသွားခဲ့တယ်။ ဒါပေမယ့် Programming Subject၊ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ subjectတွေမှာပဲ အမှတ်ကောင်းပြီး တခြားMajor Subjectတွေမှာ အမှတ်နည်းခဲ့တဲ့ ကျွန်တော် အဲဒီ Computer Engineeringဆိုတဲ့ Courseကို မတက်နိုင်ခဲ့ပါဘူး။ ဒါနဲ့ပဲ Electronicနဲ့ ဒီပလိုမာရပေမယ့် အလုပ်ကိုတော့ ကွန်ပျူတာနဲ့ ပတ်သက်တာတွေချည်းလိုက်ရှာမိတယ်။ ကျောင်းပြီးအလုပ်ရတော့ ကွန်ပျူတာဆိုင်မှာ။

ITပိုင်းကို လိုက်ကြည့်၊ အလုပ်လည်း တကယ် လျှောက်ကြည့်တော့မှ အရမ်းတိုးတက်ပြောင်းလဲတာ မြန်နေတဲ့ ITလိုင်းဟာ ကျွန်တော်နဲ့ လားလားမှ မဆိုင်တော့သလိုဖြစ်နေပါပြီ။ အလုပ်ရှင်တွေက ရေးစေချင်တဲ့ ဆော့ဝဲလ်တွေကို ကျွန်တော်မသိသလို၊ ကျွန်တော်လုပ်တတ်တာတွေကို လည်း IT Companyတွေက မလိုပါဘူး။ ဒီလိုနဲ့ နောက်ဆုံးမှာ အခုလက်ရှိလုပ်နေတဲ့ Engineering Companyမှာ အလုပ်ရခဲ့တယ်။ တချိန်တည်းမှာ ကျွန်တော်သဘောပေါက် သွားတာတော့ အင်ဂျင်နီယာလိုင်းမှာ ကျွန်တော်တော်တော် အဆင်ပြေနေပြီဆိုတာပါပဲ။ (စက်တွေကိုင်ရတာဆိုတော့ အင်ဂျင်နီယာပိုင်းဖြစ်ပြီး စက်တွေ ထိန်းချုပ်တာ ကွန်ပျူတာတွေနဲ့ ဆိုတော့ ကွန်ပျူတာပိုင်းလဲပါတာပေါ့။) နောက်တစ်ခုက မဂျစ်ဆီမှာ တင်ဖူးတဲ့ the world without engineers ဆိုတဲ့ ပုံလေးတွေကို လွန်ခဲ့တဲ့ သုံးနှစ်လောက်က သူငယ်ချင်းတစ်ယောက်ဆီက ရလိုက်တဲ့အခါ အင်ဂျင်နီယာတစ်ယောက် ဖြစ်ချင်စိတ်တွေက ပိုပိုပြီး တိုးပွားလာခဲ့တာပါ။ အင်း . . . သေချာပါတယ်။ ကျွန်တော် အင်ဂျင်နီယာတစ်ယောက်ဖြစ်နေပြီ ဆိုတာလေ။

Tuesday, August 14, 2007

မြန်မာပြည်နဲ့ ရမ်ဘိုဖိုး


အလုပ်ထဲမှာ မအားတဲ့ ကြားက Youtubeထဲမှာ ဟိုကြည့်ဒီကြည့် သွားကြည့်ရင်း RamboIV Trailer ကိုသွား တွေ့ပါတယ်။ ဇာတ်လမ်းရဲ့ အကျဉ်းကတော့ မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ ကရင်လူမျိုးလယ်သမား၊ ယာသမားတွေဆီကို ခရစ်ယာန်ဘာသာရေး အသင်းက ကူညီဖို့သွားကြပါတယ်။ အဲဒီအသင်းက သူတို့ သွားချင်တဲ့ ကရင်ရွာကို ရောက်တဲ့ အခါ မြန်မာစစ်တပ်က အဲဒီလူတွေကို ဖမ်းပြီး တစ်ရွာလုံးကို မီးရှို့၊ လူတွေကို လည်း ရိုက်နှက်သတ်ဖြတ်ပါတယ်။ အဲဒီ အဖမ်းခံနေရတဲ့ လူတွေကို ရမ်ဘိုက သွားကယ်တဲ့ ဇာတ်လမ်းပါ။ ဖိုက်တင်ခန်းတွေ အများကြီးနဲ့ သွေးသံရဲရဲ Rambo IVကို ဒီနှစ်ကုန် မှာ ပြသမှာဖြစ်ပါတယ်။

မြန်မာပြည်ကသူငယ်ချင်းတွေ ဒီYoutube videoကို ကြည့်လို့ မရဘူးဆိုရင် ဒီမှာ သွားကြည့်လို့ ရမယ်ထင်ပါတယ်။

Sunday, August 12, 2007

အို . . .အိပ်မက်ရင်ကွဲ

တာရာမင်းဝေရဲ့ နာမည်အကြီးဆုံးစာအုပ်ဖြစ်တဲ့ ရွှေဖိနပ်မှာ အစိမ်းရောင် ကြက်ခြေခတ်နှင့် ကောင်မလေးထဲမှ အရမ်းကြိုက်တဲ့ စာသားတစ်ချို့ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

လူမိုက်ကို ရှာသော် ရေထဲမှာတွေ့၏။ ထိုလူမိုက်က ထိုရေကို လက်ခုပ်ဖြင့် ဆယ်သောက်ပြန်၏။ ထို့အတွက် သူဒူးထောက်ခဲ့ရသေးသည်။ သူ့အပါးသို့ ကျည်ဆန်မှန်ထားသော အိပ်မက်တစ်ခု ပြုတ်ကျလာသည်။ ထိုအိပ်မက်သည် ရင်ဟက်တက်ကွဲနေ၏။
အို . . အိပ်မက်ရင်ကွဲ . .

+ ထိုသို့ဖြင့်ပင် ငါတို့ဝေးကြတော့မည် ထင်ပါသည် ချစ်သူ...။
+ ငါတို့၏ခွဲခွာချိန်တွင် ကျောက်နှင်းဆီတို့သည် မြရွက်ကို ပန်ရင်း မြောက်ပြန်လေထဲ ကြွေကျသွားကြလိမ့်မည်။ လောကသည် နီမှိုင်းနေအံ့။ အရာရာသည် တုန်ဖျော့အိုမင်းကာ ငါတို့ကို မျက်စိမှိတ်လိုက်ကြပါလိမ့်မည်။
+ မြူတွေကို ဖွားခနဲ ဖောက်ခွဲရင်း ပြိုကွဲနေသော ဆောင်းရာသီသည် အဝေးခေါင်းလောင်းကို ကိုက်ချီပျံသန်းလာလိမ့်မည်။ ခေါင်းလောင်းသံကို ငါတို့ကြား၏။ သို့သော်ခေါင်းလောင်းသံသည် ငါတို့ကို မကြား။ ခေါင်းလောင်သံဖြင့် ငါတို့သွားကြမည်။ သို့သော်အတူကားမဟုတ်။ တစ်ယောက်တစ်နေရာဆီ။

+ ငါတို့ နှုတ်ဆက်ကြရလိမ့်ဦးမည်။ ထိုအချိန်သည် ပြတ်အံ့မူးမူး ဂစ်တာကြိုးကလေး၏ နောက်ဆုံးအချိန်နှင့် တူလိမ့်မည်။ အချို့က ငါတို့ကို သနားကြဦးမည်။ အချို့ကြောင့် ငါတို့လည်း သနားခံရဦးမည်။ ရာဇ၀င်တွေက သူတို့၏ မျက်နှာထက်မှာ အလံနက်ကို တစ်ဝက်စီလွင့်ထူကြလိမ့်မည်။ ငါ့ရင်အုံသည် တောင်ကုန်းကမူမဟုတ်။ သို့သော် ထိုအလံက ငါ့ရင်အုံမှာ စိုက်ပြီး ပျံလိမ့်မည်။ သေချာနေခဲ့ပြီ။
+ တိမ်ခက်တို့သည် မလှပ၊ ဆောက်ချက်လွန်ထားသော ပန်းပုရုပ်ကို အပြာရောင်သွေးတွေစိုသည်။ ဖရိုဖရဲနှင့် ကောင်းကင်မှာ ကျကွဲသည်။ ငါပြောချင်သော စကားတစ်ခွန်းရှိ၏။ သို့သော်ထိုစကားသည် ရင်ဘတ်ဆောင့်တွန်းခံရပြီးလဲကျသွားသည်။ ငါ . . ဘာမှ မပြောဖြစ်တော့။ မတ်တတ်ရပ်ပြီး လမ်းမှာရယ်မည်။ အက်ကွဲစွာ...။
+ ငါထူသော ကံ့ကော်ကျောက်တိုင်တစ်ခုရှိသည်။ ထိုကျောက်တိုင်သည် အကိုင်းဖြာ၏။ အပွင့်ဝေ၏။ ငါက မခူး။ ထို့ကြောင့် ငါ့ကို ခူးကြပြီ။ ဆောင်းလက်ချောင်းများနှင့်ပင် ငါ ဆုတောင်းဖူးပြန်၏။ သို့သော် ငါ့အတွက် ပွင့်သော တံခါးတို့မရှိကြ။ ငါမှောင်သည်။ ငါ လွမ်းသည်။ အိုဘယ့် ချစ်သူရယ်... ဟု ငါမြည်တမ်း၏။ ထို့နောက်ငါ့နှုတ်ခမ်းကိုသာ ငါကိုက်ထားရတော့သည်။
+ ချစ်သူ၏ မျက်တောင်နက်သည် ငါ့အတွေးတွေကို အုပ်စိုးသော မိုးဓားတစ်လက်ဖြစ်၏။ ငါ... အခါခါရိုကျိုးရင်း ပျော်မွေ့ခဲ့ဖူးသည်။ ခုအခါငါ့ဒဏ္ဍာရီတစ်ပုဒ် မီးလောင်၏။ မှော်ပညာမြောက်သော မျက်ရည်အစက်စက်တို့က ကောင်းကင်အထပ်ထပ်ဖြင့် ငါ့ကိုရွာသည်။ မီးငြိမ်း၏။ သို့သော်ငါကားမငြိမ်းတော့ချေ။

+ လေဆန်တွေတိုး၏။ ဂြိုဟ်တွေအုပ်စုလိုက် ကြွေ၏။ ရွှေဖိနပ်မှာ အစိမ်းရောင်ကြက်ခြေခတ်နှင့် ကောင်မလေး ငါ့ကို စတေးထားခဲ့ပြီလား။ ငါသည် ငါ့ဒိုင်ယာရီကြားမှာ ပြန်ညပ်နေသော ၀ါးရွက်ခြောက်ကလေးသာ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် အသေခံပြီး ငါဆက်ချစ်သွားဦးမည်။ အို . . .ချစ် . . .သူ။ ဒီခင်တန်းမှာ ချမ်းမြေ့ဖြူစင်ပါစေ။
+ သစ္စာတွေ ငါဆိုမည်။ အလင်းလျော့ပြေချိန်တွင်းမှာ `နှင်းရေ . .နှင်းရဲ့´ဟု အော်ပစ်လိုက်မည်။ `ရင်ကွဲသံ´ဖြစ်၍ ဗျပ်စောင်းတို့ဖြင့် ခြံရံသည့်တိုင် ချိုမည်မထင်။ လူ့သမိုင်းထဲက အကျအဆုံးနည်းနည်းနဲ့ စစ်ရှုံးခဲ့သမျှ ငါတို့ထက် ကံကောင်းကြ၏။ ငါတို့အတူရပ်နေကြမည်။ သို့သော်ငါတို့ မတူခြားနားစွာရပ်နေကြခြင်းဖြစ်မည်။ အို . . ချစ်သူ . .
+ ခွဲကြတော့မည်လား။ လက်တွဲမဖြုတ်ခင်အထိတော့ လက်ချင်းမြဲမြဲဆုပ်ခဲ့ချင်သည်။ ရင်ခတ်နှုတ်ခမ်း အလွမ်းဆံမျှင်တို့လည်း ပျံ့လွင့် ...။ ထိုသို့ဖြင့် . .
+ ငါနှင့် ချစ်သူသည် .. ..

ရွှေဖိနပ်မှာ အစိမ်းရောင် ကြက်ခြေခတ်နှင့် ကောင်မလေးထဲမှ - တာရာမင်းဝေ

Saturday, August 11, 2007

ဥက္ကာပျံ အပိုင်းအစများ

ဒီရက်ပိုင်း ဆရာတာရာမင်းဝေရဲ့ စာတွေချည်းပဲ တင်နေတာ တခြားကြောင့် မဟုတ်ပါဘူး။ ရက်လည်တဲ့ နေ့အထိ တစ်နေ့တစ်ခုတင်မယ်လို့ ဆုံးဖြတ်ထားလို့ပါ။ အခုဒီနေ့အတွက် ကျွန်တော်နှင့် ဥက္ကာပျံ အပိုင်းအစများဆိုတဲ့ စာအုပ်ထဲက တချို့ကို ပြန်ဖော်ပြပေးလိုက်ပါတယ်။

ကျွန်တော် ဘာမှမလုပ်ပါ။ `ဘာမှ မလုပ်သူသည် သူတောင်းစားလုပ်ရသည်´ဟူသော အဆိုရှိ၏။ ကျွန်တော် ဘာမှ မလုပ်ပါ။ သူတောင်းစားလည်း မလုပ်ပါ။ ထို့ကြောင့် ဘာမှ မလုပ်ပါ။

ကျွန်တော်သည် ဘာမှမရှိသော အိုးတစ်လုံးဖြစ်ချင်ပါသည်။ အထဲမှာ ဘာမှ ထည့်မထားချင်ပါ။ ထိုသို့ဖြင့် အများကြီးရှိနေချင်ပါတော့သည်။

စကြာဝဠာကြီးသည် သက်တော်ရှည်၏။ သူ့အတွက် သူရပ်တည်နေခြင်းမဟုတ်သောကြောင့် . . .ဟုပြောသည်။ ကျွန်တော်လည်း ရပ်နေ၏။ သို့သော်...ရပ်နေခြင်းသာဖြစ်၏။ ကျွန်တော့်အတွက်လည်း မဟုတ်။ မည်သူ့အတွက်မှလည်း မဟုတ်။ ကျွန်တော်သည်ရော...သက်တော်ရာကျော် ရှည်မည်လော။

ကျွန်တော် ရေလိုစီးခဲ့ပါသည်။ အကွေ့အကောက်များစွာကို ဖြတ်သန်းခဲ့ပါသည်။ ကြည်လင်စွာ စီးခဲ့ပါသည်။ သို့သော်...ကျွန်တော့်ကျောပေါ်တွင် အမှိုက်သရိုက်အချို့ လည်း ပါလာနိုင်ပါသည်။

ကဗျာတွေရေးမည်။ စာတွေရေးမည်။ သို့သော် အပိုင်လည်း ယူမထားချင်။ ပေးလိုက်မည်။

အိပ်မက်များစွာကို ကျွန်တော်ဖတ်ဖူးပါသည်။ ထိုအိပ်မက်များကို ဖမ်းဆုပ်ကိုင်တွယ်၍ မရပါ။ ကျွန်တော်ကြိုးစားဖူးပါသည်။ ဖမ်းဆုပ်ကိုင်တွယ်၍ ရဖူးပါသည်။ သို့သော် ...ထိုဖြစ်ရပ်ကပင်လျှင် နောက်ဆုံးမှာ အိပ်မက်ဖြစ်နေပါသည်။

လောကီအမိုက်မှောင်ထဲမှ လွတ်မြောက်လိုကြ၏။ ချင့်ချိန်ကြည့်ရဦးမည်။ မည်သည့်အရာက ချုပ်နှောင်ထားသနည်း။

အချို့သူများသည် ကြိုးနှင့် ချည်နှောင်တတ်၏။ အချိုပသူများက ကြိုးမပါဘဲ ချည်နှောင်တတ်သည်။ ကျွန်တော်ခံခဲ့ရဖူးသည်။

အမှန်တရား ခေါ်ရာကို ကျွန်တော်သွားမည်။ (ကျွန်တော့်ကို ဇက်ကြိုးမတပ်ဘူးဆိုလျှင်...)

ကျွန်တော်သည် ကျောက်စိမ်းလို တချွင်ချွင်မြည်ချင်သူ မဟုတ်။ ကျောက်ခဲလို တ၀ှီးဝှီးလိမ့်ချင်သည်။ လမ်းဖယ်ပေးကြစေလိုသည်။

တစ် . . နှစ် . .သုံး . . သူရဲကောင်းတွေလည်း ခါးကုန်းသွားသည်။

မြက်ပင်ကလေးများ ကြီးထားလျှင် သစ်ပင်နီးနီးရှိမည်လော။ ဆရာမက ကျွန်တော့်ကို ဘာမှပြန်မပြောချေ။

ကျွန်တော့်မှာ ရှိသမျှအားလုံးပျောက်ဆုံးသွားဖူး၏။ သတင်းစာထဲမှာ ကြော်ငြာ မတည့်ဖြစ်ပါ။ ကျွန်တော်ငြိမ်းချမ်းသွားပါသည်။ ဘာမှမရှိသဖြင့် ဘာမှလုပ်စရာမလိုတော့။

ကျွန်တော်က ငြိမ်းချမ်းချင်သည်။ ထို့ကြောင့်ပင် မငြိမ်းချမ်းတော့။

မည်သူ့ကိုမဆို မည်သည့်အရာကို မဆို အပြစ်ရှာလျှင် တွေ့နိုင်ပါသည်။ `အဲဒီခေတ် ကုန်သွားပြီ´ဟု ကျွန်တော်နှင့် သူငယ်ချင်းတစ်ဦး ရယ်ပွဲဖွဲ့ခဲ့ဖူး၏။ ကျွန်တော်တို့ `အပြစ်´မရှာတော့ပါ။ `အဖြေ´ကိုသာ ရှာပါတော့သည်။

အောင်မြင်ကြပါစေ။ သို့သော် အောင်မြင်ခြင်းသည် ငြိမ်းချမ်းခြင်း မဟုတ်။ ခွင့်လွှတ်ခြင်းကသာ ငြိမ်းချမ်းခြင်းဖြစ်သည်။ အဖော်မပါလည်း တစ်ယောက်တည်း ရပ်တည်မည်။ ခွင့်လွှတ်ခြင်းဖြင့် ငြိမ်းချမ်းမည်။

အင်္ကျီကို ကျောက်ပြားနှင့် ရိုက်လျှော်လိုက်၏။ ကိုယ့်ကိုယ်ကိုရော ဘာနှင့် ရိုက်လျှော်မည်လဲ။

သူဌေးကြီးလက်ထဲမှ ပြားစေ့သည်လည်း သူတောင်းစားလက်ထဲမှ ပြားစေ့နှင့် တန်ဖိုးညီသည်။

ကျွန်တော်နှင့် ဥက္ကာပျံ အပိုင်းအစများ - တာရာမင်းဝေ

Thursday, August 9, 2007

SMUအကြောင်း တစေ့တစောင်း



စင်္ကာပူမှာ University သုံးခု ရှိတဲ့အနက် အခုနောက်ဆုံး Uni ဖြစ်တဲ့ Singapore Management University Seminarတစ်ခုလုပ်မယ် ဆိုတဲ့အကြောင်း အဲဒီမှာ တက်နေတဲ့ ညီငယ် မျိုးမြင့်မောင်ပြောပြလို့ သိနေတာ တော်တော်ကြာပါပြီ။ ပြီးတော့ သူပြောပြသလောက် အဲဒီကျောင်းမှာ မြန်မာအရေအတွက် အလွန်နည်းသေးတဲ့ အတွက် ကျောင်းက နေ ဒီSeminarအတွက် ထောက်ပံ့ပေးတယ်လို့သိရပါတယ်။ မြန်မာတွေအတွက် အဓိကပြုလုပ်တဲ့ပွဲဖြစ်လို့ မြန်မာလိုပဲ ပြောကြမှာလို့လဲ သူကပြောပါတယ်။ ကိုယ်ကိုယ်တိုင်မတက်တောင် ကိုယ့်ရဲ့ ဆွေမျိုး၊ သူငယ်ချင်းထဲက တက်ချင်တဲ့လူတွေ ရှိရင် သွားပြီးနားထောင်သင့်တယ်လို့ ထင်ပါတယ်။ ကျွန်တော်ကတော့ အဲဒီညဖက် အလုပ်ရှိလို့သွားနိုင်မယ် မထင်ဘူး။
အောက်က ပုံကတော့ သူတို့ရဲ့website ကနေ ယူထားတာပါ။

Wednesday, August 8, 2007

ကျွန်တော်နှင့် ဧဒင်ကချေသည်

အိပ်မက် - တစ်
အဲဒီညက မိုးလင်းခါနီးအထိ အိပ်မပျော်ဘူး။
အိပ်ပျော်တော့ အိပ်မက် မက်တယ်။
အိပ်မက်ထဲမှာ ကျွန်တော်က စက်ဝိုင်းကြီးတစ်ခုကို တောင်ပေါ်တွန်းတင်သွားတယ်။
တောင်ပေါ်ရောက်တော့ တောင်အောက်ကို ပြန်လှိမ့်ချတယ်။
စက်ဝိုင်းကြီးက ကျွန်တော့်ကို စိတ်ပျက်လက်ပျက်ပြောတယ်။
“မင်းတို့ လူဆိုတဲ့ သတ္တ၀ါတွေဟာ အတော်ညစ်စုတ်တာပဲ”
“ဟင် . . .ဘာဖြစ်လို့လဲ”
“သူများတစ်ဖက်သားကို တွန်းတင်လိုက်၊ တွန်းချလိုက်နဲ့ ဒါကြောင့် မင်းတို့တွေ ည . . . ည အိပ်မပျော်တာ” တဲ့ . . .။

အိပ်မက် - နှစ်
ကျွန်တော် အရူးတစ်ယောက်နဲ့ တွေ့တယ်။
မေးကြည့်မိတယ်။
“အချစ်ဆိုတာကို ခင်ဗျားသိလား”
“သိတော့သိတယ်၊ ဒါပေမယ့် ပြောမပြတတ်တော့ဘူး”
“ဘာဖြစ်လို့လဲ”
“အဲဒါကို သိပြီးကတည်းက ငါခုလို ရူးသွားတာပဲ”
လန့်နိုးတော့ ကျွန်တော်တောင် ညဥ့်တော်တော်နက်နေပြီ။

အိပ်မက် - သုံး
ကျွန်တော်သူ့ကို ချစ်မိနေပြီ။
ရိုးရိုးလား . .ဆန်းဆန်းလားတော့ မတွေးတတ်ဘူး။
မောင်နှမချစ်ထက် “တစ်”ပဲပိုတာပါ။
အောက်ပါအတိုင်းပေါ့။
၅၂၈+

အိပ်မက် - လေး
“တစ်နေရာမှာတော့ မှားနေပြီ”
ကျွန်တော် အဲဒီလိုပြောတော့ ကမ္ဘာစောင့်ဘိုးဘိုးကြီးက ပြုံးတယ်။
“တစ်နေရာမှားတယ်ဆိုတော့ ကျန်တဲ့နေရာတွေက မှန်တယ်ပေါ့”
“အင်း”
“အဲဒါဆို .မှန်တဲ့နေရာတွေကို မှန်ကြောင်း သေချာအောင် စစ်ဆေးလိုက်ပေါ့...မှားတဲ့နေရာက ထင်ရှားလာလိမ့်မယ်”
ကမ္ဘာစောင့်ဘိုးဘိုးကြီး ပြန်သွားတယ်။
ကျွန်တော်ကျန်ရစ်တယ်။
မှန်တာတွေကို မှန်ကြောင်း သေချာအောင်စစ်တယ်။
တွေ့ပြီ။
နောက်ဆုံးကျတော့ ..မှားတာက ကျွန်တော်ပဲ ဖြစ်နေတယ်။
“တော်ပြီ”

ကျွန်တော်နှင့် ဧဒင်ကချေသည် - တာရာမင်းဝေ

ကိုစိုးသူနှင့် ကောလဟာလ

ကိုစိုးသူရဲ့ မိတ်ဆွေတစ်ဦးက ကျွန်တော့်ဆီ အီးမေးလ်ပို့လာတဲ့ သတင်းလေးကို ဘလော့ခ်မှာတင်ပေးလိုက်ပါတယ်။

“Minneapolis တံတား accident မှာ ကိုစိုးသူနှင့် သူ၏ ကား ပါသွားတယ် ဆိုတာ ကောလာဟလသက်သက် ဖြစ်ကြောင်း၊ ကိုစိုးသူ နှင့်တကွ မိသားစုအားလုံး ကျန်းမာစွာ နေထိုင်လျှက် ရှိကြောင်း နှင့် စိတ်ပူကြသူများ အားလုံးကို ကိုစိုးသူ က ကျေးဇူးတင်ပါကြောင်း သူ့ ကိုယ်စား ပြောကြားလိုက်ပါတယ် ခင်ဗျာ။”

Tuesday, August 7, 2007

သူ့အလင်းတို့ကို ရုတ်သိမ်းလျှက်


အလင်းရောင် ၀တ်စုံသစ်ဖြင့် လာခဲ့သူသည် သူ့အလင်းတို့ကို ရုတ်သိမ်းလျက် ကမ္ဘာမြေမှ ပြန်လည် ထွက်ခွာလေပြီ။
တာရာမင်းဝေ
၅.၈.၂၀၀၇(တနင်္ဂနွေနေ့)တွင် ကွယ်လွန်သည်။

တာရာမင်းဝေဓါတ်ပုံများနှင့် သူရေးခဲ့တွေ ကဗျာ၊ စာများကို တာရာမင်းဝေ အမှတ်တရ ဘလော့ခ်တွင် သွားရောက်ဖတ်ရှု နိုင်ပါသည်။
ဓါတ်ပုံများကို ပို့ပေးခဲ့သော ကိုနေလင်းနှင့် အသုံးပြုခွင့်ပေးခဲ့သော ကိုအောင်ဒင်ကို အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ကျွန်တော်နှင့် နွေယဉ်စွန်းတန်း

အကြည့်များ

`ဟိုးအရှေ့မှာ မီးရောင်´
ပထမလူ။ ။ `မီးရောင်ဆီရောက်မှ ကိုယ့်ကိုယ်ကို သေသေချာချာ ပြန်ကြည့်ရဦးမယ်´
ဒုတိယလူ။ ။ `ပတ်ဝန်းကျင်ကြီးကို အရင်ကြည့်ပစ်လိုက်မယ်ဗျာ´
တတိယလူ။ ။ (အတန်ကြာသည်အထိ တိတ်ဆိတ်နေပြီးမှ) `ကျွန်တော်ကတော့ မီးအိမ်ထွန်းသူကို အရင်ကြည့်မယ်ဗျာ´


အနိမ့်အမြင့်

`ဟာ...ကြည့်စမ်း၊ ကမ်းပါးစွန်းက သစ်ပင်ကြီးဟာ မိုးထိအောင် မြင့်တက်သွားပါလား´
လေသံ တဟူးဟူးကြားမှာပဲ၊ အဖော်ဖြစ်သူ ပြန်လည်ဖြေကြား၏။
`သစ်ပင်က မြင့်တက်သွားတာ မဟုတ်ဘူး၊ ကျုပ်တို့က ချောက်ထဲကျနေတာဗျ´


စာမေးပွဲ

`မဖြေဘူးလား´
`ဟုတ်ကဲ့´
`မရဘူးလား´
`ဟုတ်ကဲ့´
ဆရာမလေး လှည့်ထွက်သွား၏။ ကျွန်တော် မဖြေနိုင်သော စာမေးပွဲဖြစ်ပါသည်။ ရိုးသားကျေနပ်စွာ စွန့်လွှတ်ခဲ့သော အောင်မြင်မှုတစ်ခုလည်း ဖြစ်ပါသည်။ သို့သော်လည်း ကိုယ့်ကိုယ်ကို ကျေနပ်ပါသည်။
ရှုံးနိမ့်ခဲ့ရသည့် စာမေးပွဲဖြစ်သည့်တိုင် . . .
ဖြေဆိုသူ ကုလားထိုင်မှာ . . .
ကျွန်တော် ဘုရင်ထိုင် ထိုင်ဖြစ်ခဲ့လေသည်။


ဖိတ်စာ

`သူ့အိတ်ကပ်ထဲမှာ ငွေအများကြီး ပါပါတယ်´
`အဲဒါကို မသိချင်ဘူး။ သူ့ အိတ်ကပ်ရဲ့ နောက်မှာ ရင်ဘတ်တစ်ခုပါလား´
`ပါပါတယ်´
`ရင်ဘတ်ထဲမှာ နှလုံးသား လှလှတစ်ပွင့် ပါလား´
ဖြေသံ ပြန်မကြားရ၊ မေးသူက ဆက်ပြောလိုက်သည်။
`အဲဒါပါရင် ၀င်ခဲ့လို့ရပါတယ်။´


ရိက္ခာ

လပြည့်ည ဖြစ်၏။
လမင်းကြီးက ကောင်းကင်မှာ ရွှန်းရွှန်းဝင့်ဝင့် သာသည်။
`ကြည့်စမ်း၊ လမင်းကြီးက ဗိုက်ကြီး ဖောင်းလို့´
ခွေးပိန်ကလေးကို ပွေ့ဖက်ကာသူတောင်းစားက ဆက်ပြော၏။
`ဘာမှ အားမငယ်နဲ့ သိလား . . .၊ လမင်းကြီးတောင် တစ်လတစ်ခါပဲ ဗိုက်ဝအောင် စားရတယ်´

ကျွန်တော်နှင့် နွေယဉ်စွန်းတန်း - တာရာမင်းဝေ

Monday, August 6, 2007

မိုးခေါင်ပေမယ့် ဗုံသံတွေစဲသွားပြီ

Singapore Polyမှာ မြန်မာကျောင်းသားလေးတွေ ဦးစီးပြီး လုပ်တဲ့ Showသွားကြည့်နေတုန်း ညီမငယ်ဒီမိုက smsပို့လာပါတယ်။ တာရာမင်းဝေ ဆုံးပြီတဲ့။ ကြားကြားချင်း အဲဒါကောလဟာလ ဖြစ်ပါစေ။ ကောလဟာလဖြစ်ပါစေ ဆိုပြီးဆုတောင်းနေမိတယ်။ ဒါပေမယ့် ကျွန်တော်ဆုတောင်း မပြည့်ခဲ့ပါဘူး။ ဒီလိုခံစားမှုမျိုးကို ဆွေမင်း(ဓနုဖြူ)နဲ့ ကာတွန်းမောင်ဝဏ္ဏတို့ကွယ်လွန်သွားတဲ့ အချိန်တုန်းက တစ်ခါခံစားဖူးပါတယ်။

မှတ်မှတ်ရရ ကျွန်တော်သံလွင်အိပ်မက်မှာ ပထမဆုံးရေးခဲ့တဲ့ ဆောင်းပါးဟာ တာရာမင်းဝေ အကြောင်းဖြစ်သလို ဒီဘလောခ့်ရဲ့ ပထမဆုံးပိုစ့်ဟာလည်း တာရာမင်းဝေရဲ့ စကားလုံးတွေပါပဲ။ အခုတော့ ဘယ်သူမှ မလွန်ဆန်နိုင်တဲ့ သေခြင်းတရားကို တာရာမင်းဝေတစ်ယောက် ရင်ဆိုင်လိုက်ရပါပြီ။ လူသာသေပြီး နာမည်သေမှာ မဟုတ်တဲ့ တာရာမင်းဝေဆိုတဲ့ လူငယ်တစ်ယောက်ရဲ့ ကျောက်ထွင်းရာဇ၀င်တွေက ကျွန်တော်တို့ ရင်ထဲမှာ အမြဲရှိနေမှာပါ။ ဆရာတာရာမင်းဝေ ကောင်းရာသုဂတိလားပါစေ။

မိုးခေါင်လို့ တီးတဲ့ဗုံသံကဗျာ စာအုပ်မှ ကဗျာတစ်ပုဒ်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

`ဒိုင်ယာရီရဲ့ နောက်ဆုံးစာမျက်နှာ´

နှင်းစက်လက်တွဲခိုနေတဲ့
စံပယ်အိုလေးရေ . . .
ဒီ လကွယ်ညမှာပဲ
ဆုပ်ကိုင်ထားတဲ့ လက်ချောင်းတွေကို
ဖြည်ချလိုက်ပါတော့။

တချို့လူတွေက
ဘ၀မှာ ကြယ်တွေကြွေကျခဲ့သတဲ့
ငြိမ်သက်စွာ ခရီးနှင်ကြဦးပေါ့ကွယ်
ကိုယ့်မှာက . . .
နေတွေ လတွေတောင် ကြွေကျခဲ့ဖူးပါတယ်။

``သွားတော့မယ်နော် . . .
ကံကြုံရင် ပြန်ဆုံကြဦးမှာပေါ့´´လို့
ကံမကောင်းသူတို့ရဲ့
မှိုင်းညို့သောလမ်းခွဲ
ကျောက်စရစ်ခဲတွေ အပြိုင်းအရိုင်းလွင့်ကြဲနေတယ်။

(ဘာဖြစ်ဖြစ် ကိုယ့်အပြစ်ပါပဲ)
လေရိုင်းတွေ ၀ိုင်းဝန်းကိုက်ခဲကြတဲ့
မီးလျှံစတစ်ခုလို ပြာညိုယိမ်းထိုး
ပြက္ခဒိန်မှာတော့
နက်ဖန်ခါဟာ နာမည်ဆိုးမရှိပါဘူး။

ဒါပေမယ့် . . .
လွမ်းဆွတ်နေသူတစ်ယောက်ရဲ့
ကြောက်မက်ဖွယ်ရာ အိပ်မက်များ
နှင်းဆီချွေရထားမှာ
စူးစူးဝါးဝါး ဥသြဆွဲပစ်လိုက်တယ်။

ဒီည . . .
နောက်ည . . .
ဘယ်လိုမှ နိဂုံးချုပ်မရပါဘူး
ဘီလူးဖမ်းသလို ကြမ်းတဲ့လင်္ကာ
ငှက်ဆိုးတွေအိပ်မှ
တိတ်တဆိတ် ကိုယ်ရေးလိုက်ပါတယ်။

``ပျော်ခွင့်မပိုင်သော
ဒိုင်ယာရီ၏ နောက်ဆုံးစာမျက်နှာထက်၌´´
နတ်သူရူးတွေ ကြဲပက်တဲ့
ကောင်းကင်ဘုံက အက်ဆစ်တစ်စက်လို
ရှအက်ကြေကွဲ ရှ - -အက် - -ကြေ - -ကွဲ . . .
မင်နီတွေနဲ့ `ရဲ´လို့ပေါ့ကွယ်။ ။

တာရာမင်းဝေ

Sunday, August 5, 2007

SPmyanmar ရိုးရာကပွဲ


ဒီပုံတွေကတော့ ကျွန်တော် ဒီနေ့ SP Myanmar Traditional Showမှာ ရိုက်ထားတဲ့ ပုံတွေပါ။ Exposureကို သိပ်စိတ်တိုင်းမကျလှပေမယ့် ဒါပဲ ရှိလို့ ဒါပဲ တင်ပေးလိုက်ပါတယ်။ မြန်မာဘလော့ခ်ကာတွေလည်းဖြစ် ဒီပွဲရဲ့ Organizerတွေလည်းဖြစ်တဲ့ ဝေယံလင်း၊ မောင်သန့်ဇင်နဲ့ MCလုပ်သွားတဲ့ ဝေဖြိုးကျော်တို့ရဲ့ လုပ်ဆောင်ချက်တွေကို အမြဲဂုဏ်ယူနေမှာပါ။

အဲဒီပွဲအကြောင်း ဖတ်ချင်တယ်ဆိုရင်တော့ ဒီမှာ သွားဖတ်ပါ။

Thursday, August 2, 2007

ဆက်တိုက်ကြည့်ဖြစ်တဲ့ ရုပ်ရှင်တွေ

လွန်ခဲ့တဲ့အပတ်လောက်က နည်းနည်းအားတာနဲ့ ကြည့်ချင်ပြီး မကြည့်ရသေးတဲ့ ရုပ်ရှင်တွေ အကုန်တောက်လျှောက်ကြည့် ပစ်လိုက်တယ်။

ပထမဆုံး ကြည့်ဖြစ်တာကတော့ Transformersပါ။ အရင်တုန်းက ဂျပန်ကာတွန်းကို ဇာတ်လမ်းဆင်ပြီး ပြန်ရိုက်ထားတာလို့ စလုံးသူငယ်ချင်းတွေက ပြောပါတယ်။ တွပ်ပီတို့ သမိန်ပေါသွပ်တို့ မောင်စူပါ၊ ဒီလုံးတို့နဲ့ ကြီးပျင်းလာခဲ့တဲ့ ကျွန်တော့်အတွက်တော့ အခုမှပဲ ကြားဖူးကြည့်ဖူးတာပါ။ ဇာတ်လမ်းဇာတ်ကွက်ထက်ကို Effectတွေ အရမ်းကောင်းပါတယ်။ ကားတွေကနေ စက်ရုပ်ကြီးတွေအဖြစ် ၀ုန်းကနဲပြောင်းသွားလိုက်၊ လေယာဉ်ပျံကနေ ၀ုန်းကနဲပြောင်းသွားလိုက်နဲ့ တကယ့်ကို သဲထိတ်ရင်ဖိုပါပဲ။ အက်ရှင်ကြီးသက်သက် မဟုတ်ပဲ ဟာသလေးပါ ထည့်ပေးထားတဲ့ ဒီရုပ်ရှင်ကို ကျွန်တော်ကတော့ 3.5stars ပေးလိုက်ပါတယ်။

နောက်တစ်ကားကတော့ Die Hard 4။ မင်းသားကြီး ဘရုစ်ဝီလီဟာ အသက်ကြီးနေပေမယ့် သန်တုန်းမာတုန်း ဖျက်လတ်တုန်းပါဆိုတာကို ဒီဇာတ်ကားမှာ သက်သေပြသွားပါတယ်။ အရင် die hardတွေထဲက တစ်ကားပဲ ကြည့်ဖူးတဲ့ ကျွန်တော်၊ ဒီနံပါတ် ၄ကိုတော့ တော်တော်လေး ကြိုက်သွားပါတယ်။ ထုံးစံအတိုင်း ရိုက်ချက်တွေ အရမ်းကောင်းပြီး Action အပြည့်ပါတဲ့ ဇာတ်ကားပါ။ အကြိုက်ဆုံးအခန်းကတော့ မိုးပေါ်က ဟယ်ရီကော်ပတာကို အောက်ကနေ ကားနဲ့ တိုက်ပြီး ဖျက်ဆီးပစ်တဲ့အခန်းပါပဲ။ (ယုတ္တိရှိတာမရှိတာကို ရုပ်ရှင်ကြည့်တဲ့အချိန်မှာ ဘယ်တော့မှမစဉ်းစားပါဘူး၊ ပိုက်ဆံပေးကြည့်ရတဲ့ ရုပ်ရှင်လေး အရသာပျက်သွားမှာ စိုးလို့ပါ)။ Die Hard 4ကတော့ ကြယ်လေးလုံးပါ။

နောက်ဆုံးကားကတော့ အသက်တဖြည်းဖြည်းကြီး လာပြီဖြစ်တဲ့Harry Potterပါပဲ။ ဒီကားမှာ တခြားကားတွေထက် မှော်ပညာ သုံးပြီးချတဲ့ အခန်းတွေ ပါတယ်လို့ မြင်ပါတယ်။ ဟယ်ရီပေါ်တာလည်း အရွယ်ရောက်လာတော့ အနမ်းခန်းလေးတခန်းကလည်း ပါလာတယ်။ ဒါပေမယ့် ကြားတာတော့ အဲဒီ အခန်းကို ဒါရိုက်တာ စိတ်တိုင်းမကျလို့ ၁၇ခါပြန်ရိုက်ရတယ် ဆိုပဲ။ (အင်း ဒီကောင်တော့ ပညာသက်သက် ပြတာနေမှာလို့ ဟာသဆန်ဆန် တွေးမိတယ်။ အင်း . . . ကျွန်တော်သာဆို အခါ၃၀လောက် ပြန်ရိုက်ဖြစ်မယ်နဲ့ တူတယ်။ :P ) နောက်ဆုံးပြီးခါနီးမှာ ပညာပြိုင်တဲ့ အခန်းဟာဆိုရင် တရုတ်သိုင်းကားလား ဟယ်ရီပေါ်တာလား တောင်ထင်မှတ်မှားရ လောက်အောင် မှော်ပညာတွေ ထုတ်ပြကြပါတယ်။ ကြိုက်တော့ကြိုက်ပေမယ့် ကျွန်တော်တော့ 3.5 starsပဲ ပေးပါတယ်။
ရုပ်ရှင်ကြည့်ရင်ပဲ ဖြစ်ဖြစ်၊ စာအုပ်ဖတ်ရင်ပဲ ဖြစ်ဖြစ် ဇာတ်လမ်း၊ အထူးသဖြင့် ဇာတ်သိမ်းကို လာပြောပြတဲ့သူကို ကျွန်တော် အရမ်းမုန်းပါတယ်။ ဒါ့ကြောင့် ကျွန်တော်ရေးတဲ့အခါမှာလည်း အရသာပျက်သွားစေမယ့် ဖော်ပြချက်မျိုးကို တတ်နိုင်သလောက် ရှောင်တယ်။ ရုပ်ရှင်ကြည့်နေတုန်း ဇာတ်သိမ်းလာပြောပြရင် ကြည့်နေတာကို ချက်ချင်းရပ်ပြီး ထထွက်သွားတတ်ပါတယ်။ အဲဒီလို ဇာတ်သိမ်းပိုင်းကို သိသွားမှာ အရမ်းကြောက်တဲ့ ကျွန်တော် အခုလောလောဆယ် USမှာ လေးနှစ်လောက် ဆက်တိုက်ပြနေတဲ့ ဇာတ်လမ်းရှည် Seriesတွေကို တစ်ကားပြီး တစ်ကား ဇိမ်ခံပြီး စွဲစွဲမြဲမြဲ ကြည့်နေမိပါတယ်။