Saturday, March 31, 2007

ကျွန်တော်ရဲ့ Personal Website



ကျွန်တော်နိုင်ငံခြားကို ရောက်စတုန်းက Personal Websiteတွေ ခေတ်စားတဲ့အချိန်ပေါ့။ ဘလော့ခ်တွေဆိုတာ ရှိတောင်ရှိရဲ့လားမသိ။ Websiteက ဘလော့ခ်လို လွယ်လွယ်ကူကူနဲ့ လုပ်လို့မရတာတော့ အမှန်ပင်။ Codingတွေမသိရင်တောင် Dreamwear, Frontpageစတဲ့ Softwareတွေလောက်တော့ သိထားဖို့လိုတယ်။
ကျွန်တော်လည်း သူများတွေလို အင်တာနက်ပေါ်မှာ နေရာလေးတစ်နေရာ ရချင်တော့ websiteလေးလုပ်ထားခဲ့ဖူးတယ်။ ကျွန်တော့်ရဲ့ websiteလေးကို mini world(little worldမဟုတ်ပါ)လို့ ခေါင်းစဉ်ပေးခဲ့တယ်။ ကျွန်တော်တက်တဲ့Courseကလည်း ကွန်ပျူတာcourse မဟုတ်လို့ တတ်သလောက်မှတ်သလောက်နဲ့ တွေ့သမျှ လှုပ်စိရွစိပုံလေးတွေကို ပစ်ထည့်လိုက်တော့ Webpageလေးတစ်ခု ရလာဖူးတယ်။ volumeလေးနဲနဲလျော့ထားဖို့ မမေ့ပါနဲ့။
ဟိုတစ်နေ့က သတိရလို့ သွားကြည့်တော့ရှိသေးတယ်။ Yahooမှာ နေရာယူခဲ့တဲ့ အကျိုးကျေးဇူးနေမှာပေါ့။ ကျွန်တော့် Personal Homepageနာမည်ကတော့ “Cyber Spaceပေါ်က ၀ိညာဉ်ဥယျာဉ်”တဲ့။ ပျင်းရင် သွားကြည့်လိုက်ပါဦး။ Deadlinkတွေချည်းပဲ။ :)

Tuesday, March 27, 2007

ကျွန်တော်နှင့် ဘလော့ခ်စာအုပ်ခေါင်းစဉ်

မြန်မာဘလော့ခ်ကာဖိုရမ်မှာ ဘလော့ခ်စာအုပ်အကြောင်း စဉ်းစားထားတဲ့ပိုစ့်လေးပါ။ အဲဒီဖိုရမ်ကို မရောက်ဖြစ်တဲ့ သူတွေပါဝိုင်းစဉ်းစားလို့ရအောင် ကျွန်တော့် ဘလော့ခ်မှာ တင်ဖြစ်သွားပါတယ်။
စာအုပ်နာမည်ကို မင်းလူယမကာလုလင်စာအုပ်ကို နာမည်ပေးသလို စဉ်းစားကြည့်ရင်ကောင်းမယ်ဗျ။ ဘလော့ခ်ဂါများရဲ့ ဖွင့်ဟ၀န်ခံချက်ဆိုရင် ဂျူးကိုဘလော့ခ်ရေးခိုင်းသလို ဖြစ်သွားမလား။ သင်နှင့် ဘလောခ့်ကိုသာ ၀င်ခွင့်ပြုသည်ဆိုရင် တာရာမင်းဝေက ဘလော့ခ်တွေအရမ်းကြိုက်သွားသလိုဖြစ်မလား။ နှလုံးသားထဲ ဘလော့ခ်ဝင်နေသည် ဆိုရင်ရော၊ နီကိုရဲကဘာပြောမလဲ။ ဘလော့ခ်သုညဆိုရင် မင်းခိုက်စိုးစန်စိတ်ညစ်သွားမလား . .။ အင်း . .စဉ်းစားလို့ ရသလောက်တော့ မင်းလူရဲ့ယမကာလုလင်ကိုပဲ ပြန်အတုယူပြီး ဘလော့ခ်ကာလုလင်ဆိုရင်ရော . .
အလကားနောက်တာပါဗျာ။ ဘယ်လိုပေးရင်ကောင်းမလဲ ၀ိုင်းပြီးအကြံပေးကြပါဦး။

Monday, March 26, 2007

သတ္တိနှစ်ခုလုံးမရှိတဲ့ ကျွန်တော်

သံလွင်အိပ်မက်မှာ ရေးဖော်ရေးဖက် ခရေဖြူနဲ့ တခါတလေ စကားပြောဖြစ်ပါတယ်။ သူကလဲ စာတွေတော်တော်ဖတ်ထားတဲ့ သူဆိုတော့ စာအုပ်စာပေအကြောင်းတွေပြောဖြစ်တယ်။ အဲဒီအထဲကမှ သူဖတ်ဖူးတဲ့ စာကြောင်းလေးတစ်ကြောင်းကို ကျွန်တော့်ကိုပြောပြပါတယ်။
`လူတစ်ယောက်ဟာ အိမ်ထောင်ပြုရဲတဲ့ သတ္တိ၊ ဒါမှမဟုတ်ရင် တစ်ယောက်တည်းနေရဲတဲ့ သတ္တိရှိရပါတယ်။ ´တဲ့
တော်တော်ကောင်းတဲ့ စကားလေးပါ။ ကျွန်တော်ကတော့ အခုအချိန်အထိ သတ္တိနှစ်ခုလုံးမရှိပါဘူး။ ခင်ဗျားတို့ရော . . .။

Saturday, March 24, 2007

အလင်းများစွာ . . . စင်္ကြာဝဠာ



ညီညီ(သံလွင်)ရဲ့ ဘလော့ခ်မှာ အမြဲစိမ်းဆိုတဲ့ ကဗျာလေးကို ဖတ်ရလို့ TPmyanmar Ejournalမှာ ကျွန်တော်ရေးခဲ့ဖူးတဲ့ ဒီကဗျာလေးကို သွားသတိရမိပါတယ်။ ဒီကဗျာလေးကို ပြန်ကူးဖို့ အတွက် Journal websiteထဲမှာ Pop-upတွေ အရမ်းတတ်နေတာတွေ့တော့ တော်တော်စိတ်ညစ်သွားပါတယ်။ Yahooနဲ့ Googleရဲ့ Pop-up blocker လောက်နဲ့တော့မနိုင်ပါဘူး။ အဲဒါတွေထက်ကောင်းတဲ့ Blockerရှိရင်တော့ ၂၀၀၀၊ ၂၀၀၁လောက်ကထွက်ခဲ့တဲ့ TPmyanmar Ejournal ကိုသွားဖတ်ကြည့်လိုက်ပါဦး။

Friday, March 23, 2007

ပန်းဘာသာဖြင့် ရေးထိုးထားသော . . .

အချစ်ဆိုတာ နေနဲ့လမှာ ပန်းဘာသာနဲ့ ရေးထိုးထားတဲ့ အလျှို့ဝှက်ဆုံး အက္ခရာတစ်လုံးပါပဲ။
ဒီကောင်သာ မိုက်ကန်းရဲတင်း မမြင်မချင်း ဖတ်ချင်ခဲ့မိတယ်။

ကျွန်တော်နှင့် ကြယ်ကြွေသတို့သမီး - တာရာမင်းဝေ

Thursday, March 22, 2007

စုံတွဲလေး သွားမကြည့်သင့်တဲ့ရုပ်ရှင်


300 Spartans ကနေ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်တဲ့ ရှေးဟောင်းဇာတ်ကားတစ်ကားပါ။ ခေါင်းတွေကို ရွှတ်ကနဲ ရွှတ်ကနဲ ဖြတ်တာတွေ၊ လူတွေကို ပက်ပက်စက်စက်သတ်တာ၊ ကိုယ်လုံးတီးတွေကို ရှင်းရှင်းလင်းလင်းတွေ့ရမှာပါ။ ဒါကြောင့်စင်္ကာပူမှာတော့ အဲဒီကားကို၁၈နှစ်ကျော်မှ ကြည့်ခွင့်ရှိပါတယ်။ ဇာတ်လမ်းကတော့ အရမ်းကြီးကောင်းတယ်လို့မထင်မိပါ။ ဒါပေမယ့် သတ်တာဖြတ်တာ၊ ခုတ်တာထစ်တာတွေကြိုက်တဲ့ သူတွေအတွက်တော့ Full Actionဇာတ်ကားတစ်ကားပါပဲ။

အားရပါးရ ရယ်နေတဲ့ သွားကျိုးလေး

သံလွင်အိပ်မက်အမှတ်(၆) မှာတုန်းက ပါဖူးတဲ့ ပုံပါ။ အဲဒီထဲကဓါတ်ပုံလေးတွေကို တော်တော်ကြိုက်တယ်။

Tuesday, March 20, 2007

မြန်မာစကားနှင့် နိုင်ငံခြားသား

ကျွန်တော်ကျောင်းတက်ကတည်းက ကျောင်းမှာ စလုံး တရုတ်တွေရော၊ မလေးတွေပါ မြန်မာလိုတွေတစ်လုံး နှစ်လုံးပြောနေကြတာ ခဏခဏကြားရပါတယ်။ ဥပမာ “မင်္ဂလာပါ”တို့ “နေကောင်းလား”တို့။ သူတို့သူငယ်ချင်း မြန်မာတွေသင်ပေးထားနေမှာပေါ့။ ဒါပေမယ့် တစ်ခါတစ်လေမှာ တော်တော်လေးမိုက်ရိုင်းတဲ့ မြန်မာစကားတွေကိုလည်း အဲဒီသူတွေဆီကနေ ကြားရတတ်ပါတယ်။ ဒါလည်း စောစောက သူတို့သူငယ်ချင်းတွေပဲ သင်ပေးထားတာနေမှာပါ။ နိုင်ငံခြားသားတွေက အဓိပ္ပါယ်ကိုသေသေချာချာနားမလည်လို့ ပြောတာဖြစ်ပေမယ့် ကျွန်တော်တို့မြန်မာတွေကတော့ နင့်ကနဲနေအောင် ခံရတာတွေရှိပါတယ်။ တခါတလေ သူတို့က အဲဒီမိုက်မိုက်ရိုင်းရိုင်းတွေကို မြန်မာကောင်မလေးတွေကိုပါ လိုက်ပြောတတ်ပါတယ်။ အဲဒီအခါကျရင် ကိုယ်က ဘယ်သူကိုစိတ်ဆိုးရမှန်းမသိဖြစ်ပြီး အဓိကတော့ အဲဒီသင်ပေးတဲ့ မြန်မာတွေကို လုံးဝမကျေနပ်ပါဘူး။

အခုလုပ်ငန်းခွင်ဝင်တော့လဲ အလုပ်ထဲကလုပ်ဖော်ကိုင်ဖက် မလေးတွေ၊ တရုတ်တွေကလည်း မြန်မာလိုတွေပြောကြတယ်။ ကျွန်တော်တို့ အလုပ်မှာ လူသုံးဆယ်လောက်ပဲရှိတာ မြန်မာက ၆ယောက်လေ။ အဲဒီတော့ အလုပ်ထဲက နိုင်ငံခြားသားတွေကလဲ `ဆေးလိပ်တောက်မီ´တို့ `ထမီးစား´တို့ ပြောတတ်ပါတယ်။ တစ်ယောက်ဆို ကောင်မလေးချောချော မြင်တိုင်း `လှတဲ၊ လှတဲ´။ သိပ်မချောရင် `မီလှဘူး´ပြောတတ်ပါတယ်။ မြန်မာကောင်မလေးတစ်ယောက်ယောက်ကို `မီလှဘူး´သွားပြောမိလို့ ပါးကျိုးမှာ မြင်ယောင်ပါသေးတယ်။ ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်ကတော့ တရုတ်မလေးတွေကို `မောင်´ဆိုတာ သူငယ်ချင်းကိုမြန်မာလို ခေါ်တာဆိုပြီးသင်ပေးဖူးတယ်။ ကောင်မလေးတွေက `မောင်´`မောင်´ဆိုတော့ ဒီကောင်က ပြုံးပြုံးကြီးပေါ့။ နောက်ပိုင်းကျတော့ သူငယ်ချင်းကောင်လေးတွေကပါ သူ့ကို `မောင်´ဆိုပြီးခေါ်ပါလေရော။ အဲတော့မှ သူ့မှာဒုက္ခရောက်ပြီး မိန်းကလေးကပဲ ယောက်ျားလေးကို ခေါ်လို့ရတာတို့ဘာတို့လျှောက်ပြောရော။ ဒါပေမယ့် မရတော့ပါဘူး။ အဲဒီကောင်တွေအားလုံး ကျွန်တော့်သူငယ်ချင်းကို လမ်းမှာတွေ့ရင် `မောင်´လို့ခေါ်နေကြတုန်းပါပဲ။

Monday, March 19, 2007

အမိုက်စား မာရီယိုတီးလုံးများ

ကျွန်တော်တို့ ငယ်ငယ်က ဆော့ခဲ့ကြတဲ့ Super Mario Gameရဲ့ တီးလုံးတွေကို ဂစ်တာတို့ စန္ဒရားတို့နဲ့ တီးထားတာတွေပါ။ တော်တော်လေး ကောင်းပါတယ်။ အမေ ဘန်ကောက်ကပြန်လာတော့ ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်အတွက် Family Game Setလေးတစ်ခု ၀ယ်လာပါတယ်။ ကျွန်တော်တို့ဆော့လိုက်ကြတာ အမြဲမိုးလင်းပါတယ်။ တခါတလေများ မိုးလင်းပြီးမိုးပါပြန်ချုပ်သွားပါတယ်။ ဟီးဟီး . . .။ အခုခေတ်ကတော့ Marioလောက်ဆို ကလေးကစားတာဖြစ်သွားပါပြီ။ CSတို့ WarCraftတို့လောက်မှ Gameလို့ထင်ကြပါတော့တယ်။ Connectionသိပ်မကောင်းတဲ့ သူငယ်ချင်းတွေအတွက်တော့ စိတ်မကောင်းပါဘူး။ ကျွန်တော်ကတော့ Youtube Videoတွေကို ပြတ်တောင်းပြတ်တောင်းဖြစ်နေရင် Pauseနှိပ်ပြီး အနီရောင်လိုင်းလေး ပြည့်တဲ့အထိစောင့်ပြီးတော့မှ ဆက်ကြည့်ပါတယ်။ ကျွန်တော့်ဘလော့ခ်ကို ကျောင်းလိုင်ဘရီထဲကနေ ခိုးပြီးလာကြည့်တဲ့သူငယ်ချင်းများနဲ့ အလုပ်ထဲကနေလာဖတ်တဲ့သူများကိုတော့ အိမ်ပြန်ရောက်မှပဲ အသံလေးပါနားထောင်ပြီးကြည့်ပါတော့လို့ ပြောချင်ပါတယ်။ :)


Cassical Guitar



Two Electric Guitars



Piano

Sunday, March 18, 2007

ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ


ကိုကြီးအတွက် .
ဒီနေ့ကျရောက်တဲ့ မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ဘ၀ဖော်နဲ့အတူတူ ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းတဲ့နေ့ ရက်များကိုပိုင်ဆိုင်ပါစေလို့ . . .
ညီလေး

Saturday, March 17, 2007

ကျွန်တော်နှင့် ကိုမောင်လှပြောတဲ့အုန်းသီး

ကိုမောင်လှပြောတဲ့ အုန်းသီးတစ်လုံးကို ပလတ်စတစ်ကဒ်လေးသုံးပြီး ၆လ အတိုးမရှိလစဉ်ပေးစနစ်နဲ့ ၀ယ်လိုက်ပါတယ်။ ၀ယ်ထားတာတစ်ပတ်လောက် ကြာပြီဖြစ်ပေမယ့် အလုပ်မအားတာနဲ့ ကလိဖို့အချိန်မရဘူး။ ဒီနေ့မှ အချိန်လေးရတုန်း ပြေးရိုက် ထားတာလေးတွေ...။ အခုမှ စရိုက်တဲ့သူဆိုတော့ ထုံးစံအတိုင်း မတောက်တခေါက်ပေါ့.။


ကျွန်တော့်အိပ်ခန်းကနေ လှမ်းမြင်ရတဲ့မြင်ကွင်းပါ။

သူငယ်ချင်းတစ်ယောက်အိမ် ရောက်တုန်း ရိုက်ထားတဲ့ပုံပါ။

စင်္ကာပူမြစ်(မြောင်း)ဘေးက လမ်းမှာတွေ့တဲ့စက္ကူပန်းတွေရဲ့ ပုံလေးပါ။

ဘယ်ဘက်ကအဆောက်အုံကြီးက ကျွန်တော်တို့မြန်မာများ စုဝေးရာ ပန်နီဇူလာပလာဇာကြီးပါ။
အဲဒီမှာ မြန်မာဆိုင်ပေါင်း သုံးဆယ်လောက်ရှိပါတယ်။

ဒါကတော့ ကျွန်တော်တို့လှူထားတဲ့ ဒူးရင်းသီးကြီးပါ။

Raffles Placeက စင်္ကာပူရဲ့ ရုံးခန်းတွေ၊ ဘဏ်တွေအများဆုံး ရှိတဲ့နေရာပါ။

ပုံတွေအားလုံးက ဘာမှမပြင်ထားတဲ့ နဂိုပုံတွေပါ။(Image Size)တစ်ခုပဲ ပြောင်းထားပါတယ်။ ဒီပုံတွေရိုက်ပြီးတဲ့အခါမှာ လေ့လာရမှာတွေ၊ သင်ယူရမှာတွေ အများကြီးရှိပါသေးလားဆိုတာကို သိလိုက်ပါတယ်။

Friday, March 16, 2007

လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက . . .

လွန်ခဲ့တဲ့ဆယ်နှစ် မတ်လ၁၅ရက်နေ့က ၁၀တန်းစာမေးပွဲ နောက်ဆုံးနေ့ ဖြစ်တယ်။
လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက ကျောင်းသားဘ၀ကို သတိရတယ်။ ကျောင်းစိမ်းဝတ်စုံကို သတိရတယ်။ ဆုံးသွားပြီဖြစ်တဲ့ သူငယ်ချင်းဧရာကိုသတိရတယ်။ စိန်ပေါလ်ကျောင်းကို သတိရတယ်။
လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက ကျွန်တော့်မှာ ကွန်ပျူတာမရှိဘူး။ Laptopမရှိဘူး။ ရည်းစားမရှိဘူး။ အတွေ့အကြုံမရှိဘူး။ မာန်မာနမရှိဘူး။ အလွမ်းတွေ မရှိဘူး။ အဲကွန်းမရှိဘူး။
လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက စာကြည့်စားပွဲတစ်လုံးရှိတယ်။ တိုလီမုတ်စ သေတ္တာရှိတယ်။ လွယ်အိတ်တစ်လုံးရှိတယ်။ Family Game Set ရှိတယ်။ ရိုးသားမှုတချို့ရှိတယ်။
လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက ကလပ်မတတ်ဖူးဘူး။ ရေမွှေးမဆွတ်တတ်ဘူး။ အရက် မသောက်တတ်ဘူး။ US မရောက်ဖူးဘူး။ တာရာမင်းဝေမဖတ်ဖူးဘူး။ Websiteမလုပ်တတ်ဘူး။
လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက ဂစ်တာတီးတယ်။ ဘုရားမှာ တံမြက်စည်းလှည်းတယ်။ ဆေးလိပ်သောက်တယ်။ လက်ဖက်ရည်ဆိုင်ထိုင်တယ်။ ကဗျာတွေရေးတယ်။ စောစောအိပ်တယ်။
လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက Singlishကိုမသိဘူး။ Temasek Polyကိုမသိဘူး။ ဘလော့ခ်ကိုမသိဘူး။ Scorpioကို မသိဘူး။ အသည်းကွဲတယ်ဆိုတာကို မသိဘူး။ Nasi Gorengကို မသိဘူး။
လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက ဒီလောက်မ၀ဘူးဆိုတာသိတယ်။ အကို့သူငယ်ချင်းတွေကို သိတယ်။ သိုင်းဝတ္ထုတွေကိုသိတယ်။ မြိုင်ရာဇာတွတ်ပီကို သိတယ်။ လမ်းထိပ်က အအေးဆိုင်ကိုသိတယ်။
လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက . . . လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက . . . လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက . . .

Wednesday, March 14, 2007

အိပ်မက်ပန်းတွေ ပွင့်တဲ့သစ်ပင်(၄)

ကြက်တူရွေးတစ်ကောင်ကို ငါ့နာမည်အထပ်ထပ် ရွတ်တတ်အောင်သင်လို့ (မင်းမွေးနေ့မှာ) လက်ဆောင်အဖြစ် ပို့ချင်တယ်။( ဇန်န၀ါရီ၊ ၁၅ ၁၉၉၃)

ပိရမစ်ထဲမှ နှစ်ပေါင်းများစွာသိုလှောင်ထားမယ့် မံမီအလောင်းကောင်တစ်ခုလို ငါ့နှလုံးသားကို ဆေးစီရင်ပါ အချစ်ရယ် . . .
အဲဒီနှလုံးသား ရုပ်ကြွင်းဟာ ပြတိုက်အိုတစ်ခုရဲ့ ခင်းကျင်းပုံမျိုးနဲ့ ငါ့ရဲ့ ချစ်ခြင်းတွေကို ထွေးပွေ့သိမ်းဆည်းထားပါလိမ့်မယ်။ (ကြေကွဲဖွယ်ရာ သမိုင်းပညာရှင်တစ်ယောက်ယောက် ရှာဖွေမတွေ့ရှိခင်အထိပေါ့)
(ငါ့ရဲ့ အစွန့်ပစ်ခံ ချစ်ခြင်းဟာ `မြတ်နိုးနှစ်လိုဖွယ်ရာ လုံးဝအသုံးမကျမှု´ တစ်ခုပါကွဲ့)
ကလေးရေ . . .လွမ်းတယ်၊ အဲဒီအသုံးမကျမှုတစ်ခုကို လွမ်းတယ်။ မင်းရဲ့ ဆံပင်က သင်းပျံ့တဲ့ ရနံ့တစ်ခုကို လွမ်းတယ်။ စာအုပ်ကြားညှပ်ထားတဲ့ ကံ့ကော်ပွင့်ခြောက်ကလေးတစ်ပွင့်ကို လွမ်းတယ်။ မငိုမိအောင် ကြိုးစားထိန်းချုပ်နိုင်ဖို့တွက် ရယ်ပစ်လိုက်ရတဲ့ အသံအက်အက်တစ်ခုကို လွမ်းတယ်။ ရွှေလက်စွပ်သေးသေးလေး ၀တ်ထားတဲ့ မင်းရဲ့ လက်ဝဲဘက်လက်သူကြွယ်ကလေးကို လွမ်းတယ်။ ကမ္ဘာမြေရဲ့ ၀တ်ရည်တွေကို စုပ်ယူနေတဲ့ သက်တန့်လိပ်ပြာတစ်ကောင်ကို လွမ်းတယ်။ ဆောင်းရာသီမှာ စောစီးစွာရောက်လာတတ်တဲ့ ကလေးဆန်ဆန်ညနေခင်းတွေကို လွမ်းတယ်။ အ၀ါရောင်အိပ်မက်နုနုတွေ အကိုင်းဖျားထိပွင့်ဖူးနေတဲ့ မြနန္ဒာဆိုတဲ့ သစ်ပင်တစ်ပင်ကို မူးယစ်ဝေစွာ ငါလွမ်းပါတယ် အချစ်ရယ် . . .။

ကျိန်စာသင့်နေတဲ့ အမုန်းဟာ ငါ့ဘ၀ကို ပင်နယ်တီတစ်လုံးကန်သွင်းသွားခဲ့လေပေါ့ မြနန္ဒာ . .။
ငါ့ကို မွေးဖွားပါ၊ ငါ့ကို ကွယ်လွန်ပါ၊ ငါ့ကို ကောင်းကင်ဘုံတစ်ကျပ်ဖိုး ၀ယ်ကျွေးပါ။ နောက် . .အချစ်ရဲ့ ကျေးဇူးတော်ဂုဏ်ကို ထင်ရှားစေခြင်းငှာ ဒီည မင်းငါ့ကို အိပ်မက်မက်ပါလားကွယ်။
လောကကြီးကတော့ ငါ့ကိုသူ့ အိတ်ကပ်အပေါက်ကနေ ကျပျောက်သွားခဲ့ပါတယ်။ (ပြန်ရှာဖို့ကိုလည်း သူဘယ်တုန်းကမှ စိတ်ကူးခဲ့ပုံ မရပါဘူး)။ အင်း . . လွယ်လွယ်ကူကူပျောက်သွားနိုင်ပေတာပေါ့၊ စကြ၀ဠာထဲမှာ လူဆိုတာ သေးသေးကလေးပဲမဟုတ်လား အချစ်ရေ . .။
ဒိုင်နိုဆောရှိတယ်။ ဂေါ်ဇီလာရှိတယ်။ လွှာတွန့်တောင်တန်းရှိတယ်။ သမုဒ္ဒရာရှိတယ်။ မုန်တိုင်းရှိတယ်။ မိုးမျှော်တိုက်ကြီးတွေရှိတယ်။ ဝေလငါးရှိတယ်။ ဆူးလေဘုရားလမ်း ခုံးတံတားညာဖက်က ကြော်ငြာဆိုင်းဘုတ်ကြီးတွေ ရှိတယ်။ အားလုံးဟာ `လူ´ထက်ကြီးတာတွေချည်းပါပဲ မြနန္ဒာ . .၊ ဒီမှာ `လူ´ရဲ့ တန်းဖိုးဟာ ကျုံ့ဝင်သွားနေချေပေါ့၊ စကြာဝဠာထဲမှာ လူ့အဖြစ်ဟာ သေးငယ်နေလိုက်ပုံများ . . .

မင်းခိုက်စိုးစန်

Tuesday, March 13, 2007

ငါတို့ တသက်မမေ့၊ မတ် ၁၃ရက်နေ့

ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ဖုံးနေပေမယ့် အဲဒီအမှောင်ထုကို အံတုပြီး ကြွေးကြော်သံတွေက မိုးထက်ညံနေသည်။ ကျွန်တော့် ရင်ဘတ်ကို ကိုင်ကြည့်တော့ သွေးတွေရဲရဲနီနေပြီ။ ဘေးပတ်ပတ်လည်မှာ သူငယ်ချင်းတွေ၊ ရဲဘော်ရဲဘက်တွေက စိတ်ပူပြီး `အားတင်းထား သူငယ်ချင်း´ `အားတင်းထား၊ မင်းဘာမှမဖြစ်ဘူး´စသည်ဖြင့် ၀ိုင်းဝန်းအားပေးနေကြသည်။ တခြားလူတွေကတော့ ဆက်လက်ပြီးတိုက်ပွဲဝင်နေတုန်း။ သူတို့ အော်သံတွေနဲ့ အတူ ကျွန်တော်လည်း လိုက်အော်ဖို့ ကြိုးစားကြည့်ပေမယ့် ပါးစပ်က ဘာသံမှ ထွက်မလာ။ စိတ်ထဲမှာတော့ သူတို့နဲ့ တစ်သားတည်း ရှိနေသည်။ လှေခွက်ချည်းကျန် အလံမလဲစေရ။

ကျွန်တော်တို့ လွတ်မြောက်ဖို့လိုသည်။ လွတ်မြောက်ရမည်။ ကျောင်းသားထုတစ်ခုလုံးကိုယ်စား၊ ပြည်သူလူထုကိုယ်စား၊ တနိုင်ငံလုံးကိုယ်စား၊ တိုက်ပွဲဝင်မည်။ ၂၆နှစ်ဆိုသည့် အချိန်အတိုင်းအတာတစ်ခုက တိုင်းပြည်ရဲ့ သက်တမ်းနှင့် ယှဉ်လျှင်တော့ ဘာမှ မကြာပါ။ ဒါပေမယ့် လူတစ်ဦးချင်းစီနှင့် ယှဉ်လျှင်တော့ လူ့သက်တမ်း၏ သုံးပုံတစ်ပုံခန့်ရှိမည်။ အမြင်တွေေ၀၀ါးလာပြီ။ အသံတွေက ကြားတစ်ချက်မကြားတစ်ချက်။ ငါတို့အားလုံးအတွက်၊ နိုင်ငံအတွက်၊ လူမျိုးအတွက် . . . . . . . . . . ။ နောက်ဆုံးအနေနဲ့ တစ်ခုခုတော့ ပြောခဲ့ချင်သည်။ အားမနည်းတင်းပြီး ပြောမည်။ ပြောနိုင်ရမည် . . .။ ပါးစပ်လေးနဲနဲလှုပ်လို့ ရသည်နှင့် နောက်ဆုံးအင်အားများဖြင့် အော်ခဲ့ပြီ။ အရေးတော်ပုံအောင်ရမည်။

လွန်ခဲ့သော ၁၉နှစ် မတ်လ ၁၃ရက်တွင် ကျဆုံးသွားခဲ့သော ကိုဘုန်းမော်နှင့် ကျောင်းသားများအတွက် အမှတ်တရ။

Sunday, March 11, 2007

ကျွန်တော်နှင့် မြန်မာဘလော့ခ်ကာများ

ကျွန်တော်ဒီပိုစ့်လေးကို ရေးမယ်ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်တော့တယ်။ ရေးချင်နေတာတော့တစ်နှစ်လောက် ရှိပြီ။ အရင်တုန်းကတော့ ကျွန်တော်က ဘလော့ခ်ဖတ်သူတစ်ယောက်ပေါ့ဗျာ။ ဘလော့ခ်တွေ၊ အဓိကအားဖြင့် နာမည်ကြီးဘလော့ခ်တွေကို ပုံမှန်ဖတ်ဖြစ်တယ်။ သူတို့ဘလော့ခ်တွေကို ဖတ်ရင်းဖတ်ရင်း တဖြည်းဖြည်းနဲ့ လေးစားလာတယ်။ ဘာကြောင့်လဲလို့မေးလာရင်တော့ သူတို့ရဲ့ ပညာ၊ အရေးအသား၊ အကြောင်းအရာ၊ စိတ်ကူးစိတ်သန်းတွေကြောင့်ပဲလို့ ဖြေရမှာပဲ။ ပြီးတော့ အဲဒီဘလော့ခ်တွေက ရလိုက်တဲ့ နွေးထွေးမှုတွေလည်းပါမယ်။


နွေးထွေးမှု? ဟုတ်ပါတယ်။ ကျွန်တော်ပြောချင်တဲ့နွေးထွေးမှုဆိုတာ မိသားစုတစ်ခုရဲ့ နွေးထွေးမှုမျိုးပါ။ ကျွန်တော်ဘလော့ခ်တစ်ခု ဖတ်လိုက်တဲ့အခါ ရေးတဲ့လူဟာ ဘယ်သူမှန်းမသိပါဘူး။ ဘယ်ကမှန်းမသိပါဘူး။ တစ်ခါတစ်လေဆို ယောကျာင်္းလား၊ မိန်းမလားတောင်မသိပါဘူး။ ဒါပေမယ့် သူ့ဘလော့ခ်ကနေ သူ့ရင်ထဲမှာ ခံစားနေရတာတွေ၊ လတ်တလော ဖြစ်ပျက်နေတာတွေ၊ သူတွေ့ ရှိထားတဲ့ဟာတွေကို အကိုတစ်ယောက်က ညီကိုပြောသလိုမျိုး၊ အမတစ်ယောက်က ညီမကိုပြောပြသလိုမျိုး၊ သူငယ်ချင်းတစ်ယောက်က ရင်ဖွင့်နေသလိုမျိုး ခံစားရပါတယ်။

ပြီးတော့တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်လေးစားမှုတွေကို တွေ့ရတယ်။ ဘလော့ခ်ရေးတဲ့သူက ဘယ်ကမှန်းမသိတဲ့ စာဖတ်သူကို လေးစားတယ်။ စာဖတ်သူကလဲ ထိုနည်းလည်းကောင်းပဲ တဖန်ပြန်လေးစားတယ်။ အဲ . . . နောက်ပြီးတော့ ဘလော့ခ်ကာအချင်းချင်းလဲ တစ်ယောက်ကို တစ်ယောက် လေးလေးစားစား ဆက်ဆံကြတာကိုတွေ့ရပါတယ်။ ကျွန်တော်နိုင်ငံခြားကို ရောက်စက Yahoo Messenger!နဲ့ Yahoo Groupတွေ အရမ်းခေတ်စားနေတဲ့ အချိန်ပေါ့။

Yahoo Messengerရဲ့ Conference Roomတွေထဲမှာ တခါတလေ တစ်ယောက်နဲ့ တစ်ယောက်သီချင်းတွေဆိုပြကြတယ်။ တခါတလေ အကြောင်းအရာတစ်ခုကို ငြင်းကြခုန်ကြတယ်။ နောက်ပိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက် မအေတွေ၊ နှမတွေကိုပါ စော်ကားပြီး ဆဲလားဆိုလားဖြစ်ကြတဲ့ အထိကြားဖူးပါတယ်။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက် စော်စော်ကားကားပြောကြတာတွေဟာ ယောက်ျားးလေးတွေချည်းပဲဆို နဲနဲတော်ပါသေးတယ်။ တကယ်တော့ မိန်းကလေးတွေကလဲ အဲဒီConference Roomတွေထဲမှာ ရှိနေပါတယ်။ တချို့မိန်းကလေးတွေကျတော့လဲ ယောက်ျားလေးတွေနဲ့ အတူ သားပြောမယားပြောတွေပြော နေကြတာကို ကြားခဲ့ဖူးပါတယ်။

အဲဒီမှာ ကျွန်တော့်ရေးခဲ့ဖူးတဲ့ အင်တာနက်လား၊ မြားနတ်မောင်လားဆိုတဲ့ ဆောင်းပါးလေးရယ်၊ ကျွန်တော့်ရဲ့ အချစ်ဆုံးသူငယ်ချင်း နေဘုန်းလတ်ရေးခဲ့ဖူးတဲ့ လူငယ်၊ အင်တာနက်နှင့် Chatting(ဒါမှမဟုတ်) အင်တာနက်လား၊ မြားနတ်မောင်လား(၂)ဆိုတဲ့ ဆောင်းပါးလေးကို သွားသတိရမိတယ်။ နေဘုန်းလတ်က သူ့ရဲ့ ဆောင်းပါးထဲမှာ ဒီလိုရေးထားတာတွေ့ပါတယ်။ “Chat Roomတွေထဲမှာ ကိုယ်ပိုင်နာမည်မဟုတ်ပဲ နာမည်ပြောင်တွေနဲ့ စကားပြောကြတဲ့အခါမှာ ကိုယ့်ကိုအမှန်တကယ် ဘယ်သူမှန်းမသိနိုင်တဲ့အတွက် စကားတွေကို လက်လွတ်စပယ်ပြောတတ်ကြပါတယ်။ အသက်ကိုမေးရင်လည်း အမှန်အတိုင်းမပြော၊ တခါတရံယောက်ျားကြီးက သူ့ကိုယ်သူမိန်းမလို့ မိတ်ဆက်လိုဆက်၊ မိန်းကလေးတွေကလည်း သူတို့ကိုယ်သူတို့ ယောက်ျားယောင်ဆောင်ပြီး အခြားယောက်ျားတွေနဲ့ ဟိုအကြောင်းဒီအကြောင်းတွေ တစ်တစ်ခွခွ ပြောကြတာမျိုးတွေကိုလည်း တွေ့ရပါတယ်။
အခါအားလျော်စွာ ရိုင်းစိုင်းတဲ့ အသုံးအနှုန်းတွေနဲ့ ကြမ်းတမ်းတဲ့ စကားလုံးတွေကိုလည်း သုံးတတ်ကြပါတယ်။ နောက်ပြီး ကိုယ်ပြောတဲ့ စကားတွေအတွက် တာဝန်ယူမှုတွေ၊ အလေးထားမှုတွေ သိပ်မရှိတတ်ကြပါဘူး။ Chattingအထိုင်များတဲ့ လူငယ်တွေ အနေနဲ့ ဒီလိုစိတ်ဓါတ်မျိုးတွေ အပြင်လောကကိုပါ ကူးစက်လာတာကိုလည်းတွေ့ရပါတယ်။ စကားတစ်ခွန်းကို အလွယ်တကူပြောတတ်လာတယ်၊ ကိုယ့်နှုတ်က ထွက်တဲ့ စကားတစ်ခွန်း၊ ကိုယ်ပြုမူလိုက်တဲ့ အပြုအမှုတစ်ခုနဲ့ ပတ်သတ်ပြီး ကိုယ့်မှာ တာဝန်ဘယ်လောက်ရှိတယ်၊ ကိုယ်က တာဝန်ယူရတယ်ဆိုတဲ့ အသိမျိုးတွေလျော့နည်းလာပါတယ်။ လိမ်ပြောရတာနဲ့လည်း ယဉ်ပါးလာကြပြီး လိမ်ဖို့ကို ကြောက်ခြင်း၊ ရွံ့ခြင်းတွေသိပ်မရှိကြတော့ပါဘူး။ နောက်ပြီး . . .ယဉ်ကျေးမှုနဲ့ ဝေးကွာပြီး စကားအပြောအဆိုတွေလည်း ကြမ်းတမ်းရိုင်းစိုင်းလာကြပါတယ်။ ဒါဟာ . . .အနာဂတ်မှာ နိုင်ငံရဲ့ တာဝန်တွေကို ပုခုံးပြောင်းလွှဲယူကြမယ့် လူငယ်တွေအတွက် အင်မတန်မှကို ရင်လေးစရာကောင်းတဲ့အချက်ဖြစ်ပါတယ်။”

ဒါကတော့ နေဘုန်းလတ်ရဲ့ ဆောင်းပါးထဲက စာသားတစ်ချို့ပါ။ သူပြောထားတာတွေကို သဘောတူပါတယ်။ ကိုယ်ပြောတဲ့စကားကို ကိုယ်တာဝန်ယူရဲရပါမယ်။ ဘလော့ခ်ကာတွေမှာတော့ အခုထိငါ့နာမည်ကလွဲပြီး တခြားဘာမှမသိဘူးဆိုပြီး ရေးခြင်ရာရေးပြောချင်တာ ပြောတာတွေမရှိပါဘူး။ ဖတ်တဲ့သူတွေထဲကလည်း Anonymousအနေနဲ့ ရေးချင်တာရေးသွား(ဆဲသွား)လို့ရပေမယ့် တော်ရုံတန်ရုံ အဲဒီလိုအပြုအမူမျိုးတွေ တွေ့ရခဲပါတယ်။ နောက်ပြီးဘလော့ခ်ကာတွေမှာ ချစ်ဖို့ကောင်းတာတစ်ခုက မြန်မာဘလော့ခ်လုပ်ချင်တဲ့သူတွေကို အမြဲကြိုဆိုနေတာပါပဲ။ ကိုယ့်ဘလော့ခ်ဖြစ်ဖို့အတွက် ကူညီခဲ့တဲ့ ရှေ့ကလူတွေကို ကျေးဇူးသိတတ်သလို ဘလော့ခ်လုပ်ချင်တဲ့ နောက်လူတွေကိုလည်း တွဲခေါ်ကြပါတယ်။

မြန်မာနိုင်ငံမှာရော တကမ္ဘာလုံးမှာပါရှိတဲ့ မြန်မာတွေထဲမှာမှ အင်တာနက်သုံးမြန်မာဦးရေဟာ အလွန်နည်းပါတယ်။ အဲဒီအင်တာနက်သုံးသောသူတွေထဲမှာမှ ဘလော့ခ်ရှိသူ၊ သိသူ၊ ဖတ်သူမှာတကယ်ဆိုမှ တကယ့်ကိုနည်းနည်းလေးပါ။ ဒါပေမယ့်အဲဒီနည်းနည်းလေးက တစ်ယောက်ကိုတစ်ယောက် ရိုင်းပင်းကူညီတယ်။ ခင်ခင်မင်မင်နေကြတယ်ဆိုတာတွေကိုတွေ့ရတဲ့အချိန်မှာ ကျွန်တော်တကယ်ကို ၀မ်းသာဂုဏ်ယူလို့မဆုံးပါဘူး။ နောက်ဆုံးအနေနဲ့ ကျွန်တော်ပြောချင်တာကတော့ အခုလိုမြန်မာဘလော့ခ်တွေ များများလာတဲ့အတွက် တစ်ယောက်ရဲ့ အခက်အခဲတွေကို တစ်ယောက်ကနားလည်လာမယ်။ တစ်ယောက်ရဲ့ အသိပညာတွေ တစ်ယောက်ကရလာမယ်။ တစ်ယောက်ရဲ့ အတွေ့အကြုံတွေ တစ်ယောက်ကသိလာမယ်၊ ဆိုတဲ့ အကျိုးကျေးဇူးတွေရရှိလာမှာ ဖြစ်တဲ့အတွက် မြန်မာဘလော့ခ်လောကကြီးအဓွန့်ရှည်ပါစေလို့ . . .။


အခုရေးထားတာတွေကိုက ကျွန်တော့်ရဲ့ ဘလော့ခ်ပိုစ့်လေးတစ်ခုပါပဲ။


အင်တာနက်လား၊ မြားနတ်မောင်လား - ဇင်ကိုလတ် (သံလွင်အိပ်မက် အမှတ် ၃)

လူငယ်၊ အင်တာနက်နှင့် Chatting - နေဘုန်းလတ် (သံလွင်အိပ်မက် အမှတ် ၉နှင့် စပယ်ဖြူ ဖေဖော်ဝါရီလ)

စုံတွဲလေးသွားကြည့်သင့်တဲ့ရုပ်ရှင်


စင်္ကာပူမှာ ရုံတင်တာမကြာသေးတဲ့ အပျော်ကြည့်ရုပ်ရှင်ကားလေးတစ်ကားပါ။ သီချင်းအကြောင်းဘာမှ နားမလည်တဲ့ကောင်မလေးနဲ့ ၁၉၈၀လောက်က POPဆိုတဲ့ boybandက အဆိုတော်နဲ့ နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးပါ။ အဆိုတော်ကသီချင်းစပ်ရင်း စပ်ရင်း ideaမရလို့ စိတ်ညစ်နေတဲ့အချိန်မှာ၊ သူ့အိမ်မှာ သစ်ပင်ရေလာလောင်းပေးနေတဲ့ ကောင်မလေးက သူစပ်နေတဲ့ သီချင်းလေးကို အရမ်းလှတဲ့စာသားလေးတွေဖြည့်စွက်ပြီး ဆိုပေးလိုက်ပါတယ်။ တကယ်တမ်းတော့ အဲဒီကောင်မလေးက သီချင်းအကြောင်း ဘာမှနားမလည်ပါဘူး။ အဲဒီမှာ အဆိုတော်က ကောင်မလေးကို သီချင်းစပ်ပေးဖို့ အကူအညီတောင်းရာကနေ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းကစပါတယ်။
ဒီဇာတ်လမ်းကို Notting Hillထဲက မင်းသားHugh Grantနဲ့ ET မင်းသမီးလေး Drew Barrymoreတို့က သရုပ်ဆောင်ထားပါတယ်။ Yahoo Movieမှာတော့ Grade Bပဲပေးထားပေမယ့် ကျွန်တော့် ဘလော့ခ်မှာတော့ B+လောက် ပေးချင်တဲ့ဇာတ်ကားတစ်ကားပါ။ စကားချည်းပဲ ပြောနေတာမကြိုက်တဲ့သူ၊ Actionဇာတ်လမ်းတွေကိုပဲ ကြိုက်တဲ့သူဆိုရင်တော့ ဒီကားကို ကြိုက်မှာ မဟုတ်ဘူး။ အချစ်ဇာတ်ကားသန့်သန့်လေးတွေကို ချစ်သူလေးနဲ့ နှစ်ယောက်တူတူကြည့်ချင်တယ်ဆိုရင်တော့ လက်မှတ်သာ ပြေးဝယ်လိုက်ပါတော့။

ETဇာတ်ကားထဲက Drew Barrymore

Saturday, March 10, 2007

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း

စွယ်စုံအလှ

ငါ့ညီပြောင်ဝင်း၊ မောင်သစ် ဆင်း
မင်း၏သားငယ်၊ သက်နှစ်ဆယ်သည်
ဘယ်ပညာမှာ တော်သနည်း။

တော်သည်ခြင်းရာ၊ ဆိုသည် မှာကား
လက်ရာဆန်းသစ် ၊ ခေတ်မီဆန်းပြား
တိုင်းခြားနည်းစုံ၊ အဖုံဖုံကို
တတ် ရုံမျှဖြင့် မပြီးသေး။

တို့မြေတို့ရေ ၊ တို့အခြေနှင့်
တို့ငွေတို့အား၊ တို့စိတ်ထားနှင့်
စည်းဝါးကိုက် ညီ ၊ ညှိကြံ စည် မှ
တော်သည်ယူ ဆ စွယ်စုံ လှ ။ ။

ဆရာဇော်ဂျီ
ရှေ့ဆောင်လူငယ် အတွဲ ၁၊ အမှတ် ၃၊
အောက်တိုဘာ ၁၉၆၄။

မြန်မာဘလော့ခ်ကာဖိုရမ်မှာ ကိုရန်အောင်တင်သွားတဲ့ကဗျာလေးပါ။ အရမ်းကြိုက်လွန်းလို့ပါ။

Wednesday, March 7, 2007

ကျွန်တော်စားချင်သော အစားအစာများ

YKKOက ကြေးအိုး၊ ၁၉လမ်းထိပ်က ၀က်သားဒုတ်ထိုး၊ ကြက်လျှာစွန်း ဒန်ပေါက်၊ ဓနုဖြူဒေါ်စောရီက မြန်မာထမင်းဟင်း၊ တင်တင်အေးမုန့်ဟင်းခါး၊ လမ်း၄၀ထိပ်က ပန်းသေးခေါက်ဆွဲ၊ စကော့ဈေးက ကြာဆံနဲ့ ၀က်သား၊ စိတ်တိုင်းကျက ပဲပြုတ်နဲ့ ထမင်း၊ ရှမ်းကန်က ဘူဖေးလ်၊ အင်းလျားကန်ဘောင်က ဗူးသီးကြော်၊ အမှတ်တရက ရှမ်းစာ၊ အိုရီရန်တယ်ဟောက်စ်က ဒင်းဆန်း၊ ရွှေပုဇွန်က ဖာလူဒါ၊ မောင်အေးက စမူဆာ၊ မော်ဒန်က လက်ဖက်ရည်၊ ဘုံကျောင်းက ထမင်းပေါင်း၊ ရွှေပန်ဆိုင်းက အသားကင်၊ တရုတ်တန်းက ၀က်သားလိပ်၊ ရွှေကောင်းက ဟော့ပေါ့

Tuesday, March 6, 2007

လူကသွားပေမယ့် ကံကနားနေတယ်

လူကသွားပေမယ့် ကံကနားနေတယ်။ လူကပြေးပေမယ့် ကံကနှေးနေတယ်။ လူကရှုံးမှပဲ ကံကပြုံးတော့တယ်။
တာရာမင်းဝေ

ပေါ်လာဦးမလားဟဲ့ ဒူးရင်းသီးတွေ

ဟိုတစ်နေ့ Toto Resultထွက်ကတည်းက နံပါတ်တွေတိုက်ဦးမလို့ပဲ။ နောက်မှ မတိုက်ရသေးသရွေ့ စိတ်ကူးယဉ်လို့ရတယ်။ ပြားငါးဆယ်နဲ့ တန်အောင် အိပ်မက်တွေ အများကြီးမက်တယ်။ ထီပေါက်ရင် ဘာလုပ်မယ် ညာလုပ်မယ်ပေါ့။ ဒီနေ့တော့ ဒီလက်မှတ်တွေ ပိုက်ဆံအိတ်ထဲမှာ ရှုပ်တယ်ဆိုပြီးတိုက်လိုက်တဲ့အခါ . . . ဒန် . . . တန် . . . . ။ ထုံးစံအတိုင်းပါပဲ။ တစ်ခုမှ မပေါက်ဘူး။ ဒီနှစ် တရုတ်နှစ်ကူးအတွက် ဖောက်တဲ့ဟာထဲက နှစ်ယောက်ပဲ ပေါက်တယ်တဲ့။ တစ်ယောက်ကို စင်္ကာပူဒေါ်လာ ငါးသန်းကျော် ဆီရသွားတယ်။
ကျွန်တော်ကတော့ အဲဒီ အစိုးရဒိုင်(www.singaporepools.com) ကို လုံးဝအယုံအကြည်မရှိပါဘူး။ တဖြေးဖြေးနဲ့ အယုံအကြည်ပိုပိုပြီးမဲ့လာတယ်။ ကိုယ်မပေါက်လို့ပြောတာမဟုတ်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင် အသိမိတ်ဆွေ၊ သူငယ်ချင်းရဲ့ သူငယ်ချင်း ဘယ်သူမှ အဲဒီ စင်္ကာပူက(သိန်းကျော်)ထီတွေကို ပေါက်တယ်ဆိုတာ ပြောသံမကြားပါဘူး။ ထောင်ဂဏာန်း၊ သောင်းဂဏာန်းလောက်တော့ ပေါက်တာ ကြားဖူးပါတယ်။ ကျွန်တော်တို့ ဆီမှာဆိုရင် ထီဆိုင်တွေကတဆင့် ဓါတ်ပုံတွေနဲ့ ဝေေ၀ဆာဆာ ဆုကြီးတွေထပ်ပေးလို့ ကံထူးသူတွေကို မြင်ဖူးတွေ့ဖူးပြီး ပိုက်ဆံတွေတကယ်ရတယ် ဆိုတာကို ယုံကြည်ရပါသေးတယ်။
ပြီးတော့ အဲဒီ Singaporepool(အစိုးရဒိုင်)ကနေပြီးတော့ပဲ အင်္ဂလိပ်ပရီးမီးယားလိဂ် ကအစ၊ စပိန်၊ စီးရီးအေပွဲအဆုံး အပြင်ပေါက်ကြေးထက် အစများစွာ လျော့ပြီးတော့ဒိုင်ကိုင်ပါတယ်။ စင်္ကာပူမှာ အပြင်ဒိုင်မရှိပါဘူး။ ရှိရင်လဲ အစိုးရက လိုက်ဖမ်းပါတယ်။ တခါတလေ ဒါကြောင့်များ စင်္ကာပူနိုင်ငံ(အစိုးရ) ပိုပိုပြီးချမ်းသာလာသလားထင်ရတယ်။ ကျွန်တော်တို့ မြန်မာတွေစုရပ်ဖြစ်တဲ့ ပန်နီဇူးလားပလာဇာနားမှာလဲ ဒူးရင်းသီးကြီးနှစ်လုံးရှိနေပါပြီ။ နောက်ထပ် ဒူးရင်းသီးတွေပဲထပ်ပြီး ဆောက်ကြဦးမလား။ ဘိုးဘိုးလီတို့ မိသားစုရဲ့ အိတ်ထဲပဲထည့်ကြဦးမလားဆိုတာတော့ ဘယ်သူမှမသိနိုင်ပါဘူးဗျာ။

Monday, March 5, 2007

Clickဆိုသော ရုပ်ရှင်ကား



မနေ့ကအလုပ်ထဲမှာ Clickဆိုတဲ့ ဇာတ်ကားလေး ကြည့်ဖြစ်ခဲ့တယ်။ ရုံတင်တုန်းက ဒီRemote Controlတစ်ခုနဲ့ လုပ်ချင်တာလုပ်လို့ရတဲ့ဇာတ်ကား၊ ရယ်စရာဟာသ ပေါတောတောကားဆိုပြီး သွားမကြည့်ဖြစ်ခဲ့ဘူး။ အခုမှ ဒေါင်းလုပ်ချထားတာတွေ တဖြေးဖြေးကြည့်မယ်ဆိုပြီး Hard Diskထဲ ထည့်ထားတဲ့အထဲက ဒီကားလေးကြည့်ဖြစ်ခဲ့ပါတယ်။ ကြည့်ပြီးတော့မှ တော်တော်ကောင်းတဲ့ ဘ၀သရုပ်ဖော်ဇာတ်ကားလေးမှန်း သိတော့တယ်။ ဘ၀ကို အလုပ်ထဲမှာသာ နှစ်ထားပြီး မိသားစုအတွက် အချိန်မပေးလိုတဲ့ Michealဆိုတဲ့ လူတစ်ယောက်ရဲ့ အကြောင်းလေးပါ။

Sunday, March 4, 2007

အာစရိယဂုနော အန္တနော

ဟိုတစ်နေ့က ရန်ကုန်က ဦးလေးတစ်ယောက်နဲ့ ဆရာဦးသိန်းလွင်(အင်္ဂလိပ်စာ) ရောက်နေတယ်ဆိုလို့ အလုပ်ကအပြန်တစ်ခါတည်း ကြိုပြီးပြန်လာခဲ့တယ်။ ဆရာကတော့ ကျူရှင်သင်တုန်းပဲတဲ့။ ကိုယ်ကိုတိုင်လဲ ၈တန်း၊ ၉တန်း၊ ၁၀တန်းဆရာ့ဆီမှာပဲ တက်ခဲ့တာပါ။
ဆရာသင်ပေးတဲ့ "I, We, You, They - Doနဲ့တွဲမယ်။ He, She, It အနည်း - Doesနဲ့တွဲမယ်။ Past - Did, Past - Did" ဆိုပြီးအော်ဆိုခဲ့ဖူးတဲ့ စာသားတွေက အခုထိ ခေါင်းထဲမှာ စွဲနေတုန်း။ Iနဲ့ meနဲ့ တောင် ကောင်းကောင်းမကွဲတဲ့ တချို့ စလုံးတွေကြားထဲမှာတော့ ဆရာ့ကျေးဇူးကြောင့် ဆရာ့တပည့်Grammerကို တော်တော်ပိုင်တယ်လို့ ပြောလို့ရပါတယ်။
lay, laid, laid - ဥ ဥသည်။ lie, lied, lied - လိမ်ပြောသည်။ lie, lay, lain -လှဲလျောင်းသည်။ အဲဒီဟာတွေကို ကွဲပြားအောင်ဆိုပြီး သင်ရင်းသင်ရင်းနဲ့ ဆရာကိုယ်တိုင်နောက်တဲ့ စကားလေးဆို အခုပြန်စဉ်းစားရင် အခုထိ ပြန်ရယ်နေရတုန်းပါပဲ။ "Lie Lay Line, လိုင်း၎လိုင်း သာကတကို လိုင်း၎လိုင်း"တဲ့လေ။

Thursday, March 1, 2007

အမျိုးသားရေး စိတ်ဓါတ်

ကျွန်တော်ရဲ့ အမျိုးသားရေး စိတ်ဓါတ်ဆိုတာ ဘောလုံးပွဲမှာ ဗမာနိုင်ရင်ပြီးရော ဆိုတဲ့ စိတ်ဓါတ်မျိုးမဟုတ်ပါဘူး။
ဒါပေမဲ့ ဗမာနိုင်ခဲ့ရင်တော့ ၀မ်းသာကျေနပ် ဂုဏ်ယူတတ်တဲ့ စိတ်ဓါတ်မျိုးပါ။
ရွှေဥဒေါင်း

မနှေးခေတ်မှီ သဌေးဖြစ်တော့မည်။

ကျွန်တော်စင်္ကာပူကို ရောက်ခါစ Totoကိုဘယ်လို ထိုးရမှန်းမသိဘူးပါ။ ပုံမှန် စင်္ကာပူထီလို့ လူသိများတဲ့ Sweep ကိုတော့ ပုံမှန် တစ်လ တစ်စောင်နှစ်စောင်လောက် ကံစမ်းခဲ့ဖူးပါတယ်။ နောက်ပိုင်းမှသာ ဟိုလူ့မေး ဒီလူ့မေးနဲ့ အကုန်လုံး ဆော့တတ်သွားတာပါ။ 4Dကတော့ ရှင်းပါတယ်။ Totoကတော့ USမှာ Lotoလို့ ခေါ်တဲ့ဟာမျိုးပါ။ ၁ ကနေ ၄၅ထိကြိုက်တဲ့ နံပါတ်ခြောက်လုံးကို ရွေးပြီးထိုးရတာပါ။ အပတ်တိုင်း ကြာသပတေးနဲ့ တနင်္လာနေ့တွေမှာ အဲဒီToto နံပါတ်တွေထွက်ပါတယ်။ ပုံမှန် ခြောက်လုံးစလုံးတူတယ်ဆိုရင် စင်္ကာပူဒေါ်လာ ၆သိန်းရပါတယ်။ ငါးလုံးနဲ့ Addition Noတစ်လုံးနဲ့ တူတယ်ဆိုရင်တော့ ဒုတိယဆုရပါတယ်။ ငါးလုံးတူ တတိယဆု။ နောက်ဆုံးလေးလုံးတူရင်တောင် စင်္ကာပူဒေါ်လာ၂၀ရပါသေးတယ်။ Toto Ticketတစ်ခု၊ နံပါတ်ခြောက်လုံးတစ်တွဲ အတွက် ပြား၅၀ကျပါတယ်။

ဟော အခုဟာကတော့ HongBaoလို့ခေါ်တဲ့ တရုတ်နှစ်ကူးအတွက် အထူးTotoပါ။ အထူးအစဉ်ဖြစ်တဲ့အတွက် ပထမဆုက ၁၀သန်းပါ။ ဒါပေမယ့် နှစ်တိုင်း ပထမဆုကို ၈ယောက် ၉ယောက်လောက်ပေါက်ကြတော့ အဲဒီစင်္ကာပူဒေါ်လာ ၁၀သန်းကို Shareရပါတယ်။ အဲဒီတော့ ၁ယောက်ကို ၁သန်းကျော်ကျော်လောက်ရတာပေါ့။ ပြောမယ့်သာ ပြောရတယ် တစ်ခါတစ်လေ အဲဒီ SingaporePoolsဆိုတဲ့ အစိုးရဒိုင်ကို သိပ်ပြီးအယုံအကြည်တော့မရှိပါဘူး။ ရောက်စကထိုးတဲ့ စင်္ကာပူထီတွေမှာ Esplanade ပုံပါတယ်။ ပြီးတော့ "Thank you for your support"တဲ့။ တကယ်တမ်းတော့ အဲဒီဒူးရင်းသီးကြီးက ဆောက်လက်စပါ။ ဆိုလိုတာကတော့ ဒီဒူးရင်းသီးကြီးဖြစ်လာဖို့အရေး ကျွန်တော်တို့က ပိုက်ဆံလှူနေရတယ်ပေါ့နော်။ ဘာပဲဖြစ်ဖြစ်ဒီတစ်ခေါက်Totoကိုတော့ ကံစမ်းကြည့်ကြပါဦး။ ဘယ်လိုထိုးရမှန်းမသိရင်တော့ Toto Quick Pick 1 Dollar လို့သာ ကောင်တာမှာပြောလိုက်ပါ။ ဒါဆိုရင် နံပါတ်၂တွဲရပါမယ်။

SingaporePoolsက အဲဒီလို လစဉ်ထီတွေထွက်နေတာ တကယ်ပဲလား။ လူတွေ ထီပေါက်ကြတယ်ဆိုတာ တကယ်ပဲလားလို့ မေးလားရင်တော့ ကျွန်တော်တော့ မထင် . . .။ ဒါဆိုဘာလို့ထိုးနေသေးလဲ လို့မေးလာရင်တော့ ကံစမ်းတာပါ။ ပေါက်သည်ဖြစ်စေ၊ မပေါက်သည်ဖြစ်စေ တပတ်ကို တစ်ကျပ်နှစ်ကျပ်ဖိုးလောက် ကံစမ်းတာပါ။ အရင်နှစ် HangBao Drawတုန်းက ထွက်သွားတဲ့နံပါတ်တွေကိုလဲ ထည့်ပေးလိုက်ပါတယ်။ 11 15 23 24 30 42 additional 9 ၂၀၀၅ခုနှစ်ကနံပါတ်နဲ့ 5 12 13 30 31 43 additional 39 ၂၀၀၄က နံပါတ်တွေပါ။ အဲဒါမှ မကျေနပ်သေးဘူး နံပါတ်လေးဘာလေး ပေးဦးဆိုရင်တော့ ၁ကနေ ၄၅အတွင်းက နံပါတ်ခြောက်လုံး သေချာပေါက်ပါမယ်လို့ ပြောပါရစေ။ ဟဲ ဟဲ သန်းဆုကြီးပေါက်ရင်တော့ 1 Tableနော်။