ကျွန်တော်ဒီပိုစ့်လေးကို ရေးမယ်ရေးမယ်နဲ့ အခုမှပဲ ရေးဖြစ်တော့တယ်။ ရေးချင်နေတာတော့တစ်နှစ်လောက် ရှိပြီ။ အရင်တုန်းကတော့ ကျွန်တော်က ဘလော့ခ်ဖတ်သူတစ်ယောက်ပေါ့ဗျာ။ ဘလော့ခ်တွေ၊ အဓိကအားဖြင့် နာမည်ကြီးဘလော့ခ်တွေကို ပုံမှန်ဖတ်ဖြစ်တယ်။ သူတို့ဘလော့ခ်တွေကို ဖတ်ရင်းဖတ်ရင်း တဖြည်းဖြည်းနဲ့ လေးစားလာတယ်။ ဘာကြောင့်လဲလို့မေးလာရင်တော့ သူတို့ရဲ့ ပညာ၊ အရေးအသား၊ အကြောင်းအရာ၊ စိတ်ကူးစိတ်သန်းတွေကြောင့်ပဲလို့ ဖြေရမှာပဲ။ ပြီးတော့ အဲဒီဘလော့ခ်တွေက ရလိုက်တဲ့ နွေးထွေးမှုတွေလည်းပါမယ်။
နွေးထွေးမှု? ဟုတ်ပါတယ်။ ကျွန်တော်ပြောချင်တဲ့နွေးထွေးမှုဆိုတာ မိသားစုတစ်ခုရဲ့ နွေးထွေးမှုမျိုးပါ။ ကျွန်တော်ဘလော့ခ်တစ်ခု ဖတ်လိုက်တဲ့အခါ ရေးတဲ့လူဟာ ဘယ်သူမှန်းမသိပါဘူး။ ဘယ်ကမှန်းမသိပါဘူး။ တစ်ခါတစ်လေဆို ယောကျာင်္းလား၊ မိန်းမလားတောင်မသိပါဘူး။ ဒါပေမယ့် သူ့ဘလော့ခ်ကနေ သူ့ရင်ထဲမှာ ခံစားနေရတာတွေ၊ လတ်တလော ဖြစ်ပျက်နေတာတွေ၊ သူတွေ့ ရှိထားတဲ့ဟာတွေကို အကိုတစ်ယောက်က ညီကိုပြောသလိုမျိုး၊ အမတစ်ယောက်က ညီမကိုပြောပြသလိုမျိုး၊ သူငယ်ချင်းတစ်ယောက်က ရင်ဖွင့်နေသလိုမျိုး ခံစားရပါတယ်။
ပြီးတော့တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်လေးစားမှုတွေကို တွေ့ရတယ်။ ဘလော့ခ်ရေးတဲ့သူက ဘယ်ကမှန်းမသိတဲ့ စာဖတ်သူကို လေးစားတယ်။ စာဖတ်သူကလဲ ထိုနည်းလည်းကောင်းပဲ တဖန်ပြန်လေးစားတယ်။ အဲ . . . နောက်ပြီးတော့ ဘလော့ခ်ကာအချင်းချင်းလဲ တစ်ယောက်ကို တစ်ယောက် လေးလေးစားစား ဆက်ဆံကြတာကိုတွေ့ရပါတယ်။ ကျွန်တော်နိုင်ငံခြားကို ရောက်စက Yahoo Messenger!နဲ့ Yahoo Groupတွေ အရမ်းခေတ်စားနေတဲ့ အချိန်ပေါ့။
Yahoo Messengerရဲ့ Conference Roomတွေထဲမှာ တခါတလေ တစ်ယောက်နဲ့ တစ်ယောက်သီချင်းတွေဆိုပြကြတယ်။ တခါတလေ အကြောင်းအရာတစ်ခုကို ငြင်းကြခုန်ကြတယ်။ နောက်ပိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက် မအေတွေ၊ နှမတွေကိုပါ စော်ကားပြီး ဆဲလားဆိုလားဖြစ်ကြတဲ့ အထိကြားဖူးပါတယ်။ အဲဒီလို တစ်ယောက်နဲ့ တစ်ယောက် စော်စော်ကားကားပြောကြတာတွေဟာ ယောက်ျားးလေးတွေချည်းပဲဆို နဲနဲတော်ပါသေးတယ်။ တကယ်တော့ မိန်းကလေးတွေကလဲ အဲဒီConference Roomတွေထဲမှာ ရှိနေပါတယ်။ တချို့မိန်းကလေးတွေကျတော့လဲ ယောက်ျားလေးတွေနဲ့ အတူ သားပြောမယားပြောတွေပြော နေကြတာကို ကြားခဲ့ဖူးပါတယ်။
အဲဒီမှာ ကျွန်တော့်ရေးခဲ့ဖူးတဲ့ အင်တာနက်လား၊ မြားနတ်မောင်လားဆိုတဲ့ ဆောင်းပါးလေးရယ်၊ ကျွန်တော့်ရဲ့ အချစ်ဆုံးသူငယ်ချင်း နေဘုန်းလတ်ရေးခဲ့ဖူးတဲ့ လူငယ်၊ အင်တာနက်နှင့် Chatting(ဒါမှမဟုတ်) အင်တာနက်လား၊ မြားနတ်မောင်လား(၂)ဆိုတဲ့ ဆောင်းပါးလေးကို သွားသတိရမိတယ်။ နေဘုန်းလတ်က သူ့ရဲ့ ဆောင်းပါးထဲမှာ ဒီလိုရေးထားတာတွေ့ပါတယ်။ “Chat Roomတွေထဲမှာ ကိုယ်ပိုင်နာမည်မဟုတ်ပဲ နာမည်ပြောင်တွေနဲ့ စကားပြောကြတဲ့အခါမှာ ကိုယ့်ကိုအမှန်တကယ် ဘယ်သူမှန်းမသိနိုင်တဲ့အတွက် စကားတွေကို လက်လွတ်စပယ်ပြောတတ်ကြပါတယ်။ အသက်ကိုမေးရင်လည်း အမှန်အတိုင်းမပြော၊ တခါတရံယောက်ျားကြီးက သူ့ကိုယ်သူမိန်းမလို့ မိတ်ဆက်လိုဆက်၊ မိန်းကလေးတွေကလည်း သူတို့ကိုယ်သူတို့ ယောက်ျားယောင်ဆောင်ပြီး အခြားယောက်ျားတွေနဲ့ ဟိုအကြောင်းဒီအကြောင်းတွေ တစ်တစ်ခွခွ ပြောကြတာမျိုးတွေကိုလည်း တွေ့ရပါတယ်။
အခါအားလျော်စွာ ရိုင်းစိုင်းတဲ့ အသုံးအနှုန်းတွေနဲ့ ကြမ်းတမ်းတဲ့ စကားလုံးတွေကိုလည်း သုံးတတ်ကြပါတယ်။ နောက်ပြီး ကိုယ်ပြောတဲ့ စကားတွေအတွက် တာဝန်ယူမှုတွေ၊ အလေးထားမှုတွေ သိပ်မရှိတတ်ကြပါဘူး။ Chattingအထိုင်များတဲ့ လူငယ်တွေ အနေနဲ့ ဒီလိုစိတ်ဓါတ်မျိုးတွေ အပြင်လောကကိုပါ ကူးစက်လာတာကိုလည်းတွေ့ရပါတယ်။ စကားတစ်ခွန်းကို အလွယ်တကူပြောတတ်လာတယ်၊ ကိုယ့်နှုတ်က ထွက်တဲ့ စကားတစ်ခွန်း၊ ကိုယ်ပြုမူလိုက်တဲ့ အပြုအမှုတစ်ခုနဲ့ ပတ်သတ်ပြီး ကိုယ့်မှာ တာဝန်ဘယ်လောက်ရှိတယ်၊ ကိုယ်က တာဝန်ယူရတယ်ဆိုတဲ့ အသိမျိုးတွေလျော့နည်းလာပါတယ်။ လိမ်ပြောရတာနဲ့လည်း ယဉ်ပါးလာကြပြီး လိမ်ဖို့ကို ကြောက်ခြင်း၊ ရွံ့ခြင်းတွေသိပ်မရှိကြတော့ပါဘူး။ နောက်ပြီး . . .ယဉ်ကျေးမှုနဲ့ ဝေးကွာပြီး စကားအပြောအဆိုတွေလည်း ကြမ်းတမ်းရိုင်းစိုင်းလာကြပါတယ်။ ဒါဟာ . . .အနာဂတ်မှာ နိုင်ငံရဲ့ တာဝန်တွေကို ပုခုံးပြောင်းလွှဲယူကြမယ့် လူငယ်တွေအတွက် အင်မတန်မှကို ရင်လေးစရာကောင်းတဲ့အချက်ဖြစ်ပါတယ်။”
ဒါကတော့ နေဘုန်းလတ်ရဲ့ ဆောင်းပါးထဲက စာသားတစ်ချို့ပါ။ သူပြောထားတာတွေကို သဘောတူပါတယ်။ ကိုယ်ပြောတဲ့စကားကို ကိုယ်တာဝန်ယူရဲရပါမယ်။ ဘလော့ခ်ကာတွေမှာတော့ အခုထိငါ့နာမည်ကလွဲပြီး တခြားဘာမှမသိဘူးဆိုပြီး ရေးခြင်ရာရေးပြောချင်တာ ပြောတာတွေမရှိပါဘူး။ ဖတ်တဲ့သူတွေထဲကလည်း Anonymousအနေနဲ့ ရေးချင်တာရေးသွား(ဆဲသွား)လို့ရပေမယ့် တော်ရုံတန်ရုံ အဲဒီလိုအပြုအမူမျိုးတွေ တွေ့ရခဲပါတယ်။ နောက်ပြီးဘလော့ခ်ကာတွေမှာ ချစ်ဖို့ကောင်းတာတစ်ခုက မြန်မာဘလော့ခ်လုပ်ချင်တဲ့သူတွေကို အမြဲကြိုဆိုနေတာပါပဲ။ ကိုယ့်ဘလော့ခ်ဖြစ်ဖို့အတွက် ကူညီခဲ့တဲ့ ရှေ့ကလူတွေကို ကျေးဇူးသိတတ်သလို ဘလော့ခ်လုပ်ချင်တဲ့ နောက်လူတွေကိုလည်း တွဲခေါ်ကြပါတယ်။
မြန်မာနိုင်ငံမှာရော တကမ္ဘာလုံးမှာပါရှိတဲ့ မြန်မာတွေထဲမှာမှ အင်တာနက်သုံးမြန်မာဦးရေဟာ အလွန်နည်းပါတယ်။ အဲဒီအင်တာနက်သုံးသောသူတွေထဲမှာမှ ဘလော့ခ်ရှိသူ၊ သိသူ၊ ဖတ်သူမှာတကယ်ဆိုမှ တကယ့်ကိုနည်းနည်းလေးပါ။ ဒါပေမယ့်အဲဒီနည်းနည်းလေးက တစ်ယောက်ကိုတစ်ယောက် ရိုင်းပင်းကူညီတယ်။ ခင်ခင်မင်မင်နေကြတယ်ဆိုတာတွေကိုတွေ့ရတဲ့အချိန်မှာ ကျွန်တော်တကယ်ကို ၀မ်းသာဂုဏ်ယူလို့မဆုံးပါဘူး။ နောက်ဆုံးအနေနဲ့ ကျွန်တော်ပြောချင်တာကတော့ အခုလိုမြန်မာဘလော့ခ်တွေ များများလာတဲ့အတွက် တစ်ယောက်ရဲ့ အခက်အခဲတွေကို တစ်ယောက်ကနားလည်လာမယ်။ တစ်ယောက်ရဲ့ အသိပညာတွေ တစ်ယောက်ကရလာမယ်။ တစ်ယောက်ရဲ့ အတွေ့အကြုံတွေ တစ်ယောက်ကသိလာမယ်၊ ဆိုတဲ့ အကျိုးကျေးဇူးတွေရရှိလာမှာ ဖြစ်တဲ့အတွက် မြန်မာဘလော့ခ်လောကကြီးအဓွန့်ရှည်ပါစေလို့ . . .။

အခုရေးထားတာတွေကိုက ကျွန်တော့်ရဲ့ ဘလော့ခ်ပိုစ့်လေးတစ်ခုပါပဲ။
အင်တာနက်လား၊ မြားနတ်မောင်လား - ဇင်ကိုလတ် (သံလွင်အိပ်မက် အမှတ် ၃)
လူငယ်၊ အင်တာနက်နှင့် Chatting - နေဘုန်းလတ် (သံလွင်အိပ်မက် အမှတ် ၉နှင့် စပယ်ဖြူ ဖေဖော်ဝါရီလ)
8 comments:
ဟုတ်ကဲ့ခင်ဗျာ။ အစ်ကိုတို့ရဲ့ သဘောထားကို ကျွန်တော်လည်း အပြည့်အ၀ထောက်ခံပါတယ်။ အကျိုးမရှိပဲ အကြောင်းမရှိပဲ Chat နေမယ့်အစား ကိုယ်သိတာတတ်တာလေးတွေ၊ ရင်ဖွင့်ချင်တာလေးတွေ Blog လုပ်ပြီး ရေးကြမယ်ဆိုရင်တောင် အားလုံးအတွက် တော်တော်လေးအကျိုးဖြစ်ထွန်းမယ်လို့ထင်ပါတယ်။ မြန်မာ ဘလော့ဂါတွေ ရိုင်းပင်းကူညီမှုကတော့ ကျွန်တော်ကိုယ်တွေ့ပါပဲခင်ဗျာ။ အခုမှ စတဲ့ ကျွန်တော့်ကို စိတ်ရှည်လက်ရှည်နဲ့ အသေးစိတ်ကူညီကြပုံများ ကျွန်တော် ဘယ်လိုမှ မေ့လို့မရနိုင်သလို ကျွန်တော့်အလှည့်ကျရင်လည်း ဒီလိုပဲ တတ်နိုင်တဲ့ဘက်က လိုအပ်တဲ့သူတွေကို ကူညီဖို့ အလိုလိုဆုံးဖြတ်ပြီးသား ဖြစ်သွားစေပါတယ်ခင်ဗျာ။
ဟုတ်ပ။ ကျွန်တော်တို့ရဲ့ သဘောထားကိုထောက်ခံတယ်ဆိုလို့ ၀မ်းသာပါတယ်။ ကျွန်တော့်ဘလော့ခ်ကိုတော့ ညီညီ(သံလွင်)နဲ့ မောင်သန့်ဇင်ကကူလုပ်ပေးတာလေ။
Wow!
What a spirit!
You really are a die-hard blogger...
I'm proud of your attitude, Bro.
I know you will not have this kind of spirit 10 years ago...
:D
Wow..wow..!! All i can is wow..!!
yan >> proud to b a die hard blogger. :P
demo >> Wow! thankz for writing so many comments in my blog.
Thanks for thanks me..!!
Proud to write so many comments for "die hard blogger"..!! :D
Proud to have so many comments from demo. :D
haha.. ဘာပြောရမလဲတောင် မသိတော့ဘူး..
Post a Comment