Monday, January 26, 2009

သံလွင်အိပ်မက် သုံးဒဿမတစ်

သံလွင်အိပ်မက် အတွဲ ၃ အမှတ် ၁ကို ယနေ့ ၂၆ရက် ဇန်န၀ါရီလ ၂၀၀၉ခုနှစ်မှာ ထုတ်ဝေလိုက်ပါပြီ။ ဒီတစ်ခေါက်သံလွင်အိပ်မက်က ပညာရေးကို အသားပေးထားတာဖြစ်ပြီး ထုံးစံအတိုင်း အခြား ဖတ်စရာတွေကို စုံစုံလင်လင်နဲ့ တင်ဆက်ထားပါတယ်။



ဒီတစ်ခေါက် ကျွန်တော့်ရဲ့ ၀တ္ထုတို တစ်ပုဒ်နဲ့ အက်ဆေးတစ်ပုဒ်ပါတယ်။ ၀တ္ထုတိုက စင်္ကာပူနိုင်ငံပျက်သုန်းခြင်း အကြောင်းကို တွေးကြည့်ပြီး ရေးထားတာပါ။ တကယ်တော့ ဘယ်တော့မှ ဖြစ်မလာနိုင်ပါဘူး။ အက်ဆေးကတော့ လက်ဖက်ရည်ဆိုင်ထိုင်တဲ့အကြောင်းကို ရေးမိပါတယ်။ ရေးတဲ့လူလည်း ပေါ့ပေါ့ပါးပါး၊ ဖတ်တဲ့သူလည်း ပေါ့ပေါ့ပါးပါးပေါ့။ ဒီတစ်ခေါက်မှာ အကြိုက်ဆုံးကတော့ ဆရာ၊ ဆရာမတွေနဲ့ အင်တာဗျူးနဲ့ ကျောင်းသားတွေဆီက ကောက်ခံရရှိခဲ့တဲ့ ဆာဗေးပဲ ဖြစ်ပါတယ်။ ဖတ်ချင်တယ်ဆိုရင်တော့ . . . ဒီမှာ သွားဖတ်နိုင်ပါတယ်။

Tuesday, January 6, 2009

မထင်မှတ်ထားတဲ့ Genting Trip

စင်္ကာပူမှာ အနေကြာလာတော့ ဒီကျွန်းသေးသေးလေးကနေ တခြားနိုင်ငံတွေကို အမြဲ သွားဖို့ ကြိုးစားနေမိတယ်။ အနည်းဆုံးတစ်နှစ်တစ်ခေါက် မြန်မာပြည်ပြန်တာဖြစ်ဖြစ်၊ နီးနီးနားနား Johor Bahruလောက်ဖြစ်ဖြစ်ပေါ့။ မှတ်မိသလောက်ပြန်ကြည့်ရရင် ၂၀၀၂ကျောင်းပြီးကတည်းက နှစ်တိုင်းလောက်နီးပါး တခြားနိုင်ငံတွေကိုသွားဖြစ်တယ်။ နှစ်တိုင်းမြန်မာပြည်ကို ပြန်ဖြစ်ပေမယ့် ရန်ကုန်မှာပဲနေပြီး တစ်ခါတစ်လေမှ ခရီးထွက်ဖြစ်တယ်။

၂၀၀၃ - Bangkok (Thailand)
၂၀၀၄ - Johor Bahru (Malaysia), Bagan (Myanmar)
၂၀၀၅ - Johor Bahru, Malacca (Malaysia)
၂၀၀၆ - US. KL, Genting (Malaysia)
၂၀၀၇ - Dhaka (Bangladesh), Yangon Thingyan (Myanmar)
၂၀၀၈ - Bangkok, Ayutthaya (Thailand). Nargis Trip (Myanmar). Malacca (Malaysia)

တစ်နှစ်တစ်နှစ် စင်္ကာပူကနေပြီး တခြားနိုင်ငံတစ်ခုကို ခရီးမထွက်ဖြစ်ဘူးဆိုရင် လူက နေမထိထိုင်မသာနဲ့ မရိုးမရွဖြစ်ဖြစ်လာတယ်။ ဒါကြောင့် နှစ်ကုန်ခါနီးတိုင်း ဒီနှစ်အတွက် မြန်မာနိုင်ငံအပြင်တခြားဘယ်နိုင်ငံမှ မသွားရသေးရင် Woodlands Interchangeကနေပြီး ၉၅၀စီးလို့ Johor Bahruကို ခဏဖြစ်ဖြစ်သွားလည်လိုက်ရမှ စိတ်ကျေနပ်တယ်။ ဒီနှစ် ၂၀၀၉အတွက်တော့ မရိုးမရွဖြစ်စရာမလိုတော့ပါဘူး။ ဘာလို့လဲဆိုတော့ ၂၀၀၉ခုနှစ် ဇန်န၀ါရီလ ၂ရက်နေ့ကတည်းက မလေးရှားနိုင်ငံ Gentingကိုသွားလည်လိုက်လို့ပါပဲ။ သူငယ်ချင်းစုံတွဲက သွားလည်ရအောင်ဆိုပြီး ခေါ်နေတာ လေးငါးခါလောက်ရှိနေပါပြီ။ အဲဒီကို အလုပ်ရှိလို့၊ သွားစရာရှိလို့၊ မင်းတို့စုံတွဲကြားမှာ ကန့်လန့်ကန့်လန့်နဲ့ ရှုပ်နေမယ်၊ နောက်တစ်ယောက်ပါရင် လိုက်မယ်ဆိုပြီး လှည့်ပတ်ပြီးရှောင်နေတာ နောက်ဆုံးတော့ တခြားသူငယ်ချင်းတစ်ယောက်ကလည်း လိုက်မယ်ဆိုတာနဲ့ ငြင်းမရတော့ပါ။

အရင်အခေါက်တွေတုန်းက ဘတ်စ်ကားကြီးတွေနဲ့ သွားတာ။ ဒီတစ်ခေါက်တော့ သူငယ်ချင်းက ကားပါတော့ အတွေ့အကြုံအသစ်တွေ ရတယ်။ သူတလှည့်ကိုယ့်တလှည့်မောင်းပြီး သွားလိုက်တာ Gentingကို မနက်၁၀လောက် ရောက်သွားတယ်။ သွားမယ်မသွားဘူးဆိုတာကို ည၁၀လောက်ကမှ သေချာပြီး သွားတာဆိုတော့ ဘယ်ဟိုတယ်မှလည်း Bookingမလုပ်ထားမိဘူး။ ဟိုတယ်ခန်းတွေက အားလုံးပြည့်နေတာနဲ့ ဟိုတယ်အပြင်မှာ ယောင်လည်လည်လုပ်နေတုန်း ဟိုတယ်လိုချင်လားလို့ လာမေးတဲ့ အဖိုးကြီးတွေဆီက အခန်းကို ငှားလိုက်ပါတယ်။ တစ်ခန်းကို မလေးရှားပိုက်ဆံ ၃၈၀နဲ့ပါ။ ပုံမှန်ဆိုရင် အဲဒီအခန်းက ၂၀၀လောက်ပဲ တန်တာပါ။ မတတ်နိုင်၊ ဒီအချိန်မှ ဈေးကြီးသလေး ဘာလေးဆိုရင် ကားထဲမှာပဲ အိပ်ရမယ့် သဘောမှာ ရှိတယ်။ ခဏတဖြုတ်နားပြီး သရဲအိမ်ထဲ ၀င်ကြည့်ဖြစ်တယ်။ သရဲအိမ်ဆိုတာထက် သရဲအခန်းဆိုရင် ပိုမှန်မယ်။ မှောင်မှဲပြီးဘာမှ မမြင်ရတော့ ကြောက်ဖို့တော့ ကောင်းပါတယ်။ ဒါပေမယ့် လာလာပြီးခြောက်တဲ့သရဲတွေက လူတွေဆိုတာသိနေတော့ သိပ်တော့ မကြောက်လှပါဘူး။ ၀ူးဝူးဝါးဝါးနဲ့ တချက်တချက်ထအော်တာက လွဲလို့ပေါ့။ ဘာပဲဖြစ်ဖြစ်တစ်ယောက်ကို ရင်းဂစ် ၂၅စီ ဆုံးသွားတယ်လို့တော့ သဘောထားလိုက်တယ်။ နောက်ပြီး သူငယ်ချင်းစုံတွဲက နှင်းအိမ်(အအေးခန်း)ထဲကို ၀င်ကြည့်ကြပါတယ်။ နှင်းတွေ ကျနေသလိုလုပ်ထားတယ်၊ ပြီးတော့ ဓါတ်ပုံရိုက်ပေးတယ်။ အနွေးထည်အထူကြီးတွေ ၀တ်ပြီးမှဝင်တာတောင် တော်တော်အေးတယ်လို့တော့ သူတို့ကပြောတယ်။ ကျွန်တော်နဲ့ နောက်တစ်ကောင်ကတော့ Snow Cityလို အဲဒီအိမ်ထဲကို ၀င်ကြည့်ဖို့ သိပ်စိတ်မ၀င်စားတော့ ၀ါဿနာပါရာ Casinoခန်းတွေထဲ ၀င်ကြည့်ကြပါတယ်။ ဘာဆော့ရင် ကောင်းမလဲပေါ့။ နောက်ဆုံးတော့ အံစာတုံးခေါက်ဖြစ်ကြပြီး ကျွန်တော်က ငါးဆယ်ရှုံးလို့ ဒီကောင်ကတော့ ၁၂၀တောင် နိုင်ပါတယ်။ အဲဒါနဲ့ပဲ သူက အားလုံးကို ဘီယာလိုက်တိုက်တယ်။



အပြန်လမ်းကြတော့ ကားကို ၁၅၀ကီလိုမီတာလောက်နဲ့ မောင်းလိုက်၊ အရှိန်က မြန်သွားပြီး ၁၈၀လောက်ထိရောက်သွားလိုက်၊ ပြန်လျော့လိုက်နဲ့ စင်္ကာပူကို ၃ရက်နေ့ ည၁၀နာရီလောက်မှာ ပြန်ရောက်ပါတယ်။ ဒီတစ်ခေါက် Gentingမှာ တော်တော်အေးပါတယ်။ ဟိုအရင်တစ်ခါက အနွေးထည်မပါပဲ နေနိုင်ပေမယ့် ဒီတစ်ခါတော့ အနွေးထည်မပါတဲ့ ကျွန်တော် သူငယ်ချင်းရဲ့ အနွေးထည်အပိုကို ငှားဝတ်ပြီးတဲ့အချိန်မှာတောင် ခိုက်ခိုက်တုန်နေတုန်း။ ပတ်ဝန်းကျင်တစ်ခုလုံးလည်း မြူတွေနဲ့ အုပ်ဆိုင်းလို့။ ဒီခရီးမှာ တစ်ခုဆိုးတာက ဖုန်းကင်မရာကလွဲလို့ ဘယ်သူမှ ကင်မရာမပါလာဘူး။ ဟိုလူယူလာနိုး၊ ဒီလူယူလာနိုးနဲ့ နောက်ဆုံး ဘယ်သူ့ဆီမှာမှ ကင်မရာမပါတဲ့ ခရီးတစ်ခုကို ပထမဆုံးအကြိမ်သွားဖြစ်ခဲ့ကြောင်း မှတ်တမ်းတင်အပ်ပါတယ်။

၂၀၀၉ - Genting (Malaysia). _ _ _ _ _ _ _ _ . _ _ _ _ _ _ _ _ _ _

Friday, December 19, 2008

ကလေးလေးတစ်ယောက်လိုတော့ . . .

ကျွန်တော့်ဝါသနာတွေထဲက တစ်ခုဖြစ်တဲ့ ဓါတ်ပုံရိုက်ခြင်းဟာ နက်နဲတဲ့ ပညာရပ်တစ်ခုပါ။ လေ့လာမယ်ဆိုရင် ရှုခင်းပုံ၊ လူပုံ၊ အနီးကပ်ပုံ၊ မင်္ဂလာဆောင်ပုံ၊ ညရှုခင်း၊ အားကစား၊ သတင်းဓါတ်ပုံ စသည်ဖြင့် အများကြီးဆိုမှ အများကြီးပါပဲ။ အဲဒီအထဲကမှ ကလေးဓါတ်ပုံလေးတွေကို ရိုက်ရတာ အရမ်းစိတ်ဝင်စားဖို့ကောင်းသလို၊ အရမ်းလဲပျော်ဖို့ကောင်းပါတယ်။ ကလေးတွေရဲ့ အဓိကထူးခြားချက်ကတော့ ဟန်ဆောင်မှုကင်းမဲ့တာ၊ အပြစ်ကင်းတာဖြစ်ပါတယ်။ သူတို့ တစ်ခုခုကို အရမ်းစိတ်ဝင်စားနေရင် စူးစမ်းချင်တဲ့စိတ်၊ သိချင်တဲ့စိတ်တွေက မျက်နှာမှာ အပြည့်၊ ပျော်နေပြီဆိုရင်လည်း ဒီအတိုင်းပဲ။


ဒီပုံကတော့ မလေးလူမျိုး Projectမန်နေဂျာရဲ့ သားလေးပုံပါ။ ကုမ္ပဏီရဲ့ မိသားစုတွေ့ဆုံပွဲနေ့၊ မျက်လှည့်ဆရာမျက်လှည့်ပြနေတာကို စင်ပေါ်အထိတက်ပြီး စိတ်ဝင်တစား စူးစမ်းလေ့လာနေတဲ့ပုံပါ။


ဒါကတော့ ကျွန်တော့်အထက်က မန်နေဂျာရဲ့ သားပါ။ အဲဒီ မန်နေဂျာမင်္ဂလာဆောင်တုန်းကတောင် သူ့ရဲ့Brotherအနေနဲ့ လိုက်ပြီး ကူညီခဲ့တယ်။ အခုတော့ သူ့သားလေးတောင် ဒီအရွယ်ရောက်နေပါပြီ။


ညီညီတို့ မင်္ဂလာဆောင် စုံတွဲပုံတွေ စင်တိုဆာမှာ သွားရိုက်တုန်း မိုးတွေရွာလာပါတယ်။ ဒါနဲ့ပဲ ညီညီတို့ စုံတွဲရယ် ကျွန်တော်ရယ် နေဘုန်းလတ်ရယ် မိုးခိုနေတုန်း ဟိုဖက်ဝိုင်းက ကောင်မလေးကို စရင်းနောက်ရင်း ရိုက်ဖြစ်ခဲ့တဲ့ပုံပါ။ ဘာလူမျိုးလဲတော့ မသိဘူး။ အရမ်းချစ်ဖို့ကောင်းပါတယ်။


ဒါကလည်း ကုမ္ပဏီမိသားစုတွေ့ဆုံပွဲမှာ ရိုက်ထားတာပါပဲ။ Asia Pacificရဲ့ မန်နေဂျာသားလေးပါ။ ဖအေတူသားလေးပါ။ သူလည်း စင်ပေါ်ကို ပြေးပြေးတက်ပါတယ်။

အောက်ကပုံတွေကတော့ သံလွင်အိပ်မက်မှာ ပါခဲ့ဖူးတဲ့ ကျွန်တော်ရိုက်တဲ့ ဓါတ်ပုံတွေပါ။


အရင်တုန်းက သံလွင်အိပ်မက်က ဦးစီးပြီး သုံးလတစ်ခါ ရန်ကုန်အနီးတ၀ိုက်မှာရှိတဲ့ ဘုန်းတော်ကြီး မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းတွေကို အလှူသွားသွားလုပ်ဖြစ်ပါတယ်။ တောင်ဒဂုံမှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းကို နေဘုန်းလတ်နဲ့ ကျွန်တော်သွားလှူခဲ့တယ်။ အဓိကတော့ စာအုပ်ခဲတံ၊ စတဲ့ စာရေးကိရိယာတွေနဲ့ ငွေသားနည်းနည်းလှူခဲ့ပါတယ်။ ဘုန်းကြီးနဲ့ နေဘုန်းလတ်နဲ့ စကားပြောနေတဲ့အချိန် ဘေးမှာထိုင်နေတဲ့ ကျောင်းသားလေးတွေကို အမှတ်တရရိုက်ခဲ့တာပါ။


ဒီပုံကိုဘလော့ခ်မှာ အရင်တုန်းကလည်း တစ်ခါ တင်ဖူးပါတယ်။ ရန်ကုန်ကို ၂၀၀၅လောက်က ပြန်တုန်း တိရိစ္ဆာန်ရုံမှာ မြောက်ဥက္ကလာ မူလတန်းကျောင်းတစ်ကျောင်းက ဆရာမတွေနဲ့ ကျောင်းသားလေးတွေ လာကြတာကို တွေ့ရတယ်။ အဲဒီထဲက သနပ်ခါးပါးကွက်ကျားနဲ့ ပြုံးပျော်နေတဲ့ကောင်လေးရဲ့ ပုံပါ။

Thursday, December 18, 2008

သံချေးခွာခံရတဲ့ ဘလော့ခ်

ဘလောခ့်မှာ ဘာမှ မတင်ပေမယ့်လည်း အမြဲ လာဖတ်ကြတဲ့ ကျွန်တော်နဲ့သိတဲ့သူတွေရော မသိတဲ့လူတွေအားလုံးကို အရမ်းကျေးဇူးတင်ပါတယ်။ ဟိုတလောက ဘလော့ခ်ကို ကိုယ့်ဘာသာကိုယ် ရေးချင်စိတ်မရှိတာနဲ့ ခဏပိတ်ထားလိုက်တဲ့အချိန်မှာ တခုတ်တရနဲ့ လှမ်းမေးကြတဲ့လူတွေကို ပိုလို့တောင် ကျေးဇူးလည်းတင် အားလည်း နာမိပါသေးတယ်။ တကူးတက ဖုန်းဆက်ပြီးမေးတဲ့သူတွေဆို ဒီဘလောခ့်ကို လာတောင်ဖတ်ဖူးရဲ့လားလို့ ထင်မိတာ သူတို့က “ဘလော့ခ် ဘာဖြစ်သွားတာလဲ၊ Hackခံလိုက်ရတာလား။” ဘယ်လိုလုပ်မလဲ အစရှိသဖြင့် ၀ိုင်းပြီး မေးတဲ့အချိန် တော်တော်အံ့သြမိတယ်။ ငါဘာမှ မရေးတဲ့ ဘလော့ခ်အစုတ်ပလုတ်လေးကို ဒီလောက် လူတွေလာလာဖတ်နေကြသေးတယ်ဆိုတာ သိလိုက်ရလို့ပါ။ ဘလော့ခ်မရေးဖြစ်တဲ့ အဓိက အကြောင်းအရင်းက အလုပ်တွေ ရှုပ်နေလို့လား။ ဒီစကားက တ၀က်လောက်ပဲ မှန်တယ်။ ဇင်ကိုလတ် အလုပ်ရှုပ်တာကတော့ အမြဲတမ်းပဲ။ တရက်ကို တစ်ပိုစ့်လောက် ပုံမှန်တင်ဖြစ်တုန်းကလည်း ဒီလောက်ရှုပ်တာပဲ။ အခုလဲ ဒီလောက်ရှုပ်တာပဲ။

ဘလော့ခ်မရေးဖြစ်တဲ့အထဲမှာ ရေးဖို့ကို နည်းနည်းစိတ်ပျက်နေတာကြောင့်လဲ ပါတယ်။ တချို့လူတွေက ဘလော့ခ်တွေကို လိုက်ဖတ် အားအားယားယား ပြဿနာတွေလိုက်ရှာ။ ထောင်ထဲရောက်နေတဲ့ ကျွန်တော့်သူငယ်ချင်းရဲ့ ဆီဗုံးမှာတောင် ဟိုဟာဝင်အော် ဒီဟာ ၀င်အော်နဲ့။ သူတို့ အဲဒီလောက် အချိန်တွေ ပိုနေရင် ကျွန်တော်နဲနဲလောက်လိုချင်သေးတယ်။ အင်တာနက်ပေါ်တက်လိုက်ပြီဆိုတာနဲ့ သတင်းတွေဝင်ဖတ်၊ စင်္ကာပူက ဓါတ်ပုံဖော်ရမ်ဖြစ်တဲ့ Clubsnapမှာ ဘာထူးခြားတာတွေရှိလဲ ၀င်ကြည့်၊ သူငယ်ချင်းတွေရဲ့ ဘလော့ခ်တွေလိုက်ဖတ်ဒါတွေနဲ့ပဲ အချိန်က ဘယ်လိုကုန်လို့ကုန်မှန်းတောင်မသိဘူး။

အရင် အလုပ်ထဲမှာ အားရင် အားသလို ဘလော့ခ်ရေးဖြစ်တယ်။ ဒါပေမယ့် အခုကျတော့ အပြင်မှာ အလုပ်တွေရှားနေတာကို အကြောင်းပြုပြီး ဒီကောင်တွေတော့ အလုပ်မထွက်လောက်ဘူးလို့ မန်နေဂျာက ထင်တယ်နဲ့တူတယ်။ အလုပ်တွေ ဖိခိုင်းနေတာပဲ။ ပြီးတော့ နှစ်ကုန်ခါနီးဆို ထုံးစံအတိုင်း Appraisalလုပ်ရတာနဲ့ Goal settingတွေလုပ်ရတာနဲ့။ Appraisalလုပ်တော့ ထုံးစံအတိုင်း ၂၀၀၈မှာ အလုပ်လုပ်တာဘယ်လိုနေလဲ၊ ဘာတွေလိုအပ်လဲ နှစ်တိုင်းဒါပဲ။ သိပ်တော့မထူးပါဘူး။ Goal Settingကျတော့လဲ ဒီအတိုင်းပဲ ဒီကုမ္ပဏီမှာ လုပ်နေတာ ငါးနှစ်လောက် ရှိတော့မယ်။ ဘာကို ထပ်ပြီး လုပ်ရဦးမှာလဲ။ မနှစ်ကလဲ ကြိုးကြိုးစားစားနဲ့ တာဝန်ကို ဒီထက်ပိုကျေအောင် လုပ်မယ်။ ဒီနှစ်လဲ ဒါပဲ။ Appraisalမှာ မန်နေဂျာကို နောက်နှစ်ရမယ့် Bonusအကြောင်းမေးတော့ Bonusကို မမေးနဲ့တဲ့ အလုပ်မပြုတ်ရင်ပဲ တော်လှပြီတဲ့။ ကောင်းရော။