Wednesday, February 28, 2007

အိပ်မက်ပန်းတွေ ပွင့်တဲ့သစ်ပင်(၃)

ငါ့ အချစ်တွေကို ဘ၀တစ်ခြမ်းစာ ထွန်းညှိခဲ့တာပါကွဲ့၊ ဒါပေမယ့် မင်းဘက်က အမှောင်ကျနေတဲ့ အခြမ်းမှာတော့ လောင်ကျွမ်းစရာ အလွမ်းတွေ အခန်းပြည့်သိုလှောင်ထားတာ ငါမသိခဲ့ပါဘူး။ ကံ့ကော်ဝတ်မှုန် တစ်မှုန်စာ မီးပွားကလေးလွင့်ကျရုံနဲ့ ဟုန်းကနဲ တောက်လောင်ဖို့ မင်းသိုလှောင်ခဲ့တဲ့ အလွမ်းတွေလေ။
ချစ်သူရေ . . အခုတော့ မင်းလောင်စာက ကူးတဲ့ မီးတောက်တွေဟာ အနမ်းတွေကို သင်္ဂြိဟ်ခဲ့ပြီ၊ လိပ်ပြာနဲ့ ပန်းပွင့်တွေကို သင်္ဂြိဟ်ခဲ့ပြီ၊ သစ်သီးတစ်ခြမ်းနဲ့ နှုတ်ခမ်းတစ်စုံကို သင်္ဂြိဟ်ခဲ့ပြီ၊ သက်တန့်လေးကိုင်းနဲ့ မိုးရေစက် မှိုင်းမှိုင်းတွေကို သင်္ဂြိဟ်ခဲ့ပြီ၊ နှလုံးသားသစ်တော ကြိုးဝိုင်းနဲ့ အရူးတစ်ပိုင်း ဖြစ်နေတဲ့ ပင်လယ်ကို သင်္ဂြိဟ်ခဲ့ပြီ၊ ဧဒင်ဥယျာဉ်နဲ့ မုတ်သုန်ချိန်ဝင် အိပ်မက်တို့ကို သင်္ဂြိဟ်ခဲ့ပြီ၊ မေ့လျော့ခြင်းကို သင်္ဂြိဟ်ခဲ့ပြီ၊ အိပ်စက်ခြင်းကို သင်္ဂြိဟ်ခဲ့ပြီ၊
ချစ်သူရေ . . မင်းဟာ ကမ္ဘာ့မြေပုံတစ်ခုလုံးကိုတောင် မီးသင်္ဂြိဟ်ခဲ့သူဖြစ်ပေရဲ့ . . .။
မီးသတ်သမားတို့ရေ . .
မင်းတို့ရဲ့ ဘွတ်ဖိနပ်ကြမ်းတွေနဲ့
အရမ်းမတက်မိဖို့သတိထားကြကွဲ့
မီးလောင်ခံထားရတဲ့ နှလုံးသားပေါ်ကို
အနမ်းနဲ့ တက်မှ ရပေရဲ့ . .
(မာယာကော့ဗ်စကီး)
မီးသတ်သမားတွေဟာ ငါ့ကဗျာရွတ်သံကို မကြားကြပါဘူး။ တကယ်တော့ ငါရူးတာပါ မြနန္ဒာရယ်၊ သေဆုံးနေနှင့်ပြီးတဲ့ ငါ့ခန္ဓာကို ဘယ်သူက ရိုကျိုးမှာလဲ။
အင်း . . ငရဲကြီးရှစ်ထပ်မှာ ချစ်တတ်သူတွေအတွက် မြေတစ်ကွက်စာတော့ ရှိလိမ့်မယ်ထင်ပါရဲ့ မြနန္ဒာ . . ။ ငါဟာငရဲနဲ့သာ ထိုက်အောင် မိုက်ခဲ့သူပါကွဲ့ . .။ ငါမိုက်ခဲ့တယ်။ မင်းရဲ့ ပါးပြင်လေးတစ်ဖက်စာ ငါမိုက်ခဲ့တယ်။
မင်းသောက်နေတဲ့ စတော်ဘယ်ရီတစ်ငုံစာ ငါမိုက်ခဲ့တယ်။ မင်းပြုံးတဲ့ ပါးချိုင့်လေး တစ်ဖက်စာ ငါမိုက်ခဲ့တယ်။ မင်းမျက်တောင်တစ်ခတ်စာ ငါမိုက်ခဲ့တယ်။ မင်းပေးခဲ့တဲ့ အိပ်မက်ကလေး တစ်ညတာစာ ငါမိုက်ခဲ့တယ်။ ကိုယ့်ပိုက်ကွန်ထဲမှာ ကိုယ့်ဘာသာ ပြန်ချုပ်နှောင်လို့ ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါတောင် နောင်တရဖို့ မေ့ခဲ့ပါသလဲ။
သြော် . . .
အလွမ်းတွေကို ငါ့ရဲ့ ဆိပ်ကမ်းမှာချထားရစ်ဖို့ ရည်ရွယ်ပြီး ကုန်သည်လေအသင့်မှာ ရွက်လွှင့်ဝင်လာခဲ့တဲ့လှေဟာ . .မင်းပါပဲ မြနန္ဒာ . . .။
မင်းခိုက်စိုးစန်

2 comments:

နိုင်းနိုင်းစနေ said...

အမိုက်ချင်းတွေ တူနေပါပေါ့လား ဇင်ကိုလတ်ရယ်...
ဘယ်ဖက်ရင်အုံ သင်္ချိုင်းအောက်မှာ
အလွမ်းအဆွေးမြေ့တွေ ဖုံးလွမ်းနေတဲ့
ပုပ်သိုးသိုး နှလုံးသား တစုံရှိတယ်...
ဘွတ်ဖိနပ်ကြမ်းနဲ့ အနင်းခံရတာတော့ မဟုတ်ပါဘူး
စိမ်းကားတဲ့ ဓားနဲ့ အထိုးခံခဲ့ရတာပါ..:(

Unknown said...

သြော် ဖြစ်ရလေ နိုင်းနိုင်းရယ် . . :(