Tuesday, March 6, 2007

ပေါ်လာဦးမလားဟဲ့ ဒူးရင်းသီးတွေ

ဟိုတစ်နေ့ Toto Resultထွက်ကတည်းက နံပါတ်တွေတိုက်ဦးမလို့ပဲ။ နောက်မှ မတိုက်ရသေးသရွေ့ စိတ်ကူးယဉ်လို့ရတယ်။ ပြားငါးဆယ်နဲ့ တန်အောင် အိပ်မက်တွေ အများကြီးမက်တယ်။ ထီပေါက်ရင် ဘာလုပ်မယ် ညာလုပ်မယ်ပေါ့။ ဒီနေ့တော့ ဒီလက်မှတ်တွေ ပိုက်ဆံအိတ်ထဲမှာ ရှုပ်တယ်ဆိုပြီးတိုက်လိုက်တဲ့အခါ . . . ဒန် . . . တန် . . . . ။ ထုံးစံအတိုင်းပါပဲ။ တစ်ခုမှ မပေါက်ဘူး။ ဒီနှစ် တရုတ်နှစ်ကူးအတွက် ဖောက်တဲ့ဟာထဲက နှစ်ယောက်ပဲ ပေါက်တယ်တဲ့။ တစ်ယောက်ကို စင်္ကာပူဒေါ်လာ ငါးသန်းကျော် ဆီရသွားတယ်။
ကျွန်တော်ကတော့ အဲဒီ အစိုးရဒိုင်(www.singaporepools.com) ကို လုံးဝအယုံအကြည်မရှိပါဘူး။ တဖြေးဖြေးနဲ့ အယုံအကြည်ပိုပိုပြီးမဲ့လာတယ်။ ကိုယ်မပေါက်လို့ပြောတာမဟုတ်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင် အသိမိတ်ဆွေ၊ သူငယ်ချင်းရဲ့ သူငယ်ချင်း ဘယ်သူမှ အဲဒီ စင်္ကာပူက(သိန်းကျော်)ထီတွေကို ပေါက်တယ်ဆိုတာ ပြောသံမကြားပါဘူး။ ထောင်ဂဏာန်း၊ သောင်းဂဏာန်းလောက်တော့ ပေါက်တာ ကြားဖူးပါတယ်။ ကျွန်တော်တို့ ဆီမှာဆိုရင် ထီဆိုင်တွေကတဆင့် ဓါတ်ပုံတွေနဲ့ ဝေေ၀ဆာဆာ ဆုကြီးတွေထပ်ပေးလို့ ကံထူးသူတွေကို မြင်ဖူးတွေ့ဖူးပြီး ပိုက်ဆံတွေတကယ်ရတယ် ဆိုတာကို ယုံကြည်ရပါသေးတယ်။
ပြီးတော့ အဲဒီ Singaporepool(အစိုးရဒိုင်)ကနေပြီးတော့ပဲ အင်္ဂလိပ်ပရီးမီးယားလိဂ် ကအစ၊ စပိန်၊ စီးရီးအေပွဲအဆုံး အပြင်ပေါက်ကြေးထက် အစများစွာ လျော့ပြီးတော့ဒိုင်ကိုင်ပါတယ်။ စင်္ကာပူမှာ အပြင်ဒိုင်မရှိပါဘူး။ ရှိရင်လဲ အစိုးရက လိုက်ဖမ်းပါတယ်။ တခါတလေ ဒါကြောင့်များ စင်္ကာပူနိုင်ငံ(အစိုးရ) ပိုပိုပြီးချမ်းသာလာသလားထင်ရတယ်။ ကျွန်တော်တို့ မြန်မာတွေစုရပ်ဖြစ်တဲ့ ပန်နီဇူးလားပလာဇာနားမှာလဲ ဒူးရင်းသီးကြီးနှစ်လုံးရှိနေပါပြီ။ နောက်ထပ် ဒူးရင်းသီးတွေပဲထပ်ပြီး ဆောက်ကြဦးမလား။ ဘိုးဘိုးလီတို့ မိသားစုရဲ့ အိတ်ထဲပဲထည့်ကြဦးမလားဆိုတာတော့ ဘယ်သူမှမသိနိုင်ပါဘူးဗျာ။

Monday, March 5, 2007

Clickဆိုသော ရုပ်ရှင်ကား



မနေ့ကအလုပ်ထဲမှာ Clickဆိုတဲ့ ဇာတ်ကားလေး ကြည့်ဖြစ်ခဲ့တယ်။ ရုံတင်တုန်းက ဒီRemote Controlတစ်ခုနဲ့ လုပ်ချင်တာလုပ်လို့ရတဲ့ဇာတ်ကား၊ ရယ်စရာဟာသ ပေါတောတောကားဆိုပြီး သွားမကြည့်ဖြစ်ခဲ့ဘူး။ အခုမှ ဒေါင်းလုပ်ချထားတာတွေ တဖြေးဖြေးကြည့်မယ်ဆိုပြီး Hard Diskထဲ ထည့်ထားတဲ့အထဲက ဒီကားလေးကြည့်ဖြစ်ခဲ့ပါတယ်။ ကြည့်ပြီးတော့မှ တော်တော်ကောင်းတဲ့ ဘ၀သရုပ်ဖော်ဇာတ်ကားလေးမှန်း သိတော့တယ်။ ဘ၀ကို အလုပ်ထဲမှာသာ နှစ်ထားပြီး မိသားစုအတွက် အချိန်မပေးလိုတဲ့ Michealဆိုတဲ့ လူတစ်ယောက်ရဲ့ အကြောင်းလေးပါ။

Sunday, March 4, 2007

အာစရိယဂုနော အန္တနော

ဟိုတစ်နေ့က ရန်ကုန်က ဦးလေးတစ်ယောက်နဲ့ ဆရာဦးသိန်းလွင်(အင်္ဂလိပ်စာ) ရောက်နေတယ်ဆိုလို့ အလုပ်ကအပြန်တစ်ခါတည်း ကြိုပြီးပြန်လာခဲ့တယ်။ ဆရာကတော့ ကျူရှင်သင်တုန်းပဲတဲ့။ ကိုယ်ကိုတိုင်လဲ ၈တန်း၊ ၉တန်း၊ ၁၀တန်းဆရာ့ဆီမှာပဲ တက်ခဲ့တာပါ။
ဆရာသင်ပေးတဲ့ "I, We, You, They - Doနဲ့တွဲမယ်။ He, She, It အနည်း - Doesနဲ့တွဲမယ်။ Past - Did, Past - Did" ဆိုပြီးအော်ဆိုခဲ့ဖူးတဲ့ စာသားတွေက အခုထိ ခေါင်းထဲမှာ စွဲနေတုန်း။ Iနဲ့ meနဲ့ တောင် ကောင်းကောင်းမကွဲတဲ့ တချို့ စလုံးတွေကြားထဲမှာတော့ ဆရာ့ကျေးဇူးကြောင့် ဆရာ့တပည့်Grammerကို တော်တော်ပိုင်တယ်လို့ ပြောလို့ရပါတယ်။
lay, laid, laid - ဥ ဥသည်။ lie, lied, lied - လိမ်ပြောသည်။ lie, lay, lain -လှဲလျောင်းသည်။ အဲဒီဟာတွေကို ကွဲပြားအောင်ဆိုပြီး သင်ရင်းသင်ရင်းနဲ့ ဆရာကိုယ်တိုင်နောက်တဲ့ စကားလေးဆို အခုပြန်စဉ်းစားရင် အခုထိ ပြန်ရယ်နေရတုန်းပါပဲ။ "Lie Lay Line, လိုင်း၎လိုင်း သာကတကို လိုင်း၎လိုင်း"တဲ့လေ။

Thursday, March 1, 2007

အမျိုးသားရေး စိတ်ဓါတ်

ကျွန်တော်ရဲ့ အမျိုးသားရေး စိတ်ဓါတ်ဆိုတာ ဘောလုံးပွဲမှာ ဗမာနိုင်ရင်ပြီးရော ဆိုတဲ့ စိတ်ဓါတ်မျိုးမဟုတ်ပါဘူး။
ဒါပေမဲ့ ဗမာနိုင်ခဲ့ရင်တော့ ၀မ်းသာကျေနပ် ဂုဏ်ယူတတ်တဲ့ စိတ်ဓါတ်မျိုးပါ။
ရွှေဥဒေါင်း

မနှေးခေတ်မှီ သဌေးဖြစ်တော့မည်။

ကျွန်တော်စင်္ကာပူကို ရောက်ခါစ Totoကိုဘယ်လို ထိုးရမှန်းမသိဘူးပါ။ ပုံမှန် စင်္ကာပူထီလို့ လူသိများတဲ့ Sweep ကိုတော့ ပုံမှန် တစ်လ တစ်စောင်နှစ်စောင်လောက် ကံစမ်းခဲ့ဖူးပါတယ်။ နောက်ပိုင်းမှသာ ဟိုလူ့မေး ဒီလူ့မေးနဲ့ အကုန်လုံး ဆော့တတ်သွားတာပါ။ 4Dကတော့ ရှင်းပါတယ်။ Totoကတော့ USမှာ Lotoလို့ ခေါ်တဲ့ဟာမျိုးပါ။ ၁ ကနေ ၄၅ထိကြိုက်တဲ့ နံပါတ်ခြောက်လုံးကို ရွေးပြီးထိုးရတာပါ။ အပတ်တိုင်း ကြာသပတေးနဲ့ တနင်္လာနေ့တွေမှာ အဲဒီToto နံပါတ်တွေထွက်ပါတယ်။ ပုံမှန် ခြောက်လုံးစလုံးတူတယ်ဆိုရင် စင်္ကာပူဒေါ်လာ ၆သိန်းရပါတယ်။ ငါးလုံးနဲ့ Addition Noတစ်လုံးနဲ့ တူတယ်ဆိုရင်တော့ ဒုတိယဆုရပါတယ်။ ငါးလုံးတူ တတိယဆု။ နောက်ဆုံးလေးလုံးတူရင်တောင် စင်္ကာပူဒေါ်လာ၂၀ရပါသေးတယ်။ Toto Ticketတစ်ခု၊ နံပါတ်ခြောက်လုံးတစ်တွဲ အတွက် ပြား၅၀ကျပါတယ်။

ဟော အခုဟာကတော့ HongBaoလို့ခေါ်တဲ့ တရုတ်နှစ်ကူးအတွက် အထူးTotoပါ။ အထူးအစဉ်ဖြစ်တဲ့အတွက် ပထမဆုက ၁၀သန်းပါ။ ဒါပေမယ့် နှစ်တိုင်း ပထမဆုကို ၈ယောက် ၉ယောက်လောက်ပေါက်ကြတော့ အဲဒီစင်္ကာပူဒေါ်လာ ၁၀သန်းကို Shareရပါတယ်။ အဲဒီတော့ ၁ယောက်ကို ၁သန်းကျော်ကျော်လောက်ရတာပေါ့။ ပြောမယ့်သာ ပြောရတယ် တစ်ခါတစ်လေ အဲဒီ SingaporePoolsဆိုတဲ့ အစိုးရဒိုင်ကို သိပ်ပြီးအယုံအကြည်တော့မရှိပါဘူး။ ရောက်စကထိုးတဲ့ စင်္ကာပူထီတွေမှာ Esplanade ပုံပါတယ်။ ပြီးတော့ "Thank you for your support"တဲ့။ တကယ်တမ်းတော့ အဲဒီဒူးရင်းသီးကြီးက ဆောက်လက်စပါ။ ဆိုလိုတာကတော့ ဒီဒူးရင်းသီးကြီးဖြစ်လာဖို့အရေး ကျွန်တော်တို့က ပိုက်ဆံလှူနေရတယ်ပေါ့နော်။ ဘာပဲဖြစ်ဖြစ်ဒီတစ်ခေါက်Totoကိုတော့ ကံစမ်းကြည့်ကြပါဦး။ ဘယ်လိုထိုးရမှန်းမသိရင်တော့ Toto Quick Pick 1 Dollar လို့သာ ကောင်တာမှာပြောလိုက်ပါ။ ဒါဆိုရင် နံပါတ်၂တွဲရပါမယ်။

SingaporePoolsက အဲဒီလို လစဉ်ထီတွေထွက်နေတာ တကယ်ပဲလား။ လူတွေ ထီပေါက်ကြတယ်ဆိုတာ တကယ်ပဲလားလို့ မေးလားရင်တော့ ကျွန်တော်တော့ မထင် . . .။ ဒါဆိုဘာလို့ထိုးနေသေးလဲ လို့မေးလာရင်တော့ ကံစမ်းတာပါ။ ပေါက်သည်ဖြစ်စေ၊ မပေါက်သည်ဖြစ်စေ တပတ်ကို တစ်ကျပ်နှစ်ကျပ်ဖိုးလောက် ကံစမ်းတာပါ။ အရင်နှစ် HangBao Drawတုန်းက ထွက်သွားတဲ့နံပါတ်တွေကိုလဲ ထည့်ပေးလိုက်ပါတယ်။ 11 15 23 24 30 42 additional 9 ၂၀၀၅ခုနှစ်ကနံပါတ်နဲ့ 5 12 13 30 31 43 additional 39 ၂၀၀၄က နံပါတ်တွေပါ။ အဲဒါမှ မကျေနပ်သေးဘူး နံပါတ်လေးဘာလေး ပေးဦးဆိုရင်တော့ ၁ကနေ ၄၅အတွင်းက နံပါတ်ခြောက်လုံး သေချာပေါက်ပါမယ်လို့ ပြောပါရစေ။ ဟဲ ဟဲ သန်းဆုကြီးပေါက်ရင်တော့ 1 Tableနော်။