ကျွန်တော့်ဘ၀မှာ ကျွန်တော့်အတွက်ဆိုပြီး ရေးထားတဲ့ ကဗျာကို ပထမဆုံး ရရှိဖူးခြင်းပါ။ အဲဒီကဗျာလေးကို မွေးနေ့တိုင်း ပြန်ဖတ်ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီနေ့လည်း အဲဒီကဗျာလေးကို . . . .
ကျွန်တော်ခုန်ချချင်တဲ့ မြစ်
အန္တရာယ်ရှိသည် မ၀င်ရတဲ့
ကျွန်တော်ကလည်း
စွန့်စားရတာ ၀ါသနာပါတယ်…
အဲဒီ ဇင်ကိုလတ်ဆိုသူရဲ့အိမ်ကိုရောက်တော့
မာရေကျောရေအမှန်တရားနဲ့ ဧည့်ခံတယ်
သူ့စကားလုံးတွေက ပြတ်သားသလို
သူ့အတွင်းစိတ်ကလည်း ရိုးရှင်းတယ်
သူတို့ရဲ့သံလွင်အိပ်မက်တွေက
ကျွန်တော့်ဆီကူးစက်ခဲ့ပေါ့
ကျွန်တော်တို့အတူ အလင်းဖြူနေ့တွေကို
စောင့်မျှော်ရင်း…
အနုပညာတွေ ဝေမျှ၊ အတွေ့အကြုံတွေ ကူးလူး
လမ်းချင်းတူလို့ လူချင်းတွေ့ခဲ့ရတယ်
ကဗျာဆရာဖြစ်ပြီး…ခင်ဗျား ၀,နေတယ်လို့
ကျွန်တော်ပြောရင်… သူ တဟားဟားနဲ့ အော်ရယ်နေလိမ့်မယ်
ကျွန်တော်ခုန်ချချင်တဲ့မြစ်ကတော့
၂၈ နှစ်ခရီးကို စီးဆင်းပြီးပြီ…
နောင်နှစ်ပေါင်းများစွာပေါ့
ဟိုလိုလူတစ်ယောက်ရဲ့
အနုပညာကို တခုတ်တရခံစားရဦးမယ်
မိုးလှိုင်ည
(ကဗျာလက်ဆောင်ပေးတဲ့ မိုးလှိုင်ညကို အမြဲ ကျေးဇူးတင်နေပါတယ်။)
Friday, November 20, 2009
Monday, November 16, 2009
သံလွင်အိပ်မက်၊ ခွင့်နဲ့ လမ်းပြကြယ်
သံလွင်အိပ်မက် အတွဲ ၃၊ အမှတ် ၄ကို အောင်မြင်စွာ ထုတ်လွှင့်နိုင်ခဲ့ပါပြီ။ ၀တ္ထုနဲ့ ဆောင်းပါးက အားကောင်းပြီး အက်ဆေးကတော့ အားနည်းနေဆဲပါ။ ဘာရယ် မဟုတ်ဘူး အလုပ်ကနေ ခွင့်ယူထားတာ ၇ရက်နေ့ကတည်းက စပြီး ၁၇ရက်နေ့ ထိ၊ ပြီးရင် ၁၈ နိုဝင်ဘာနဲ့ ၂၁ နိုဝင်ဘာနှစ်ရက်ပဲ အလုပ်လုပ်ပြီး ၂၉ရက်အထိ နားပါဦးမယ်။ မန်နေဂျာက ခွင့်တွေကို နောက်နှစ်ထဲ ၇ရက်ပဲ ပေးသယ်မယ် မင်းဆီမှာ ခွင့်အားလုံးပေါင်း ၁၆ရက်ကျန်သေးတယ်ဆိုတာနဲ့ ခွင့် ၉ရက်တိတိကို ဒီနိုဝင်ဘာလထဲမှာ ရှင်းနေတာပါ။ ဒီဇင်ဘာလထဲမှာလည်း အလုပ်ထဲက သုံးယောက်တိတိက ရန်ကုန်ပြန်ကြမယ်ဆိုတော့ မတတ်နိုင်။ ဒီလထဲမှာပဲ အကုန်ရှင်းရမယ်။ ဒါနဲ့ပဲ ရေကန်အသင့်၊ ကြာအသင့်ဆိုသလို ခွင့်တော်တော်များများကို သံလွင်အိပ်မက်အတွက် ပေးလိုက်ပါပြီ။ နောက်ပိုင်းကျန်တဲ့ ခွင့်တွေ အတွက်တော့ လမ်းပြကြယ်အတွက် website လေး တစ်ခုလုပ်မလား စဉ်းစားမိပါတယ်။ ဘာရယ်မဟုတ်ဘူး လမ်းပြကြယ် တည်ထောင်တာလည်း နှစ်နှစ်ကျော်ပြီ။ အတည်တကျ website လေး တစ်ခုတော့ ရှိသင့်တယ် ထင်လို့ပါ။ အကောင်းစားကြီးမဟုတ်ပေမယ့် လူတွေကို လိုအပ်တဲ့ Information တွေ ပေးနိုင်မယ့် နေရာလေး တစ်ခုတော့ ဖြစ်အောင် ကြိုးစားသွားမှာပါ။
Labels:
News
Sunday, October 25, 2009
လောကကြီးနဲ့ လွဲခဲ့သူတစ်ယောက်
ကျွန်တော်စာအုပ်တွေ ဖတ်ပြီး မျက်ရည်ကျဖူးတာ မရှိသလောက်ရှားပါတယ်။ အဲဒီမရှိသလောက်ရှားတဲ့စာအုပ်တွေထဲကမှ တစ်အုပ်ကို ပြောပါဆိုရင် နီကိုရဲရဲ့ ကြည်ပြာရောင် နဂ္ဂတစ်များဆိုတဲ့ ၀တ္ထုစာအုပ်လေးပဲဖြစ်ပါလိမ့်မယ်။
ဟ . . . မကြည်ပြာဆိုတဲ့ စာအုပ်က ဟာသ ၀တ္ထုမဟုတ်ဘူးလား။ ဟာသ၀တ္ထုဖတ်ပြီး ရယ်ရလွန်းလို့ ရယ်တာလားလို့ မေးနိုင်ပါတယ်။ မဟုတ်ပါဘူး ကျွန်တော် ဖတ်ပြီး ၀မ်းနည်းလွန်းလို့ပါ . . . ၀တ္ထုထဲက ကိုရဲဝင်းကို သနားသလို ကိုယ့်ကိုယ်ကိုလည်း သနားလို့ပါ။ အဲဒီဝတ္ထုရဲ့ စကားလုံးတွေကို အကုန်လုံးမမှတ်မိတော့ပေမယ့် အကြောင်းအရာကတော့ ကိုရဲဝင်းကို မကြည်ပြာက မချစ်တော့ပဲ နောက်တစ်ယောက်ကို စိတ်ယိမ်းနေတဲ့အတွက် ပြတ်ပြတ်သားသားဆုံးဖြတ်ဖို့လိုလာပါတယ်။ လဖက်ရည်ဆိုင် နှစ်ဆိုင်မှာ ကိုရဲဝင်းနဲ့ သူ့ရဲ့ ပြိုင်ဖက်က တစ်ဆိုင်ဆီမှာ ထိုင်နေကြပါမယ်။ အဲဒါကို မကြည်ပြာက ရွေးလိုက်တဲ့သူရှိတဲ့ ဆိုင်ကို သွားပါလိမ့်မယ်။ အဲဒီလို မကြည်ပြာမဆုံးဖြတ်ခင် ညမှ ကိုရဲဝင်းရင်ထဲက ခံစားချက်တွေကို ဖတ်ပြီး မျက်ရည်ကျရတာပါ။
ကိုရဲဝင်း ရင်ထဲမှာ ဘာတွေရှိလဲဆိုတာ အတိအကျမမှတ်မိပေမယ့် အကြမ်းဖျဉ်းကတော့ “မကြည်ပြာရေ . . . မင်းဘယ်လိုပဲဆုံးဖြတ် ဆုံးဖြတ် ငါကတော့ လက်ခံရမှာပါ။ ဘာပဲ ဖြစ်ဖြစ် ငါ မကြောက်ပါဘူး။ ငါ့ဖက်မှာ ငါ့ကိုချစ်တဲ့သူငယ်ချင်းတွေရှိတယ်။ ဂျပ်ဆင်အိုနဲ့ သစ်ပုပ်ပင်ကြီးရှိတယ်။ ဟောသည် တက္ကသိုလ်ကျောင်းဝင်းကြီးရှိတယ်။ ငါ့ရင်ထဲက အချစ်တွေကို သူတို့အားလုံးခံစားသိရှိကြပါတယ်” ဆိုပြီး တိုင်တည်ပြောတဲ့ စကားလုံးတွေကို ကျွန်တော် အရမ်းခံစားသွားရပါတယ်။ မကြည်ပြာနဲ့ ကိုရဲဝင်းရဲ့ ဇာတ်လမ်းကြောင့်ဆိုတာထက် . . . ကျွန်တော်လည်း ကျွန်တော့်ခံစားချက်နဲ့ပါ။ အဲဒီအချိန်တုန်းက ကျွန်တော်က စင်္ကာပူထွက်ဖြစ်ဖို့ သေချာသလောက်ဖြစ်နေတဲ့အချိန်။ စိတ်ထဲမှာ တွေးမိတာက ကိုရဲဝင်းပြောတဲ့ ဂျပ်ဆင်အိုကြီးနဲ့ ငါမနီးစပ်ခဲ့ဖူးသလို ထာဝရဝေးကွာရတော့မယ်၊ သစ်ပုပ်ပင်အိုကြီးကို မတွေ့ဖူးခင် ခွဲခွာရတော့မယ်။ ငါတို့မြန်မာလူငယ်လေးတွေအားလုံးကို လက်ပြနှုတ်ဆက်နေမယ့် တက္ကသိုလ်ကျောင်းဝင်းကြီးနဲ့ မဆုံဆည်းနိုင်တော့ဘူး။ စသည်ဖြင့် တွေးမိပြီး မျက်ရည်များ ပေါက်ပေါက်ကျခဲ့ရဖူးပါတယ်။
အခုတော့ အဲဒီတက္ကသိုလ်ဝင်းကြီးဟာ အသက်မဲ့နေပြီဖြစ်သလို ကိုရဲဝင်းတဖြစ်လဲ စာရေးဆရာနီကိုရဲတစ်ယောက်ဟာလည်း အောက်တိုဘာ ၂၃ရက် ၂၀၀၉ ညသန်းခေါင်ယံအချိန်မှာ အသက်မဲ့သွားခဲ့ပါပြီ။ ဆရာနီကိုရဲရဲ့ နှလုံးသားထဲ ကြွက်ဝင်နေသည်၊ ရိုက်ကွင်းပေါ်မှ အလွဲများ ၁၊ ၂ တို့ဟာလည်း အလွန်ကောင်းတဲ့ စာအုပ်များဖြစ်ပါတယ်။ ကျွန်တော်တို့ ချစ်ရတဲ့ အနုပညာရှင် တစ်ယောက် သေဆုံးသွားတိုင်း ဒါဟာ အိပ်မက်တစ်ခုဖြစ်ပါစေလို့ ဆုတောင်းခဲ့ပေမယ့် ဘယ်တော့မှ မပြည့်ခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် လူသာသေပေမယ့် နာမည်မသေမယ့် နောက်ထပ်အနုပညာသည်တစ်ဦးအဖြစ် ကျွန်တော့်ရဲ့ရင်ထဲမှာ အမြဲရှိနေမှာပါ။
“ဤသို့ချစ်ရပါသော မကြည်ပြာရယ်” လို့ တခါလောက်တော့ ထပ်ပြောပါဦးတော့လား ကိုရဲဝင်းရယ် . . ။

Tuesday, October 20, 2009
စိတ်လေနေတယ် . . .
ဒီရက်ပိုင်းဘာမှ မလုပ်ချင်မကိုင်ချင်ဘူးဖြစ်နေတယ်။ ဒီလသံလွင်အိပ်မက်အတွက် စာမူတချို့ရေးထားတာရှိတယ်။ ကိုယ်တိုင် ၀ိတ်ချခဲ့တဲ့အကြောင်းလေးကို ၀ိတ်ချချင်ပါတယ်ဆိုတဲ့ လူတွေအတွက် ရေးထားတဲ့ ဆောင်းပါးလေး တစ်ပုဒ်နဲ့ credit card အကြောင်း အက်ဆေးတစ်ပုဒ်ပါ။ ရေးသာရေးလိုက်ရတာ သိပ်တော့အားမရဘူး။ ပြီးတော့ လကုန်ပိုင်းကို လမ်းပြကြယ်ရဲ့ နေရာအသစ်ကို ပြောင်းဖြစ်မယ်။ အားလုံး အဆင်ပြေပြေချောချောမွေ့မွေ့ဖြစ်မှာပါ။ ဘလော့ခ်မရေးဖြစ်ပေမယ့် ဘလော့ခ်နဲ့တော့ မဝေးပါဘူး။ တစ်ခုခုဆိုရင် ဘာရယ်မဟုတ်ဘူး ဘလော့ခ်လေးကို လာလာကြည့်ဖြစ်တယ်။ ရင်ထဲမှာ ရေးချင်တဲ့ စိတ်လည်း တခါတခါတော့ဖြစ်ပါတယ်။ ဒါပေမယ့် ချမရေးဖြစ်တာ။
zinkolatt.net ဆိုတဲ့ domain ၀ယ်ထားတာ နိုဝင်ဘာလထဲမှာ ပြည့်မယ်။ nayphonelatt.net လဲ တူတူပဲ။ သက်တမ်းလဲ ထပ်တိုးချင်စိတ်မရှိတော့လို့ ဒီအလကားရတဲ့ zincolatt.blogspot.com နဲ့ nayphonelatt.blogspot.com ပဲ ထားလိုက်တော့မယ်။ အဟီး ဘလော့ခ်သာ မရေးဖြစ်တာ Facebook ထဲမှာတော့ ဟိုကြည့်ဒီကြည့်နေ့တိုင်းကြည့်ဖြစ်ပါတယ်။ ကွန်ပျူတာဖွင့်လို့ အင်တာနက် သုံးဖြစ်ပြီဆိုတာနဲ့ အီးမေးလ်စစ်ပြီးရင် Facebook ကို ဖွင့်ဖြစ်တော့တာပဲ။ လူတော်တော်များများဆော့ကြတဲ့ Mafia War ရယ် Farmville ရယ် တော့ မဆော့ဖြစ်ပါဘူး။ ပြီးတော့ ကိုယ့်ရဲ့ Facebook ထဲမှာလည်း အဲဒါတွေ တက်နေတာ မကြိုက်လို့ အကုန်လုံး remove လုပ်ပစ်လိုက်တယ်။ အေးရော . . . ။
Facebook အပြင် ဒီရက်ပိုင်း wiki ထဲမှာ ဟိုဟာဖတ်လိုက်။ ဒီဟာဖတ်လိုက်။ လုပ်ဖြစ်တယ်။ သံလွင်အိပ်မက်အတွက် ဆရာချစ်ဦးညိုနဲ့ အင်တာဗျုးထဲက ဆရာဖြေတာလေး တစ်ခုကို သွားသတိရမိတယ်။ ဘာမှ မဖတ်ချင်၊ ဘာမှမရေးချင်ဖြစ်နေတဲ့အချိန်မှာ အဘိဓာန်တွေ စွယ်စုံကျမ်းတွေ ဖတ်ဖြစ်တယ်ဆိုသလိုပေါ့။ ကျွန်တော်လည်း wiki ထဲမှာ အပျင်းပြေလျှောက်ဖတ်နေမိတယ်။ ဖြစ်နိုင်မယ်ဆိုရင် လွန်ခဲ့တဲ့ ဧပြီလလောက်ကို ပြန်သွားချင်တယ်။ ဒါမှမဟုတ် နောက်နှစ် ဧပြီလကို ရောက်သွားချင်တယ်။ ဘာကြောင့်လဲတော့မမေးနဲ့ ကိုယ့်ဝမ်းနာကိုယ်သာသိပဲ။ ဒီရက်ပိုင်း ဆရာတော် ဦးဇောတိကရဲ့ တရားတွေ နာဖြစ်တယ်။ ဆရာတော်ရဲ့ တရားထဲက ဒီစာကြောင်းလေးကိုတော့ လောလောဆယ် သဘောအကျဆုံးပဲ။ “လူ့ဘ၀ဟာစွန့်စားမှုနဲ့ challenge နဲနဲရှိ မှကောင်းတယ်၊ မဟုတ်ရင်ဘ၀ဟာပျင်းစရာကောင်းတယ်”
ဘာတွေရေးမိမှန်းလည်းမသိဘူး။ ဟိုရောက်လိုက် ဒီရောက်လိုက်ပဲ။ ဟုတ်ပါတယ်။ အဲဒါဟာ လောလောဆယ် ဖြစ်ပျက်နေတဲ့ဘ၀တစိတ်တပိုင်းပါ။ ဘာတွေလုပ်မိမှန်းလည်းမသိ။ စိတ်တွေက ဟိုရောက်လိုက် ဒီရောက်လိုက်ပဲ။ စိတ်လေတယ်ဆိုတာ စိတ်တွေက လေတွေလို လွင့်နေတာဆိုရင်တော့ တော်တော်ပေါ့ပါးမှာပဲ။ ဘာပဲဖြစ်ဖြစ် အရင်အပတ်က ချယ်လ်ဆီးနဲ့ လီဗာပူးရှုံးပြီး မန်ယူ ထိပ်ဆုံးရောက်သွားတာကိုတော့ သိပ်ဝမ်းသာမိနေတာ အမှန်ပဲ။

Personal
Sunday, September 27, 2009
Thursday, September 17, 2009
လွယ်လွယ်နှင့် မရ
ဘာမဆို လွယ်လွယ်နှင့် မရ၊ လွယ်လွယ်နှင့်သာရပါက ခက်ခဲဆိုသော ဝေါဟာရရှိ ဖို့မလို။
source : internet
source : internet
Labels:
Quotes
Sunday, July 26, 2009
၅နှစ်သား သံလွင်အိပ်မက်
သံလွင်အိပ်မက် ၅ နှစ်ပြည့်အထူးထုတ် ထွက်ရှိပါပြီ။ ဖတ်ရှုလိုသူများ ဒီနေရာမှာ နှိပ်၍ သွားရောက်ဖတ်ရှုနိုင်ပါတယ်။
Labels:
News
Wednesday, July 22, 2009
Riceball Photography Bookstore
Riceball Photography Bookstore @ Orchard Central
Opening Sales
#B1-16 Orchard Central (opp Center Point)
181 Orchard Road, Singapore 238896
Tel: 68848505
Open daily 12 -7pm
20% off* on Books & DVDs
Sales Period: now - 31 July 2009
(Payment by Cash, VISA, Master Only. No Nets)
*Promotion is only valid at Riceball Orchard Central Branch. Please mention this email to enjoy the offer.
Riceball Funan will continue to open as usual

Sunday, July 5, 2009
TP Myanmar သင်္ကြန် ၀၉ DVD
၂၀၀၉ခုနှစ် မတ်လ ၁၄ရက်နေ့တုန်းက Temasek Poly မှာ ကျင်းပသွားတဲ့ TPmyanmar ရဲ့ သင်္ကြန် DVD အခွေထွက်နေပါပြီ။ ၀ယ်ယူအားပေးလိုသူများအနေဖြင့် ပန်နီဇူလား ပလာဇာ ငါးထပ်ရှိ သုံးရောင်ခြယ်ဆိုင်တွင် ၀ယ်ယူအားပေးနိုင်ကြပါသည်။ DVD နှစ်ချပ်ပါ အခွေတစ်ခွေကို စင်္ကာပူ ၁၅ဒေါ်လာပါ။ အောက်က ဓါတ်ပုံလေးကတော့ Fully dress rehearsal အပြီးမှာ အားလုံးစုပြီး ရိုက်ထားတဲ့ ဓါတ်ပုံလေးပါ။ ဓါတ်ပုံထဲမှာ ပါချင်တဲ့အတွက် ကင်မရာကို Auto Mode မှာ ထားပြီး ၁၀ စက္ကန့်အတွင်း အသည်းအသန်ပြေးလိုက်ရတာ လူလည်း ဖက်ဖက်ကို မောသွားခဲ့တယ်။
Tuesday, June 16, 2009
Temasek Poly သက်သေတည်၍
Temasek Polytechnic ဆိုသော ဆိုင်းဘုတ်ကြီးက ဇင်လတ်ကို နွေးထွေးပျူငှာစွာ ဆီးကြိုလို့နေသည်။ သြော် ကျောင်းပြီးလို့ ဒီပလိုမာရခဲ့တာတောင် ၇နှစ်လောက်ရှိပြီပဲ။ တချိန်တုန်းကတော့ ဒီနေရာတွေမှာ ဇင်လတ်တို့ သူငယ်ချင်းတစ်စု၏ ခြေရာချင်းထပ်ခဲ့ကြသည်။ TP ၏ Plaza ဟုခေါ်သော ကျောင်းအားလုံး၏ အလယ်ဗဟိုတွင် ကျောင်းသားကျောင်းသူများနှင့် အမြဲစည်ကားလို့ နေတတ်သည်။ TP တွင် Engineering School, Design School, Business School နှင့် IT and Applied Sceince School ဟူ၍ ကျောင်းများခွဲထားကာ Plaza ဆိုသည်မှာ ထိုကျောင်းများအားလုံး၏ အလယ်ဗဟိုနေရာကို ပြောခြင်းဖြစ်သည်။ ယခုတော့ ကျောင်းပိတ်ထား၍ ထင်သည်။ ကျောင်းသူကျောင်းသားများစွာမတွေ့ရပဲ ဟိုတစ်ယောက် ဒီတစ်ယောက် လောက်သာ တွေ့ရပြီး ခြောက်ကပ်ကပ်နိုင်လွန်းလှသည်။
Bedok Reservior နှင့် အနီးဆုံး ကန်တင်းဖြစ်သော Mensa ကန်တင်းအပေါ်ထပ်တွင် နေ့လည်စာစားရင်း ကျောင်းအနောက်ဘက် ရေကန်အတွင်းမှ ရေပန်းများကို အကြောင်းမဲ့ ငေးကြည့်နေမိသည်။ မြန်မာကျောင်းသားတွေ TPကို စရောက်တာ ၁၉၉၆ခုနှစ်တွင်ဖြစ်ပြီး ၈ယောက်ခန့်သာ ရှိသည်ဟု သိရ၏။ နောက်တစ်နှစ် ၁၉၉၇တွင်တော့ ဇင်လတ်၏ အကိုကြီးနှင့်အတူ မြန်မာကျောင်းသားကျောင်းသူ ၂၀လောက် ကျောင်းဝင်ခွင့်ရကြသည်။ ၁၉၉၈တွင်တော့ လူ၆၀ကျော် ကျောင်းဝင်ခွင့်ရ၍ ဇင်လတ်တို့ ကျောင်းစတက်ရသော ၁၉၉၉ခုနှစ်တွင်တော့ မြန်မာကျောင်းသား ၁၀၀ခန့် ရှိလာလေသည်။ ထို့အတွက်ကြောင့် ဇင်လတ်တို့ အသုတ်မှာ စတုတ္ထအသုတ်အနေဖြင့် Temasek Poly သို့ ကျောင်းဝင်ခွင့် ရရှိခဲ့ကြလေသည်။ ကျောင်းဝင်းအတွင်းတွင် ဆေးလိပ်သောက်ခွင့် မရှိသောကြောင့် Bedok Reservior ဖက်သို့ လမ်းလျှောက်ရင်း လမ်းဘေးဝဲယာရှိ ပြောင်းလဲသွားသော Reservior ပတ်ဝန်းကျင်ကို သတိပြုလိုက်မိသည်။ ဟိုတချိန်က တောအုပ်သေးသေးလေးလို အုပ်ဆိုင်းဆိုင်း ရှိနေသော သစ်ပင်များပေါ်တွင် ယခုအခါ လင့်စင်များကို တွေ့ရ၍ သစ်ပင်တစ်ပင်မှ တစ်ပင်သို့ ကူးသန်းသွားလာနိုင်ရန် ကြိုးတံတားငယ်များဖြင့်လည်း ချိတ်ဆက်၍ ထားသည်။ Reservior ကန်ဘောင်တွင် ဆေးလိပ်ထိုင်သောက်ရင်း ဟိုတစ်ချိန်က ရေးခဲ့ဖူးသော ကဗျာလေးက ခေါင်းထဲကို ဖြတ်ကနဲ ၀င်ရောက်လာသည်။
“Reservior ကန်ဘောင်ရိုးမှာ
မိုးတိမ်တွေပျိုးပြီ
ငါ . . အရမ်းလွမ်းနေပြီ”
ကန်ရေပြင်ပေါ်မှ လှိုင်းကြက်ခွပ်ကလေးများသည် နေရောင်ကြောင့် လက်ခနဲ လက်ခနဲ ဖြစ်နေသည်။ Bedok Reservior လမ်းပေါ်မှ HDB တိုက်တန်းလျားများကို မေးတင်ပြီး အရှိန်ပြင်းပြင်းတောက်ပနေသော နေရောင်ကြောင့် နေ၀င်ခါနီးပြီလားဟု သိရန် ဇင်လတ်လက်မှ နာရီကို ကြည့်လိုက်မိသည်။ ညနေ ငါးနာရီခွဲ ၁၆၊ ၀၆၊ ၂၀၀၉။ သြော် ဒီနေ့ ဇွန်လ ၁၆ရက်နေ့ကိုး။ အင်း ဘာလိုလိုနဲ့ စင်္ကာပူရောက်တာ ၁၀နှစ်ပြည့်သွားပြီပဲ။ ဇင်လတ်ပါးစပ်မှ မှုတ်ထုတ်လိုက်သော ဆေးလိပ်မီးခိုးငွေ့များနှင့် အတူ စိတ်အစဉ်သည်လည်း လွင့်ပါး၍ ဟိုးအတိတ်ဆီသို့ ပြန်လည် ရောက်ရှိသွားလေသည်။
x x x x x
၁၆.၀၆.၁၉၉၉
“သား . . လေယာဉ်ချိန်နီးပြီ၊ ဘုရားရှိခိုးတော့နော်”
အမေ့ရဲ့ စကားသံချိုချိုကြောင့် အိမ်ရှေ့ရှိဘုရားစင်ရှေ့ထိုင်ပြီး လက်အုပ်ချီလိုက်မိသည်။ ဘုရား . . . အရှင်ဘုရား . . . တပည့်တော်မျိုး အဝေးတနေရာကို ထွက်သွားရပါတော့မယ် အရှင်ဘုရား တပည့်တော်ကို ကူညီစောင့်ရှောက်တော်မူပါ . . .။ ဘုရားရှိခိုးရင်း ၀မ်းနည်းလာသော စိတ်များကို မည်သို့မျှ ထိန်းမရနိုင်။ မနက်ဖြန်မှ စပြီး ဤဘုရားစင်ရှေ့တွင် ထိုင်ခွင့်မရှိတော့၊ ဤဘုရားစင်ကို ရှိခိုးခွင့်မရှိတော့။ ဇင်လတ်နှင့် တူတူဘုရားထိုင် ရှိခိုးနေသော အမေနှင့် အဘွားကို တွေ့ခွင့်မရှိတော့။ အလွန်ဆုံး နောက် လေးလနေ၍ ကျောင်းများပိတ်သော အချိန်မှသာ ပြန်လာခွင့်ရှိမည်။ ဘုရားကို ရှိခိုးရင်း ထိန်းမရအောင် စီးကျလာသော မျက်ရည်များကြောင့် ၀ုန်းကနဲ ထရပ်လိုက်ပြီး အိမ်ခန်းထဲသို့ ၀င်ကာ ရှိုက်ကြီးတငင် ငိုကျွေးမိလေသည်။ ငါ့သားလေး ဘာဖြစ်သွားပါလိမ့်ဟူသော စိတ်ဖြင့် အမေက နောက်မှ တောက်လျှောက်လိုက်လာပြီး ချော့သည်။
“သား . . . မငိုနဲ့နော်၊ ကျောင်းတွေ ပိတ်တာနဲ့ ချက်ချင်းပြန်လာရမှာလေ”
“ဟုတ်ကဲ့၊ သား . . ကျောင်းပိတ်တာနဲ့ ချက်ချင်းပြန်လာခွင့်ပြုပါနော်။ လေယာဉ်လက်မှတ်ဖိုးလည်း ကိုကြီးကို လွဲပေးလိုက်ပါနော်”
မျက်ရည်များကို သုတ်ပြီး တ၀က်တပျက်ရှိခိုးခဲ့သော ဘုရားကို ပြန်ရှိခိုး၊ အဘိုး၊ အဘွားနှင့် အဖေ၊ အမေတို့ကို ကန်တော့ကာ လေဆိပ်ဆင်းလာခဲ့သည်။ လေဆိပ်သို့ သွားရာ လမ်းတစ်လျှောက်တွင်လည်း တွေ့သမျှမြင်သမျှ အရာတိုင်းကို မက်မက်မောမော လိုက်လံကြည့်ရှုနေမိသည်။ ဦးဝိဇာရလမ်းတောက်လျှောက်ရှိ တမာပင်တွေက ဇင်လတ်ကို လက်ပြနှုတ်ဆက်နေသယောင် ဦးဝိဇာရကျောက်တိုင်မှလည်း လိမ်လိမ်မာမာနေဖို့ မှာနေသယောင်၊ ရွှေတိဂုံဘုရားကြီးကလည်း ဘုရားတရားမမေ့ဖို့ သတိပေးနေသယောင်၊ တက္ကသိုလ်ဝန်းတွင်းမှ အဆောက်အအုံများကလည်း သူ့ရင်ခွင်ကို မ၀င်ရောက်လာနိုင်တဲ့ ကလေးတစ်ယောက်ကို နှမြောနေသယောင်နဲ့ပေါ့။ လေဆိပ်ရောက်တော့ ကိုငယ်နဲ့ ဆန်နီတို့က ရောက်နှင့်နေကြပြီ။ လေယာဉ်ထွက်ခါနီး အဖေအမေတို့ကို လက်ပြနှုတ်ဆက်တော့ အမေ့မျက်လုံးထဲတွင် မျက်ရည်များဝဲနေပေမယ့် ငါ့သားလေး နိုင်ငံခြားက ပညာတွေကို သင်ယူရတော့မယ်ဆိုတဲ့ ၀မ်းသာပြုံး၊ အကြီးမြတ်ဆုံးအမွေဖြစ်တဲ့ ပညာအမွေတွေ ပေးနိုင်မယ့် မိဘတစ်ယောက်ရဲ့ ကျေနပ်ပြုံးတွေနဲ့ နှုတ်ဆက်လက်ပြလို့နေသည်။
ရန်ကုန်မှ ပုဂံသို့ တစ်ခေါက်သာ ပြည်တွင်း လေကြောင်းလိုင်းဖြင့် ခရီးသွားဖူးသဖြင့် ယခုအကြိမ်မှာ ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်သလို စင်္ကာပူနိုင်ငံလေကြောင်းလိုင်းတစ်ခု ဖြစ်သော Silkairကို ပထမဆုံး စီးနှင်းဖူးခြင်းလည်း ဖြစ်လေသည်။ ဇင်လတ်တစ်ယောက် အောက်တွင် ဝေး၍ ဝေး၍ ကျန်ရစ်ခဲ့သော ရန်ကုန်မြို့ကြီးကို တိမ်များ ဖုံးအုပ်သွားသည်အထိလိုက်လံ ကြည့်ရှုနေမိသည်။ တကယ်ဆို ငါတို့ မြန်မာနိုင်ငံဟာ သယံဇာတ ပေါကြွယ်ဝတဲ့နိုင်ငံဖြစ်တယ်။ မြေကြီးက ရွှေသီးသလို မြေလှန်လျှင် ရေနံထွက်သော နိုင်ငံဖြစ်တယ်။ ထိုသို့သော ချမ်းသာကြွယ်ဝရမည့် နိုင်ငံတစ်ခု၏ ပညာရေးသည် အဘယ်ကြောင့် ဆိုးရွားနေရသနည်း။ အဘယ်ကြောင့် ကိုယ့်နိုင်ငံတွင် ပညာသင်ခွင့်မရှိပဲ သူတစ်ပါးနိုင်ငံတွင် ပညာသွားသင်ရပါသနည်း။ ဖြစ်နိုင်လျှင် ကိုယ့်အိုးကိုယ့်အိမ်ကို မခွဲမခွာပဲ မိဘအရိပ်အောက်တွင်သာ ပညာများကို သင်ကြားလိုလှပါသည်။ အခုလောလောဆယ် ဒီပလိုမာတစ်ခုကို ၃နှစ်တက်ရမည်။ အဲသည်နောက် စင်္ကာပူနိုင်ငံတွင် ၃နှစ်ပြန်၍ အလုပ်လုပ်ပေးရမည်။ အလုပ်လုပ်ရင်း ပိုက်ဆံစုလို့ အရင်းအနှီးရှာကာ မြန်မာနိုင်ငံသို့ ပြန်မည်။ နောင်၆နှစ်ဆိုလျှင် မြန်မာနိုင်ငံသည်လည်း ယခုအခြေအနေထက်အများကြီးကောင်းနေလောက်ပြီ။ နိုင်ငံခြားက ပညာတွေကို တက်မြောက်အောင် သင်ယူပြီး မိမိနိုင်ငံကြီး တိုးတက်ဖို့အတွက် နောက်လာနောက်သားတွေ အတွက် သည်ခရီးကို ထွက်ခဲ့ခြင်းဖြစ်သည်လို့ စိတ်ကို တင်း၍ အနာဂါတ်ခရီးကို မျှော်လင့်ချက်ကြီးစွာဖြင့် လျှောက်လှမ်းရန် အသင့်ပြင်နေမိပါတော့သည်။

အမိမြန်မာနိုင်ငံမှ ထွက်ခွာခဲ့ခြင်း ၁၀နှစ်ပြည့် အမှတ်တရ
Wednesday, April 1, 2009
Thursday, January 29, 2009
နေဘုန်းလတ်ကို ပြောပေးပါ
မင်း နေကောင်းတယ်နော်။ အစားအသောက်ရော အဆင်ပြေရဲ့လား။ ကဗျာတွေ၊ စာတွေရော စိတ်ထဲမှာပဲ ရေးနေသလား။ အစရှိသဖြင့်ပေါ့ကွာ မင်းကို ပြောချင်နေတဲ့စကားတွေ အများကြီးပဲ။ ဘာလိုလိုနဲ့ မင်းကို ဖမ်းဆီးသွားတာ ဒီနေ့ဆို တစ်နှစ်တိတိပြည့်သွားပြီ သူငယ်ချင်း။ မင်းအကြောင်းပြောဖို့ အဆင်မပြေတော့ မင်းအထဲမှာ ရောက်နေတဲ့ အချိန် အပြင်မှာ ဘာတွေဖြစ်သွားသလဲ ဆိုတာ မင်းသိအောင် မင်း လွတ်လာတဲ့အချိန်မှာ သိရအောင် ငါပြောပြချင်တယ်။
ဒီရက်ပိုင်းအတွင်း ကမ္ဘာပေါ်မှာ ခေတ်စားနေတဲ့ အကြောင်းတွေကတော့ အများကြီးပေါ့ကွာ။ ငါတို့ပြောနေကျ စကားကြီး စကားကျယ်တွေနဲ့ ပြောရမယ်ဆိုရင်တော့ အရာရာတိုင်းပြောင်းလဲနေတဲ့ ဒီလောကကြီးမှာ ပြောင်းလဲဖို့လိုနေတဲ့ အရာတချို့ကတော့ မပြောင်းလဲသေးဘူးကွာ။ အမေရိကန်သမ္မတအသစ် ပြောင်းတဲ့ သတင်း၊ ယိုးဒယားမှာ ဆန္ဒပြကြလို့ သုဝဏ္ဏဘူမိလေဆိပ်ကြီးပါ ပိတ်လိုက်ရတယ်ဆိုတဲ့သတင်း၊ အိန္ဒိယမှာ ဗုံးပေါက်တဲ့သတင်း၊ ငါတို့စင်္ကာပူက Flyer ကြီး တ၀က်တပျက်မှာ ရပ်သွားတဲ့သတင်း အို . . .အစုံပါပဲကွာ။
အဲဒီအထဲမှာ အမေရိကန်သမ္မတအသစ်ရဲ့ သတင်းကတော့ အကျော်ကြားဆုံးပေါ့ကွာ။ အမေရိကန်ရဲ့ သမိုင်းမှာ ပထမဆုံး လူမည်းဖြစ်တဲ့ အိုဘားမားအကြောင်းတွေဟာ ဘယ်နေရာကြည့်ကြည့်ပဲ။ ငါတို့မြန်မာတွေလည်း အမေရိကန်သမ္မတအပြောင်းအလဲမှာ ဘာများဖြစ်ကြမလဲဆိုတဲ့ မျော်လင့်ချက်အပြည့်နဲ့ပေါ့။ တချို့ဆို နာမည်ကိုက အိုဘားမား(အို . . Burma)လို့ အမည်တွင်လို့ မြန်မာနိုင်ငံအတွက် အပြောင်းအလဲတစ်ခုကို ကူညီနိုင်မယ့် လူလို့ထင်တဲ့သူလည်း ရှိရဲ့။ အပြောင်းအလဲဆိုလို့ သူသမ္မတဖြစ်လာတာလည်း အဲဒီ `အပြောင်းအလဲ´ ဆိုတဲ့ စကားလုံးရယ်၊ `ငါတို့ လုပ်နိုင်ပါတယ်´ဆိုတဲ့ စကားလုံးတွေနဲ့ ဖြစ်လာတာလေ။ အင်း အဲဒီစကားလုံးနှစ်လုံးက သူတို့ အမေရိကန်နိုင်ငံသားတွေအတွက်သာမကပဲ ငါတို့မြန်မာတွေ အတွက်ပါ အရမ်းကို အရေးကြီးနေတဲ့စကားလုံးတွေလို့ ပြောရင် မှားမယ်မထင်ဘူး။
ပြီးတော့ မင်းကို ဘလော့ခ်ဆုတွေအကြောင်းလည်း ပြောပြချင်သေးတယ်။ မြန်မာနိုင်ငံမှာ မြန်မာလူငယ်တွေကြားမှာ ဘလော့ခ်ဆိုတာကြီးကို Blog Seminarနဲ့ တစ်နည်း သတင်းတွေ၊ မီဒီယာတွေနဲ့ တစ်ဖုံ ရဲရဲတင်းတင်းချပြခဲ့တဲ့ မင်းသိသင့်တယ်ထင်လို့ ပြောတာပါ။ ဟိုတစ်လောက မြန်မာဘလော့ခ်ဆုပေးပွဲကြီးကို အောင်မြင်စွာ ကျင်းပသွားခဲ့တယ်။ မြန်မာဘလော်ဂါပရက်စ်နဲ့ မြန်မာသတင်းသမဂ္ဂတို့က ပူးပေါင်းပြီးစီစဉ်တယ်ဆိုပဲ။ မင်းအပြင်မှာရှိနေတယ်ဆိုရင် ကိုယ်တိုင်ကိုယ်ကျ ငါတို့အတူတကွဦးဆောင်ပါဝင်နိုင်မလား၊ ဘေးကနေ လက်ခုပ်လက်ဝါးတီးပြီးအားပေးမလား မသေချာပေမယ့် အခုလောလောဆယ်တော့ မင်းဘလော့ခ်ဟာ သူတို့သက်မှတ်ထားတဲ့အရည်အချင်းတွေနဲ့ မကိုက်ညီတဲ့အတွက် မဲပေးလို့ရတဲ့စာရင်းထဲမှာတောင် ပါမလာခဲ့ပါဘူး။ မြန်မာဘလော့ခ်လောကအတွက် မှတ်တိုင်တစ်ခုစိုက်ထူခဲ့တဲ့ မင်းလိုဘလော့ခ်ကာတစ်ယောက်အတွက် ရခဲ့တဲ့ဆုက အနှစ်နှစ်ဆယ်နဲ့ ခြောက်လတဲ့လား သူငယ်ချင်းရာ။
ဒါနဲ့ ငါတို့ရဲ့ သံလွင်အိပ်မက်မဂ္ဂဇင်း အတွဲ၃ အမှတ်၁လည်း ထွက်ပြီကွ။ မင်းအပြင်မှာမရှိပေမယ့် ငါတို့အင်နဲ့ အားနဲ့ ငါတို့တတ်နိုင်သလောက်အကောင်းဆုံး တင်ဆက်ခဲ့ကြတယ်။ ဒီတစ်ခေါက်မဂ္ဂဇင်းမှာ အပြင်အဆင်ပိုင်းနဲ့ ဒီဇိုင်းပိုင်းကို တတ်နိုင်သမျှကောင်းအောင် ကြိုးစားထားသလို စာပေရသပိုင်းလည်း အားမနည်းရအောင် တင်ဆက်ထားတာသိရင် မင်းဝမ်းသာမှာပါ။ ဘယ်လောက်ကောင်းအောင်လုပ်လုပ် အားနည်းချက်လေးတွေ၊ အမှားလေးတွေကတော့ ထုံးစံအတိုင်း ဟိုတစ်ခု၊ ဒီတစ်ခုပေါ့ကွာ။ ဘာပဲဖြစ်ဖြစ်ငါတို့ကတော့ အခုတွေ့တဲ့အမှားဟာ နောက်တစ်စောင်အတွက် အမှန်တွေဖြစ်စေရမယ်လို့ ခံယူထားတယ်။ ငါတို့ ယုံကြည်ချက်တွေ၊ မျှော်လင့်ချက်တွေနဲ့ ချယ်မှုန်းထားတဲ့ သံလွင်အိပ်မက် မဂ္ဂဇင်းလေးရဲ့ ၁၅ခုမြောက်မှတ်တိုင်ကနေ မင်းနဲ့ အတူတူ ငြင်းရင်း၊ ခုန်ရင်း ဆွေးနွေးကြရင်း ထွက်လာမယ့် မဂ္ဂဇင်းအထိ ကြားထဲမှာ တတ်နိုင်သမျှ ငါတို့ ကြိုးစားပြီးတင်ဆက်သွားမယ်။ တော်သင့်ပြီ သူငယ်ချင်း။ တခြားတော့ ဘာမှ ထွေထွေထူးထူး မှာစရာမရှိပါဘူး။ မင်း ကျန်းမာရေးကိုသာ ဂရုစိုက်ပါကွာ။

Monday, January 26, 2009
သံလွင်အိပ်မက် သုံးဒဿမတစ်
သံလွင်အိပ်မက် အတွဲ ၃ အမှတ် ၁ကို ယနေ့ ၂၆ရက် ဇန်န၀ါရီလ ၂၀၀၉ခုနှစ်မှာ ထုတ်ဝေလိုက်ပါပြီ။ ဒီတစ်ခေါက်သံလွင်အိပ်မက်က ပညာရေးကို အသားပေးထားတာဖြစ်ပြီး ထုံးစံအတိုင်း အခြား ဖတ်စရာတွေကို စုံစုံလင်လင်နဲ့ တင်ဆက်ထားပါတယ်။
ဒီတစ်ခေါက် ကျွန်တော့်ရဲ့ ၀တ္ထုတို တစ်ပုဒ်နဲ့ အက်ဆေးတစ်ပုဒ်ပါတယ်။ ၀တ္ထုတိုက စင်္ကာပူနိုင်ငံပျက်သုန်းခြင်း အကြောင်းကို တွေးကြည့်ပြီး ရေးထားတာပါ။ တကယ်တော့ ဘယ်တော့မှ ဖြစ်မလာနိုင်ပါဘူး။ အက်ဆေးကတော့ လက်ဖက်ရည်ဆိုင်ထိုင်တဲ့အကြောင်းကို ရေးမိပါတယ်။ ရေးတဲ့လူလည်း ပေါ့ပေါ့ပါးပါး၊ ဖတ်တဲ့သူလည်း ပေါ့ပေါ့ပါးပါးပေါ့။ ဒီတစ်ခေါက်မှာ အကြိုက်ဆုံးကတော့ ဆရာ၊ ဆရာမတွေနဲ့ အင်တာဗျူးနဲ့ ကျောင်းသားတွေဆီက ကောက်ခံရရှိခဲ့တဲ့ ဆာဗေးပဲ ဖြစ်ပါတယ်။ ဖတ်ချင်တယ်ဆိုရင်တော့ . . . ဒီမှာ သွားဖတ်နိုင်ပါတယ်။

Thursday, January 15, 2009
Tuesday, January 6, 2009
မထင်မှတ်ထားတဲ့ Genting Trip
စင်္ကာပူမှာ အနေကြာလာတော့ ဒီကျွန်းသေးသေးလေးကနေ တခြားနိုင်ငံတွေကို အမြဲ သွားဖို့ ကြိုးစားနေမိတယ်။ အနည်းဆုံးတစ်နှစ်တစ်ခေါက် မြန်မာပြည်ပြန်တာဖြစ်ဖြစ်၊ နီးနီးနားနား Johor Bahruလောက်ဖြစ်ဖြစ်ပေါ့။ မှတ်မိသလောက်ပြန်ကြည့်ရရင် ၂၀၀၂ကျောင်းပြီးကတည်းက နှစ်တိုင်းလောက်နီးပါး တခြားနိုင်ငံတွေကိုသွားဖြစ်တယ်။ နှစ်တိုင်းမြန်မာပြည်ကို ပြန်ဖြစ်ပေမယ့် ရန်ကုန်မှာပဲနေပြီး တစ်ခါတစ်လေမှ ခရီးထွက်ဖြစ်တယ်။
၂၀၀၃ - Bangkok (Thailand)
၂၀၀၄ - Johor Bahru (Malaysia), Bagan (Myanmar)
၂၀၀၅ - Johor Bahru, Malacca (Malaysia)
၂၀၀၆ - US. KL, Genting (Malaysia)
၂၀၀၇ - Dhaka (Bangladesh), Yangon Thingyan (Myanmar)
၂၀၀၈ - Bangkok, Ayutthaya (Thailand). Nargis Trip (Myanmar). Malacca (Malaysia)
တစ်နှစ်တစ်နှစ် စင်္ကာပူကနေပြီး တခြားနိုင်ငံတစ်ခုကို ခရီးမထွက်ဖြစ်ဘူးဆိုရင် လူက နေမထိထိုင်မသာနဲ့ မရိုးမရွဖြစ်ဖြစ်လာတယ်။ ဒါကြောင့် နှစ်ကုန်ခါနီးတိုင်း ဒီနှစ်အတွက် မြန်မာနိုင်ငံအပြင်တခြားဘယ်နိုင်ငံမှ မသွားရသေးရင် Woodlands Interchangeကနေပြီး ၉၅၀စီးလို့ Johor Bahruကို ခဏဖြစ်ဖြစ်သွားလည်လိုက်ရမှ စိတ်ကျေနပ်တယ်။ ဒီနှစ် ၂၀၀၉အတွက်တော့ မရိုးမရွဖြစ်စရာမလိုတော့ပါဘူး။ ဘာလို့လဲဆိုတော့ ၂၀၀၉ခုနှစ် ဇန်န၀ါရီလ ၂ရက်နေ့ကတည်းက မလေးရှားနိုင်ငံ Gentingကိုသွားလည်လိုက်လို့ပါပဲ။ သူငယ်ချင်းစုံတွဲက သွားလည်ရအောင်ဆိုပြီး ခေါ်နေတာ လေးငါးခါလောက်ရှိနေပါပြီ။ အဲဒီကို အလုပ်ရှိလို့၊ သွားစရာရှိလို့၊ မင်းတို့စုံတွဲကြားမှာ ကန့်လန့်ကန့်လန့်နဲ့ ရှုပ်နေမယ်၊ နောက်တစ်ယောက်ပါရင် လိုက်မယ်ဆိုပြီး လှည့်ပတ်ပြီးရှောင်နေတာ နောက်ဆုံးတော့ တခြားသူငယ်ချင်းတစ်ယောက်ကလည်း လိုက်မယ်ဆိုတာနဲ့ ငြင်းမရတော့ပါ။
အရင်အခေါက်တွေတုန်းက ဘတ်စ်ကားကြီးတွေနဲ့ သွားတာ။ ဒီတစ်ခေါက်တော့ သူငယ်ချင်းက ကားပါတော့ အတွေ့အကြုံအသစ်တွေ ရတယ်။ သူတလှည့်ကိုယ့်တလှည့်မောင်းပြီး သွားလိုက်တာ Gentingကို မနက်၁၀လောက် ရောက်သွားတယ်။ သွားမယ်မသွားဘူးဆိုတာကို ည၁၀လောက်ကမှ သေချာပြီး သွားတာဆိုတော့ ဘယ်ဟိုတယ်မှလည်း Bookingမလုပ်ထားမိဘူး။ ဟိုတယ်ခန်းတွေက အားလုံးပြည့်နေတာနဲ့ ဟိုတယ်အပြင်မှာ ယောင်လည်လည်လုပ်နေတုန်း ဟိုတယ်လိုချင်လားလို့ လာမေးတဲ့ အဖိုးကြီးတွေဆီက အခန်းကို ငှားလိုက်ပါတယ်။ တစ်ခန်းကို မလေးရှားပိုက်ဆံ ၃၈၀နဲ့ပါ။ ပုံမှန်ဆိုရင် အဲဒီအခန်းက ၂၀၀လောက်ပဲ တန်တာပါ။ မတတ်နိုင်၊ ဒီအချိန်မှ ဈေးကြီးသလေး ဘာလေးဆိုရင် ကားထဲမှာပဲ အိပ်ရမယ့် သဘောမှာ ရှိတယ်။ ခဏတဖြုတ်နားပြီး သရဲအိမ်ထဲ ၀င်ကြည့်ဖြစ်တယ်။ သရဲအိမ်ဆိုတာထက် သရဲအခန်းဆိုရင် ပိုမှန်မယ်။ မှောင်မှဲပြီးဘာမှ မမြင်ရတော့ ကြောက်ဖို့တော့ ကောင်းပါတယ်။ ဒါပေမယ့် လာလာပြီးခြောက်တဲ့သရဲတွေက လူတွေဆိုတာသိနေတော့ သိပ်တော့ မကြောက်လှပါဘူး။ ၀ူးဝူးဝါးဝါးနဲ့ တချက်တချက်ထအော်တာက လွဲလို့ပေါ့။ ဘာပဲဖြစ်ဖြစ်တစ်ယောက်ကို ရင်းဂစ် ၂၅စီ ဆုံးသွားတယ်လို့တော့ သဘောထားလိုက်တယ်။ နောက်ပြီး သူငယ်ချင်းစုံတွဲက နှင်းအိမ်(အအေးခန်း)ထဲကို ၀င်ကြည့်ကြပါတယ်။ နှင်းတွေ ကျနေသလိုလုပ်ထားတယ်၊ ပြီးတော့ ဓါတ်ပုံရိုက်ပေးတယ်။ အနွေးထည်အထူကြီးတွေ ၀တ်ပြီးမှဝင်တာတောင် တော်တော်အေးတယ်လို့တော့ သူတို့ကပြောတယ်။ ကျွန်တော်နဲ့ နောက်တစ်ကောင်ကတော့ Snow Cityလို အဲဒီအိမ်ထဲကို ၀င်ကြည့်ဖို့ သိပ်စိတ်မ၀င်စားတော့ ၀ါဿနာပါရာ Casinoခန်းတွေထဲ ၀င်ကြည့်ကြပါတယ်။ ဘာဆော့ရင် ကောင်းမလဲပေါ့။ နောက်ဆုံးတော့ အံစာတုံးခေါက်ဖြစ်ကြပြီး ကျွန်တော်က ငါးဆယ်ရှုံးလို့ ဒီကောင်ကတော့ ၁၂၀တောင် နိုင်ပါတယ်။ အဲဒါနဲ့ပဲ သူက အားလုံးကို ဘီယာလိုက်တိုက်တယ်။
အပြန်လမ်းကြတော့ ကားကို ၁၅၀ကီလိုမီတာလောက်နဲ့ မောင်းလိုက်၊ အရှိန်က မြန်သွားပြီး ၁၈၀လောက်ထိရောက်သွားလိုက်၊ ပြန်လျော့လိုက်နဲ့ စင်္ကာပူကို ၃ရက်နေ့ ည၁၀နာရီလောက်မှာ ပြန်ရောက်ပါတယ်။ ဒီတစ်ခေါက် Gentingမှာ တော်တော်အေးပါတယ်။ ဟိုအရင်တစ်ခါက အနွေးထည်မပါပဲ နေနိုင်ပေမယ့် ဒီတစ်ခါတော့ အနွေးထည်မပါတဲ့ ကျွန်တော် သူငယ်ချင်းရဲ့ အနွေးထည်အပိုကို ငှားဝတ်ပြီးတဲ့အချိန်မှာတောင် ခိုက်ခိုက်တုန်နေတုန်း။ ပတ်ဝန်းကျင်တစ်ခုလုံးလည်း မြူတွေနဲ့ အုပ်ဆိုင်းလို့။ ဒီခရီးမှာ တစ်ခုဆိုးတာက ဖုန်းကင်မရာကလွဲလို့ ဘယ်သူမှ ကင်မရာမပါလာဘူး။ ဟိုလူယူလာနိုး၊ ဒီလူယူလာနိုးနဲ့ နောက်ဆုံး ဘယ်သူ့ဆီမှာမှ ကင်မရာမပါတဲ့ ခရီးတစ်ခုကို ပထမဆုံးအကြိမ်သွားဖြစ်ခဲ့ကြောင်း မှတ်တမ်းတင်အပ်ပါတယ်။
၂၀၀၉ - Genting (Malaysia). _ _ _ _ _ _ _ _ . _ _ _ _ _ _ _ _ _ _

Subscribe to:
Posts (Atom)