Wednesday, July 22, 2009

Riceball Photography Bookstore

Riceball Photography Bookstore @ Orchard Central

Opening Sales

#B1-16 Orchard Central (opp Center Point)
181 Orchard Road, Singapore 238896
Tel: 68848505
Open daily 12 -7pm

20% off* on Books & DVDs
Sales Period: now - 31 July 2009
(Payment by Cash, VISA, Master Only. No Nets)


*Promotion is only valid at Riceball Orchard Central Branch. Please mention this email to enjoy the offer.

Riceball Funan will continue to open as usual

Sunday, July 5, 2009

TP Myanmar သင်္ကြန် ၀၉ DVD

1.jpg

၂၀၀၉ခုနှစ် မတ်လ ၁၄ရက်နေ့တုန်းက Temasek Poly မှာ ကျင်းပသွားတဲ့ TPmyanmar ရဲ့ သင်္ကြန် DVD အခွေထွက်နေပါပြီ။ ၀ယ်ယူအားပေးလိုသူများအနေဖြင့် ပန်နီဇူလား ပလာဇာ ငါးထပ်ရှိ သုံးရောင်ခြယ်ဆိုင်တွင် ၀ယ်ယူအားပေးနိုင်ကြပါသည်။ DVD နှစ်ချပ်ပါ အခွေတစ်ခွေကို စင်္ကာပူ ၁၅ဒေါ်လာပါ။ အောက်က ဓါတ်ပုံလေးကတော့ Fully dress rehearsal အပြီးမှာ အားလုံးစုပြီး ရိုက်ထားတဲ့ ဓါတ်ပုံလေးပါ။ ဓါတ်ပုံထဲမှာ ပါချင်တဲ့အတွက် ကင်မရာကို Auto Mode မှာ ထားပြီး ၁၀ စက္ကန့်အတွင်း အသည်းအသန်ပြေးလိုက်ရတာ လူလည်း ဖက်ဖက်ကို မောသွားခဲ့တယ်။

groups.jpg

Tuesday, June 16, 2009

Temasek Poly သက်သေတည်၍

Temasek Polytechnic ဆိုသော ဆိုင်းဘုတ်ကြီးက ဇင်လတ်ကို နွေးထွေးပျူငှာစွာ ဆီးကြိုလို့နေသည်။ သြော် ကျောင်းပြီးလို့ ဒီပလိုမာရခဲ့တာတောင် ၇နှစ်လောက်ရှိပြီပဲ။ တချိန်တုန်းကတော့ ဒီနေရာတွေမှာ ဇင်လတ်တို့ သူငယ်ချင်းတစ်စု၏ ခြေရာချင်းထပ်ခဲ့ကြသည်။ TP ၏ Plaza ဟုခေါ်သော ကျောင်းအားလုံး၏ အလယ်ဗဟိုတွင် ကျောင်းသားကျောင်းသူများနှင့် အမြဲစည်ကားလို့ နေတတ်သည်။ TP တွင် Engineering School, Design School, Business School နှင့် IT and Applied Sceince School ဟူ၍ ကျောင်းများခွဲထားကာ Plaza ဆိုသည်မှာ ထိုကျောင်းများအားလုံး၏ အလယ်ဗဟိုနေရာကို ပြောခြင်းဖြစ်သည်။ ယခုတော့ ကျောင်းပိတ်ထား၍ ထင်သည်။ ကျောင်းသူကျောင်းသားများစွာမတွေ့ရပဲ ဟိုတစ်ယောက် ဒီတစ်ယောက် လောက်သာ တွေ့ရပြီး ခြောက်ကပ်ကပ်နိုင်လွန်းလှသည်။



Bedok Reservior နှင့် အနီးဆုံး ကန်တင်းဖြစ်သော Mensa ကန်တင်းအပေါ်ထပ်တွင် နေ့လည်စာစားရင်း ကျောင်းအနောက်ဘက် ရေကန်အတွင်းမှ ရေပန်းများကို အကြောင်းမဲ့ ငေးကြည့်နေမိသည်။ မြန်မာကျောင်းသားတွေ TPကို စရောက်တာ ၁၉၉၆ခုနှစ်တွင်ဖြစ်ပြီး ၈ယောက်ခန့်သာ ရှိသည်ဟု သိရ၏။ နောက်တစ်နှစ် ၁၉၉၇တွင်တော့ ဇင်လတ်၏ အကိုကြီးနှင့်အတူ မြန်မာကျောင်းသားကျောင်းသူ ၂၀လောက် ကျောင်းဝင်ခွင့်ရကြသည်။ ၁၉၉၈တွင်တော့ လူ၆၀ကျော် ကျောင်းဝင်ခွင့်ရ၍ ဇင်လတ်တို့ ကျောင်းစတက်ရသော ၁၉၉၉ခုနှစ်တွင်တော့ မြန်မာကျောင်းသား ၁၀၀ခန့် ရှိလာလေသည်။ ထို့အတွက်ကြောင့် ဇင်လတ်တို့ အသုတ်မှာ စတုတ္ထအသုတ်အနေဖြင့် Temasek Poly သို့ ကျောင်းဝင်ခွင့် ရရှိခဲ့ကြလေသည်။ ကျောင်းဝင်းအတွင်းတွင် ဆေးလိပ်သောက်ခွင့် မရှိသောကြောင့် Bedok Reservior ဖက်သို့ လမ်းလျှောက်ရင်း လမ်းဘေးဝဲယာရှိ ပြောင်းလဲသွားသော Reservior ပတ်ဝန်းကျင်ကို သတိပြုလိုက်မိသည်။ ဟိုတချိန်က တောအုပ်သေးသေးလေးလို အုပ်ဆိုင်းဆိုင်း ရှိနေသော သစ်ပင်များပေါ်တွင် ယခုအခါ လင့်စင်များကို တွေ့ရ၍ သစ်ပင်တစ်ပင်မှ တစ်ပင်သို့ ကူးသန်းသွားလာနိုင်ရန် ကြိုးတံတားငယ်များဖြင့်လည်း ချိတ်ဆက်၍ ထားသည်။ Reservior ကန်ဘောင်တွင် ဆေးလိပ်ထိုင်သောက်ရင်း ဟိုတစ်ချိန်က ရေးခဲ့ဖူးသော ကဗျာလေးက ခေါင်းထဲကို ဖြတ်ကနဲ ၀င်ရောက်လာသည်။

“Reservior ကန်ဘောင်ရိုးမှာ
မိုးတိမ်တွေပျိုးပြီ
ငါ . . အရမ်းလွမ်းနေပြီ”

ကန်ရေပြင်ပေါ်မှ လှိုင်းကြက်ခွပ်ကလေးများသည် နေရောင်ကြောင့် လက်ခနဲ လက်ခနဲ ဖြစ်နေသည်။ Bedok Reservior လမ်းပေါ်မှ HDB တိုက်တန်းလျားများကို မေးတင်ပြီး အရှိန်ပြင်းပြင်းတောက်ပနေသော နေရောင်ကြောင့် နေ၀င်ခါနီးပြီလားဟု သိရန် ဇင်လတ်လက်မှ နာရီကို ကြည့်လိုက်မိသည်။ ညနေ ငါးနာရီခွဲ ၁၆၊ ၀၆၊ ၂၀၀၉။ သြော် ဒီနေ့ ဇွန်လ ၁၆ရက်နေ့ကိုး။ အင်း ဘာလိုလိုနဲ့ စင်္ကာပူရောက်တာ ၁၀နှစ်ပြည့်သွားပြီပဲ။ ဇင်လတ်ပါးစပ်မှ မှုတ်ထုတ်လိုက်သော ဆေးလိပ်မီးခိုးငွေ့များနှင့် အတူ စိတ်အစဉ်သည်လည်း လွင့်ပါး၍ ဟိုးအတိတ်ဆီသို့ ပြန်လည် ရောက်ရှိသွားလေသည်။

x x x x x

၁၆.၀၆.၁၉၉၉

“သား . . လေယာဉ်ချိန်နီးပြီ၊ ဘုရားရှိခိုးတော့နော်”

အမေ့ရဲ့ စကားသံချိုချိုကြောင့် အိမ်ရှေ့ရှိဘုရားစင်ရှေ့ထိုင်ပြီး လက်အုပ်ချီလိုက်မိသည်။ ဘုရား . . . အရှင်ဘုရား . . . တပည့်တော်မျိုး အဝေးတနေရာကို ထွက်သွားရပါတော့မယ် အရှင်ဘုရား တပည့်တော်ကို ကူညီစောင့်ရှောက်တော်မူပါ . . .။ ဘုရားရှိခိုးရင်း ၀မ်းနည်းလာသော စိတ်များကို မည်သို့မျှ ထိန်းမရနိုင်။ မနက်ဖြန်မှ စပြီး ဤဘုရားစင်ရှေ့တွင် ထိုင်ခွင့်မရှိတော့၊ ဤဘုရားစင်ကို ရှိခိုးခွင့်မရှိတော့။ ဇင်လတ်နှင့် တူတူဘုရားထိုင် ရှိခိုးနေသော အမေနှင့် အဘွားကို တွေ့ခွင့်မရှိတော့။ အလွန်ဆုံး နောက် လေးလနေ၍ ကျောင်းများပိတ်သော အချိန်မှသာ ပြန်လာခွင့်ရှိမည်။ ဘုရားကို ရှိခိုးရင်း ထိန်းမရအောင် စီးကျလာသော မျက်ရည်များကြောင့် ၀ုန်းကနဲ ထရပ်လိုက်ပြီး အိမ်ခန်းထဲသို့ ၀င်ကာ ရှိုက်ကြီးတငင် ငိုကျွေးမိလေသည်။ ငါ့သားလေး ဘာဖြစ်သွားပါလိမ့်ဟူသော စိတ်ဖြင့် အမေက နောက်မှ တောက်လျှောက်လိုက်လာပြီး ချော့သည်။

“သား . . . မငိုနဲ့နော်၊ ကျောင်းတွေ ပိတ်တာနဲ့ ချက်ချင်းပြန်လာရမှာလေ”

“ဟုတ်ကဲ့၊ သား . . ကျောင်းပိတ်တာနဲ့ ချက်ချင်းပြန်လာခွင့်ပြုပါနော်။ လေယာဉ်လက်မှတ်ဖိုးလည်း ကိုကြီးကို လွဲပေးလိုက်ပါနော်”

မျက်ရည်များကို သုတ်ပြီး တ၀က်တပျက်ရှိခိုးခဲ့သော ဘုရားကို ပြန်ရှိခိုး၊ အဘိုး၊ အဘွားနှင့် အဖေ၊ အမေတို့ကို ကန်တော့ကာ လေဆိပ်ဆင်းလာခဲ့သည်။ လေဆိပ်သို့ သွားရာ လမ်းတစ်လျှောက်တွင်လည်း တွေ့သမျှမြင်သမျှ အရာတိုင်းကို မက်မက်မောမော လိုက်လံကြည့်ရှုနေမိသည်။ ဦးဝိဇာရလမ်းတောက်လျှောက်ရှိ တမာပင်တွေက ဇင်လတ်ကို လက်ပြနှုတ်ဆက်နေသယောင် ဦးဝိဇာရကျောက်တိုင်မှလည်း လိမ်လိမ်မာမာနေဖို့ မှာနေသယောင်၊ ရွှေတိဂုံဘုရားကြီးကလည်း ဘုရားတရားမမေ့ဖို့ သတိပေးနေသယောင်၊ တက္ကသိုလ်ဝန်းတွင်းမှ အဆောက်အအုံများကလည်း သူ့ရင်ခွင်ကို မ၀င်ရောက်လာနိုင်တဲ့ ကလေးတစ်ယောက်ကို နှမြောနေသယောင်နဲ့ပေါ့။ လေဆိပ်ရောက်တော့ ကိုငယ်နဲ့ ဆန်နီတို့က ရောက်နှင့်နေကြပြီ။ လေယာဉ်ထွက်ခါနီး အဖေအမေတို့ကို လက်ပြနှုတ်ဆက်တော့ အမေ့မျက်လုံးထဲတွင် မျက်ရည်များဝဲနေပေမယ့် ငါ့သားလေး နိုင်ငံခြားက ပညာတွေကို သင်ယူရတော့မယ်ဆိုတဲ့ ၀မ်းသာပြုံး၊ အကြီးမြတ်ဆုံးအမွေဖြစ်တဲ့ ပညာအမွေတွေ ပေးနိုင်မယ့် မိဘတစ်ယောက်ရဲ့ ကျေနပ်ပြုံးတွေနဲ့ နှုတ်ဆက်လက်ပြလို့နေသည်။

ရန်ကုန်မှ ပုဂံသို့ တစ်ခေါက်သာ ပြည်တွင်း လေကြောင်းလိုင်းဖြင့် ခရီးသွားဖူးသဖြင့် ယခုအကြိမ်မှာ ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်သလို စင်္ကာပူနိုင်ငံလေကြောင်းလိုင်းတစ်ခု ဖြစ်သော Silkairကို ပထမဆုံး စီးနှင်းဖူးခြင်းလည်း ဖြစ်လေသည်။ ဇင်လတ်တစ်ယောက် အောက်တွင် ဝေး၍ ဝေး၍ ကျန်ရစ်ခဲ့သော ရန်ကုန်မြို့ကြီးကို တိမ်များ ဖုံးအုပ်သွားသည်အထိလိုက်လံ ကြည့်ရှုနေမိသည်။ တကယ်ဆို ငါတို့ မြန်မာနိုင်ငံဟာ သယံဇာတ ပေါကြွယ်ဝတဲ့နိုင်ငံဖြစ်တယ်။ မြေကြီးက ရွှေသီးသလို မြေလှန်လျှင် ရေနံထွက်သော နိုင်ငံဖြစ်တယ်။ ထိုသို့သော ချမ်းသာကြွယ်ဝရမည့် နိုင်ငံတစ်ခု၏ ပညာရေးသည် အဘယ်ကြောင့် ဆိုးရွားနေရသနည်း။ အဘယ်ကြောင့် ကိုယ့်နိုင်ငံတွင် ပညာသင်ခွင့်မရှိပဲ သူတစ်ပါးနိုင်ငံတွင် ပညာသွားသင်ရပါသနည်း။ ဖြစ်နိုင်လျှင် ကိုယ့်အိုးကိုယ့်အိမ်ကို မခွဲမခွာပဲ မိဘအရိပ်အောက်တွင်သာ ပညာများကို သင်ကြားလိုလှပါသည်။ အခုလောလောဆယ် ဒီပလိုမာတစ်ခုကို ၃နှစ်တက်ရမည်။ အဲသည်နောက် စင်္ကာပူနိုင်ငံတွင် ၃နှစ်ပြန်၍ အလုပ်လုပ်ပေးရမည်။ အလုပ်လုပ်ရင်း ပိုက်ဆံစုလို့ အရင်းအနှီးရှာကာ မြန်မာနိုင်ငံသို့ ပြန်မည်။ နောင်၆နှစ်ဆိုလျှင် မြန်မာနိုင်ငံသည်လည်း ယခုအခြေအနေထက်အများကြီးကောင်းနေလောက်ပြီ။ နိုင်ငံခြားက ပညာတွေကို တက်မြောက်အောင် သင်ယူပြီး မိမိနိုင်ငံကြီး တိုးတက်ဖို့အတွက် နောက်လာနောက်သားတွေ အတွက် သည်ခရီးကို ထွက်ခဲ့ခြင်းဖြစ်သည်လို့ စိတ်ကို တင်း၍ အနာဂါတ်ခရီးကို မျှော်လင့်ချက်ကြီးစွာဖြင့် လျှောက်လှမ်းရန် အသင့်ပြင်နေမိပါတော့သည်။


အမိမြန်မာနိုင်ငံမှ ထွက်ခွာခဲ့ခြင်း ၁၀နှစ်ပြည့် အမှတ်တရ

Thursday, January 29, 2009

နေဘုန်းလတ်ကို ပြောပေးပါ

မင်း နေကောင်းတယ်နော်။ အစားအသောက်ရော အဆင်ပြေရဲ့လား။ ကဗျာတွေ၊ စာတွေရော စိတ်ထဲမှာပဲ ရေးနေသလား။ အစရှိသဖြင့်ပေါ့ကွာ မင်းကို ပြောချင်နေတဲ့စကားတွေ အများကြီးပဲ။ ဘာလိုလိုနဲ့ မင်းကို ဖမ်းဆီးသွားတာ ဒီနေ့ဆို တစ်နှစ်တိတိပြည့်သွားပြီ သူငယ်ချင်း။ မင်းအကြောင်းပြောဖို့ အဆင်မပြေတော့ မင်းအထဲမှာ ရောက်နေတဲ့ အချိန် အပြင်မှာ ဘာတွေဖြစ်သွားသလဲ ဆိုတာ မင်းသိအောင် မင်း လွတ်လာတဲ့အချိန်မှာ သိရအောင် ငါပြောပြချင်တယ်။

ဒီရက်ပိုင်းအတွင်း ကမ္ဘာပေါ်မှာ ခေတ်စားနေတဲ့ အကြောင်းတွေကတော့ အများကြီးပေါ့ကွာ။ ငါတို့ပြောနေကျ စကားကြီး စကားကျယ်တွေနဲ့ ပြောရမယ်ဆိုရင်တော့ အရာရာတိုင်းပြောင်းလဲနေတဲ့ ဒီလောကကြီးမှာ ပြောင်းလဲဖို့လိုနေတဲ့ အရာတချို့ကတော့ မပြောင်းလဲသေးဘူးကွာ။ အမေရိကန်သမ္မတအသစ် ပြောင်းတဲ့ သတင်း၊ ယိုးဒယားမှာ ဆန္ဒပြကြလို့ သုဝဏ္ဏဘူမိလေဆိပ်ကြီးပါ ပိတ်လိုက်ရတယ်ဆိုတဲ့သတင်း၊ အိန္ဒိယမှာ ဗုံးပေါက်တဲ့သတင်း၊ ငါတို့စင်္ကာပူက Flyer ကြီး တ၀က်တပျက်မှာ ရပ်သွားတဲ့သတင်း အို . . .အစုံပါပဲကွာ။

အဲဒီအထဲမှာ အမေရိကန်သမ္မတအသစ်ရဲ့ သတင်းကတော့ အကျော်ကြားဆုံးပေါ့ကွာ။ အမေရိကန်ရဲ့ သမိုင်းမှာ ပထမဆုံး လူမည်းဖြစ်တဲ့ အိုဘားမားအကြောင်းတွေဟာ ဘယ်နေရာကြည့်ကြည့်ပဲ။ ငါတို့မြန်မာတွေလည်း အမေရိကန်သမ္မတအပြောင်းအလဲမှာ ဘာများဖြစ်ကြမလဲဆိုတဲ့ မျော်လင့်ချက်အပြည့်နဲ့ပေါ့။ တချို့ဆို နာမည်ကိုက အိုဘားမား(အို . . Burma)လို့ အမည်တွင်လို့ မြန်မာနိုင်ငံအတွက် အပြောင်းအလဲတစ်ခုကို ကူညီနိုင်မယ့် လူလို့ထင်တဲ့သူလည်း ရှိရဲ့။ အပြောင်းအလဲဆိုလို့ သူသမ္မတဖြစ်လာတာလည်း အဲဒီ `အပြောင်းအလဲ´ ဆိုတဲ့ စကားလုံးရယ်၊ `ငါတို့ လုပ်နိုင်ပါတယ်´ဆိုတဲ့ စကားလုံးတွေနဲ့ ဖြစ်လာတာလေ။ အင်း အဲဒီစကားလုံးနှစ်လုံးက သူတို့ အမေရိကန်နိုင်ငံသားတွေအတွက်သာမကပဲ ငါတို့မြန်မာတွေ အတွက်ပါ အရမ်းကို အရေးကြီးနေတဲ့စကားလုံးတွေလို့ ပြောရင် မှားမယ်မထင်ဘူး။

ပြီးတော့ မင်းကို ဘလော့ခ်ဆုတွေအကြောင်းလည်း ပြောပြချင်သေးတယ်။ မြန်မာနိုင်ငံမှာ မြန်မာလူငယ်တွေကြားမှာ ဘလော့ခ်ဆိုတာကြီးကို Blog Seminarနဲ့ တစ်နည်း သတင်းတွေ၊ မီဒီယာတွေနဲ့ တစ်ဖုံ ရဲရဲတင်းတင်းချပြခဲ့တဲ့ မင်းသိသင့်တယ်ထင်လို့ ပြောတာပါ။ ဟိုတစ်လောက မြန်မာဘလော့ခ်ဆုပေးပွဲကြီးကို အောင်မြင်စွာ ကျင်းပသွားခဲ့တယ်။ မြန်မာဘလော်ဂါပရက်စ်နဲ့ မြန်မာသတင်းသမဂ္ဂတို့က ပူးပေါင်းပြီးစီစဉ်တယ်ဆိုပဲ။ မင်းအပြင်မှာရှိနေတယ်ဆိုရင် ကိုယ်တိုင်ကိုယ်ကျ ငါတို့အတူတကွဦးဆောင်ပါဝင်နိုင်မလား၊ ဘေးကနေ လက်ခုပ်လက်ဝါးတီးပြီးအားပေးမလား မသေချာပေမယ့် အခုလောလောဆယ်တော့ မင်းဘလော့ခ်ဟာ သူတို့သက်မှတ်ထားတဲ့အရည်အချင်းတွေနဲ့ မကိုက်ညီတဲ့အတွက် မဲပေးလို့ရတဲ့စာရင်းထဲမှာတောင် ပါမလာခဲ့ပါဘူး။ မြန်မာဘလော့ခ်လောကအတွက် မှတ်တိုင်တစ်ခုစိုက်ထူခဲ့တဲ့ မင်းလိုဘလော့ခ်ကာတစ်ယောက်အတွက် ရခဲ့တဲ့ဆုက အနှစ်နှစ်ဆယ်နဲ့ ခြောက်လတဲ့လား သူငယ်ချင်းရာ။

ဒါနဲ့ ငါတို့ရဲ့ သံလွင်အိပ်မက်မဂ္ဂဇင်း အတွဲ၃ အမှတ်၁လည်း ထွက်ပြီကွ။ မင်းအပြင်မှာမရှိပေမယ့် ငါတို့အင်နဲ့ အားနဲ့ ငါတို့တတ်နိုင်သလောက်အကောင်းဆုံး တင်ဆက်ခဲ့ကြတယ်။ ဒီတစ်ခေါက်မဂ္ဂဇင်းမှာ အပြင်အဆင်ပိုင်းနဲ့ ဒီဇိုင်းပိုင်းကို တတ်နိုင်သမျှကောင်းအောင် ကြိုးစားထားသလို စာပေရသပိုင်းလည်း အားမနည်းရအောင် တင်ဆက်ထားတာသိရင် မင်းဝမ်းသာမှာပါ။ ဘယ်လောက်ကောင်းအောင်လုပ်လုပ် အားနည်းချက်လေးတွေ၊ အမှားလေးတွေကတော့ ထုံးစံအတိုင်း ဟိုတစ်ခု၊ ဒီတစ်ခုပေါ့ကွာ။ ဘာပဲဖြစ်ဖြစ်ငါတို့ကတော့ အခုတွေ့တဲ့အမှားဟာ နောက်တစ်စောင်အတွက် အမှန်တွေဖြစ်စေရမယ်လို့ ခံယူထားတယ်။ ငါတို့ ယုံကြည်ချက်တွေ၊ မျှော်လင့်ချက်တွေနဲ့ ချယ်မှုန်းထားတဲ့ သံလွင်အိပ်မက် မဂ္ဂဇင်းလေးရဲ့ ၁၅ခုမြောက်မှတ်တိုင်ကနေ မင်းနဲ့ အတူတူ ငြင်းရင်း၊ ခုန်ရင်း ဆွေးနွေးကြရင်း ထွက်လာမယ့် မဂ္ဂဇင်းအထိ ကြားထဲမှာ တတ်နိုင်သမျှ ငါတို့ ကြိုးစားပြီးတင်ဆက်သွားမယ်။ တော်သင့်ပြီ သူငယ်ချင်း။ တခြားတော့ ဘာမှ ထွေထွေထူးထူး မှာစရာမရှိပါဘူး။ မင်း ကျန်းမာရေးကိုသာ ဂရုစိုက်ပါကွာ။