Thursday, November 20, 2008

၂၉နှစ်ပြည့်လား ပိုစ့်၂၀၀မြောက်လား

အပေါ်ကိုမော့ကြည့်လိုက်တော့ ဆောင်းဦးပေါက် လတစ်စင်း ကောင်းကင်မှာ စီးဆင်းနေတယ်။ မဟုတ်သေးဘူး။ အနောက်ကိုလှည့်ကြည့်လိုက်တယ်။ မည်းညစ်ညစ် သမိုင်းကြောင်း အလှည့်အပြောင်းများစွာနဲ့လေ။ ဒါဏ်ရာဆိုတာ ပျောက်ဖို့လွယ်ပေမယ့် အမာရွတ်တွေကတော့ အခုအချိန်ထိ ရှိတုန်း။ တာရာမင်းဝေစကားနဲ့ ပြောရရင်တော့ လောကမာယာဆိုတာ အတီးခံရတဲ့ ဗုံတွေပါပဲ။ အသံမထွက်တာက လွဲလို့ပေါ့။ ရပ်ကွက်ထဲက လူတွေပြောတာတော့ “လူတွေဟာ ကိုယ့်သမိုင်း ကိုယ်ရေးနေကြတာပဲ”တဲ့။ အင်း . . . ကိုယ့်သမိုင်းကိုယ်ရေးရင်း ရာဇ၀င်တွေ ရိုင်းအောင် လုပ်နေတဲ့သူတွေကိုတော့ မုန်းမိတာအမှန်ပဲ။ ထားပါ . . .။ ကံတရားဆိုတာ ပန်ကန်ပြားလို ၀ိုင်းဝိုင်းလေးပါ။ တချိန်သူ့ကံသူ့ဟာသူ အကျိုးပေးလိမ့်မပေါ့။ ပြောရင်းနဲ့ အရှေ့ကို လှမ်းကြည့်မိတယ်။ ၀ိုးတ၀ါး၊ တကယ့်ကို ၀ိုးတ၀ါး။ အင်း မြူနှင်းတွေနဲ့ အုံ့မှိုင်း အရိုးပြိုင်းပြိုင်း ညနေအိုတို့ ဖယ်ကြ။ သွားကြ။ ငါ့လမ်းကို ငါဖောက် ငါ့ဘာသာ ငါ ဆက်လျှောက်မယ်။ မသေချာမှုတွေများတဲ့ ဒီလောကကြီးမှာ သေချာတာတစ်ခုကတော့ မင်းကိုကိုယ်သိပ်ချစ်တယ်လို့ ၁၀တန်းကျောင်းသားဘ၀တုန်းက ပြောခဲ့ဖူးတယ်။ အင်း . . ရယ်တော့ ရယ်ရသား။ အဲဒီသေချာမှုတွေက တော်တော်များခဲ့တာကိုး။ အဖေကတော့ မှာဖူးတယ်။ အသက် သုံးဆယ်မကျော်စေနဲ့တဲ့။ ဖေဖေရေ . . နောက်နှစ်ဆို သုံးဆယ်ပြည့်တော့မယ်။ အဲဒီတော့ သုံးဆယ်လား။ သုံးဆယ့်တစ်လား။ အင်း. . . ဒါမှမဟုတ် မနက်ဖြန်လား၊ သန်ဖက်ခါလား။ သေချာတယ် . . အခုထိတော့ လွတ်လပ်ခြင်းတို့ကို ခုံမင်နေတုန်းပဲလေ။ နောက်ဆုံး အောက်ကို ငုံ့ကြည့်လိုက်တယ်။ ငါ့ခြေထောက်တစ်စုံ . . . ညအိပ်ရာဝင်တိုင်း နဖူးပေါ်လက်တင်ပြီး စဉ်းစားပါ။ သင်ဒီနေ့ ဘာလုပ်ခဲ့သလဲ။ ဘာရခဲ့သလဲ။ ပညာ၊ ပိုက်ဆံ၊ ဒါမှမဟုတ် ကုသိုလ်တစ်ခုခုရခဲ့သလား။ မရခဲ့ရင် မနက်ဖြန် ဘာရအောင် လုပ်မလဲ။ အင်း . . . ငါလိုချင်တာအဲဒီအတွေးတွေ မဟုတ်ဘူး။ ခေါင်းအုံးနဲ့ ခေါင်းနဲ့ ထိလိုက်တာနဲ့ တုံးကနဲ အိပ်ပျော်သွားခြင်းတစ်ခုပဲ ဖြစ်ပေတယ်။ အောက်ကိုထပ်ငုံ့ကြည့်မိတယ်။ ငါ့ ခြေထောက်တစ်စုံက ဂုဏ်ယူ ၀င့်ကြွားစွာနဲ့ . . . ။ ငါရပ်တည်ခြင်း ၂၉နှစ်ပြည့်အတွက်ပေါ့။

ဘလော့ခ်Readerဘ၀ကနေ ဘလော့ခ်လောကကို ရောက်တဲ့အချိန် ဘန်းစကားတွေ လန်းနေခဲ့တယ်။ ဒါမှမဟုတ် ဘာကြောင့် ဘလော့ခ်ရေးဖြစ်လဲ စဉ်းစားတုန်းဘလော့ခ်တွေခေတ်ကို ရောက်ခဲ့တယ်။ နှလုံသားတစ်ခုအလုပ်ပြုတ်သွားတဲ့ အချိန်မှာ သတိုးသီရိ သုဓမ္မရာဇာ အဂ္ဂမဟာသရေစည်သူ အလင်္ကာကျော်စွာ ၀ဏ္ဏကျော်ထင် ဇင်ကိုလတ်ကို သမ္မတအဖြစ်ရွေးကြလိမ့်မယ်။ ကျွန်တော်စားချင်သော အစားအစာများမှာ ပုဇွန်ထုပ်၊ ငါးခူဆီပြန်နဲ့ အသုပ်စုံလား၊ ၂၀မိနစ် ကာလသားချက်လား၊ မြောင်းမြက ဒယ်လေးခေါက်ဆွဲလားဆိုတာကိုမသိခင် စားနေကျဖြစ်တဲ့ ဘလော့ခ်ဂါရဲ့ ညနေစာကိုပဲ စားသုံးခဲ့တယ်။ စုံတွဲလေးသွားကြည့်သင့်တဲ့ ရုပ်ရှင်ပဲဖြစ်ဖြစ်၊ စုံတွဲသွားမကြည့်သင့်တဲ့ ရုပ်ရှင်ဖြစ်ဖြစ် လူသတ်သမချောချောလေးတွေကတော့ မိုက်တာသေချာတယ်။ အခုရေးနေတဲ့ စာဟာ မော်ဒန်ဆိုတဲ့အနုပညာလား။ မဟုတ်သေးဘူး။ ပြောရမှာတော့ ရှက်ပါတယ်။ ဒါပေမယ့် အခုထိ တာဝန်မကျေသေးဘူး။ မဟူရာညရဲ့ စက်နှိုးသံကို နားထောင်ရင်းနောက်ဆုံးတော့ မိုးရာသီမှာ ရူးသွားပြီလေ။နှင်းဝိညာဉ်တစ်စက်ရဲ့ နိဂုံးဟာ အိပ်မက်ပန်းတွေ ပွင့်တဲ့သစ်ပင်မဟုတ်ပေမယ့် မှောင်နေတဲ့အလင်းရောင်ဖြစ်ပေတယ်။ သြော် . . . ကြိုးပြတ်နေတဲ့ဂစ်တာတစ်လက်ကတော့ အခန်းထောင့်တစ်နေရာမှာ ငြိမ်ကုပ် တိမ်တစ်အုပ်လို လွှင့်မျောရမယ့်နေ့တွေကို စောင့်နေလေရဲ့ . . .။

Tuesday, November 18, 2008

နေဘုန်းလတ်ဆိုတာ ဘယ်သူလဲ

နေဘုန်းလတ်ဟာ ၁၉၉၇ခုနှစ်မှာ အထက(၆)ဗိုလ်တထောင်(ယခင် စိန်ပေါလ်ကျောင်း)မှ ၁၀တန်းအောင်မြင်ခဲ့ပြီး ၂၀၀၃ခုနှစ်မှာ RIT(ယခု နည်းပညာတက္ကသိုလ် YTU)မှ Civil Engineeringဘွဲ့ကို ရယူခဲ့ပါတယ်။ အဲဒီနောက် ရန်ကုန်မြို့ ပြည်လမ်းပေါ်ရှိ Constructionတစ်ခုမှာ ၀င်ရောက်လုပ်ကိုင်ခဲ့ပြီး ၂၀၀၄ခုနှစ်အကုန်ပိုင်းတွင် အလုပ်လုပ်ရင်း ပညာသင်ကြားရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စင်္ကာပူနိုင်ငံကို ထွက်ခွာသွားခဲ့တယ်။ စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်ရင်း သံလွင်အိပ်မက်မဂ္ဂဇင်းမှာ အယ်ဒီတာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူက စင်္ကာပူမှာ မပျော် မြန်မာနိုင်ငံမှာပဲ ပျော်တယ်ဆိုပြီး ၂၀၀၆ခုနှစ်မှာ မြန်မာနိုင်ငံကို အပြီး ပြန်သွားကာ ရန်ကုန် ၃၈လမ်းမှာ အင်တာနက်ကဖေးဖွင့်လှစ်ပြီး ကွန်ပျူတာပညာကို လေ့လာခဲ့တယ်။ ရန်ကုန်မှာ ရှိနေစဉ်အတွင်း သံလွင်အိပ်မက်ကသုံးလတစ်ကြိမ်ပြုလုပ်တဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေကို စာအုပ်၊ စာရေးကိရိယာ၊ ပိုက်ဆံလှူဒါန်းတဲ့အခါ အဓိကနေရာကနေ ဦးဆောင်ပြီးပါဝင်ခဲ့တယ်။

သူက အနုပညာကို စွဲလမ်းမြတ်နိုးသူဖြစ်ပြီး သူ့ရဲ့ ပထမဆုံး ပုံနှိပ်စာမှာ EDUCATIONဆိုတာကို စာလုံးတစ်လုံးချင်း အဓိပ္ပါယ်ဖွင့်ဆိုခဲ့တဲ့ ဆောင်းပါးလေးပဲ ဖြစ်ပါတယ်။ အဲဒီအချိန်ကစလို့ စံပယ်ဖြူမဂ္ဂဇင်းရဲ့ ပင်တိုင် ဆောင်းပါးရှင်ဖြစ်လာပြီး သူ့ရဲ့စာတွေကို ချယ်ရီမဂ္ဂဇင်းတို့ စင်္ကာပူက ရွှေမြန်မာမဂ္ဂဇင်းတို့မှာလဲ ဖော်ပြခဲ့ဖူးပါတယ်။ ၂၀၀၇ ဖေဖော်ဝါရီလက စပြီး “ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်”ဆိုတဲ့ နာမည်နဲ့ ဘလော့ခ်တစ်ခုကို စတင်ရေးသားခဲ့တယ်။ သူက စာရေးတာကိုအဓိက၀ါသနာပါတာဖြစ်ပြီး သူရဲ့ တခြားဝါသနာတစ်ခုဖြစ်တဲ့ ဓါတ်ပုံပညာကို ချပြဖို့အတွက် “အလင်းနဲ့ ရေးတဲ့ ပန်းချီ”ဆိုတဲ့ ဘလော့ခ်တစ်ခုကို ၂၀၀၇ သြဂုတ်လမှာ သူငယ်ချင်းကိုငယ်နဲ့ တူတူလုပ်ဖြစ်ခဲ့တယ်။ အဲဒီနောက် မြန်မာလူငယ်တွေ ဘလော့ခ်အကြောင်း ပိုမိုသိရှိနားလည်လာဖို့ ပိုစ့်တွေ ရေးသားခဲ့ပြီး ၂၀၀၇ ဧပြီလက စလို့ မြန်မာဘလော့ခ်စာအုပ်ဖြစ်မြောက်ရေးအတွက် အခြားသော မြန်မာဘလော့ခ်ကာများနဲ့ စုပေါင်းပြီး အပြင်းအထန်ကြိုးစားခဲ့တယ်။ အဲဒီစာအုပ်ဖြစ်မြောက်ရေးအတွက် ကြိုးစားရင်း အခြားဘလော့ခ်ကာတွေနဲ့ ပူးပေါင်းကာ မြန်မာနိုင်ငံရဲ့ ပထမဆုံး Why do we blog? ဆိုတဲ့ ဘလော့ခ်ကာ Seminarကြီးကို စက်တင်ဘာလ ၁ရက် ၂၀၀၇ခုနှစ်မှာ အောင်မြင်စွာကျင်းပနိုင်ခဲ့တယ်။ ကျင်းပရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ပြည်တွင်း ပြည်ပမှာ ရှိနေကြတဲ့ မြန်မာဘလော့ဂါတွေရဲ့ အတွေ့အကြုံနဲ့ အတွေးအမြင်တွေကို သိစေချင်လို့ ဖြစ်ပါတယ်။ နောက်ပြီး မီဒီယာ ကန့်သတ်ချက် တော်တော်များများကို ရိုက်ချိုးလိုက်တဲ့ ဘလော့ဂ် ယဉ်ကျေးမှု အကြောင်းနဲ့ အသုံးပြုရ ဘယ်လောက် လွယ်ကူတယ် ဆိုတဲ့ အကြောင်းတွေကို မျှဝေချင်လို့လဲ ဖြစ်ပါတယ်။ (Seminarမှာ နေဘုန်းလတ် ပြောသွားခဲ့တဲ့ အကြောင်းအရာအကျဉ်းချုပ်ကို သူ့ရဲ့ ဘလော့ခ်မှာ သွားရောက်ဖတ်ရှုနိုင်တယ်)



အဲဒီဘလော့ခ်Seminarရဲ့ အကျိုးဆက်အနေနဲ့ မြန်မာဘလော့ခ်ကာတွေကို မြန်မာMediaအများစုရဲ့ စိတ်ဝင်စား အာရုံစိုက်ခြင်းကို အဓိကခံခဲ့ရတယ်။ အဲဒါကြောင့် နေဘုန်းလတ်နဲ့ သူငယ်ချင်းဘလော့ခ်ကာတွေကို ဂျာနယ်နဲ့ ရုပ်မြင်သံကြားက ဘလော့ခ်အကြောင်း အင်တာဗျူး၊ သတင်းစတဲ့ဟာတွေကြောင့် နေဘုန်းလတ်ဆိုတဲ့ နာမည်ကို တဖြည်းဖြည်းနဲ့ လူသိလာခဲ့တယ်။ အဲဒါနဲ့ တပြိုင်နက် ၂၀၀၇ စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးအတွင်းမှာ မြန်မာဘလော့ခ်တွေက အဓိကနေရာကနေ ပါဝင်ခဲ့တယ်။ ချက်ချင်းသတင်းယူ၊ ချက်ချင်းတင်။ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ ခွင့်ပြုချက်၊ ဘယ်သူ့ရဲ့ တည်းဖြတ်ခြင်းမှ ခံစရာမလိုတဲ့ မြန်မာဘလော့ခ်တွေကို နိုင်ငံတကာကနေ စောင့်ကြည့်ခဲ့ကြတယ်။ (အဲဒီအတောအတွင်း နေဘုန်းလတ်ဘလော့ခ်မှာ သူပုံမှန်ရေးနေကြ စာတွေကိုပဲ ပုံမှန်တင်ခဲ့ပြီး နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သတင်းပေးချက်တွေကို တစ်ခုမှ မတင်ခဲ့ပါ)။ ၂၀၀၇ခုနှစ် ဒီဇင်ဘာလအတွင်း စင်္ကာပူနိုင်ငံကို အလည်ခဏလာခဲ့တယ်။ သူစင်္ကာပူမှာ ရှိနေတဲ့အချိန်အတွင်း မြန်မာဘလော့ခ်ကာတွေ တွေ့ဆုံတဲ့ပွဲလေး တစ်ခုကို ပြုလုပ်ခဲ့တယ်။ အဲဒီနောက် ဇန်န၀ါရီ ၁၆ရက်မှာ ရန်ကုန်ကို ပြန်သွားပြီး နှစ်ပတ်လောက်ကြာတဲ့ ၂၉ရက်နေ့မှာ အာဏာပိုင်တွေရဲ့ ထိန်းသိမ်းတာကို ခံခဲ့ရတယ်။ ဘာအကြောင်းပြချက်မှ မရှိပဲ ထိန်းသိမ်းခဲ့ပြီး ၉လအကြာမှာတော့ သူနဲ့အတူတူ သီးလေးသီးအခွေတွေ့လို့ဆိုပြီး လိုင်စင်မဲ့ ဗီဒီယိုလက်ဝယ်ကိုင်ဆောင်မှု ဗီဒီယိုအက်ဥပဒေနဲ့ ထောင်ဒဏ် ၃နှစ် ၆လ။ အီးမေးလ်ထဲမှာ နိုင်ငံတော်အကြီးအကဲကို လှောင်ပြောင်ထားတဲ့ပုံတွေတွေ့လို့ နိုင်ငံတော်ပုန်ကန်မှု ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၂နှစ်။ နိုင်ငံတော်အကြီးအကဲကို လှောင်ပြောင်ထားတဲ့စာ၊ ဓါတ်ပုံ၊ ကာတွန်းတွေပါတဲ့ ဘလော့ခ်တွေကို အီလက်ထရွန်းနစ်နည်းပညာအသုံးပြုကာ ၀င်ရောက်ကြည့်ရှုပြီး တခြားသူတွေပို့ထားတဲ့ နိုင်ငံတော်အကြီးအကဲကို လှောင်ပြောင်ထားတဲ့ ပုံတွေကို အီးမေးလ်ထဲက မဖြတ်တဲ့အတွက် အဲဒီဓါတ်ပုံ ပို့တဲ့လူတွေကို ကူညီရာရောက်တယ်၊ အီလက်ထရွန်းနစ် နည်းပညာကို အသုံးပြုပြီး တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေအေးချမ်းသာယာရေးကို ထိပါးတယ်ဆိုပြီး ထောင်ဒဏ် ၁၅နှစ်။ စုစုပေါင်း ထောင်ဒဏ် အနှစ် ၂၀နဲ့ ၆လကို ၁၁ရက် ၁၁လ ၂၀၀၈ခုနှစ်မှာ ချမှတ်ခဲ့ပါတယ်။ ယခုလက်ရှိမှာတော့ နေဘုန်းလတ်ကို ဘားအံထောင်မှာ ချုပ်နှောင်ထားပါတယ်။

နေဘုန်းလတ်၏ သူငယ်ချင်းများက http://freenpl.blogspot.com ဟူသည့် ဘလော့တစ်ခု ပြုလုပ်ထားပြီး ၎င်းနှင့် သက်ဆိုင်သည့် သတင်းများ၊ အမှတ်တရစာများကို အမြဲမပြတ် တင်ဆက်ပေးလျက် ရှိသည်။

နေဘုန်းလတ်အကြောင်းကို CNN, BBCစတဲ့ သတင်းဌာနကြီးတွေက အစ စက်တင်ဘာတော်လှန်းရေးအတွင်း မြန်မာပြည်တွင်းက သတင်းတွေကို အဓိကထားပြီး တင်ခဲ့တဲ့ ဘလော့ခ်ကာဆိုပြီး မှားယွင်းစွာ ရေးသားထားကြတာတွေ၊ တခြားသတင်းဌာနတွေကလည်း ဘယ်ကနေကျောင်းပြီးတာ၊ တချို့ကျတော့လည်း သူ့ဘလော့ခ်က ဘာအကြောင်းကိုအဓိကရေးတာအစရှိသဖြင့် အမှားတွေ တွေ့ရ၊ မြင်ရ၊ ကြားရလို့ ဒီပိုစ့်ကိုတင်ခဲ့ပါတယ်။

Saturday, October 25, 2008

အလုပ်ပြုတ်တဲ့ နှလုံးသား(sg ver)

တာဝန်မှ ရပ်စဲခြင်းခံရသော နှလုံးသား(Singapore Version)

စာအမှတ် ၈-၀၈ နှလုံးသား။
ယနေ့မှစ၍
"MRT"ပေါ်တွင်
"အထုပ်ဆွဲတော်" တာဝန်မှလည်းကောင်း
"Orchard" လမ်းမပေါ်တွင်
"ထီးတော်မိုး" တာဝန်မှလည်းကောင်း
"Hawker Center" တွင်
"စားပွဲတော်ထိုး" တာဝန်မှလည်းကောင်း
"Peninsula Plaza" တွင်
"သက်တော်စောင့်" တာဝန်မှလည်းကောင်း
"Fair Price"တွင်
"ပစ္စည်းတော်ထမ်း" တာဝန်မှလည်းကောင်း
"HDB" တိုက်အောက်တွင်
"အနမ်းတော်ဆက်" တာဝန်မှလည်းကောင်း
သင့်အား လုံးဝရပ်စဲလိုက်ကြောင်းနှင့်
Car တစ်စီး
Condo တစ်ခန်း
Credit Card တစ်ထပ်
Cash နှင့် Carreerကောင်းကောင်း
အဆင့်ရှိသူအား
သင်၏နေရာတွင်
အစားထိုးခန့်ထားလိုက်ပါကြောင်း။

ဇင်ကိုလတ်

(စာရေးဆရာမင်းလူ၏ တာဝန်မှ ရပ်စဲခြင်းခံရသော နှလုံးသားကို တိုက်ရိုက်ကူးယူ၍ Singapore Versionအဖြစ် ပြောင်းလဲထားပါသည်။)

Monday, October 6, 2008

ဒီကစောင့်နေသူ မျိုးကြီး Live Show



သွေးနဲ့ ရေးတဲ့ကျောက်စာတွေကို နာမည်ခေါ်သူ ရော့ခ်အဆိုတော် မျိုးကြီးရဲ့ Live Show အခွေကို ကြည့်ချင်နေတာ တော်တော်ကြာပါပြီ။ ဟိုတစ်နေ့ကမှ အလုပ်ထဲမှာ ပျင်းပျင်းနဲ့ Youtubeက မြန်မာကာရာအိုကေတွေ လိုက်ကြည့်ရင်း မျိုးကြီးရဲ့ Live in Yangonဆိုတဲ့ ရှိုးပွဲကို သွားတွေ့တယ်။ ကိုကျော်နိုင်ဝင်းဆိုတဲ့သူတစ်ယောက် တင်ထားတာပါ။ တခွေလုံးတင်တဲ့လူက တင်တော့ ကျွန်တော်ကလည်း တစ်ပုဒ်မကျန်အကုန်ကြည့်လိုက်ပါတယ်။ မျိုးကြီး ပရိသတ်တွေအတွက်တော့ တကယ့်ကို အားရစရာပါပဲ။ ဒီLive Show အခွေထွက်တုန်းက အကြောင်းကို မမေ(Emotional Corner)က တင်ထားတဲ့အတွက် သွားဖတ်လိုက်မိပါသေးတယ်။ အကြိုက်ဆုံးသီချင်းတစ်ပုဒ်ဖြစ်တဲ့ အပြစ်တစ်ခု ဖန်ဆင်းကို ကျွန်တော့်ဘလော့ခ်မှာ ပြန်လည် ဖော်ပြလိုက်ပါတယ်။ အဲဒီသီချင်းဟာ နောက်ဆုံးသီချင်းဖြစ်ပြီး ၀ိုင်းသိမ်းတဲ့အချိန်ဖွင့်ပေးထားတဲ့ နားနားပြီးပြော နောက်ခံတီးလုံးကို ပရိသတ်က ၀ိုင်းဆိုကြတာကို ကြည့်ခြင်းအားဖြင့် တော်တော်ကို ပျော်ခဲ့ကြတဲ့ပွဲဆိုတာကို သိနိုင်ပါတယ်။ အဲဒီရှိုးပွဲတစ်ခုလုံးကို ကြည့်ချင်တယ် ဆိုရင်တော့ ဒီလင့်ခ်မှာ သွားကြည့်နိုင်ပါတယ်။

Tuesday, September 23, 2008

Super Import Night 08

ယောက်ျားလေးတွေ လည်ပြန်ကြည့်တဲ့အရာတွေထဲမှာ ကားအကောင်းစားတွေနဲ့ ကောင်မလေးချောချောလေးတွေက ထိပ်ဆုံးက ပါတယ်ဆိုရင် မှားမယ်မထင်ပါဘူး။ အဲဒီအရာတွေကို လည်ပြန်ကြည့်စရာမလိုပဲ အားရပါးရ တ၀ကြီးကြည့်ဖို့အတွက် ပြီးခဲ့တဲ့ အပတ်တုန်းက Super Import Nightလို့ ခေါ်တဲ့ ကားပြပွဲကို အဖော်ကောင်းတာနဲ့ တစ်ယောက်တစ်ဆယ်ပေးပြီး ၀င်ကြည့်ခဲ့ပါတယ်။ အစောကြီးကတည်းက ကားတွေရော ကောင်မလေးတွေပါ ဓါတ်ပုံရိုက်ဖို့ကြံစည်ထားတဲ့အတွက် အသင့်ပါလာတဲ့ကင်မရာကို မှန်ဘီလူးတပ်၊ Flashတပ်နဲ့ အလုပ်ရှုပ်ပြီး ဘာတွေ့တွေ့အကုန်ရိုက်လိုက်တာ ပုံပေါင်း ၂၀၀လောက် ရိုက်ဖြစ်လိုက်တယ်။ ဒီလိုပွဲမျိုးကို ကွန်ပျူတာပြပွဲမှာ တစ်ခါရိုက်ဖူးပေမယ့် ဒီပွဲမှာ ရိုက်ရတာ ပညာအများကြီး ပိုပါတယ်ဆိုတာကို သိလိုက်ရတဲ့အချိန်မှာ ည၁၀နာရီထိုးပြီဖြစ်တဲ့အတွက် အားမရသေးခင်ပြန်ခဲ့ရတယ်။

ကားတွေကို ဓါတ်ပုံရိုက်ရတာ ကောင်မလေးတွေကို ရိုက်ရတာထက်လွယ်ပေမယ့် ကားကြည့်နေတဲ့လူ၊ အပြင်လူ၊ ဖြတ်သွားဖြတ်လာတွေ ဓါတ်ပုံထဲမှာ မပါဖို့အတွက် စိတ်ရှည်ရှည်ထားပြီး ရိုက်ခဲ့တယ်။ ဒါပေမယ့် တချို့ကားတွေကို နေရာချထားတာ ကျွန်တော်လိုချင်တဲ့ အကွက်အကွင်းက မဟုတ်လို့ တချို့ကားတွေကို နေရာတောင် ပြောင်းချင်စိတ်ပေါက်မိပါသေးတယ်။



ကားပုံတွေ ပြီးတော့ ကောင်မလေးတွေပုံပါ။ ဒီနှစ်တော့ ထူးထူးခြားခြား ဖြစ်သွားအောင် စင်္ကာပူက မော်ဒယ်လ်တွေ၊ ပြိုင်ပွဲဘုရင်မ(Race Queen) တွေ အပြင် အမေရိကန်နဲ့ ယိုးဒယားနိုင်ငံတို့က မော်ဒယ်လ်တွေလည်း အများကြီးလာကြပါတယ်။ မော်ဒယ်လ်တွေက ဓါတ်ပုံအရိုက်ခံတဲ့အခါ ကိုယ့်တစ်ယောက်တည်းကို အရိုက်ခံတာ မဟုတ်ပဲ လူအယောက် ၁၀ယောက် ၁၅ယောက်လောက် ၀ိုင်းပြီး ရိုက်ကြတာ ဖြစ်လို့ သူတို့ မျက်လုံး ကိုယ့်ဖက်လှည့်ဖို့ကို အချိန်တော်တော်လေး စောင့်ပြီး ရိုက်ယူရပါတယ်။ View Finderကနေ မော်ဒယ်လ်တွေကို သေသေချာချာစိုက်ကြည့်ပြီး သူတို့မျက်လုံးက ကင်မရာရဲ့ မှန်ပြောင်းတည့်တည့်ကို ရောက်ပြီဆိုတာနဲ့ တပြိုင်နက် . . . အောက်က ပုံလေးတွေ ထွက်လာပါတယ်။