Thursday, June 28, 2007

ကြိုးပျက်နေတဲ့ ဂစ်တာတစ်လက်

ကျွန်တော် ခြောက်တန်း ကျောင်းသားဘ၀က အတန်းထဲမှာ နှစ်ယောက်တစ်တွဲထိုင် ရတော့ ကျောင်းသားအသစ်တစ်ယောက်နဲ့ တစ်ခုံတည်း ထိုင်ဖြစ်တယ်။ သူက ၅တန်းကတည်းက စိန်ပေါလ်ကျောင်းကို ပြောင်းလာတာဖြစ်တဲ့အကြောင်း ပြောပြီး စမိတ်ဆက်တယ်။ ကျွန်တော်တို့ကျောင်းမှာက ဘယ်ကျောင်းသားပဲ ကျောင်းပြောင်းလာလာ အဆင်ပြေတဲ့ အခန်းမှာ နေရာအရင်ချပေးမယ်။ နောက်နှစ်ကျတော့မှ စာမေးပွဲ အမှတ်ပေါ် မူတည်ပြီး ပထမစံပြတန်း၊ ဒုတိယစံပြတန်းတို့ကို နေရာထပ်ချပေးတယ်။ အဲဒီသူငယ်ချင်းနဲ့ ဆုံတော့ ဒုတိယစံတန်းမှာပါ။ မှတ်မှတ်ရရပါပဲ သူနဲ့ ကျွန်တော် ခြောက်တန်းနှစ်နဲ့ ခုနှစ်တန်းနှစ် ၂နှစ်ပဲ တစ်ခန်းတည်း တူတူနေဖူးတယ်။ သူက ပထမစံတန်းရောက်သွားလိုက်၊ ကျွန်တော်က ဒုတိယစံတန်းကနေ တခြားအခန်းတွေ ရောက်သွားလိုက်နဲ့ ပါပဲ။ ဒါပေမယ့် ဒီကောင်နဲ့ ကျွန်တော်နဲ့ကို အခုအချိန်ထိ တွဲဖြစ်စေတဲ့ အကြောင်းတွေထဲက တစ်ခုကတော့ ခုနှစ်တန်းကျောင်းသား ဘ၀မှာပါ။

ကျွန်တော်တို့ ကျောင်းက ဆရာမသင်တဲ့ ကျူရှင်အိမ်မှာ ဆရာမ မရောက်ခင် ကျွန်တော့်တို့ရဲ့ သူငယ်ချင်းတွေက ကျွမ်းထိုးမှောက်ခုန်ကျော်လွှားပြီး ကစားနေကြတဲ့ အချိန် ကျွန်တော်နဲ့ ဒီကောင်က စာအုပ်တစ်အုပ်ကို သဲကြီးမဲကြီးဖတ်နေပါတယ်။ (ကျောင်းစာအုပ်မဟုတ်တာတော့ သေချာပါတယ်။ ဘာစာအုပ်လဲတော့ မမေးပါနဲ့၊ မမှတ်မိပါ)။ အဲဒီအချိန်မှာ အိမ်ရှင်ကျောင်းသားလေးရဲ့ ဦးလေးက နားငြီးလို့ဆိုပြီး ရှိသမျှလူအားလုံးကို ခပ်ရိုင်းရိုင်းဆဲပါတယ်။ ဒါနဲ့ပဲ သိတဲ့အတိုင်း ငါတို့လဲ ဘာမှမလုပ်ပဲ ဆဲခံရတယ်ဆိုပြီး မဟုတ်မခံစိတ်ရှိတဲ့ ကျွန်တော်က အဲဒီကျူရှင်ကနေ ထွက်မယ်လို့ ပြောတော့ ဒီကောင်က ငါလည်း မဟုတ်မခံပဲ သူလည်း လိုက်ထွက်မယ်တဲ့။ နောက်နှစ်တွေကျတော့လည်း အခန်းချင်းသာ မတူတာ အပြင်ကျူရှင်တွေကိုတော့ အမြဲတူတူတက်ဖြစ်တော့ တတွဲတွဲပေါ့။ အဲဒီကတည်းက တောက်လျှောက်တွဲလာခဲ့တာ အခုထိပဲ ဆိုပါတော့။

ဒါပေမယ့် သူနဲ့ ကျွန်တော်နဲ့ ကြားမှာ အမြဲအငြင်းပွားရတဲ့ အကြောင်းလေးတစ်ခု ရှိပါတယ်။ အဲဒါကတော့ မြန်မာစာဦးသိန်းနိုင်၊ အင်္ဂလိပ်စာ ဦးသိန်းလွင်စတဲ့ ကျူရှင်တွေက ကောင်မလေးတွေကိစ္စပါ။ ကျွန်တော်တို့ စိန်ပေါလ်ကျောင်း(ယခုအထက(၆)ဗိုလ်တထောင်)က ယောက်ျားလေးကျောင်းဆိုတော့ မိန်းမနဲ့ တူတာ ဆိုလို့ ခြေမ၊ လက်မနဲ့ ဆရာမသာ မြင်ဖူးတဲ့သူတွေပါ။ ကျူရှင်မှာ ကောင်မလေးတွေနဲ့ တစ်ခန်းတည်းတူတူတက်ရတော့ ကျွန်တော်တို့မှာ ရှိုးတိုးရှန့်တန့်။ ကောင်မလေးတွေကလည်း အဲလိုဖြစ်အောင် ကျွန်တော်တို့ကို လုပ်ပါတယ်။ စာသင်နေရင်း ကျွန်တော်တို့ကို လှည့်လှည့်ကြည့်တာတို့၊ ကျူရှင်ပေါ်အတက်မှာ လျှာထုတ်ပြတာတို့၊ မျက်စိမှိတ်ပြတာတို့။ ပြောဖို့မေ့နေလို့ဗျ။ ကျွန်တော်တို့ နှစ်ယောက်လုံးကလည်း ခပ်ချောချောဆိုတော့ ဘယ်သူ့ကို လှည့်ကြည့်တာလဲပေါ့လေ။ (ကြုံတုန်းချောတဲ့အကြောင်းပြောဦးမယ်။ အဲဒီတုန်းက ချောတာမှ ပြောင်နေတာပဲ။ အခုတော့ အသက်ကလေးတွေလည်း ရလာတော့ ချောတာတော့ မကျန်တော့ဘူး ပြောင်တာကတော့ အခုထိပဲ။)

အင်း စောစောက အငြင်းပွားတဲ့ အကြောင်း ဆက်ပြောရမယ်ဆိုရင် ကောင်မလေးတစ်ယောက်က ပြုံးပြတယ်ဆို ငါ့ကို ပြုံးပြတာ၊ မင်းကို ပြုံးပြတာ မဟုတ်ဘူးဆိုပြီး ခဏခဏငြင်းရပါတယ်။ တရက်ကျတော့ ဒီကောင်နဲ့ ကျူရှင်ကလမ်းခွဲပြီး ကျွန်တော်အိမ်ကိုလဲ မပြန်ချင်သေးလို့ ကောင်မလေးတစ်ယောက်နောက်ကို လိုက်သွားပါတယ်။ ကျွန်တော့်သူငယ်ချင်းကို ပြုံးပြတာလား ကျွန်တော့်ကို ရယ်ပြတာလား ဒီကောင်မလေးကို ပြတ်ပြတ်သားသားမေးဖို့ပါ။ တကယ်တမ်းကျတော့ ယောက်ျားလေးကျောင်းက ကျွန်တော် ကောင်မလေးတစ်ယောက်ကို အသားလွတ်စကားပြောဖို့ ဘယ်သွားသတ္တိရှိမှာလဲ။ ဒါနဲ့ပဲ နောက်ဆုံးကောင်မလေး သူ့တိုက်ပေါ်တက်သွားတော့မှ `ဟာ ငါစကားပြောခါနီးမှပဲ တက်သွားတယ်´ဆိုပြီး မချိတင်ကဲနဲ့ပေါ့။ အဲဒီအချိန်မှာ ဟိုကောင်၊ ကျွန်တော်နဲ့ လမ်းခွဲသွားတဲ့ကောင် ကျွန်တော့်သူငယ်ချင်းကိုလည်း အဲဒီကောင်မလေးတိုက်အောက်မှာ သွားတွေ့ပါတယ်။ သူလည်း ကျွန်တော့်လိုပဲ စကားမပြောရဲလို့ နောက်ကနေပဲ ယောင်ချာချာလိုက်ခဲ့ပုံရပါတယ်။ ဒါပေမယ့် သူက `အိမ်ပြန်ပြီဆိုပြီး ကောင်မလေးနောက်ကို လိုက်တယ်´လို့ ကျွန်တော့်ကို ပြောပါတယ်။ ဟုတ်ပါတယ် ဒီကောင်က ဘိန်းစားချင်းတူတူ အမြဲ တစ်လုံးပိုရှုတတ်ပါတယ်။

ဆယ်တန်းတွေ ဘာတွေ အောင်ပြီး သူငယ်ချင်းတွေ စုံကြလို့ အရက်လေး ဘီယာလေးချတဲ့ အခါအပေါင်းအသင်းကို ခုံမင်တော့ မသောက်ပေမယ့်သူလည်း အမြဲလိုက်ပါတယ်။ ဒါပေမယ့် သူကမသောက်ပဲ သောက်နေတဲ့ ကျွန်တော်တို့ကို ရစ်တာကတော့ မူးနေတာလေးတောင် ပျောက်သွားတယ်ဆိုတာလိုပါပဲ။ ဒါကြောင့် သူ့ကို အမြဲပြောတယ်။ `မင်းက မသောက်ပဲနဲ့ကို သုံးပတ် ရှိတယ်´လို့။ နောက်ပိုင်းတော့ ဒီကောင် ဘီယာလေးဘာလေး ကြုံရင်ကြုံသလို ချတယ်ကြားတယ်။ အင်း ကြုံရင်ကြုံသလိုတော့ ဒီကောင်နဲ့ ငြင်းရင်းခုန်ရင်း သောက်စားခြင်းတွေ လုပ်ဖြစ်ပါတယ်။ အခုတော့ အသက်ကလေးတွေလည်း ရလာပြီဆိုတော့ တည်တည်တန့်တန့်နဲ့ပေါ့။ သူလည်း သူရထားတဲ့ မြို့ပြအင်ဂျင်နီယာဘွဲ့နဲ့ ဘာမှမဆိုင်တဲ့ အလုပ်တွေလုပ်။ ကျွန်တော်လည်း ရထားတဲ့ အင်ဂျင်နီယာဒီပလိုမာလေးနဲ့ ဆိုင်တာရော မဆိုင်တာပါလုပ်။ ပြီးတော့ ၀ါသနာကလည်း တူတော့ အင်တာနက်ပေါ်မှာ အီးဇင်းတစ်စောင်ကို သူရော တခြား ညီအစ်ကိုတွေနဲ့ရော ပေါင်းပြီးလုပ်၊ နှစ်ယောက်စပ်တူ လုပ်ငန်းလေးလည်း လုပ်ရင်းနဲ့ပေါ့။

သူက အခုတော့ နေဘုန်းလတ်ဆိုတဲ့ နာမည်နဲ့ မဂ္ဂဇင်းတချို့မှာလည်း ဆောင်းပါးလေး၊ ဘာလေးရေးတယ်။ ပြီးတော့ ကျွန်တော်လွတ်ကျခဲ့တဲ့ မြို့တော်ဆိုပြီး ဘလော့ခ်တွေဘာတွေလည်း ရေးတယ်။ သူ့ကိုသူလည်း ကြိုးပျက်နေတဲ့ ဂစ်တာတစ်လက်ဖြစ်တယ်ဆိုပြီး ရေးဖူးတယ်။ ဇင်ကိုလတ်နဲ့ နေဘုန်းလတ်နဲ့ လတ်ပုံတူတဲ့ ကိစ္စလား။ ဒါကတော့ သူလည်းသူ့မိသားစုမှာ သားအလတ်၊ ကျွန်တော်လည်း ကျွန်တော့်မိသားစုမှာ သားအလတ်လေ။ ဒါကြောင့်နေမှာပါ။ ဒီနေ့တော့ အဲဒီလတ်ပုံတူတဲ့ သူငယ်ချင်းရဲ့ မွေးနေ့ပါ။ အင်း ကျန်းမာ၊ ပျော်ရွှင်၊ အေးချမ်းပါစေလို့ ကျွန်တော့်ဘလော့ခ်ကနေပဲ ဆုတောင်းပေးလိုက်တော့မယ်။

Wednesday, June 27, 2007

ဘလော့ဂ်ဂါရဲ့ ညနေစာ

ကျွန်တော်ကဗျာ မရေးဖြစ်တာ တော်တော်ကြာပါပြီ။ ကိုယ့်ဘာသာရေးပြီး ကိုယ့်ဘာသာ မကြိုက်လို့ပါ။ ဒီနေ့တော့ ကဗျာရေးချင်စိတ်တွေ အရမ်းပေါက်နေတာနဲ့ ချရေးလိုက်တဲ့အခါ....

ဘလော့ဂ်ဂါရဲ့ ညနေစာ

Bloggingနဲ့ ဘလော့ဂ်ခြင်းအနုပညာ
အညတရဘလော့ဂ်ဂါတစ်ယောက်ရဲ့ ညနေစာဖြစ်တယ်။

လျှော်မရ ဖွပ်မရ
ပုပ်ပွနေတဲ့ စိတ်ဓါတ်တွေ
လုပ်မရ ဖြုတ်မရ
ရှုပ်ပွနေတဲ့ Widgetsတွေ
လွှတ်မရ ချွတ်မရ
ရွတ်တွနေတဲ့ အတ္တတွေ ကြားမှာ
ငါနေတယ်။

ဘလော့ဂ်ခြင်းကို မှော်ဝင်စား
ငါ့အနားမှာ ငါဘလော့ဂ်နဲ့ ငါပဲရှိတယ်။

ခပ်ညံ့ညံ့ကဗျာတစ်ပုဒ်ပေးပါ။
အဓိပ္ပါယ်မဲ့စကားလုံးတချို့ပေးပါ။
ဘယ်သူမှမကြည့်တဲ့ ရုပ်ရှင်ပေးပါ။
ဆေးသားပြယ် ပုံရိပ်ပေးပါ။
ချမပြသင့်တဲ့ ကိုယ်ရေးကိုယ်တာပေးပါ။
လူမဖတ်မယ့် သတင်းပေးပါ။
သွေးစို့နေတဲ့ ဘလော့ခ်ပိုစ့်ပေးပါတော့ကွယ်။

အင်း.....
Bloggingနဲ့ ဘလော့ဂ်ခြင်းအနုပညာ
ငါလို...
အညတရဘလော့ဂ်ဂါတစ်ယောက်ရဲ့ ညနေစာတစ်ပွဲဖြစ်တယ်။

ဇင်ကိုလတ်
၂း၃၀ ၂၇.၀၆.၀၇

Monday, June 25, 2007

ရွှေမဖြစ်ခဲ့ရင်လည်း အကောင်းသား

ဒီပိုစ့်ကို ရေးချင်နေသည်မှာ တော်တော်ကြာပါပြီဖြစ်၏။ အကြောင်းအရာများကို သေသေချာချာမသိသောကြောင့် မရေးတော့ဟုပင် ဆုံးဖြတ်ခဲ့သည်။ သို့ပေမယ့် မပြောမပြီး မတီးမမည်ဆိုသလို ပြောချင်သည်များကို ပြောချတော့မည်။ တိုက်တိုက်ဆိုင်ဆိုင် ဒီပိုစ့်က ကျွန်တော့်ရဲ့ ပိုစ့်၁၀၀မြောက်လည်းဖြစ်သည်။ ရေးထားသော အကြောင်းအရာများမှားခဲ့လျှင် ပြင်ပေးကြရန်လည်း ကြိုတင် တောင်းပန်အပ်ပါသည်။

နေ၀င်းအစိုးရတက်ပြီးသည့် နောက်ပိုင်းမှစ၍ ယနေ့ထက်တိုင် စာပေလွတ်လပ်ခွင့်၊ သတင်းလွတ်လပ်ခွင့်တို့ကို ပိတ်ပင်ခံထားရသည်။ ထိုအကြောင်းကို ကိုငယ်(မန္တလေး)က သမိုင်းအမှောင်ချခံရ၍ လမ်းပျောက်ကြသူများဟု ရေးခဲ့ဖူး၏။ ထို့ကြောင့် လူကြီးသူမများပြောပြသော အကြောင်းအရာများကိုသာ ပါးစပ်အဟောင်းသားနှင့် ပုံပြင်တစ်ပုဒ်လို နားထောင်ခဲ့ရဖူးသည်။ ကျွန်တော့်ကိုလည်း ဆုံးသွားပြီဖြစ်သော အဖိုးဖြစ်သူက သူတွေ့ကြုံခဲ့ရသော အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ပြီးစခေတ်၊ မဆလခေတ်တွေကို ပြောပြသောကြောင့် တချို့တ၀က်ကို သိခွင့်ရခဲ့၏။ စင်္ကာပူနိုင်ငံ စတင်တည်ထောင်ကာစက ဖြစ်မည်။ စင်္ကာပူဝန်ကြီးချုပ်လီကွမ်ယု မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဉ်က အကြောင်းတွေကို အဖိုးကဤသို့ပြောပြသည်။ `ဒို့ဗမာရွှေခေတ်မှာ လီကွမ်ယုလာတုန်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးတို့၊ ဘူတာကြီး၊ ခြောက်ထပ်ရုံး၊ အတွင်းဝန်ရုံး တို့ရော၊ တခြားတိုးတက်နေတာတွေရော ကြည့်ပြီး စင်္ကာပူကိုလည်း ၅နှစ်အတွင်း ဒီလိုတိုးတက်ဖို့ အမှီလိုက်မယ်လို့ ပြောသွားတယ်တဲ့´။ အခုတော့ စင်္ကာပူက အနှစ်လေးဆယ်စာလောက် တိုးတက်ခဲ့သော်လည်း ကျွန်တော်တို့ နိုင်ငံကတော့ အဲဒီလီကွမ်ယုလာချိန်က အတိုင်း လွန်ခဲ့သော အနှစ်လေးဆယ်တွင် ကျန်ခဲ့၏။

ကျွန်တော်ကျောင်းစတက်တော့ စင်္ကာပူနိုင်ငံသား မလေးလူမျိုးသူငယ်ချင်းများက ကျွန်တော့်ကို `၀ီးအောင်၊ ၀ီးအောင်´လို့ခေါ်၏။ ကျွန်တော့်နာမည်မခေါ်တတ်သောကြောင့် သူတို့သိသော မြန်မာနာမည်ကိုခေါ်ခြင်းဖြစ်သည်။ ၀ီးအောင်ဆိုသည်မှာ ၁၉၉၀နောက်ပိုင်းက စင်္ကာပူတွင် ကြေးစားကစားသွားသော မြန်မာဘောလုံးသမား ၀င်းအောင်ကို ခေါ်ခြင်းဖြစ်သည်။ Malaysia League all starsနှင့် Singapore League all starsနှစ်သင်း ကန်သောအခါ ၀င်းအောင်သည် S-League all starsတွင် ပါဝင်ကစားခဲ့ရ၏။ ဘောလုံးအကြောင်းပြောလျှင် ၁၉၆၀လောက်က မြန်မာလက်ရွေးစင် ဘောလုံးအသင်းအကြောင်းလည်း ပြောမှဖြစ်မည်။ အဖိုးပြောပြသည်မှာ ထိုအချိန်က မြန်မာ၏ပြိုင်ဖက်မှာ ယိုးဒယား၊ အင်ဒိုနီးရှားတို့မဟုတ်။ ကိုးရီးယား၊ ဂျပန်၊ အီရန်တို့ ဖြစ်ကြသည်တဲ့။ အာရှဖလားကိုလည်း ရခဲ့ဖူးကြပါသည်။ ထို့အပြင် အာရှ၏အကောင်းဆုံး ဘောလုံးသမား ၁၁ယောက်တွင် မြန်မာနိုင်ငံမှ ၃ယောက်ပါခဲ့သည်။ အဖိုးပြောပြသော နာမည်များထဲမှ ဂိုးလှအေး၊ နောက်ခံလူ မောင်မောင်တင်၊ တိုက်စစ်မှူး ဗဟာဒူးတို့ကိုသာ မှတ်မိတော့သည်။ မောင်မောင်တင်ဆိုလျှင် အာရှ၏ မဟာတံတိုင်းကြီးဆို၍တင်စား ပြောဆိုခြင်းခံရသည်ဟု ကြားဖူးသည်။

အာရှဖလားကြီးကို ဘန်ကောက်မြို့မှ သယ်ယူလာခဲ့သော မြန်မာဘောလုံးအသင်းကို ရေဒီယိုမှ `ဒို့မြန်မာနိုင်ပြီ´ ဆိုသော သီချင်းဖြင့် ကြိုဆိုနေသော လူအုပ်ကြီး၏ အသံများ သောသောညံနေခဲ့မည်ကို တွေးကြည့်တာနှင့်ပင် ကြက်သီးများ တဖြန်းဖြန်းထမိပါသည်။ ထိုခေတ်ကို ဘောလုံးရွှေခေတ်ဟုလည်း ခေါ်ခဲ့ကြ၏။ ယခုများတော့ အရှေ့တောင်အာရှဖလားကို ၀င်ကန်ရန်ပင် အနိုင်နိုင်။ အဖိုးက ကျွန်တော့်ကို ထိုအကြောင်းများ ပြောပြသလို အလုပ်ထဲမှ Indiaလူမျိုးတစ်ယောက်ကိုလည်း သူ့အဖိုးက မြန်မာနိုင်ငံအကြောင်းများ ပြောပြသည်တဲ့လေ။ သူ့အဖိုးက မြန်မာနိုင်ငံတွင် အလုပ်အကိုင်များ ပေါများကြောင်း၊ ပိုက်ဆံရှာလို့အလွန်လွယ်ကြောင်း၊ မြန်မာပိုက်ဆံကလည်း တန်ဖိုးအလွန်ရှိကြောင်း၊ ယခုနေထိုင်နေသော(Indiaတွင် ရှိသော) အိမ်၊ ခြံ၊ မြေအားလုံးမှာ မြန်မာပြည်တွင် ရှာခဲ့သောပိုက်ဆံများဖြင့် ၀ယ်ယူထားခြင်းဖြစ်ကြောင်းများကို စီကာပတ်ကုံး ပြောပြသည်တဲ့လေ။ ကျွန်တော်ကလည်း ပြေးမြင်လိုက်ပါသည်။ ကျွန်တော့်အဖိုးပြောသော ချစ်တီးကုလားဆိုသူများကို။

အရှေ့တောင်အာရှတွင် နာမည်ကြီးသော Rangoon Universityအကြောင်း၊ Rangoon Institute of Technologyအကြောင်းတို့ကိုတော့ အားလုံးသိကြမည်ပင်။ ယခုအချိန်တွင်တော့ အဘက်ဘက်က ယိုယွင်းပျက်စီးနေသော အခြေအနေများကို လူတိုင်းအသိပင် ဖြစ်သောကြောင့် ရေးပြမနေချင်တော့ပါ။ ကျွန်တော်အတိတ်ကို ပြန်ဖော်ပြီး တွေးဆွေးနေခြင်းတော့မဟုတ်ပါ။ သို့ပေမယ့် ကျွန်တော်တို့နိုင်ငံသာ ဘာသယံဇာတမှမထွက်၊ ပထ၀ီအနေအထားလဲ မကောင်း၊ လူတော်များလည်း မရှိသော နိုင်ငံလေးတစ်ခုဆိုလည်း ကောင်းမည်။ ဘာဆိုဘာမှ ဂုဏ်ယူစရာ မျှော်လင့်စရာမရှိ။ ဒါကြောင့် ကျွန်တော်တွေးမိပါသည်။ သြော် . . . ရွှေခေတ်မှာ ရွှေမဖြစ်ခဲ့လျှင်လည်း အကောင်းသားလို့။


ဓါတ်ပုံ - မြန်မာစွယ်စုံကျမ်းမှ

comments ထဲမှာ လာရေးသွားတဲ့သူတွေရဲ့ အမြင်တချို့ကို မြင်သာအောင် ထပ်ဖော်ပြလိုက်ပါတယ်။
mgthantzin said...
အရှေ့တောင်အာရှရဲ့ အရှိန်အ၀ါအကြီးဆုံး သတင်းစာ.. The Mirror! အရှေ့တောင်အာရှရဲ့ အခမ်းနားဆုံး ရုပ်ရှင်ရုံ.. The President ဆိုလားပဲ... တချိန်ချိန်တုန်းကပေါ့... ပစ္စုပ္ပန်နဲ့ အနာဂတ်ထက်စာရင် အတိတ်ကတောင် ပိုချိုမြိန်နေသလားလို့.. နော်.. =(

Thelay said...
အင်း အရင်က Taxi driver တယောက်ကပြောဖူးတယ်.. သူငယ်ငယ်က မြန်မာပြည်သွားချင်လို့ ပိုက်ဆံစုရတယ်ဆိုပဲ.. နောက် သူငယ်ချင်းအဖေတစ်ယောက်ကပြောဖူးတာတော့ စင်ကာပူ ဟာ မြန်မာပြည်က မြို့ဆောက်ပုံကို အခြေခံတယ်ပြောတယ်. .အဲဒါကြောင့် rangoon road, mandalay road, ပုသိမ်လမ်း.. မော်လမြိုင်လမ်း.. တို့ ရှိတာတဲ့.. မြ၀တီက အမကြီးတစ်ယောက်က ကြတော့ သူတို့ ငယ်ငယ်က ယိုးဒယားဘက်က လူတွေက ကတ္တရာလမ်းမမြင်ဘူးလို့ မြန်မာပြည်ဘက် လာကြည့်ရတယ်တဲ့.. ဂျပန်ခတ်ကလေ.. ဈေးတွေ အရမ်းကြီးတာ ခေတ်ပျက်လို့တဲ့. အခုတော့ ခောတ်ကောင်းလွန်းလို့ ဈေးတွေတက်တာထင်တယ်..ဈေးက ဂျပန်ခောတ်ထက်တောင် သာသေးတယ်.. ဟီး.. ကောင်းလွန်းသွားသလားမသိဘူးနော်..

Thursday, June 21, 2007

နာရီပိုင်းအတွင်း ပုံဆွဲခြင်း

Youtubeထဲမှာ ဟိုကြည့်ဒီကြည့်လုပ်ရင်းနဲ့ တွေ့ခဲ့ရတဲ့ Speed Paintingတွေပါ။ တကယ်တမ်းသူတို့ဆွဲတာ သုံး၊ လေးနာရီလောက်ကြာပေမယ့် ဒီVideoတွေထဲမှာတော့ မြန်မြန်ကြည့်လို့ရအောင် အမြန်ရိုက်ပြထားပါတယ်။ ကျွန်တော်က ပန်းချီနဲ့ ပတ်သက်လို့ နကန်းတလုံးနားမလည်ပေမယ့် သူတို့ဆွဲနေတာ တွေကိုတော့ ပါးစပ်အဟောင်းသားလေးနဲ့ ထိုင်ကြည့်မိတော့တယ်။

မင်းသမီးချောလေး Scarlatt Johansson (5 hours)


Spider Man (It took about 5 to 6 hours)


Mona Lisa with MS Paint (2 hours and 30mins)

Wednesday, June 20, 2007

နံပါတ်တစ်လုံးသာ လွဲသူ

ဆွေမျိုးတွေထဲမှာ ကျွန်တော်နဲ့ သက်တူရွယ်တူ နှစ်ယောက်ရှိပါတယ်။ တစ်ယောက်က အဖေဘက်က ဖြစ်ပြီး တစ်ယောက် က အမေဘက်က။ အဖေဘက်က အမျိုး အကုန်လောက်နီးပါးက မန္တလေးကပါ။ ကျွန်တော်နဲ့ ရွယ်တူ ညီတစ်ယောက်ကတော့ မန္တလေးသားဖြစ်ပြီး နေရာတော်တော်များများကိုလည်း ကျွမ်းပါတယ်။ မန္တလေးသား မကွေးမှာ နှစ်နှစ်လောက်နေဖူးပြီး ရန်ကုန်မှာလည်း နှစ်နှစ်လောက်နေဖူးတယ်။ ပြီးတော့ စင်္ကာပူမှာကတော့ ကျွန်တော်နဲ့ တူတူပေါ့။

သူနဲ့ ကျွန်တော်နဲ့က ညီအစ်ကို ၀မ်းကွဲဆိုပေမယ့် သူငယ်ချင်းပေါင်းလည်း ပေါင်းဖြစ်ပါတယ်။ တစ်ခုခုဆိုလဲ တူတူလုပ်ဖြစ်တယ်။ မှတ်မိသေးတယ်။ ရန်ကုန်မှာ ကားလိုင်စင်လုပ်တုန်းက . ကျွန်တော်ရဲ့ နံပါတ်က ၉၆၉၂၊ သူ့ရဲ့ လိုင်စင်နံပါတ်က ကျွန်တော်နဲ့ တစ်လုံးပဲ ကွာပါတယ်။ ၉၆၉၃တဲ့။ ဒါနဲ့ပဲ သူ့ကို နောက်နေပါသေးတယ်။ ကားလိုင်စင်ကိုက `ကိုယ့်ခြေထောက်ကိုယ်သုံး´ဆိုတော့ မင်းတော့ ကားမောင်းရဖို့မမြင်ဘူးလို့။

နောက်ပိုင်းစင်္ကာပူလာဖို့ လုပ်တော့လဲ Passportကို တူတူလုပ်ဖြစ်တော့ ....၄၆နဲ့ ....၄၇နဲ့ နံပါတ်တစ်လုံးတည်း ကွာပါတယ်။ နောက်ဆုံး အခု Libraryမှာ Member Cardလုပ်တော့တောင် card no..4နဲ့ ..3တစ်ခုပဲ ကွာပါတယ်။ အဲဒါတစ်ခုတော့ ကောင်းပါတယ်။ တစ်ခုခုနံပါတ်တွေ ဘာတွေ မမှတ်မိရင် သူ့ကိုယ်မေး၊ ကိုယ်ကို သူမေးပါပဲ။ နံပါတ်တွေ တစ်လုံးစီလွဲပေမယ့် မွေးတဲ့နေ့ ၂၀ရက်နေ့ချင်းတော့ သွားတူနေပါတယ်။ ဒီနေ့ ဇွန်လ၂၀ရက်နေ့က သူ့ရဲ့ မွေးနေ့ပါ။ သူကသံလွင်အိပ်မက်မှာတော့ ကိုငယ်(မန္တလေး)ဆိုတဲ့ နာမည်နဲ့ စာတွေဘာတွေရေးတယ်။ ကဲ .. ကိုငယ်ရေ ပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ပါစေဗျာ...။

Birthday Cake စားချင်တယ်ဆိုတဲ့ လူတွေအတွက် တင်ပေးလိုက်ပါတယ်။ ဖြည်းဖြည်းစားကြပါ။ အငန်းမရစားရင်း ဖယောင်းတိုင်တွေပါ စားမိသွားဦးမယ်။

ဘလော့ခ်တွေခေတ် ရောက်ပြီဖြစ်အံ့

သင်္ကြန်တုန်းက သံလွင်အိပ်မက်အတွက်ဆိုပြီး ညီညီနဲ့ နှစ်ယောက်ပေါင်း ရေးထားတာပါ။ အခုတော့ မတင်ဖြစ်တော့ဘူး ထင်လို့ ဒီအတိုင်းအလကားထားမယ့် အတူတူဘလော့ခ်ထဲမှာ ထည့်လိုက်ပါတယ်။ ဘလော့ခ်ဂါတွေအတွက် ရှေ့ဖြစ်ဟောကိန်းလား နောက်ဖြစ်ဟောကိန်းလား အလယ်ဖြစ်ဟောကိန်းလားတော့ ကိုယ့်ဘာသာကိုလည်း မပြောတတ်ပါ။

သိကြားမင်းအမှာ - အောင်ဇေယျတု၊ သဗ္ဗမင်္ဂလံ။ သံလွင်အိပ်မက်၊ သင်္ကြန်ရက်တွင်၊ ထွက်ကိန်းမြင်နိုး၊ စောင့်ကျိုးမနပ်၊ ဖီးလ်မပျက်ရန်၊ ဤသင်္ကြန်စာ၊ စီရင်ပါလျက်၊ မကျေနပ်က၊ ရပ်ထဲရွာထဲ၊ အော်ကာဆဲတော့၊ ထလော့ သံလွင် အို . . ထလော့။

နတ်မင်း၊ မူလီမင်း၊ ဗြဟ္မာမင်း၊ ဗြပျော့မင်း၊ လူမင်း၊လွင်မိုး၊ ချမ်းမြစိုးသည်၊ ညီမောင်လင်းဆက်၊ နေဘုန်းလတ်နှင့်၊ လင်းလက်ကြယ်စင်၊ မောင်သန့်ဇင်မှ၊ မြနေနေနိုင်၊ (စနေ)နိုင်းနိုင်း၊ မျက်လုံးရိုင်းကို၊ ကလိုစေးထူး၊ အို.ဂျစ်တူးရေ၊ ကိုစိုးဇေယျ၊ ကိုမောင်လှပင်၊ ကဒေါင်းညင်သာ၊ တက်စလာတို့၊ ဘာညာဖို့တွက်၊ ဇင်ကိုလတ်ထံ၊ ညီညီ(သံလွင်)၊ အကြင် ဘလာဂေါက်၊ သောက်အိုအေစစ်၊ ကိုဖြိုးဖြစ်လိမ့်၊ အိမ့်ချမ်းမြေ့နော်၊ ကိုမျိုးကျော်ထွန်း၊ ဟွန်း.မာမီရန်၊ မောင်ဝေယံလင်း၊ အချင်းကျော်ဇေယျ၊ အစရှိလာ၊ ဘလော့ဂ်ဂါထံ၊ သွားပြန်လည်ပတ်၊ မပြတ်လုပ်လေ၊ သိကြားစေသည်၊ မြန်မာပြည်သား၊ အို လူသားတို့၊ ပိုစ့်များဖတ်လေ၊ ဘလော့ဂ်တွေခေတ် ရောက်ပြီဖြစ်အံ့ . . .။

မပါတဲ့သူတွေ အများကြီးရှိပါသေးတယ်။ နောက်နှစ်သင်္ကြန်ကျရင် အကုန်ပါအောင် ထည့်ရေးမလားလို့။

Tuesday, June 19, 2007

အန်တီစုအတွက် မွေးနေ့ဆုတောင်း


. . . . . . .
ဒီအမျိုးကောင်းသမီးဟာ
ဒို့ရေမြေအတွက်တော့
ညနက်ပေါ်က ငွေလမင်း
သူမအလင်းကို မြင်ပြီဟေ့ဆို
လူထုဟာ ဒီရေတွေလို ရုန်းကြွ
ဝေဒနာလှိုင်းတွေ တအုံးအုံးထ
အမှောင်ကို အာခံအံတုဝံ့ကြ
သတ္တိတွေကူးစက်ခြင်းခံကြရတယ်။
အာဟာရချို့ငဲ့ဘ၀တွေလည်း
ပူပင်သောကတို့ သန့်စင်
ထမင်းဆီဆမ်းရွှေလင်ပန်းနဲ့ မျှော်လင့်ချက်မှာ
ကလေးရော လူကြီးပါအငိုတိတ်ကြရတယ်။

ငွေလမင်းသူမ၊ ဖုံးကွယ်ခံရပြန်ပြီဆို
အကာလပြန်လည်မင်းမူ
လူမသမာတွေနဲ့ ဖုတ်တစ္ဆေတို့ လမ်းသလားကြ
ခြောက်ခြားဖွယ်တစပြင်လို။

နှစ်ပေါင်းရာထောင်ချီအောင်
ထီးရေးနန်းရာ မလိမ္မာတဲ့ ဒို့လူမျိုး
ကျိန်စာသင့်ဒီမြေဆိုးမှာ
ကုန်းဘောင်နန်းတွင်းလူသတ်ပွဲကနေ
ဒီပဲယင်းလုပ်ကြံမှုအထိ
ကောင်းမြတ်သူတို့ အသေဆိုးနဲ့ သေခဲ့ရရှာ
ဘ၀များစွာ သေကွဲရှင်ကွဲ
ဒို့ရဲ့ အမျိုးကောင်းသမီးဟာလည်း
ဒီမြန်မာ့နိုင်ငံရေးဝဲဂယက်ထဲ
ဖခင်နဲ့ လင်သားကို သေကွဲခွဲခဲ့ရ
သားအချစ်မြေးအနှစ်တို့ကို ရှင်ကွဲခွဲနေရပေမယ့်
ကိုယ်ရေးကိုယ်တာကို တခွန်းဟ မငြီးတွား
အကြီးမားဆုံးမိခင်မေတ္တာထက်
သည်ရေသည်မြေကို ဂရုဏာသက်ခဲ့သူ။
. . . . . .

ဖုန်းဆိုး
၃၀ မေ ၂၀၀၇

ကဗျာအပြည့်အစုံကို အိုးဝေစင်္ကာပူအင်တာနက်ဆိုဒ်တွင် ဖတ်ရှုနိုင်ပါသည်။

Saturday, June 16, 2007

မိုးတွေရွာရင် . . .

မိုးတွေရွာရင်(သို့)ကိုယ့်ဖက်ပါတဲ့ ရာသီဥတု


အင်း . . . တက်တဲ့သူက တက်သွားတော့လည်း ရေးရဦးမှာပေါ့လေ။ ဒါမှ ကျွန်တော်တို့ ဘလော့ခ်ကာတွေ တစ်ယောက်ကို ခင်မင်ရင်းနှီးတယ်ဆိုတာ ပြလို့ရမှာကိုး။ အင်း မိုးတွေရွာရင် ဆိုပြီးတက်သွားကတည်းက ကျွန်တော်သိလိုက်ပါတယ်။ ဘလော့ခ်တွေမှာ မိုးရွာပြီလို့။ ထင်တဲ့အတိုင်းပါပဲ။ မိုးရွာရုံတင်မဟုတ်ဘူး။ ဘလော့ခ်တွေမှာ ရေတွေပါကြီးကုန်ကြပါပြီ။

မိုးတွေရွာရင် . . . `မြတ်နိုးသူရယ် . .ချစ်မိုးစွေခဲ့တယ်၊ ဘုံကြိုးပြတ်တဲ့ ဒေ၀ီနတ်မျိုးနွယ်´ဆိုတာက အစ၊`အချစ်မိုး ဘယ်တော့ရွာမှာလဲ၊ အချစ်မိုး ဘယ်တော့ရွာမှာလဲ´ဆိုတာ အလယ်၊ `တ၀ုန်းဝုန်း တဒိုင်းဒိုင်းနဲ့ ရွာနေတဲ့မိုးတွေ ထီးတချောင်းထဲဆောင်းလို့ စိုကာစိုကာရွှဲစေ´ဆိုတာ အဆုံး၊ သီချင်းတွေကို အရင်ဆုံးသတိရပါတယ်။ ပြီးတော့ ကျွန်တော်တို့ မြန်မာသီချင်းမှာ ကလည်း မိုးအကြောင်းသီချင်းတွေက အများသားရယ်။ မိုးအတွက်မိုး ဆိုတဲ့ မိုးအကြောင်းချည်းပဲ ဆိုတာတဲ့ သီချင်းခွေတောင် ရှိသေးတာပဲ။

နောက်ပြီးတော့ အိမ်မှာ အားအားယားယားရှိနေတုန်း မိုးတွေရွာရင် ဂစ်တာလေးနဲ့ သီချင်းငါးပုဒ်လောက်တော့ တီးပြီး ဆိုဖြစ်ပါတယ်။ အဲဒီသီချင်းတွေကတော့ ကိုင်ဇာရဲ့ `မိုးပြေးကလေးရယ် ရှာဖွေကာပြောပေးပါလားကွယ်´`ကျောင်းဆင်းတဲ့ချိန်မိုးသည်းသည်းရွာ လွယ်အိတ်ကလေးနဲ့ ကောင်မလေး´၊ ကိုင်ဇာသီချင်းကိုပဲ အဲလက်စ်ပြန်ဆိုထားတဲ့ `မဆီမဆိုင်ရွာတဲ့မိုးကို ကိုယ့်အချစ်မိုး အဖြစ်နဲ့´၊ ဂျေညီညီရဲ့ `ဒီလိုမိုးသည်းသည်းမှာ တွေ့ခဲ့ရတဲ့ ကောင်မလေးတစ်ယောက်ကို´၊ လွှမ်းမိုးရဲ့ `မောင် လိုက်လို့ရှာမယ်လေ၊ မိုးစက်တင်လေ´ဆိုတဲ့ သီချင်းတွေပါပဲ။

အဲဒါမှ မိုးက မတိတ်သေးဘူးဆိုရင် အိမ်မှာ ရှိတဲ့ သီချင်းစာအုပ်တွေ ထဲက မိုးသီချင်းတွေ အကုန်လျှောက်တီးပြီး မြန်မာသီချင်းကုန်သွားရင် `Raindrop is falling on my head´`Have you ever seen the rain .. ´ `November Rain´တို့ပါ ပါကုန်ရော။ မိုးသီချင်းကုန်သွားရင် မထူးတော့ပါဘူးဆိုပြီး တခြားကျွန်တော်တီးတတ်သမျှ သီချင်း တွေကိုပါ အကုန်ဆက်တိုက် မနားတမ်းပေါ့။

အဲဒါကြောင့် အတူနေတဲ့ သူငယ်ချင်းတွေက ``ဟေ့ကောင်၊ အပြင်မှာ ကြည့်စမ်း၊ ရာသီဥတုလေးက ကိုယ့်ဖက်မှာ၊ ဒီအချိန်စောင်လေးနဲ့ ကွေးလိုက်၊ ဘယ်လောက်ဇိမ်ရှိမလဲ´´လို့ ပြောပြီး ကျွန်တော့်သီချင်းဆက်မတီး၊ မဆိုဖို့ သွယ်ဝိုက်ကာ သတိပေးတတ်ပါတယ်။

အခုလဲ ကျွန်တော်ကွေးလိုက်ရင် ကောင်းမယ်။ မိုးလေးက အပြင်မှာ တဖွဲဖွဲရယ်။ `မိုးကလေးဖွဲတုန်း သတိရတယ်၊ မြင်နေတယ် ပြတင်းတံခါးဆီပဲ´အဲ ပြောရင်းဆိုရင်း သီချင်းက ဆိုချင်လာပြန်ပြီ။ အင်း မနက်လည်း ခြောက်နာရီ ထိုးတော့မယ်။ အားနာလို့သာရေးတာ အိပ်ကအိပ်ချင်နေပြီ။ `မိုးရေ သိပ်လွမ်းနေ၊ မင်းမရှိတဲ့နေ့တွေမှာ . . ဒန်တန်´၊ သြော် အိပ်တော့မယ်ဆိုမှ။ မဖြစ်ဘူး အိပ်မှကို ဖြစ်တော့မယ်။ ရာသီဥတုလေး ကိုယ့်ဖက်မှာမဟုတ်လား။

ပေါ်လီဆင်းတွေ အကြောင်း

မဂျစ်တူးရဲ့ ခြင်္သေ့ကျွန်းမှဆိုတဲ့ ပို့စ်ကို ဖတ်ပြီး ပေါ်လီကျောင်းဆင်းထားတဲ့ ကျွန်တော့် ကိုယ်တွေ့ဖြစ်ရပ်တွေကို ပြောပြချင်ပါတယ်။ ပထမဦးဆုံး ကျွန်တော်တို့ ပေါ်လီပြီးရင် စင်္ကာပူမှာ သုံးနှစ်ပြန် အလုပ်လုပ်ပေးဖို့ Bondထိုးထားပါတယ်။ အဲဒီလို အလုပ်လုပ်ဖို့အတွက် စင်္ကာပူအစိုးရက PR(Permanent Resident)အဖြစ် လျှောက်ဖို့ ဖိတ်ကြားလွှာကို ကျောင်းပြီးခါနီးမှာ ပို့ပေးပြီး အလုပ်တစ်ခုခုရတာနဲ့ PRတန်းချပေးတယ်။ အနည်းဆုံးသက်တမ်း ငါးနှစ်ပေးပြီး ပြည့်သွားရင် များသောအားဖြင့် ၁၀နှစ်ထပ်ပေးပါတယ်။ PRဆိုတာ တကယ်တော့ သူတို့နိုင်ငံသားလိုပါပဲ။ အလုပ်မရှိပဲ ပိုက်ဆံရှိရင် စင်္ကာပူမှာ အနည်းဆုံးငါးနှစ်နေလို့ရတယ်။

ကျွန်တော် ပေါ်လီပြီးတော့ အလုပ်ရှာမရလို့ ဒုက္ခဖြစ်တဲ့အကြောင်းတွေကို သံလွင်အိပ်မက်မှာ ကျွန်တော့်အကြောင်းဆိုတဲ့ အက်ဆေးလေးတစ်ပုဒ် ရေးဖူးတယ်။ အဲဒီတုန်းက စင်္ကာပူမှာ SARSရောဂါဖြစ်နေတဲ့နှစ်ဖြစ်လို့ စီးပွားရေးကျပြီး အလုပ်တွေတော်တော် ရှားတယ်။ ကျွန်တော့်မှာ အလုပ်ကလည်းမရ၊ မိဘတွေဆီကလည်း ပိုက်ဆံမတောင်းချင်။ အကြွေးတွေဆိုတာလဲ `မောင့်အကြွေးတွေ ၀ိုင်း´ဆိုတဲ့ သီချင်းလိုဖြစ်နေတဲ့ အတွက် ကျွန်တော် Sim Lim Squareမှာ ရှိသမျှ ကွန်ပျူတာဆိုင်တွေ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် အကုန်လိုက်မေး။ အလုပ်လိုလားပေါ့။ နောက်ဆုံး ကံကောင်းချင်တော့ ၁၃၀၀နဲ့ အလုပ်လေးတစ်ခုရခဲ့တယ်။

ဒါပေမယ့် အလုပ်ရှင်က တော်တော်အပေါက်ဆိုးတယ်။ ကျွန်တော်Lunchထွက်စားရင် မကြိုက်ဘူး။ ၀ယ်လာပြီး ဆိုင်မှာပဲ စားစေချင်တာ။ Break Time မပေးချင်တဲ့ သဘောပေါ့။ ကျွန်တော် အိမ်သာသွားရင် အချိန်မှတ်ထားပါတယ်။ ၅မိနစ်ထက်ကျော်ရင် ကျွန်တော့်ကို မေးတယ်။ ဘာလို့ ဒီလောက်ကြာတာလဲတဲ့။ (အင်း .ငါးမိနစ်အတွင်း ကိစ္စမပြီးရင် ကျန်တဲ့ ကိစ္စ သဌေးရဲ့ အလုပ်စားပွဲပေါ်မှာ သွားရှင်းရရင် မကောင်းပဲရှိမယ်။) သည်းခံလိုက်ပါတယ်။ ၁လနဲ့ ၁ပတ်နေတော့ ကျွန်တော် PRရတယ်။ ရပြီးနောက် တစ်ရက်မှာပဲ ထွက်စာတင်တော့ အလုပ်ရှင်က ဘယ်နေ့ထွက်ချင်လဲတဲ့။ ကျွန်တော် က အခုပဲ ထွက်ချင်တယ်လို့ ပြောပြီး အလုပ်ထွက်ခဲ့ပါတယ်။

နောက်ပြီးတော့ ကျွန်တော် လေးငါးခြောက်လလောက် အလုပ်ရှာမရဘူး။ ရပါတယ်၊ PRဆိုရင် ဘာအလုပ်ပဲဖြစ်ဖြစ် လုပ်ခွင့်ရှိတယ်။ ကျွန်တော် စားပွဲထိုးPart Time လုပ်ပြီး ၀မ်းရေးကို ဖြေရှင်းခဲ့တယ်။ စားပွဲထိုး ဆိုပေမယ့် အဲဒီဆိုင်မှာ ကျောင်းတက်ကတည်းက လုပ်လာတာဆိုတော့ ကျွမ်းကျွမ်းကျင်ကျင်လည်း ဖြစ်နေ၊ Seniorလဲကျ ဆိုတော့ Supervisorပုံစံမျိုး လုပ်ရတာပါ။ အဲလိုနဲ့ နောက်အလုပ်တစ်ခုကိုလည်း လခ ၁၃၀၀နဲ့ပဲ ရတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာ နောက်အလုပ်တစ်ခု ၁၇၅၀ပေးတာနဲ့ပဲ ပြောင်းလိုက်တယ်။ အဲဒီအလုပ်ကတော့ ကျွန်တော် အခုစာရေးနေတဲ့ အချိန်အထိ လုပ်နေတဲ့အလုပ်ဖြစ်ပြီး ကျွန်တော်ဒီပိုစ့်အတွက် ပြောချင်တဲ့အကြောင်းက အခုမှစတာပါ။

အခုမှ စတာ။ ဟုတ်လား? လို့မေးရင် စောစောက နိဒါန်းပျိုးနေတာပါ။ (အင်း . . အဲလိုပဲ ကျွန်တော်က ခတ်ကွင်းပြင်တာနှင့် ရွာသစ်ကြီးကို ခဏခဏရောက်တတ်ပါတယ်။) မဂျစ်တူးပြောသွားသလိုပဲ စင်္ကာပူမှာ ပေါ်လီကျောင်းဆင်း တစ်ယောက်ကို ၁၅၀၀ကနေ ၁၇၀၀အတွင်း ရပါတယ်။ (အဲဒီနှုန်းက အစိုးရအလုပ်တွေမှာ ပေးတဲ့နှုန်းပါ။ အပြင်ကုမ္ပဏီတွေကတော့ အဲဒီထက်ကို နည်းလည်း နည်းနိုင်သလို များချင်လည်း များနိုင်ပါတယ်။) ဘွဲ့ရတစ်ယောက်ကိုတော့ လခ ၂၅၀၀ကနေ ၃၀၀၀ကြား ပေးပါတယ်။ ပြီးတော့ အဲဒီပေါ်လီဆင်း တစ်ယောက်ဟာ လုပ်ငန်းအတွေ့အကြုံ ငါးနှစ်လောက်ရှိရင် ဘွဲ့ရပြီးပြီးချင်း လူတစ်ယောက်နဲ့ လစာတူသလောက် ဖြစ်သွားတတ်တယ်။

အခုအလုပ်ထဲမှာ ကျွန်တော်တို့ ပေါ်လီဆင်း မြန်မာ၎ယောက်နဲ့ စလုံး ၃ယောက်၂၀၀၄လောက်က အလုပ်အတူတူ ၀င်ပါတယ်။ စလုပ်တုန်းကတော့ Technician ချည်းပဲ ၇ယောက်ပါ။ ၂နှစ်ခွဲလုပ်ပြီးတဲ့ အခါ Engineer ရာထူးနဲ့ လခတိုးပေးတော့ ကျွန်တော်တို့ မြန်မာ ၄ယောက်လုံးရပြီး စလုံးထဲက တစ်ယောက်ပဲ ရတယ်။ အဲဒါဟာ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ကုမ္ပဏီက စလုံးတွေဟာ လူမျိုးရေး ခွဲခြားမှုမရှိလို့ပါ။ အလုပ်ကြိုးစားတဲ့သူ အလုပ်အကြောင်း နားလည်တဲ့သူ မည်သူမဆိုကို ပေးတာပါ။ လခကိုလည်း ကျွန်တော်တို့ မြန်မာလေးယောက်နဲ့ စလုံးတစ်ယောက်အတူတူပဲ ရကြပါတယ်။ (ကျွန်တော်အခုလခ ဘယ်လောက်ရလဲဆိုတာတော့ မုန့်မကျွေးခိုင်းရင် ပြောပါမယ်။ သိချင်သူများ အီးမေးလ်ပို့ပြီးမေးပါ)

အဲဒါကတော့ ကျွန်တော်အလုပ်ထဲက အကြောင်းပါ။ များသောအားဖြင့် စလုံးတွေက EP, SP, WPစတာတွေနဲ့ လာတဲ့သူတွေကို ပိုခိုင်းတတ်ကြပါတယ်။ အဲဒါကတော့ မြန်မာတွေကိုမှ မဟုတ်ပါဘူး။ တခြားနိုင်ငံခြားသားတိုင်းကိုပါ။ အဓိကတော့ နှိမ်တယ်မနှိမ်ဘူးဆိုတာထက် သူတို့အလုပ်ကို ညကိုးနာရီလောက်မှာပြန်၊ စနေ၊ တနင်္ဂနွေပါ လာလုပ်ပေး။ ဆိုတာမျိုးတွေရှိတတ်ပါတယ်။ သူတို့ကုမ္ပဏီက ထွက်ပြီး နောက်ကုမ္ပဏီတစ်ခုမှာ သွားလုပ်ရင် SP, EP, WPတွေ အကုန်ပြန်လျှောက်ရမှာ မို့လို့ ဒီကောင်တွေတော့ အလုပ်မထွက်လောက်ဘူး။ ခိုင်းလို့ရသမျှ ကောင်းကောင်းခိုင်းမယ် ဆိုတဲ့စိတ်နဲ့ လုပ်တာနေမှာပါ။ ဒီမှာ ကျောင်းပြီးထားလို့ PRရသူပဲ ဖြစ်ဖြစ် EPတို့ဘာတို့နဲ့ အလုပ်လာလုပ်တဲ့သူက PRကျပြီးရင် ပဲဖြစ်ဖြစ် အဲလိုကိစ္စတွေကို ဂရုစိုက်စရာ မလိုတော့ပါဘူး။

ဒါကြောင့် Blue IC(မြန်မာတွေ အခေါ်PRကဒ်) ကို ကျွန်တော်တို့ကတော့ လူမိုက်ကဒ်လို့ခေါ်ပါတယ်။ ဒီအလုပ်ကို မကြိုက်ဘူးလား။ မကြိုက်ရင် နောက်နေ့ထွက်စာတင်ပဲ။ ကျွန်တော့်ညီဝမ်းကွဲတစ်ယောက် ၆လအတွင်း Company သုံးခုပြောင်း ပြီးပါပြီ။ ကျွန်တော်ရေးတာလည်း တော်တော်ရှည်နေပြီ။ ဒါတောင် ကျွန်တော့်ရဲ့ နောက်ညီဝမ်းကွဲတစ်ယောက် Supervisorကို ထိုးတာတို့၊ သူငယ်ချင်းတစ်ယောက်အလုပ်ထွက်တော့ မန်နေဂျာက မထွက်စေချင်လို့ မင်းဘာလို့ ထွက်တာလဲမေးတော့ ငါမင်းရဲ့ လုပ်ပုံကိုင်ပုံတွေကိုမကြိုက်လို့ ဆိုပြီး ထွက်သွားတာတို့ အစရှိတာတွေ မပါသေးပါဘူး။

အဲလိုတွေပြောလို့ မန်နေဂျာကို ချ၊ အလုပ်ရှင်နဲ့ ရန်ဖြစ်လို့ ပြောချင်တာမဟုတ်ပါဘူး။ ကိုယ့်ကို ပေးတဲ့လခက အပြင်ပေါက်ဈေးထက်နည်းတယ်၊ ကိုယ့်ကိုလည်း နှိမ်တယ်ဆိုရင် ဘာမှတွယ်ကပ်မနေပါနဲ့။ လိုချင်တာကို တောင်းဆို မရရင် ဘိုင်ဘိုင်ပဲပေါ့။ ကျွန်တော်တို့ကို ပေါ်လီကျောင်းဆင်း မြန်မာမို့လို့ဆိုပြီး နှိမ်တယ်လို့ ကိုယ်တိုင်မကြုံဖူးသလို ကြားလည်းမကြားဖူးပါဘူး။ ရှိတယ်ဆိုရင်တော့ အကောင်းဆုံး အကြံပေးချင်ပါတယ်။ နောက်အလုပ်တစ်ခုရှာပြီး အဲဒီအလုပ်က ထွက်လိုက်ပါတော့လို့။


`အလုပ်ထဲမှာ အဆင်ပြေအောင် ဇင်ကိုလတ်စကား နားထောင်´ဆိုပြီး ပိုစ့်တစ်ခုလောက် အားရင်ရေးပါဦးမယ်။ `ဇင်ကိုလတ်ပိုစ့်ကိုဖတ် အလုပ်ထဲကထွက်´ဆိုတာမျိုး မဖြစ်အောင်ပါ။ ဟီးဟီး။

Tuesday, June 12, 2007

အင်တာနက်ပေါ်က ကြောက်စိတ်

ကျွန်တော်Polytechnicမှာ ကျောင်းတက်တုန်းက မြန်မာတွေ အစည်းအဝေးလုပ်မယ်ဆိုပြီးတော့ ကျောင်းမှာရှိသမျှ မြန်မာတွေကို လိုက်ပြီး စည်းရုံးကြပါတယ်။ အဲဒီနေ့က မှတ်မှတ်ရရ အာဇာနည်နေ့ဖြစ်တဲ့အတွက် ကျဆုံးသွားတဲ့ အာဇာနည်ကြီးတွေကို ခေတ္တငြိမ်သက်စွာ ဂါရ၀ပြုခဲ့ကြပါတယ်။ အဲဒါကို တချို့က နိုင်ငံရေးလုပ်တာဆိုပြီး ပြဿနာတက်မှာ ကြောက်ခဲ့ကြတယ်။ နောက်ပိုင်းမြန်မာနိုင်ငံကနေ ကျောင်းသားတွေ ထပ်ပြီးလာလို့မရတော့မှာ စိုးရိမ်ခဲ့ကြတယ်။ နိုင်ငံခြားကို ရောက်ပြီးတာတောင်မှ ကျွန်တော်တို့မှာ ကြောက်စိတ်တွေနဲ့ ပြည့်နေခဲ့ပါတယ်။

ကျောင်းသူကျောင်းသားများ ဂါရ၀ပြုနေစဉ်

နောက်ပိုင်း ကျွန်တော်တို့ သံလွင်အိပ်မက် အီဇင်း လုပ်ဖြစ်တော့လဲ နိုင်ငံရေးနဲ့ ပတ်သက်တဲ့စာမူတွေ ထည့်မလားဆိုပြီး အပြင်းအထန် ဆွေးနွေးခဲ့ကြပါတယ်။ နောက်ပိုင်းကျတော့ ကျွန်တော်တို့ အီးဇင်းက မြန်မာလူငယ်တွေကို စိတ်ဓါတ်မြှင့်တင်ပေးဖို့၊ အတွေ့အကြုံတွေ ဖလှယ်နိုင်ဖို့၊ လူငယ်တွေ သိချင်တာတွေ သိနိုင်ဖို့ဆိုတဲ့ မြန်မာလူငယ်များအတွက် ရည်ရွယ်တဲ့ အီးဇင်းတစ်စောင်ဖြစ်လာပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး တခြား နိုင်ငံရေး ၀က်ဆိုဒ်တွေလည်း အများကြီးရှိပါတယ်။ ကျွန်တော်တို့ အီးဇင်းကို မြန်မာနိုင်ငံက လူငယ်တွေ ၀င်ဖတ်နိုင်ဖို့အတွက် နိုင်ငံရေးဆိုတာပါရင် ၀က်ဆိုဒ်အပိတ်ခံရမှာကို ကြောက်ပါတယ်။ မြန်မာနိုင်ငံကနေ အီးဇင်းကိုဖတ်လို့ မရတော့မှာ စိုးရိမ်ပါတယ်။

ဒါနဲ့ပဲ ရေးချင်တာတွေ ရေးဖို့၊ အတွေ့အကြုံတွေ ဖလှယ်ဖို့၊ ကျွန်တော် ဒီဘလော့ခ်ကို လုပ်ခဲ့ပါတယ်။ ကျွန်တော် ဒီအင်တာနက်ဆိုတဲ့ လွတ်လပ်ကျယ်ဝန်းတဲ့ ကောင်ကြီးပေါ်မှာ ကျွန်တော်ခံစားရတာတွေကို အမှန်အတိုင်းပြောနိုင်မယ်လို့ ထင်ခဲ့တာ တကယ်တမ်းကျတော့ ထင်သလိုဖြစ်မလာခဲ့ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဘလော့ခ်ရေးတော့လည်း ဒီအတိုင်းပါပဲ မြန်မာနိုင်ငံကလူတွေကို ပြန်ကြည့်ရပါတယ်။ မြန်မာနိုင်ငံမှာ blogspotကို ဖွင့်လို့မရတော့ရင် မြန်မာနိုင်ငံက ဘလော့ခ်ကာတွေတော့ ဒုက္ခပဲ။ ပြီးတော့ မြန်မာပြည်ပြန်တာနဲ့ လေဆိပ်မှာလာစောင့်နေမယ်တဲ့။ နိုင်ငံရေးမလုပ်နဲ့ အဖမ်းခံရလိမ့်မယ်။ ဆိုတဲ့ စကားသံတွေ ခဏခဏ ကြားနေရပါတယ်။

နိုင်ငံရေးအပြင်ကို တခြားကိစ္စတွေလည်း ရှိပါသေးတယ်။ ကျွန်တော်တခုခုရေးလိုက်ရင် မှားသွားမလား။ ကျွန်တော့်ဘလော့ခ်ကို သူများဆီက Tamplateခိုးထားတယ် ပြောကြမလား။ ကျွန်တော့်ဘလော့ခ်က သူများဘလော့ခ်တွေနဲ့ ကာလာတူနေလား။ ရေးလိုက်တဲ့ အကြောင်းအရာက စာဖတ်သူကို အဆိပ်အတောက်ဖြစ်စေတာလား။ ရေးလိုက်တဲ့ မြန်မာစာသတ်ပုံတွေက မှန်ရဲ့လား။ အဲဒီလို စိုးရိမ်ခြင်းပေါင်းများစွာနဲ့ ကျွန်တော်ပိုစ့်တစ်ချို့ကို ရေးဖို့ ကြောက်ရွံ့နေတတ်ပါတယ်။ သူငယ်ချင်းတွေကတော့ နင့်ဘလော့ခ်ကို နင့်ဘာသာရေးတာ ဘာဖြစ်လဲဆိုပြီးပြောပါတယ်။ ပြီးတော့ သံလွင်အိပ်မက်ရဲ့ အယ်ဒီတာတစ်ဦးအနေနဲ့ အမှားပြောမိရင် သံလွင်အိပ်မက် နာမည်ကိုထိခိုက်မလား။ ဒါကတော့ မဆိုင်ပါ။ သံလွင်အိပ်မက်ထဲမှာ ဇင်ကိုလတ်ပါပေမယ့် ဇင်ကိုလတ်ရဲ့ Danger Zoneဟာ သံလွင်အိပ်မက်မဟုတ်ပါဘူး။

မြန်မာနိုင်ငံက ဘလော့ခ်ရေးချင်တဲ့ ကောင်လေးတစ်ယောက်ကတော့ အင်တာနက်ပေါ်မှာ စာပေစီစစ်ရေး ရှိတယ်ဆိုလို့တဲ့။ သူဘလောခ့် မရေးပါဘူးဆိုလို့ ဘယ်က စာပေစီစစ်ရေးမှ မရှိပါဘူးဆိုတဲ့အကြောင်း ပြောရသေးတယ်။ ကျွန်တော်တို့ လူငယ်တွေဟာ အရာရာကို လေ့လာသင်ယူချင်ကြပါတယ်။ ပြီးတော့ ကိုယ်ခံစားရတာ၊ ကိုယ်ကြားဖူးတာတွေကို မျှဝေချင်ကြတယ်။ အတားအဆီးတွေ အပိတ်အနှောင်တွေကို မကြိုက်ဘူး။ တခါတလေတော့လဲ တွေးမိတယ်။ မြန်မာနိုင်ငံကြီးတစ်ခုလုံးတောင် ထောင်ကျနေတာ ဘာကိုကြောက်နေတာလဲ ဆိုပြီးတော့ပါ။ ကျွန်တော်တို့ ကိုယ့်ဘာသာ သနားမယ်ဆို သနားစရာတော်တော်ကောင်းပါတယ်။ ဟုတ်တယ်လေ လွတ်လပ်ရေးဆိုတာကို စိတ်မှန်းနဲ့ပဲ လွမ်းနေရတာ။

ဟုတ်ပါတယ်။ ကျွန်တော်အဲဒီ ကြောက်စိတ်တွေကို ဖယ်ပြီး ကျွန်တော်ရေးချင်တာကို ရေးပါမယ်။ ကျွန်တော်သိထားတဲ့ အမှန်တရားတွေကို ရေးပါမယ်။ အမှန်ကိုပြောတာ အမှန်ကိုလုပ်တာ နိုင်ငံရေး လုပ်တာလို့ပြောမယ် ဆိုရင်လည်း မတတ်နိုင်တော့ပါ။ ကျွန်တော်ကတော့ အင်တာနက်ဆိုတာကြီးပေါ်မှာ ကြောက်စိတ်တွေကို ကင်းနိုင်သမျှကင်းအောင် နေပါတော့မယ် . .။

3rd Wedding Anniversary


3rd Wedding Anniversary of Ko Gyi & Ma Nway

Friday, June 8, 2007

လုပ်ချင်တာနှင့် လုပ်သင့်တာ

ကျွန်တော့်ဘလော့ခ်ကို ဖတ်တဲ့သူတွေကတော့ ထင်မှာပဲ။ ဇင်ကိုလတ်ဆိုတဲ့ကောင်ကို ကြည့်လိုက်ရင် ရုပ်ရှင်လေးကြည့်လိုက်၊ စားလိုက်သောက်လိုက်၊ ဓါတ်ပုံလေးရိုက်လိုက်နဲ့ တော်တော်အားယား နေတယ်ထင်မှာပဲ။ အမှန်တော့ ကျွန်တော် မအားပါ။ ကျွန်တော် စိတ်နည်းနည်းရှုပ်လာလို့ နားထားတဲ့ ကျောင်းကလည်း အခုပြန်တက်နေရပါပြီ။ အဲဒီတော့ လောလောဆယ် ၀မ်းရေးအတွက် အလုပ်လုပ်တယ်၊ ပညာရေးအတွက် ကျောင်းတတ်တယ်၊ လူမှုရေးအနေနဲ့ လိုင်ဘရီလုပ်တယ်၊ ဘလော့ခ်စာအုပ်လုပ်တယ်၊ သံလွင်အိပ်မက်လုပ်တယ် (ငွေရော အချိန်ပါအများကြီး ပေးရတဲ့အလုပ်တွေပါ။) ပြီးတော့ ထွက်ပေါက်တစ်ခုအဖြစ် ကျွန်တော်ဒီဘလော့ခ်ကို လုပ်ပါတယ်။

ဒါတောင်ကျွန်တော် လုပ်ချင်တဲ့ ဂစ်တာတီးတာ၊ စီးပွားရေးလုပ်တာ၊ Pianoတီးတာ၊ ဓါတ်ပုံရိုက်တာ၊ လိုင်ဘရီကစာအုပ်အကုန်လုံးကို တစ်အုပ်မကျန် ဖတ်ချင်တာတွေ မပါသေးပါဘူး။
ပြီးတော့ ဟောင်ကောင်၊ ဗီယက်နမ်၊ ကမ္ဘောဒီယား၊ သြစတြေးလျ၊ အင်္ဂလန်၊ တရုတ်၊ အီတလီ စတဲ့နိုင်ငံတွေကို သွားလည်ချင်တာတွေ မပါသေးဘူး။ တစ်ချိန်တုန်းက တစ်ယောက်သော သူကတော့ ပြောပါတယ်။ `အဲဒီလောက်လုပ်ချင်တာတွေ များနေရင် ဘာမှ မည်မည်ရရအလုပ်ဖြစ်မှာ မဟုတ်ဘူး၊ တစ်ခုချင်းစီကို တစ်ခုပြီးတစ်ခု ပြီးအောင်လုပ်ပေါ့´တဲ့။ ဟုတ်ပါတယ်။ ကျွန်တော်ဒါကြောင့် ဆုံးဖြတ်ချက်ချလိုက်တယ်။ ကျောင်းတက်မယ်၊ အလုပ်လုပ်မယ်၊ ဘလော့ခ်စာအုပ်လုပ်မယ်၊ လိုင်ဘရီလုပ်မယ်၊ သံလွင်အိပ်မက်လုပ်ပါမယ်။ အခုလောလောဆယ်အတွက် အရေးအကြီးဆုံး အလုပ်တွေကိုပါ။

ဒါကြောင့် ဘလော့ခ်ရေးခြင်း အပါအ၀င် တခြားအလုပ်တွေကို သိပ်လုပ်ဖြစ်တော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ညီငယ်မောင်သန့်ဇင်ရဲ့ စကားနဲ့ ပြောရရင် ဘလော့ခ်လာဖတ်တဲ့သူတွေကို အားနာပါတယ်။ ပြီးတော့ ဖြစ်နိုင်ရင် ဘလော့ခ်ရေးခြင်းကို မစွန့်လွှတ်ချင်သေးပါဘူး။ ဒါကြောင့် ကျွန်တော်အခုလောလောဆယ် အစမ်းအနေနဲ့ လေးရက်ကိုမှ ပိုစ့်တစ်ခုပဲတင်ပါမယ်။ တစ်ရက်တစ်ခေါက် လာကြည့်တဲ့သူတွေကို အသစ်တွေမရှိရင် အားနာလို့ လေးရက်ကိုမှ တစ်ခါပဲလာကြပါ။ အဲဒီလေးရက်တစ်ခုတင်မယ့် ပိုစ့်တွေကတော့ . . .

၁) အင်တာနက်ပေါ်က ကြောက်စိတ်
၂) ရွှေမဖြစ်ခဲ့ရင်လည်း အကောင်းသား
၃) နံပါတ်တစ်ခုသာ ကွာသူ
၎) ငပွကြီးလား ငတုတ်ကြီးလား
၅) ကြိုးပျက်နေတဲ့ဂစ်တာတစ်လက်
၆) အထီးကျန်ဘ၀ ထဲမှာ
၇) မကြိုက်သော စကားပုံများ

ဟ . . ဇင်ကိုလတ်တို့ကတော့ လုပ်ချလိုက်ပြန်ပြီ။ ကြောင်လိုက်တာဆိုပြီးပြောလည်း ခံရမှာပဲ။ ကျွန်တော်ဘာရေးမလဲ ဆိုတာ ကြော်ငြာတာထက် ကျွန်တော်ရေးချင်တာတွေကို မေ့သွားမှာစိုးလို့မှတ်ထားတာပါ။ ကျွန်တော်သူငယ်ချင်းတွေ မိတ်ဆွေတွေ၊ အမျိုးတွေနဲ့ ပေါင်းပြီး လုပ်နေတာတွေကို မီဒီယာတချို့မှာ အခုရက်ပိုင်းတွေ့ရတာလေးတွေ ဝေမျှလိုက်ပါတယ်။ ဖတ်ပြီးသားဖြစ်နေရင်တော့ ဆောရီးပါ။


ဘလော့ခ်စာအုပ်အတွက် အင်္ဂလိပ်ဘာသာနဲ့ မြန်မာတိုင်းမှာ ပါလာတဲ့ ရန်ကုန်က ဘလော့ခ်ကာများနဲ့ အင်တာဗျူး


မိုးမခထဲမှာ ဧပြီလ စာကိုး စကားကိုးအနေနဲ့ ပါလာတဲ့ သံလွင်အိပ်မက်ထဲက သံလွင်မောင်ရဲ့ စကားလုံးများ

မြန်မာဘာသာ မြန်မာတိုင်းမှာ ပါလာတဲ့ စင်္ကာပူတွင် မြန်မာစာကြည့်တိုက် ဖွင့်လှစ်ခြင်း

မိုးမခ မေလအတွက် စာကိုး စကားကိုးအနေနဲ့ ပါလာတဲ့ ကျွန်တော့်ရဲ့ ဘန်းစကားတွေ လန်းနေတယ်ပိုစ့်မှ စကားလုံးများ

Thursday, June 7, 2007

သံလွင်ကို အိပ်မက်တဲ့အခါ


ကျွန်တော်တို့ရဲ့ သံလွင်အိပ်မက် Issue 11က လာမယ့် ဇူလိုင်လမှာ ထွက်ရှိမှာပါ။ အဲဒီသံလွင်အိပ်မက်အတွက် စာမူတွေပို့လို့ရပါပြီ။ စာမူလက်ခံမယ့်ရက်ကတော့ ဒီလ ၁၅ရက်နေ့အထိပါ။ ဘလော့ခ်လာဖတ်တဲ့ အပြင်ကလူတွေရော၊ ဘလော့ခ်ဂါ မောင်နှမတွေအားလုံးကိုပါ စာမူတွေပို့ပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ပို့ရမယ့် အီးမေးလ်ကတော့ thanlwinainmat@gmail.comပါ။

ကျွန်တော်တို့စာမူတွေကို ရွေးတဲ့အခါ တော်ရုံတန်ရုံ အရေးအသားပြေပြစ်ပြီး အကြောင်းအရာလေးကောင်းနေရင် ရွေးလိုက်တာပါပဲ။ ဒါပေမယ့် စာရေးတဲ့အခါမှာ တချို့တွေဖြစ်တတ်တဲ့အတိုင်း ဆောင်းပါးနဲ့ ၀တ္ထုနဲ့ရောနေတာတို့ အက်ဆေးလိုလို ၀တ္ထုလိုလိုဖြစ်နေတာတို့ကိုတော့ ကျွန်တော်တို့ ဘယ်လိုမှ လုပ်လို့မရပါဘူး။

စာမူမပို့ချင်တဲ့သူတွေကတော့ ကျွန်တော်တို့ရဲ့ စကားဝိုင်းမှာ အောက်ပါအကြောင်းအရာလေးကို ဆွေးနွေးနိုင်ပါတယ်။ အခုမြန်မာပြည်မှာ ရှိနေတဲ့ ဆယ်တန်းအောင်ပြီးစ ညီငယ်၊ ညီမငယ်လေးတွေအတွက် ရည်ရွယ်ပြီး ကျွန်တော်တို့ ဒီအကြောင်းလေးကို ရွေးဖြစ်ခဲ့တာပါ။ သူတို့ကို ကိုယ့်ရဲ့ ညီ၊ ညီမတွေသာဆို ဘယ်လိုအကြံပေးမယ် ဆိုတာမျိုး၊ ကိုယ်သာ ၁၀တန်းအောင်ကာစ အချိန်ကို ပြန်ရောက်ခွင့် ရခဲ့ရင် ဘယ်လိုလုပ်မယ်ဆိုတာမျိုး သဘောထားပြီး ဆွေးနွေးနိုင်ပါတယ်။

"ကိုသံလွင် မြန်မာပြည်ပြန်စဉ်က ဆယ်တန်းအောင်ပြီးစ လူငယ်လေးတစ်ယောက်နဲ့တွေ့တယ်။ အမှတ်ပေါင်းကလည်း ကောင်းနေတော့ ကြိုက်တဲ့လိုင်း ရွေးလို့ရတယ်ပေါ့။ ဒါပေမယ့် ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး ဖြစ်နေတယ်။ သူဘာလုပ်သင့်တယ်ဆိုတာ ကူညီပြီး အကြံပေးကြပါဦး" အကြံပေးချင်တယ်ဆိုရင်တော့ thanlwinainmat.blogspot.comမှာ ပေးနိုင်ကြောင်းပါ။

မြောင်းမြက ဒယ်လေးခေါက်ဆွဲ

အမေရိကားက ခဏရောက်နေတဲ့ အမ၀မ်းကွဲမိသားစုနဲ့ သွားတွေ့ရင်း အမှတ်တရ စားခဲ့ရတဲ့ ခေါက်ဆွဲအကြောင်းပါ။ အမရဲ့ ယောက်ျားက မြောင်းမြကလေ။ အဲဒါနဲ့ သူတို့မြောင်းမြက နာမည်ကြီး ဒယ်လေးခေါက်ဆွဲအကြောင်း၊ မမြင့်ရဲ့ ခေါက်ဆွဲဆိုင်က အကောင်းဆုံးဖြစ်ကြောင်း၊ မနက်တိုင် Breakfastကို ဒယ်လေးခေါက်ဆွဲနဲ့ လက်ဖက်ရည်လေး သောက်ရတာ အလွန်ကောင်းကြောင်းတွေကို ရွှန်းရွှန်းဝေအောင်ပြောပါတယ်။ ကျွန်တော်လည်း သူပြောသမျှကို နားထောင်ပြီး စားလိုက်တာ သုံးပန်ကန်လောက် ၀င်သွားတယ်။ ထမင်းဟင်းချက်စားဖို့ စိတ်ဝင်စားပေမယ့် မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ နန်းကြီးသုတ်စတဲ့ ခေါက်ဆွဲတွေကို ချက်စားဖို့ စိတ်မ၀င်စားလို့ ဘယ်လိုချက်လဲတော့ မမေးခဲ့ပါဘူး။ စားပုံစားနည်းကိုတော့ ကောင်းကောင်းကျွမ်းသွားပါပြီ။




Commentsထဲမှာ Krisဆိုသူ ၀င်ရေးပေးသွားတာကို ပြန်တင်ပေးလိုက်ပါတယ်။
ခေါက်ဆွဲချက်နည်းလေး သိသလောက်တော့ပြောပြမယ်နော်.. မှားနေရင်လည်းပြင်ပေးသွားကြပါ... ခေါက်ဆွဲကို ပဲငံပြာရည်အနောက်နည်းနည်းထည့်ပြီးနယ်ပါ ... ပြီးရင်မီးဖိုမီးအေးအေးလေးပေါ်မှာ အိုးကိုခေါက်ဆွဲကပ်တဲ့အထိထားပါ .. ခေါက်ဆွဲနည်းနည်းလေး အိုးကပ်လာပြီဆိုရင် တစ်ဖက်ကိုလှန်ပြီး အိုးအပ်အောင်ထားပါ .. (ခေါက်ဆွဲကြော်သလိုမျိုးမွှေစရာမလိုဘူးနော် :D )
ဟင်းရည်ချက်နည်းကတော့ ၀က်ရိုးကိုပြုတ်.. ကြက်သွန်ဖြူနဲ့ငရုတ်ကောင်းကိုထောင်းပြီးထည့်ပါ ပြီးတော့ တရုတ်ပဲငံပြာရည်အကြည် နည်းနည်းထဲ့ပါ .. အသားနူးရင် နံရိုးကပ်အသားလေးတွေကို ဖဲ့ပြီး ပါးပါးသေးသေးလေးတွေလှီးထားပါ .. အရိုးကိုတော့ ပြန်ထည့်ပြီး ဆက်တည်ရပါမယ် ... ဟင်းရည်ဆူတဲ့အခါမှာ အပေါ်ယံဆီတွေတက်လာပါလိမ့်မယ် .. ပန်းကန်လုံးတစ်ခုနဲ့သက်သက်ခပ်ထားပါ ...
ခေါက်ဆွဲရယ် အသားလေးတွေရယ် ငရုတ်ဆီရယ် ဟင်းချိုမှုန့်နည်းနည်း ကြက်သွန်ပါးပါးလှီးထားတာရယ် ငရုတ်ကောင်းနည်းနည်း နဲ့ ဟင်းရည်အိုးထဲက ခပ်ထားတဲ့ အဆီကိုခေါက်ဆွဲထဲ နည်းနည်းလေးထည့်စားရင် ပိုအရသာရှိပါတယ် .. ငရုတ်သီးစိမ်းကြိုက်တတ်ရင် ငရုတ်သီးစိမ်းလည်းထည့်စားကြပါတယ် ...
(ငရုတ်ဆီကတော့ ရန်ကုန်မှာထုတ်တဲ့ တန်ချွန်ဝါ ဆိုတဲ့ငရုတ်ဆီနဲ့တော့ ဒယ်လေးခေါက်ဆွဲက အလိုက်ဆုံးပါ)

အခုလို စိတ်ရှည်လက်ရှည် ရှင်းပြခဲ့တဲ့ Krisကို ကျေးဇူးအများကြီးတင်ပါတယ်။

Wednesday, June 6, 2007

ကံကောင်းခြင်းနဲ့ နယူးယောက်

ကျွန်တော် အခုအလုပ် ၃ရက် ဆက်ပြီးနားနေရတဲ့အချိန်မှာ Just My Luckဆိုတဲ့ ဇာတ်ကားလေးကို ပြန်ကြည့်မိပါတယ်။ Lindsay Lohan နဲ့ Chris Pineတို့ သရုပ်ဆောင်ထားပြီး ဇာတ်လမ်းလေးက ပျော်စရာ ဇာတ်မြူးလေးပါပဲ။ အရမ်းကံကောင်းတဲ့ ကောင်မလေးတစ်ယောက်က အရမ်းကံဆိုးတဲ့ ကောင်လေးတစ်ယောက်ကို နမ်းမိသွားတဲ့အခါ သူတို့နှစ်ယောက်က ပြောင်းပြန်ဖြစ်သွားတာပါ။
ကောင်မလေးက ကံအရမ်းဆိုးသွားပြီး ကောင်လေးက ကံအရမ်းကောင်းသွားပါတယ်။ ရယ်စရာ၊ ပျော်စရာသာမက ချစ်စရာလည်းကောင်းတဲ့ ကောင်မလေးပါတဲ့ ဇာတ်ကားဖြစ်လို့လားတော့ မသိပါ။ စိတ်ညစ်နေတဲ့သူ တစ်ယောက်ကြည့်ရင်တောင် နည်းနည်းတော့ ပြုံးမိလောက်မယ့် ဇာတ်ကားဖြစ်ပါတယ်။ ကျွန်တော့်ကတော့ ကြယ်လေးလုံးပေးပါတယ်။ Trailerကြည့်ချင်တယ် ဆိုရင်တော့ YouTubeမှာ သွားကြည့်ကြပါ။

အဲဒီဇာတ်ကားရဲ့ နောက်ဆုံးခန်းကတော့ New Yorkက Time Squareမှာ စတိတ်ရှိုး လုပ်တာပါ။ အဲဒါနဲ့ ကျွန်တော်ရောက်ခဲ့ဖူးတဲ့ အဲဒီနေရာလေးကို ပြန်သတိရသွားပြီး သံလွင်အိပ်မက် အမှတ် (၇)မှာ စည်သူ(သံလွင်)နာမည်နဲ့ ရေးခဲ့ဖူးတဲ့ NYCသို့ တစ်ခေါက်ဆိုတဲ့ ဆောင်းပါးလေးကို ကိုယ့်ဘာသာကိုယ် ပြန်ဖတ်မိသွားပါတယ်။ မဖတ်ရသေးတဲ့ လူတွေ ဒီမှာClickနှိပ်ပြီး သွားဖတ်နိုင်ကြပါတယ်။ ကျွန်တော့်ဘ၀မှာတော့ ဘယ်တော့မှ မေ့မရနိုင်မယ့် ခရီးစဉ်တစ်ခုပါပဲ။

Tuesday, June 5, 2007

ဦးဝင်းဖေရဲ့ ပန်းချီပြပွဲ

ဆရာပန်းချီဝင်းဖေရဲ့ ပန်းချီကားပြပွဲကို စင်္ကာပူနိုင်ငံ လမ်းပြကြယ်မြန်မာစာကြည့်တိုက် မှာ ဇွန်လ ၇ရက်နေ့အထိ ပြသထားမှာဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ တာဝန်က လွန်ခဲ့တဲ့နှစ်ရက်လုံးရှိပေမယ့် ဒီနေ့မှပဲ ကင်မရာပါသွားလို့ ရိုက်ဖြစ်ခဲ့ပါတယ်။ ပန်းချီတစ်ကားကို US$150(S$225)ပါ။

Monday, June 4, 2007

ဂူဂယ်လ်ကို ဖိအားပေးမယ်

ကျွန်တော်တို့ Googleရဲ့ Free Service တွေကို စသုံးလာတာ ဟိုးအရင်ကတည်းကပါ။ ပြီးတော့ ကျွန်တော်တို့ သုံးနေကျ Youtubeတို့၊ ကျွန်တော် အခုရေးနေတဲ့ Bloggerတို့ အပြင် တခြားserviceတွေ ကိုလည်း သူက၀ယ်ခဲ့ပါတယ်။ ဘောလုံးမှာ Chelsea၊ Internetမှာ Googleလို့ ပြောရလောက်အောင်ကို တွေ့သမျှလျှောက် ၀ယ်နေပါတယ်။

အခုတော့ ကျွန်တော်တို့ တကယ်လိုအပ်နေတာကို Googleကနေ တောင်းချင်ပါတယ်။ အဲဒါကတော့ Conference Chatပါ။ စင်္ကာပူလူမျိုးတိုင်း MSNရှိသလို ကျွန်တော်တို့ မြန်မာတော်တော်များများကလည်း Gmailကိုယ်စီနဲ့ပါ။ အဓိကတော့ ကျွန်တော် ရွှေမြန်မာနိုင်ငံတော်နဲ့ ဆက်သွယ်ရေးအတွက် အဆင်ပြေဆုံး chat service ဖြစ်လို့ပါပဲ။

အခုဆို စလုံးတွေအင်္ဂလိပ်လို ပြောလိုက်၊ Singlishလိုပြောလိုက်၊ တရုတ်ဒါမှမဟုတ်၊ မလေးလိုပြောလိုက် လုပ်သလိုပဲ Gtalkထဲမှာ ကျွန်တော်တို့ မြန်မာတွေ မြန်မာလိုပြောလိုက်၊ Ctrl+Shiftလေးနှိပ်လိုက်၊ အင်္ဂလိပ်လိုပြောလိုက်၊ တချို့ဆို Burglishလို ပြောလိုက်နဲ့ အဆင်ကိုပြေနေတာပဲ။ ဒါပေမယ့် ကျွန်တော်တို့ Multi User Chatအတွက်ကိုတော့ Googleက မလုပ်ပေးနိုင်သေးပါဘူး။

ဟိုတလောကတော့ Google Gadgetတွေထဲမှာ ပါလာပါသေးတယ်။ ဒါပေမယ့် သုံးရတာ အဆင်မပြေသေးပါဘူး။ တခါတခါကျတော့လည်း စီးပွားရေးကြောင့်ပဲဖြစ်ဖြစ်၊ လူမှုရေးပဲဖြစ်ဖြစ်၊ သုံးလေးယောက် Meetingထိုင်သလို Chat ထဲမှာ Conferenceတွေ့ကြရရင် အရမ်းအဆင်ပြေမှာပါ။ ဒါကြောင့် ဒီလင့်ခ်လေး(Gtalk Help Center)မှာ သွားပြီး Googleကို ဖိအားပေးကြပါ။ ကျွန်တော်ကတော့ ပေးနေတာ ငါးခေါက်လောက်ရှိပြီ။

Sunday, June 3, 2007

ဘယ်နေ့မှာ ဘယ်လိုဖြစ်

တနင်္လာနေ့



အင်္ဂါနေ့


ဗုဒ္ဓဟူးနေ့


ကြာသပတေးနေ့


သောကြာနေ့


စနေ၊ တနင်္ဂနွေ

ဟိုတလောက ထိုင်းက သူငယ်ချင်းတစ်ယောက် ပို့ပေးလိုက်တဲ့ ပုံလေးတွေပါ။ ပုံတွေထဲမှာ တနင်္လာရယ် သောကြာရယ်နဲ့ စနေ၊ တနင်္ဂနွေရယ်ကို အကြိုက်ဆုံးပါပဲ။ ကျွန်တော်ကတော့ 12 hrs shiftလုပ်တာဆိုတော့ ဘယ်နေ့ဖြစ်ဖြစ် တူတူပါပဲ။ သူငယ်ချင်းတချို့ အလုပ်ကို မသွားချင်သွားချင်နဲ့ ထသွားနေကြရတဲ့ အချိန်မှာ ကျွန်တော်ကတော့ အိပ်လို့ကောင်းနေတဲ့အချိန် ဖြစ်လို့နေမှာပါ။

Saturday, June 2, 2007

ဘာစားလို့ စားရမှန်းမသိ

စင်္ကာပူနိုင်ငံဟာ အစားအစာအရမ်း ပေါသလိုလိုနဲ့ ကျွန်တော်အတွက်တော့ စားစရာတော်တော်ရှားတဲ့နိုင်ငံပါ။ ဟုတ်တယ်လေ ဟော်ကာစင်တာ(Hawker Center)၊ Food Courtတွေမှာ အစားအစာတွေက ဒါတွေချည်းပဲ။ ဟော်ကာစင်တာတွေသွားရင် တရုတ်ထမင်းဟင်း၊ အနောက်တိုင်း၊ မလေး၊ အိန္ဒိယအစားအစာတွေ၊ Mee Pokလို့ခေါ်တဲ့ ခေါက်ဆွဲဆိုင်၊ ကြက်ဆီထမင်းဆိုင် ဒါတွေချည်းပါပဲ။ စင်္ကာပူမှာ ရှိတဲ့ ဘယ်Food Courtသွားသွား ဒါတွေတော့ သေချာပေါက်ရှိပါတယ်။ စားစရာတွေ အများကြီးပါပဲ ကြိုက်တာစားလို့ရတယ်လို့တော့ မထင်ပါနဲ့။ နောက်ဟော်ကာတစ်ခုသွားလည်း ဒါပဲ။ ဒီထက်ပိုဆိုးတာက အရသာပါ။ အဲဒီအရသာတွေဟာ တစ်နေရာနဲ့ တစ်နေရာ တထေရာတည်းတူနေတဲ့ ပြဿနာပါ။ Tampinesမှာ ရောင်းတဲ့ တရုတ်ထမင်းဟင်းဟာ Woodlandsမှာ ရောင်းတဲ့ ဟင်းတွေအတိုင်းတစ်ပုံစံတည်းဖြစ်နေတာပါ။

ကျွန်တော်တို့ မြန်မာတွေရဲ့ ရိုးရာအစားအစာဖြစ်တဲ့ မုန့်ဟင်းခါးဆို တစ်နေရာနဲ့ တစ်နေရာတောင် ချက်တဲ့နည်း ထည့်တဲ့ဟာတွေ မတူရင် မတူသလို အရသာက အမျိုးမျိုးပါ။ ဘိုကလေးဒေါ်ညိုမုန့်ဟင်းခါးဆိုအရသာက တစ်မျိုး၊ ရွှေလှေခါးဆို တစ်မျိုး။ တစ်ချို့ ပဲမှုန့်နဲ့ ချက်တယ်။ တစ်ချို့က အုန်းနို့နဲ့၊ တစ်ချို့က ငရုတ်ကောင်းများများ၊ တစ်ချို့က စပါးလင်နိုင်နိုင် အမျိုးမျိုးပါပဲ။ ရန်ကုန်ကနေ မန္တလေးကိုရောက်သွားရင်လည်း အရသာက လုံးဝပြောင်းသွားပါတယ်။ မန္တလေးမှာက ပဲနဲ့ ချက်တာများတယ်လေ။ အဲ ..မုံရွာဖက်ရောက် သွားပြန်တော့ မုန့်ဟင်းခါးကို ကြက်သားနဲ့ ချက်ကြတယ်တဲ့။ ဒီမှာကတော့ Seoul Garden သွားစားလဲ ၁၇ကျပ်တန် အသားကင်ဘူဖေးလ်က ဒီအရသာ၊ Marina Bay သွားစားလဲ ၁၂ကျပ်တန်ဘူးဖေးလ်ကလည်း ဒီအရသာပါပဲ။

ပြီးတော့ နေရာဒေသအလိုက်လည်း အစားအစာတွေက တမျိုးနဲ့ တမျိုးမတူပါဘူး။ အင်းလေးအစားအစာတွေဖြစ်တဲ့ ငါးထမင်းနယ်၊ ၀က်သားချဉ်၊ ဟင်းထုပ် စတဲ့ အစားအစာတွေကို ကောင်းကောင်းစားချင်တယ်ဆို ဟိုး . . အင်းလေးအိုင်မှာ ရှိတဲ့ ဖောင်တော်ဦးဘုရားနား အထိသွားပြီးစားမှ တကယ့်အရသာအစစ်ကို စားရမှာပါ။ ပြီးတော့ ဖီးလ်ကလည်း ကွာပါတယ်။ ဥပမာ ထန်းရည်ချိုကို ထန်းပင်အောက်မှာ သောက်ရတဲ့ဖီးလ်နဲ့ တခြားနေရာမှာ သောက်ရတဲ့ ဖီးလ်ချင်းက ဘယ်လိုမှ မတူနိုင်ပါဘူး။ (ကျွန်တော် ထန်းရည်ကို ကောင်းကောင်းတစ်ခါမှ မသောက်ဖူးပေမယ့် ရုပ်ရှင်တွေထဲမှာ ကြည့်ဖူးတာ။ စာအုပ်ထဲမှာ ဖတ်ဖူးတာတွေကြောင့် အရသာတော်တော်ရှိမယ်ဆိုတာ တွေးကြည့်တာနဲ့ သိပါတယ်)။ တစ်ခုရှိတာက စင်္ကာပူက အရမ်းကျဉ်းလို့ အဲလိုမျိုးဒေသထွက် အစားအစာတွေမရှိတာလဲ ပါတာပေါ့။

ဒါကြောင့် အားရင် အားသလို အိမ်ထမင်းအိမ်ဟင်းလေးကို ချက်စားဖြစ်ပါတယ်။ ဒါပေမယ့် အိမ်မှာရှိတဲ့လူတွေက ကိုယ့်အလုပ်နဲ့ ကိုယ်ဆိုတော့ အဆင်ပြေတဲ့နေရာမှာ စားကြရတာဖြစ်လို့ ကိုယ်တစ်ယောက်တည်း အတွက်ကျတော့လည်း ချက်ဖို့ကို ပျင်း ပျင်းနေတတ်ပါတယ်။ တစ်ယောက်တည်းအတွက်တော့ အလုပ်ရှုပ်မခံနေတော့ပါဘူး၊ အပြင်မှာပဲ ၀ယ်စားလိုက်တာပေါ့ဆိုပြီး ဟော်ကာစင်တာသွား . . . ငါးမိနစ်လောက်ကြာအောင် ဟိုကြည့်ဒီကြည့်နဲ့ ဘာစားလို့ စားရမှန်းမသိဖြစ်ရတာ အကျင့်ကြီးတစ်ခုလို ဖြစ်လို့နေပါပြီ။

Friday, June 1, 2007

သံယောဇဉ် အသုပ်ဆိုင်

Temasek Polyရဲ့ အရှေ့မှာ သံယောဇဉ်ဆိုတဲ့ မြန်မာအသုပ်ဆိုင်ဖွင့်တော့မယ်ဆိုပဲ။ ကျွန်တော်တို့ ကျောင်းသားဘ၀တုန်းကလဲ အဲဒီနားမှာ လက်ဘက်ရည်ဆိုင်ဖွင့်မယ်တို့၊ ကျောင်းသားတွေကို ချိုင့်ဆွဲထမင်းပို့မယ်တို့ စိတ်ကူးယဉ်ခဲ့ဖူးပါတယ်။ Tampinesဘက်ကို ခွဲခွာခဲ့တာ အခုဆို ဘာလိုလိုနဲ့ သုံးနှစ်တောင်ကျော်ပြီပဲ။ အင်း ဘာပဲဖြစ်ဖြစ် TPက မြန်မာကျောင်းသား၊ ကျောင်းသူတွေတော့ အဆင်ပြေမှာပေါ့။ အဲဒီဆိုင်က ဆိုင်ဆိုပေမယ့် အိမ်မှာ သွားပြီးတော့ ၀ယ်လို့ ရတဲ့သဘောနဲ့ တူတယ်။ ပြီးတော့ Take Away Only ဆိုတာတော့ သိပ်ပြီးတော့ အဆင်မပြေလှပါဘူး။ ဘာပဲဖြစ်ဖြစ် နောက်ကြုံရင်တော့ သွားစားကြည့်ဦးမယ်။