သီတင်းကျွတ် ရောက်တိုင်း ကျွန်တော်ရေးခဲ့ဖူးတဲ့ ဒီအက်ဆေးကို ကိုယ့်ဘာသာ ကိုယ် ပြန်ဖတ်ဖြစ်တယ်။ ပြီးတော့ ပြန်မရတော့မယ့်အချိန်တွေကို လွမ်းပြီး ပြန်ရအောင်လုပ်လို့ ရသေးတယ် အချိန်တွေကို လှမ်းမျှော်မိတယ်။ နည်းနည်း ပုဂ္ဂလိက ဆန်ဆန် ဖြစ်နေပေမယ့် တခြားလူတွေလည်း ဖတ်လို့တော့ အဆင်ပြေလောက်မယ်ထင်ပါတယ်။ စကားမစပ် အဲဒီအဖွားစိန်တို့ အိမ်လေးကို ဖျက်ပြီး အသစ်ကြတော့မယ်ကြားနေတယ်။ နောက်ဆုံးတစ်ခေါက် ရန်ကုန်ပြန်ရောက်တုန်းက ဦးလေးက ကွန်ဒိုပေါ်မှာ ဆိုတော့ အဖွားလည်း ဦးလေးနဲ့ တူတူနေတာပေါ့။ ဘာပဲ ဖြစ်ဖြစ် ဒီတစ်ခေါက် ရန်ကုန်ပြန်ရောက်လို့ အဲဒီအိမ်ကလေး မဖျက်ရသေးရင် ခဏဖြစ်ဖြစ်တော့ ပြန်သွားလည်ချင်ပါသေးတယ်။
အဖွားစိန်တို့အိမ်
အလုပ်က ပြန်ရောက်၍ အိမ်ခန်းတံခါးကို ဖွင့်လိုက်သောအခါ မှောင်မဲနေသော
ဧည့်ခန်းက ကျွန်တော့်ကို ဆီးကြိုနေသည်။ ဗိုက်ထဲ နည်းနည်းဆာသလို
ရှိတာကြောင့် ထမင်းစားပွဲပေါ်မှ အုပ်ဆောင်းကို ဖွင့်လိုက်သောအခါ အရင်နေ့က
ကျန်သော ဟင်းခွက်၏ ချဉ်စုတ်စုတ်အနံ့မှာ နှာခေါင်းထဲသို့ အလုံးအရင်း
ဝင်ရောက်လာ၏။ ဆာနေသော ဗိုက်ပင် စိတ်ကုန်သွားချင်သည်။ ထုံးစံအတိုင်း
မီးဖိုချောင်အတွင်းရှိ ဗီရိုထဲမှ အကြော်စုံပုလင်းကို ယူကာ လက်ဝါးပေါ်သို့
အကြော်အနည်းငယ် မှောက်ချလိုက်သည်။ ထို့နောက် ပါးစပ်ထဲသို့ ထိုအကြော်များကို
ပစ်သွင်းလိုက်ပြီး ရေတစ်ခွက် မော့ချလိုက်သည်။ ကျွန်တော့်အိမ်တွင်
အိပ်ခန်းသုံးခန်းရှိကာ တစ်ခန်းတွင် ညီညီတို့ဇနီးမောင်နှံနေပြီး
နောက်တစ်ခန်းတွင် သူငယ်ချင်း ညီအစ်မ နေကြသည်။ ထုံးစံအတိုင်း တစ်အိမ်လုံး
တိတ်ဆိတ် ငြိမ်သက်လို့ပေါ့။ စင်္ကာပူနိုင်ငံတွင် ၁၀စုနှစ်ကျော်ကျော်
နေလာခဲ့သည့် သက်တမ်း တလျှောက် အိမ်ပေါင်း ၇အိမ်ခန့် ပြောင်းခဲ့ပြီး
လူပေါင်းများစွာနှင့် တူတူနေခဲ့ဖူးပြီ။ ယခုအိမ်တွင်တော့
ညီအစ်ကိုမောင်နှမများ စုနေသကဲ့သို့ ဖြစ်နေသောကြောင့် စနေ၊ တနင်္ဂနွေလို
အားလပ်ရက်များတွင် အားလုံးစု၍ မုန့်လုပ်စားခြင်း၊ စု၍ အပျော်တမ်း
ကစားကြခြင်းများ ရှိသော်လည်း နေ့ဆိုင်း၊ ညဆိုင်းဖြင့် အလုပ်လုပ်ရသော
ကျွန်တော်တို့ အဖို့တော့ သိပ်မထူးခြားပေ။ အဘယ်ကြောင့်ဆိုသော်
ကျွန်တော့်အလုပ်မှာ စနေ၊ တနင်္ဂနွေ သာမကပဲ အစိုးရရုံးပိတ်ရက်များပါ
အလုပ်လုပ်ရသောကြောင့် ဖြစ်သည်။
အခန်းထဲသို့ ရောက်သောအခါ တစ်ယောက်အိပ် ကုတင်နှစ်လုံးအနက် တစ်လုံးပေါ်တွင် ကိုငယ်က အိပ်နေပြီဖြစ်ပြီး ကျွန်တော့် ကုတင်ပေါ်တွင်တော့ မနက်က အလုပ်မသွားခင် ရုတ်ထားခဲ့သော အ၀တ်တစ်ပုံက ဆီးကြိုလို့ နေ၏။ ဟင်း . . . ကနဲ သက်ပြင်းပူကို ချလိုက်ပြီး ရေမိုးချိုး အ၀တ်တွေ ခေါက်သိမ်းပြီး အိပ်ယာပေါ်ရောက်သောအချိန်တွင် ည၁၂နာရီထိုးရန် ၅မိနစ်သာလိုတော့သည်။ မနက်၆နာရီ ထပြီးအလုပ်သွားရန် ရှိသောကြောင့် ဒီညကို ကျွန်တော်အိပ်မှ ဖြစ်မည်။ အိပ်ခါနီးခေါင်းရင်းရှိ ပြတင်းပေါက်မှ လှမ်းကြည့်သောအခါ ၀ိုင်းစက်လှပသော လမင်းကြီးကို တိမ်ရိပ်များဖုံးလွှမ်းနေသည်ကို တွေ့ရတော့မှ ဒီနေ့ သတင်းကျွတ်လပြည့်ညမှန်း သတိရမိသည်။ ထိုလရောင်က ခေါင်းရင်းတွင် ထောင်ထားသော အဖိုးနှင့် ဖွားစိန်တို့၏ ဓါတ်ပုံပေါ်ကို ကျနေသည်ကို ကြည့်ရင်း အတွေးစများစွာတို့သည် လွန်ခဲ့သော အနှစ် ၂၀ကျော်ခန့်ကို အပြေးလေး ရောက်သွားမိပြန်သည်။
ဖွားစိန်တို့အိမ်လို့ ပြောလိုက်သည်နှင့် ခြံဝန်းခပ်ကျယ်ကျယ် အိမ်ငယ်လေး၏ နောက်ဖေးတွင် စမ်းချောင်းကလေး တစ်ခုရှိကာ ၀ါးတံတားလေးထိုးထားမည်။ စမ်းချောင်းလေးထဲတွင် ငါးကလေးများက ကူးလူးသွားလာနေကြပြီး ခြံဝန်းတွင်းရှိ အုပ်ဆိုင်းဆိုင်းသစ်ပင်များပေါ်မှ ငှက်ကလေးများ၏ ကျလိကျလိ တေးသံမှာ နားဝင်ချိုလှသည် ဟု ပြောလို့ ရသော ၀တ္တုထဲမှ စိတ်ကူးယဉ်ဆန်ဆန် အိမ်မဟုတ်ပေ။ ဖွားစိန်တို့ အိမ်မှာ ရန်ကုန်မြို့လယ်နှင့် အနီးဆုံး ဗိုလ်တစ်ထောင်မြို့နယ်မှ တိုက်ခန်း တစ်ခန်းသာဖြစ်လေသည်။ လမ်းထိပ်တွင် ဈေးရှိသောကြောင့် ကားသွားကားလာနှင့် လူသွားလူလာအလွန်များသော လမ်းတစ်လမ်းဖြစ်၏။ တိတိကျကျပြောရလျှင် လမ်းတစ်ဖက်၏ ထိပ်တွင် ဗိုလ်ကလေးဈေးရှိပြီး လမ်းတစ်ဖက်ထိပ် ကားလမ်းကူးလိုက်လျှင် ၀န်ကြီးများရုံး(ယခင် အတွင်းဝန်ရုံး) ရှိလေသည်။ ဟုတ်ပါသည်။ ကျွန်တော်သည် ထိုတိုက်ခန်းလေးတွင် လေးတန်း ကျောင်းသားဘ၀မှ စင်္ကာပူသို့ မထွက်လာခင်အချိန်အထိ တောက်လျှောက် နေလာခဲ့ပါသည်။ အစိုးရ၀န်ထမ်းဖြစ်သော အဖေ၊အမေတို့သည် ရုံးမှ ပေးထားသော အိမ်ကလေးတွင် ညီမလေးနှင့် တူတူနေပြီး ကျွန်တော်တို့ညီအကိုနှစ်ယောက်ကတော့ ဗိုလ်တစ်ထောင် ၆ (ယခင် စိန်ပေါလ်)တွင် ကျောင်းတက်သောကြောင့် ကျောင်းနှင့် နီးသော အဖိုးအဖွားအိမ်တွင် နေခဲ့ကြသည်။
အိမ်ရှေ့ဝရန်တာမှ ထွက်ကြည့်လျှင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သော ၀န်ကြီးများရုံးကို လှမ်းမြင်နိုင်မည်ဖြစ်ပြီး
အိမ်မပျော်သော ညများတွင် ထိုဝန်ကြီးများရုံးကို လှမ်းကြည့်ပြီး ဗိုလ်ချုပ်ရှိစဉ်က ဘယ်အခန်းတွင် ရုံးထိုင်ခဲ့သလဲ၊ ဘယ်အခန်းတွင် အစည်းအဝေးလုပ်ခဲ့သလဲ စသဖြင့် ကျွန်တော်တစ်ယောက်တည်း ပေါက်ပေါက်ရှာရှာတွေးနေမိတတ်သည်။

အပြည့်အစုံကို သံလွင်အိပ်မက်မှာ ဖတ်ပါ။ :P