Tuesday, February 6, 2007

မောင်ခိုင်မာရဲ့ ကဗျာတစ်ပုဒ်

မြန်မာကဗျာဆရာတွေထဲက နဘေတွေကို လှလှပပကြွကြွရွရွသုံးနိုင်တဲ့ ကဗျာဆရာတစ်ယောက်ကိုပြပါဆိုရင် ဆရာမောင်ခိုင်မာတစ်ယောက်ဟာ ထိပ်ဆုံးဆယ်ယောက်မှာ ပါမယ့်ကဗျာဆရာတစ်ယောက်ပါ။ ဒီကဗျာလေးကတော့ ၉၇တုန်းက ကလျာ မဂ္ဂဇင်းမှာ ပါဖူးတဲ့ကဗျာပါ။ နောက်မှပဲ သူ့ရဲ့ နာမည်ကြီး `ရှင်မရေ´ကဗျာစာအုပ်ထဲက ကဗျာတွေတင်ဦးမယ်။



မျက်လုံးလေးကို ကျေးဇူးတင် - မောင်ခိုင်မာ



အလှ . . ရှိချင်လို့ပေါ့

ငါ့ အသိအမြင်နဲ့

ငါ့ ၀ိညာဉ်ပေါ်ကို ကြွေကျလာမယ့်

ဓနဗေဒ ပညာရပ်ကို

အဂ္ဂိရတ်ထိုးသလိုမျိုး

သိုက်စာဖတ်သလိုမျိုး

အကျိုးထူးပေးနိုးနိုးနဲ့ စောင့်စား

အချိန်တွေသာ ပါးပါးသွားခဲ့ပြီ

ပြဒါးလည်းမသေ- သံလည်းမသေ

ရွှေလည်းမဖြစ် - ငွေလည်းမဖြစ်

ရှင်အဇ္ဇာဂေါဏလို စိတ်ညစ်

(ဒါပေမဲ့ . . .)

ငါ့မျက်လုံးကို ဖောက်ပစ်လိုက်တော့

မဖြစ်သေးဘူး အကြည်တော် . . .။



ဟောဒီ့စက္ခုနှစ်ကွင်းအရပ်မှာ

မျက်ရှုအလင်းဓာတ်လေး

ရှိနေသေးလို့သာ တော်သေးရဲ့

အကြားအာရုံသက်သက်နဲ့သာဆိုရင်

ငါလိုချင်နေတဲ့ အလှရွှေရည်ကြောကို

ရနေပြီကောရယ်လို့

အဟောဝတ သဘောကျနေပေလိမ့်မယ်

(အခုတော့လေ . . .)

ညနေဆည်းဆာရွှေအိုရောင်တွေတောင်

နည်းနည်းလေးညိုမှောင်သွားပြီ

အို . . .သူယောင်ကြားမှာ

ငါလည်း အူကြောင်ကျားဖြစ်နေဆဲပေါ့။ ။



ကလျာ၊ ဖေဖော်ဝါရီ ၁၉၉၇