Sunday, April 22, 2007

အင်တာနက်ဝေးဝေး ဝေးတဲ့နယ်မြေ


ကျွန်တော်ရန်ကုန်ပြန်နေတုန်း အင်တာနက်နဲ့တော်တော်ကို အဆက်အသွယ်ပြတ်နေခဲ့ပါတယ်။ တမင်သက်သက် အဆက်အသွယ်ဖြတ်ထားတာ ဆိုရင်လည်း မှန်ပါလိမ့်မယ်။ ဟုတ်တယ်လေ။ စင်္ကာပူမှာက အလုပ်ထဲမှာ အားနေရင်လည်း အီးမေးလ်စစ်လိုက်၊ သူငယ်ချင်းတွေနဲ့ chatလိုက်၊ ဘလော့ခ်တွေ ဖတ်လိုက်၊ Net Surfလိုက်။ အိမ်ပြန်ရောက်တော့လည်း ဒါတွေပဲ ထပ်ခါတလဲလဲ လုပ်နေတာပဲ။ ရန်ကုန်ရောက်တော့ သူငယ်ချင်းတွေရဲ့ Cyber Cafeမှာ အမြဲတမ်းဆုံဖြစ်ပေမယ့် အင်တာနက်လုံးဝမသုံးဖြစ်ခဲ့ပါဘူး။
စင်္ကာပူပြန် ရောက်ရောက်ချင်း အိမ်ရှေ့က စားပွဲပေါ်မှာ စာ၁၈စောင်ရောက်နေပြီး အီးမေးလ်စစ်တော့ Inbox ထဲမှာ အီးမေးလ် ၈၅စောင်ရောက်နေပါတယ်။ စာ၁၈စောင်ကတော့ ထုံးစံအတိုင်း Handphone Bill, Internet Bill, Power Supply Bill, Plastic Card Billနဲ့ ဘဏ်ကလာတဲ့ စာတွေပါ။ အီးမေးလ်တွေကတော့ ကျွန်တော့်ရဲ့ ဘလော့ခ်ထဲမှာ ဘော်ဘော်ကြီးတွေ ၀င်ရေးသွားတဲ့ Commentတွေ၊ Friendsterရဲ့ testiတွေ၊ ဘလော့ခ်စာအုပ်ကိစ္စတွေနဲ့ ထုံးစံအတိုင်းကြော်ငြာတွေပဲဖြစ်ပါတယ်။
အဲဒါစာတွေ၊ အီးမေးလ်တွေအပြင် လုပ်စရာအလုပ်တွေကလည်း တန်းစီပြီးစောင့်နေပါတယ်။ ပန်နီဆူလားပလာဇာမှာ မြန်မာLibraryဖွင့်ဖို့ကိစ္စ၊ ဘလော့ခ်စာအုပ်အတွက် ဘလော့ခ်တွေဖတ်ဖို့ကိစ္စ၊ TPမြန်မာ သင်္ကြန်လက်မှတ်ကိစ္စတွေနဲ့ အိမ်ကိစ္စတွေက တန်းစီပြီးစောင့်လို့နေပါတယ်။ လောလောဆယ်တော့ ဒီညNite Shiftသွားရဦးမယ်။ ဒါကြောင့် တစ်ခါတစ်လေတော့လဲ စိုင်းထီးဆိုင်ရဲ့ သဘာဝရဲ့ ရင်သွေးငယ်တွေဆိုတဲ့ သီချင်းစာသားလေးကို ပြေးပြီး သတိရမိပါတယ်။

`Billတွေနဲ့ ဝေးဝေး ဝေးတဲ့နယ်မြေ၊
အင်တာနက်ဝေးဝေး ဝေးတဲ့နယ်မြေ၊
အတူတူသွားသွား သွားကြမယ်လေ၊
သဘာဝရဲ့ မှောင်မိုက်တဲ့ မြို့ရင်ခွင်မှာ ပျော်နေ . . .ရေ . . .
သဘာဝရဲ့ ရင်သွေးငယ်တွေ . . .´