Wednesday, August 8, 2007

ကျွန်တော်နှင့် ဧဒင်ကချေသည်

အိပ်မက် - တစ်
အဲဒီညက မိုးလင်းခါနီးအထိ အိပ်မပျော်ဘူး။
အိပ်ပျော်တော့ အိပ်မက် မက်တယ်။
အိပ်မက်ထဲမှာ ကျွန်တော်က စက်ဝိုင်းကြီးတစ်ခုကို တောင်ပေါ်တွန်းတင်သွားတယ်။
တောင်ပေါ်ရောက်တော့ တောင်အောက်ကို ပြန်လှိမ့်ချတယ်။
စက်ဝိုင်းကြီးက ကျွန်တော့်ကို စိတ်ပျက်လက်ပျက်ပြောတယ်။
“မင်းတို့ လူဆိုတဲ့ သတ္တ၀ါတွေဟာ အတော်ညစ်စုတ်တာပဲ”
“ဟင် . . .ဘာဖြစ်လို့လဲ”
“သူများတစ်ဖက်သားကို တွန်းတင်လိုက်၊ တွန်းချလိုက်နဲ့ ဒါကြောင့် မင်းတို့တွေ ည . . . ည အိပ်မပျော်တာ” တဲ့ . . .။

အိပ်မက် - နှစ်
ကျွန်တော် အရူးတစ်ယောက်နဲ့ တွေ့တယ်။
မေးကြည့်မိတယ်။
“အချစ်ဆိုတာကို ခင်ဗျားသိလား”
“သိတော့သိတယ်၊ ဒါပေမယ့် ပြောမပြတတ်တော့ဘူး”
“ဘာဖြစ်လို့လဲ”
“အဲဒါကို သိပြီးကတည်းက ငါခုလို ရူးသွားတာပဲ”
လန့်နိုးတော့ ကျွန်တော်တောင် ညဥ့်တော်တော်နက်နေပြီ။

အိပ်မက် - သုံး
ကျွန်တော်သူ့ကို ချစ်မိနေပြီ။
ရိုးရိုးလား . .ဆန်းဆန်းလားတော့ မတွေးတတ်ဘူး။
မောင်နှမချစ်ထက် “တစ်”ပဲပိုတာပါ။
အောက်ပါအတိုင်းပေါ့။
၅၂၈+

အိပ်မက် - လေး
“တစ်နေရာမှာတော့ မှားနေပြီ”
ကျွန်တော် အဲဒီလိုပြောတော့ ကမ္ဘာစောင့်ဘိုးဘိုးကြီးက ပြုံးတယ်။
“တစ်နေရာမှားတယ်ဆိုတော့ ကျန်တဲ့နေရာတွေက မှန်တယ်ပေါ့”
“အင်း”
“အဲဒါဆို .မှန်တဲ့နေရာတွေကို မှန်ကြောင်း သေချာအောင် စစ်ဆေးလိုက်ပေါ့...မှားတဲ့နေရာက ထင်ရှားလာလိမ့်မယ်”
ကမ္ဘာစောင့်ဘိုးဘိုးကြီး ပြန်သွားတယ်။
ကျွန်တော်ကျန်ရစ်တယ်။
မှန်တာတွေကို မှန်ကြောင်း သေချာအောင်စစ်တယ်။
တွေ့ပြီ။
နောက်ဆုံးကျတော့ ..မှားတာက ကျွန်တော်ပဲ ဖြစ်နေတယ်။
“တော်ပြီ”

ကျွန်တော်နှင့် ဧဒင်ကချေသည် - တာရာမင်းဝေ