Saturday, June 16, 2007

ပေါ်လီဆင်းတွေ အကြောင်း

မဂျစ်တူးရဲ့ ခြင်္သေ့ကျွန်းမှဆိုတဲ့ ပို့စ်ကို ဖတ်ပြီး ပေါ်လီကျောင်းဆင်းထားတဲ့ ကျွန်တော့် ကိုယ်တွေ့ဖြစ်ရပ်တွေကို ပြောပြချင်ပါတယ်။ ပထမဦးဆုံး ကျွန်တော်တို့ ပေါ်လီပြီးရင် စင်္ကာပူမှာ သုံးနှစ်ပြန် အလုပ်လုပ်ပေးဖို့ Bondထိုးထားပါတယ်။ အဲဒီလို အလုပ်လုပ်ဖို့အတွက် စင်္ကာပူအစိုးရက PR(Permanent Resident)အဖြစ် လျှောက်ဖို့ ဖိတ်ကြားလွှာကို ကျောင်းပြီးခါနီးမှာ ပို့ပေးပြီး အလုပ်တစ်ခုခုရတာနဲ့ PRတန်းချပေးတယ်။ အနည်းဆုံးသက်တမ်း ငါးနှစ်ပေးပြီး ပြည့်သွားရင် များသောအားဖြင့် ၁၀နှစ်ထပ်ပေးပါတယ်။ PRဆိုတာ တကယ်တော့ သူတို့နိုင်ငံသားလိုပါပဲ။ အလုပ်မရှိပဲ ပိုက်ဆံရှိရင် စင်္ကာပူမှာ အနည်းဆုံးငါးနှစ်နေလို့ရတယ်။

ကျွန်တော် ပေါ်လီပြီးတော့ အလုပ်ရှာမရလို့ ဒုက္ခဖြစ်တဲ့အကြောင်းတွေကို သံလွင်အိပ်မက်မှာ ကျွန်တော့်အကြောင်းဆိုတဲ့ အက်ဆေးလေးတစ်ပုဒ် ရေးဖူးတယ်။ အဲဒီတုန်းက စင်္ကာပူမှာ SARSရောဂါဖြစ်နေတဲ့နှစ်ဖြစ်လို့ စီးပွားရေးကျပြီး အလုပ်တွေတော်တော် ရှားတယ်။ ကျွန်တော့်မှာ အလုပ်ကလည်းမရ၊ မိဘတွေဆီကလည်း ပိုက်ဆံမတောင်းချင်။ အကြွေးတွေဆိုတာလဲ `မောင့်အကြွေးတွေ ၀ိုင်း´ဆိုတဲ့ သီချင်းလိုဖြစ်နေတဲ့ အတွက် ကျွန်တော် Sim Lim Squareမှာ ရှိသမျှ ကွန်ပျူတာဆိုင်တွေ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် အကုန်လိုက်မေး။ အလုပ်လိုလားပေါ့။ နောက်ဆုံး ကံကောင်းချင်တော့ ၁၃၀၀နဲ့ အလုပ်လေးတစ်ခုရခဲ့တယ်။

ဒါပေမယ့် အလုပ်ရှင်က တော်တော်အပေါက်ဆိုးတယ်။ ကျွန်တော်Lunchထွက်စားရင် မကြိုက်ဘူး။ ၀ယ်လာပြီး ဆိုင်မှာပဲ စားစေချင်တာ။ Break Time မပေးချင်တဲ့ သဘောပေါ့။ ကျွန်တော် အိမ်သာသွားရင် အချိန်မှတ်ထားပါတယ်။ ၅မိနစ်ထက်ကျော်ရင် ကျွန်တော့်ကို မေးတယ်။ ဘာလို့ ဒီလောက်ကြာတာလဲတဲ့။ (အင်း .ငါးမိနစ်အတွင်း ကိစ္စမပြီးရင် ကျန်တဲ့ ကိစ္စ သဌေးရဲ့ အလုပ်စားပွဲပေါ်မှာ သွားရှင်းရရင် မကောင်းပဲရှိမယ်။) သည်းခံလိုက်ပါတယ်။ ၁လနဲ့ ၁ပတ်နေတော့ ကျွန်တော် PRရတယ်။ ရပြီးနောက် တစ်ရက်မှာပဲ ထွက်စာတင်တော့ အလုပ်ရှင်က ဘယ်နေ့ထွက်ချင်လဲတဲ့။ ကျွန်တော် က အခုပဲ ထွက်ချင်တယ်လို့ ပြောပြီး အလုပ်ထွက်ခဲ့ပါတယ်။

နောက်ပြီးတော့ ကျွန်တော် လေးငါးခြောက်လလောက် အလုပ်ရှာမရဘူး။ ရပါတယ်၊ PRဆိုရင် ဘာအလုပ်ပဲဖြစ်ဖြစ် လုပ်ခွင့်ရှိတယ်။ ကျွန်တော် စားပွဲထိုးPart Time လုပ်ပြီး ၀မ်းရေးကို ဖြေရှင်းခဲ့တယ်။ စားပွဲထိုး ဆိုပေမယ့် အဲဒီဆိုင်မှာ ကျောင်းတက်ကတည်းက လုပ်လာတာဆိုတော့ ကျွမ်းကျွမ်းကျင်ကျင်လည်း ဖြစ်နေ၊ Seniorလဲကျ ဆိုတော့ Supervisorပုံစံမျိုး လုပ်ရတာပါ။ အဲလိုနဲ့ နောက်အလုပ်တစ်ခုကိုလည်း လခ ၁၃၀၀နဲ့ပဲ ရတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာ နောက်အလုပ်တစ်ခု ၁၇၅၀ပေးတာနဲ့ပဲ ပြောင်းလိုက်တယ်။ အဲဒီအလုပ်ကတော့ ကျွန်တော် အခုစာရေးနေတဲ့ အချိန်အထိ လုပ်နေတဲ့အလုပ်ဖြစ်ပြီး ကျွန်တော်ဒီပိုစ့်အတွက် ပြောချင်တဲ့အကြောင်းက အခုမှစတာပါ။

အခုမှ စတာ။ ဟုတ်လား? လို့မေးရင် စောစောက နိဒါန်းပျိုးနေတာပါ။ (အင်း . . အဲလိုပဲ ကျွန်တော်က ခတ်ကွင်းပြင်တာနှင့် ရွာသစ်ကြီးကို ခဏခဏရောက်တတ်ပါတယ်။) မဂျစ်တူးပြောသွားသလိုပဲ စင်္ကာပူမှာ ပေါ်လီကျောင်းဆင်း တစ်ယောက်ကို ၁၅၀၀ကနေ ၁၇၀၀အတွင်း ရပါတယ်။ (အဲဒီနှုန်းက အစိုးရအလုပ်တွေမှာ ပေးတဲ့နှုန်းပါ။ အပြင်ကုမ္ပဏီတွေကတော့ အဲဒီထက်ကို နည်းလည်း နည်းနိုင်သလို များချင်လည်း များနိုင်ပါတယ်။) ဘွဲ့ရတစ်ယောက်ကိုတော့ လခ ၂၅၀၀ကနေ ၃၀၀၀ကြား ပေးပါတယ်။ ပြီးတော့ အဲဒီပေါ်လီဆင်း တစ်ယောက်ဟာ လုပ်ငန်းအတွေ့အကြုံ ငါးနှစ်လောက်ရှိရင် ဘွဲ့ရပြီးပြီးချင်း လူတစ်ယောက်နဲ့ လစာတူသလောက် ဖြစ်သွားတတ်တယ်။

အခုအလုပ်ထဲမှာ ကျွန်တော်တို့ ပေါ်လီဆင်း မြန်မာ၎ယောက်နဲ့ စလုံး ၃ယောက်၂၀၀၄လောက်က အလုပ်အတူတူ ၀င်ပါတယ်။ စလုပ်တုန်းကတော့ Technician ချည်းပဲ ၇ယောက်ပါ။ ၂နှစ်ခွဲလုပ်ပြီးတဲ့ အခါ Engineer ရာထူးနဲ့ လခတိုးပေးတော့ ကျွန်တော်တို့ မြန်မာ ၄ယောက်လုံးရပြီး စလုံးထဲက တစ်ယောက်ပဲ ရတယ်။ အဲဒါဟာ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ကုမ္ပဏီက စလုံးတွေဟာ လူမျိုးရေး ခွဲခြားမှုမရှိလို့ပါ။ အလုပ်ကြိုးစားတဲ့သူ အလုပ်အကြောင်း နားလည်တဲ့သူ မည်သူမဆိုကို ပေးတာပါ။ လခကိုလည်း ကျွန်တော်တို့ မြန်မာလေးယောက်နဲ့ စလုံးတစ်ယောက်အတူတူပဲ ရကြပါတယ်။ (ကျွန်တော်အခုလခ ဘယ်လောက်ရလဲဆိုတာတော့ မုန့်မကျွေးခိုင်းရင် ပြောပါမယ်။ သိချင်သူများ အီးမေးလ်ပို့ပြီးမေးပါ)

အဲဒါကတော့ ကျွန်တော်အလုပ်ထဲက အကြောင်းပါ။ များသောအားဖြင့် စလုံးတွေက EP, SP, WPစတာတွေနဲ့ လာတဲ့သူတွေကို ပိုခိုင်းတတ်ကြပါတယ်။ အဲဒါကတော့ မြန်မာတွေကိုမှ မဟုတ်ပါဘူး။ တခြားနိုင်ငံခြားသားတိုင်းကိုပါ။ အဓိကတော့ နှိမ်တယ်မနှိမ်ဘူးဆိုတာထက် သူတို့အလုပ်ကို ညကိုးနာရီလောက်မှာပြန်၊ စနေ၊ တနင်္ဂနွေပါ လာလုပ်ပေး။ ဆိုတာမျိုးတွေရှိတတ်ပါတယ်။ သူတို့ကုမ္ပဏီက ထွက်ပြီး နောက်ကုမ္ပဏီတစ်ခုမှာ သွားလုပ်ရင် SP, EP, WPတွေ အကုန်ပြန်လျှောက်ရမှာ မို့လို့ ဒီကောင်တွေတော့ အလုပ်မထွက်လောက်ဘူး။ ခိုင်းလို့ရသမျှ ကောင်းကောင်းခိုင်းမယ် ဆိုတဲ့စိတ်နဲ့ လုပ်တာနေမှာပါ။ ဒီမှာ ကျောင်းပြီးထားလို့ PRရသူပဲ ဖြစ်ဖြစ် EPတို့ဘာတို့နဲ့ အလုပ်လာလုပ်တဲ့သူက PRကျပြီးရင် ပဲဖြစ်ဖြစ် အဲလိုကိစ္စတွေကို ဂရုစိုက်စရာ မလိုတော့ပါဘူး။

ဒါကြောင့် Blue IC(မြန်မာတွေ အခေါ်PRကဒ်) ကို ကျွန်တော်တို့ကတော့ လူမိုက်ကဒ်လို့ခေါ်ပါတယ်။ ဒီအလုပ်ကို မကြိုက်ဘူးလား။ မကြိုက်ရင် နောက်နေ့ထွက်စာတင်ပဲ။ ကျွန်တော့်ညီဝမ်းကွဲတစ်ယောက် ၆လအတွင်း Company သုံးခုပြောင်း ပြီးပါပြီ။ ကျွန်တော်ရေးတာလည်း တော်တော်ရှည်နေပြီ။ ဒါတောင် ကျွန်တော့်ရဲ့ နောက်ညီဝမ်းကွဲတစ်ယောက် Supervisorကို ထိုးတာတို့၊ သူငယ်ချင်းတစ်ယောက်အလုပ်ထွက်တော့ မန်နေဂျာက မထွက်စေချင်လို့ မင်းဘာလို့ ထွက်တာလဲမေးတော့ ငါမင်းရဲ့ လုပ်ပုံကိုင်ပုံတွေကိုမကြိုက်လို့ ဆိုပြီး ထွက်သွားတာတို့ အစရှိတာတွေ မပါသေးပါဘူး။

အဲလိုတွေပြောလို့ မန်နေဂျာကို ချ၊ အလုပ်ရှင်နဲ့ ရန်ဖြစ်လို့ ပြောချင်တာမဟုတ်ပါဘူး။ ကိုယ့်ကို ပေးတဲ့လခက အပြင်ပေါက်ဈေးထက်နည်းတယ်၊ ကိုယ့်ကိုလည်း နှိမ်တယ်ဆိုရင် ဘာမှတွယ်ကပ်မနေပါနဲ့။ လိုချင်တာကို တောင်းဆို မရရင် ဘိုင်ဘိုင်ပဲပေါ့။ ကျွန်တော်တို့ကို ပေါ်လီကျောင်းဆင်း မြန်မာမို့လို့ဆိုပြီး နှိမ်တယ်လို့ ကိုယ်တိုင်မကြုံဖူးသလို ကြားလည်းမကြားဖူးပါဘူး။ ရှိတယ်ဆိုရင်တော့ အကောင်းဆုံး အကြံပေးချင်ပါတယ်။ နောက်အလုပ်တစ်ခုရှာပြီး အဲဒီအလုပ်က ထွက်လိုက်ပါတော့လို့။


`အလုပ်ထဲမှာ အဆင်ပြေအောင် ဇင်ကိုလတ်စကား နားထောင်´ဆိုပြီး ပိုစ့်တစ်ခုလောက် အားရင်ရေးပါဦးမယ်။ `ဇင်ကိုလတ်ပိုစ့်ကိုဖတ် အလုပ်ထဲကထွက်´ဆိုတာမျိုး မဖြစ်အောင်ပါ။ ဟီးဟီး။

8 comments:

pandora said...

ဖိုက်တာ ပဲဟ.. မိုက်တယ်...ဇင်ကိုလတ်.. (မြှောက်ပေးတာ)

Chit Lay Pyay said...

၂ နှစ်ခွဲနဲ့ အင်ဂျင်နီယာ ရာထူးနဲ့ လခတိုးပေးတယ်တဲ့ အရမ်းမိုက်တယ်၊ အဲဒီဇင်ကိုယ်လတ် တို့ရဲ့အလုပ်ကိုစိတ်ဝင်စားတယ်၊ ပြောင်းခဲ့ချင်တယ်ရမလားဟင်၊ အခုချစ်လေပြေက လုပ်သက်၂နှစ်ကျော်နေပြီ ဒီရာထူးပဲ၊ လခကလဲမဖြစ်စလောက်လေးပဲတိုးတာ၊ တိုးတိုးတိတ်တိတ်မေးချင်လို့ အီးမေးလိပ်စာလေးရနိုင်မလားဟင်၊ တကယ်ပြောတာနော်၊

Anonymous said...

demo အစ်ကိုက မြှောက်ပေးတာနဲ့.. အလုပ်တောင် ထွက်ချင်စိတ်ပေါက်လာပြီ.. တစ်ခုမေးပါအုံးမယ်.. နောက်အလုပ်တစ်ခုရှာနေတဲ့ အချိန်မှာ အစ်ကို က ထမင်းကျွေးထားနိုင်မလား.. ဟိဟိ... ဒါမှမဟုတ် အတိုးလုံးဝမယူပဲ ပိုက်ပိုက် ချေးမလား..

Anonymous said...

`အလုပ်ထဲမှာ အဆင်ပြေအောင် ဇင်ကိုလတ်စကား နားထောင်´

နားထောင်ဖို့ နားတွေကားပြီး ဒီပို့စ်ကို စောင့်နေတယ်ဟေ့း)

Thelay said...

ဟွန်း မြောက်ပေးနေတယ်.. ပိုက်ဆံမရှိရင် သူက ကျွေးထားမှာ ကျလို့ မုန့်တောင် ကျွေးရမှာ ကပ်စီးနည်းနေပြီး

Sai Linn Thu said...

မိုက်တယ်ဗျာ...နောက်ပိုစ့်လေး စောင့်နေတယ်....ဟဲဟဲ...

Unknown said...

pandora >>> မပန်ကတော့ လုပ်ပြီ။ ဖိုက်လည်းဖိုက်တယ်။ မိုက်လည်း မိုက်တယ်ပေါ့။

ChitLayPyay >>> ဒီအလုပ်ကို မရခင် ကျွန်တော် ပထမအလုပ်နှစ်ခုမှာ တော်တော်ဒုက္ခရောက်ခဲ့ပါတယ်။ နောက်ဆုံးကျတော့လည်း အဆင်ပြေတဲ့ အလုပ်လေးတစ်ခု ရလာတယ်ပေါ့။ အီးမေးလ်ကိုတော့ smsပို့ပေးလိုက်ပါမယ်။ :)

demo >>> အင်း . နောက်အလုပ်တစ်ခုရမှ ဒီတစ်ခုက ထွက်ပေါ့။ သို့မဟုတ်ရင် အကို့လို စားပွဲထိုးသွား လုပ်နေရမယ်။

ဂျစ်တူး >>> ဟုတ် တစ်လအတွင်း တင်ပေးမယ်။

Thelay >>> ကျွေးထားနိုင်ပါတယ်။ နောက်အလုပ်တစ်ခုက ပိုအဆင်ပြေရင်သာ မုန့်ပြန်ကျွေးဖို့ မမေ့ပါနဲ့။ ဟိုတစ်ခေါက်က တို့ဟူးသုတ်တော့ မစားချင်ဘူးနော်။

Sai Linn Thu >>> တကယ်မိုက်တာလား။ ရေးပေးမယ်ဗျာ . . .။ နောက်တစ်ခု။ လာမယ်ကြာမယ်ပေါ့။

yanmaneee said...

lebron james shoes
pandora
moncler jackets
giannis antetokounmpo shoes
pandora
steph curry shoes
yeezys
yeezy supply
kenzo
jordan shoes