Wednesday, April 4, 2007

အိပ်မက်ပန်းတွေ ပွင့်တဲ့သစ်ပင်(၅)

အချစ်ရေ . . မတော်တဆဖြစ်မှုတစ်ခုနဲ့ အတူ
ငါ့ကို ရှေ့ဘူတာမှ စောင့်ပါကွယ် . . .
ငါ့ကိုယ်ငါ ခုတ်မောင်းလို့ လာခဲ့မယ် . . .

အင်း . . ဟုတ်တယ်၊ မတော်တဆဖြစ်မှုတစ်ခုနဲ့ပါ။ `ယူရေးကား(Eureka)´ဆိုတဲ့စကားကို မင်းကြားဖူးလား မြနန္ဒာ၊ အဲဒါ အာခိမိဒိဆိုတဲ့ လူကြီးတစ်ယောက် ရေချိုးကန်ထဲ ၀င်စိမ်ရာက ပေါလောပေါ်နိယာမ ဆိုတာကို မတော်တဆ တွေ့လိုက်ရစဉ်မှာ ၀မ်းသာအားရ အော်တဲ့အသံပေါ့။ မတောတဆမှုတွေ များလှတယ်။ နယူတန်ဟာ ပန်းသီးပင်အောက်မှာနေရင်း ကမ္ဘာမြေဆွဲငင်ခြင်းအကြောင်း မတော်တဆ ကောင်းကောင်းကြီး တွေ့ရှိခဲ့တယ်။
(အချစ်ရေ . . မတော်တဆဖြစ်မှုတွေဟာ လောကကြီးကို တစ်ဝက် ဖန်ဆင်းလေရဲ့)။ ငါတော့ ရေချိုးကန်ထဲ ၀င်စိမ်ခဲ့ရာမှာ အအေးမိခြင်းကိုသာ တွေ့ရှိခဲ့ပါတယ်။(မတော်တဆ)။ ပန်းသီးပင်အောက်မှာ ထိုင်ဖြစ်တဲ့အခါဆိုလည်း အိပ်ငိုက်ခြင်းကိုသာ ရှာဖွေတွေ့ရှိခဲ့လေတယ်(မတော်တဆ)။ ဒါနဲ့ပဲ ငါဟာ ကမ္ဘာကျော်မယ့်ဘ၀နဲ့ တိတိကျကျကြီး လွဲချော်ခဲ့တာပေါ့ . . .။
အချစ်ရေ ငါ့ဘ၀ရဲ့ အလှပဆုံး မတော်တဆဖြစ်မှုလေး
တစ်ခုတည်းကတော့ မင်းပါပဲကွယ် . . .

မင်းခိုက်စိုးစန်