Friday, April 22, 2016

သူငယ်ချင်းသို့ ပြန်စာ(၆)

သူငယ်ချင်းသို့ ပြန်စာ(၆)

ဒီရက်ပိုင်း သတင်းတွေ ဖတ်ရတာတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတွေချည်းပါလား သူငယ်ချင်းရေ . . . ။ သမ္မတအသစ်စက်စက်နဲ့ အတူ ပြည်ထောင်စုဝန်ကြီး ၁၈ ယောက် ပြည်နယ်နဲ့တိုင်း ၀န်ကြီး ၁၄ယောက် ပါဝင်တဲ့ အစိုးရသစ်ရဲ့ ခြေလှမ်းတွေဟာ ဘယ်လိုများရှိမလဲ၊ လွှတ်တော်သစ်ကြီးတွေကနေ ပြည်သူတွေ အကျိုးရှိမယ့် ဘယ်လိုဥပဒေတွေများ ပြဒါန်းမလဲ။ ပြီးတော့ ငါတို့ နိုင်ငံသားတစ်ယောက်အနေနဲ့ ဘယ်လိုများ ပါဝင်နိုင်မလဲ ဆိုတာတွေအတွက် အရမ်းကို စိတ်ဝင်စားနေမိတယ်။ ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ စကားနဲ့ အညီ ငါတို့ ဘာတွေများ ပြောင်းလဲကြမှာလဲ ဆိုတာကို အချက်(၅၀) လောက်ရုတ်တရက် စဉ်းစားမိတာလေး မင်းကို ပြောပြချင်တယ်။ မင်းကတော့ အစိုးရသစ်တောင်မတက်သေးဘူး တောင်းဆိုချက်တွေ များလှချည်လားထင်မယ်။ တောင်းဆိုတယ်ဆိုတာထက်ကို ပြောင်းလဲဖို့လိုအပ်နေတဲ့အချက်တွေကို ချရေးလိုက်တော့ ဘယ်အရာတွေ လိုအပ်နေလည်း ဘာတွေလုပ်ဖို့လိုလဲဆိုတာတွေ ထွက်လာတာပေါ့။ ပြီးတော့ ဟိုအာဏာကို လက်မလွှတ်ချင်သေးတဲ့ လူတစ်စုကိုလည်း နိုင်ငံရဲ့ အနေအထားကို သိစေချင်တယ်။ နောက်ထပ် ငါတို့ နိုင်ငံသားတွေအနေနဲ့လည်း အရွေ့မှာ ဘာတွေကို မျှော်လင့်ထားရမလဲဆိုတာကို သိကြရအောင် ရေးလိုက်တယ်။

၁ တရားဥပဒေ စိုးမိုးရန်
၂ ပြည်တွင်းငြိမ်းချမ်းရေးရရန်
၃ အခြေခံဥပဒေ ပြင်ဆင်ရန်
၎ အဂတိတရား ကင်းစင်ရန်
၅ ဖဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရန်
၆ နိုင်ငံ၏ အခြေခံအဆောက်အအုံများ တိုးတက်ရန်
၇ အိမ်ခြံမြေ ဈေးနှုန်းများထိန်းညှိရန်
၈ ကျူးကျော်ပြဿနာဖြေရှင်းရန်
၉ နိုင်ငံသားတိုင်း အိုးပိုင်အိမ်ပိုင်နေနိုင်ရန်
၁၀ ရေ၊ မီး အမှိုက်စွန့်ပစ်စနစ်ကောင်းမွန်လာစေရန်
၁၁ လမ်းကျပ်နေမှုများ ဖြေရှင်းရန်
၁၂ အများသုံး သယ်ယူပို့ဆောင်ရေး တိုးတက်ရန်
၁၃ လမ်းဘေး ဈေးသည်ပြဿနာဖြေရှင်းရန်
၁၄ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေးရန်
၁၅ အခွန်အခများ သေချာစွာ ကောက်ယူရန်
၁၆ နိုင်ငံတော် ဘဏ္ဍာကို စနစ်တကျသုံးစွဲရန်
၁၇ ဘဏ်လုပ်ငန်းများ အဆင့်မြှင့်ရန်
၁၈ အသေးစားနှင့် အလတ်စားလုပ်ငန်းများ တိုးတက်ရန်
၁၉ အာမခံလုပ်ငန်းများအဆင့်မြှင့်တင်ရန်
၂၀ ပညာရေးစနစ် ပြောင်းလဲရန်
၂၁ အိုင်တီနှင့် စက်မှုနည်းပညာတိုးတက်ရန်
၂၂ ပြည်သူတရပ်လုံး ကျန်းမာရေးစနစ်တိုးတက်ရန်
၂၃ နယ်စပ်ရေးရာနဲ့ လူဝင်မှုပြဿနာအဖြေရှာရန်
၂၄ သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရန်
၂၅ မြေပေါ်မြေအောက်သယံဇာတများ စည်းစနစ်တကျ တူးဖော်ရန်
၂၆ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောပြုန်းတီးမှု ကာကွယ်ရန်
၂၇ သားရဲတိရစ္ဆာန် စောင့်ရှောက်ရန်
၂၈ အလုပ်လက်မဲ့ပြဿနာဖြေရှင်းရန်
၂၉ လုပ်ငန်းခွင် အန္တရာယ်ကင်းစင်ရန်
၃၀ အလုပ်အကိုင်နှင့် ပညာအရည်အချင်း ထပ်တူညီရန်
၃၁ အခြေခံလုပ်သား လစာ သတ်မှတ်ရန်
၃၂ အမျိုးသမီးအခွင့်အရေး တိုးတက်ရန်
၃၃ လူငယ်အခွင့်အရေး တိုးတက်ရန်
၃၄ ဘာသာအချင်းချင်း ချစ်ကြည်စွာနေထိုင်နိုင်ရန်
၃၅ လူ့အခွင့်အရေးနှင့် တန်းတူညီရေးရှိရန်
၃၆ အရပ်ဖက်လူ့အဖွဲ့အစည်းများ အားကောင်းလာစေရန်
၃၇ အလုပ်သမား သမဂ္ဂ၊ ကျောင်းသားသမဂ္ဂများ အားပေးရန်
၃၈ အကျင့်စာရိတ္တပျက်ပြားမှုများ ထိန်းချုပ်ရန်
၃၉ မူးယစ်ဆေးဝါးတိုက်ဖျက်ရန်
၄၀ လောင်းကစားမှုများ တိုက်ဖျက်ရန်
၄၁ ပျက်ပြားနေသော စိတ်ဓါတ်များ ပြုပြင်ရန်
၄၂ အချင်းချင်း ယုံကြည်မှု ပြန်လည်တည်ဆောက်ရန်
၄၃ အစိုးရလုပ်ငန်းများ စည်းစနစ်ကျရန်
၄၄ တပ်မတော်အပါအ၀င် ပြည်သူ့ဝန်ထမ်းများ အရေးအသွေးမြှင့်ရန်
၄၅ လယ်ယာစိုက်ပျိုးရေး အဆင့်မြှင့်ရန်
၄၆ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရန်
၄၇ တိုင်းရင်းသား၊ မြန်မာ့ယဉ်ကျေးမှုများ ထိန်းသိမ်းရန်
၄၈ ခရီးသွားလုပ်ငန်းများ အဆင့်မြှင့်ရန်
၄၉ မီဒီယာကျင့်ဝတ်များ ပိုမွန်ကောင်းမွန်လာစေရန်
၅၀ ပညာပေးဖျော်ဖြေမှု(Edutainment)များ ကောင်းမွန်စေရန်

ဖတ်ရတဲ့ မင်းတော့မသိဘူး ရေးရတဲ့ ငါ့မှာတော့ရေးရင်းနဲ့တောင် ရင်မောလာတယ်။ တကယ်တမ်း ဒီ့ထက်ကို သေသေချာချာစေ့စေ့ပေါက်ပေါက်လိုက်တွေးရင် နောက်ထပ်လုပ်စရာတွေ အများကြီးရှိနေနိုင်ပါသေးတယ်။ ဒါနဲ့များ ဘာများထပ်ပြောင်းလဲစရာ ရှိသေးလဲ ထပ်ပြောင်းစရာ ကွန်မြူနစ်ပဲ ရှိတော့တယ်ဆိုပြီး ပြောထွက်တာ အံ့သြမဆုံးဘူး။ ငါရေးပြသွားတဲ့ အချက်တွေထဲက အကုန်လုံးမလုပ်နိုင်ရင်တောင် အပေါ်ဆုံးအချက်တွေကို လုပ်နိုင်တာနဲ့ နိုင်ငံဟာ အများကြီးတိုးတက်လာနိုင်တယ်ဆိုတာ မင်းလည်း ခန့်မှန်းမိမှာပါ။ NLD က သူငယ်ချင်းတစ်ယောက်ကို ငါ ဒါတွေ ရေးနေတယ်ဆိုပြီး ပြောဖြစ်တော့ ပြောင်းလဲဖို့ လိုတာ အချက် ၁၀၀ တောင် မကဘူးလို့ သူက ပြောတဲ့ အတွက် သူတို့ စိတ်ထဲမှာ အပြောင်းအလဲတစ်ခုအတွက် အများကြီးပြင်ဆင်ထားလိမ့်မယ်ဆိုတာ သံသယရှိစရာမလိုဘူးထင်တယ် သူငယ်ချင်းရေ . . . ။

နောက်သုံးရက်ဆို အစိုးရသစ်ကြီးဟာ ရက်၁၀၀ စီမံကိန်း၊ ရေတို ရေရှည် စီမံကိန်းတွေနဲ့ တိုင်းပြည်ကို မောင်းနှင်တော့မယ်။ တကယ်တမ်းတော့ အစိုးရသစ်အတွက် အရင်အဆက်ဆက်အစိုးရတွေ လုပ်ချင်ရာလုပ်ခဲ့တဲ့ အမှိုက်ပုံကြီးကို အရင်ဆုံး ရှင်းတာနဲ့တင် နှစ်တွေအချိန်တွေ အများကြီးအရင်ပေးရဦးမှာပါ။ မန္တလေးတိုင်း ၀န်ကြီးချုပ်ဖြစ်လာမယ့် လွှတ်တော်သုံးထပ်ကွမ်းအနိုင်ရအမတ် ဒေါက်တာဇော်မြင့်မောင်ကတော့ “NLD အစိုးရဖွဲ့နိုင်အောင် ကြိုးစားခဲ့တာ ၂၅နှစ်၊ NLD ထဲမှာ အကုန်လုံးက ခြောက်ပစ်ကင်းသဲလဲစင်မဟုတ်ဘူး။ တချို့တလေ မှားတာနဲ့ NLD မကောင်းဘူးဆိုတာမျိုးကို မမြင်ပါနဲ့ ဘယ်လောကမဆို အပြစ်အနာအဆာလေးတွေ ရှိတယ်။ ဒါပေမယ့် NLD က ပြည်သူကို ဘယ်တော့မှသစ္စာမဖောက်ဘူး။ NLD က ပြည်သူကို ဘယ်တော့မှ ကျောမခိုင်းဘူး။ NLD ဟာ ပြည်သူကို ဘယ်တော့မှ မျက်ကွယ်မပြုဘူး။ ပြည်သူ့အကျိုးကိုလုပ်မယ် . . . . . ။ ပြည်သူကလည်း ကျွန်တော်တို့ကို ထိန်းကျောင်းပါ၊ ပဲ့ပြင်ပါ။ NLD လုပ်နိုင်တယ်ဆိုရင်လည်း အသိအမှတ်ပြုပေးပါ။ ဒါပေမယ့် ဘယ်လုပ်ငန်းဖြစ်ဖြစ် အဓိကနိုင်ငံရေးမှာ ပြည်သူမပါပဲနဲ့ မအောင်မြင်နိုင်ဘူး။ NLD လုပ်တာတွေက ပြည်သူအတွက်လုပ်တယ်ဆိုတဲ့ အသိနဲ့ ပြည်သူတွေ ၀ိုင်းပြီး ပါဝင်ပေးပါလို့ ပြောချင်ပါတယ်။ ” ဆိုပြီး ကမာရွတ်မီဒီယာနဲ့ အင်တာဗျူးမှာ ထည့်ပြောသွားတယ်။

အဲဒါကြောင့် ငါကလည်း ပြည်သူတစ်ယောက်အနေနဲ့ ထိန်းကျောင်းဖို့ ပဲ့ပြင်ဖို့၊ NLD အောင်မြင်တယ်ဆိုရင် အသိအမှတ်ပြုဖို့၊ ပြီးတော့ ပြည်သူမပါပဲ မအောင်မြင်နိုင်ဘူးဆိုလို့ တတ်နိုင်တဲ့ ဖက်ကနေ ဒီစာရင်းလေး ပြုစုထားတယ်ပေါ့ကွာ . . . ။ ဒီစာရင်းဟာ နိုင်ငံသားတစ်ယောက်စီအတွက် ကိုယ့်ကို အုပ်ချုပ်မယ့် အစိုးရကို တိုင်းတာဖို့ ပေတံဆိုလည်း မမှားသလို မင်းတို့ ငါတို့လို ဘလော့ခ်ကာတွေ အတွက်တော့ နောက်ပိုင်း ရေးစရာတွေအတွက် Checklist တစ်ခုဆိုရင်လည်း မှားမယ်မထင်ပါဘူးကွာ။ ငါလည်း အရွေ့တစ်ခုမှာ တတ်နိုင်တဲ့ဖက်ကနေ ပါဝင်ဖို့အတွက် စာတွေ ပိုဖတ်၊ စာတွေ ပိုရေးနိုင်အောင် ကြိုးစားမယ်လို့ ဆုံးဖြတ်ပြီး Facebook Page တစ်ခု လုပ်ထားတယ်ကွာ။ မင်း မအားတဲ့ ကြားကနေ ဖတ်ဖို့သာ ပြင်ထားပေတော့။

မင်းရဲ့ သူငယ်ချင်း
စည်သူ(သံလွင်)

Thursday, February 11, 2016

သူငယ်ချင်းသို့ ပြန်စာ (၁)

မင်းပို့လိုက်တဲ့ စာတွေ အကုန်ဖတ်ရပါတယ်။ ငါကလည်း စာရေးပျင်းတဲ့ ကောင်ဆိုတော့ စာပြန်ရေးမယ် ရေးမယ်နဲ့ ငါ့ဘ၀ရဲ့ အပြောင်းအလဲတစ်ခုအတွက် အလုပ်နည်းနည်း ရှုပ်နေတာနဲ့ အခုမှပဲ ရေးမယ့်ဆီကို ရောက်တော့တယ်။ (အဲဒီကိစ္စအသေးစိတ်တွေ မင်းဆီကို စာရေးပါဦးမယ်။) ဒီနေ့ ငါ့ကို စာရေးဖြစ်စေဖို့ အဓိကတွန်းအားကတော့ မင်းသိတဲ့ အတိုင်း လက်ပံတန်းက အကြမ်းဖက်ဖြိုခွဲမှုကြောင့်ပဲ သူငယ်ချင်း။ လက်ပံတန်းကနေ ရန်ကုန်ကို ချီတက်ကြဖို့ အချက် ၈ချက် တောင်းဆိုထားတဲ့ ကျောင်းသားသပိတ်ကို အာဏာပိုင်တွေက ပိတ်ဆို့ထားတဲ့ အတွက် မတ်လ ၁၀ရက်နေ့မှာ ဖောက်ထွက်ကြဖို့ ဆုံးဖြတ်လိုက်ပြီဆိုတော့ ကျောင်းသားတွေအတွက် စိုးရိမ်မိတယ်။ မင်းလည်း သိတဲ့အတိုင်း ဒီအစိုးရက ကမူးရှုးတိုးအစိုးရလေ။ ထင်ထားတဲ့အတိုင်းပါပဲ။ ပထမတော့ လေးယောက်တစ်တွဲ လွှတ်ပြီး ရန်ကုန်ကို ကားနဲ့ သွားခွင့်ပေးမလိုလိုနဲ့ နောက်တော့ လက်ပံတန်းပြည်သူများရဲ့ ကြော်ငြာချက်လိုလို နဖူးမစီးရ အလံမလွှင့်ရ စတဲ့ တားမြစ်ချက်တွေနဲ့ ကျောင်းသားတွေရဲ့ စိတ်ကို ဆွပြီး အကြမ်းဖက်နှိမ်နှင်းမှု တစ်ခုပေါ်ပေါက်အောင် လုပ်ခဲ့တာ မင်းလည်း သတိထားမိမယ်ထင်ပါတယ်။

အင်အားသုံးနှိမ်နင်းမှုတွေ မဖြစ်ခင်မှာ သပိတ်မှောက်ကျောင်းသားတွေရဲ့ Facebook မှာ တင်ထားတာတွေ ဖတ်ရတော့ စိတ်ထဲမကောင်းဘူးကွာ။ သူတို့အဖမ်းခံရ၊ အရိုက်ခံရတဲ့အခါ မသနားပါနဲ့ သူတို့ လိုချင်တဲ့ ဒီမိုကရေစီပညာရေးဥပဒေအသက်ဝင်အောင် လုပ်ပေးကြပါ၊ လို့ ပြောတဲ့လူတွေ ရှိသလို၊ သမီးက အမာခံမဟုတ်ဘူး အသေခံလို့ ပြောတဲ့ ညီမငယ်လေးရဲ့ Status update ကိုလည်း ဖတ်ရတယ်။
အဲဒါလေးတွေ ဖတ်ရတော့ ငါတို့ ၁၀တန်းစာမေးပွဲ ဖြေခါနီး ၉၆တုန်းက ဖြစ်ခဲ့တဲ့ ကျောင်းသားအရေးအခင်းကို သွား သတိရမိတယ်။ လှည်းတန်းကနေ ညကြီးသန်းခေါင် ကြွေးကြော်သံတွေနဲ့ လမ်းလျှောက်ချီတက်လာတဲ့ ငါတို့ဟာ သန်းခေါင်ကျော်တော့ ဆူးလေဘုရားကို ရောက်ခဲ့တယ်။ အဲဒီအချိန်က စစ်အစိုးရအုပ်ချုပ်မှုအောက်မှာ ဖြစ်လို့ အကြမ်းဖက်ဖြိုခွင်းတော့မှာ သိတဲ့ ငါတို့ဟာ ကိုယ့်ကိုယ်ကို သေသူလို့ သတ်မှတ် ကတ္တရာလမ်းကို ဦးတိုက်ပြီး သရဏဂုံတင်ခဲ့ကြတယ်။ ထင်တဲ့အတိုင်း ကျောင်းသားအရေးအခင်းဟာ စစ်တပ်ရဲ့ ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွင်းမှုကို ခံခဲ့ရတယ်။ အခုလည်း သမိုင်းဟာ တကျော့ပြန်လည်ခဲ့ပြန်ပြီပေါ့။

မင်း ကတော့ ဘယ်လိုမြင်တယ် မသိဘူး။ ငါကတော့ အခုကျောင်းသားတွေ တောင်းဆိုနေတဲ့ ဒီမိုကရေစီပညာရေးဥပဒေကို အကြွင်းမဲ့ ထောက်ခံတယ်။ ငါတို့နိုင်ငံ ကမ္ဘာ့အလယ်မှာ မျက်နှာငယ်ရတာ အဓိကအချက်ထဲမှာ ပညာရေးနှိမ့်ကျမှုဟာ ထိပ်ဆုံးက ပါတယ်ဆိုတာ မင်းအသိပဲ မဟုတ်လား။ အဲဒီမှာ သားသမီးကို International school တွေမှာ ထားနိုင်တဲ့ လူကုံထံတွေကတော့ ကျောင်းသားသပိတ်ကို စောသေးတယ်၊ ဒီအချိန်မှာ မလုပ်သင့်သေးဘူးလို့ အပြစ်တင်ချင်ကြတယ်။ ငါ့အနေနဲ့တော့ ဆန္ဒပြပွဲဟာ နောက်တောင် ကျနေပြီလို့ ထင်မိသေးတယ်။
တချို့ကကျတော့လည်း ဒီနှစ်ထဲမှာ ရွေးကောက်ပွဲ ရှိတဲ့အတွက် တိုင်းပြည်တစ်ခုခုဖြစ်မှာ မလိုလားဘူး၊ ရွေးကောက်ပွဲကိုတော့ ပြီးအောင် စောင့်သင့်တယ်လို့ ဝေဖန်သူတွေလည်း ရှိတယ်။ ငါ့အနေနဲ့တော့ ရွေးကောက်ပွဲမနိုင်လောက်ဘူးလို့ ထင်တဲ့ လက်ရှိအစိုးရဟာ တနည်းမဟုတ် တနည်းနဲ့ သူတို့ အာဏာတည်မြဲရေးအတွက် နည်းမျိုးစုံသုံးနေဦးမှာပဲ။ ကျောင်းသားတွေ ဆန္ဒပြလို့ နိုင်ငံချောက်ထဲကျခါနီးလက်တလုံးအလို ကယ်တင်လိုက်ရပါတယ် ဆိုတာကြီးဖြစ်ရင် ဘယ်လိုလုပ်မလဲဆိုပြီး မေးခွန်းထုတ်သူတွေကလည်း ဒုနဲ့ဒေး။ အဲဒီလို လူတွေကို ငါတစ်ခုပြောချင်တာက ကျောင်းသားတွေ ဆန္ဒပြမှ မဟုတ်ပါဘူး ဒေါသထွက်နေတဲ့ လူအုပ်ကြီးကြောင့် လက်တလုံးအလိုကယ်တင်လို့ ရသလို ကိုယ်မွေးတဲ့ မျောက် ကိုယ့်ပြန်ခြောက်ခိုင်းပြီး ကယ်တင်လည်း ရတယ်။ အဲဒါမှမဟုတ်သေးရင် ပြည်တွင်း ငြိမ်းချမ်းရေး အဆင်မပြေသေး၊ တိုင်းရင်းသားလက်နက်ကိုင်စစ်မီးကြောင့် ကယ်တင်လိုက်ရပါတယ် ဆိုတာမျိုးလည်း လုပ်ချင် လုပ်မှာပဲ။ အခုဒီနေ့ ဖြစ်သွားတဲ့ ကိစ္စမှာပဲ ကြည့်။ မန္တလေးကနေ အလံတွေ ကိုင်၊ နဖူးတွေ စည်းပြီး လမ်းလျှောက်ချီတက်လာကြတာ လက်ပံတန်းတောင်ရောက်ပြီ။ အခုမှ ရန်ကုန်သွားကြမယ့် ကားဆီ ကိုက် ၃၀၀ လောက် လမ်းလျှောက်တာကို အလံမကိုင်ရ နဖူးမစည်းရ ဆိုပြီး အကြမ်းဖက်မှု အသွင်ပြောင်းအောင် နယ်လုံဝန်ကြီးနဲ့ အဖွဲ့က ဖန်တီးခဲ့တာ မင်းလည်း ကြားမယ် ထင်ပါတယ်။ ဒီကျောင်းသားလေးတွေ နဖူးစည်းတော့ ဘာဖြစ်သွားမှာမို့လဲ၊ အလံကိုင်တော့ရော ဘာဖြစ်မှာတဲ့လဲ။ အဲဒါကြောင့် ငါပြောတာပေါ့ ဒီအစိုးရက ညစ်ချင်ရင်နည်းတွေ အများကြီးရှိပါတယ်လို့။

ကျောင်းသားတွေကလည်း လွှတ်တော်ထဲ ရောက်နေတဲ့ သူတို့ အမျိုးသားပညာရေး ဥပဒေ အတည်မပြုမှာ အထူးစိုးရိမ်ကြတယ်။ စိုးရိမ်ရင်လည်း စိုးရိမ်စရာပဲလေ အုပ်ချုပ်ရေးက ကြံ့ဖွံ့အစိုးရ၊ တရားစီရင်ရေးက ကြံ့ဖွံ့ကို မလွန်ဆန်နိုင်၊ ဥပဒေပြုရေးက ကြံ့ဖွံ့လွှတ်တော်ဆိုတော့လည်း ဘယ်သွားပြီး ဒီမိုကရေစီ ဆန်နိုင်ပါတော့မလဲ။ မင်းစဉ်းစားကြည့်ကွာ အစိုးရက ဒီဥပဒေလေး တစ်ခုတောင် ဒီလောက်သည်းသည်းလှုပ်နေတာ သူတို့ ပါဝါ အာဏာနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ ရွေးကောက်ပွဲကို လွယ်လွယ်နဲ့အလွတ်ပေးလိမ့်မယ်မင်းထင်သလား။ ငါကတော့ ဘဘဦးဝင်းတင်ပဲကွ။ မင်းသဘောပေါက်တယ်မဟုတ်လား။

ဒါပေမယ့် . . . ပင်မသပိတ်စစ်ကြောင်းနဲ့ ပတ်သက်ပြီး ပြောစရာရှိတာက သူတို့ ရန်ကုန်ဝင်မယ့် ကိစ္စပဲ။ အောင်မြင်မှုက မသေချာသေးတဲ့ အချိန် ရန်ကုန်ကို အောင်ပွဲခံဖို့ လာမယ်ဆိုတာ၊ ရန်ကုန်ရောက်မှ သပိတ်လှန်မယ်ဆိုတာ ပညာရေးဥပဒေအတွက်ဆိုတာထက် တခြား ရည်ရွယ်ချက်တွေများ ရှိနေမလားလို့ မတွေးချင်ပေမယ့် တခြားအဖြေလည်း ရှာမရဘူးဖြစ်နေတယ်။ မင်းကို ပွင့်ပွင့်လင်းလင်းပြောရရင် အစိုးရရဲ့ အပြောင်းအလဲဟာ အချိန်အကြာကြီးပေးပြီးမှ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်မယ်ဆိုတာကို လက်မခံသလို ဟိုမရောက်ဒီမရောက် အရပ်သားအစိုးရအမည်ခံထက် စာရင် စစ်အစိုးရဆိုတာကမှ တိုက်ရိုက် တိုက်ခိုက်လို့ ကောင်းသေးတယ် ဆိုတဲ အယူကိုလည်း လက်မခံဘူးကွ။ အဲဒီတော့ ငါမတွေးချင်တဲ့ ကျောင်းသားတွေရဲ့ ရည်ရွယ်ချက်ဟာ အစိုးရတစ်ရပ်လုံးဖြုတ်ချဖို့ ဆိုရင်တော့ ငါတို့ ပြည်သူလူထုက အဆင်သင့်ဖြစ်သေးရဲ့လားဆိုတာ သံသယရှိနေမိတယ်။ တကယ်ဆိုရင် ဧရာဝတီသပိတ်စစ်ကြောင်းလို အခြေအနေတွေကို စောင့်ကြည့်သင့်တယ် ထင်တာပဲ။ တချို့က ဒီစစ်အစိုးရရဲ့ မျက်နှာဖုံးတွေ ချွတ်ဖို့ ဒီလောက်တော့ စတေးရမယ်လို့ဆိုလာတယ်။ သူတို့ကို မိကျောင်းကန်၊ လက်ပံတောင်းတောင်၊ ကိုပါကြီး၊ အစိုးရခေါင်းဆောင်များရဲ့ ရင်တွင်းပေါက်ကရစကား စတာတွေနဲ့ မလုံလောက်သေးဘူးလားလို့ မေးချင်မိတယ်။

ငါအစောပိုင်းက ပြောခဲ့သလို ကယ်တင်ချင်တာနဲ့ ချောက်ထဲတွန်းပြီးမှ လက်နဲ့ လှမ်းဆွဲဖို့ဆိုရင် ကိုယ်တွေက ချောက်ကမ်းပါးမှာ မတ်တက်ရပ်မနေမိဖို့တော့ လိုမယ်ထင်ပါတယ်။ သို့မဟုတ်လို့ကတော့ မျက်ဖြူဆိုက်လေ စာဖတ်သူကြီးကြိုက်လေ ဖြစ်တော့မှာပါ။ စာလည်း ရှည်ပြီကွာ နောက်များမှ တခြားအကြောင်းတွေ ပြောတာပေါ့။ လောလောဆယ် ရန်ကုန်မြို့ပေါ်နဲ့ မြန်မာတပြည်လုံးမှာ နောက်ထပ် ဖြစ်ပေါ်လာဦးမယ့် ကျောင်းသားပြည်သူတွေရဲ့ ဆန္ဒပြခြင်းတွေမှာ အကြမ်းဖက်ဖြိုခွင်းခြင်းတွေ မကြုံတွေ့ပါစေနဲ့။ အားလုံး အဆင်ပြေကြပြီး ငါတို့ချစ်တဲ့ အမိမြေမှာ ဒီမိုကရေစီ ပညာရေးတစ်ရပ်အမြန်ဆုံးထွန်းကားပါစေလို့ အဝေးတနေရာက ဆုတောင်းလိုက်ပါတယ် သူငယ်ချင်းရေ . . . ။
စည်သူ(သံလွင်)

သူငယ်ချင်းသို့ ပြန်စာ(၂)

မင်းကလည်း အယ်ဒီတာ လုပ်နေတဲ့ ဂျာနယ်ဖောင်ပိတ်ရက်မှ အသည်းအသန် စာမူတောင်း။ ငါကလည်း စာရေးပျင်းဆိုတော့ တစ်ပတ်တစ်ခါ မင်းဂျာနယ်အတွက်ကို အလျဉ်မှီတယ်ဆိုရုံလေးပါပဲ။ အလုပ်တစ်ခုလို စာရေးရတာပျင်းပေမယ့် ရင်ထဲမှာ စကားလုံးတွေ ပြည့်ကျပ်လာတဲ့အခါ ပြန်အန်ဖို့အတွက် အရင်တုန်းက ဘလော့ခ်တစ်ခု အခုတော့ ဖေ့ဘုတ်အကောင့်တစ်ခုကို သုံးရပြန်ပေါ့။ ငါ့ရဲ့ စာကို ဟိုရက်ပိုင်းတုန်းက လူပြောများနေတဲ့ လီကွမ်ယူ့ဈာပနအကြောင်းနဲ့ပဲ စလိုက်ပါမယ်။ လီကွမ်ယူ့အကြောင်း ဆိုလို့ ဖန်တရာတေနေပြီဖြစ်တဲ့ နိုင်ငံတစ်ခုတည်ဆောက်ခြင်း ကောင်းချီးပေးမယ့် အကြောင်းတွေလို့ မင်းထင်ရင်တော့ မှားသွားမယ်။ ငါပြောချင်တာကတော့ ငါတို့ မြန်မာတွေ ငြင်းစရာမရှိ ကြံဖန်အငြင်းပွားကြတဲ့အကြောင်းပါ။ လီကွမ်ယူ့သမိုင်းကြောင်းကို ပြန်ဖတ်ကြည့် သူဟာ အာဏာရှင် တစ်ယောက်ဖြစ်တယ်ဆိုတာ မမှားသလို စင်္ကာပူနိုင်ငံကောင်းစားရေးအတွက် ဘာမဆိုလုပ်မယ့်ခေါင်းဆောင်တစ်ယောက် အမြင်ကျယ်တဲ့ ၀န်ကြီးချုပ်တစ်ယောက်ဆိုတာလည်း ငြင်းမရပါဘူး။ အဲဒီနဲ့ ပတ်သက်လို့ ကောင်းတယ်လို့ ရေးတဲ့လူကို မကောင်းဘူးလို့ မြင်တဲ့လူက ဆဲ၊ မကောင်းဘူးလို့ ပြောတဲ့လူကို ကောင်းတယ်ထင်တဲ့ လူက မကြိုက်နဲ့ ငါတို့ မြန်မာတွေ diversity တို့ different perspective တို့ ဆိုတဲ့ အမြင်တွေ တော်တော်လေး နည်းပါးနေကြပြီဆိုတာတွေ့ရတော့ တော်တော်စိတ်မကောင်းဖြစ်မိတယ်။

အမှန်အတိုင်းပြောရရင် ငါနဲ့ မတူ ငါ့ရန်သူဆိုတဲ့ စိတ်ဓါတ်က အခုမှတော့မဟုတ်ပါဘူး။ ဟိုး အရင် ၂၀၀၈ခုနှစ် စစ်အစိုးရက ဖွဲ့စည်းပုံကြီးကို ပြဒါန်းဖို့ အသည်းအသန်ကြိုးစားတုန်းကလည်း ဒီလိုပဲ။ မင်းလည်း ထောင်ထဲကနေ သတင်းတွေ ကြားမယ်ထင်ပါတယ်။ Vote No နဲ့ No Vote လေ။ ဖွဲ့စည်းပုံကို မထောက်ခံဖို့ အငြင်းပွားတာပေါ့။ တချို့ကလည်း ဖွဲ့စည်းပုံ အတွက် ပြည်သူ့ဆန္ဒခံယူပွဲမှာ Vote လုပ်ရင် မထောက်ခံကြောင်း No လို့ ထည့်ကြမယ်၊ တချို့ကလည်း ဒီအစိုးရဟာ အသိအမှတ်အပြုခံအစိုးရဖြစ်ချင်လို့ လုပ်တာ ငါတို့က ဖွဲ့စည်းပုံကိုလည်း အသိအမှတ်မပြုဘူး အစိုးရကိုလည်း အသိအမှတ်မပြုဘူးဆိုပြီး ငြင်းကောင်းနေတုန်း စစ်အစိုးရက ဘယ်ကမဲတွေမှန်းမသိတာတွေနဲ့ အသိအမှတ်ပြုသွားလို့ အဲဒီဟာကြီးက အခုအသက်ဝင်နေပြီး ပြင်မရဖြစ်နေတာ မင်းလည်း အသိပါ။ နောက်တော့ ၂၀၁၀ မှာလည်း မဲပေးမယ် မပေးဘူး ငြင်းနေတုန်း ကြိုတင်မဲနဲ့ အနိုင်ယူခဲ့ပြန်တယ်။ ဟော ပြီးတော့ ပြောင်းလဲတယ်၊ မပြောင်းလဲဘူး။ နောက်ဆုံးကုန်ကုန်ပြောရရင် ပွင့်လင်းလာတဲ့ ခေတ်မှာ အလှမယ်တွေ နိုင်ငံခြား သွားပြိုင်တော့ ရေကူးဝတ်စုံဝတ်ရတာကို ယဉ်ကျေးမှုနဲ့ မညီဘူး၊ မယ်ပြိုင်ပွဲသွား ခန္ဓာကိုယ်အလှပြတာ ဒီလိုမ၀တ်လို့ ဘယ်လို ၀တ်ရမှာလဲ ဆိုပြီး အသည်းအသန်ငြင်းကြတယ်။ Myanmarလား Burmaလား ငြင်းကြတယ်။ ဖဆပလ အလံ၊ ဆိုရှယ်လစ်အလံ၊ အခုလက်ရှိ ဘာအဓိပ္ပါယ်မှန်းမသိတဲ့အလံ ငြင်းကြတယ်။ ဖွဲ့စည်းပုံ တစ်အုပ်လုံးပြင်မယ်၊ တချို့ကို ပြင်မယ်၊ နောက်ဆုံး ၄၃၆ ပြင်မယ်။ နောက်ဆုံး တခုတောင်မပြင်နိုင်သေးဘူး။ အခု လီကွမ်ယု ငြင်းကြတယ်။ အမြင်ချင်းမတူတာကို လက်ခံပေမယ့် ဆဲကြဆိုကြ သူငယ်ချင်းတွေ မခေါ်မပြော ဖြစ်ကြတာတော့ မကောင်းဘူးလို့ ငါထင်လို့ပါ။ အမြင်မတူတာတွေပေါင်းစည်းတဲ့ အခါ ဆန်းကြယ်တတ်ပါတယ်။
နိဒါန်းချီနေတာနဲ့တင် ပြောချင်တဲ့ဆီမရောက်ဖြစ်တော့မယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အခု ၂၀၁၅ ရောက်ပြီ၊ ငါတို့ စည်ရုံးညီညွတ်ကြဖို့ ကောင်းပြီလို့ ထင်တယ်ကွာ။ လောလောဆယ်ငါတို့ မြန်မာတစ်နိုင်ငံလုံးအတွက် အရေးအကြီးဆုံး လုပ်စရာတစ်ခုပဲ ရှိတယ်။ အာဏာရှင်စနစ်ပြုတ်ကျရေးပဲ။ အဲဒီအတွက် ပထမဆုံး ဖွဲ့စည်းပုံကို မဖြစ်ဖြစ်တဲ့ နည်းနဲ့ ပြင်ကိုပြင်ရမယ်။ တစ်ဖက်က တသွေးတသံတမိန့် ဖြစ်နေတဲ့ အချိန်မှာ ငါတို့ကလည်း တစိတ် တ၀န်း တလမ်းတည်းတူတူသွားမှ ဖြစ်တော့မယ်။ တချို့ကလည်း လမ်းချင်းတူရင် လူချင်းတွေ့မယ်တဲ့။ ငါထင်တာတော့ လမ်းချင်းတူပေမယ့် သွားတဲ့အရှိန်ချင်းမတူရင် မတွေ့နိုင်ဘူး၊ လမ်းချင်းတူပေမယ့် သွားတဲ့ ဖက်ချင်းမတူရင် မတွေ့နိုင်ဘူး၊ လမ်းချင်းတူပေမယ့် အပြိုင်သွားရင် မီးရထားသံလမ်းလို ကြားမှာခြားနေဦးမှာပဲ။ ငါတို့ တလမ်းထဲ တူတူ တွဲပြီး သွားရမယ်။ တချို့ကလည်း နောက်ပြန်လှည့်မှာ စိုးတယ်တို့၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးတို့ ပြောကြတယ်။ နောက်ပြန်လှည့်စရာမလိုအောင် ဖွဲ့စည်းပုံကြီးကိုင်ထားတယ်။ အဲဒါကြောင့် နောက်ပြန်မလှည့်ဘူးလို့ သူတို့ တွင်တွင်ပြောနေတာ မင်းလည်း ကြားမှာပဲ။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုလည်း ၄ပွင့်ဆိုင် ၆ပွင့်ဆိုင် တဖက်က အသည်းအသန်တောင်းဆိုနေတာပဲ၊ အဲဒါကို တောင်ပြောမြောက်ပြောနဲ့ သူတို့ တွေ့ချင်တော့လည်း အိုဗားမားလာခါနီး ချက်ချင်းကြီး။ ဒီလောက်ပြောင်ပြောင်တင်းတင်း ပြောင်လိမ်ပြောင်ငြင်းတွေ အစိုးရလုပ်သမျှ ခံနေရတာ ငါတို့ တော်တော်ညံ့သေးပါလားဆိုတာကို သိသင့်ပြီကွာ။ လာမယ့်ရွေးကောက်ပွဲကို ၀င်ဖို့ စာရင်းပေးထားတာ အားလုံး ၇၁ ပါတီ ရှိတယ်တဲ့။ ရှင်းရှင်းပဲ ပြောမယ်ကွာ အခုလောလောဆယ် လာမယ့် ရွေးကောက်ပွဲကို ဒီဖွဲ့စည်းပုံနဲ့ ၀င်ကို မ၀င်နိုင်ဘူးလို့ အဲဒီ ၇၁ ပါတီလုံး သပိတ်မှောက်တာမျိုး၊ လူထုရဲ့ အားကို သုံးတာမျိုးလုပ်သင့်တယ်လို့ တစ်ယောက်ယောက်က အကြံပေးရင် ဘယ်နှပါတီလောက်ပါမယ်ထင်သလဲ။ ငါတော့ မထင်။ အတိုက်အခံပါတီကြီးကဆို လူအချို့ခွဲထွက်ပြီး ပါတီထောင်၊ အသစ်ထောင်တဲ့ ပါတီက နှစ်ခြမ်းကွဲနဲ့ ငါတို့ မြန်မာတွေ ၂ယောက်ရှိရင် ၃စုကွဲတယ် အပြောခံရတိုင်း ရင်နာမဆုံးဘူး။ ရွေးကောက်ပွဲကိုဝင် နိုင်မလားလို့ အခြေအနေလေးကြည့်ဆိုတာမျိုးနဲ့ အမြီးကျက် အမြီးစားခေါင်းကျက် ခေါင်းစားနိုင်ငံရေးချည်းပဲ လုပ်နေလို့ကတော့ ငါတို့ အဲဒီဖွဲ့စည်းပုံ ခန္ဓာကိုယ်ကြီးကို ဘယ်တော့မှ စားရမယ်မထင်ဘူး ဟကောင်ရေ။ ဘာမှ သုံးစားလို့ မရတဲ့ အစိုးရတစ်ရပ်က အုပ်ချုပ်ခွင့် ရနေတာဟာ ငါတို့ တော်တော် ညံ့သေးလို့ပဲ ဆိုတာ လက်မခံချင်ပေမယ့် အဲဒီအတိုင်းဖြစ်နေတယ် သူငယ်ချင်းရေ။
လူဦးရေ အနေနဲ့ တရုတ် ၁၃၅၇သန်း၊ ဘင်္ဂလားဒေ့ရှ် ၁၅၆သန်း၊ အိန္ဒိယ ၁၂၁၀သန်း ကြားမှာ သန်း၅၀ကျော်ပဲ ရှိတဲ့ ငါတို့ နိုင်ငံငယ်လေးအနေနဲ့ ဒီလို နိုင်ငံကြီးတွေရဲ့ ကြားမှာ လိမ္မာပါးနပ်ရင် သဌေးဖြစ်နိုင်ပေမယ့် စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့ အစိုးရအဆက်ဆက်အောက် နှစ်ပေါင်း ၅၀ ကျော်အတွင်းမှာ ခွေးဖြစ်နေတာက နေရုန်းထွက်သင့်ပြီကွာ။ အိမ်ဖော်တွေနိုင်ငံခြားပို့တယ်၊ လူငယ်တွေ လုပ်စရာမရှိတော့ မလေးရှားမှာ ဒုက္ခခံရတယ်၊ လယ်သမား လုပ်စရာလယ်မရှိ၊ အလုပ်သမား လခနှိမ်ခံရတယ်၊ ကျောင်းသား ကောင်းမွန်တဲ့ ပညာရေးမရဘူး၊ အမှန်တရားဟောတဲ့ ဘုန်းကြီး ဟောခွင့်ပိတ်ခံရတယ်၊ အမုန်းတရား ဟောတဲ့ ဘုန်းကြီး လွတ်ပေးထားတယ်၊ ပြည်သူတွေရဲ့ နေ့စဉ်ဘ၀ ကားလမ်းတွေ ကြပ်တော့ လမ်းဆင်းလျှောက် လျှောက်စရာ ပလက်ဖောင်းမရှိဘူး၊ ရတဲ့နေရက ကြုံသလိုလျှောက်တော့ ဓါတ်လိုက်ပြီးသေတယ်၊ တရားဥပဒေစိုးမိုးမှုက ဘယ်ဆီမှန်းမသိဘူး။ အဖက်ဖက်က ချွတ်ချုံကျနေတာတွေ ပြောရင် ပြီးမှာတောင်မဟုတ်ဘူးကွာ။ မင်းလည်း နိုင်ငံရေးလောကသားတွေလည်း ထိတွေ့နေတော့ အကြံဥာဏ်လေးတွေ ပေးလို့ရရင် ပေးစမ်းပါဦး၊ အစိုးရက ဘယ်ခြေပြ ဘယ်ဖက်လိုက်၊ ညာခြေပြ ညာဖက်လိုက် လုပ်နေလို့ကတော့ တဂိုးပြီး တဂိုး အသွင်းခံရမှာပဲလို့။ ငါ့မှာတော့ NLD နဲ့ 88 တွေ့ရင် ၀မ်းသာလိုက်၊ 88 နဲ့ တိုင်းရင်းသား၊ NLD နဲ့ တိုင်းရင်းသား အချို့တွေ့ရင် ပျော်လိုက်နဲ့ ဒီထက်ကို ပိုမိုစည်းလုံးပြီး တစ်စိတ်တစ်ဝန်း တစ်လမ်းသွားဖို့ကို မျှော်လင့်နေမိတယ်။ ခေါင်းဆောင်တွေ ရှေ့က စည်းစည်းလုံးလုံး တည့်တည့်သွားရင် ငါတို့လည်း နောက်က ညီညီညွတ်ညွတ် ဖြောင့်ဖြောင့်တန်းတန်းလိုက်ဖို့ လိုမယ်ဆိုတာတော့ ထည့်ပြောဖို့ လိုမယ်မထင်ဘူး။ အဲဒီလိုသာ မျှော်လင့်တဲ့ အတိုင်းဖြစ်မယ်ဆိုလို့ကတော့ ရွှေရောင်လွှမ်းမယ့် နေ့သစ်တွေဟာ သိပ်အဝေးကြီးမှာ မဟုတ်တော့ပါဘူး။ အဲလိုမှ မဟုတ်ရင်တော့ . . . .
မင်းရဲ့
စည်သူ(သံလွင်)

သူငယ်ချင်းသို့ ပြန်စာ (၃)






ငါလည်း စင်္ကာပူကနေ သြစတြေးလျကို ရောက်တာ ဘာလိုလိုနဲ့ သုံးလတောင် ကျော်ပေါ့။ နေရာသစ်မှာ အသားကျအောင် ကြိုးစားနေရတာနဲ့ အခုမှပဲ စာရေးဖြစ်တော့တယ်ကွာ။ ပထမငါထင်တာတော့ သြစတြေးလျကိုလာတဲ့ လေယာဉ်ပေါ်မှာ လူဖြူတွေနဲ့ချည်းတွေ့ရမယ်ပေါ့။ ငါပြောတာရော သူတို့ နားလည်ပါ့မလား။ သူတို့ပြောတဲ့ လေယူလေသိမ်းကလည်း နာမည်ကြီး Aussie Accent ဆိုတော့ ကိုယ်ကလည်း အင်္ဂလိပ်စကားဆို စလုံးတွေရဲ့ တလားလားပဲ သိ၊ ပြီးတော့ Hollywood ရုပ်ရှင်ကားတွေ အကြည့်များလို့ အမေရိကန်လေယူလေသိမ်းကို ရုပ်ဖမ်းသံဖမ်းလောက်ဆိုတော့ ဖြစ်ပါ့မလားပေါ့။ တကယ်လည်း Singapore ကနေ Sydneyကိုလေယာဉ်စီးရော အရှေ့ခုံမှာ တရုတ်၊ အနောက်ခုံမှာ ဗီယက်နမ်၊ နဲ့ ဘေးခုံမှာ အိန္ဒိယသားတွေနဲ့ပေါ့။ လေယာဉ်တစ်စီးလုံးလည်း အဖြူဆိုလို့ နည်းနည်းပဲ ပါတယ်။ အဲဒါပြီးတော့ Sydney ကနေ ငါနေမယ့် Adelaide ဆိုတဲ့ မြို့လေးကို လေယာဉ်စီးတော့မှပဲ လေယာဉ်တစ်စီးလုံး အဖြူတွေ၊ ငါတို့ပဲ အာရှသားတွေ ပါတော့ ငါ့မှာ အဖြူတွေချည်းနေတဲ့ မြို့ကိုတော့ ရောက်ဦးမှာပေါ့လို့ ထင်နေခဲ့တယ်။ နောက်ဆုံး ငါအခုငှားနေတဲ့ အိမ်ကို ရောက်မှပဲ အထင်နဲ့ အမြင် လွဲမှန်းသိရတော့တယ်။ ဟုတ်တယ်လေ ငါနေတဲ့ အိမ်ရှေ့အိမ်က တရုတ်၊ မျက်စောင်းထိုးက ကိုရီးယား၊ ညာဖက်ဘေးအိမ်က Middle Eastern၊ ငါတို့က မြန်မာ ဘယ်ဖက်ကပ်လျက် အိမ်တစ်အိမ်ပဲ အဖြူတွေ တွေ့တယ်။ ရပ်ကွက်တိုင်းလောက်နီးပါးမှာလည်း Asian Grocery လို့ခေါ်တဲ့ တရုတ်ဆိုင် ကုလားဆိုင်၊ ဗီယက်နမ်ဆိုင်တွေ ရှိတော့ ငါ့ရဲ့ မဟေသီကတော့ ပျော်နေလေရဲ့။

ဟုတ်တယ်သူငယ်ချင်း . . . ဒီနိုင်ငံမှာတော့ တော်တော်များများက တခြားနိုင်ငံတွေကနေ အခြေချ လာနေတဲ့လူတွေ များတယ်။ အဖြူတွေ ကိုယ်တိုင်တောင်မှပဲ ၁၇ရာစု နှောင်းပိုင်းမှ ဗြိတိန်နဲ့ ဥရောပသားတွေရဲ့ နယ်မြေသစ်ရှာဖွေ အခြေချ နေထိုင်မှုတွေကြောင့် တစစ ရောက်ရှိခဲ့ကြတာလေ။ အဖြူတွေ ကြီးစိုးထားပေမယ့်လည်း Aboriginal လို့ ခေါ်တဲ့ ဒီနိုင်ငံရဲ့ ဒေသခံတိုင်းရင်းသားတွေကို အခွင့်အရေးတွေ အပြည့်ပေးထားတာကို တွေ့ရတယ်။ ဥပမာ ဒီမှာ အလုပ်လျှောက်တဲ့ အခါတိုင်း Aboriginal လားဆိုတာကို အလုပ်ရှင်တွေက မေးတတ်ပြီး ဟုတ်တယ်ဆိုရင်တော့ သူတို့ကို ဦးစားပေးခန့်ထားတတ်ကြတယ်။ ငါနေတဲ့ မြို့က အခုနောက်ဆုံး ကောက်ခံရရှိတဲ့ စစ်တမ်းတွေ အရ ကမ္ဘာ့နေချင်စရာအကောင်းဆုံးမြို့မှာ နံပါတ် ၅ ရထားတဲ့ မြို့ပေါ့။ စစ်တမ်းတွေမှာ ကျန်းမာရေး၊ ပညာရေးနဲ့ အခြေခံ အဆောက်အအုံဆိုတဲ့ အချက်တွေကို ကြည့်ပြီး အမှတ်ပေးခဲ့တယ်လို့ သိရတယ်။ ငါ အဓိကပြောချင်တာတော့ ဒီမြို့လေးအကြောင်းထက်ကို ဒီနိုင်ငံရဲ့ ပညာရေးစနစ်နဲ့ အလုပ်အကိုင် အခွင့်အလမ်းပဲ။ ဒီမှာ Technical And Further Education - TAFE လို့ခေါ်တဲ့ ကျောင်းတွေကို နေရာတော်တော်များများမှာတွေ့ရပြီး အဓိက အားဖြင့်တော့ Certificate နဲ့ Diploma သင်တန်းတွေကို ပို့ချပေးတယ်။ ကမ္ဘာ့အဆင့်မှီတက္ကသိုလ်ကြီးတွေကို တက်ကြတဲ့ သူတွေ ရှိပေမယ့် အများစုကတော့ TAFE ကျောင်းဆင်းတွေ ဖြစ်တယ်။ TAFE ကနေ ကျောင်းပြီးတဲ့ အခါ University ကို ဆက်တက်ချင် တက်လို့ ရသလို၊ ကိုယ်တတ်မြောက်တဲ့ ဘာသာရပ်နဲ့ ဆိုင်တဲ့ အလုပ်အကိုင်ကို ရှာဖွေပြီး ၀မ်းစာရှာချင်လည်း ဖြစ်တယ်။ စင်္ကာပူနဲ့ ယှဉ်ရင်တော့ Institute of Technical Education - ITE ရယ် Polytechnic ရယ်ကိုပေါင်းထားတဲ့သဘောပေါ့။ စင်္ကာပူမှာဆိုရင်လည်း ငါ့အရင်အလုပ်ထဲမှာ ITE ကျောင်းဆင်းတွေနဲ့ အတူတူ လုပ်ခဲ့ဖူးပြီး အလုပ်ဝင်ဝင်ချင်းမှာ Technician ရာထူးကနေ တော်ရင် တော်သလို အင်ဂျင်နီယာ မန်နေဂျာအဆင့်ထိ တက်သွားတဲ့သူတွေ ရှိတယ်။

ဒီ TAFE က Theory ထက်ကို Practical ပိုင်းဦးစားပေး သင်တယ်ဆိုတော့ စင်္ကာပူက ITE နဲ့ ပိုဆင်တူမှာပေါ့။ တက်ရောက်နိုင်တဲ့ ပညာရပ်တွေဟာလည်း လက်တွေ့အလုပ်အကိုင်တွေနဲ့ နီးစပ်တဲ့ Certificate in Hairdressing, Kitchen Operation, Automotive Servicing Technology, Pork Production အစရှိတဲ့ Course တွေ ကို သင်ယူနိုင်တယ်။ လခအနေနဲ့ကတော့ တစ်လကို အခွန်ဖြတ်အပြီး ၃၀၀၀ ၀န်းကျင်ကနေ ၅၀၀၀ ထောင်နဲ့ အထက်လောက် ရကြတယ်ဆိုတော့ လူလူသူသူ သုံးနိုင်ဖြုန်းနိုင်လောက်တဲ့ အနေအထားပေါ့ကွာ။ ငါ အဓိကပြောချင်တာက လူတိုင်းဟာ တက္ကသိုလ်ဘွဲ့ရဖြစ်နေမှ ပညာတတ်ကြီးတွေ ဖြစ်ပြီး နိုင်ငံတိုးတက်မှာ မဟုတ်ဘူးဆိုတာကိုပဲ၊ ဘက်စုံတိုးတက်ဖို့အတွက် နေရာတိုင်းမှာ ကျွမ်းကျင်လုပ်သားတွေ လိုအပ်တယ်။ ငါတို့ဆီမှာလည်း အရင်တုန်းက စက်မှု လက်မှု အထက်တန်းကျောင်း၊ စက်မှုလက်မှု သိပ္ပံ၊ စသဖြင့် ရှိသလိုပေါ့။ အခုကတော့ ငါတို့နိုင်ငံရဲ့ ပညာရေးဟာ တက္ကသိုလ်တွေများ၊ မိဘတွေက သားသမီးကို ဆရာဝန်နဲ့ အင်ဂျင်နီယာလောက်ပဲ ဖြစ်စေချင်၊ အဲဒီဟာကိုမှ မမှီရင် အဝေးသင်ဖြစ်ဖြစ် တက္ကသိုလ် တစ်ခုခုက ဘွဲ့ရပြီးရောနဲ့ ပညာရေးစနစ်ကြီးက ပျက်စီးနေတာ မင်းလည်း အသိပဲကွာ။ အလုပ်အကိုင်အခွင့်အလမ်းလိုအပ်ချက်အပေါ် မူတည်ပြီး ပညာရေးကနေ ကျွမ်းကျင်လုပ်သားတွေ မွေးထုတ်ပေးရမှာဖြစ်ပေမယ့် အခုက Zoology တို့ သမိုင်းတို့ ပထ၀ီတို့ ရတဲ့ ဘွဲ့ကို ယူ၊ ပညာရေးက သက်သက် အလုပ်အကိုင် အခွင့်အလမ်းက သက်သက်ကြီးကို ဖြစ်နေကြတော့တာ။

အဲဒါနဲ့ ပတ်သက်ပြီး ဟိုတလောက ကျိုက်လတ်မှာ အန်တီစု စည်းရုံးရေးဆင်းတော့ ကျောင်းသားလေး တစ်ယောက်က မေးတယ်။ သူတို့အနေနဲ့ တက္ကသိုလ်ဝင်ခွင့် အပြီးမှာ ကိုယ်စိတ်ဝင်စားတဲ့ တက္ကသိုလ်ဘာသာရပ်တွေ တက်ရောက်နိုင်ဖို့ အန်တီအနေနဲ့ လုပ်ဆောင်ပေးပါလို့ တောင်းဆိုတယ်။ အဲဒီတော့ အန်တီ ပြန်ဖြေတာက အနောက်နိုင်ငံတွေမှာဆိုရင် ကိုယ်စိတ်ဝင်စားတာကို တတ်ရောက်နိုင်မယ့် သင်တန်းတွေ အများကြီးရှိကြောင်း လူတိုင်း တက္ကသိုလ်တက်ပြီး ဘွဲ့ရနေရင် ပုံမှန်အလုပ်တွေကို လုပ်ကိုင်မယ့်လူ ရှိမှာ မဟုတ်ကြောင်း၊ အဲဒါကြောင့် ပညာရေးမှာ အဲလို ကျောင်းတွေ များများ ပေါ်ထွက်လာအောင် စီစဉ်ရမှာ ဖြစ်ကြောင်း ကျောင်းသားလေး နားလည်အောင် ရှင်းပြခဲ့တယ်။ အန်တီက သြစတြေးလျရဲ့ TAFE တို့လို Singapore ရဲ့ ITE တို့လို ကျောင်းတွေကို ရည်ရွယ်ပြီး ပြောခဲ့တယ်ဆိုတာ သေချာပါတယ်။ အဲဒါကြောင့်လည်း အန်တီစု စင်္ကာပူ လာတုန်းက ITE ကျောင်းကို သွားရောက်လေ့လာခဲ့တယ်။ ပြီးတော့ သူ့ရဲ့ ကော့မှူးမှာလည်း စာဖိုမှူးသင်တန်းတွေ ဖွင့်ထားပြီး အဲဒီက ကျောင်းပြီးတဲ့လူတွေဟာ အဆင့်မြင့် ဟိုတယ်ကြီးတွေ မှာ အလုပ်တောင် ၀င်နေကြပြီဆိုတာ သိရလို့ ၀မ်းသာရတယ်။

ငါတို့ ဆီမှာ ရွေးကောက်ပွဲကလည်း နီးလာပြီဆိုတော့ အပြောင်းအလဲတစ်ရပ်ကို ဖော်ဆောင်ဖို့ ငါလည်း ဒီဘူတာပဲ ဆိုက်ရဦးမယ်။ အဲဒါကြောင့် ဒီရွေးကောက်ပွဲမှာ NLD သာ နိုင်လို့ကတော့ ကျောင်းသားတွေ စိတ်ဝင်စားတဲ့ ဘာသာ ကို တက်ရောက်နိုင်မယ့် ကျောင်းကြီးတွေ၊ အဲဒီကျောင်းကြီးတွေက မွေးထုတ်ပေးလိုက်မယ့် ကျွမ်းကျင်လုပ်သားတွေ၊ အဲဒီ ကျွမ်းကျင်လုပ်သားတွေကြောင့် တိုးတက်လာမယ့် ငါတို့ နိုင်ငံကြီးကို လှမ်းမျှော်ကြည့်တာနဲ့တင် ၀မ်းသာပီတိဖြစ်ရတယ်ကွာ။ အဲဒီလိုနေ့ရက်တွေရောက်ရှိဖို့အတွက် နိုင်ငံသားတစ်ဦးတစ်ယောက်ချင်းစီရဲ့ တာဝန်ဟာ မဲစာရင်းကြည့်ဖို့နဲ့ NLD ကို မဲထည့်ဖို့ ဆိုတာကတော့ ပြောဖို့ မလိုတော့ဘူး ထင်ပါတယ်။ နောက်များမှ ဒီနိုင်ငံရဲ့ အစိုးရအကြောင်း၊ ကျန်းမာရေး၊ အခြေခံအဆောက်အအုံအကြောင်းတွေ မင်းကို လှမ်းပြောပြဦးမယ် သူငယ်ချင်းရေ ။

မင်းရဲ့ သူငယ်ချင်း
စည်သူ(သံလွင်)

သူငယ်ချင်းသို့ ပြန်စာ (၄)


 
မြန်မာပြည်မှာ မဲစာရင်းတွေနဲ့ အလုပ်ရှုပ်နေကြတဲ့ အချိန် ငါ့အိမ်ကိုလည်း သြဇီ ရွေးကောက်ပွဲကော်မရှင် ဆီကစာလာတယ်ကွ။ ငါ ဒီလိပ်စာမှာ နေတယ်ဆိုတာတွေ့ရပေမယ့် သူတို့ရဲ့ မဲပေးခွင့်ရှိသူ စာရင်းမှာ ငါ့နာမည်မပါတဲ့ အကြောင်း၊ သြဇီမှာ အသက် ၁၈နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲ မပေးမနေရဖြစ်တဲ့အတွက် မဲပေးခွင့်ရှိသူစာရင်းမှာ နာမည်ထည့်ရမယ့်အကြောင်း၊ မဲပေးခွင့်မရှိသူဆိုရင်လည်း ဘာကြောင့် မရှိရသလဲဆိုတာကို ပြန်ပြောရမယ့်အကြောင်း စာရောက်လာတာပါ။ ငါလည်း သူတို့နိုင်ငံသားမဟုတ်လို့ မဲပေးခွင့် ရှိသူမဟုတ်ပါဘူးလို့ဆိုပြီး စာပြန်ပို့ပေးလိုက်တယ်။ ငါတို့နိုင်ငံ မဲစာရင်းရဲ့ လူနာမည် နေရာမှာ “တက္ကသိုလ်လမ်း” ဖြစ်နေတာ၊ အဖေနာမည်နဲ့ သားနာမည် တစ်ခုတည်းဖြစ်နေတာ၊ နာမည်တွေ နှစ်ခုထပ်နေတာတွေ ဖြစ်နေတဲ့အချိန် ဒီမှာတော့ စာရင်းမှာ ဒီလူရှိ မရှိကို သိတာနဲ့ ချက်ချင်း ရွေးကောက်ပွဲကော်မရှင်က စာရောက်လာရော။ ပြီးတော့ မဲ မပေးမနေရ စနစ်ဖြစ်တဲ့အတွက် မဲမပေးဘူးဆိုရင် ဒဏ်ကြေး ဒေါ်လာ ၂၀ ဆောင်ရတယ်။ စင်္ကာပူလည်း တူတူပဲ၊ မဲမပေးမနေရ။ မဲမပေးခဲ့ဘူးဆိုရင် မဲစာရင်းထဲကနေ ကိုယ့်နာမည်ကို ထုတ်လိုက်မှာ ဖြစ်ပြီး နောင်တချိန် မဲပြန်ပေးချင်တယ်ဆိုရင်တော့ ဒဏ်ကြေး ဒေါ်လာ ၅၀ ပေးရမယ်တဲ့။



ငါတို့နိုင်ငံမှာတော့ မဲပေးဖို့ကို မနည်းဆော်သြနေကြရတယ်။ မင်း ပြောသလိုပေါ့ကွာ ဒီမိုကရေစီနိုင်ငံတော် ကြီးဆီကို မဲရုံသွားတဲ့ ခြေလှမ်းတွေနဲ့ စကြရမယ်ကွ။ အဲဒါမှ ငါတို့ လိုချင်တဲ့ အစိုးရတရပ်ကို ငါတို့ ရွေးချယ်နိုင်မယ်။ အရပ်ထဲမှာ ပြောပြောနေတဲ့ ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရမယ်ဆိုတဲ့ လူတွေကို တစ်ခုလောက်ပြောပေးစမ်းပါကွာ။ တကယ်အစိုးရကောင်းရင် ကိုယ်မလုပ်လည်း ကိုယ်စားခွင့်ရှိတယ်၊ ဒါမှမဟုတ် ကိုယ် လုပ်သလောက် တကယ်ကို ကိုယ်စားခွင့် ရှိတယ်ဆိုတဲ့ အကြောင်းလေး။ သြဇီမှာ သူ့နိုင်ငံသားတွေ အလုပ်မရှိဘူးဆိုရင် အစိုးရက လစဉ်ထောက်ပံ့ကြေးပေးတယ်။ ကလေးမွေးထားပြီး ကလေးကို အမေက ပြုစုစောင့်ရှောက်ဖို့ အလုပ်မလုပ်ဘူးဆိုရင် အစိုးရက ထောက်ပံ့ကြေးပေးတယ်၊ အသက်ကြီးလာရင် ထောက်ပံ့ကြေးပေးတယ်၊ နေမကောင်းလို့ ဆေးခန်း၊ ဆေးရုံသွားရင် ပိုက်ဆံတပြားမှမယူဘူး၊ မသန်မစွမ်းတွေကို ထောက်ပံ့ကြေးပေးတယ်။ အဲဒီထောက်ပံ့ကြေးက ဒီနိုင်ငံရဲ့ ဈေးနှုန်းတွေနဲ့ ယှဉ်ရင် အများကြီးမဟုတ်ပေမယ့် စားလို့ သောက်လို့တော့ ဖြစ်တဲ့ အနေအထားပေါ့ကွာ။ ငါလည်း စပ်စပ်စုစု သူတို့ရဲ့ website မှာ အလုပ်မရှိသူတွေကို ဘယ်လောက်ပေးလည်း သိချင်လို့ သွားကြည့်တော့ နှစ်ပတ်ကို ၅၄၁ ဒေါ်လာပေးတယ်တဲ့၊ မိန်းမကပါ အလုပ်မရှိရင် နောက်ထပ် ၅၄၁ဒေါ်လာ၊ နှစ်ယောက်ပေါင်း ၁၀၈၂ ဒေါ်လာ၊ တစ်လဆိုရင် ၂၁၆၄ ဒေါ်လာ အလကားပေးပြီး အစိုးရက ကျွေးထားတယ်။ ဟ ကောင်းလှချည့်လား ငါ့ကောင်ရ ဒါဆို အားလုံး အလုပ်မလုပ်ပဲ ထိုင်စားနေကြမှာပေါ့လို့ တွေးနေပြီမဟုတ်လား။ အဲလောက်တော့ မလွယ်ဘူး သူငယ်ချင်း၊

အလုပ်မရှိလို့ အစိုးရက ပိုက်ဆံပေးရပြီဆိုတာနဲ့ CentreLink ဆိုတဲ့ အစိုးရအဖွဲ့အစည်း(ငါတို့ဆီမှာဆိုရင်တော့ လူမှု့ဖူလုံရေးလိုနေမှာပေါ့)က အလုပ်အတင်းရှာပေးတယ်။ အင်တာဗျူးတွေ သွားခိုင်းတယ်၊ တကယ်ကို အလုပ်က မရတဲ့ လူတွေကိုမှ အစိုးရက ပိုက်ဆံပေးတာကွ။ အဲဒါမှ အလုပ်မရသေးရင် သင်တန်းတွေ ငါ့အရင်စာမှာတုန်းက ပါတဲ့ TAFE လို ကျောင်းတွေကို အစိုးရစားရိတ်နဲ့ အတင်းတက်ခိုင်းတယ်။ ကျောင်းပြီးရင် အလုပ်အတင်းရှာပေးပြန်တယ်။
အလုပ်ရသွားရင်တော့ Qualification မရှိတဲ့ သူက အနိမ့်ဆုံး လစာ တနာရီကို ၁၅ဒေါ်လာလောက် ရပြီး တစ်ပတ်ကို ၄၀ နာရီ နဲ့ တွက်ရင် တစ်လကို ဒေါ်လာ၂၄၀၀ လောက်ရတယ်။ Certificate တွေ ဘွဲ့တွေ ရထားတဲ့ လူ၊ လုပ်ငန်းအတွေ့အကြုံလည်း ရှိတဲ့လူ ဆိုရင်တော့ တစ်လကို ဒေါ်လာ ၄၊ ၅ ထောင် ပြေးမလွတ်ဘူးပေါ့ကွာ။ ဒီမှာ အလုပ်လုပ်သူတိုင်း အိမ်နဲ့ကား ၀ယ်နိုင်ကြတော့ အိမ်တွေကားတွေ ရှိတဲ့သူက သူဌေးမဟုတ်ဘူး၊ ဇိမ်ခံကားအိမ် (Caraven) တွေ ဇိမ်ခံရွက်လှေ၊ သင်္ဘောတွေ ၀ယ်နိုင်တဲ့လူကမှ တကယ်ချမ်းသာတာ။ ဟ လခတွေက ကောင်းလှ ချည့်လားလို့ မင်းတွေးနေပြန်သလား။ အေး လခကောင်းပေမယ့် အစိုးရက လခများရင် များသလို Tax ကိုလည်း ၁၉% ကနေ ၄၅% လောက်ထိ လခ အနည်းအများပေါ်မူတည်ပြီး ပြန်နှုတ်ထားလေရဲ့။ ပြီးတော့ စောစောက အလုပ်မရှိတဲ့လူတွေကို ပြန်ပေးပေါ့ကွာ။ ဒါ့ကြောင့် ငါပြောတာပေါ့ ဘယ်အစိုးရ တက်တက် ကိုယ်လုပ်မှ ကိုယ်စားရမယ်ဆိုတာထက်၊ ကိုယ်မလုပ်ပဲ ကိုယ်စားနိုင်သလို ကိုယ်လုပ်သလောက် တန်ရာ တန်ရာ ကိုယ်စားနိုင်ဖို့လည်း လိုသေးတယ်ကွ။ မင်းစဉ်းစားကြည့်ကွာ ဒီမှာလည်း လူတစ်ယောက် တစ်ပတ်ကို နာရီလေးဆယ်လောက်လုပ်ရတာပဲ ငါတို့ဆီမှာလည်း နာရီလေးဆယ်လုပ်ကြတာပဲ၊ ဒါပေမယ့် ဘာလို့ ဒီကလူတွေက အိမ်နဲ့ ကားနဲ့ သက်တောင့်သက်သာနေနိုင်ပြီး ငါတို့ဆီမှာ လူတွေ ဒုက္ခရောက်နေသလဲ။ ကိုယ်လုပ်သလောက် ကိုယ်မစားရလို့ပေါ့ကွာ။ အဲဒီတော့ ကိုယ်လုပ်သလောက် ကိုယ်စားခွင့် ရှိတဲ့ စနစ်တစ်ခု အစိုးရတစ်ရပ်ကို ဖော်ဆောင်ဖို့က ငါတို့တွေ အားလုံးရဲ့ တာဝန်ပဲမဟုတ်လား။ ဟော ပြောရင်းနဲ့ နိုင်ငံရေးတွေ ပါလာပြန်ပြီ။


ဟုတ်တယ်သူငယ်ချင်း ငါတို့ဆီမှာ လူတွေက နိုင်ငံရေး စိတ်မ၀င်စားဘူး။ ရှုပ်ရှုပ်ရှက်ရှက်တွေဆိုပြီး ထင်ကြတယ်။ အမှန်အတိုင်းပြောရရင် နိုင်ငံရေးကို စိတ်မ၀င်စားပေမယ့် အဲဒီနိုင်ငံရေးဆိုတာကြီးက ငါတို့ လမ်းတွေကို ကျပ်စေတယ်၊ ငါတို့ မီးတွေကို ပျက်စေတယ်၊ ငါတို့မျိုးဆက်တွေရဲ့ ပညာရေးကို ရပ်စေတယ်၊ ငါတို့ တိုင်းပြည်ကြီးကို ဖျက်နေတယ် ဆိုတာကိုတော့ လူတိုင်း သိကြဖို့လိုမယ်ကွာ။ ကဲ ဒါဆို ဘယ်နိုင်ငံရေးကို သိဖို့လိုမလဲ လို့မေးမလား။ ရှင်းရှင်းလေးပဲ ပြောရရင် အနည်းဆုံးတော့ ကိုယ့်ကို အုပ်ချုပ်မယ့် စနစ်၊ ကိုယ့်ကို အုပ်ချုပ်မယ့် အစိုးရကိုတော့ သိဖို့လိုတယ်ကွ။ အုပ်ချုပ်မယ့်စနစ်ဆိုတော့ လောလောဆယ် ပြောရရင် ငါတို့အားလုံး လိုချင်နေတဲ့ ဒီမိုကရေစီပေါ့။ ဟိုးတလောက ငါတို့နိုင်ငံရဲ့ စစ်တမ်းတစ်ခုမှာ ဒီမိုကရေစီဆိုတာ ဘာလဲလို့ မေးတော့ ၉၀%လောက်က လွတ်လပ်ရေးလို့ ဖြေကြတယ်တဲ့။ အဲဒီမှာကတည်းက စလွဲတာပဲ။ ဒီမိုကရေစီဆိုတာ အဲဒီလွတ်လပ်ရေးဆိုတာထက်ကို အများကြီးကျယ်ပြန့်ကြောင်း သိနိုင်ဖို့ အတွက် Wiki လုပ်ကြည့်တဲ့အခါ ဒီမိုကရေစီဆိုတာ ဂရိဘာသာစကား Demos=People, Kratos=Power တို့ပေါင်းစပ်ထားတဲ့ “Demokratia” ဆိုတဲ့ စကားလုံး ကလာတာဖြစ်တယ်။ တနည်းအားဖြင့် People Power ၊ မြန်မာလိုဆိုရင်တော့ ပြည်သူ့အာဏာစနစ်ပေါ့။ အဲဒီ ဂရိစကားလုံးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော် ဒီမိုကရေစီကို ကျင့်သုံးခဲ့တဲ့ အချိန်ကတည်းက စတင်သုံးစွဲလာတာဆိုတော့ ငါတို့က အခုထက်ထိ ဒီမိုကရေစီစနစ်မသုံးစွဲနိုင်သေးဘူးဆိုတော့ နှစ်ပေါင်း ၂၅၀၀ လောက် နောက်ကျနေပြီပဲ ပြောရမလား။ ဆက်ဖတ်ကြည့်တော့ “ဒီမိုကရေစီစနစ်ကို ဘယ်လို အဓိပ္ပါယ်ဖွင့်တယ်ဆိုတာ တိတိကျကျမရှိကြပေမယ့် တရားသဖြင့် တန်းတူညီခြင်း၊ နိုင်ငံရေးအရ လွတ်လပ်ခွင့်ရခြင်း၊ တရားဥပဒေ စိုးမိုးခြင်း စတဲ့ အချက်တွေကတော့ အရမ်းအရေးကြီးတယ်”လို့ ရေးထားတာ တွေ့ရတယ်။

ကဲ အဲဒီကနေ ဆက်စပ်ပြီးတွေးတော့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးမယ်ဆိုတဲ့ အစိုးရတစ်ရပ်ဟာ အနည်းဆုံးတော့ အဲဒီအချက်သုံးချက်နဲ့ ကိုက်ညီမှ ရလိမ့်မယ်ဆိုတာကို ငါတို့ သိရလိမ့်မယ်။ အသစ်တက်မယ့် အစိုးရကို ဝေဖန်သုံးသပ်ချက်တွေ အများကြီးမလုပ်နိုင်သေးပေမယ့် အခု လက်ရှိအစိုးရကို ငါတို့ သုံးသပ်ကြည့်ရအောင်ပါ။ တရားသဖြင့် တန်းတူညီခြင်းဆိုတဲ့နေရာမှာ နီးစပ်ရာအသိုင်းအ၀ိုင်းနဲ့ ပတ်သက်ရာပတ်သက်ကြောင်းတွေကသာ အခွင့်ထူးခံဖြစ်နေတဲ့ အစိုးရတစ်ရပ်၊ နိုင်ငံရေးအရ လွတ်လပ်ခွင့်ရခြင်း ဆိုတဲ့ နေရာမှာ ပညာရေးပြုပြင်ပြောင်းလဲဖို့ ဆန္ဒပြကျောင်းသားတွေကို ထောင်သွင်းအကျဉ်းချတဲ့ အစိုးရတစ်ရပ်၊ တရားဥပဒေစိုးမိုးခြင်းကတော့ အထွေအထူးပြောနေစရာတောင် မလိုတဲ့ အစိုးရတစ်ရပ်ကို ငါတို့ လက်မခံသင့်ကြောင်းလောက် နိုင်ငံရေးကိုတော့ ငါတို့ သိကြရလိမ့်မယ် သူငယ်ချင်း။ စာလည်း ရှည်ပြီ ရွေးကောက်ပွဲလည်း နီးလာပြီဆိုတော့ ဘယ်အစိုးရတက်တက်မဟုတ်ပဲ၊ ကိုယ်လိုချင်တဲ့ အစိုးရတက်ဖို့၊ ဒီမိုကရေစီနဲ့ နိုင်ငံရေးအခြေခံလောက်တော့ သိဖို့၊ အဲဒါမှ ငါတို့ရဲ့ လူနေမှုအဆင့်အတန်းတွေ မြင့်တက်ပြီး ငြိမ်းချမ်းသာယာဖို့ ဆိုတာတွေကတော့ မင်းတို့ ငါတို့ ပြည်သူတွေ အားလုံးရဲ့ တာဝန်ပဲမဟုတ်ပါလား သူငယ်ချင်းရာ. ။

မင်းရဲ့ သူငယ်ချင်း
စည်သူ(သံလွင်)

သူငယ်ချင်းသို့ ပြန်စာ(၅)


သူငယ်ချင်းရေ ငါလည်း မင်းဆီ စာမရေးဖြစ်တာ ကြာပေါ့။ အခုတော့ စစ်လေယာဉ်ပျက်ကျတာနဲ့ ပတ်သက်ပြီး ဆက်စပ်တွေးမိတာလေးတွေကြောင့် ဒီစာကို ရေးလိုက်တယ်။ လေသူရဲတွေ သေဆုံးသွားတယ်ဆိုတာ သိရလို့ တကယ်ကို စိတ်မကောင်း ၀မ်းနည်းကြီးစွာ ဖြစ်ရပါတယ်။ ဒါပေမယ့် သေဆုံးသွားတဲ့ လူတွေ အတွက် ဒါမှမဟုတ် တပ်မတော်အတွက် ကြံဖန်ပြီး လောဘီလုပ်နေရတာတွေကို တွေ့တော့ ပိုပြီး စိတ်မကောင်းဖြစ်ရတယ်။ တပ်မတော်အတွက် ဒီလောက်တောင် လော်ဘီလုပ်စရာ ရှားနေပြီလား။ ဘယ်နိုင်ငံ ဘယ်လူမျိုးမဆို ဘယ်လို မတော်တဆ ထိခိုက်မှုဖြစ်ဖြစ် တတ်နိုင်သမျှ Impact အနည်းဆုံးဖြစ်အောင် နောက်ဆုံးအချိန်ထိ ကြိုးစားရစမြဲပါ။ ဒါဟာ လူသားဆန်တဲ့ဝါဒပါ။ အဲဒါနဲ့ ဆက်စပ်ပြီး လွန်ခဲ့တဲ့ ၆နှစ်လောက်က စင်္ကာပူမှာ ဖြစ်သွားတဲ့ ရဟတ်ယာဉ် စက်ချွတ်ယွင်းပြီး မြက်ခင်းပြင်ပေါ် ပျက်ကျသွားခဲ့တာလေးကို ပြန်သတိရမိတယ်။ မှတ်မိနေတာ တခြားကြောင့်မဟုတ်ဘူးကွ၊ ငါတို့ Woodlands အိမ်ကနေ ကိုက်အနည်းငယ်လောက်ဝေးတဲ့ မူလတန်းကျောင်းလေးရဲ့ အရှေ့ မြက်ခင်းပြင်မှာ ပျက်ကျခဲ့လို့ ပိုပြီးမှတ်မိနေတာပါ။ အဲဒီတုန်းကလည်း လူနေအိမ်တွေပေါ် ပျက်ကျခဲ့ရင် ဒါမှမဟုတ် ကျောင်းပေါ် ပျက်ကျခဲ့ရင် လူအသေအပျောက်နည်းမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဘယ်သူမှ ဒါကို ပျက်ကျတော့မယ့် ဆဲဆဲ လူတွေ အသေအပျောက်မရှိအောင် မြက်ခင်းပြင်ပေါ် အသည်းအသန် ပျက်ကျလိုက်ရပါတယ်ဆိုပြီး လော်ဘီလုပ်နေတာ မတွေ့မိဘူး။ “ရဟတ်ယာဉ်မှူး နှစ်ဦးအပါအ၀င် ဘယ်သူမှ ထိခိုက်ဒဏ်ရာမရရှိဘူး” ဆိုပြီး သတင်းအနေနဲ့ပဲ ပါလာတယ်။ သတင်းအစုံအလင်ကိုတော့ အောက်က လင့်မှာ ဖတ်လို့ ရပါသေးတယ်။ http://news.asiaone.com/News/AsiaOne+News/Singapore/Story/A1Story20100930-239915.html

နောက်ဆုံးကုန်ကုန်ပြောရရင် ကားမောင်းရင်း Lost Control ဖြစ်လို့ ဖြစ်ဖြစ် ဘရိတ်ပေါက်လို့ ဖြစ်ဖြစ် အရှိန်မထိန်းနိုင်တော့ရင်တောင် အရှေ့မှာ လူတစ်ယောက်ယောက်ရှိတယ်ဆိုရင် တတ်နိုင်သမျှ ဘေးဖက်က ဓါတ်တိုင်၊ သစ်ပင်၊ ပလက်ဖောင်း စတာတွေကို ၀င်တိုက်ပြီး အရှိန်ကို သတ်ကြပါတယ်။ ဒါဟာ လူသားဆန်တဲ့ အပြုအမူ၊ မိမိကြောင့် တပါးသူ အသက်အိုးအိမ်ကို မပျက်စီးစေတဲ့ စိတ်ဓါတ်ပါ။ အခုတော့ အဲဒါကိုပဲ ဂုဏ်ယူသလိုရေးနေကြတော့ တပ်မတော်မှာ ဂုဏ်ယူစရာ ဒီလောက်တောင် ရှားနေပြီလားလို့ တွေးမိတယ်။ Accident ဆိုတာကြီးကို ဘယ်သူမှ မဖြစ်ချင်ကြသလို တကယ်ဖြစ်လာရင်လည်း ဘယ်သူမှ ရှောင်လွှဲလို့မရတဲ့အတွက် အသက်အိုးအိမ်တွေ ပျက်စီးရပါတယ်။ ဒါပေမယ့် အဲဒီအသက်အိုးအိမ်တွေ မလိုအပ်ပဲ မပျက်စီးအောင်၊ တချို့ဘ၀တွေဆိုလည်း ရှင်လျှက်နဲ့ သေနေသကဲ့သို့ မဖြစ်အောင်၊ ဘ၀မှာ ဘာမှ ထပ်ပြီး မျှော်လင့်ချက်မရှိတော့တာမျိုးတွေ မဖြစ်အောင်တော့ ကြိုတင်ပြီး တားဆီးကာကွယ်လို့ ရပါသေးတယ်။

ဥပမာ ဟိုတလောက မီးလောင်တဲ့ မင်္ဂလာဈေးဆို Fire Sprinkler System တွေ မရှိတာကြောင့်လား၊ မီးသတ်ကားမလုံလောက်တာကြောင့်လား၊ ရေမရှိလို့လား၊ အဲဒါတင်မဟုတ်ပဲ နမ့်ဆန် အပါအ၀င် နိုင်ငံတ၀ှမ်းက မီးဘေး၊ မိုးရာသီမှာ ဖြစ်နေကျရေဘေး အစရှိတာတွေ။ ပြီးတော့ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးအသင်းက ထုတ်ပြန်လိုက်တဲ့ လူတွေကို ဖြည်းဖြည်းချင်း သတ်နေတဲ့ အစားအစာ အသုံးအဆောင်တွေ အကြောင်း ၊ ဒါတွေကလည်း ငါတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို တနည်းမဟုတ် တနည်းနဲ့ ထိခိုက်နေတာပဲမဟုတ်လား။ တကယ်တော့ စစ်သား၊ အရပ်သားမှ မဟုတ်ပါဘူး၊ လူမှန်ရင် ချစ်သူမုန်းသူရှိစမြဲပါ၊ လူ့ဘ၀တွေ သေကြေပျက်စီးရတယ်ဆိုရင် အနည်းဆုံးတော့ သူ့မိသားစု သူ့ကို ချစ်တဲ့သူတွေကတော့ ဖြေမဆည်နိုင်အောင်ဖြစ်ကြရမှာပါ။ အရင်အစိုးရအဆက်ဆက်ကတော့ အဲဒီလို မသေသင့်ပဲ ချွေလွင့်ခံခဲ့ရတဲ့ လူ့ဘ၀တွေကို တာဝန်ယူနိုင်ခြင်းမရှိဘူးဆိုတာ ထပ်ပြောနေဖို့ မလိုဘူးထင်ပါတယ်ကွာ။

အခု NLD အစိုးရတက်လာတော့မယ် ငါတို့ လိုချင်တဲ့ နိုင်ငံတော်ဖြစ်တော့မယ်လို့ တထစ်ချ ယုံကြည်နေရင်တော့ ဒီအခြေခံဥပဒေအောက်မှာဆိုရင်တော့ “မထင်”လို့ တခွန်းတည်းပြောရမှာပါ။ မင်းကတော့ ပြောမယ် နောက်ဆုံးတော့ ဒီဘူတာပဲ ဆိုက်တာ ပဲ လို့။ ငါတို့မှာလည်း ဘယ်သွားသွား ဒီဘူတာကြီးက ခံနေတော့ ရှေ့ကို ဆက်တိုးဖို့ ဆိုတာ ဖြစ်မှ မဖြစ်နိုင်ပဲကွာ။ တပ်မတော်အနေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို တကယ်စောင့်ရှောက်တယ်ဆိုရင်၊ တပ်မတော်ရဲ့ သိက္ခာကို အဖတ်ဆည်ချင်တယ်ဆိုရင်၊ မြန်မာ့အရေးမှာ ရှေ့တန်းက ပါဝင်ချင်တယ်ဆိုရင် ပြည်သူတွေ အလိုလားဆုံးဖြစ်တဲ့ အခြေခံဥပဒေကို ပြင်ဖို့မှာ ဦးဆောင်ဦးရွက်ပြုဖို့ တိုက်တွန်းလိုက်ချင်တယ်ကွာ။ ဟိုတစ်နေ့က ဖေ့ဘုတ်မှာ တစ်ယောက်ရေးထားတဲ့ စာသားလေးတစ်ခုကိုတောင် ပြေးသတိရမိတယ်။ ဘာတဲ့ ”၅၉(စ)ကို ဆိုင်းငံ့ ဒါမှမဟုတ် ပယ်ဖျက်ပေးမယ်ဆိုရင် လာမယ့် မတ်လ ၂၇ရက်နေ့မှာ တနိုင်ငံလုံးက လမ်းတွေမှာ စံပယ်ပန်းကုံးတွေ ဖုံးသွားစေရမယ်”တဲ့။

မင်းရဲ့ သူငယ်ချင်း
စည်သူ(သံလွင်)

Thursday, January 21, 2016

အသီးစိမ်ပြီးနှပ်ထားတဲ့ရေ

ဘာကြောင့် အသီးစိမ်ပြီးနှပ်ထားတဲ့ရေ ကိုသောက်သင့်ပါသလဲ

၁. Green Tea၊ ပူဒီနာရွက်၊ သံပုရာသီး တို့ စိမ်ထားတဲ့ရေဟာ အဆီကိုလောင်းကျွမ်းစေတယ်၊ အစာချေစနစ်ကို ကောင်းစေတယ်၊ ခေါင်းကိုက်သက်သာစေတယ်၊ လန်းဆန်းစွာ အသက်ရှုရန် အထောက်အပံ့ပေးပါတယ်။

၂. စတော်ဘယ်ရီသီး နဲ့ ကီဝီသီး တို့စိမ်ထားတဲ့ရေဟာ နှလုံးသွေးကြောကိုပိုမို ကျန်းမာစေတယ်၊ ကိုယ်ခံအားစနစ်ကို အကာအကွယ်ပေးတယ်၊ သွေးထဲရှိ သကြားဓါတ်ကိုထိန်းညှိပေးတယ်၊ အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။

၃. သခွါးသီး၊ သံပုရာသီး၊ နဲ့ ရှောက်သီး တို့ စိမ်ထားတဲ့ရေဟာ ခန္ဓာကိုယ်တွင်းရှိ ရေပမာဏကို ထိန်းညှိပေးတယ်၊ လေပွခြင်းကိုကာကွယ်ပေးတယ်၊ အစားစားချင်စိတ်ကို ထိန်းပေးတယ်၊ ရေဓါတ်ကို ဖြည့်ဆည်းပေးတယ်၊ အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။

၎. ရှောက်သီး၊ သံပုရာသီး၊ နဲ့ လိမ္မော်သီး တို့ စိမ်ထားတဲ့ရေဟာ အစာချေစနစ်ကို ကောင်းမွန်စေတယ်၊ Vitamin C ဓါတ်ကိုပေးတယ်၊ ကိုယ်ခံအားစနစ်ကောင်းမွန်စေတယ်၊ (ပုံမှန် အခန်းအပူချိန်တွင်သောက်သုံးရန်)
အသီးစိမ်ပြီးနှပ်ထားတဲ့ရေဟာ ကိုယ်တွင်းအဆိပ်အတောက်ဖယ်ရှားခြင်း အတွက် ကောင်းစေပြီး ရေဓါတ်ကို ပြန်လည် ဖြည့်ဆည်းပေးပါတယ်။ ကိုယ်ကြိုက်သလောက် အသီးပမာဏကို ရေတွင် အနည်းဆုံး မိနစ် ၃၀ ခန့် စိမ်ပြီး သောက်သုံးနိုင်ပါသည်။
မှတ်ချက် - ရောဂါကုရန် ကုထုံးမဟုတ်ပါ။ ကျန်းမာစွာ နေထိုင်ခြင်းအတွက် အထောက်အကူ သက်သက်ဖြစ်ပါသည်။

Copied from Food Myanmar Facebook

Credit: Heather Johnson

Thursday, January 29, 2015

၂၀၁၅ ကျောင်းသားလှုပ်ရှားမှုရဲ့ အဓိကတောင်းဆိုချက်များ

ကျွန်တော်တို့ သပိတ်မှောက် ကျောင်းသားများ၏ တောင်းဆိုချက်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

(၁) ပညာရေးမူဝါဒနှင့် ဥပဒေများ၊ နည်းဥပဒေများ၊ ဆက်စပ်ဥပဒေများ ရေးဆွဲရာတွင် ကျောင်းသားကျောင်းသူ ကိုယ်စားလှယ်များ၊ ဆရာ ဆရာမ ကိုယ်စားလှယ်များ ပါဝင်ရန်ကိစ္စ၊

(၂) ကျောင်းသားသမဂ္ဂများ ၊ ဆရာသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းထူထောင် လှုပ်ရှားခွင့်နှင့် ၄င်းသမဂ္ဂများ တည်ရှိမှု အပေါ် တရားဝင်အသိအမှတ်ပြုရေးကိစ္စ။

(၃) လက်ရှိပြဌာန်းပြီးဖြစ်သော အမျိုးသားပညာရေး ဥပဒေတွင်ပါဝင်သည့် အမျိုးသားပညာရေး ကော်မရှင် နှင့် တက္ကသိုလ်များပေါင်းစပ်ညှိုနှိုင်းရေးကော်မတီ ဖွဲ့စည်းထားခြင်းကိစ္စ။

(၄) ဒေသအလိုက်နှင့် ကျောင်းအလိုက်လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့်ပညာရေးဆိုင်ရာ ကိုယ်ပိုင်ပြဌာန်းခွင့် ကိစ္စ။

(၅) လက်ရှိကျင့်သုံးလျက်ရှိသော စာမေးပွဲစနစ်နှင့် တက္ကသိုလ်ဝင်ခွင့်စနစ်များ ပြင်ဆင်ရန်ကိစ္စ။

(၆) ကျောင်းသားများ လွတ်လပ်စွာ စဉ်းစားတွေးခေါ်နိုင်ပြီး ၊ ကိုယ်တိုင်လေ့လာ စူးစမ်း သင်ယူနိုင်သည့် သင်ကြား နည်းစနစ်များ ပြောင်းလဲရန်ကိစ္စ။

(၇) တိုင်းရင်းသားမျိုးနွယ်စုများ၏ ဘာသာစကားလွတ်လပ်ခွင့်နှင့် မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံ ပညာရေးစနစ် ( mother tongue based multi-lingual education ) ကို အမျိုးသားပညာရေးဥပဒေတွင် ထည့်သွင်းပြဌာန်းရန်ကိစ္စ။

(၈) မသန်စွမ်းကလေးများအပါအ၀င် ကလေးအားလုံးအတွက် လူတိုင်းအကျူံးဝင်ပညာရေး (inclusive education) ကိစ္စ။

(၉) ကျောင်းသားအရေးအခင်းများကြောင့် ကျောင်းထုတ်ခံခဲ့ရသည့် ကျောင်းသားများ ကျောင်းပြန်လည်တက်ရောက် ခွင့် ကိစ္စ။

(၁၀) ပညာရေးအသုံးစရိတ်ကို တစ်နိုင်ငံလုံးအသုံးစရိတ်၏ ၂၀% သတ်မှတ်နိုင်ရေးကိစ္စ။

(၁၁) အခမဲ့ မသင်မနေရ ပညာရေးစနစ်ကို မူလတန်းအဆင့်သာမက အလယ်တန်းအဆင့်အထိ တိုးမြှင့် ကျင့်သုံးရေး ကိစ္စ...

Sunday, January 11, 2015

အလင်းမုခ်ဦးလား ငရဲဝင်ပေါက်လား ၂၀၁၅

၂ဝ၁၅ နဲ့ပတ်သက်တဲ့အမြင်နဲ့ စိုးရိမ်မှုတွေအကြောင်း မဆွေးနွေးခင်မှာ ကျွန်တော်တို့အားလုံးကို ၂ဝ၁၅ ဆီ သယ်ဆောင်လာပေးတဲ့ ဒီမိုကရေစီခေတ်အမည်ရ လေးနှစ်တာကာလလေးကို ပြန်ပြီးသုံးသပ်ကြည့်ပါရစေ။

ကျွန်တော်ရဲ့ကိုယ်ပိုင် သုံးသပ်ချက်ဖြစ်တဲ့အတွက် ဆန္ဒရှိသလို ကွဲလွဲနိုင်ပါတယ်။
၂ဝ၁ဝ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါဝင်ယှဉ်ပြိုင်လာမှာကို စိုးရိမ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို နည်းလမ်းရှာပြီး နေအိမ်အကျယ်ချုပ် သက်တမ်းထပ်တိုးခဲ့တယ်။ ခေါင်းဆောင်ကို မလွှတ်ပေးဘဲ ရွေးကောက်ပွဲလာဝင်လေလို့ အဖြစ်သဘော ဖိတ်ခေါ်မှုတွေအပြင် ဝင်ပြိုင်ရင်တောင် အနိုင်မပြိုင်ဘဲ အရှုံးခံသင့်တယ်ဆိုတဲ့ တိုက်တွန်းမှုတွေကြားထဲမှာ NLD ဟာ ရွေးကောက်ပွဲကို ဝင်မပြိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မစ္စတာရက်တောကိစ္စသာ မပေါ်ပေါက်ခဲ့ဘဲ ၂ဝ၁ဝ မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်၊ NLD ကလည်း ရွေးကောက်ပွဲကို ဝင်ပြိုင်ခဲ့မယ်ဆိုရင် ၂ဝ၁ဝ ရွေးကောက်ပွဲရဲ့ အနိုင်ရပါတီဟာ လက်ရှိအနိုင်ရပါတီ ဖြစ်လာမလား မသေချာပါဘူး။ ဒီအကွက်တွေ ကြိုမြင်ခဲ့လို့လည်း NLD ဝင်မပြိုင်တဲ့ အခင်းအကျင်းကို ဖန်တီးခဲ့တာလို့ မြင်ပါတယ်။ တစ်ဖက်က တစ်ချက်ခုတ်တာ နှစ်ချက်ပြတ်တယ်လို့ပဲ ဆိုရမလား။ အဲဒီ့အကွက်နဲ့ အဲဒီ့ဆုံးဖြတ်ချက်ကြောင့် NLD ထဲမှာ အကွဲအပြဲဇာတ်လမ်းတွေ ဖြစ်ပေါ်ခဲ့ပြီး ရွေးကောက်ပွဲဝင်မယ့် ပါတီအသစ်တွေ ဖြစ်လာခဲ့ပါတယ်။ တစ်ချိန်တစ်ခါက ကျောင်းသားတွေနဲ့ လူငယ်တွေကို ကိုယ်စားပြုတဲ့ တစ်ကောင်တည်းသော ခွပ်ဒေါင်းဟာ ကလုန်း (Clone) တွေ ပေါ်လာပါတော့တယ်။ တစ်ချိန်တစ်ခါက နိုင်ငံတစ်ဝန်းကို ငြိမ်းချမ်းအေးမြစေမယ်လို့ ကြွေးကြော်ခဲ့ဖူးတဲ့ ခမောက်ဟာလည်း အရောရော အယောင်ယောင်တွေ ဖြစ်ကုန်ပါတော့တယ်။ ရှိရင်းစွဲ အခင်းအကျင်းတစ်ခုကို တစ်ခုတည်းသော ရည်မှန်းချက်နဲ့ နည်းဗျူဟာမတူညီဘဲ ချဉ်းကပ်ဖို့ ကြိုးစားကြသူအချင်းချင်း နားလည်မှုတစ်ခုယူပြီး စည်းနှောင်မထားနိုင်ကြဘဲ ဘာလို့များ ပြန်စေ့မရလောက်အောင် ကွဲသွားကြသလဲဆိုတာ သမိုင်းမှာ အဖြေရှာကြရမယ့် ကိစ္စတစ်ခုပါပဲ။ တစ်ဖက်က အချို့တွေ တပ်ထဲမှာနေ၊ အချို့တွေ ယူနီဖောင်းပြောင်း၊ ဘယ်သူက ဘာလုပ်၊ ဘယ်သူက ဘာလုပ်နဲ့ လူခွဲကစားနေချိန်မှာ ဒီမိုကရေစီအင်အားစုတွေ ဘက်မှာတော့ လူတွေ အစိတ်စိတ်အမြွှာမြွှာ ကွဲကုန်ပါတော့တယ်။ ပြည်သူအချင်းချင်း ဒီမိုကရက်တစ်အင်အားစု အချင်းချင်း စည်းလုံးမှုပြိုကွဲနေခြင်းဟာ အာဏာရှင်တွေရဲ့ သည်းခြေကြိုက်အစာပါပဲ။
၂ဝ၁ဝ အသင်းငယ်လေးတွေကိုပဲ ဖိတ်ခေါ်ပြိုင်တဲ့လုပ်ပွဲကြီးမှာ ကြိုတင်စီမံထားတဲ့အတိုင်း ထိုင်ခုံနေရာတွေ ခွဲဝေယူကြအပြီး ၂ဝ၁၂ မှာ နိုင်ငံရေးအကျဉ်းသားတွေ တော်တော်များများကို လွှတ်ပေးခဲ့ပါတယ်။ အဲဒီ့အချိန်ကာလဟာ ပြည်သူလူထုရဲ့ မျှော်လင့်ချက်တွေ အားအကောင်းဆုံးပွင့်လန်းလာတဲ့ အချိန်ကာလလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီ့မျှော်လင့်ချက်တွေကို အစိုးရ၊ အတိုက်အခံနဲ့ ထောင်ကလွတ်လာကြတဲ့ နိုင်ငံရေးသမားတွေ ဘယ်လောက်အတိုင်းအတာအထိ ဖြည့်ဆည်းပေးနိုင်ခဲ့ကြသလဲလို့ မေးရင်တော့ အဖြေက အားရစရာ မကောင်းခဲ့ပါဘူး။ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ မဖြစ်စလောက် နေရာလေးကို သဘောကောင်းချင်သယောင်နဲ့ပေးပြီး လက်ရှိအခင်းအကျင်းရဲ့တရားဝင်မှုကို ပိုမိုခိုင်မာစေခဲ့တဲ့ ကစားကွက်ကလည်း ဂိုးပေါင်းများစွာ သွင်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD အပြတ်အသတ် အနိုင်ရသွားခြင်းက တစ်ဖက်ကို တပ်လှန့်လိုက်သလိုဖြစ်သွားပြီး စိုးရိမ်မှုတစ်စုံတစ်ရာ ဖြစ်စေခဲ့တာ သေချာပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်အရ လွတ်လပ်စွာနဲ့ တရားမျှတစွာသာ ယှဉ်ပြိုင်မယ်ဆိုရင် မနိုင်နိုင်ဘူးလို့ သဘောပေါက်သွားသူ အချို့ဟာ အဲဒီ့ကြားဖြတ်ရွေးကောက်ပွဲ အပြီးမှာပဲ Dirty Game လို့ခေါ်တဲ့ ညစ်ပွဲတွေ စ,ကစား ပါတော့တယ်။ ညစ်ပွဲတွေများစွာထဲမှာ အားအကောင်းဆုံးကတော့ အာဏာရှင်အစိုးရ အဆက်ဆက် အသုံးပြုခဲ့ကြတဲ့ ဘာသာရေးမှိုင်းဆိုတဲ့ ဗျူဟာဟောင်းကြီးပါပဲ။ ဗျူဟာဟောင်းကြီး ဆိုပေမယ့်လည်း လူထုရင်ထဲမှာ သန္ဓေတည်နေခဲ့တဲ့ ဒဏ်ရာဟောင်းတွေကြောင့် ဘာသာရေး ကွဲပြားမှုကြောင့်ဖြစ်တဲ့ အမုန်းမီးဟာ ပိုပြီးကြီးထွားလာခဲ့သလို အင်တာနက်၊ လွှတ်တော် စတဲ့နည်းလမ်းအသစ်တွေနဲ့ပါ ပေါင်းစပ်လှုပ်ရှားလာတဲ့အတွက် ပိုမိုကျယ်ပြန့်သွားပြီး တိုင်းပြည်ရဲ့ အနာဂတ်အတွက် စိုးရိမ်စရာကောင်းတဲ့ အခြေအနေမျိုးအထိတောင် ဖြစ်လာခဲ့ပါတယ်။ ဘာသာရေးကို အခြေခံပြီးဖြစ်တဲ့ ပဋိပက္ခတွေမှာ အမြင်ကျယ်ပြီး လူသားဆန်တဲ့ မှတ်ချက်မျိုးကို ပေးမိတဲ့ နိုင်ငံရေးခေါင်းဆောင် အချို့ရဲ့ အပြောအဆို အပြုအမူတွေကို ထောက်ပြပြီး နိုင်ငံရေးအရ ဝေဖန်တိုက်ခိုက်မှုတွေ လုပ်လာခဲ့ရာက နောက်ပိုင်းမှာတော့ ဘာသာရေးကို နိုင်ငံရေးအတွက် ဗြောင်ကျကျပဲ အသုံးချလာပါတော့တယ်။ ဘာသာရေးအကြောင်း ပြထားတဲ့ လှုံ့ဆော်မှု၊ မှိုင်းတိုက်မှုတွေဟာ နိုင်ငံရေးအရ တိုက်ခိုက်အပုပ်ချမှုတွေနဲ့ချည်း အဆုံးသတ်တာကို တွေ့လာရပြီး အသေအချာ ထပ်မံလေ့လာကြည့်တဲ့အခါ နောက်ကွယ်က လက်မည်းကြီးတွေဟာ တဖြည်းဖြည်းနဲ့ အစအနတွေ ပေါ်လာခဲ့ပါတယ်။ အဲဒီ့အဖြစ်အပျက်တွေ နောက်ပိုင်းမှာ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အထင်လွဲမှုတွေ၊ အမြင်စောင်းမှုတွေ ဖြစ်လာခဲ့ပြီး အချို့ဒေသတွေမှာဆိုရင် မဲရရှိဖို့တောင်ခက်ခဲတဲ့ အနေအထားမျိုးတွေ ဖြစ်လာတဲ့အတွက် သုံးခဲ့တဲ့ နည်းဗျူဟာဟာ အထိုက်အလျောက် အောင်မြင်ခဲ့တဲ့ သဘောမြင်လာရပါတယ်။ နောက်ထပ် အသုံးပြုခဲ့တဲ့ အကွက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို နေရာပေးသလိုလိုနဲ့ သူမရဲ့ခေါင်းပေါ်ကို လက်ပံတောင်းတောင်လို ဖြေရှင်းရခက်တဲ့၊ ပြည်သူနဲ့ ပါတီကြား အထင်အမြင်လွဲမှုတွေ ဖြစ်စေနိုင်တဲ့ကိစ္စမျိုးတွေ တင်ပေးပြီး ပါတီကိုထောက်ခံမှု လျှော့စေခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လွှတ်တော်ကိစ္စ၊ အခြားတရားဥပဒေ စိုးမိုးရေးကိစ္စတွေအပြင် ရံဖန်ရံခါပေါ်ပေါ်လာတဲ့ ဟိုကိစ္စ သည်ကိစ္စတွေဆိုတဲ့ ဝန်ထုပ်ဝန်ပိုးတွေ ပိနေတာကြောင့် ပါတီတည်ဆောက်ရေး လုပ်ငန်းတွေကို လှည့်မကြည့်နိုင်ခဲ့ခြင်းကလည်း NLD အတွက် အားနည်းချက် ဖြစ်ခဲ့ပါတယ်။
၂ဝ၁၅ နဲ့ နီးလာလေလေနေရာနဲ့ အာဏာကို အသက်လို တန်ဖိုးထားစွဲလမ်းသူတွေရဲ့ အကြောက်တရားဟာ ပိုမိုကြီးထွားလာပြီး အချို့သော ကစားကွက်တွေ၊ လုပ်ရပ်တွေနဲ့ ပြောစကားတွေဟာ အယောင်ယောင် အမှားမှားတွေ ဖြစ်ကုန်ပြီး သရုပ်မှန်တွေပေါ်လာတဲ့ အခြေအနေ ရောက်လာပါတယ်။ ကာတွန်းဆရာတွေ၊ ဆောင်းပါးရှင်တွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ တော်တော်များများကတော့ မင်းသားခေါင်းဆောင်း ကျွတ်ချိန်လို့ သမုတ်ကြပါတယ်။ ၂၆ ရာခိုင်နှုန်းနိုင်ရုံနဲ့ Majority ရပြီဆိုတဲ့ စကားမျိုးတွေ၊ ငြိမ်းချမ်းရေး မရရင် ရွေးကောက်ပွဲလုပ်ဖို့ ခက်မယ်ဆိုတာမျိုးတွေ၊ တိုင်းပြည် မတည်ငြိမ် မအေးချမ်းဘူးဆိုရင်တော့ စစ်တပ်က အာဏာပြန်ပြန်သိမ်းရမှာပဲစတဲ့ စကားတွေကနေတစ်ဆင့် အစိုးရ၊ လွှတ်တော်နဲ့ စစ်တပ်တို့ရဲ့ အတွင်းပိုင်းသရုပ်နဲ့ ဆက်စပ်မှုတွေကိုလှမ်းပြီး မှန်းဆလို့ရနိုင်သလိုပဲ အထိမခံတဲ့ကိစ္စတွေကို ကိုင်တွယ်မိတဲ့ မီဒီယာသမားအချို့ကို ဖမ်းဆီးထောင်ချနေတာတွေ၊ ကိုပါကြီးအသတ်ခံရတဲ့ကိစ္စတွေ၊ စာပေဟောပြောပွဲတွေကို အစိုးရကမဟုတ်ဘဲ အခြားသောဩဇာရှိ အဖွဲ့အစည်းအချို့က ဘာသာရေး အကြောင်းပြပြီး တားဆီးနှောင့်ယှက်နေတာတွေ၊ ကိုထင်လင်းဦး အဖမ်းခံရတဲ့ကိစ္စတွေ၊ ဆန္ဒပြသူတွေကို တရားစွဲတာတွေ၊ အကြမ်းနည်းနဲ့ နှိပ်ကွပ်ဖို့ ကြိုးစားလာတာတွေဟာလည်း လက်ရှိအာဏာပိုင်အချို့ရဲ့ နောက်ကွယ်က ဇာတ်ကောင်အချို့ပေါ်လာပြီး ကန့်လန့်ကာနောက်က အခင်းအကျင်းအချို့ကို မြင်လိုက်ရတဲ့ သဘောပါပဲ။ အာဏာပိုင်တွေထဲမှာ အပြောင်းအလဲကို အမှန်တကယ် လိုလားသူတွေ ရှိကောင်းရှိနိုင်ပေမယ့် လက်ရှိမြင်ကွင်းအရ အနောက်ကို ပြန်ဆွဲချင်နေကြသူတွေ ပိုများတယ်ဆိုတာ သိပ်ကိုသိသာ လွန်းလာပါတယ်။ အချို့သောကိစ္စတွေဟာ အခက်အခဲတွေ၊ အတားအဆီးတွေ၊ စီမံခန့်ခွဲမှုညံ့ဖျင်းမှုတွေကြောင့် ဖြစ်ရတာလို့ ဆိုနိုင်ပေမယ့် ကိစ္စတော်တော်များများကတော့ စေတနာဆိုး၊ စေတနာမှားတွေကြောင့် ဖြစ်နေတယ်ဆိုတာ ထင်ရှားပါတယ်။
အဲဒီ့တော့ ၂ဝ၁၅ အတွက် ဘာတွေမြင်ပြီး ဘာတွေစိုးရိမ်သလဲ ဆိုတာကို ပြောရရင် ဘာသာရေးကို သုံးသင့်ရင် သုံးရမှာပဲဆိုတဲ့ အာဏာရပါတီရဲ့ ကိုယ်စားလှယ်တစ်ယောက် ပြောခဲ့တဲ့စကားအရ နိုင်ငံရေး ရည်မှန်းချက်အတွက် ဘာသာရေးကို ခုတုံးလုပ်တဲ့ လှုပ်ရှားမှုတွေ၊ လှုံ့ဆော်မှုတွေ အများကြီးဖြစ်လာနိုင်စရာ အကြောင်းရှိပါတယ်၊ ပြည်သူလူထုအနေနဲ့ ခေါင်းစဉ်လှလှကြီးကို ခပ်ကြီးကြီး တပ်ထားပြီး တိုင်းပြည်ဖျက်ဖို့ ကြိုးစားနေတဲ့ လိမ်စဉ်တွေကို အသိဥာဏ်ကြီးကြီးနဲ့ သတိထားတုံ့ပြန်နိုင်ကာမှ ပြည်သူအချင်းချင်း ရန်တိုက်ပေးတဲ့ ပဋိပက္ခတွေကို ရှောင်နိုင်မှာပါ။ နောက်တစ်ခုက တိုင်းပြည်မတည်ငြိမ် မအေးချမ်းဘူးဆိုရင် စစ်တပ်က အာဏာပြန်သိမ်းမယ်လို့ လေသံပစ်ထားတဲ့အတွက် အာဏာသိမ်းဇာတ်ကွက်ကိုခင်းဖို့ မတည်ငြိမ် မအေးချမ်းမှုတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ချခင်းတဲ့ ဇာတ်ညွှန်းမျိုး ထွက်လာနိုင်ပါတယ်။ အသင့်ရှိနေတဲ့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးကို အချိန်ကိုက်ချသုံးပြီး မတည်ငြိမ် မအေးချမ်းမှုတွေကို ဖန်တီး၊ ပြီးတော့လည်း ချောက်ထဲကျလုလု နိုင်ငံတော်ကြီးကို ကယ်တင်လိုက်ရပြန်ပြီဆိုတဲ့ ဓာတ်ပြားဟောင်းကြီး ပြန်ဖွင့်ပြမယ့် အကွက်မျိုးတွေ ဖြစ်လာနိုင်စရာ အကြောင်းရှိပါတယ်။                            
ဖြစ်လာနိုင်တဲ့ စိန်ခေါ်မှုခပ်ကြီးကြီးတွေကို စည်းစည်းလုံးလုံးနဲ့ စနစ်တကျနဲ့ ဗျူဟာမြောက် မတုံ့ပြန်နိုင်ဘူး ဆိုရင်တော့ ကျွန်တော်တို့ အခုကြုံတွေ့နေရတဲ့ ညီအစ်ကိုမသိတသိ အချိန်ဟာ မနက်ခင်းကို ဦးတည်နေတဲ့ အရုဏ်ဆည်းဆာ မဟုတ်ဘဲ ညအမှောင်ကို ဦးတည်နေတဲ့ ညနေဆည်းဆာအချိန် ဖြစ်မှန်းမသိ ဖြစ်သွားပါလိမ့်မယ်။ လာမယ့် ၂ဝ၁၅ ဟာလည်း ပြည်သူလူထုတစ်ရပ်လုံး မျှော်လင့်တောင့်တနေတဲ့ တိုးတက်ငြိမ်းချမ်းသော နိုင်ငံတော်အသစ်ဆီကို ခေါ်ဆောင်သွားပေးမယ့် အလင်းမုခ်ဦးတစ်ခု ဖြစ်မလာဘဲ စစ်အာဏာရှင် စနစ်တည်းဟူသော ငရဲခန်းကို ပြန်လှည့်မယ့် ငရဲဝင်ပေါက်တစ်ခု ဖြစ်သွားပါလိမ့်မယ်။

နေဘုန်းလတ်

Sunday, December 28, 2014

လက်ဝဲလက်ယာ နိုင်ငံရေး


အရင်က နိုင်ငံရေးသိပ္ပံသီအိုရီတချို့ကို အသုံးချပြီးရေးရင် လက်ဝဲလက်ယာ အသုံးအနှုန်းတွေကိုသုံးလေ့ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဒီ လက်ဝဲလက်ယာ အသုံးအနှုန်းတွေနဲ့ မရင်းနှီးသူတွေ အတွက် အများအားဖြင့်ချန်လှပ်ထားခဲ့ပါတယ်။ အခုတော့ လက်ဝဲလက်ယာတွေ တကြော့ပြန်လာတဲ့အတွက် နည်းနည်းပြန်ဖော်ပြချင်ပါတယ်။

နိုင်ငံရေးအယူအဆခေါ် အိုင်ဒီယိုလိုဂျီတွေအများကြီးရှိကြပါတယ်။ ဒီလို အယူအဆတွေကို နားလည်ဖို့အတွက် Political Spectrum ဆိုတာကို အရင်နားလည်ဖို့လိုပါတယ်။ Political spectrum ဆိုတာ မျဉ်းဖြောင့်တစ်ကြောင်းပေါ်မှာ အိုင်ဒီယာတွေကို နီးစပ်ရာအကန့်လိုက် တင်ထားကြည့်လိုက်တဲ့ သဘောပါပဲ။ ပေတံတချောင်းပေါ်မှာ တင်ထားကြည့်လိုက်တဲ့သဘောပေါ့။
အဲ့လိုတင်ထားကြည့်လိုက်တဲ့အခါမှာ အကြမ်းဖျင်း လက်ဝဲနဲ့လက်ယာ အုပ်စုနှစ်ခု တွေ့ရပါတယ်။ (လက်ဝဲလက်ယာသမိုင်းကတော့ ကိုထိုက်ရေးဖူးပါတယ်။)

လက်ဝဲအုပ်စုတွေရဲ့ အိုင်ဒီယိုလိုဂျီက ဘယ်ဖက်အစွန်းဆုံးကနေအလယ်အထိ စီလိုက်ရင် မင်းမဲ့ဝါဒ၊ ကွနမြူနစ်ဝါဒ၊ ဆိုရှယ်လစ်ဝါဒ အလယ်နားမှာကျတော့ ဆိုရှယ်လစ်ဘရယ်ဝါဒ ခေါ် ဒီမိုကရက်တစ်ဆိုရှယ်လစ်ဇင်အစိုးရဖြစ်ပါတယ်။ ညာဖက် အစွန်းဆုံးကို ကြည့်လိုက်ရင် ဖက်ဆစ်ဝါဒ၊ နာဇီဝါဒ၊ ဘာသာရေးအစွန်းရောက်ဝါဒများ၊ မျက်ကန်းမျိုးချစ်ဝါဒ၊ မျိုးချစ်ဝါဒ၊ နောက် ကွန်ဆာဗေးတစ်လက်ယာဝါဒ၊ ဒီမိုကရက်တစ်ကွန်ဆာဗေတစ်ဇင်ဝါဒ ဆိုပြီး ရှိတတ်ပါတယ်။
လက်ဝဲအိုင်ဒီယာတွေက မာ့စ်၊ ကွန်မြူနစ်သဘောတရားတွေကိုအခြေခံတတ်ပါတယ်။ မာ့စ်တို့ဟာလဲ ယခင် ဟေဂဲလ်တို့ဒဿနတွေအပေါ် တည်မှီပါတယ်။ အခြေခံအားဖြင့် ယနေ့လူ့ဘောင်ပဋိပက္ခတွေဖြစ်နေရတာဟာ မညီမျှမှုစံနစ်တွေကြောင်င့်္ဖြစ်တယ်။ ဒီစံနစ်တွေကို လုပ်ဆောင်နေတာ ဖောက်ပြန်တဲ့ ဓနရှင်လက်တစ်ဆုပ်စာကြောင့်ဖြစ်တယ်။ ဒါကြောင့် ဒီဖောက်ပြန်သူတွေကို လူများစု နင်းပြားတွေက လွတ်မြောက်ရေးအတွက် လူတန်းစားတိုက်ပွဲဆင်နွဲရမယ်ဆိုတဲ့ သဘောတရားကို အခြေခံပါတယ်။

ဒါပေမယ့်ကမ္ဘာ့သမိုင်းမှာ ကွန်မြူနစ်ခေါင်းဆောင် စတာလင်၊ မော်စီတုန်းတို့ဟာ လူပေါင်းများစွာ သတ်ဖြတ်ခဲ့ပြီး ပြည်သူလူထုကို နှိပ်စက်ခဲ့ပါတယ်။ မြောက်ကိုးရီးယား ကင်ဂျုံအီးလ်အပါအဝင်ပေါ့။ ကျူးဘားက ကတ်စ်ထရိုသည်လဲပဲ အာဏာကို နှစ်ပေါင်းများစွာ ဆုပ်ကိုင်ထားခဲ့ပါတယ်။ လက်ဝဲကွန်မြူနစ်စံနစ်က နိုင်ငံအပြောင်းအလဲအတွက် အာဏာရှင်အစိုးရတစ်ရပ်ကိုဖော်ဆောင်ပြီး ဘုံစံနစ်ကိုအကောင်အထည်ဖော်ပါတယ်။

နောက်ပိုင်းမှာတော့ ဒီလက်ဝဲဝါဒကို ပျော့ပြောင်းတဲ့ဒီလစ်ဘ၇ယ်လစ်ဇင်ရယ် ဒီမိုကရေစီအစိုးရစံနစ်ရယ်မှာ ပေါင်းစပ်လိုက်တဲ့အခါ ဆိုရှယ်ဒီမိုကရက်တစ်တွေဖြစ်လာပါတယ်။ လက်ဝဲစံနစ်အရ ပြည်သူလူထုကိုအသားပေးရပါတယ်။ ဒီမိုကရက်တစ်စံနစ်ကြောင့် စတာလင်တို့လို အာဏာရှင်တွေ ထွက်မလာပါဘူး။ ဒါ့ပြင် ဒီမိုကရေစီစံနစ်ကြောင့် လူတန်းစားအားလုံးကိုလဲ တပြေးညီဆက်ဆံရတဲ့အတွက် ဟန်ချက်မှုပြီးအေးချမ်းတည်ငြိမ်မှုဖြစ်ထွန်းလာပါတယ်။
လက်ဝဲအစိုးရတွေဟာ သာတူညီမျှချမ်းသာရေးကို ဦးစားပေးတတ်တဲ့အတွက် စီးပွားရေးမှာ ဘောဂဗေဒပညာရှင် ဂျွန်မေးနက်ကိန်းရဲ့ အယူအဆတချို့ဖြစ်တဲ့ နိုင်ငံတော်ဗဟိုက စီးပွားရေးကိုချုပ်ကိုင်ခြင်းကို အလွန်အားထားတတ်ကြပါတယ်။ ယနေ့ တရုတ်ကွန်မြူနစ်ရဲ့ Mixed Economy ဆိုတာ ဒီလိုသဘောတရားပဲဖြစ်ပါတယ်။ နောက်ပြီး ပညာရေး၊ ကျန်းမာရေး စတဲ့ အရာတွေအားလုံးကို အစိုးရက တာဝန်ယူလေ့ရှိပါတယ်။ ဒီအတွက်ပြည်သူလူထုက အခွန်အခကို များများပေးပြီး အစိုးရကို ကူညီရပါတယ်။ ဒီလိုနည်းနဲ့ ငွေမရှိလို့ လူသေရတယ်၊ ငွေမရှိလို့ ပညာမဲ့ဖြစ်ရတယ်ဆိုတဲ့ ကွာဟမှုတွေ နည်းပါးသွားပါတယ်။ ယနေ့အောင်မြင်နေတဲ့ နိုင်ငံတွေကတော့ စကင်ဒီနေးဗီးယန်းနိုင်ငံများ (နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ်၊ ဖင်လန်) စတဲ့နိုင်ငံများဖြစ်ပါတယ်။ ဒီနိုင်ငံတွေမှာ ပညာရေးစံနစ်တွေ အထူးအောင်မြင်တာကိုတွေ့ရပါလိမ့်မယ်။ Nordic Model လို့ခေါ်ပါတယ်။ အားနည်းချက်ကတော့ အစိုးရဟာ တတိုင်းပြည်လုံးကိုထောက်ပံ့ဖို့ အလွန်ကြီးမားတဲ့ဝန်ထုပ်ဝန်ပိုးကိုထမ်းရတတ်ပါတယ်။

လက်ယာဝါဒတွေကတော့ လူမျိုးရေး၊ ဘာသာရေး ယဉ်ကျေးမှုစံနှုန်းတွေကို အသားပေးပါတယ်။ ကိုယ့်လူမျိုး ကိုယ့်ဘာသာ ဆိုတဲ့အချက်ကို အထူးအလေးထားပါတယ်။ စီးပွားရေးစံနစ်မှာတော့ စီးပွားရေးလုပ်ငန်းရှင်တွေက "သူလုပ်မှသူရတာ" ဆိုတဲ့ တစ်ဦးချင်းပိုင်ဆိုင်မှု Equity ကို ကာကွယ်ပေးတတ်ပါတယ်။ အစိုးရက လုံးဝဝင်မစွက်တဲ့ လွတ်လပ်သော ကုန်သွယ်ရေး စီးပွားရေးစံနစ်ကို အားပေးပါတယ်။ ဒီလို လွတ်လပ်ပြီး စီးပွားရေးလုပ်ချင်တဲ့ လူတွေများမှ ကုန်ထုတ်လုပ်ငန်းတိုးတက်တာလို့ယုံကြည်ပါတယ်။ ပညာရေး ကျန်းမာရေးစတဲ့ကိစ္စတွေအတွက် ကိုယ့်တာဝန်ကိုယ်ယူပြီး စရိတ်မျှခံရတာကို အားမပေးပါဘူး။ ဒါပေမယ့် သူတို့အမြင်က ဖွံ့ဖြိုးတိုးတက်ပြီး လူချမ်းသာပေါများတဲ့ တိုင်းပြည်ဟာ ပညာရေး ကျန်းမာရေးအတွက်ကို ဖြုန်းအားပိုကောင်းတယ်။ ဒီတော့ အကောင်းဆုံးသော ဆားဗစ်တွေ တီထွင်မှုတွေရနိုင်တယ်ဆိုတဲ့ အမြင်ဖြစ်ပါတယ်။


မြန်မာ့နိုင်ငံရေး။ ။ မြန်မာပြည်မှာ အစဉ်အဆက်လွှမ်းမိုးခဲ့တာ လက်ဝဲနိုင်ငံရေးအယူအဆဖြစ်ပါတယ်။ အနီးစပ်ဆုံးကတော့ စတာလင်ဝါဒနဲ့ မော်ဝါဒ ဖြစ်ပါတယ်။ သခင်ကိုယ်တော်မှိုင်းရဲ့ အုပ်စု (ဗိုလ်ချုပ်တို့လူငယ်အုပ်စု)ဟာ လက်ဝဲ ဝါဒသမားတွေဖြစ်ပါတယ်။ ဗိုလ်ချုပ်ရဲ့ ပေါ်လစီဟာ ဒီမိုကရက်တစ်ဆိုရှယ်လစ်ဇင်အစိုးရပုံစံဖြစ်ပါတယ်။ နောက် ဗိုလ်ချုပ်သူငယ်ချင်း သခင်သန်းထွန်း သခင်စိုး တို့ဟာ ဗကပ အလံနီကွန်မြူနစ်ပါတီတွေကို ထူထောင်ခဲ့ကြပါတယ်။
ထူးခြားတာက ဗမာ့တပ်မတော်ကို သန္ဓေတည်ပေးလိုက်တဲ့ ဂျပန်တပ်မတော်သည် လက်ယာအိုင်ဒီယိုလိုဂျီပြင်းထန်လှတဲ့ဖက်ဆစ်တပ်မတော်ဖြစ်ပါတယ်။ ဒါနဲ့အတူ ယနေ့အချိန်အထိ အထင်အရှားတွေ့ရတာကတော့ မြန်မာတပ်မတော်သည် လက်ယာဝါဒ အမျိုးသားရေးဝါဒခေါ် နေရှင်နယ်လစ်ဇင်ကို ဆုပ်ကိုင်ထားတာပဲဖြစ်ပါတယ်။ နေရှင်နယ်လစ်ဇင်ရဲ့ ထင်ဟပ်မှုကိုတော့ တပ်မတော်ရဲ့ ဒို့တာဝန်အရေးသုံးပါးမှာတွေ့ရပါတယ်။ တပ်မတော်ရဲ့ အစဉ်အလာနိုင်ငံရေးပြိုင်ဘက်သည် ဗကပ ဖြစ်ပါတယ်။

တပ်မတော်ရဲ့နိုင်ငံရေးအိုင်ဒီယိုလိုဂျီက နေရှင်နယ်လစ်ဇင်ဖြစ်တဲ့အတွက် တပ်မတော်ရဲ့ စစ်ရေးတုန့်ပြန်မှုတွေဟာ Aggressive ဖြစ်ခဲ့တာကို တွေ့ရပါတယ်။ တပ်မတော်ရဲ့ နိုင်ငံရေးတုန့်ပြန်မှု ပုံစံတွေဟာ ရန်၊ငါ စည်းနဲ့ အုပ်စုခွဲခြားပုံစံဖြစ်တာကိုတွေ့ရပါလိမ့်မယ်။ တပ်မတော်အရာရှိတွေကို ပုံသွင်းထားတဲ့ Mind Framing အခြေခံနိုင်ငံရေးအယူအဆ သည် နေရှင်နယ်လစ်ဇင် ဖြစ်တဲ့အတွက် ငါတို့မရှိရင်တိုင်းပြည်ပြိုကွဲမယ်ဆိုတဲ့ အယူအဆသည် စိမ့်ဝင်နေပါတယ်။
အကယ်လို့သာ တပ်မတော်ရဲ့ အခြေခံနိုင်ငံရေးအိုင်ဒီယိုလိုဂျီသည်သာ လစ်ဘရယ်ဒီမိုကရေစီဖြစ်ခဲ့ရင် တပ်မတော်သားတွေရဲ့ အခြေခံအခွင့်အရေးတွေနဲ့ လွတ်လပ်ခွင့်တွေကို ခွင့်ပြုရပါလိမ့်မယ်။ ဒီလို လွတ်လပ်ခွင့်ရတာနဲ့ ဝေဖန်ဆန်းစစ်ခြင်းပါ တပါတည်း ပါလာပြီး Check and balance သဘာဝဟာ တပ်တွင်းမှာ ထင်ရှားဖြစ်ထွန်းလာပါလိမ့်မယ်။ ဒီလို အနေအထားသည် အာဏာရှင်လုံးဝ မကြိုက်တဲ့အနေအထားဖြစ်ပါတယ်။ ဒါကြောင့် တပ်သားတွေရဲ့ Mind Set ကိုဘယ်လိုပြောင်းမလဲဆိုတဲ့မေးခွန်းအတွက် တပ်သားတွေရဲ့အခြေခံလွတ်လပ်ခွင့်ကိုပေးအပ်လိုက်ရင် လစ်ဘရယ်ဒီမိုကရေစီသဘောတွေထည့်သွင်းပေးလိုက်ရင် Mind Set တွေပြောင်းလာပါလိမ့်မယ်။
ဆက်ရရင်1988 နောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဖဆပလနောက်ပိုင်းအင်အားကြီးပါတီအဖြစ် ထွက်လာခဲ့တဲ့အခါမှာ လက်ဝဲယိမ်း ဆိုရှယ်ဒီမိုကရက်ပုံစံနဲ့ထွက်ပေါ်လာခဲ့ပါတယ်။
ဒါပေမယ့် ဗမာ့နိုင်ငံရေးမှာ လက်ယာဒီမိုကရက်စစ်စစ် များကို လုံးဝမတွေ့ရဘဲ နေရှင်နယ်လစ်များကိုသာ တွေ့ရတာကတော့ ထူးခြားမှု တစ်ရပ်ပါပဲ။
သဘာဝအားဖြင့် လက်ဝဲအစဉ်အလာ ရှိတဲ့တိုင်းပြည်မှာ နိုင်ငံရေးလွတ်လပ်ခွင့်တစ်ခုရလာတာနဲ့ လက်ယာဒီမိုကရက်တွေ ပေါ်ပေါက်လာလေ့ရှိပါတယ်။ အခု ပေါ်ပေါက်လာခဲ့ပေမယ့် ဘာသာရေးစိတ်ပြင်းထန်သော အဖွဲ့တွေသာ ပေါ်ပေါက်လာခဲ့တာကတော့ ထူးခြားမှုတစ်ခုပဲဖြစ်ပါတယ်။


လက်ဝဲဒီမိုကရက်ပဲဖြစ်ဖြစ်၊ လက်ယာ ဒီမိုကရက်ပဲဖြစ်ဖြစ်
-လူ့အခွင့်အရေး
-ပြည်သူ့လွတ်လပ်ခွင့်နှင့် သန့်ရှင်းမျှတသော ရွေးကောက်ပွဲ
-ဒီမိုကရေစီအစိုးရစံနစ်
ဒီအခြေခံကို မမှိတ်မသုန် ယုံကြည်ကြပါတယ်။
အစွန်းရောက်လက်ဝဲ လက်ယာ ဝါဒတွေကို ပြည်သူ့လွတ်လပ်ခွင့် နဲ့ တစ်ဦးချင်း လွတ်လပ်ခွင့်ကို ဦးစားပေးတဲ့ လစ်ဘရယ်လစ်ဇင်ဝါဒက ထိန်းကျောင်းပေးသွားပြီး အစိုးရတွေ ထင်ရာစိုင်းမသွားအောင် အာဏာရှင်ဖြစ်မသွားအောင် ဒီမိုကရေစီစံနစ်က ပဲ့ကိုင်ပေးသွားလို့ဖြစ်ပါတယ်။ ဒါကြောင့်ယနေ့ လစ်ဘရယ်ဒီမိုကရေစီဟာ ကမ္ဘာ့နိုင်ငံတွေမှာအောင်မြင်နေတာဖြစ်ပါတယ်။
ယနေ့ ဟန်ဝင်းအောင်တို့ ဗကသ တချို့ လုပ်တဲ့ ပုံစံက တော့ ယခင် လက်ဟောင်းကွန်မြူနစ်ပုံစံဖြစ်ပါတယ်။ ဒါကြောင့်လဲ အစဉ်အလာပြိုင်ဘက် တပ်ထွက်တွေနဲ့ ဖွဲ့ထားတဲ့ သမ္မတရုံးကလူတွေက ဗကပ ပုံစံလို့ စွပ်စွဲတာဖြစ်ပါတယ်။ ဗမာပြည်လက်ဝဲတွေဟာ ယနေ့ အောင်မြင်နေတဲ့ Nordic Model, Democratic Socialism စတဲ့လိုက်လျောညီထွေရှိတဲ့ လက်ဝဲပုံစံမျိုးထက် အရင်ခေတ်ဟောင်း လက်ဝဲပုံစံမျိုးကိုသာ အားသန်ကြတာကိုတွေ့ရပါတယ်။ ပြောရင်လဲ အလွန်ဆွေ့ဆွေ့ခုန်တာကလဲ ထူးခြားမှုတစ်ခုပါပဲ။
နောက် ပေါ်ပေါက်လာသင့်တာက လက်ယာဒီမိုကရစ်စစ်စစ်တွေဖြစ်ပေမယ့် ဦးဝီရသူတို့လို အုပ်စုတွေဖြစ်လာခဲ့တာကတော့ စိတ်မချမ်းသာစရာပါပဲ။ သဘာဝအားဖြင့် ဦးဝီရသူတို့အုပ်စုဟာ အခြေခံအိုင်ဒီယိုလိုဂျီမမှန်တဲ့အတွက် မုချ အားနည်း ကျဆုံးသွားရမှာဖြစ်ပါတယ်။ အချိန်တခုအပြီးမှာ မုချ အားနည်းသွား၇မယ့်အဖွဲ့လဲဖြစ်ပါတယ်။

လက်ရှိလက်ဝဲလက်ယာ နိုင်ငံရေးလှုပ်ရှားမှုတွေကို ခေတ်ပြိုင်ဥပမာတွေနဲ့ ထင်ဟပ်ပြတာပါ။

ကိုမျိုးဆက် ဖေ့ဘုတ်မှ ကူးယူသည်။

Tuesday, November 11, 2014

ကျောက်ကပ်ကျန်းမာရေးအတွက် လိုက်နာသင့်သော အချက်အလက်များ

ခန္ဓာကိုယ်ထဲရှိ ကျောက်ကပ်တစ်စုံမှာ အဆိပ်အတောက် များကို စစ်ထုတ်ပေးသော ရေစစ်များအဖြစ် လုပ်ဆောင်ပေးသော်လည်း အဆိပ်အတောက်များစွာ ဖြစ်တည်လာပြီး ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်များကို စွန့်ထုတ်ပစ်ရန် လုံလောက်သော ရေပမာဏမရှိပါက ကျောက်ကပ်များ ပြဿနာဖြစ်လာနိုင်သည်။

ကျောက်ကပ်များ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရေး ရေလုံလောက်စွာ သောက်သုံးရန်လိုအပ်သည်။ တစ်နေ့လျှင် ရေဖန်ခွက်ရှစ်ခွက်မှ ဆယ်ခွက်အထိ သောက်ပေးသင့်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။ ကျောက်ကပ်များမှာ အညစ်အကြေးများ ရှင်းလင်းပေးသော ၎င်းတို့၏ လုပ်ငန်းစဉ်ကို ရေမရှိဘဲနှင့် မလုပ်ဆောင်နိုင်ပေ။ သို့သော် လိုအပ်သော ပမာဏထက်ရေပိုသောက်ခြင်းကြောင့် ကျောက်ကပ်များအတွက် ပိုဖိအားဖြစ်စေကြောင်း ကျွမ်းကျင်သူများက ပြောသည်။

ကျွန်တော်တို့၏ နေ့စဉ်လူနေမှု ဘ၀ပုံစံများတွင် ခန္ဓာကိုယ်အတွင်းပိုင်းအတွက် သန့်ရှင်းရေးလုပ်ငန်းစဉ် မပါဝင်ပေ။  လူအများစုမှာ အကြော် အလှော်များ၊ ပြန်လည်သန့်စင်ထားသော အစားအသောက်များ၊ သကြားနှင့် ကဖိန်း၊ နီကိုတင်းဓာတ်တို့ကိုပါ သုံးစွဲလေ့ရှိသောကြောင့် ခန္ဓာကိုယ်အတွင်းပိုင်း ညစ်ညမ်းမှုဖြစ်ပေါ်သဖြင့် ခန္ဓာကိုယ်စနစ်ကို သန့်ရှင်းအောင် လုပ်ဆောင်ရန်လိုအပ်သည်။ တစ်ရက်မျှ အစာမစားဘဲနေကာ သစ်သီးဖျော်ရည်များသာ သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်စနစ်ကို သန့်ရှင်းပေးသကဲ့သို့ဖြစ်ပြီး အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ကြောင်း ကျန်းမာရေးပညာရှင်များ က ပြောသည်။

ခန္ဓာကိုယ်စနစ်ကောင်းမွန်စေရန် အမျှင်ဓာတ်နှင့် ဓာတ်တိုးဆန့် ကျင်ပစ္စည်း ကြွယ်ဝစွာပါဝင်သော သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များ စားပေးသင့်သည်။ ခန္ဓာကိုယ်စနစ်ကို သန့်ရှင်းစေသော အစားအသောက်များ စားပေးခြင်းဖြင့် အပိုအက်စစ်များကို ဖယ်ရှားပေးနိုင်သည်။ ပရိုတင်းဓာတ် မြင့်မားစွာပါဝင်သော အစားအသောက်များကို ရှောင်သင့်သည်။ အဘယ်ကြောင့်ဆိုသော် ပရိုတင်းဓာတ်လွန်ကဲစွာ စား သောက်ပါက ကျောက်ကပ်များကို အလုပ်ရှုပ်စေပြီး ပိုနေသော ပရိုတင်းဓာတ်များက ကျောက်ကပ်များ၏ လုပ်ဆောင်ချက်ကို ပျက်ယွင်းသွားစေနိုင်သည်။ ထို့ကြောင့် အာဟာရဓာတ်မျှတစွာ ပါဝင်သည့် အစားအစာများကို မဖြစ်မနေစားပေးရမည် ဖြစ်သည်။
ကျွန်တော်တို့၏ သွေးများမှ စွန့်ပစ်ပစ္စည်းများ၊ အဆိပ်အတောက်များနှင့် အန္တရာယ်ရှိသော ပစ္စည်းများကို ကျောက်ကပ်များက စွန့်ပစ်ပေးသည်။ ကျွန်တော်တို့၏ သွေးထဲတွင်ပါဝင်သော အညစ်အကြေးများကို ကျောက်ကပ်က တစ်နေ့လျှင် ၄၈ ကြိမ်ခန့် စွန့်ပစ် ရန် လုပ်ဆောင်ပေးသည်။
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ သစ်သီးများ၊ သဘာဝ ဆန်၊ ဂျုံ၊ ပြောင်းများစားပေးပါ။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက် များ၊ အစေ့များ၊ အခွံမာသီးများနှင့် သဘာဝဆန်၊ ဂျုံ၊ ပဲ၊ ပြောင်းတို့ တွင် မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး မဂ္ဂနီဆီယမ်ဓာတ်က ကျောက်ကပ်ကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်သည်။

တစ်နေ့လျှင် ရေသုံးလီတာ (သို့မဟုတ်) လေးလီတာထက် ပိုမသောက်သင့်ပေ။ ရေကို ခန္ဓာကိုယ်က လိုအပ်သည့် ပမာဏထက် ပိုသောက်ပါက ကျောက်ကပ်များကို ဖိအားပိုစေနိုင်သည်ဟု ကျန်းမာရေးပညာရှင်များက ပြောသည်။ ခန္ဓာကိုယ်တစ်ခုလုံး၏ သွေးများကို ကျောက်ကပ်များက စစ်ထုတ်ပေးပြီး စွန့်ပစ်သင့်သည့် အရာများကို ဖယ်ရှားကာ မလိုလားအပ်သော ရေများကို မိနစ် ၃၀ ကြာတိုင်း ဆီးအဖြစ် စွန့်ပစ်ပေးသည်။

လူတစ်ယောက်တွင် ကျောက်ကပ် နှစ်လုံးပါရှိသော်လည်း လူအများစုမှာ ကျောက်ကပ်တစ်လုံးတည်းနှင့် အသက်ရှင်နိုင်သည်။ အကယ်၍ ကျောက်ကပ်ပျက်စီးနေပါက အစားထိုးကုသရန် လိုအပ်သည်။ သို့သော် အစားထိုးကုသခွင့်ရရန် စောင့်ဆိုင်းရင်း နှစ်စဉ်လူများစွာ သေဆုံးလျက်ရှိသည်။ ကျောက်ကပ်အန္တရာယ်ဖြစ်ရသောအကြောင်းရင်းများတွင် မိသားစု၌ ကျောက်ကပ်ရောဂါ ရာဇ၀င်ရှိခြင်း၊ ဆီးချို၊ သွေးတိုးရှိခြင်း၊ ဆေးလိပ်၊ အရက်သောက်ခြင်းနှင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများရှိခြင်းတို့ကြောင့် ဖြစ်သည်။
ကျောက်ကပ်ရောဂါမှာ ရောဂါလက္ခဏာများ မပြသဖြင့်  ကြိုတင်စစ်ဆေးသိရှိနိုင်ခြင်း မရှိပေ။ ကျောက်ကပ်များ ပုံမှန်အလုပ်လုပ်၊ မလုပ်ဆိုသည်ကို သိနိုင်ရန် သွေး၊ ဆီးတို့ကို စစ်ဆေးခြင်းဖြင့် သိရှိနိုင်သဖြင့် ကျောက်ကပ်ရောဂါဖြစ်နိုင်သည့် အန္တရာယ်ရှိသူများအဖို့ ပုံမှန်စစ်ဆေးမှု ခံယူသင့်သည်။

Source : 7 Days Daily

Saturday, August 16, 2014

သြဇီပီအာအကြောင်း အကျဉ်းချုပ်

ကျွန်တော်သိသလောက်တော့ သြဇီထွက်ဖို့ အခွင့်အရေးတွေအကုန် ပိတ်ထားတယ်ဆိုတာ မဟုတ်ပါဘူး။ သြဇီမှာ နေထိုင်ခွင့်ရဖို့ နည်းလမ်းများစွာရှိတဲ့အထဲက Skilled Migrant လို့ ခေါ်တဲ့ PR လျှောက်ထားခွင့်ကို သိသလောက် ဝေမျှချင်ပါတယ်။

သြဇီမှာ PR ရဖို့ အတွက် လျှောက်ထားရတာ တော်တော်ရှုပ်ပါတယ်။ အဓိက အဆင့် ၄ ဆင့်ရှိပါတယ်။ ကိုယ် က Skilled migrant အနေနဲ့ သွားမယ်ဆိုရင် ပထမအဆင့် သက်ဆိုင်ရာ ကျွမ်းကျင်မှုတွေအတိုင်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေကနေ ထောက်ခံစာ ယူရပါမယ်။ တကယ်လို့ ကိုယ်က အင်ဂျင်နီယာဆိုရင် Engineer Australia အဖွဲ့ကနေ ထောက်ခံစာ၊ ကိုယ်က ဆရာဝန်ဆိုရင် Medical Board of Australia ကနေ ထောက်ခံစာ၊ ကွန်ပျူတာသမားဆိုရင် Australia Computer Society ကနေ ထောက်ခံစာ အသီးသီး ယူရပါမယ်။ အဲဒါကို Skilled Assessment လုပ်တယ်ခေါ်တယ်။

သြဇီမှာ PR ကျဖို့ဆိုရင် Point 60 လိုပါတယ်။ IELTS ဖြေပြီးလည်း အမှတ်တွေ ရနိုင်ပါတယ်။ အနည်းဆုံးလိုအပ်ချက်က IELTS individual 6, 10 point ရဖို့ 7 each, 20 points ရဖို့ 8 each။ တခြားအမှတ်တွေ ဘယ်လိုရနိုင်လဲ ဒီမှာ သွားကြည့်နိုင်ပါတယ်။
http://www.immi.gov.au/Visas/Pages/190.aspx
အဲဒီမှာ ကိုယ့်အမှတ်က State Sponsor ဖြစ်ဖြစ်၊ Employer Sponsor ဖြစ်ဖြစ် ယူဖို့မလိုဘူးပဲ ၆၀ ပြည့်လောက်တယ်ဆိုရင် ကြိုက်တဲ့ State ကို သွားလို့ ရပါတယ်။ အဲလိုမှ မဟုတ်ဘူးဆိုရင်တော့ State sponsor ယူပြီး အဲဒီState မှာ အနည်းဆုံး ၂နှစ်နေပြီး ကြိုက်တဲ့နေရာကို ပြောင်းလို့ ရမယ်။ State Sponsor ဘယ်လိုပေးလဲ ဆိုတော့ Occupation in demand list လို့ ခေါ်တဲ့ လိုအပ်နေတဲ့ အလုပ်တွေကို State အသီးသီးက ကြော်ငြာပါတယ်။ ဥပမာအနေနဲ့ Western Australia မှာတင်ထားတဲ့ demand list ကိုဖော်ပြပေးပါတယ်။
http://www.migration.wa.gov.au/.../occupationsindemand.aspx
ကိုယ်နဲ့ ပတ်သက်တဲ့ အလုပ်ရှိတယ်ဆိုရင်တော့ အဲဒီState မှာ နေထိုင်ခွင့်လျှောက်လို့ ရရင် 5 points ရပါမယ်။ အဲဒါက ဒုတိယအဆင့်ပါ။

ပြီးတော့မှ Australia Immigration ကို တင်ပြီး အမှတ် ၆၀ ပြည့်နိုင်မယ် ဆိုရင် အစိုးရကနေပြီး PR ချပေးပမယ်။ အဲဒီတော့မှ ဆေးစစ်တာတွေနဲ့ တခြားလိုအပ်တာတွေ ထပ်တင်ရပါမယ်။ အဲဒါ တတိယအဆင့်ပါ။

နောက်ဆုံးအဆင့်ကတော့ သြဇီကိုသွားပြီး PR ကဒ်ထုတ်တာပါပဲ။ တကယ်တော့ သြဇီပီအာက တော်တော်ရှုပ်ပါတယ်။ အဲဒါကြောင့်လူတော်တော်များများ နားမလည်ကြလို့ Agent တွေဆီကနေ လျှောက်ကြတာများပါတယ်။ Agent ကိ Point ကို ဘယ်ကနေ ဖဲ့ယူရမလဲ ကောင်းကောင်းသိပါတယ်။ Agent Fees အနေနဲ့တော့ ဒေါ်လာ ၂၀၀၀ ကနေ ၅၀၀၀ ကျော်လောက်အထိ ရှိပါတယ်။ ပြီးတော့ သြဇီအစိုးရကိုလည်း အားလုံးပေါင်း ၅၀၀၀ နီးပါး ပေးရတယ်ကြားပါတယ်။ ဒါတွေကတော့ ကျွန်တော်သိသလောက် သြဇီပီအာအကြောင်းပါ။

Friday, August 8, 2014

ကိုအောင်ဒင်ရဲ့ နွေတစ်ညမှ အစပြု၍ နှင့် ကျွန်တော်တို့ရဲ့ မပြီးသေးသော နွေညများ


ကိုအောင်ဒင်ရဲ့ နွေတစ်ညမှ အစပြု၍ စာအုပ်မိတ်ဆက်ပွဲကို Home မှာ လုပ်သွားတဲ့ ဓါတ်ပုံတွေ Facebook မှာ တွေ့ကတည်းက စိတ်ဝင်စားနေခဲ့တာ။ ဇူလိုင်လဆန်း ရန်ကုန်ပြန်ရောက်တော့ ညီညီ(သံလွင်)ပြောပြလို့ စာအုပ်မိတ်ဆက်ပွဲမှာ ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့နဲ့ ကျည်ဆံတူတူ ထိမှန်ခဲ့ပြီး ဆေးရုံမှာ ၅လလောက် ကုသမှုခံလို့ အသက်ရှင်ခဲ့တဲ့ ကိုမြင့်ဦးကလည်း အမှတ်တရ စကားပြောသွားကြောင်း သိရတယ်။ ပြီးတော့ ညီညီကပဲ ဆက်ပြီး ၈၉ ဒေါ်ခင်ကြည်ဈာပနမှာ ကျောင်းသားတွေရဲ့ အစီအစဉ်က ကုန်သည်လမ်းပေါ်မှာရှိတဲ့ မြန်မာ့ထုတ်ကုန် သွင်းကုန်ကော်ပိုရေးရှင်းပေါ်က နေ နိုင်ငံရေးတောင်းဆိုချက်တွေကို ဒိုင်ခံတောင်းဆိုပြီး စစ်အစိုးရက မလိုက်လျောပါက စတုတ္ထထပ်ကနေ ၂နာရီ တစ်ယောက်နှုန်းနဲ့ ခုန်ချမယ့်အကြောင်း၊ ဒုတိယမြောက်ခုန်ချမည့်သူမှာ ကိုကိုကြီးဖြစ်ကြောင်း၊ အခြေအနေအရပ်ရပ်ကြောင့် မလုပ်ဖြစ်ခဲ့ကြောင်း၊ စတာတွေ ပြောပြကတည်းက ဖတ်ချင်လွန်းလို့ City Mart ၊ Ocean တို့ မှာ လိုက်ရှာဝယ်ပေမယ့် မရခဲ့ပါဘူး။ နောက်ဆုံးပြန်ခါနီးအထိ ၀ယ်မရတာနဲ့ သူ့မှာ ရှိတဲ့ စာအုပ်ကို လက်ဆောင်အဖြစ်ပေးတဲ့ ညီညီ့ကို ကျေးဇူးအထူးတင်ရပါတယ်။

ကိုအောင်ဒင်က သူ့စာအုပ်ကို ၁၉၇၄ ဦးသန့်အရေးအခင်း၊ ရေကြည်အိုင်အကြောင်း တို့နဲ့ နိဒါန်းပျိုးထားပြီး ပထမအဆင့် နှိပ်စက်၊ ဒုတိယအဆင့်ချော့မေး၊ တတိယအဆင့် နှိပ်စက် စတဲ့ စစ်ကြောရေးဖြတ်သန်းမှုတွေဟာ မှတ်သားစရာ သင်ခန်းစာတွေပါ။ အဲဒီနောက်မှာတော့ ၈၈ မတိုင်မှီ နိုင်ငံရေးအခြေအနေ၊ မြန်မာ့ပညာရေး၊ စက်မှုတက္ကသိုလ်နဲ့ ငွေစက္ကူတွေ ဖျက်သိမ်းခြင်းစတဲ့အကြောင်းအရာတွေနဲ့ အရေးအခင်းမတိုင်မှီ အနေအထားတွေကို ပုံဖော်ထားပါတယ်။ အဲဒီနောက်မှာတော့ စာအုပ်ရဲ့ အဓိက အပိုင်း နွေညတစ်ညဖြစ်တဲ့ ၈၈ မတ်လ ၁၂ရက်နေ့ည စန္ဒာဝင်းလက်ဖက်ရည်ဆိုင်က စလို့ သူကြုံခဲ့ရသမျှ ၈လေးလုံး လူထုအရေးတော်ပုံကြီးအကြောင်းကို စီကာပတ်ကုံး အသေးစိတ် ဖတ်ရပါတယ်။ မတ်လ ၁၃ရက် ကိုဖုန်းမော်အရေးအခင်း၊ မတ်လ ၁၆ရက် တံတားနီအရေးအခင်းပြီးတော့ ကျောင်းတွေ ပိတ်သွားပြီး မေလကျောင်းတွေ ပြန်ဖွင့်၊ ဇွန်လ ၁၄ရက်မှာ “ကျော်စွာထွဋ် တစ်ယောက်တည်း ကျောင်းကို သပိတ်မှောက်ပြီ” လို့ ကျောက်သင်ပုန်းပေါ်မှာ ရေးခြစ်တဲ့ မောင်မောင်ကျော်အကြောင်း၊ သူအဓိက ဦးဆောင်ပါဝင်ခဲ့တဲ့ ဗမာပြည် ပြည်သူ့လွတ်မြောက်ရေး လူငယ့်တပ်ဦး၊ ဒု-ဥက္ကဌအဖြစ် တာဝန်ယူခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ အဲဒီနောက် ဒီငြိမ်းပါတီ၊ လူ့ဘောင်သစ်၊ သုံးရောင်ခြယ် စတဲ့ အဖွဲ့အစည်းတွေအကြောင်း၊ ဦးအောင်ကြီး၊ ဦးနု၊ ဗိုလ်မှူးးအောင်၊ ဒေါ်အောင်ဆန်းစုကြည် တို့အပြင် သူနဲ့ လက်တွဲဖော်တွေ ဖြစ်တဲ့ မင်းကိုနိုင်၊ ကိုကိုကြီး၊ မိုးသီးဇွန်၊ မင်းဇေယျ၊ ဌေးကြွယ် စတဲ့ ကျောင်းသားခေါင်းဆောင်တွေအကြောင်း တစေ့တစောင်းတို့ဟာလည်း တကယ့်ကို ရင်သက် ရှုမောဖွယ်ရာပါ။

၈၈ အရေးအခင်းတုန်းမှာ ကျွန်တော်က သုံးတန်းကျောင်းသားလေးပဲ ဖြစ်ပေမယ့် အဖိုးနဲ့ ဘကြီးတွေက နိုင်ငံရေး စိတ်ဝင်စားတော့ သတင်းတွေ နားစွန်နားဖျား အမြဲကြားခဲ့တယ်။ ဒါပေမယ့် အသက် ၉နှစ်လောက်သာ ရှိသေးတဲ့အတွက် အကြောင်းအရာတွေက ၀ိုးတိုးဝါးတား၊ ၈၈မှာ အဆိပ်ခပ်တာ၊ ဟိုဖက်လမ်းထိပ် ဒီဖက်လမ်းထိပ် ၀ါးကပ်ကြီးတွေ သဲအိတ်ကြီးတွေနဲ့ ကိုယ့်လမ်းကိုယ့်ရပ်ကွက် လုံခြုံရေးကိုယ့်ဘာသာယူရတာ၊ ခေါင်းဖြတ်ကြတာ၊ လေးဂွတွေ ဂျင်ကလိတွေ၊ ဓားတွေ တုတ်တွေ ဆောင်ကြတာနဲ့ အဲဒီခေတ်က ကြွေးကြော်ကြတဲ့ “ဘာလုပ်နေလဲ မောင်မောင်ရေ ဒီမိုကရေစီပေးလိုက်ပါလား” “ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး” စတာတွေကိုပဲ မှတ်မိပြီး နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်လို့တော့ ဦးအောင်ကြီး၊ ဦးနုနဲ့ ဒီငြိမ်း၊ ဒေါ်စုနဲ့ ဒီချုပ် ဆိုတဲ့ နာမည်တွေလောက်ပဲ ကြားဖူးခဲ့တာပါ။ အခုမှ ကျွန်တော် ငယ်ငယ်က ကြားဖူးနားဝတွေရယ် အရွယ်ရောက်လို့ ဖတ်မှတ်မိသမျှ အကြောင်းတွေကို ဒီစာအုပ်က သမိုင်းကွင်းဆက် တဆစ်ချင်း ဆက်ပေးလိုက်သလို အကြောင်းအရာတွေကို ရှင်းရှင်းလင်းလင်း သိခွင့်ရခဲ့တယ်။ ကိုမင်းကိုနိုင်ကတော့ အနုပညာ ရသသမားပီပီ ရသလေး ထည့်ပြီး ရေးရင် ပိုကောင်းမယ်လို့ မိတ်ဆက်ပွဲမှာ ပြောခဲ့ကြောင်း ညီညီက ပြန်ပြောပြပါတယ်။ သူတို့လို ကိုယ်တိုင် ထဲထဲဝင်ဝင် ပါဝင်ခဲ့သူတွေ အတွက်တော့ အကြောင်းအရာတိုင်းဟာ သိပြီးသားပေမယ့် ကျွန်တော်တို့နဲ့ နောက်ပိုင်း မျိုးဆက်အတွက်တော့ အဖိုးတန်စာအုပ်တစ်အုပ်ပါပဲ။ ပြီးတော့ စာအုပ်တစ်အုပ်ကို ဖတ်နေရတယ်ဆိုတာကို မေ့ပြီး အစ်ကိုကြီးတစ်ယောက်က ညီငယ်တစ်ယောက်ကို ၈၈ အရေးအခင်း အကြောင်း သရုပ်ဖော်ပြောပြနေသလို ခံစားမှုမျိုး ဖြစ်ပေါ်ခဲ့ရပါတယ်။ အဲဒါတွေကြောင့် ကျွန်တော်တို့ အရွယ်အပါအ၀င် နိုင်ငံရေးစိတ်ဝင်စားတဲ့ ဘယ်လူငယ် လူရွယ်မဆို ဖတ်ထားသင့် သိထားသင့်တဲ့ စာအုပ်တစ်အုပ်အဖြစ် ညွန်းလိုက်ပါတယ်။

စာဖတ်ပျင်းတယ်ဆိုရင်တောင် စာမျက်နှာ ၃၉၁ကနေ ၃၉၇ အထိရှိတဲ့ နောက်ဆုံးခန်း “အဆုံးမဟုတ်သေးပါ” ဆိုတာကိုတော့ မြန်မာလူငယ်တိုင်း ဖတ်ထားသင့်၊ သိထားသင့်တယ် ထင်ပါတယ်။ ညွှန်းသာညွှန်းရတယ် တချို့ စာဖတ်ပျင်းတဲ့ လူတွေရှိတဲ့ အတွက် ဒါမှမဟုတ် စာအုပ်ဝယ်မဖတ်ဖြစ်တော့မယ့် လူတွေအတွက် ၈၈ အရေးတော်ပုံနဲ့ အောင်မြင်ခါနီးလေးတွေမှ တေ့တေ့ပြီး လွဲသွားရတဲ့ အကြောင်းလေးတွေကို သမိုင်းသင်ခန်းစာအဖြစ် ရေးပြချင်ပါတယ်။ (စာအုပ်ကို ဖတ်ဖို့ ဆုံးဖြတ်ထားတဲ့ လူတွေနဲ့ ၈၈ အရေးအခင်းအကြောင်းကို ခရေစေ့တွင်းကျ သိသူတွေအတွက် မဟုတ်ပါ။)

- ၈လပိုင်းအလယ်လောက်ကစပြီး ကြီးမားလှတဲ့ လူထုကြီးနဲ့ မြင့်မားတဲ့ နိုင်ငံရေး ရည်ရွယ်ချက်တွေကို ကျောင်းသားတွေ ဆက်လက်ဦးဆောာင်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် အမျိုးသားခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်၊ လူထုခေါင်းဆောင်တွေကို ရှာပုံတော် ဖွင့်ကြတာ စိတ်ဓါတ်တက်ကြွဖွယ်ရာပါ။

- ဇူလိုင် ၂၃ ရက်မှာ ဦးနေ၀င်းကို နုတ်ထွက်ခွင့် ပြုပေမယ့် ကျန်တဲ့ ခေါင်းဆောင်တွေကို နုတ်ထွက်ခွင့်မပေးတာဟာ မဆလ ပါတီခေါင်းဆောင်များ အနေနဲ့ အာဏာကို လုံးဝလက်မလွတ်ချင်တာ သိသာလှပါတယ်။

- ဒေါက်တာမောင်မောင်ဟာ လမ်းပြမြေပုံ ၈ချက်နဲ့ အချိန်ဆွဲဖို့ ကြိုးစားသလို ၇၄ ဖွဲ့စည်းပုံနဲ့ ကိုင်ပြီး တစ်ပါတီစနစ်ကနေ ပါတီစုံစနစ်ကို ပြောင်းဖို့ လူထုဆန္ဒခံယူပွဲလုပ်ရမယ် လို့ ပြောတာဟာ အခုလောလောဆယ် ၄၃၆ ကိစ္စနဲ့ ဆင်ဆင်တူတယ်လို့ ထင်မိပါတယ်။

- မပြောင်းတုန်းကလည်း ပြောင်းလို့ မရတော့မလိုလိုပြောပြီး ပြောင်းချင်တော့လည်း ပါတီစုံစနစ်နဲ့ အထွေထွေ ရွေးကောက်ပွဲ ၃လအတွင်း ကျင်းပမယ်လို့ စက်တင်ဘာ ၁၁ မဆလရဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။

- အဲဒီကမ်းလှမ်းချက်ကို ဦးနု၊ ဗိုလ်မှူးအောင်နဲ့ ဦးသုဝေက လွဲပြီး ကျန်တဲ့ နိုင်ငံရေး ခေါင်းဆောင်တွေက လက်မခံပဲ ကြားဖြတ်အစိုးရဖွဲ့စည်းဖို့ပဲ တောင်းဆိုခဲ့ကြတယ်။

- စက်တင်ဘာ ၁၁ရက်နေ့ လွှတ်တော်အစည်းအဝေးဆုံးဖြတ်ချက်တွေကို လက်မခံခဲ့ကြပေမယ့် ၁၈ရက်နေ့ စစ်အစိုးရ အာဏာသိမ်းပြီးတဲ့အချိန်ကနေ စပြီး ပါတီတွေထောင်လာလိုက်ကြတာ အောက်တိုဘာ လကုန်မှာ ပါတီပေါင်း ၅၀ကျော် ရှိနေခဲ့ပြီလို့ သိရပါတယ်။

ဒီစာအုပ်ဖတ်ပြီးတဲ့ အချိန်မှာ ၈၈ အရေးတော်ပုံကြီးကနေ မဆလ အစိုးရကို ဖြုတ်ချနိုင်ခဲ့တယ်ဆိုပေမယ့် ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ဒီမိုကရေစီပန်းတိုင်ကို မရောက်နိုင်သေးတဲ့ အကြောင်းအရင်းပေါင်း များစွာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကျောင်းသားခေါင်းဆောင် အချင်းချင်း၊ နိုင်ငံရေးခေါင်းဆောင် အချင်းချင်း၊ အမျိုးသားခေါင်းဆောင်းအချင်းချင်း စည်းလုံးညီညွတ်မှု၊ ယုံကြည်လေးစားမှု၊ အသင်းအဖွဲ့စိတ်ဓါတ် နိုင်ငံရေးပရိယာယ်စတာတွေ အများကြီးအားနည်းခဲ့တယ်လို့ အကြမ်းဖျင်းသုံးသပ်မိပြီး ကျွန်တော်တို့ဖက်က အဲလို အလဲလဲအပြိုပြိုဖြစ်ခဲ့ကြပေမယ့် တဖက်မှာတော့ တသွေးတသံတမိန့်နဲ့ ယဉ်ပါး နေတဲ့ အာဏာရနဲ့ လက်နက်ကိုင် အဖွဲ့အစည်းကို ရင်ဆိုင်ကြရတာပါ။ ကျွန်တော်တို့ ခေါင်းဆောင်တွေ ဘယ်လိုပဲ မညီညွတ်ခဲ့ကြပေမယ့် အဖိနှိပ်ခံ ပြည်သူလူထုကတော့ မခံနိုင်တဲ့အဆုံး အာဏာရှင်ကို ဆန့်ကျင်ဖို့ လမ်းပေါ်ကို အမြဲထွက်လာခဲ့ကြရပါတယ်။ သမိုင်းကြောင်းကို ပြန်ကြည့်ရင် ၆၂ ကျောင်းသားအရေးအခင်း၊ ၇၀ ကျော်များဆီက ဦးသန့် အရေးအခင်း၊ မှိုင်းရာပြည့်၊ ၈၈၈၈ ၊ ၉၆၊ ၉၈ ကျောင်းသားလှုပ်ရှားမှု၊ ၂၀၀၇ ရွှေဝါရောင် စသဖြင့် အာဏာရှင် အဆက်ဆက်ကို ဆယ်စုနှစ်တိုင်း အနည်းဆုံးတစ်ချိန်တော့ တော်လှန်ခဲ့ကြပါတယ်။ အခုလို လယ်သိမ်းယာသိမ်း၊ အလုပ်သမားအလုပ်ရှင်ပြဿနာ၊ ပြည်သူတွေ ဆင်းရဲတွင်း နက်သနက် နက်လာတဲ့အချိန် ၂၀၁၀ ကနေ ၂၀၂၀ အကြား ဘာမှ မဖြစ်လာနိုင်ဘူးလို့ ဘယ်သူမှ ပြောနိုင်မယ်မထင်ပါ။ အဓိကတော့ အခုအရှိန်တက်နေပြီဖြစ်တဲ့ ၂၀၁၄၊ ၂၀၁၅ နောက်ပိုင်း နိုင်ငံရေးအခြေအနေပေါ် အများကြီးမူတည်ပါတယ်။

မှတ်မှတ်ရရ ၈၈၈၈ နှစ်ပတ်လည် ၂၆နှစ် ပြည့်တာနဲ့ အညီ ကျွန်တော်တို့ နေဘုန်းလတ်တို့ သံလွင်အိပ်မက်က သူငယ်ချင်းတွေ ဆုံတိုင်း ဂစ်တာတီး သီချင်းဆိုဖြစ်တဲ့ ၈၈တုန်းက သီချင်းစာသားလေး အချို့နဲ့ စာကို အဆုံးသတ်ချင်ပါတယ်။ ၆၂ ဦးနေ၀င်းအာဏာသိမ်း ၂၆နှစ်အကြာ ၈၈ အရေးတော်ပုံ ဖြစ်ပြီး အဲဒီ ၈၈ကနေ အခု ၂၆နှစ်အကြာအထိ မပြီးဆုံးနိုင်သေးသော နွေညများအကြောင်းပေါ့ . . ။

“ရိုင်းစိုင်းတဲ့ တောတိရစ္ဆာန်များလည်းမဟုတ် အားလုံးက အသိနဲ့လူတွေ

လက်နက်ပြခြိန်းခြောက်ကာ အုပ်ချုပ်မှု ရပ်တန်းက ရပ်သင့်ပြီလေ

အများစုက မနှစ်မြို့တဲ့အစိုးရမို့ အများနဲ့ တစ်ယောက်လျော့သင့်ပြီလေ

အရေးအခင်းတိုင်း လက်နက်နဲ့ ရှင်းလို့တော့ မြန်မာပြည်မှာ လူသာကုန်မလေ .....

Cho : တရားလက်လွတ် ဘယ်လောက်လုပ်ကြမလဲ၊ အားလုံးက ကြံကြံခံဇွဲ

လက်နက်နဲ့ Public တိုက်ပွဲ မဆလ တောထုတ်တဲ့ပွဲ . .

အများကောင်းစားရေးအတွက် မူချမှတ်ခဲ့ ၂၆နှစ် ရှိခဲ့ပြီလေ

အများစုက ကုန်းကောက်စရာမရှိတဲ့ဘ၀ သူတို့ကျတော့ အရမ်းချမ်းသာနေ

ဆင်းရဲတွင်းနက်လှတဲ့ ကြားထဲက လူ့အခွင့်အရေးဆုံးရှုံးရာမြေ

လုပ်လိုက်တိုင်း ကောင်းကျိုးရယ် တကွက်မှမရှိ မြန်မာပြည်ဟာ နာနေပြီလေ . . . .

Cho 2 : ကျဆုံးသော အပြစ်မဲ့သူများ သုဂတိသို့ လားရောက်ပါစေ

တို့အားလုံး ၀မ်းနည်းတယ်လေ၊ တို့အားလုံး ဆက်လုပ်မယ်လေ . . . ”

စည်သူ(သံလွင်)

Tuesday, July 15, 2014

မြန်မာအစားအစာ Calories List

Credit to and copy from Kyaw Zaw Lin's FB 

Weight လျှော့ချင်တဲ့ သူငယ်ချင်းတို့၊

သိပ္ပံနည်းကျအဖြစ်ဆုံး၊ အမှန်ကန်ဆုံးဝိတ်လျှော့နည်းဟာ Input အဖြစ်ဝင်လာတဲ့ အစားအသောက်ကရတဲ့ ကယ်လိုရီကို နည်းအောင်ထိန်းစားသောက်ပြီး၊ Output အဖြစ် လောင်ကျွမ်းသွားအောင် လှုပ်ရှားမှုများများလုပ်ပေးခြင်းဖြစ်တဲ့အတွက် နေ့စဉ်စားသောက်နေတဲ့ အစားအသောက်တွေရဲ့ ကယ်လိုရီပါဝင်မှုတွေကို ယေဘူယျသဘောတော့ သိထားရင် အကျိုးရှိပါလိမ့်မယ်။ လှုပ်ရှားမှုများတဲ့လူငယ်တွေအတွက် မလိုပါဘူး။ ၃၀ ကျော်တွေကတော့ ဆီချက်တစ်ပွဲစားလိုက်လို့ ဝင်လာတဲ့ ကယ်လိုရီပမာဏကို ကျေပျက်ဖို့ မိနစ် ၄၀ လောက်လမ်းလျှောက်တဲ့လှုပ်ရှားမှုမျိုး လိုအပ်ကြောင်း နည်းနည်းသတိပြုဖို့လိုပါတယ်။

ဒီစာရင်းလေးကြည့်လိုက်ရင် စားချင်သောက်ချင်စိတ်ကုန်သွားမယ်။
ကျွန်တော်တို့ သတိမထားမိတာတွေအများကြီး ဒီမှာပါတယ်။
ဥပမာ၊ အုန်းနို့ခေါက်ဆွဲတစ်ပွဲထက် ရှမ်းခေါက်ဆွဲတစ်ပွဲက ကယ်လိုရီပိုများတာ၊ ဒန်ပေါက်တစ်ပွဲထက် ကြေးအိုးတစ်ပွဲက အများကြီးပိုများတာမျိုးပေါ့။ 


( အောက်ပါစာရင်းအတွက် Roche Myanmar Co.,Ltd ကို ကျေးဇူးတင်ပါတယ်)







Monday, June 16, 2014

စလုံးရောက် စာမျက်နှာ ၁၅ အမှတ်တရ

လွန်ခဲ့တဲ့ ၁၅နှစ်ကပေါ့။ စင်္ကာပူမြေကို စနင်းခဲ့တယ်

ပြား ၅၀ ဖိုး ထမင်းဖြူပေါ် ဟင်းအနှစ်လေး စမ်းပြီး ပြီးခဲ့ရတဲ့ နေ့လည်စာတွေရှိ ခဲ့ဖူးသလို တပွဲ ၈၅ကျပ်တန် စလုံးရဲ့ အကောင်းဆုံးစာရင်းဝင် ဆိုင်တချို့ မှာလည်း စားခဲ့ဖူးပြီ။

အမေ၀ယ်ပေးခဲ့တဲ့ Skechers တရံ၊ expo မှာ ဈေးလျော့ ရောင်းတဲ့ ငါးကျပ်တန် ဖိနပ်တရံ နဲ့ ပေါ်လီသုံးနှစ်ပြီးခဲ့ရသလို
ရန်ကုန်မှာတုန်းက ပွဲလမ်းသဘင်မှစီးတဲ့ Caterpillar ကို အလုပ်ထဲမှာ အကြမ်းစီးခဲ့ဖူးပြီ။

ဘတ်စ်ကားဖိုး ပြား၇၀ မရှိလို့ ၄မှတ်တိုင်စာ လမ်းလျှောက်ခဲ့ဖူးသလို
စင်္ကာပူ၊ မလေးရှား၊ အမေရိက၊ သြစတြေးလျနိုင်ငံစုံအောင် ကားလျှောက်မောင်းဖူးပြီ။

ရန်ကုန်ကို ၃နှစ်နေမှ တစ်ခေါက် ပြန်ခဲ့ဖူးသလို
တစ်နှစ်တည်း ၃ခေါက်လည်း ပြန်ခဲ့ဖူးပြီ။

ကြက်ဥတကတ်လုံး ၀ယ်ဖို့ ပိုက်ဆံ တကျပ်ခွဲမရှိလို့ ကြမ်းပေါ်ကျနေတဲ့ ငါးပြားစေ့တွေလိုက်ကောက်၊ လေးစေ့ ပြည့်မှ တစ်လုံး ပြားနှစ်ဆယ်နဲ့ ၀ယ်စားနိုင်ခဲ့သလို
Fullerton, Raffles က အစ စင်္ကာပူက အကောင်းဆုံးဆိုတဲ့ ဟော်တယ်တိုင်းမှာ ဘူဖေးလ်စားခဲ့ဖူးပြီ။

ဝတ်စရာ ဘောင်းဘီရှည် ၂ထည်နဲ့ ကျောင်းတက်ခဲ့ရသလို
ဘီဒိုမဆန့်တော့လို့ မရှိဆင်းရဲသူတွေကို ပေးဝေခဲ့ဖူးပြီ။

Watson ရဲ့ Cashier မှာ Credit card နဲ့ ပေးသူတိုင်းကို ချမ်းသာလှချည့်လားဆိုပြီး ငေးခဲ့ဖူးသလို Credit card bill တွေ မပေးနိုင်ခဲ့လို့ နောက် သုံးရမှာ ကြောက်ပြီး သားရေပင်နဲ့ ပတ်ထားတဲ့ Credit card တွေ အံဆွဲထဲမှာ အထပ်လိုက် ရှိခဲ့ဖူးပြီ။

ကြက်သွန်ဆီသတ်တိုင်း၊ Hotdog ကြော်တိုင်း တူးခဲ့ရဖူးသလို
Gordan Ramsay ချက်နည်းတွေကို တမျိုးပြီး တမျိုးစမ်းသပ်ဖူးပြီ။

နိုင်ငံရေးလုပ်လို့ ဆိုပြီး ကွန်ပျူတာသိမ်း၊ ရဲက အကြိမ်ကြိမ်ခေါ်တွေ့တာ ခံဖူးသလို
စင်္ကာပူသမ္မတနဲ့လည်း ညစာစားပွဲမှာ ဆုံဖူးပြီ။

ရေဖိုးမီးဖိုး ပေးစရာမရှိလို့ တပတ်လောက် မီးမရှိရေမရှိနေခဲ့ဖူးသလို
ရေလည်း မကူး၊ Gym လည်း မဆော့ဖြစ်ပဲ Maintenance fees ၂၀၀ကျော် ကို လတိုင်း အလကားသက်သက်ပေးခဲ့ဖူးပြီ။

OPC ကားဖိုး ၂၀ မပေးပဲ အကြိမ်ကြိမ် ခိုးထွက်ခဲ့ဖူးသလို
ရဲမိသွားလို့ ဒေါ်လာ ၂၀၀လည်း ဒါဏ်ကြေးဆောင်ဖူးပြီ။

စာပေအနုပညာနဲ့ ဘာမှမဆိုင်သလိုနေခဲ့ဖူးပြီး
သံလွင်အိပ်မက်၊ လမ်းပြကြယ်နဲ့ TP Myanmar ကပွဲတွေမှာ ထဲထဲဝင်ဝင်ပါခဲ့ဖူးပြီ။

Movie ကို ၂.၅ ဒေါ်လာ Booking fees မပေးချင်လို့ ရုံအထိသွား လူတိုးပြီး ၀ယ်ခဲ့ဖူးသလို
Online Degree တစ်ခုက Dropout ဖြစ်လို့ ဒေါ်လာ တစ်သောင်းကျော် ပလုံသွားဖူးပြီ။

စားသောက်ဆိုင် ပုဂံဆေး၊ လမ်းဘေးစာရွက်ဝေ၊ စာတိုက်ဗုံး ကြော်ငြာထည့်၊ ဂိုထောင်ကုန်တင်ကုန်ချ အလုပ်ကြမ်းသမား၊ စားပွဲထိုး မျိုးစုံလုပ်ခဲ့ဖူးသလို
ကုမ္ပဏီဒါရိုက်တာ၊ Investor, Shareholder တွေလည်း လုပ်ခဲ့ဖူးပြီ။

စလုံးတွေ ခိုင်းသမျှ ခံခဲ့ရသလို
စလုံးတွေကိုလည်း ခိုင်းချင်ရာခိုင်းခဲ့ဖူးပြီ။

စရောက်ကတည်းက ဆန့်ကျင်ဖက်မဟုတ်ပဲ ပိုတိုးလာတာဆိုလို့ သုံးခုပဲ ရှိတယ်။ အဲဒါတွေကတော့ ၂၀ ကီလိုလောက် တက်ခဲ့တဲ့ ခန္ဓာကိုယ်အလေးချိန်ရယ်၊
ကျောင်းတက်တုန်းက ဆယ်ဂဏန်း
အလုပ်စလုပ်တော့ ရာဂဏန်း
ဒီဂရီတက်တော့ ထောင်ဂဏန်း
ကားဝယ်တော့ သောင်းဂဏန်း
အိမ်ဝယ်တော့ သိန်းဂဏန်းတင်နေတဲ့အကြွေးရယ်၊

မိဘကိုပြန် ပြုစုချင်တဲ့
စီးပွားရေး ပြန်လုပ်ချင်တဲ့
နိုင်ငံရေး ပြန်လုပ်ချင်တဲ့
လူမှုရေးပြန်လုပ်ချင်တဲ့
မြန်မာပြည်ပြန်ချင်တဲ့စိတ်ဆန္ဒရယ်။

အင်း . . . ဖြတ်သန်းခဲ့ရတဲ့ စာမျက်နှာတိုင်းအတွက် ကျေးဇူးပါ စင်္ကာပူ။ ဒါပေမယ့် စလုံးရေ . . ကမ္ဘာမြေရဲ့ အစက်လေးပေါ်မှာ နောက်ထပ် ၁၅မျက်နှာတော့ မရှိချင်တော့ပါ။ အမိမြန်မာပြည်မှာသာ ကိုယ်လိုချင်တဲ့ နေရာတစ်ခု ရှိမယ်ဆိုရင်ပေါ့။

Monday, October 28, 2013

ကျွန်မ မာလာလာပါ

ပြည်သူ့ခေတ်ဂျာနယ် အတွဲ - ၄၊ အမှတ် - ၁၆၈ မှ ဆရာဖိုးဇော်၏ ဆောင်းပါး ...

ကျွန်မ မာလာလာပါ

       ရှပ်အကျီ အရောင်ဖျော့တော့တော့ကို ၀တ်ဆင်ထားတဲ့ မုတ်ဆိတ်ရှည်နဲ့ လူရွယ် တစ်ယောက်ဟာ လမ်းပေါ် တက်လာပြီး ကျောင်းသူလေးတွေ တင်ဆောင်လာတဲ့ ဒိုင်နာ အမျိုးအစား ကျောင်းကားကို လက်ပြတားပြီး ရပ်ခိုင်း လိုက်တယ်။ ကားဘေးမှာ ရေးကပ်ထားတဲ့ စာကို မတွေ့သယောင် ဒါခူးရှားကျောင်းကားလားလို့ ကားမောင်း သူကို မေးတယ်။ ပြီးတော့ ကလေးတွေရဲ့ အချက်အလက် အချို့ လိုချင်လို့လို့ ဆက်ပြောတယ်။ ကားမောင်းသူ အူစမန်က ဒါဆို ခင်ဗျား ကျောင်းရုံးခန်းကို သွားသင့်တယ်လို့ ပြန်ဖြေလိုက်တယ်။ အဲဒီလို သူက အရှေ့မှာ မေးမြန်းနေစဉ် နောက် အမျိုးသား တစ်ယောက်က ဒိုင်နာကားရဲ့ နောက်ဘက်ကို ရောက်လာတယ်။
“မာလာလာ ဘယ်သူလဲ”

        မိုနီဘာက ကျွန်မကို ဟေ့ နင့်ကို အင်တာဗျူးဖို့ သတင်းထောက်နဲ့ တူတယ်လို့ လှမ်းပြောတယ်။ မိန်းကလေးတွေ ပညာသင်ကြားနိုင်ရေးအတွက် ကျွန်မ စပြီး စည်းရုံး လှုပ်ရှားမှုတွေ ပြုလုပ်ကတည်းက သတင်းထောက် အတော်များများ ကျွန်မဆီ လာပါတယ်။ ဒါပေမဲ့ အခုလို လမ်းပေါ်မှာ ကားရပ်ခိုင်းတာတော့ မကြုံဖူးသေးပါဘူး။အဲဒီလူဟာ ဖျားနာနေတဲ့ လူတစ်ယောက်လို သူ့ရဲ့ ပါးစပ်နဲ့ နှာခေါင်းကို လက်ကိုင်ပ၀ါနဲ့ ဖုံးအုပ်ထားတယ်။ကျွန်မတို့ ဒိုင်နာကားနောက်ထဲ သူ့ရဲ့ ကိုယ်ကိုတိုးဝင်လာပြီး မာလာလာ ဘယ်သူလဲလို့ မေးတယ်။

       ဘယ်သူမှတော့ ပြန်မဖြေပေမယ့် အကုန်လုံးက ကျွန်မဆီကို လှမ်းကြည့်နေတယ်။ သူဟာ အနက်ရောင် ပစ္စတိုကို ထုတ်လိုက်တဲ့အချိန်မှာ ကျောင်းသူတွေ အကုန်လုံး ကြောက်လန့်တကြား အော်ဟစ်ကြတယ်။ မိုနီဘာရဲ့ လက်ကို ကျွန်မ ခပ်တင်းတင်း ဆုပ်ကိုင်ထားမိတယ်။သူငယ်ချင်းတွေက အဲဒီလူ သေနတ်နဲ့ သုံးချက်ပစ်တယ်လို့ ပြောတယ်။ ပထမဆုံး ကျည်ဆန်ဟာ ကျွန်မရဲ့ ဘယ်ဘက် မျက်လုံးခွံကနေဖြတ်ပြီး ကျွန်မ ဘယ်ဘက်ပခုံးအောက် ကနေ ပေါက်ထွက်သွားတယ်။ ကျွန်မ မိုနီဘာရဲ့ အပေါ် ခေါင်းနဲ့ ထိုးကျသွားတယ်။ နောက်ကျည်ဆန်နှစ်ခုက ကျွန်မဘေးနားက ကျောင်းသူလေးတွေကိုလည်း ထိမှန် သွားတယ်။ သူငယ်ချင်းတွေဆီက နောက်မှ သိရတာက အဲဒီလူ ကျွန်မတို့ကို သေနတ်နဲ့ ပစ်တဲ့ လက်ဟာ တဆတ်ဆတ် တုန်လို့နေတယ်တဲ့။ ဆေးရုံကိုရောက်တော့ ကျွန်မရဲ့ ဆံပင်အရှည်နဲ့ မိုနီဘာရဲ့ ပေါင်ဟာ သွေးတွေနဲ့ နီရဲထွေးလို့တဲ့။

       ကျွန်မရဲ့ နာမည် မာလာလာဟာ အာဖဂန်နစ္စတန်ရဲ့ ကြီးမြတ်တဲ့ သူရဲကောင်းအမျိုးသမီး မာလာလိုင်ရဲ့ နာမည်ကို ယူပြီး မှည့်ထားတာ ဖြစ်တယ်။ မာလာလိုင်ဟာ အင်္ဂလိပ် နယ်ချဲ့တွေနဲ့ တိုက်ပွဲမှာ ဒဏ်ရာရတဲ့ အာဖဂန်စစ်သားတွေကို ဆေးပေးရေတိုက် စောင့်ရှောက်ပေးနေရင်းက အလံကိုင် စစ်သားကျသွားတဲ့အခါ သူမရဲ့ ပ၀ါအဖြူကို ကိုင်ဆောင် လွှင့်ယမ်းပြီး အာဖဂန်စစ်သားတွေ ရှေ့ကနေ တိုက်ပွဲကို ဦးဆောင် လှုံ့ဆော်ခဲ့တဲ့ ဇာနည်သူရဲကောင်းမ ဖြစ်တယ်။ ကျွန်မ အဖေဟာ သူမအကြောင်းကို အိမ်မှာ အမြဲတမ်း ပြောပြလေ့ရှိတယ်။ ကျွန်မ မွေးဖွားကြီးပြင်းတဲ့ အရပ်ဟာ ကမ္ဘာပေါ်မှာ အလှဆုံးဒေသတစ်ခု ဖြစ်တယ်။ ဆွက်တ် ဒေသဟာ အလှဆုံး အကြီးမြတ်ဆုံး တောင်ကုန်းတွေ အကြားမှာ ရှိတယ်။ တသွင်သွင် စီးကျ ပန်းထွက်နေတဲ့ ရေတံခွန်တွေ၊ ကြည်လင်အေးမြတဲ့ ရေကန်တွေ ရှိတဲ့ တောင်ကြားဒေသရဲ့ အ၀င်ဝမှာ သုခဘုံသို့ ကြိုဆိုပါ၏လို့ ရေးထားတယ်။ ရှေးတုန်းက ဆွက်တ်ကို ပန်းဥယျာဉ်လို့ အဓိပ်္ပာယ်သက်ရောက်တဲ့ ဥဒရာနလို့ ခေါ်ဆိုကြတယ်။ ပါကစ်္စတန်ရဲ့ ပထမဦးဆုံး နှင်းလျှောစီး အပန်းဖြေစခန်း ရှိလို့ အရှေ့တိုင်းရဲ့ ဆွစ်ဇာလန်လို့လည်း တင်စားကြတယ်။

ကျောင်းသူလေးတွေ ငြိမ်းချမ်းစွာ စာသင်ပါစေ

       ကျွန်မတို့ရဲ့ သည်တောင်ကြားဒေသလေးမှာ အိမ်အတော် များများ တီဗီ မရှိတာရယ်၊ လူအတော်များများ စာမဖတ်တတ်တာတို့ကြောင့် သတင်း အဆက်အသွယ် မပြတ်ဖို့ ရေဒီယိုကိုပဲ အားကိုးရတယ်။ ရေဒီယို အစီအစဉ်တစ်ခုဟာ လူတွေအကြားမှာ ရေပန်းစားလာတယ်။ အဲဒီ အစီအစဉ်ကတော့ ဖာဇ်လူလာ ထုတ်လွှင့်တဲ့ ရေဒီယိုမူလာလို့ ခေါ်တဲ့ အစီအစဉ်ဖြစ်တယ်။ ညတိုင်း ၈ နာရီကနေ ၁၀ နာရီကြားနဲ့ နံနက် ၇ နာရီမှ ၉ နာရီကြား လာတယ်။ ဖာဇ်လူလာက သူ့ကိုယ်သူ အစ္စလာမ် ပြုပြင်ပြောင်းလဲရေးသမား၊ ကိုရန် ကျမ်းစာရဲ့ အဓိပ်္ပာယ် အနှစ်သာရတွေကို ဖွင့်ဆိုရှင်းပြနိုင်သူ တစ်ယောက်အနေနဲ့ လူထုကို မိတ်ဆက်တယ်။ လူတွေ ကောင်းမွန်တဲ့ အကျင့်တွေကို ဘယ်လို မွေးမြူရမယ်၊ ဆိုးတဲ့ အကျင့်တွေကို ဘယ်လို ပစ်ပယ်ရမယ်၊ ဘုရား ၀တ်မပြုခင် ခန်္ဓာကိုယ်ကို ဘယ်လို သန့်စင်ဆေးကြောရမယ် စတာတွေကို နားထောင်ချင်စဖွယ် ဖြစ်အောင် ညင်သာ မျှတတဲ့ အသံနဲ့ ပြောကြားတယ်။ ဒါပေမဲ့ တစ်ခါတလေ မိုးကြိုးပစ်လျှပ်စီးလက်သလို ထစ်ချုန်းတဲ့ အသံနဲ့ လူတွေကို ခေတ်ပေါ် ဂီတ နားထောင်တာတွေ ရုပ်ရှင်ကြည့်တာတွေမြူးထူးကခုန်တာတွေ မလုပ်ကြဖို့နဲ့ အဲဒီလို အပြစ်ရှိတဲ့ အလုပ်တွေဟာ မြေငလျင်လှုပ်မှုတွေကို ဖြစ်ပေါ်စေတယ်လို့ သတိပေး ပြောကြားတယ်။ ကျွန်မရဲ့ အဖေက သူ့ကို အရူးတစ်ယောက်လို လျှောက်ပြောနေတယ်လို့ ဝေဖန် သလိုပဲ။ ကိုရန်ကျမ်းစာရဲ့ မူရင်းအာရပ်ဘာသာကို လူတွေ နားမလည်တာကို အခွင့်ကောင်းယူပြီး အဲဒီလို တားမြစ် ပိတ်ပင်တဲ့ အဓိပ်္ပာယ် အမှားတွေကိုလည်း သင်ကြား ထုတ်လွှင့်တယ်။ ခြောက်လအတွင်းမှာ တာလီဘန်တွေဟာ အိမ်တွေက တီဗီတွေ စီဒီတွေ ဒီဗီဒီတွေကို လိုက်လံ ကောက်ခံ သိမ်းယူပြီး လမ်းတွေပေါ်မှာ စုပုံ မီးရှို့တယ်။

      တစ်နေ့မှာ ထောင်ထဲ အချုပ်ခံနေရတဲ့ စစ်သွေးကြွ ခေါင်းဆောင် ဆူဖီမိုဟာမက်က ပညာရေးဟာ မိန်းကလေး တွေအတွက် မဟုတ်ဘူးလို့ ပြောကြားလိုက်ပြီးတဲ့နောက် ရေဒီယို မူလာရဲ့ အစီအစဉ်တွေဟာ ကျောင်းတွေဘက် လှည့်လာတယ်။ မိန်းကလေးတွေ ရှိတဲ့ ကျောင်းစီမံအုပ်ချုပ် သူတွေကို ပြစ်တင်ဝေဖန်ပြီး ကျောင်းက နုတ်ထွက်သွားတဲ့ ကျောင်းသူတွေကို ချီးမွမ်း ပြောကြားတယ်။ ဘာကြောင့် မိန်းကလေးတွေကို ကျောင်း မသွားစေချင်တာလဲလို့ အဖေ့ကို မေးကြည့်တော့ တာလီဘန်တွေဟာ လက်နက်ထက် စာရေးဘောပင်တွေကို ပိုကြောက်လို့ပေါ့ သမီးရယ်လို့ ဖြေတယ်။ ကျွန်မတို့ ကျောင်းက တချို့ ကျောင်းဆရာတွေက ကျောင်းသူတွေကို သင်ဖို့ ငြင်းဆိုလာတယ်။ အစ်ပြီးလို့ ကျောင်းပြန်ဖွင့်တဲ့နေ့မှာ အဖေ့ရဲ့ ကျောင်းဂိတ်ဝမှာ စာတစ်စောင်ကပ်ထားတာကို တွေ့ရတယ်။ အဲဒီစာမှာ ခင်ဗျားရဲ့ ကျောင်းဟာ အနောက်တိုင်းဆန်ပြီး ဘာသာရေးကို ဆန့်ကျင်နေတယ်။ မိန်းကလေးတွေကို စာသင်ကြားပေးပြီး ဘာသာရေးနဲ့ မသင့်လျော်တဲ့ ယူနီဖောင်းတွေ ၀တ်ဆင်နေကြတယ်။ ဒီအတိုင်း ဆက်လုပ်နေရင် ခင်ဗျား ဒုက္ခတွေ့လိမ့်မယ်။ အဲဒီကျရင် ခင်ဗျားရဲ့ ကျောင်းသူလေးတွေ ခင်ဗျားအတွက် ငိုကြလိမ့်မယ်။ အစ်္စလာမ်ဘာသာရေး စွန့်လွှတ်အနစ်နာခံသူများလို့ ခြိမ်းခြောက် ရေးသားထား တယ်။ အဖေ့ရဲ့ သူငယ်ချင်းက အဖေ့ကို နောက်မဆုတ်ဘဲရဲရဲရင့်ရင့် ကိုယ့်ယုံကြည်ချက်အတိုင်း ရင်ဆိုင်ဖို့ အားပေးတယ်။ ဒီကိစ်္စနဲ့ ပတ်သက်လို့ အဖေက ဒေသ သတင်းစာ တစ်စောင်ဖြစ်တဲ့ အဇာဒိနေ့စဉ်ကို စာရေးတယ်။ “အစ်္စလာမ် ဘာသာရေး စွန့်လွှတ် အနစ်နာခံသူများသို့ ခင်ဗျားတို့ လုပ်တဲ့ အလုပ်တွေဟာ အစ်္စလာမ်ဘာသာရဲ့ နည်းမှန် လမ်းမှန်တွေ မဟုတ်ပါ။ ကျွန်တော့်ရဲ့ ကလေးတွေကို ဘေးဒုက်္ခတွေမပေးပါနဲ့။ ခင်ဗျားတို့ ယုံကြည်ကိုးကွယ်တဲ့ ဘုရားသခင်ဟာ သူတို့လေးတွေ နေ့တိုင်း ရှိခိုးတဲ့ ဘုရားသခင်ပါပဲ။ လိုအပ်ရင် ကျွန်တော့်ရဲ့ အသက်ကို ယူနိုင်ပါတယ်။ ကျွန်တော့် ကျောင်းသူကျောင်းသားတွေကို ငြိမ်းငြိမ်းချမ်းချမ်း စာသင်ခွင့်ပေးပါ”

အပြောင်းအလဲ လိုချင်တဲ့ မိန်းကလေး

       ၂၀၀၇ အကုန်ပိုင်းလောက်မှာ အစိုးရစစ်တပ်တွေ ဆွက်တ် တောင်ကြားကို ရောက်ရှိလာတယ်။ တာလီဘန်တွေနဲ့ အစိုးရစစ်တပ်တွေကြား အပြင်းအထန် တိုက်ပွဲတွေ ဖြစ်ကြတယ်။ ဖာဇလူလာရဲ့ ဌာနချုပ်ကို သိမ်းပိုက်နိုင်ပြီး သူနဲ့ သူ့အဖွဲ့ဟာ အနီးအနားက တောတွေ တောင်တွေ ကြားထဲ တိမ်းရှောင် ဆုတ်ခွာသွားရတယ်။ ဒါပေမဲ့ အဖေက တာလီဘန်တွေရဲ့ ဆုတ်ခွာမှုဟာ ယာယီသာ ဖြစ်တယ်လို့ ဆိုတယ်။ ၂၀၀၇ အကုန်မှာ အစိုးရစစ်တပ်က စစ်ဆင်ရေးတွေ ရပ်ဆိုင်းလိုက်ပေမယ့် တာလီဘန်တွေကို ဒီဒေသကနေ အပြီးတိုင် မဖယ်ရှားနိုင်ခဲ့ပါ။ ဖာဇလူလာရဲ့ ရေဒီယို အစီအစဉ်ဟာ ဆက်လက် ထုတ်လွှင့်နေတုန်းပဲ ဖြစ်တယ်။ဖာဇလူလာက မိန်းကလေးတွေ ကျောင်းမသွားဘဲ အိမ်မှာ နေသင့်တယ်လို့ လွှင့်ဆိုပြီး သူ့ရဲ့ လူတွေဟာ ညဘက် ကာဖျူးထုတ်ထားတဲ့ အချိန်တွေမှာ ကျောင်းတွေကို ဖောက်ခွဲမှုတွေ စတင် လုပ်ဆောင်လာတယ်။ ရှဝါဇန်ဂေလို့ ခေါ်တဲ့ အစိုးရ မိန်းကလေးမူလတန်းကျောင်း ပထမဦးဆုံး ဖောက်ခွဲခံရတယ်။ အသေခံဗုံးခွဲပြီး အသတ်ခံရတဲ့ ရဲအရာရှိ ဂျာဗစ်ရဲ့ အသုဘမှာ တာလီဘန်တွေ ဗုံးဖောက်ခွဲလို့ သူ့ရဲ့ သားငယ် အပါအ၀င် အသုဘလိုက်ပို့သူ လူပေါင်း ၅၅ ယောက် သေဆုံးခဲ့ရတယ်။ အခုလို အကြမ်းဖက် ခံနေရတာတွေကို မကြောက်ဖူးလားလို့ အဖေ့ကို မေးတော့ “ညမိုးချုပ်တဲ့အခါ ကြောက်ရွံ့မှုတွေ ဖြစ်လာပေမယ့် နံနက်လင်းတဲ့အခါ သတ်္တိတွေကို ပြန်လည် ရှာတွေ့လိမ့်မယ် သမီး၊ ငါတို့တွေ ကြောက်လန့်မိတာတော့ အမှန်ပဲ၊ ဒါပေမဲ့ ငါတို့ရဲ့ အကြောက်တရားဟာ ငါတို့ရဲ့ သတ်္တိထက် မကြီးမားစေရဘူး”လို့ ကျွန်မကို ပြန်ဖြေတယ်။ အဲဒီ နောက်ပိုင်းမှာ အဖေနဲ့ သူ့မိတ်ဆွေတွေဟာ ဘီဘီစီ ဗွီအိုအေ စတဲ့ ရေဒီယိုဌာနတွေရဲ့ အင်တာဗျူးတွေကို လက်ခံ ဖြေကြားတယ်။

       ဆွက်တ်က အဖြစ်အပျက်တွေဟာ အစ်္စလာမ်ဘာသာနဲ့ မကိုက်ညီဘူးလို့ ရှင်းပြကြတယ်။ ဆွက်တ်မှာ တာလီဘန်တွေ ဆက်ရှိနေတာဟာ အစိုးရစစ်တပ်အရာရှိတချို့ရဲ့ ပါဝင်မှု မရှိဘဲ မဖြစ်နိုင်ဘူး။ အစိုးရဟာ အစိုးရ မဟုတ်တဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေရန်ကနေ ပြည်သူတွေကို အကာအကွယ်ပေးဖို့ ယုံကြည်အားထားလို့ မရဘူးလို့ ကျွန်မတို့ဒေသရဲ့ အခြေအနေတွေကို ရှင်းပြကြတယ်။

       လူထုရဲ့ အသံတိတ်ဆိတ်နေရင် အပြောင်းအလဲတွေ လည်း မဖြစ်ပေါ်လာနိုင်ပါ။ အဖေဟာ ကိုယ် ယုံကြည်ရာကို ရဲရဲရင့်ရင့် ပြောဆိုဖို့ အမြဲ အားပေးတယ်။ ကျွန်မတို့ ကျောင်းသူတချို့ဟာ ATV Khyber ခေါ်တဲ့ ပါရှ်တို တီဗီသတင်းဌာနကနေ မိန်းကလေးတွေ ကျောင်းတွေကနေ နုတ်ထွက်နေရတာတွေဟာ ဘာသာရေး အမည်ခံ စစ်သွေးကြွတွေရဲ့ ဖိအားပေးမှုကြောင့် ဆိုတာကို အင်တာဗျူး အစီအစဉ်ကနေ ရှင်းပြ ပြောဆိုကြတယ်။ ပါကစ်္စတန်ရဲ့ အကြီးဆုံး သတင်းဌာနဖြစ်တွဲ့နသ မှာလည်း ကျွန်မရဲ့ အင်တာဗျူးတွေ ပါလာတယ်။ မိဘတွေက ခွင့်မပြုတဲ့အတွက် မိန်းကလေးတွေ အတော်များများ မီဒီယာတွေနဲ့ အင်တာဗျူး မဖြေရဲကြပါဘူး။ ကျွန်မကတော့ အားပေးထောက်ခံတဲ့ အဖေရှိတဲ့အတွက် ဒီအလုပ်တွေကို လုပ်နိုင်ခဲ့တယ်။ လူငယ်တွေမှာ သူတို့နဲ့ ပတ်သက်တဲ့ အဖြစ်အပျက်တွေကို မေးမြန်း ပြောဆိုရဲရမယ်လို့ အဖေက ဆိုတယ်။ အင်တာဗျူးတွေ များများ ဖြေလေ ကျွန်မရဲ့ စိတ်ဓာတ်တွေ ပိုမို ခိုင်မာလာတယ်လို့ ခံစားရလေဖြစ်ပြီး ထောက်ခံမှုတွေလည်း ပိုရလာတယ်။ ကိုရန်ကျမ်းစာထဲက အဆိုတစ်ခုမှာ အမှားဆိုတာ ထွက်ခွာသွားရမှာဖြစ်ပြီး အမှန်တရားသာ ကျန်ရှိခဲ့ လိမ့်မယ်တဲ့။ ဖာဇလူလာ ဆိုတဲ့ လူတစ်ယောက်က အကုန်လုံးကို ဖျက်ဆီးနိုင်စွမ်းရှိရင် မိန်းကလေးတစ်ယောက် ကလည်း အပြောင်းအလဲကို ဘာကြောင့် မဖန်တီးနိုင်ရမှာလဲ။

တိုင်းပြည်ရဲ့ အနာဂတ်ကို တိုက်ခိုက်ခြင်း

       ၂၀၀၈ အောက်တိုဘာ ၇ ရက်နေ့ ညမှာ ဆန်ဂိုတာ မိန်းကလေးကျောင်းနဲ့ အိက်စယ်လ်ဆီယာ ကောလိပ် ကျောင်းတို့ ဗုံးခွဲ ဖျက်ဆီးခံရတယ်။ ၂၀၀၈ အကုန်ပိုင်းထိ ကျောင်းပေါင်း ၄၀၀ လောက် တာလီဘန်တွေ ဖျက်ဆီးခဲ့ တယ်။ ဖာဇလူလာရဲ့ လက်ထောက် မောင်လာနာရှားက ဇန်န၀ါရီ ၁၅ ရက် နောက်ဆုံးထားပြီး မိန်းကလေးကျောင်း တွေ အကုန် ပိတ်ရမယ်လို့ ရေဒီယိုကနေ ရာဇသံပေး ပြောကြားတယ်။ ကျွန်မရဲ့ အဖေ လူတွေကို ပြောလေ့ရှိတဲ့ စကားတစ်ခုရှိတယ်။ ဆွက်တ်ဒေသက လူထုနဲ့ ဆရာတွေဟာ သူတို့ရဲ့ ကလေးတွေကို နောက်ဆုံး စာသင်ခန်းတစ်ခန်း အထိ၊ နောက်ဆုံး ဆရာတစ်ယောက်အထိ၊ နောက်ဆုံး ကျောင်းသားတစ်ယောက် အထိ ပညာသင်ကြားပေး သွားမယ်ဆိုတဲ့ စကားပါ။ တာလီဘန်တွေ လာရောက် ပိတ်ပင်မှ ပညာရေးရဲ့ အရေးပါမှုကို ကျွန်မတို့ ပိုမို နားလည် လာတယ်။ ကျောင်းသွားတယ်၊ စာဖတ်တယ်၊ အိမ်စာ လုပ်တယ်ဆိုတာ လူငယ်ဘ၀ရဲ့ အလေ့အထ တစ်ခုထက် လူငယ်တွေရဲ့ အနာဂတ်ဖြစ်တယ် ဆိုတာကို နားလည် လာတယ်။ ကျောင်းတွေ ပြန်ဖွင့်လာနိုင်လိမ့်မယ်လို့ ကျွန်မတို့ ယုံကြည်တယ်။ တာလီဘန်တွေ ကျွန်မတို့ရဲ့ စာအုပ်တွေ ဘောပင်တွေကို သိမ်းသွားနိုင်ပေမယ့် ကျွန်မ တို့ရဲ့ အတွေးအခေါ်တွေကိုတော့ တားဆီးနိုင်လိမ့်မယ်လို့ မထင်ပါ။

သူရဲကောင်းမလေး ဂူလ်မကိုင်ရဲ့ ဒိုင်ယာရီ

       တစ်နေ့ အဖေ့ဆီ သူ့ရဲ့ မိတ်ဆွေ ဘီဘီစီ ရေဒီယို သတင်းထောက် အက်ဘဒူဟိုင်ကကာက ဖုန်းဆက်လာပြီး ဆရာမတစ်ယောက် သို့မဟုတ် ကျောင်းသူတစ်ယောက် တာလီဘန်လက်အောက်က ဘ၀အကြောင်းကို ဒိုင်ယာရီ ရေးပေးဖို့ ရှာနေတယ်၊ လုပ်ပေးနိုင်တဲ့သူ ရှိလားလို့ မေးမြန်းလာတယ်။ အဲဒီအကြောင်း အဖေ ပြောနေတာ ကြားတော့ ကျွန်မလုပ်လို့ မရဘူးလားလို့ အဖေ့ကို ခွင့်တောင်းကြည့်မိတယ်။ အဖေက ကျွန်မ လုပ်ချင်တယ် ဆိုရင် ခွင့်ပြုပေမယ့် တကယ် နဖူးတွေ့ ဒူးတွေ့ စာရေးမယ် ဆိုတော့ ဘယ်လို စရမှန်း မသိလောက်အောင် ကျွန်မ အခက်အခဲတွေ အများကြီး တွေ့ရတယ်။ ဟိုင်ကကာက ကျွန်မဆီ ဖုန်းဆက်ပြီး ကျွန်မရဲ့ တစ်နေ့တာ အလုပ်တွေ၊ အသေးအမွှားလေးကအစ နိစ်္စဓူဝ ကြုံရတဲ့ အခက်အခဲတွေ၊ ကျွန်မရဲ့ စိတ်ကူးအိပ်မက်တွေကို မေးမြန်းပြီး ကျွန်မရဲ့ စကားတွေကို သူက ပြန်ရေးပေးတယ်။ ကျွန်မရဲ့ ဒိုင်ယာရီဟာ ဘီဘီစီ့ မိက ဘာသာ အင်တာနက် စာမျက်နှာမှာ အပတ်တိုင်း ပါလာတယ်။ ဟိုင်ကကာက ကျွန်မကို အန်းဖရန့်လို့ ခေါ်တဲ့ ၁၃ နှစ် သမီး ဂျူးမိန်းကလေး အကြောင်းကို ပြောပြတယ်။ သူမဟာ နာဇီတွေ ရန်က ပုန်းအောင်း တိမ်းရှောင်ရင်း ဒိုင်ယာရီ ရေးခဲ့တယ်။ သူမ မိသားစု အဖမ်းခံရပြီး နာဇီငရဲခန်းတွေမှာ သေဆုံးခဲ့ရတဲ့ သူမရဲ့ ဒိုင်ယာရီဟာ ကြီးမားအဖိုးတန်တဲ့ သမိုင်းမှတ်တမ်း တစ်ခု ဖြစ်လာတယ် ဆိုတာကို ပြောပြတယ်။ ကျွန်မကို ကာကွယ်တဲ့အနေနဲ့ ကျွန်မရဲ့ ဒိုင်ယာရီကို ကိုရန်ကျမ်းစာ အထောက်အထားနဲ့ စစ်ရဲ့ ဆိုးကျိုး၊ လူသားတွေရဲ့ မေတ်္တာ အကြောင်းကို ပြောကြားခဲ့တဲ့ ပါရှ်တွန် ရိုးရာပုံပြင်ထဲက ဂူလ်မကိုင်ဆိုတဲ့ သူရဲကောင်းမလေးရဲ့ နာမည်ကို သုံးစေခဲ့ တယ်။

       ဂူလ်မကိုင်ရဲ့ ဒိုင်ယာရီဟာ လူတွေရဲ့ စိတ်ဝင်စားမှု ရရှိလာပြီး တချို့ သတင်းစာတွေက ဒိုင်ယာရီထဲက စာပိုဒ်အချို့ကို ပုံနှိပ် ဖော်ပြလာကြတယ်။ ဘီဘီစီက ဒိုင်ယာရီကို မိန်းကလေးတစ်ဦးရဲ့ အသံနဲ့ ဖတ်ခိုင်းပြီး ရေဒီယို အစီအစဉ် တစ်ခုအနေနဲ့ ထုတ်လွှင့်ခဲ့တယ်။ ကလောင်သွားဟာ စက်သေနတ်တွေထက် အင်အား ပိုရှိတာကို ကျွန်မ နားလည်လာခဲ့တယ်။ နယူးရော့ခ်တိုင်းမ်က သတင်းမှတ်တမ်းရိုက်ကူးဖို့ အမေရိကန် ဗီဒီယို သတင်း ထောက် အဒမ်အယ်လစ်ရဲ့ ဆက်သွယ်လာမှုကိုလည်း လက်ခံခဲ့တယ်။ အစတော့ သူက အဖေ့ကို ကျောင်းနဲ့ ပတ်သက်လို့ မေးမြန်းဖို့ ဖြစ်ပေမယ့် ကျွန်မနဲ့ တွေ့ဆုံ ပြောဆိုပြီးနောက် ကျောင်းသူလေးတွေရဲ့ အကြောင်းကိုပါ ကျွန်မကို ကိုယ်စားပြုပြီး ထည့်သွင်း ရိုက်ကူးခဲ့တယ်။အဲဒီနောက်ပိုင်းမှာတော့ ကျွန်မဟာ ရေဒီယိုတွေ တီဗီ သတင်းဌာနတွေ အတော်များများရဲ့ အစီအစဉ်တွေမှာ ပါဝင်ခဲ့တယ်။ ကျွန်မတို့ရဲ့ အခွင့်အရေးတွေအတွက် အများ သိအောင် ပြောဆို ရေးသား တိုက်ပွဲဝင်ရင်းက ကျွန်မတို့ရဲ့ အင်အားတွေကိုလည်း သိရှိလာခဲ့ရတယ်။ အမေကတော့ စိုးရိမ်စိတ်နဲ့ အင်တာဗျူးပြောတဲ့အခါ ကျွန်မရဲ့ မျက်နှာကို ကာထားဖို့ ပြောတယ်။ ဒါပေမဲ့ လူတွေက မာလာလာဟာ ကလေးပဲ ဖြစ်တဲ့အတွက် တာလီဘန်တွေ အန္တရာယ် ပြုချင်ရင်တောင် အဖေ့ကိုပဲ ရန်ရှာလိမ့်မယ်လို့ အမေ့ကို နှစ်သိမ့် ပြောဆိုကြတယ်။

ခေါင်းလောင်းလေးတွေ မြည်လာပြီ

       အစိုးရနဲ့ တာလီဘန်တွေရဲ့ ငြိမ်းချမ်းရေးနဲ့ အပစ်အခတ် ရပ်စဲရေး အစီအစဉ် ပျက်ပြားပြီးနောက် ၂၀၀၉ ခုနှစ် မေ အစပိုင်းမှာ ကျွန်မတို့ ဒေသတစ်ဝိုက်မှာ ရဟတ်ယာဉ် အသံတွေ သေနတ်သံတွေ ပြန်လည် ဆူညံလာတယ်။မကြာမီမှာ ကျွန်မတို့ မိသားစုလည်း စစ်ပြေးဒုက်္ခသည်တွေ အဖြစ်နဲ့ ကျွန်မတို့ ချစ်တဲ့ မြေကို ခေတ္တ ခွဲခွာခဲ့ရတယ်။ဇူလိုင်လမှာတော့ ၀န်ကြီးချုပ်က တာလီဘန်တွေကို ဆွက်တ်ကနေ အပြီးတိုင် ဖယ်ရှားလိုက်နိုင်ပြီလို့ ကြေညာ တယ်။ ဂက်စ်တွေ ပြန်လည် ရရှိနေပြီး ဘဏ်တွေလည်း ပြန်ဖွင့်နေပြီလို့ ကြေညာတယ်။ အစပိုင်းမှာတော့ လူအတော်များများက အစိုးရရဲ့ ကြေညာချက်တွေကို ယုံကြည်မှု သိပ်မရှိဘဲ ပြန်ဖို့ တွန့်ဆုတ်နေကြဆဲဖြစ်ပေမယ့် တဖြည်းဖြည်းနဲ့တော့ စစ်ပြေးရှောင်သူတွေ ပြန်လည် ရောက်ရှိလာကြတယ်။ ဆွက်တ်လို လှပတဲ့ ဒေသကို ဘယ်သူတွေက အကြာကြီး ခွဲပြီး နေနိုင်ကြမှာလဲ။ သြဂုတ် တစ်ရက်နေ့မှာ ကျွန်မတို့ရဲ့ ကျောင်းခေါင်းလောင်းသံလေး တွေ ပြန်မြည်လာတယ်။ ကျောင်းအဆောက်အအုံတွေကို တာလီဘန်တွေ ဖျက်ဆီးသွားလို့ ရွက်ဖျင်တဲတွေ ထိုးပြီး ယာယီ စာသင်ခန်းတွေ ပြုလုပ်ကြရတယ်။ ဘီဘီစီက ဒိုင်ယာရီကို ကျွန်မ ရေးတယ်ဆိုတာ အတော်များများ သိနေပုံရတယ်။ တချို့ဆီကတော့ သူ့အဖေ ရေးပေးတာ ထင်တယ်ဆိုတဲ့ သဘောမျိုး ကြားရတယ်။ ကျွန်မတို့ ကျောင်းအုပ် မာရမ်က ကျောင်းသူကျောင်းသားတွေကို မာလာလာကတော့ စကားပြောကောင်းရုံတင်မကဘူး၊ စာရေးဆရာကောင်းတစ်ယောက်ပါ ဖြစ်နေပြီလို့ ပြောပြ တာကိုတော့ ကျွန်မစိတ်ထဲ ကျေနပ်နေမိတယ်။

သမီးရဲ့ မျက်တောင်နဲ့ ကမ္ဘာကြီးကို မလဲနိုင်ပါ

       ၂၀၁၁ အောက်တိုဘာမှာ ကျွန်မကို အမ်စတာဒမ် အခြေစိုက်အဖွဲ့က ပေးတဲ့ ကလေးများ အခွင့်အရေးအတွက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးဆုအတွက် လျာထားခြင်း ခံရတယ်လို့ အဖေ့ဆီကို အီးမေးလ် ရောက်လာတယ်။ကျွန်မကို အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူး ကိုယ်တိုင် လျာထားခဲ့တာလို့ သိရတယ်။ ကျွန်မ ဆုမရခဲ့ တော့ စိတ်ပျက်နေတဲ့ အဖေ့ကို ကျွန်မ လုပ်တာက စကားပြောတာ စာရေးတာပဲ ရှိသေးတယ်။ ဆုရသွားတဲ့ သူတွေလို တကယ့်အလုပ် ဘာမှ မလုပ်ရသေးဘူးလို့ ကျွန်မက နှစ်သိမ့်ရတယ်။ တစ်နေ့ ကျောင်းမှာ သူငယ်ချင်း တွေက မာလာလာရေ နင့်ကို ထိပ်တန်းဆုနဲ့ ဆုငွေတွေ အများကြီး ချီးမြှင့်လိုက်တယ်လို့ ၀မ်းပန်းတသာ လာပြော ကြတယ်။ ကျွန်မကို ပါကစ်္စတန်ရဲ့ ပထမဦးဆုံး အမျိုးသား ငြိမ်းချမ်းရေးဆု ပေးအပ်လိုက်ကြတယ် ဆိုတာကို ကိုယ့် ကိုယ်ကိုယ်တောင် မယုံနိုင်အောင် ဖြစ်ရတယ်။ ဆုပေးအပ် ပွဲကို ၀န်ကြီးချုပ်အိမ်ရာမှာ ကျင်းပတာဖြစ်ပြီး ၀န်ကြီးချုပ်က ကျွန်မကို ဆုပေးအပ်တော့ ကျွန်မကလည်း သူ့ကို ကျွန်မတို့ရဲ့ လိုလားချက်တွေကို ပြန်လည် ပေးအပ်လိုက်တယ်။ ကျွန်မတို့ ကျောင်းတွေ ပြန်လည် ထူထောင် ဆောက်လုပ်ပေးဖို့ရယ်၊ ဆွက်တ်မှာ အမျိုးသမီးတက်္ကသိုလ် ဖွင့်ပေးဖို့ရယ်တို့ကို လိုလားချက်တွေထဲမှာ အဓိက တောင်းဆိုထားတယ်။ကျွန်မရဲ့ တောင်းဆိုချက်တွေကို သူ အလေးထားပြီး မလုပ်ပေးလည်း ကိစ်္စ မရှိပါဘူး။ တစ်နေ့မှာ ကျွန်မ နိုင်ငံရေးသမားလုပ်ပြီး ကိုယ် လိုချင် ဖြစ်ချင်တာတွေကို ကိုယ်တိုင် လုပ်ဆောင်မယ်လို့ ရည်မှန်း ဆုံးဖြတ်ထားပြီးပါပြီ။ ဒီငြိမ်းချမ်းရေးဆုကို နှစ်စဉ် ၁၈ နှစ်အောက် ကလေးတွေကို မာလာလာဆုဆိုပြီး ပေးမယ်လို့ သိရတယ်။ အဖေကတော့ အသက်ထင်ရှား ရှိသေးသူရဲ့ နာမည်နဲ့ ဆုပေးတာကို သိပ်သဘောမကျဘူး။ အမေကတော့ ကျွန်မ ကျော်ကြား လာတာတွေ ဆုရတာတွေဟာ ကျွန်မအတွက် အ်္တရာယ် ဖြစ်လာမှာ အင်မတန် စိုးရိမ်နေရှာတယ်။ အမေဟာ ကျွန်မလုပ်တဲ့ အလုပ်တွေအတွက် ဘယ်တော့မှ နောင်တ မရခဲ့ပါဘူး။ ဒါပေမဲ့ ဆုတွေ ချီးမြှင့်ခံရတဲ့အခါမှာ ကျွန်မ သမီးလေးအတွက် ဆုတွေ မလိုချင်ပါဘူး။ ကျွန်မ သမီးကိုပဲ ကျွန်မ လိုချင်တယ်။ ကျွန်မသမီးလေးရဲ့ မျက်တောင်တစ်ခု ကိုတောင် ကမ္ဘာကြီးနဲ့ မလဲနိုင်ပါဘူးလို့ ၀မ်းပန်းတနည်း ပြောရှာတယ်။

       အမေ့ရဲ့ စိုးရိမ်မှုတွေကို ပိုတယ်လို့တော့ ပြောလို့ မရပါဘူး။ အင်တာနက်ပေါ်မှာ တာလီဘန်တွေက ကျွန်မကို ရန်ပြုဖို့ ခြိမ်းခြောက် ကြေညာထားတယ်လို့ ကြားရတယ်။ ကျွန်မကတော့ သိပ်မပူပါဘူး။ လူတိုင်း တစ်နေ့တော့ သေရမှာပဲ။ ကင်ဆာရောဂါကြောင့်ပဲဖြစ်ဖြစ် တာလီဘန် ကြောင့်ပဲဖြစ်ဖြစ်ပေါ့။ ဒါကြောင့် ကျွန်မလုပ်စရာရှိတာတွေကို ဆက်လုပ်ရမှာပဲ။ အဖေကတော့ ခဏ လှုပ်ရှားမှုတွေ မလုပ်ဘဲ ငြိမ်နေမလားလို့ အကြံပေး တိုင်ပင်တယ်။ အဲဒါတော့ မဖြစ်နိုင်ဘူး။ အဖေကိုယ်တိုင်ပဲ ကိုယ့်ရဲ့ ယုံကြည်ချက် မှန်ကန်ရင် ကိုယ့်အသက်ထက်တောင် တန်ဖိုးရှိတယ်လို့ ပြောခဲ့တာ။ အခုအချိန်မှာတော့ ကျွန်မရဲ့ လှုပ်ရှားမှုကို မစွန့်ပစ်ခဲ့နိုင်ဘူး။ အမေဟာ စိုးရိမ်လွန်းလို့ ကျွန်မကို ဘယ်ကိုမှ လမ်းလျှောက်မသွားစေတော့ဘူး။ငါးမိနစ်ခရီးကိုတောင် လန်ချားဖြစ်ဖြစ် ဘတ်စကားဖြစ်ဖြစ် စီးခိုင်းတယ်။ အမေ့ရဲ့ စိုးရိမ်မှုတွေ တကယ် ဖြစ်လာတဲ့ အဲဒီနေ့က အမျိုးသားနှစ်ယောက် လမ်းပေါ် တက်လာပြီး ကျွန်မတို့ကို ကျောင်းကြိုပို့တဲ့ ဒိုင်နာကားကို ရုတ်တရက် ရပ်စေခဲ့တယ်။ သူတို့ မာလာလာ ဘယ်သူလဲ ဆိုတဲ့ မေးခွန်းကို ကျွန်မ ဖြေခွင့် မရခဲ့ပါဘူး။ ကျွန်မကိုသာ သူတို့ စကားပြောခွင့်ပေးခဲ့ရင် သူတို့ရဲ့ သမီးတွေ ညီမတွေ အပါအ၀င် ကျွန်မတို့ မိန်းကလေးတွေ ဘာကြောင့် ကျောင်းသွားသင့်တယ် ဆိုတာကို သူတို့နှစ်ယောက်ကိုကျွန်မပာဆိုရှင်းပြချင်တယ်။ ကျောင်းကားပေါ်မှာ နောက်တစ်နေ့ အပြီးလုပ်ရမယ့်
 လေ့ကျင့်ခန်းအကြောင်းကို တွေးနေမိတာကိုပဲ ကျွန်မ နောက်ဆုံး သတိရမိတော့တယ်။

ဒုတိယ ဘဝ

       ကျွန်မ တာလီဘန်တွေရဲ့ သေနတ်နဲ့ လုပ်ကြံမှုကိုခံရပြီး တစ်ပတ်အကြာ အောက်တိုဘာ ၁၆ ရက်မှာ ကျွန်မ နိုးလာတယ်။ ကျွန်မအိမ်နဲ့ မိုင်ထောင်ပေါင်းများစွာ ဝေးတဲ့ ဘာမင်ဟန် အက်လီဇဘက်ဘုရင်မဆေးရုံမှာ ရောက်နေပြီး ကျွန်မကို အသက်ရှူဖို့ အကူအညီပေးအောင် လည်ပင်းထဲမှာ ပြွန်ချောင်းတွေ တပ်ဆင်ထားတယ်။ ကျွန်မ စကား ပြောလို့လည်း မရပါ။ ပထမဦးဆုံး တွေးမိတာကတော့ ဘုရားသခင်ရဲ့ ကျေးဇူးကြောင့် ကျွန်မ အသက်ရှင်နေသေး တယ် ဆိုတာကိုပဲ။

       ပြီးတော့ ကျွန်မ ဘယ်ကို ရောက်နေတာလဲ။ ဘယ်သူက ကျွန်မကို ဒီကို ခေါ်လာတာလဲ။ ကျွန်မ မိဘတွေ ဘယ်မှာလဲ။ အဖေရော အသက်ရှိသေးရဲ့လား ဆိုတဲ့ မေးခွန်းတွေ ကျွန်မခေါင်းထဲကို တရစပ် ၀င်လာတယ်။ ကျွန်မ စာရေးဖို့ စာအုပ်နဲ့ ဘောပင်ရတော့ ကျွန်မ အဖေ ဘယ်မှာလဲနဲ့ ကျွန်မ အဖေမှာ ဒီဆေးကုသမှုတွေကို ပေးဖို့ ပိုက်ဆံမရှိဘူးဆိုတာကို ရေးလိုက်တယ်။ ဒေါက်တာဖီရိုနာက ကျွန်မအဖေ ဘာမှ မဖြစ်ကြောင်းနဲ့ ဆေးကုသမှု ကုန်ကျ စရိတ်အတွက် ပူစရာမလိုကြောင်း ပြောတယ်။ ကျွန်မ အသံပြန်ထွက်လာတဲ့ နေ့မှာပဲ ဒေါက်တာဂျေးဗစ်ဖုန်းကနေ ကျွန်မရဲ့ မိဘတွေကို စကားပြောခွင့်ရခဲ့တယ်။ ကျွန်မရဲ့ အသံက တစ်မျိုးကြီး ဖြစ်နေတယ်။ ခေါင်းလည်း ကိုက်နေတယ်လို့ အဖေ့ကို ပြောပြတယ်။ အဖေက အသံ ကတော့ တဖြည်းဖြည်း ကောင်းလာမှာပါ။ ခေါင်းကိုက်တာ တဖြည်းဖြည်း များလာသလား၊ လျော့သွားသလားလို့ စိုးရိမ်တကြီး မေးတယ်။ ကျွန်မ သူတို့ကို အရမ်း မစိုးရိမ်စေချင်တာနဲ့ ကျွန်မ အခြေအနေ ကောင်းပါတယ်။ ဘယ်တော့ လာကြမှာလဲလို့ မေးလိုက်တယ်။ သူတို့လည်း လာဖို့ကို တာဝန်ရှိသူတွေ လုပ်နေတာ စောင့်ဆိုင်းနေတယ် လို့ ဆိုတယ်။ နောက်နေ့တွေမှာ ကျွန်မ မိသားစု လိုက်လာ တော့မယ်လို့ ကြားရတော့ ကျွန်မရဲ့ ကျောင်းလွယ်အိတ် ယူလာပေးဖို့နဲ့ အိမ်ကို မသွားနိုင်တော့ရင် မတ်လမှာ ဖြေဖို့ စာမေးပွဲအတွက် ဖတ်စာအုပ်တွေ ၀ယ်လာပေးခဲ့ဖို့ မှာလိုက်တယ်။ ကျွန်မ အမြဲတမ်း အတန်းထဲမှာ ပထမပဲ လိုချင်ခဲ့တာဆိုတော့ နေမကောင်းပေမယ့် ရသလောက် စာဖတ်ရမယ်လို့ စိတ်တင်းကြည့်မိတယ်။

တာလီဘန်ကြောင့် ကမ္ဘာကျော်ရပြီ

      မကြာခင်မှာပဲ ကမ္ဘာတစ်ဝန်းက သတင်းထောက်တွေ၊ အစိုးရဌာန၀န်ကြီးတွေ၊ သံတမန်တွေ၊ နိုင်ငံရေးသမားတွေ၊ ခရစ်ယာန်ဘုန်းတော်ကြီးရဲ့ တမန်တော်တွေတောင် ကျွန်မ တက်တဲ့ ဆေးရုံကိုလာပြီး ပန်းခြင်းတွေ ဆုတောင်းကတ်တွေ ချစ်စရာ အမွေးပွရုပ်ကလေးတွေ ချောကလက်ဘူးတွေ ပေးကြတယ်။ ကျွန်မ နေကောင်းဖို့ ဆုတောင်းပေးတဲ့ ကမ္ဘာတစ်ဝန်းက လူတွေရဲ့ ကတ်ပေါင်း ရှစ်ထောင်လောက်အထိ ရခဲ့တယ်။ အဲဒီလို များပြားတဲ့ လက်ဆောင်တွေထဲက ကျွန်မ တန်ဖိုး အထားဆုံးကတော့ ဘင်နီဇာဘူတိုရဲ့ ကလေးတွေက ပေးတဲ့ သူမရဲ့ ပ၀ါနှစ်ခုပဲ ဖြစ်တယ်။ ကျွန်မ အဲဒီပ၀ါတွေကို ရရချင်း ကျွန်မရဲ့ မျက်နှာကို နှစ်မြှုပ် ထားလိုက်ပြီး ရဲရင့်ကြီးမြတ်တဲ့ သူမရဲ့ ကိုယ်နံ့ကို ရှူရှိုက်ဖို့ ကြိုးစားမိတယ်။ ဗြိတိသျှ ၀န်ကြီးချုပ်ဟောင်း ဂေါ်ဒန်ဘရောင်းက ကျွန်မ မာလာလာဆိုတဲ့ ဆောင်ပုဒ်နဲ့ ၂၀၁၅ မှာ ပညာသင်ခွင့်မရတဲ့ ကလေး မရှိစေရဆိုတဲ့ တောင်းဆိုချက်နဲ့ စည်းရုံးလှုပ်ရှားမှုတွေ လုပ်ဆောင်တယ်။ ပေါ့ပ် အဆိုကျော် ဘီယောင်စေးက ကျွန်မအတွက် ဆုတောင်းကတ် ပို့ပေးပြီး သူမရဲ့ ဖေ့စ်ဘုတ်မှာ ကျွန်မပုံကို တင်ထားတယ်။ မက်ဒေါနားက ကျွန်မအတွက် ရည်စူးပြီး သီချင်းတစ်ပုဒ် စပ်ဆိုတယ်။ ကျွန်မ အကြိုက်ဆုံးမင်းသမီး အန်ဂျယ်လီနာ ဂျိုလီက ကျွန်မဆီကို ဆုတောင်းစကား ပေးပို့တယ်။တာလီဘန်တွေ ကျွန်မကို ပစ်သတ်ဖို့ ကြိုးစားခဲ့တာဟာ ကျွန်မရဲ့ လှုပ်ရှားမှုကို ကမ္ဘာသိအောင် သူတို့ လုပ်ပေးခဲ့တာ ပဲလားလို့ ကျွန်မ တွေးမိတယ်။

 ကျောင်းသားတစ်ယောက်၊ ဆရာတစ်ယောက်၊ စာအုပ်တစ်အုပ်နဲ့ ဘောပင်တစ်ချောင်း

       ကျွန်မ ဆေးရုံက ဆင်းလို့ နေပြန်ကောင်းလာပြီးနောက် ကျွန်မရဲ့ ဘ၀နဲ့ ကျွန်မရဲ့ ကမ္ဘာကြီးဟာ လုံးဝ ပြောင်းလဲ သွားတယ်။ ကျွန်မတို့ ငှားနေထိုင်တဲ့ တိုက်ခန်းက စင်တွေပေါ်မှာ အမေရိက၊ အိန်္ဒိယ၊ ပြင်သစ်၊ စပိန်၊ အီတလီနဲ့ နိုင်ငံပေါင်းများစွာက ဆုတံဆိပ်တွေနဲ့ ပြည့်လို့နေတယ်။ကျွန်မကို နိုဘယ်လ် ငြိမ်းချမ်းရေးဆုအတွက်ပါ လျာထားခြင်း ခံခဲ့ရတယ်။ သမိုင်းမှာ အသက် အငယ်ဆုံး နိုဘယ်လ် ငြိမ်းချမ်းရေးဆု အလောင်းအလျာ ဖြစ်ခဲ့ရတယ်။ ကျွန်မ အရင်တုန်းက ကျောင်းမှာ ရခဲ့တဲ့ ဆုတံဆိပ်တွေကတော့ ကျွန်မ ကြိုးစားအားထုတ်လို့ ရရှိခဲ့တဲ့အတွက် ပျော်ရွှင်ခဲ့ ရပေမယ့် အခု ရတဲ့ဆုတွေအတွက်တော့ ကျွန်မ ပေးအပ်တဲ့ သူတွေကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်မိတယ်။ ဒီဆုတွေ ဟာ ကလေးငယ်တွေ အားလုံး ပညာရေးရရှိဖို့ အလုပ်တွေ အများကြီး ဆက်လုပ်ရဦးမယ်ဆိုတာကို သတိပေးနေတယ်။ တာလီဘန်တွေက သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ မိန်းကလေး တစ်ယောက် ဆိုတာထက် ပညာရေးအတွက် တိုက်ပွဲ ၀င်နေတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ ကျွန်မကို မြင်စေ့ချင်တယ်။ ကျွန်မ အသက်ဆယ့်ခြောက်နှစ်ပြည့် မွေးနေ့မှာ နယူးရော့ခ်က ကမ္ဘာ့ကုလသမဂ္ဂမှာ မိန့်ခွန်းပြောဖို့ အခွင့်အရေးထူးကို ရခဲ့တယ်။ အဲဒီနေ့က ကုလသမဂ္ဂ အခမ်းအနားမှာ ကျွန်မ ကြိုက်နှစ်သက်တဲ့ ပန်းရောင်ဝတ်စုံပေါ်မှာ ဘင်နီဇာဘူတိုရဲ့ ပ၀ါဖြူလေးကို သိုင်းခြုံ ထားလိုက်တယ်။ “ကျွန်မတို့ရဲ့ စာအုပ်တွေ ဘောပင်တွေကို ကောက်ယူကြပါစို့၊ စာအုပ်တွေ ဘောပင်တွေဟာ ကျွန်မတို့ အတွက် အင်အားအကြီးဆုံး လက်နက်တွေပဲ။ ကလေး တစ်ယောက်၊ ဆရာတစ်ယောက်၊ စာအုပ်တစ်အုပ်နဲ့ ဘောပင်တစ်ချောင်းဟာ ကမ္ဘာကြီးကို ပြောင်းလဲစေနိုင်တယ်” လို့ ကမ္ဘာ့ခေါင်းဆောင်တွေကို ကျွန်မ ပြောကြား ခဲ့တယ်။ကလေးငယ်တွေ အားလုံး အခမဲ့ အခြေခံ ပညာရေးကို ရယူနိုင်ရေးအတွက် ကြိုးစားပေးကြပါလို့ တိုက်တွန်းခဲ့တယ်။ ကျွန်မရဲ့ မိန့်ခွန်းအပြီးမှာ လက်ခုပ်သံတွေနဲ့ အတူ အမေ ကတော့ မျက်ရည်လည်ရွဲ ဖြစ်နေတယ်။ အဖေကတော့ သမီးဟာ လူသား အားလုံးရဲ့ သမီးလေးဖြစ်သွားပြီလို့ ဂုဏ်ယူစွာနဲ့ ပြောလေတယ်။

ကျွန်မ မာလာလာပါ

       တချို့တွေက ကျွန်မကို ကျော်ကြားမှုနောက်လိုက်တဲ့ ဆယ်ကျော်သက် ကောင်မလေးတစ်ယောက်အနေနဲ့ မြင်ကြတယ်။ နိုင်ငံခြားမှာ ပြည့်စုံ ချမ်းသာသွားရင် တိုင်းပြည်နဲ့ ပညာရေးအကြောင်းကို မေ့သွားလိမ့်မယ်လို့ ပြောကြတယ်။ ဘယ်တော့မှ ကတိမတည်တဲ့ နိုင်ငံရေးသမားတွေနဲ့ ပြည့်နေတဲ့ တိုင်းပြည်က သူတွေ ကျွန်မအပေါ် ဒီလို မြင်တာကို အပြစ်မမြင်ဘဲ ကျွန်မ နားလည်နိုင်ပါတယ်။ ကျွန်မ သူတို့ကို သိစေချင်တာက ကျွန်မအတွက် ထောက်ခံမှု တွေကို ကျွန်မလှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ပညာရေးနဲ့ ငြိမ်းချမ်းရေးအတွက် အသုံးပြုချင်တာပါ။ ပညာရေးဟာ လူတိုင်း ရသင့်တဲ့ အခြေခံ အခွင့်အရေးပါ။ အနောက်တိုင်း မှာသာ မဟုတ် ကျွန်မတို့ရဲ့ အစ်္စလာမ်ဘာသာရေးမှာလည်း လူတိုင်း အသိပညာကို ရှာဖွေရမယ်လို့ သင်ကြားထားပါ တယ်။ ယနေ့ ကမ္ဘာတစ်ဝန်းမှာ ကလေး ၅၇ သန်းဟာ မူလတန်းကျောင်းကို မသွားနိုင်ပါ။ ကျွန်မတို့ နိုင်ငံမှာ စာမတတ်သူ သန်းငါးဆယ်ရှိပြီး အများစုဟာ အမျိုးသမီးတွေ ဖြစ်တယ်။ ကျွန်မ အခုလို မြင့်မားတဲ့ အခြေအနေကို ရောက်လာဖို့ ဘုရားသခင်က ကူညီခဲ့သလို ကြီးမားတဲ့ တာဝန်တွေလည်း ကျွန်မကို ပေးအပ်ထားတယ်။ အိမ်တိုင်း၊ လမ်းတိုင်း၊ ရွာတိုင်းမှာ ငြိမ်းချမ်းနေစေချင်တာ ကျွန်မရဲ့ စိတ်ကူးအိပ်မက်ပါ။ လူတိုင်း အပြုံးကိုယ်စီနဲ့ မိသားစုတွေနဲ့ အတူ ပျော်ပျော်ရွှင်ရွှင် ရှိနေစေချင်တာ ကျွန်မရဲ့ ဆန်္ဒပါ။ ကျွန်မရဲ့ ကမ္ဘာကတော့ ပြောင်းလဲသွားပေမယ့် ကျွန်မဟာ မာလာလာပါ ဆိုတာကတော့ ပြောင်းလဲသွားမှာ မဟုတ်ပါ။

       မာလာလာရေ...မင်းလို အဖိနှိပ်ခံရသူတွေကိုယ်စား လွတ်မြောက်ရေးအတွက် ကြိုးစားသူတွေ နိုဘယ်လ် ငြိမ်းချမ်းရေးဆုအတွက် လျာထားခံရတော့ ငါတို့တွေ ၀မ်းသာဂုဏ်ယူစွာနဲ့ စောင့်မျှော် ဆုတောင်းပေးနေခဲ့ရတယ်။အဲဒီနေ့ ၂၀၁၃ အောက်တိုဘာ ၁၁ ရက်နေ့က မင်ဂိုရာ ဆွက်တ်တောင်ကြားဒေသက မင့်အတွက် ဆုတောင်း ပေးနေကြတဲ့ ကျောင်းသူတွေရဲ့ ရင်ခုန်သံကို (လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်က ကိုယ်တိုင် ကြုံခဲ့ရဖူးလို့)တစ်ထပ်တည်း ငါတို့ နားလည်နိုင်တယ်။ နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို မင်း မရခဲ့ပါဘူး။ တာလီဘန်တွေကတော့ ပျော်ရွှင်ကြောင်း ကြေညာချက်တွေ ဘာတွေ ထုတ်လို့။ အဖိနှိပ်ခံရသူတွေ ဒီဆုကို မရရင် ဖိနှိပ်သူ အာဏာရူးတွေ ပျော်ရွှင်ကြတာ ရိုးရာဓမ်္မတာပါ။ မင်းအတွက်ကတော့ ဆုရတာ မရတာက အရေးကြီးမှာ မဟုတ်ပါဘူး။ မင်း ယုံကြည်ချက်အတွက် အလုပ်တွေ မင်း ဆက်လုပ်နေဦးမှာပဲ။ မာလာလာ ဘယ်သူလဲလို့ မေးလာတဲ့ မေးခွန်းတွေကို ရဲရဲရင့်ရင့် မဆုတ်တမ်း မင်း ဖြေနေဦးမှာပဲ။ ကျွန်မဟာ အဖိနှိပ်ခံရမှုကို ကြိုးစားတွန်းလှန်နေတဲ့ လွတ်မြောက်သူ မာလာလာ၊ ပညာရေးဟာ လူတိုင်း ရသင့်တဲ့ လူ့အခွင့်အရေးလို့ ယုံကြည်တဲ့ မာလာလာ၊ ကျောင်းသားတစ်ယောက် ဆရာ တစ်ယောက် စာအုပ်တစ်အုပ်နဲ့ ဘောပင်တစ်ချောင်းဟာ ကမ္ဘာကြီးကို ပြောင်းလဲစေနိုင်တယ်လို့ဆိုတဲ့ မာလာလာ၊ ဘင်နီဇာဘူတိုရဲ့ မဆုံးသေးတဲ့ ခရီးကို ဆက်လျှောက်မယ့် မာလာလာ၊ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေး မီးအိမ် ထွန်းလင်း စေချင်တဲ့ မာလာလာ၊ ယုံကြည်မှုကို အသက်ထက် ပိုတန်ဖိုးထားတဲ့ မာလာလာ၊ ကျွန်မ မာလာလာပါ...။

From the book, I Am Malala by Malala Yousafzai with Christina Lamb

ဖိုးဇော်