၂၀၀၇က ကျွန်တော့်ဘ၀ကို တော်တော်လေးပြောင်းလဲသွားစေပါတယ်။ ဘ၀တစ်ခုလုံးမှာ အလုပ်အများဆုံး ခုနှစ်တစ်ခုလည်း ဖြစ်ခဲ့လိမ့်မယ်နဲ့ တူပါတယ်။ ကျွန်တော်စားချင်သော အစားအစာများ၊ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက၊ ၂၀မိနစ် ကာလသားချက်၊ နှင်းဝိညာဉ်တစ်စက်ရဲ့ နိဂုံး၊ ဘန်းစကားတွေလန်းနေတယ် စတဲ့ ပိုစ့်တွေနဲ့ အတူ ကျွန်တော် ဟာ ဘလော့ခ်ဂါ တစ်ယောက်ဘ၀ကို ပျော်ရွှင်စွာရောက် ခဲ့ပါတယ်။ ပြီးတော့ အဲဒီဘလော့ခ်ကာဘ၀နဲ့ တူတူ ဘလော့ခ်ဂါဖိုရမ်လေးကို ရောက်ခဲ့ပြီး ကဗျာတွေ ရေးရင်း ဘလော့ခ်စာအုပ်ကိစ္စတွေငြင်းရင်း ခုန်ရင်း မတ်လလောက်မှာ ဖိုရမ်မာတစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီဖိုရမ်ကတဆင့် ကိုရန်အောင်၊ ကိုကျော်ဇေယျ၊ မညလေး၊ ကိုဝေယံလင်းတို့နဲ့ သိခဲ့ကျွမ်းခဲ့ ခင်မင်ခဲ့ပါတယ်။
၂၀၀၇ခုနှစ် Aprilလမှာတော့ မဆုံစည်းရတာ ၈နှစ်လောက်ရှိပြီဖြစ်တဲ့ မြန်မာသင်္ကြန်ပွဲတော်ကို ညီညီ၊ နေဘုန်းလတ်တို့နဲ့ တူတူ အင်းလျားလမ်းမှာ ပျော်ရွှင်မြူးတူးစွာ ဆင်နွှဲခဲ့တယ်။ စင်္ကာပူကို မပြန်ခင်မှာ ဘာညာ၊ ဘလာဂေါက်၊ မောင်ပွတ်၊ စိုးဇေယျ၊ ကိုမျက်လုံးဆိုတဲ့ သူတွေနဲ့ ဘလော့ခ်စာအုပ်ကိစ္စအစည်းအဝေးမှာ ခင်မင်ခွင့်ရလာခဲ့တယ်။ ၂၀၀၇ခုနှစ် မေလမှာတော့ ကျွန်တော့်ရဲ့ ၀ါဿနာဖြစ်တဲ့ ဓါတ်ပုံရိုက်ခြင်း အတတ်ပညာကို TPmyanmar Thingyan 2007မှာ Photographer of the event အဖြစ် အပြည့်အ၀အသုံးချနိုင်ခဲ့ပါတယ်။ အဲဒါရဲ့ နောက်ပိုင်းမှာလည်း စင်္ကာပူမှာ ရှိတဲ့ သူငယ်ချင်းတွေရဲ့ မင်္ဂလာဆောင်၆ခုလောက်ကို ဆက်တိုက်ဆိုသလို မှတ်တမ်းတင်ပေးနိုင်ခဲ့တယ်။
မေလမှာတော့ စင်္ကာပူနိုင်ငံ မြန်မာများစုစည်းတဲ့နေရာဖြစ်တဲ့ ပန်နီဇူလား ပလာဇာမှာ လမ်းပြကြယ်ဆိုတဲ့ မြန်မာစာကြည့်တိုက်တစ်ခုကို ကျွန်တော်အပါအ၀င် မိတ်ဆွေ လေးငါးခြောက်ဦးနဲ့ တူတူအောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ စာအုပ် ၅၀၀လောက်နဲ့ စတင်ခဲ့တဲ့ လိုင်ဘရီလေးဟာ အခုဆို စာအုပ် သုံးထောင်ကျော်ကျော်လောက်ရှိနေပါပြီ။ အဖေရော အမေပါ Engineerဖြစ်တဲ့အတွက် ငယ်ငယ်ကတည်းက Engineerတစ်ယောက် ဖြစ်ချင်ခဲ့တဲ့ ကျွန်တော်၊ ဒီ ၂၀၀၇ခုနှစ်မှာပဲ ဖြစ်ချင်တဲ့ Engineerရာထူးကို အလုပ်ထဲမှာ ရရှိခဲ့ပါတယ်။ TPmyanmar အဖွဲ့အစည်းပေါ်ပေါက်လာတာ ၂၀၀၈မှာ ၁၀နှစ်ပြည့်မှာ ဖြစ်တဲ့အတွက် သင်္ကြန်ပွဲတစ်ခုကို အကြီးအကျယ်ကျင်းပနိုင်ဖို့အတွက် ၂၀၀၇ရဲ့ ဇူလိုင်လမှာ စပြီး အစည်းအဝေးတွေ စတင်ခဲ့ရာကနေ Organiserဆိုတဲ့ နေရာတစ်ခုကို တကျော့ပြန် ရယူခဲ့ရ ပြန်ပါတယ်။
သြဂုတ်လကတည်းက စပြီး မြန်မာနိုင်ငံရဲ့ အရေးကိစ္စများကို ကြိုးစားပမ်းစား ဆောင်ရွက်ရာကနေ အလုပ်အလွန်များတဲ့ လူတစ်ယောက်အဖြစ်ကို ရောက်မှန်းမသိ ရောက်ရှိခဲ့ပြန်ပါပြီ။ တကယ်ပါ။ ၂၀၀၇ရေ မင်းကတော့ ဖုန်ဖက်ခါပြီး ခွဲခွာနှုတ်ဆက်သွားပေမယ့် ဒီကကောင်မှာတော့ Blogger, Forummer, Photographer, Librarian, Engineer, Organiser, Activist ဆိုတဲ့ နေရာတွေမှာ တလှည့်စီရပ်ရင်း မောပန်း နွမ်းလျလို့ ဖုတ်လိုက်ဖုတ်လိုက်ပါပဲ။ ဗေဒင်မေးရင်တောင် ဆန်ကုန်နေပါဦးမယ်။ အဲဒီလိုရှုပ်ရှပ်ခတ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ၂၀၀၇ခုနှစ်ကိုတော့ ကျွန်တော့်တစ်သက်မှာ ဘယ်တော့မှ မေ့လို့ရတော့မှာမဟုတ်ပါဘူး။
Monday, December 31, 2007
Sunday, December 30, 2007
The return of TLAM
သံလွင်အိပ်မက်ကို စောင့်နေကြတဲ့ ပရိသတ်ကိုလည်း အတော်လေး အားနာမိပါတယ်။ သံလွင်အိပ်မက် အမှတ်(၁၂) ကို ပုံမှန်ထွက်ရမယ့် အောက်တိုဘာမှာ မထုတ်ဖြစ်ဘူး။ အဲဒီကာလက အားလုံးသိကြတဲ့အတိုင်း စက်တင်ဘာရဲ့ ရွှေဝါရောင် တော်လှန်ရေးလှိုင်းအရှိန်နဲ့ ကျွန်တော်တို့ အားလုံးရဲ့စိတ်တွေ ညိုညစ်ညစ်သန်းနေခဲ့တယ်။ ပြီးတော့ သံလွင်ဝက်ဆိုက်ဒ်ကို တင်ထားတဲ့ ဆာဗာကလည်း အချိန်ကိုက်ဒေါင်းသွားခဲ့တယ်။ နောက်ပြီး ဆာဗာအသစ်ကို domain transfer လုပ်ဖို့ အခက်အခဲတချို့ ရှိခဲ့တဲ့အတွက် မမျှော်လင့်ဘဲ သံလွင်ဝက်ဆိုက်ဒ်တစ်ခုလုံးကို လုံးဝပိတ်ထားလိုက်ရတယ်။ အခုတော့ သံလွင်အိပ်မက် အမှတ် (၁)ကနေ (၁၁) အထိကို ဆာဗာအသစ်မှာ တင်ထားလိုက်ပြီးပါပြီ။ www.thanlwin.com ကနေ တိုက်ရိုက် ဖတ်ရှုနိုင်ပါတယ်။ အမှတ် (၁၂)ကို ဇန်န၀ါရီလကုန်ပိုင်း (သို့) ဖေဖော်ဝါရီလဆန်းပိုင်းမှာ ထွက်နိုင်အောင် ကြိုးစားနေပါတယ်။ ခုဆိုရင် သံလွင်အယ်ဒီတာအဖွဲ့ထဲကို ညီညီ(သံလွင်)၊ နေဘုန်းလတ် (ခ) နေမျိုး(သံလွင်)၊ ကိုငယ် (မန္တလေး) နဲ့ ကျွန်တော်တို့ အပြင် မောင်ပွတ် (ခ) အေးချမ်း(သံလွင်)တို့ကလည်း ပါဝင်လာပြီဖြစ်လို့ လူအင်အားများလာသလို ကျွန်တော်တို့ရဲ့ မိတ်ဆွေသူငယ်ချင်း ဘလော့ဂ်ဂါတွေသာမက အခြားသော စာပေ၀ါသနာပါသူ တွေကိုလည်း ၀ိုင်းဝန်းကူညီတဲ့ အနေနဲ့ စာမူတွေ ပေးပို့ကြဖို့ ဖိတ်ခေါ်ပါတယ်။ စာမူတွေကို အရင်က ၀င်းဖွန့်နဲ့သာ ပေးပို့နိုင်ကြပေမယ့် အခုတော့ ဘလော့ဂ်ရေးသူ၊ ဖတ်သူတွေ များလာတာနဲ့အမျှ မြန်မာဘလော့ဂ်တွေ အားလုံးလိုလိုမှာ သုံးနေကြတဲ့ ဇော်ဂျီဖွန့်နဲ့လည်း ပေးပို့နိုင်ကြောင်း သတင်းကောင်း ပါးလိုက်ပါတယ်။ စာမူတွေကို ပေးပို့ရမယ့် လိပ်စာကတော့ thanlwinainmat@gmail.com ပါ။
Labels:
News
Tuesday, December 25, 2007
Merry Christmas

ဒီရက်ပိုင်း ကျွန်တော့်ကို SMSပို့ပေးတဲ့သူတွေ၊ အီးမေးလ်ပို့တဲ့သူတွေ၊ ဟိုးအဝေးက သူငယ်ချင်း၊ မိတ်ဆွေ၊ ဆွေမျိုးသားချင်းတွေ၊ နီးနီးလေးနေပြီး ဝေးနေတဲ့သူတွေ၊ ကျွန်တော့်ဘလော့ခ်ကို လာလာလည်နေကြတဲ့ သူတွေအားလုံးကို ဒီခရစ္စမတ်မှာ သာစေ မာစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
Labels:
Days
Friday, December 21, 2007
ဝင်းအင်းဝလား၊ ဇော်ဂျီဝမ်းလား။
ဝင်းအင်းဝဆိုတဲ့ ဖောင့်ကို စွဲစွဲမြဲမြဲနဲ့ သုံးလာခဲ့တာ ၁၀တန်းအောင်စ လောက်ကတည်းက စပြီး အခုအချိန်အထိ (သံလွင်အိပ်မက်မှာ) သုံးဆဲပါပဲ။ အဲဒီအချိန်လောက်တုန်းကတော့ ရွေးစရာတခြားဖောင့်လည်း သိပ်များများစားစားရှိတာမဟုတ်တော့ ဒီဖောင့်ကိုပဲ သုံးခဲ့ကြတယ်။ သုံးဖြစ်သွားတဲ့ အဓိကအကြောင်းကတော့ နေဘုန်းလတ်၊ ညီညီ(သံလွင်)၊ ကိုငယ်(မန္တလေး)တို့နဲ့ အတူတူ လုပ်ဖြစ်တဲ့ ဒြပ်မဲ့ကမ္ဘာ ကဗျာစာအုပ်လေး ကြောင့်ပါပဲ။ ကဗျာတွေကို အဓိကရိုက်တာက ကျွန်တော်ပေါ့။ ၁၉၉၇ နှစ်လယ်ပိုင်းလောက်က ဖြစ်မယ်။ အဲဒီအချိန်တုန်းက ကျွန်တော်သုံးတာ ၀င်းအင်းဝနဲ့ CE myanmarဖောင့် နှစ်မျိုးကို ရောသုံးတယ်။
နောက်ပိုင်းလည်း လိုအပ်ရင် လိုအပ်သလို သူငယ်ချင်းတွေရဲ့ ကဗျာစာအုပ်တွေကို ရိုက်ပေးတယ်။ မှတ်မှတ်ရရ ကျွန်တော့်ဘ၀မှာ ပထမဆုံး ကိုယ့်လုပ်အားနဲ့ ကိုယ်ရခဲ့တဲ့ အရာဟာ ဘောလ်ပင်လေးပါ။ ကျွန်တော့်သူငယ်ချင်းက သူတက်နေတဲ့ GTIက သူငယ်ချင်းတွေနဲ့ ပေါင်းထုတ်တဲ့ ကဗျာစာအုပ်လေးကို ရိုက်ပေးဖို့ အကူအညီတောင်းတာကို လက်ခံခဲ့တယ်။ ကိုယ်တိုင်ကလည်း ကဗျာလေးတွေ ရေးနေတဲ့သူဆိုတော့ သူတို့ရဲ့ ကဗျာစာအုပ်လေးကို အကောင်းဆုံးလုပ်ပေးလိုက်တဲ့အခါ သူငယ်ချင်းက ကျေးဇူးအရမ်းတင်ပြီး ကျွန်တော့်ကို ဘောလ်ပင်လေးတစ်ချောင်း လက်ဆောင်ပေးပါတယ်။ (ကျွန်တော့်ဘ၀ရဲ့ ပထမဆုံး လုပ်အားခ လက်ဆောင်ဆိုရင်လည်း မမှားနိုင်တဲ့အတွက် အခုထက်ထိတိုင် သိမ်းထားဆဲပါ။)
အဲဒီစာအုပ်အပြင် ကျွန်တော်တို့ ဒြပ်မဲ့ကမ္ဘာ(၂)ဆိုပြီး ထပ်ထွက်တော့လည်း စာစီစာရိုက် ကျွန်တော်ပဲလုပ်။ အဲဒီနောက် လသာ(၂)က ကောင်မလေးတွေ ကဗျာစာအုပ်ထုတ်ချင်တာကိုလည်း ကျွန်တော်ပဲ ကူရိုက်ပေးခဲ့ပါသေးတယ်။ ၀င်းအင်းဝနဲ့ ကျွန်တော်နဲ့ အကျိုးပေးတာလားတော့မသိ။ ကျွန်တော့်လုပ်အားနဲ့ ပထမဆုံးရတဲ့ ၀င်ငွေဟာလည်း ၀င်းအင်းဝကြောင့်ပါပဲ။ အမေနိုင်ငံခြားကို ခဏသွားပြီးပြန်လာတော့ သူတို့ တဖွဲ့လုံးရဲ့ ခရီးစဉ်တွေကို Reportတင်ဖို့ အတွက် ဆိုင်မှာသွားရိုက်လည်း ပေးရမှာပဲ ဆိုပြီး ကျွန်တော့်ကို ရိုက်ခိုင်းပါတယ်။ သေသေချာချာ မမှတ်မိပေမယ့် အဲဒီတုန်းက မြန်မာငွေ၃၀၀၀လောက် ရလိုက်ပါတယ်။ (အဲဒီပိုက်ဆံတွေတော့ လိုအပ်တာတွေ ၀ယ်လိုက်လို့ ထင်တယ်၊ ကုန်ပြီ)
ဇော်ဂျီကိုတော့ စသုံးဖူးတာ လွန်ခဲ့တဲ့ နှစ်လောက်ကမှပါ။ သူကလည်း သူ့ဟာနဲ့ သူကောင်းတာပါပဲ။ အဓိကတော့ ဇော်ဂျီဖောင့်ကို ဘလော့ခ်ရေးဖြစ်တဲ့အခါ သူငယ်ချင်းတွေနဲ့ Gtalkထဲမှာ စကားပြောဖြစ်တဲ့အခါ သုံးတာများပါတယ်။ ၀င်းအင်းဝနဲ့ မတူတာက သူက (ကျွန်တော်ဘာမှန်းမသိတဲ့) Unicodeဖောင့်ဖြစ်တယ် ဆိုတာပါပဲ။ ပြီးတော့ သူ့ရဲ့ အားသာချက်က ပတ်ဆင့်တွေကို ၀င်းအင်းဝမှာလို Number Keyတွေ မလိုပဲ Tide Keyလို့ ခေါ်တာလေးနဲ့တွဲပြီး ရိုက်လို့ ရပါတယ်။ ဒါပေမယ့် သူက ဖောင့်ပုံစံတစ်မျိုးတည်းရှိတဲ့အတွက် ၀င်းဖောင့်မှာလို ၀င်း မော်လမြိုင်၊ ၀င်း တောင်ကြီး၊ ၀င်း ဗိဿနိုး၊ ၀င်း ရန်ကုန်၊ ၀င်း ကလော စသည်ဖြင့် ပုံစံတွေ ပြောင်းလို့ မရပါဘူး။
မြန်မာဘလော့ခ်တွေ စပေါ်ကာစက ၀င်းကလောနဲ့ ရေးကြတယ်လို့လည်း ဖတ်မှတ်ဖူးပါတယ်။ မြစေတီ၊ အကယ်ဒမီ၊ စီအီး၊ ၀င်း၊ ဇော်ဂျီ စသည်ဖြင့် မြန်မာဖောင့်တွေ အများကြီးရှိတဲ့ အနက်က ကျွန်တော်ကတော့ ၀င်းနဲ့ ဇော်ဂျီကိုပဲ အသုံးအများဆုံးပါ။ ၀င်းအင်းဝဖောင့်ကို သံလွင်အိပ်မက် အမှတ် ၁မှ ၁၁ အထိ၊ ပြီးတော့ ကဗျာစာအုပ် ခုနှစ်အုပ်လောက်ကို လည်း ရိုက်ဖူးပြီး ဇော်ဂျီဖောင့်ကတော့ ကျွန်တော့်ဘလောခ့်တစ်ခုလုံးပါပဲ။ ကျွန်တော်မကြိုက်ဆုံးဖောင့်ကို ပြောပါဆိုရင်တော့ ၀င်းဘားမိစ်ပါပဲ။ ဘာလို့လည်းဆိုတော့ ၀င်းဖောင့်ရဲ့ လက်ကွက်ကနေပြီး သွေဖယ်ပြီး တချို့စာလုံးတွေက တခြားခလုပ်တွေ ဖြစ်နေလို့ပါ။
ရန်ကုန်မှာ ဘလော့ခ်ကာတွေ အစည်းအဝေးလုပ်ရင် ညီလင်းဆက်နဲ့ ကိုစစ်အိမ်တို့ အင်းဝပိုလှတယ် ဇော်ဂျီပိုကောင်းတယ်။ ငြင်းကြ၊ ခုန်ကြ၊ ဆွေးနွေးကြတယ်လို့ ကြားရပါတယ်။ ဒါကြောင့်လည်း ကျွန်တော့်အမြင်ဖြစ်တဲ့ ဒီပိုစ့်လေးကို အဓိက ရေးဖြစ်သွားတာပါ။ ဘယ်ဖောင့်ပိုကောင်းသည် ဖြစ်စေ ကျွန်တော် ကတော့ တလှည့်စီ အဆင်ပြေသလို နှစ်ခုလုံးကို မျှပြီး သုံးသွားမှာပါ။ တကယ်တမ်းတော့ မြန်မာဖောင့်တစ်ခုစီတိုင်းကို တီထွင်ခဲ့တဲ့ ပုဂ္ဂိုလ်များရဲ့ ကျေးဇူးကတော့ ကျွန်တော်တို့ အပေါ်မှာရှိပြီး ထိုသူများအတွက်လည်း အမြဲတမ်း ဂုဏ်ယူနေမိမှာပါ။

Wednesday, December 19, 2007
မှောင်နေတဲ့ အလင်းရောင်
အဲဒီ နံနက်ဦးမှာပေါ့... စံပယ်တွေ အကြိမ်ကြိမ်ဖူးလို့ အိပ်မက်တွေ ရူးခဲ့ရတာ။ ချစ်သူအကြောင်းတွေ တွေးမိတိုင်း စိတ်ကူးတွေ မြူးလို့ အလွမ်းတွေ မူးခဲ့ရတဲ့ ကောင်ဟာ ကိုယ်ပါ။ ငါ့ရဲ့ ကြက်တူရွေးမလေး သဒ္ဒါရေ... ဆောင်းညအေးအေးမှာ ဆောင်းလေဖြည်းဖြည်းနဲ့ ဆောင်းလကလေးကို မျှော်ငေးမိတာကိုက စမှားခဲ့တာပါ။ အိုဘယ့်. ဒီဇင်ဘာရေ ... နှင်းငွေ့ခြုံတဲ့ ကောင်မလေး မင်းရင်ခွင်ထဲက မွေးထုတ်ပေးလို့ သူဆိုတဲ့ တေးသံစဉ် ရင်တစ်ခုလုံး ဖိတ်စင်သွားတယ်။ မျိုးကြော့မြိုင်ကြိုက်တယ်ဆိုတဲ့ ငါ့ရဲ့ နတ်မိမယ်လေး သဒ္ဒါ . . . “မင်းကို ချစ်တဲ့ ဒီနှလုံးသားရယ်”လို့ ထပ်ကာ ထပ်ကာ ဆိုပြပါဦးလားကွယ်။
ဘာကို ချစ်တာလဲလို့ ချစ်သူက မေးတိုင်း စကားလုံးတွေ ထုံထိုင်းသွားကြတာ ဘာလို့လဲ။ ကိုယ်ချစ်တာ မင်းရဲ့ စံပယ်တင် မှဲ့လေးပါလို့ ပြောရင် ယုံမှာလား။ မင်းရဲ့ သွားတက်လေးတွေလို့ ပြောရင် ယုံမှာလား။ မင်းရဲ့ မျက်နှာ ၀ိုင်းဝိုင်းလေးလို့ ပြောရင် ယုံမှာလား။ မင်းရဲ့ မဲ့ပြုံးလေးတွေလို့ ပြောရင် ယုံမှာလား။ မင်းရဲ့ စကားသံလေးတွေလို့ ပြောရင် ယုံမှာလား။ ဒါတွေ အကုန်မပါလည်း ချစ်ဦးမှာပဲလို့ ပြောရင်ကော ယုံဦးမှာတဲ့လား။ တစ်ယောက်က တစ်ယောက်ကို မယုံကြည် “ကျွန်တော် တကယ်ချစ်ပါသည်” လို့ အခါခါ သစ္စာတိုင်တည်ပြီး ပြောပေမယ့် မင်းကတော့ နောက်တစ်ယောက်ကိုလည်း ဒီစကားပဲ ပြောဦးမှာမဟုတ်လားလို့ ဘာကြောင့် ထင်ရတာလဲ အစုတ်ပလုတ်မလေး မိသဒ္ဒါ။
တကယ်တော့ ကိုယ်ဟာ စင်္ကာပူဆိုတဲ့ တိုင်းပြည်သေးသေးလေးမှာ မြန်မာဆိုတဲ့ လူမျိုးကြီးကြီးအတွက် လိုအပ်ရင် လိုအပ်တဲ့ နေရာက လုပ်ကိုင်နေတဲ့ အုတ်တစ်ချပ်ပါ။ Myanmar Bloggers Societyကို ချစ်ပြီး လမ်းပြကြယ်ကို တည်ထောင်လို့ ပြည်ပရောက် မျိုးချစ်မြန်မာများကို ကူညီကာ TPmyanmarကို သံယောဇဉ်ရှိဆဲ သံလွင်အိပ်မက်တွေ အမြဲမက်ခဲ့သူဟာ ကိုယ်ပါ သဒ္ဒါ။ ဒါတွေကြောင့်ပဲ အသည်းကွဲခဲ့ရတယ်ဆိုတာ မင်းမပြောပေမယ့် ကိုယ်သိပါတယ် မြတ်နိုးရသူလေး သဒ္ဒါရေ။ မည်သူတစ်ဦးတစ်ယောက်ကမှ ချစ်သူက အချိန်ပေး၊ ဦးစားပေး၊ အလေးပေးမခံချင်တဲ့သူ မရှိဘူးဆိုတာ ကိုယ်သိပါတယ်ကွယ်။ နောက်ဆုံးတော့လဲ စနေနေ့တစ်နေ့ အစိမ်းရောင် မုန်တိုင်းနဲ့ တွေ့ခဲ့ရတာပါပဲ။
သက်တော်စောင့်လေး မိသဒ္ဒါရေ... လမင်းကို တမ်းတ၊ နမ်းခွင့် ဘယ်တော့မှ မရနိုင်တော့မယ့် ကြယ်ဟာ ကိုယ်ပါ။ ချစ်ဖို့အတွက် အချိန်မကျသေးဘူးဆိုတဲ့ စကားလုံးကြားမှာ အနူးညံ့ဆုံး ကျရှုံး ခဲ့ရပါပြီ။ မင်းကတော့ ရည်မှန်းချက်တွေ ပြည့်ဝ အလုပ်တစ်ခုရလို့ လှလှပပ ဘ၀တစ်ခုကို စတော့မယ်ပေါ့လေ။ ရပါတယ် မိသဒ္ဒါ၊ လွမ်းလွမ်းဆွေးဆွေး စိတ်တွေ လေးနေရမယ့် အရွယ်မှ မဟုတ်တော့ပဲကွယ်။ တမ်းတမ်းတတ ချစ်ခွင့်ရဦးမလားလို့ မျှော်လင့်ခြင်းအလင်းရောင် ငါ့အခန်းထဲမှာတော့ မှောင်နေတယ်။ အင်း မင်းကြားချင်မှာ မဟုတ်ပေမယ့် ထပ်ပြောခဲ့ပါ့မယ်။ မင်း . . . ကို . . . . သိပ် . . . ချစ် . . . တယ်။

Essays
Subscribe to:
Posts (Atom)