Showing posts with label Photos. Show all posts
Showing posts with label Photos. Show all posts

Friday, December 19, 2008

ကလေးလေးတစ်ယောက်လိုတော့ . . .

ကျွန်တော့်ဝါသနာတွေထဲက တစ်ခုဖြစ်တဲ့ ဓါတ်ပုံရိုက်ခြင်းဟာ နက်နဲတဲ့ ပညာရပ်တစ်ခုပါ။ လေ့လာမယ်ဆိုရင် ရှုခင်းပုံ၊ လူပုံ၊ အနီးကပ်ပုံ၊ မင်္ဂလာဆောင်ပုံ၊ ညရှုခင်း၊ အားကစား၊ သတင်းဓါတ်ပုံ စသည်ဖြင့် အများကြီးဆိုမှ အများကြီးပါပဲ။ အဲဒီအထဲကမှ ကလေးဓါတ်ပုံလေးတွေကို ရိုက်ရတာ အရမ်းစိတ်ဝင်စားဖို့ကောင်းသလို၊ အရမ်းလဲပျော်ဖို့ကောင်းပါတယ်။ ကလေးတွေရဲ့ အဓိကထူးခြားချက်ကတော့ ဟန်ဆောင်မှုကင်းမဲ့တာ၊ အပြစ်ကင်းတာဖြစ်ပါတယ်။ သူတို့ တစ်ခုခုကို အရမ်းစိတ်ဝင်စားနေရင် စူးစမ်းချင်တဲ့စိတ်၊ သိချင်တဲ့စိတ်တွေက မျက်နှာမှာ အပြည့်၊ ပျော်နေပြီဆိုရင်လည်း ဒီအတိုင်းပဲ။


ဒီပုံကတော့ မလေးလူမျိုး Projectမန်နေဂျာရဲ့ သားလေးပုံပါ။ ကုမ္ပဏီရဲ့ မိသားစုတွေ့ဆုံပွဲနေ့၊ မျက်လှည့်ဆရာမျက်လှည့်ပြနေတာကို စင်ပေါ်အထိတက်ပြီး စိတ်ဝင်တစား စူးစမ်းလေ့လာနေတဲ့ပုံပါ။


ဒါကတော့ ကျွန်တော့်အထက်က မန်နေဂျာရဲ့ သားပါ။ အဲဒီ မန်နေဂျာမင်္ဂလာဆောင်တုန်းကတောင် သူ့ရဲ့Brotherအနေနဲ့ လိုက်ပြီး ကူညီခဲ့တယ်။ အခုတော့ သူ့သားလေးတောင် ဒီအရွယ်ရောက်နေပါပြီ။


ညီညီတို့ မင်္ဂလာဆောင် စုံတွဲပုံတွေ စင်တိုဆာမှာ သွားရိုက်တုန်း မိုးတွေရွာလာပါတယ်။ ဒါနဲ့ပဲ ညီညီတို့ စုံတွဲရယ် ကျွန်တော်ရယ် နေဘုန်းလတ်ရယ် မိုးခိုနေတုန်း ဟိုဖက်ဝိုင်းက ကောင်မလေးကို စရင်းနောက်ရင်း ရိုက်ဖြစ်ခဲ့တဲ့ပုံပါ။ ဘာလူမျိုးလဲတော့ မသိဘူး။ အရမ်းချစ်ဖို့ကောင်းပါတယ်။


ဒါကလည်း ကုမ္ပဏီမိသားစုတွေ့ဆုံပွဲမှာ ရိုက်ထားတာပါပဲ။ Asia Pacificရဲ့ မန်နေဂျာသားလေးပါ။ ဖအေတူသားလေးပါ။ သူလည်း စင်ပေါ်ကို ပြေးပြေးတက်ပါတယ်။

အောက်ကပုံတွေကတော့ သံလွင်အိပ်မက်မှာ ပါခဲ့ဖူးတဲ့ ကျွန်တော်ရိုက်တဲ့ ဓါတ်ပုံတွေပါ။


အရင်တုန်းက သံလွင်အိပ်မက်က ဦးစီးပြီး သုံးလတစ်ခါ ရန်ကုန်အနီးတ၀ိုက်မှာရှိတဲ့ ဘုန်းတော်ကြီး မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းတွေကို အလှူသွားသွားလုပ်ဖြစ်ပါတယ်။ တောင်ဒဂုံမှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းကို နေဘုန်းလတ်နဲ့ ကျွန်တော်သွားလှူခဲ့တယ်။ အဓိကတော့ စာအုပ်ခဲတံ၊ စတဲ့ စာရေးကိရိယာတွေနဲ့ ငွေသားနည်းနည်းလှူခဲ့ပါတယ်။ ဘုန်းကြီးနဲ့ နေဘုန်းလတ်နဲ့ စကားပြောနေတဲ့အချိန် ဘေးမှာထိုင်နေတဲ့ ကျောင်းသားလေးတွေကို အမှတ်တရရိုက်ခဲ့တာပါ။


ဒီပုံကိုဘလော့ခ်မှာ အရင်တုန်းကလည်း တစ်ခါ တင်ဖူးပါတယ်။ ရန်ကုန်ကို ၂၀၀၅လောက်က ပြန်တုန်း တိရိစ္ဆာန်ရုံမှာ မြောက်ဥက္ကလာ မူလတန်းကျောင်းတစ်ကျောင်းက ဆရာမတွေနဲ့ ကျောင်းသားလေးတွေ လာကြတာကို တွေ့ရတယ်။ အဲဒီထဲက သနပ်ခါးပါးကွက်ကျားနဲ့ ပြုံးပျော်နေတဲ့ကောင်လေးရဲ့ ပုံပါ။

Tuesday, September 23, 2008

Super Import Night 08

ယောက်ျားလေးတွေ လည်ပြန်ကြည့်တဲ့အရာတွေထဲမှာ ကားအကောင်းစားတွေနဲ့ ကောင်မလေးချောချောလေးတွေက ထိပ်ဆုံးက ပါတယ်ဆိုရင် မှားမယ်မထင်ပါဘူး။ အဲဒီအရာတွေကို လည်ပြန်ကြည့်စရာမလိုပဲ အားရပါးရ တ၀ကြီးကြည့်ဖို့အတွက် ပြီးခဲ့တဲ့ အပတ်တုန်းက Super Import Nightလို့ ခေါ်တဲ့ ကားပြပွဲကို အဖော်ကောင်းတာနဲ့ တစ်ယောက်တစ်ဆယ်ပေးပြီး ၀င်ကြည့်ခဲ့ပါတယ်။ အစောကြီးကတည်းက ကားတွေရော ကောင်မလေးတွေပါ ဓါတ်ပုံရိုက်ဖို့ကြံစည်ထားတဲ့အတွက် အသင့်ပါလာတဲ့ကင်မရာကို မှန်ဘီလူးတပ်၊ Flashတပ်နဲ့ အလုပ်ရှုပ်ပြီး ဘာတွေ့တွေ့အကုန်ရိုက်လိုက်တာ ပုံပေါင်း ၂၀၀လောက် ရိုက်ဖြစ်လိုက်တယ်။ ဒီလိုပွဲမျိုးကို ကွန်ပျူတာပြပွဲမှာ တစ်ခါရိုက်ဖူးပေမယ့် ဒီပွဲမှာ ရိုက်ရတာ ပညာအများကြီး ပိုပါတယ်ဆိုတာကို သိလိုက်ရတဲ့အချိန်မှာ ည၁၀နာရီထိုးပြီဖြစ်တဲ့အတွက် အားမရသေးခင်ပြန်ခဲ့ရတယ်။

ကားတွေကို ဓါတ်ပုံရိုက်ရတာ ကောင်မလေးတွေကို ရိုက်ရတာထက်လွယ်ပေမယ့် ကားကြည့်နေတဲ့လူ၊ အပြင်လူ၊ ဖြတ်သွားဖြတ်လာတွေ ဓါတ်ပုံထဲမှာ မပါဖို့အတွက် စိတ်ရှည်ရှည်ထားပြီး ရိုက်ခဲ့တယ်။ ဒါပေမယ့် တချို့ကားတွေကို နေရာချထားတာ ကျွန်တော်လိုချင်တဲ့ အကွက်အကွင်းက မဟုတ်လို့ တချို့ကားတွေကို နေရာတောင် ပြောင်းချင်စိတ်ပေါက်မိပါသေးတယ်။



ကားပုံတွေ ပြီးတော့ ကောင်မလေးတွေပုံပါ။ ဒီနှစ်တော့ ထူးထူးခြားခြား ဖြစ်သွားအောင် စင်္ကာပူက မော်ဒယ်လ်တွေ၊ ပြိုင်ပွဲဘုရင်မ(Race Queen) တွေ အပြင် အမေရိကန်နဲ့ ယိုးဒယားနိုင်ငံတို့က မော်ဒယ်လ်တွေလည်း အများကြီးလာကြပါတယ်။ မော်ဒယ်လ်တွေက ဓါတ်ပုံအရိုက်ခံတဲ့အခါ ကိုယ့်တစ်ယောက်တည်းကို အရိုက်ခံတာ မဟုတ်ပဲ လူအယောက် ၁၀ယောက် ၁၅ယောက်လောက် ၀ိုင်းပြီး ရိုက်ကြတာ ဖြစ်လို့ သူတို့ မျက်လုံး ကိုယ့်ဖက်လှည့်ဖို့ကို အချိန်တော်တော်လေး စောင့်ပြီး ရိုက်ယူရပါတယ်။ View Finderကနေ မော်ဒယ်လ်တွေကို သေသေချာချာစိုက်ကြည့်ပြီး သူတို့မျက်လုံးက ကင်မရာရဲ့ မှန်ပြောင်းတည့်တည့်ကို ရောက်ပြီဆိုတာနဲ့ တပြိုင်နက် . . . အောက်က ပုံလေးတွေ ထွက်လာပါတယ်။

Sunday, August 5, 2007

SPmyanmar ရိုးရာကပွဲ


ဒီပုံတွေကတော့ ကျွန်တော် ဒီနေ့ SP Myanmar Traditional Showမှာ ရိုက်ထားတဲ့ ပုံတွေပါ။ Exposureကို သိပ်စိတ်တိုင်းမကျလှပေမယ့် ဒါပဲ ရှိလို့ ဒါပဲ တင်ပေးလိုက်ပါတယ်။ မြန်မာဘလော့ခ်ကာတွေလည်းဖြစ် ဒီပွဲရဲ့ Organizerတွေလည်းဖြစ်တဲ့ ဝေယံလင်း၊ မောင်သန့်ဇင်နဲ့ MCလုပ်သွားတဲ့ ဝေဖြိုးကျော်တို့ရဲ့ လုပ်ဆောင်ချက်တွေကို အမြဲဂုဏ်ယူနေမှာပါ။

အဲဒီပွဲအကြောင်း ဖတ်ချင်တယ်ဆိုရင်တော့ ဒီမှာ သွားဖတ်ပါ။

Friday, July 27, 2007

ရေပန်းကပွဲ ဓါတ်ပုံများ


ဒါကတော့ စင်တိုဆာမှာ ရိုက်ထားတဲ့ ရေပန်းကပွဲပါ။ မနက်ဖြန် စင်္ကာပူရောက်မယ့် ဘလော့ခ်ကာတစ်ယောက်ကို ဒီရေပန်းမီးပန်းတွေနဲ့ ကြိုဆိုလိုက်ပါတယ်။

Saturday, July 21, 2007

ကျွန်တော့် ကွန်ပျူတာစားပွဲ


တခြားဘာပုံတင်ရမှန်း မသိတာရယ်။ ပြီးတော့ တခြားပုံထက် ဒီပုံကို ပိုပြီးစိတ်ဝင်စားမယ် ထင်တာရယ်။ ကျွန်တော်ကွန်ပျူတာသုံးတိုင်း မော့ကြည့်ရင် မြင်နေရတဲ့ စားပွဲပေါ်က မြင်ကွင်းရယ်ကို ဒီဘလော့ခ်လောက်လာလည်တဲ့ သူတွေလည်း မြင်ဖူးစေချင်လို့ ဒီပုံလေး တင်ပေးလိုက်ပါတယ်။

ကလေးကလား အရုပ်တွေအများကြီးပဲ လို့ပြောမလို့လား။ ဟုတ်ပါတယ်။ ကျွန်တော်က အင်္ကျီအ၀တ်အစားထက်ကို အဲလို တိုလီမိုလီလေးတွေ ၀ယ်ရတာအရမ်းကြိုက်ပါတယ်။ ဒါပေမယ့် တစ်ဝက်လောက်က သူများလက်ဆောင် ပေးထားတာပါ။ နောက်မှပဲ အရုပ်တစ်ရုပ်ချင်းစီနဲ့ မိတ်ဆက်ပေးတော့မယ်။

Sunday, July 15, 2007

မွေးနေ့နှစ်ခုအတွက် အမှတ်တရ

ပေးထားတဲ့ကတိအတိုင်း ကျွန်တော် ဓါတ်ပုံလေးတွေ တင်ပေးမယ်။ ဒီပုံကတော့ သံလွင်အိပ်မက်အမှတ်(၉)မှာ ဖော်ပြခဲ့တဲ့ပုံပါ။

ဒီနေ့ကတော့ မှတ်မှတ်ရရပါပဲ။ ဘလော့ဂ်ဂါသူငယ်ချင်းတွေ ဖြစ်တဲ့ မမဂျစ်တူးနဲ့ မမညလေးတို့ရဲ့ မွေးနေ့ပါ။ နှစ်ယောက်စလုံး ကျွန်တော့်ထက် ကြီးပါတယ်။ အသက်။ ဒါကြောင့် ကျွန်တော့်အမတွေရဲ့ မွေးနေ့မှာ သူတို့နှစ်ယောက်စားဖို့ရော ဘလော့ခ်ကို လာလည်တဲ့လူတွေ စားဖို့ပါ ကျွန်တော်ဇင်ကိုလတ်က အသားကြော်ကျွေးပါမယ်။ ဒီပုံမှာ အသားတွေဆီနဲ့ လှိမ့်ပေးနေတဲ့ လူကို ကျွန်တော်လို့ သဘောထားပါ။ စားကြပါ။ အားရပါးရပေါ့။ သတိထားတော့ စားနော်။ မီးတွေလည်း စားမိဦးမယ်။ စားလို့ဝကြရင်တော့ ဒေါ်ကြီးညလေးနဲ့ ကြီးတော်ဂျစ်တူးတို့ရဲ့ ဘလော့ခ်မှာ ကိတ်မုန့်တွေ သွားစားကြရအောင်ပါ။

Tuesday, May 22, 2007

တီပီမြန်မာသင်္ကြန် ၂၀၀၇




TPmyanmar Thingyan 2007ရဲ့ ပုံတွေပါ။ သင်္ကြန်ယိမ်းပုံတွေကတော့ သိပ်စိတ်တိုင်းမကျလို့ မတင်တော့ပါဘူး။


Wednesday, April 25, 2007

သနပ်ခါးရနံ့တွေနဲ့ စိမ်းလန်းစိုပြည်



ဗိုလ်မတွေရဲ့ ဖက်ရှင်ရှိုးပြီးတော့ မြန်မာမလေးတစ်ယောက်ရဲ့ ပုံတွေကိုလည်း ခံစားကြည့်ကြပါဦး။ ရန်ကုန်ပြန်တုန်းက အင်လျားကန်စောင်းမှာ ရှိတဲ့ စိမ်းလန်းစိုပြည်မှာ ရိုက်ထားတာပါ။

Monday, April 23, 2007

စင်္ကာပူက ဖက်ရှင်ရှိုး

အရင်လက တစ်လလုံးစင်္ကာပူမှာ Singapore Fashion Festivalဆိုပြီး Shopping Mallတော်တော်များများမှာ ဖက်ရှင်ရှိုးတွေရှိခဲ့တယ်။ အဲဒီအထဲ ကမှ လက်လှမ်းမှီသလောက် သုံးခုလောက်သွားရိုက်ဖြစ်ခဲ့တယ်။ အခုပုံတွေကတော့ Marina Squarမှာ ၂၄ မတ်လက လုပ်သွားတဲ့ ဖက်ရှင်ရှိုးကပုံတွေပါ။






Saturday, April 7, 2007

ကေသရာဇာ ခြင်္သေ့ဖြူ


ဟိုစပ်စပ် ဒီစပ်စပ် အကုန်သိတဲ့ ထိုင်းက သူငယ်ချင်းတစ်ယောက် ပို့လိုက်တဲ့ ပုံပါ။ ပြီးတော့ သူက ပြောပါသေးတယ်။ သိမ်ဖြူဆရာတော် ရှင်နာဂသေနမထေရ် ရေးသားပြုစုတော်မူတဲ့ သားငါးကျေးငှက် အဘိဓာန်ထဲမှာ စာအဖြစ် ဖော်ပြထားတဲ့ ကေသရာဇာ ခြင်္သေ့ဖြူကို မြင်ဖူးချင်လွန်းလို့ သတိထားရှာဖွေခဲ့ရာက အင်တာနက်ထဲမှာ တွေ့လိုက်လို့ ဆရာတော်ရဲ့ သုတေသန မမှားကြောင်းသိလိုက်ရတဲ့ အတွက် အားလုံးကို ဝေမျှချင်စိတ်ပေါ်လာလို့ ပို့ပေးလိုက်တာပါ။ တဲ့။ ကဲ . . သူငယ်ချင်းKTZရေ၊ ကျေးဇူးလဲတင်ပါတယ်။ ငါကလဲထပ်ပြီး အားလုံးကို မျှဝေပေးလိုက်ပါပြီ။

Friday, April 6, 2007

အမှတ်တရ စင်္ကာပူညတစ်ည



ဝယ်ထားတဲ့ ကင်မရာ Canon 350Dလေးကို ညဖက် မရိုက်ရသေးဘူးဆိုပြီး ဟိုတစ်ပတ်က ရိုက်ခဲ့တဲ့ပုံတွေပါ။ ခံစားကြည့်ကြပါဦး။ စင်္ကာပူမှာကလဲ ပြေးကြည့်မှ ဒီနားတ၀ိုက်ပဲ ဓါတ်ပုံရိုက်လို့ကောင်းတာရှိတယ်။ အပြန် Coffee Beanမှာ ကော်ဖီဝင်သောက်ခဲ့လို့ မထူးပါဘူးဆိုပြီး Coffee Beanဆိုင်းဘုဒ်ပါ ရိုက်လာခဲ့တယ်။ :)


အိမ်အပြန် MRTကို သွားတဲ့ လမ်းမှာ မြန်မာတို့ရဲ့ စုရပ် ပန်နီဇူလားရှေ့ရောက်တော့ လည်းရိုက်လိုက်ပါဦးမယ်ဆိုပြီးတော့ .. . .။

Thursday, March 22, 2007

အားရပါးရ ရယ်နေတဲ့ သွားကျိုးလေး

သံလွင်အိပ်မက်အမှတ်(၆) မှာတုန်းက ပါဖူးတဲ့ ပုံပါ။ အဲဒီထဲကဓါတ်ပုံလေးတွေကို တော်တော်ကြိုက်တယ်။

Saturday, March 17, 2007

ကျွန်တော်နှင့် ကိုမောင်လှပြောတဲ့အုန်းသီး

ကိုမောင်လှပြောတဲ့ အုန်းသီးတစ်လုံးကို ပလတ်စတစ်ကဒ်လေးသုံးပြီး ၆လ အတိုးမရှိလစဉ်ပေးစနစ်နဲ့ ၀ယ်လိုက်ပါတယ်။ ၀ယ်ထားတာတစ်ပတ်လောက် ကြာပြီဖြစ်ပေမယ့် အလုပ်မအားတာနဲ့ ကလိဖို့အချိန်မရဘူး။ ဒီနေ့မှ အချိန်လေးရတုန်း ပြေးရိုက် ထားတာလေးတွေ...။ အခုမှ စရိုက်တဲ့သူဆိုတော့ ထုံးစံအတိုင်း မတောက်တခေါက်ပေါ့.။


ကျွန်တော့်အိပ်ခန်းကနေ လှမ်းမြင်ရတဲ့မြင်ကွင်းပါ။

သူငယ်ချင်းတစ်ယောက်အိမ် ရောက်တုန်း ရိုက်ထားတဲ့ပုံပါ။

စင်္ကာပူမြစ်(မြောင်း)ဘေးက လမ်းမှာတွေ့တဲ့စက္ကူပန်းတွေရဲ့ ပုံလေးပါ။

ဘယ်ဘက်ကအဆောက်အုံကြီးက ကျွန်တော်တို့မြန်မာများ စုဝေးရာ ပန်နီဇူလာပလာဇာကြီးပါ။
အဲဒီမှာ မြန်မာဆိုင်ပေါင်း သုံးဆယ်လောက်ရှိပါတယ်။

ဒါကတော့ ကျွန်တော်တို့လှူထားတဲ့ ဒူးရင်းသီးကြီးပါ။

Raffles Placeက စင်္ကာပူရဲ့ ရုံးခန်းတွေ၊ ဘဏ်တွေအများဆုံး ရှိတဲ့နေရာပါ။

ပုံတွေအားလုံးက ဘာမှမပြင်ထားတဲ့ နဂိုပုံတွေပါ။(Image Size)တစ်ခုပဲ ပြောင်းထားပါတယ်။ ဒီပုံတွေရိုက်ပြီးတဲ့အခါမှာ လေ့လာရမှာတွေ၊ သင်ယူရမှာတွေ အများကြီးရှိပါသေးလားဆိုတာကို သိလိုက်ပါတယ်။

Wednesday, February 7, 2007

ပုဇွန်ထုပ်၊ ငါးခူဆီပြန်နဲ့ အသုပ်စုံ


ရန်ကုန်ပြန်တုန်းက အိမ်မှာဘုန်းကြီးဆွမ်းကပ်တယ်။ အဖွားက ကပ်တာဆိုတော့ သူ့ရဲ့ သား၊ သမီး၊ ကျွန်တော့်ရဲ့ အမေ၊ ဦးလေး၊ အဒေါ်တွေအားလုံး ဟင်းခွက်ကိုယ်စီကိုယ်စီ အိမ်ကချက်လာကြတာပေါ့။ ဒီဓါတ်ပုံကတော့ စင်္ကာပူကညီတစ်ယောက်ရဲ့ မွေးနေ့အတွက် ဆိုပြီးသူ့အမေက ချက်လာတဲ့ဟင်းခွက်တွေပါ။ ကျွန်တော့်ဘလော့ခ်ကို လူတွေလာလည်တဲ့အခါ ဧည့်ခံဖို့တင်လိုက်ပါတယ်။ ပုဇွန်ထုပ်ဟင်းရယ်၊ ငါးခူဆီပြန်ရယ်၊ ဘာအရွက်သုပ်ရယ်လဲမသိဘူး။ ရဲရဲစားပါ။ ငရဲမကြီးပါဘူး။ အဲဒါဘုန်းကြီးပွဲက အကျ။ စားပြီးရင်အချိုလေးပါ သုံးဆောင်လိုက်ပါဦး။