အမှန်တရားနောက် တကောက်ကောက်
ခရီးများ အဆုံးထိလျှောက်ကြမယ်။
ကံ့ကော်တို့ လမ်းပေါ် ကျလဲ
သွေးတွေနီနီရဲလို့
ကမ္ဘာမကြေဆိုသံတွေ မစဲတဲ့ပွဲဖြစ်တယ်. . .။
ကိုယ့်ခေါင်းကိုယ်မသုံး
အသိဥာဏ်ကို ဖြုန်းတဲ့
လူ့နလဗိန်းတုံးတွေကို မုန်းတယ်။
ဥာဏ်နီဥာဏ်နက်
ဥာဏ်ရောင်စုံထွက်တဲ့
လူစိမ်းတွေကို မုန်းတယ် . . ။
လွတ်လပ်ခြင်းဟာ ကြောက်ရွံ့ခြင်းနဲ့
ပြောင်းပြန်အချိုးကျ
ဟေ့....
မြေလိုမကျင့်နဲ့ တိမ်လို ကျင့်ကြ။
ကဲ...သူငယ်ချင်း
(လိုက်မှာလား)
အမှန်တရားနောက် တကောက်ကောက်
ခရီးများ အဆုံးထိလျှောက်ကြမယ်။
စစ်နိုင်သူ
Sunday, August 26, 2007
Thursday, August 23, 2007
ကျွန်တော်နှင့် အကြိုက်ဆုံးပိုစ့်များ
ဒီရက်ပိုင်း အလုပ်ထဲမှာ စက်တစ်လုံး အခြေအနေ တော်တော်ဆိုးဆိုးရွားရွား ပျက်နေလို့ အလုပ်ထဲရောက်တာနဲ့ စက်ဘေးမှာ စပြီး ပြင်လိုက်တာ ပြန်တဲ့အချိန်အချိန်အထိပါပဲ။ ဒါကြောင့် လေးမက ရေးခိုင်းထားတဲ့ အကြိုက်ဆုံး ကိုယ်ပိုင်ပိုစ့်တွေကို မရေးဖြစ်ဘူး။ အခုတော့ ရေးဖို့ အချိန်လေးလုပြီး ရေးပေးလိုက်ပါတယ်။
ဘလော့ခ်ဂါရဲ့ ညနေစာ----- ကျွန်တော်ကဗျာ ရေးခဲပါတယ်။ ကျွန်တော့်ပတ်ဝန်းကျင်၊ ကျွန်တော် ဖတ်နေကြလူတွေရဲ့ ကဗျာတွေလောက် ကျွန်တော့ကဗျာတွေက မကောင်းဘူးထင်လို့ပါ။ ဒါပေမယ့် ဒီကဗျာလေးကို တော့ ကြိုက်တယ်။
၂၀မိနစ် ကာလသားချက်----ဒါကတော့ မဂျစ်တူးဘလော့ခ်မှာ ၀တ္ထုတိုဝိုင်းရေးတုန်းက ပါခဲ့ဖူးတဲ့ ဇင်ကိုလတ်ချက်တဲ့ ကြက်သားကာလသားချက်ပါ။ ကျွန်တော့်ကို သူငယ်ချင်းတချို့က အဲဒီဝတ္တုဖတ်ပြီး လာလာမေးကြလို့ ဒီမှာ သွားဖတ်ဖို့ ပြောလိုက်ချင်ပါတယ်။
မော်ဒန်ဆိုတဲ့ အနုပညာ----- ကျွန်တော်သိသလောက်လေး ပြောခဲ့ဖူးပါတယ်။
နှင်းဝိညာဉ်တစ်စက်ရဲ့ နိဂုံး----- အင်း ဒါလေးကိုတော့ ကြိုက်ကို ကြိုက်တာ။ (ခံစားချက်တွေ ပါလို့ထင်တယ်၊ ပန်းကန်ပြားတစ်ချပ်နဲ့လေ)
ကျွန်တော်စားချင်သော အစားအစာများ ----- တကယ်ပါ အခုထိ စားချင်နေတုန်းပဲ။ အဲဒါတွေကို။
ညီညီ၊ နေဘုန်းလတ်၊ နေနေနိုင်နဲ့ ဘလော့ခ်ရေးတာကို ခဏနားတော့မယ့် မနိုင်းနိုင်း(ပြန်ရေးတဲ့အခါ) တို့ကို လည်း အကြိုက်ဆုံးပိုစ့်ငါးခု ပြန်ချပြဖို့ တောင်းဆိုလိုက်ပါတယ်။ အပန်းမကြီးဘူးလို့ ထင်လို့ tagလိုက်တာပါ။

Labels:
Personal
Friday, August 17, 2007
Happy Birthday သံလွင်အိပ်မက်

သံလွင်အိပ်မက် အမှတ်(၁)ကို ၂၀၀၄ခုနှစ် သြဂုတ်လ ၁၇ရက်နေ့မှာ စပြီးထုတ်ဝေခဲ့တဲ့အတွက် ဒီနေ့ ၃နှစ်ပြည့်ပါပြီ။ ဒီ၃နှစ်အတွင်း အခက်အခဲတွေ အများကြီးတွေ့ခဲ့သလို အဆင်မပြေတာတွေကိုလည်း ရှိခဲ့ပါတယ်။ ဒါတွေကို အောက်ပါလူတွေ မပါပဲ ကျွန်တော်၊ ညီညီ၊ နေမျိုး၊ ကိုငယ်တို့ လေးယောက်တည်းနဲ့ သံလွင်အိပ်မက်ဆိုတာ မဖြစ်လာနိုင်တဲ့အတွက် ကျေးဇူးစကား အရင်ပြောချင်ပါတယ်။

- စာမူများကို အသုံးပြုခွင့်ပေးတဲ့ ဆရာမင်းလူ၊ ဆရာမောင်သစ်ဆင်း၊ ဆရာဖေမြင့်နဲ့ ကာတွန်းတွေကို ကြိုက်တာသုံးဆိုပြီး ပေးခဲ့တဲ့ ဆရာအော်ပီကျယ်။
- စာမူလိုတယ်ဆို စာမူ၊ ဘာသာပြန်ဖို့လိုရင် ဘာသာပြန်၊ စာရိုက်စရာရှိရင်လည်း ရိုက်ပေးခဲ့တဲ့ သူငယ်ချင်း ခွန်မြလှိုင်။
- သံလွင်အိပ်မက်ကို စာမူတွေပို့ကြဖို့ ပလန်းနက်ထဲမှာရော တခြားနေရာတွေမှာပါ လိုက်ကြော်ငြာပေးတဲ့ ညီလင်းဆက်။
- ၀တ္ထုတွေပို့ပေးခဲ့ကြတဲ့ ခရေဖြူ၊ ညီသစ်၊ နိုင်းနိုင်းစနေ၊ ဇွဲ၊ လင်းလက်ကြယ်စင်၊ မင်းနေမာန်ခ၊ မွန်းသက်ပန်၊ မအိမ်ချမ်းမြေ့။
- ဆောင်းပါးတွေ ရေးပေးခဲ့ကြတဲ့ မဟနစံ၊ ချမ်းမြေ့သူ၊ စကားပန်း၊ မင်းသစ္စာ၊ မကေသွယ်။
- ကဗျာတွေပေးပို့ခဲ့ကြတဲ့ သူတွေနဲ့ တခြားစာမူများကို ပေးပို့ခဲ့သူများ။
- သံလွင်အိပ်မက်အလှူလုပ်တိုင်း လိုက်ကူညီခဲ့သလို စာမူတွေလည်း ပေးခဲ့တဲ့ မိုးလှိုင်ည။
- ကာတွန်းတွေကို လိုချင်တဲ့ပုံစံအတိုင်း ဆွဲပေးခဲ့တဲ့ ခန့်ငြိမ်းသက်။
- အင်တာဗျူးတွေကို တတ်နိုင်သလောက် ဖြေပေးခဲ့ကြသူများ။
- စာတွေကူရိုက်ပေးခဲ့ကြတဲ့ နေနေနိုင်၊ ဒီမို၊ မချစ်လေပြေ Heaven CyberCafeက မိသားစုများ။
- နိုင်ငံတကာက သံလွင်အိပ်မက်အဖွဲ့ဝင်တွေ။
- အဝေးတစ်နေရာက အမြဲအားပေးနေကြတဲ့ အကို၊ အမများ။
- စကားဝိုင်းထဲမှာ ၀င်ရောက်ဆွေးနွေးခဲ့သူများ။
- ဝေဖန်အကြံပြု၊ အားပေးစာများ ပေးပို့ခဲ့သူများ။
- Websiteအတွက် ကျခံခဲ့ရသော ငွေကြေးများ။
- Issueတစ်ခု ထွက်ခါနီးတိုင်း အိပ်ပျက်ခဲ့သော ညများ။
- အခုဒီအထဲမှာ မပါပေမယ့် တခြားတခြားသော ကျေးဇူးတင်ထိုက်သူများနဲ့
- သံလွင်အိပ်မက် အမှတ်(၁)မှ အမှတ်(၁၁)ထိ အားပေးခဲ့တဲ့ စာဖတ်ပရိသတ်ကြီးကို အထူးကျေးဇူးတင်ရှိပါကြောင်း အယ်ဒီတာအားလုံးရဲ့ ကိုယ်စားပြောချင်ပါတယ်။
သံလွင်အိပ်မက်ဟာ ပြည်တွင်းနဲ့ ပြည်ပရောက် မြန်မာလူငယ်များအတွက် ရည်ရွယ်ပြီးထုတ်ဝေမယ်လို့ မူချမှတ်ခဲ့တာနဲ့ အညီ အဲဒီမူနဲ့ မကိုက်ညီတဲ့ စာမူများ၊ အရေးအသားအားနည်းတဲ့ စာမူများ၊ အကြောင်းအရာပိုင်း မပြည့်စုံတဲ့ စာမူများကို ပယ်ခဲ့ရတဲ့ အတွက်အလွန် စိတ်မကောင်းဖြစ်မိပါတယ်။
သုံးနှစ်သား သံလွင်အိပ်မက်မှသည် နောင်နှစ်ပေါင်းများစွာတိုင် စာဖတ်သူတွေကို သုတ၊ ရသပေးနိုင်တဲ့ တိုင်းပြည်နဲ့ လူမျိုးကို အကျိုးပြုသော မဂ္ဂဇင်းတစ်စောင်ဖြစ်သွားဖို့ ဆုမွန်ကောင်း တောင်းရင်း သံလွင်မောင်ရဲ့ သူငယ်ချင်းသို့ ပေးစာ(၅) မှာ ဖော်ပြခဲ့တဲ့ စာသားတစ်ချို့ကို ပြန်ဖော်ပြပေးလိုက်ပါတယ်။
``တို့ဗမာလူငယ်တွေလည်း ကမ္ဘာအနှံ့ ခြေစင်္ကြာဖြန့်နေလိုက်ကြတာ မြန်မာပြည်မှာ လူငယ်တွေ ကျန်မှ ကျန်သေးရဲ့လားလို့တောင် ထင်မိတယ်။ နိုင်ငံတကာ အတွေ့အကြုံတွေ များတော့ ကောင်းပါတယ်လေ။ ဒါမှ အနာဂတ် မြန်မာပြည် တည်ဆောက်ဖို့ အတွက် အတွေ့အကြုံကောင်းတွေ၊ အမြင်သစ်တွေ၊ အတွေးအခေါ်ဆန်းတွေကို ပြန်ပြီး သယ်လာနိုင်မှာ မဟုတ်လား။ ဧပရယ်လ်ရယ်...ဘာပဲဖြစ်ဖြစ် သိပ်မဝေးတဲ့ အနာဂတ်မှာ ငါတို့ ချစ်တဲ့ မြန်မာပြည် တိုးတက်ကောင်းစားရေးအတွက် ငါတို့လူငယ်တွေ အားလုံးအတူတကွ ကိုယ်စီကိုယ်ငှ တာဝန်ယူကြမယ်လို့ဖြင့် ငါတော့ ယုံကြည်မိတယ်။ `ဒါတို့ပြည်၊ ဒါတို့မြေ ဒို့ပိုင်တဲ့မြေ´လို့ ငါတော့ ခပ်တိုးတိုးလေး ညည်းရင်း ငါတို့လူငယ်တွေ အားလုံး ငါတို့မြေမှာ ပြန်ဆုံကြမယ့် နေ့ရက်တွေကို မျှော်လင့်မိတယ်။´´ညီညီနဲ့ သံလွင်အိပ်မက်
နေဘုန်းလတ်နဲ့ သံလွင်အိပ်မက်
Labels:
Days
Thursday, August 16, 2007
စင်္ကာပူလာမယ့် မြန်မာHipHop
Hip Hop ကို ဟိုးအရင် Acidတို့ Theory တို့ စထွက်လာကတည်းက နားထောင်လာခဲ့တာပါ။ ဒါပေမယ့် ကြိုက်သလားဆိုတော့ အဲလောက်ကြီးလည်း မဟုတ်ပြန်ဘူး။ ဒါပေမယ့် ကျွန်တော်က Rock မှ Rock, Rapမှ Rapလည်း မဖြစ်နေဘူး။ တကယ်တမ်းကြိုက်တာတော့ Heavy Metalနဲ့ Nu Metalကို အရမ်းကြိုက်တာပါ။ Hip Hopကို နောက်ပိုင်း စိုင်းစိုင်းခမ်းလှိုင်တို့၊ Lကောင်းမြတ်တို့ ကျတော့လည်း နားထောင်လိုက်ပြန်တာပါပဲ။ နောက်ဆုံး အခုနာမည်ကြီးနေတဲ့ J-Me, ရသတို့ ရဲလေးတို့အထိနားထောင် ဖြစ်ပါတယ်။ အခုလောလောဆယ်တော့ စင်္ကာပူမှာ လာမယ့် 26 Augမှာ သူတို့တွေပါတဲ့ Hip Hop Show တစ်ခု ရှိပါတယ်။ သွားကြည့်ချင် ကြတယ်ဆိုရင်တော့ အောက်က လိပ်စာတွေမှာ ၁၀စောင်ဝယ်ရင် တစ်စောင် အလကားပါတဲ့။ သူငယ်ချင်းတွေက သွားဖို့ခေါ်ပေမယ့် ကျွန်တော်ကတော့ သွားကြည့်ဖို့ သိပ်မသေချာလှပါဘူး။ ဘာလို့လဲဆိုတော့ Hip Hopက ကျွန်တော့်ရင်ကို လှုပ်ခါနိုင်စွမ်းမရှိလို့ပါ။
Labels:
News
Programmerလား၊ Engineerလား
လူတိုင်း ငယ်ငယ်တုန်းက သားသား(ဒါမှမဟုတ်)မီးမီး ကြီးလာရင် ဘာလုပ်မလဲ၊ ဆိုတဲ့မေးခွန်းမျိုး မေးခံဖူးကြပါလိမ့်မယ်။ အဲဒီလိုမေးခံရတိုင်း ကျွန်တော် အင်ဂျင်နီယာလုပ်မယ်လို့ပဲ ဖြေခဲ့တယ်။ အမှန်အတိုင်းပြောရရင် အင်ဂျင်နီယာအလုပ်အပြင် တခြားဘာလုပ်စရာရှိမှန်းလည်း အဲဒီအချိန်တုန်းက မသိလောက်ပါဘူး။ အင်ဂျင်နီယာဆိုတာကိုတောင် အဖေရော အမေရော အင်ဂျင်နီယာဖြစ်နေလို့ သိတာနေမှာ။ ဒီလိုနဲ့ ကျွန်တော့် ၉တန်း ၁၀တန်းနေ့ရက်တွေရဲ့ အိပ်မက်တိုင်းမှာ YIT(ယခင် RIT)က တိုင်းလုံးကြီးတွေနဲ့သာ ပြည့်နှက်နေခဲ့ပါတယ်။ ၁၀တန်းဖြေပြီး တက္ကသိုလ်မတက် ရသေးခင်မှာတော့ ကွန်ပျူတာသင်တန်းတွေ တစ်ခုပြီးတစ်ခု တက်နေလိုက်တယ်။ အဲဒီတုန်းကတော့ Cတို့ Pascalတို့၊ Qbasicတို့ပေါ့။
ပထမဆုံးတက်ဖြစ်တာတော့ ACEမှာပါ။ နောက်ပိုင်းကျတော့ KMD, S.H.E, MCCစသည့်ဖြင့်အစုံပဲ။ Programming ကို စသင်တော့ ဆရာမက FlowChartတွေကို သင်ပေးပါတယ်။ Programming ဆိုတာ ဘာမှန်းတောင် သိတဲ့ကောင်မဟုတ်တော့ ဒီပုံတွေကို ဘယ်ထဲမှာ ဆွဲထည့်ရမှာတုန်း၊ ဒီပုံတွေကို ကွန်ပျူတာထဲ ဆွဲထည့်လိုက်တာနဲ့ ပရိုဂရမ်ဆိုတာတွေ ထွက်လာရောလားဆိုပြီး ပေါက်ကရတွေချည်း တွေးမိတယ်။ အဲဒီလို ပါရမီပါခဲ့တာလေ။ ဒါပေမယ့် ကျွန်တော်လွယ်လွယ်နဲ့ အလျော့မပေးပါဘူး။ အဲဒီတုန်းက အကိုကရှင်းပြပါတယ်။ ကွန်ပြူတာမှာ Hardware, Softwareနဲ့ DTPပိုင်းတွေရှိတယ်တဲ့။(အခုဆိုရင်တော့ Internet Security, Networking စတာတွေပါ ပါလာမယ်) ဘယ်အပိုင်းကို စိတ်ဝင်စားတုန်းတဲ့။ ဒါနဲ့ပဲ အရမ်းတော်တဲ့ ကျွန်တော်က အကုန်လုံးစိတ်ဝင်စားတယ် ဆိုပြီး အကုန်လျှောက်တတ်ပေမယ့် ဘယ်ဟာမှ ဖြစ်ဖြစ်မြောက်မြောက်ဖြစ်မလာပါဘူး။

Programming နဲ့ ပတ်သက်ပြီး ပထမဆုံး အဆင်ပြေပြေဖြစ် သွားတာတော့ အမေကကွန်ပျူတာ ၀ယ်ပေးတော့မှ သူငယ်ချင်းတွေနဲ့ Pascalပရိုဂရမ်တွေ စမ်းရင်းသပ်ရင်းနဲ့ပါ။ စာလုံးလေးတွေကို သူ့ဘာသာသူ ဟိုကထွက်လာလိုက်၊ ဒီကထွက်လာလိုက်ဖြစ်အောင် ရေးကြတာ။ နောက်ပိုင်းကျတော့ ကိုယ့်ဘာသာ တစ်ယောက်တည်း စတိုးဆိုင်ပရိုဂရမ် အသေးစားတွေ၊ စားသောက်ဆိုင်၊ ၀န်ထမ်းလစာစတာတွေကို တစ်ခုပြီးတစ်ခု ရေးပါတယ်။ ဒီလိုနဲ့ အင်ဂျင်နီယာလိုင်း လျှောက်ဖို့ ဖောင်တွေတင်လို့ ရပြီဆိုတော့မှ ကျောင်းတက်ရမှာက ကြို့ကုန်းမှာ မဟုတ်ဘူး။ သန်လျင်မှာတဲ့။ သွားပြီ။ ကျွန်တော်မက်ခဲ့ဖူးတဲ့ အိပ်မက်တိုင်လုံးကြီးတွေ ပြိုကျသွားပါပြီ။ အဲဒီမှာ ကျွန်တော်နားလည်လိုက်တာက ငါတက်ချင်တာ YITဆိုတဲ့ ကျောင်းပဲ ဖြစ်တယ်။ အင်ဂျင်နီယာ ဖြစ်ချင်တာမဟုတ်ဘူးဆိုပြီး ကွန်ပျူတာလိုင်းမှာ ကျင်လည်နေပြီဖြစ်တဲ့ ကျွန်တော်က အဲလိုတွေးပစ်လိုက်တယ်။ ပရိုဂရမ်မာ ဖြစ်ချင်တာဆိုပြီး အကိုရှိတဲ့ စင်္ကာပူမှာ ကျောင်းတက်ဖို့ စလုပ်ခဲ့ပါတော့တယ်။ (အပြောင်းအလဲက အဲဒီလိုမြန်ပါတယ်)

Temasek Polyမှာ ကျောင်းလျှောက်တော့ ITဆိုပြီး လျှောက်လိုက်ပေမယ့် နောက်ဆုံး ရလာတော့ Electronicပါတဲ့လေ။ မဖြစ်ဘူး။ မဖြစ်ဘူး။ ကျွန်တော်တတ်ချင်တာ ကွန်ပျူတာလေ။ အဲဒီ Electronicဆိုတာကြီးမဟုတ်ဘူး ဆိုတော့ ကျောင်းက တာဝန်ရှိသူတွေက Second Yearမှာ Computer Engineeringဆိုတဲ့ courseကို ပြောင်းလို့ ရတယ်တဲ့။ ဒါနဲ့ပဲ ကျွန်တော် အင်တာနက်ပေါ်က HTMLတွေကို လေ့လာရင်း၊ Websiteတွေ ကိုယ့်ဘာသာလုပ်ရင်း၊ V=IRတို့၊ 1+1=10တို့နဲ့ ၁နှစ်တာ နှစ်ပါးသွားခဲ့တယ်။ ဒါပေမယ့် Programming Subject၊ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ subjectတွေမှာပဲ အမှတ်ကောင်းပြီး တခြားMajor Subjectတွေမှာ အမှတ်နည်းခဲ့တဲ့ ကျွန်တော် အဲဒီ Computer Engineeringဆိုတဲ့ Courseကို မတက်နိုင်ခဲ့ပါဘူး။ ဒါနဲ့ပဲ Electronicနဲ့ ဒီပလိုမာရပေမယ့် အလုပ်ကိုတော့ ကွန်ပျူတာနဲ့ ပတ်သက်တာတွေချည်းလိုက်ရှာမိတယ်။ ကျောင်းပြီးအလုပ်ရတော့ ကွန်ပျူတာဆိုင်မှာ။

ITပိုင်းကို လိုက်ကြည့်၊ အလုပ်လည်း တကယ် လျှောက်ကြည့်တော့မှ အရမ်းတိုးတက်ပြောင်းလဲတာ မြန်နေတဲ့ ITလိုင်းဟာ ကျွန်တော်နဲ့ လားလားမှ မဆိုင်တော့သလိုဖြစ်နေပါပြီ။ အလုပ်ရှင်တွေက ရေးစေချင်တဲ့ ဆော့ဝဲလ်တွေကို ကျွန်တော်မသိသလို၊ ကျွန်တော်လုပ်တတ်တာတွေကို လည်း IT Companyတွေက မလိုပါဘူး။ ဒီလိုနဲ့ နောက်ဆုံးမှာ အခုလက်ရှိလုပ်နေတဲ့ Engineering Companyမှာ အလုပ်ရခဲ့တယ်။ တချိန်တည်းမှာ ကျွန်တော်သဘောပေါက် သွားတာတော့ အင်ဂျင်နီယာလိုင်းမှာ ကျွန်တော်တော်တော် အဆင်ပြေနေပြီဆိုတာပါပဲ။ (စက်တွေကိုင်ရတာဆိုတော့ အင်ဂျင်နီယာပိုင်းဖြစ်ပြီး စက်တွေ ထိန်းချုပ်တာ ကွန်ပျူတာတွေနဲ့ ဆိုတော့ ကွန်ပျူတာပိုင်းလဲပါတာပေါ့။) နောက်တစ်ခုက မဂျစ်ဆီမှာ တင်ဖူးတဲ့ the world without engineers ဆိုတဲ့ ပုံလေးတွေကို လွန်ခဲ့တဲ့ သုံးနှစ်လောက်က သူငယ်ချင်းတစ်ယောက်ဆီက ရလိုက်တဲ့အခါ အင်ဂျင်နီယာတစ်ယောက် ဖြစ်ချင်စိတ်တွေက ပိုပိုပြီး တိုးပွားလာခဲ့တာပါ။ အင်း . . . သေချာပါတယ်။ ကျွန်တော် အင်ဂျင်နီယာတစ်ယောက်ဖြစ်နေပြီ ဆိုတာလေ။

Subscribe to:
Posts (Atom)