Thursday, January 29, 2009

နေဘုန်းလတ်ကို ပြောပေးပါ

မင်း နေကောင်းတယ်နော်။ အစားအသောက်ရော အဆင်ပြေရဲ့လား။ ကဗျာတွေ၊ စာတွေရော စိတ်ထဲမှာပဲ ရေးနေသလား။ အစရှိသဖြင့်ပေါ့ကွာ မင်းကို ပြောချင်နေတဲ့စကားတွေ အများကြီးပဲ။ ဘာလိုလိုနဲ့ မင်းကို ဖမ်းဆီးသွားတာ ဒီနေ့ဆို တစ်နှစ်တိတိပြည့်သွားပြီ သူငယ်ချင်း။ မင်းအကြောင်းပြောဖို့ အဆင်မပြေတော့ မင်းအထဲမှာ ရောက်နေတဲ့ အချိန် အပြင်မှာ ဘာတွေဖြစ်သွားသလဲ ဆိုတာ မင်းသိအောင် မင်း လွတ်လာတဲ့အချိန်မှာ သိရအောင် ငါပြောပြချင်တယ်။

ဒီရက်ပိုင်းအတွင်း ကမ္ဘာပေါ်မှာ ခေတ်စားနေတဲ့ အကြောင်းတွေကတော့ အများကြီးပေါ့ကွာ။ ငါတို့ပြောနေကျ စကားကြီး စကားကျယ်တွေနဲ့ ပြောရမယ်ဆိုရင်တော့ အရာရာတိုင်းပြောင်းလဲနေတဲ့ ဒီလောကကြီးမှာ ပြောင်းလဲဖို့လိုနေတဲ့ အရာတချို့ကတော့ မပြောင်းလဲသေးဘူးကွာ။ အမေရိကန်သမ္မတအသစ် ပြောင်းတဲ့ သတင်း၊ ယိုးဒယားမှာ ဆန္ဒပြကြလို့ သုဝဏ္ဏဘူမိလေဆိပ်ကြီးပါ ပိတ်လိုက်ရတယ်ဆိုတဲ့သတင်း၊ အိန္ဒိယမှာ ဗုံးပေါက်တဲ့သတင်း၊ ငါတို့စင်္ကာပူက Flyer ကြီး တ၀က်တပျက်မှာ ရပ်သွားတဲ့သတင်း အို . . .အစုံပါပဲကွာ။

အဲဒီအထဲမှာ အမေရိကန်သမ္မတအသစ်ရဲ့ သတင်းကတော့ အကျော်ကြားဆုံးပေါ့ကွာ။ အမေရိကန်ရဲ့ သမိုင်းမှာ ပထမဆုံး လူမည်းဖြစ်တဲ့ အိုဘားမားအကြောင်းတွေဟာ ဘယ်နေရာကြည့်ကြည့်ပဲ။ ငါတို့မြန်မာတွေလည်း အမေရိကန်သမ္မတအပြောင်းအလဲမှာ ဘာများဖြစ်ကြမလဲဆိုတဲ့ မျော်လင့်ချက်အပြည့်နဲ့ပေါ့။ တချို့ဆို နာမည်ကိုက အိုဘားမား(အို . . Burma)လို့ အမည်တွင်လို့ မြန်မာနိုင်ငံအတွက် အပြောင်းအလဲတစ်ခုကို ကူညီနိုင်မယ့် လူလို့ထင်တဲ့သူလည်း ရှိရဲ့။ အပြောင်းအလဲဆိုလို့ သူသမ္မတဖြစ်လာတာလည်း အဲဒီ `အပြောင်းအလဲ´ ဆိုတဲ့ စကားလုံးရယ်၊ `ငါတို့ လုပ်နိုင်ပါတယ်´ဆိုတဲ့ စကားလုံးတွေနဲ့ ဖြစ်လာတာလေ။ အင်း အဲဒီစကားလုံးနှစ်လုံးက သူတို့ အမေရိကန်နိုင်ငံသားတွေအတွက်သာမကပဲ ငါတို့မြန်မာတွေ အတွက်ပါ အရမ်းကို အရေးကြီးနေတဲ့စကားလုံးတွေလို့ ပြောရင် မှားမယ်မထင်ဘူး။

ပြီးတော့ မင်းကို ဘလော့ခ်ဆုတွေအကြောင်းလည်း ပြောပြချင်သေးတယ်။ မြန်မာနိုင်ငံမှာ မြန်မာလူငယ်တွေကြားမှာ ဘလော့ခ်ဆိုတာကြီးကို Blog Seminarနဲ့ တစ်နည်း သတင်းတွေ၊ မီဒီယာတွေနဲ့ တစ်ဖုံ ရဲရဲတင်းတင်းချပြခဲ့တဲ့ မင်းသိသင့်တယ်ထင်လို့ ပြောတာပါ။ ဟိုတစ်လောက မြန်မာဘလော့ခ်ဆုပေးပွဲကြီးကို အောင်မြင်စွာ ကျင်းပသွားခဲ့တယ်။ မြန်မာဘလော်ဂါပရက်စ်နဲ့ မြန်မာသတင်းသမဂ္ဂတို့က ပူးပေါင်းပြီးစီစဉ်တယ်ဆိုပဲ။ မင်းအပြင်မှာရှိနေတယ်ဆိုရင် ကိုယ်တိုင်ကိုယ်ကျ ငါတို့အတူတကွဦးဆောင်ပါဝင်နိုင်မလား၊ ဘေးကနေ လက်ခုပ်လက်ဝါးတီးပြီးအားပေးမလား မသေချာပေမယ့် အခုလောလောဆယ်တော့ မင်းဘလော့ခ်ဟာ သူတို့သက်မှတ်ထားတဲ့အရည်အချင်းတွေနဲ့ မကိုက်ညီတဲ့အတွက် မဲပေးလို့ရတဲ့စာရင်းထဲမှာတောင် ပါမလာခဲ့ပါဘူး။ မြန်မာဘလော့ခ်လောကအတွက် မှတ်တိုင်တစ်ခုစိုက်ထူခဲ့တဲ့ မင်းလိုဘလော့ခ်ကာတစ်ယောက်အတွက် ရခဲ့တဲ့ဆုက အနှစ်နှစ်ဆယ်နဲ့ ခြောက်လတဲ့လား သူငယ်ချင်းရာ။

ဒါနဲ့ ငါတို့ရဲ့ သံလွင်အိပ်မက်မဂ္ဂဇင်း အတွဲ၃ အမှတ်၁လည်း ထွက်ပြီကွ။ မင်းအပြင်မှာမရှိပေမယ့် ငါတို့အင်နဲ့ အားနဲ့ ငါတို့တတ်နိုင်သလောက်အကောင်းဆုံး တင်ဆက်ခဲ့ကြတယ်။ ဒီတစ်ခေါက်မဂ္ဂဇင်းမှာ အပြင်အဆင်ပိုင်းနဲ့ ဒီဇိုင်းပိုင်းကို တတ်နိုင်သမျှကောင်းအောင် ကြိုးစားထားသလို စာပေရသပိုင်းလည်း အားမနည်းရအောင် တင်ဆက်ထားတာသိရင် မင်းဝမ်းသာမှာပါ။ ဘယ်လောက်ကောင်းအောင်လုပ်လုပ် အားနည်းချက်လေးတွေ၊ အမှားလေးတွေကတော့ ထုံးစံအတိုင်း ဟိုတစ်ခု၊ ဒီတစ်ခုပေါ့ကွာ။ ဘာပဲဖြစ်ဖြစ်ငါတို့ကတော့ အခုတွေ့တဲ့အမှားဟာ နောက်တစ်စောင်အတွက် အမှန်တွေဖြစ်စေရမယ်လို့ ခံယူထားတယ်။ ငါတို့ ယုံကြည်ချက်တွေ၊ မျှော်လင့်ချက်တွေနဲ့ ချယ်မှုန်းထားတဲ့ သံလွင်အိပ်မက် မဂ္ဂဇင်းလေးရဲ့ ၁၅ခုမြောက်မှတ်တိုင်ကနေ မင်းနဲ့ အတူတူ ငြင်းရင်း၊ ခုန်ရင်း ဆွေးနွေးကြရင်း ထွက်လာမယ့် မဂ္ဂဇင်းအထိ ကြားထဲမှာ တတ်နိုင်သမျှ ငါတို့ ကြိုးစားပြီးတင်ဆက်သွားမယ်။ တော်သင့်ပြီ သူငယ်ချင်း။ တခြားတော့ ဘာမှ ထွေထွေထူးထူး မှာစရာမရှိပါဘူး။ မင်း ကျန်းမာရေးကိုသာ ဂရုစိုက်ပါကွာ။

11 comments:

Anonymous said...

ဖတ်ရတာ စိတ်ထဲမကောင်းလှဘူး။ နေရေးစားရေး အဆင်ပြေပါစေ၊ ကျန်းမာရေးကောင်းပါစေလို့ပဲ ဆုတောင်းနေပါတယ်လို့ ပြောပေးစမ်းပါဗျာ။

Unknown said...

ကို နေဘုန်းလတ် တစ်ယောက်...

ကျန်းမာပါစေ.
အမြန်ဆုံး ပြန်လွတ်မြောက်ပါစေလို့

MELODYMAUNG said...

:-(
:((

Mr.Pooh @ မောင်ပွတ် said...

ဇွဲကပင်အရိပ်အောက် ရောက်နေပေမယ့် ဖားစည်သံကို ခံစားခွင့်မရနိုင်တဲ့ ကျွန်တော်တို့ အားလုံးရဲ့ ကိုနေဘုန်းလတ် အမြန်ဆုံးလွတ်မြောက်ပါစေ။

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

ဒေါ်စံရှားတင်က ပြောဖူးတယ်... ပြည်သူက ပေးတဲ့ အကယ်ဒမီ ရွှေစင်ရုပ်တု သန်း၅၀ ရပြီးမှတော့ ကော်မတီ က ပေးတဲ့ အရုပ် တစ်ရုပ်ကို မမက်ဘူး တဲ့...

မြန်မာပြည်ကို ချစ်တဲ့၊ မြန်မာလူမျိုးကို လွတ်လပ် မြင့်မြတ် အေးချမ်း စေချင်တဲ့ နေဘုန်းလတ် ... ပြည်သူ့ ရင်ခွင်ဆီ အေးချမ်းစွာ အမြန်ဆုံး ကိုယ်တိုင်ကိုယ်ကျ ပြန်ရောက် လာပါစေလို့ ဆုတောင်း နေကြသံ တွေကို သူပြန်ကြားအောင် ပြောလိုက်ပါဟာ...

Anonymous said...
This comment has been removed by a blog administrator.
Steve Evergreen said...

yes it's not fair. Nyi Lin sett is still a free man. but nay phone latt has been in jail.

Anonymous said...
This comment has been removed by a blog administrator.
ဆွေ@Angela said...

''ONE FOR ALL, ALL FOR ONE'' တဲ့အကို ...တယောက်ဟာ အများအတွက်....အများဟာ တယောက်အတွက် ဆိုတဲ့စကားအတိုင်းပဲ အကို....လူကိုသာ အကျဉ်းချလို့ ရမယ်၊ စိတ်ဓါတ်နဲ့ အနုပညာကို ဘယ်တော့မှ ချုပ်နှောင်လို့ မရဘူး . . . ။ ဆိုတဲ့ ကိုနေဘုန်းလတ် ကိုတွေ့ရင် ပြောပြပေးပါ...အကို တစ်ယောက်ဟာ အားလုံးအတွက် သူရဲကောင်းပါ...အကိုရဲ. စိတ်ဓါတ်နဲ့ အနုပညာကို ဘယ်အရာကမှ ပိတ်လှောင်ထားလို့ မရဘူးဆိုတာ အသွေးထဲ အသားထဲကနေ ယုံကြည်ပါတယ် ....အကိုက အလင်းနဲ့တောင် ပန်းချီရေးတတ်တာ.....အကို့ရဲ. စိတ်နဲ့ရေးထားတဲ့ အနုပညာတွေ အခုချိန်ဆို.........အခန်းကျဉ်းလေးထဲမှာ.................................ကိုနေဘုန်းလတ်....အမြန်ဆုံး လွတ်မြောက်ပါစေ...

Unknown said...

nike outlet store
true religion outlet
ugg canada
louis vuitton uk
louis vuitton handbags
ralph lauren polo outlet
ugg sale
adidas trainers
louis vuitton handbags
ugg boots
201610.25wengdongdong