Thursday, September 29, 2011

စင်္ကာပူ မြန်မာပွဲတွေရဲ့အစ (သို့) ပေါ်လီသင်္ကြန်

ကျွန်တော် Temasek Poly မှာ ကျောင်းစမတက်ခင်ကတည်းက ပေါ်လီသင်္ကြန်ဆိုတာကို ရင်းရင်းနှီးနှီးသိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ရန်ကုန်မှာ SIP(Industrial attachment) ပြန်ဆင်းတဲ့ အကိုဟာ ပြန်ရောက်ကတည်းက စင်္ကာပူမှာ ပေါ်လီလေးကျောင်းပေါင်းပြီး သင်္ကြန်လုပ်မယ်ဆိုတဲ့အကြောင်း၊ အကတွေ သံချပ်တွေ တီးဝိုင်းတွေ ဝေေ၀ဆာဆာနဲ့ တင်ဆက်မယ်ဆိုတဲ့အကြောင်းတွေ စီကာပတ်ကုံးလို့ ပြောပြပါတယ်။ အဲဒီသင်္ကြန်ပွဲအကြောင်းတွေနဲ့ တူတူ ပေါ်လီလေးကျောင်းပေါင်းပြီး ဖွဲ့ထားတဲ့ အဖွဲ့အကြောင်းကိုလည်း ပြောပြပါသေးတယ်။ အဲဒီအဖွဲ့နာမည်က MIS (Myanmar International Students) တဲ့။ ကျွန်တော်ကလည်း ၁၀တန်းအောင်ခါစ ကွန်ပျူတာသင်တန်းလေးတက်လိုက်၊ အင်္ဂလိပ်စာသင်တန်းလေးတက်လိုက်နဲ့ စင်္ကာပူဆိုတာကို တရုတ်တွေရှိတယ်၊ ငါးခြင်္သေ့သတ္တ၀ါရုပ်ထုရှိတယ်၊ ကျွန်တော့်အကိုကျောင်းသွားတက်နေတယ် ဆိုတာထက်ပိုပြီး မသိခဲ့ပါဘူး။ စင်္ကာပူမှာ ပေါ်လီသင်္ကြန်လုပ်ပြီး ရက်အနည်းငယ်ကြာတဲ့အခါမှာ ကျောင်းသား၊ ကျောင်းသူအချို့မြန်မာပြည်ကို အလည်ပြန်လာပြီး ကျွန်တော့်အကို ဆီကို သင်္ကြန်ခွေ ယူလာပေးပါတယ်။ အဲဒီသင်္ကြန်ခွေလေးကတော့ . . . ပေါ်လီသင်္ကြန် ၁၉၉၉ အဲဒီသင်္ကြန်ပွဲကို TP, NYP, NP, SP (ထိုအချိန်က RP မဖွင့်သေး) စတဲ့ ပေါ်လီ၎ကျောင်းပေါင်းပြီး Temasek Polytechnic ရဲ့ Auditorium 1 မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို စတင်လိုက်တယ်ဆိုရင်ပဲ TPရဲ့ မသင်းလဲ့ဝင်းနဲ့ ကိုထိန်လင်းကျော်တို့ဟာ အဲဒီသင်္ကြန်ပွဲရဲ့ အခမ်းအနားမှူးတွေ အဖြစ်ဆောင်ရွက်မှာ ဖြစ်တယ်ဆိုတဲ့အကြောင်း stage စင်ပေါ်ကနေ ကြေငြာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ထိုအချိန်က TP ရဲ့ ကျောင်းအုပ်ကြီးဖြစ်တဲ့ Dr N. Varaprasad က မိန့်ခွန်းပြောကြားခဲ့ပါတယ်။ စကားစပ်ပြီးတခါတည်း အဲဒီကျောင်းအုပ်ကြီး အကြောင်းပြောပြချင်ပါတယ်။
ကျွန်တော်တို့ရဲ့ စီနီယာများရဲ့ စကားအရ အဲဒီကျောင်းအုပ်ကြီးဟာ ရန်ကုန် မင်္ဂလာတောင်ညွန့် ဘီလူးမဈေးအနီးမှာ ရှိတဲ့ ဘင်္ဂါလီစုဆိုတဲ့ ရပ်ကွက်လေးမှာ မွေးဖွားခဲ့တာလို့ သူကိုယ်တိုင်ပြောကြောင်း မှတ်သိရပါတယ်။ ကျွန်တော်တို့ ကျောင်းစတက်တော့ သူ Principle အဖြစ်လုပ်ကိုင်လျှက်ရှိပြီး ကျွန်တော်တို့ Second year အပြီး၂၀၀၁ခုနှစ် လောက်မှာ National Library Singapore ကို ပြောင်းသွားပါတယ်။ နောက်ပိုင်း National Library ရဲ့ CEO နေရာကနေ အခုဆိုရင် NUS ရဲ့ deputy president အနေနဲ့ လုပ်ကိုင်လျှက်ရှိပါတယ်။ ဒါက ကြုံတုန်း ကျောင်းအုပ်ကြီး အကြောင်းပြောပြတာပါ။ သူပြောသွားတဲ့ Speech ထဲမှာ ဒီပွဲပြီးလို့ ရေကစားကြတဲ့အခါ Triangular garden ပေးက Koi Pond မှာ ရှိတဲ့ ရောင်စုံငါးကြင်းလေးတွေကို မထိပါနဲ့ ဆိုပြီး ပြောသွားတာလေး မှတ်မိနေပါသေးတယ်။ အဲဒီနောက် ပထမဆုံးအစီအစဉ်အနေနဲ့ မြန်မာပွဲတို့ရဲ့ ထုံးစံအတိုင်း မြနန္ဒာ(မန်းတောင်ရိပ်ခို) သီချင်းနဲ့ TP, NYP, NP စတဲ့ ကျောင်း ၃ကျောင်းက လှပျိုဖြူလေးတွေ ရဲ့ ကကွက်လေးတွေကို ရှုစားရပါတယ်။ TP က လူဖြစ်လို့ တခြားကျောင်းက လူတွေကို မသိတာတော့ သိပ်မဆန်းပါ။ အဲဒါကြောင့် ကျွန်တော်သိတဲ့လူတွေရဲ့ နာမည်တွေ ရွတ်ပါဦးမယ်။ အဲဒီ မန်းတောင်ရိပ်ခိုနဲ့ က TP ကျောင်းကို ကိုယ်စားပြုပြီး ကသွားသူတွေကတော့ မမေသန္တာ၊ မချိုမာ၊ မနေနွယ်၊ မခိုင်ချောစုနဲ့ မမိုး တို့ပဲ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဦးရွှေရိုးနဲ့ ဒေါ်မိုးအကပါ။ အဲဒီအကကိုတော့ ဦးရွှေရိုးအဖြစ် SPမှ ကိုဇေယျာက ကပြီး ဒေါ်မိုးအဖြစ် TPက ကိုမျိုးထွန်းက ကပြဖျော်ဖြေခဲ့ပါတယ်။ အဲဒါလာတော့ ကျွန်တော့်အကိုက အဲဒါမျိုးထွန်းဆိုတာတဲ့။ သူအဲလိုကတာ ဘယ်သူမှ မသိဘူး။ တချို့လူတွေပဲ သိတယ်ဆိုပြီး ပြောပြနေပါသေးတယ်။ ဦးရွှေရိုးဒေါ်မိုးကတော့ ထုံးစံအတိုင်း ပရိသတ်အကြိုက်အစီအစဉ်ပါ။ လက်ခုတ်သံတွေ သောသောညံတဲ့ အစီအစဉ်ပါပဲ။ ကိုဇေယျာက အရပ်ပုပြတ်ပြတ် ကိုမျိုးထွန်းက ပိန်ရှည်ရှည်နဲ့ တကယ့်ကို ဦးရွှေရိုး ဒေါ်မိုး အဖြစ် လိုက်ဖက်လှပါတယ်။ အဲဒီနောက်မှာတော့ NP က ကောင်မလေး ၄ယောက်က ဟော့တော့ဆိုတဲ့ သင်္ကြန်သီချင်းလေးနဲ့ ဖျော်ဖြေခဲ့ပြီး နောက်အစီအစဉ်တစ်ခုအနေနဲ့ မြူမှောင်ဝေကင်းသီချင်းနဲ့ ဆီမီးခွက်အကကို TPမှ မနေနွယ်၊ မစံ၊ မမေသန္တာနဲ့ မမိုးတို့က တင်ဆက်ခဲ့ပါတယ်။ ပြီးတော့ သင်္ကြန်ရဲ့ အငွေ့အသက်နဲ့အတူ သံချပ်အစီအစဉ်ကို SP နဲ့ NP တို့မှ ပူးပေါင်းတင်ဆက်ခဲ့ပါတယ်။ SP က မိန်းကလေး အင်အားနည်းတာကြောင့် သင်္ကြန်ယိမ်းတစ်ခုမှ မထွက်နိုင်ပဲ သင်္ကြန်မှာသာ ပါဝင်ဖျော်ဖြေခဲ့ရတယ်လို့ ကျွန်တော့်အကိုက ပြောပြပါတယ်။ အဲဒီအချိန်က ပထမဆုံးလုပ်တဲ့ပွဲလည်း ဖြစ်၊ အတွေ့အကြုံတွေလည်း မရှိသေးလို့ ထင်ပါရဲ့ အိုးစည်မပါ၊ ဒိုးပတ်မပါပဲ အသားလွတ် သံချပ်စာသားတွေကို ရွတ်ခဲ့ကြတာကို မြင်ယောင်နေပါသေးတယ်။ အဲဒီအစီအစဉ်ရဲ့ နောက်မှာတော့ TP ရဲ့ Costume show ကို မကြော့၊ Ivy၊ မခိုင်ချောစု၊ မစံ၊ မမိုး၊ Vel၊ သုဝဏ်၊ ကိုသက်၊ ကိုအုပ်စိုး၊ ကိုမျိုးထွန်း၊ Johnathan၊ Andy၊ ကိုကျော်ထွန်းနဲ့ ကိုအိဘုတ်တို့က တင်ဆက်သွားခဲ့ပါတယ်။ ပထမပိုင်း နောက်ဆုံးအစီအစဉ်အနေနဲ့တော့ NYP မှ မိန်းမပျိုလေးများမှ ချမ်းတုန်ချမ်းသီချင်းနဲ့ ကပြဖျော်ဖြေခဲ့ကြပါတယ်။ ဒုတိယပိုင်းအစီအစဉ်မှာတော့ အခမ်းအနားမှူးနှစ်ယောက်အသစ်ပြောင်းခဲ့ပါတယ်။ မိန်းကလေးကတော့ ကျွန်တော်တို့ TP မှ Grace ပါ။ သင်္ကြန်ပွဲဖြစ်တဲ့အတွက် ပန်းမျိုးတရာသီချင်း သင်္ကြန်ယိမ်းနဲ့ပဲ ပြန်စပါတယ်။ အဲဒါပြီးတဲ့နောက် NPမှ တင်ဆက်တဲ့ ပြဇာတ်အစီအစဉ်ဖြစ်ပါတယ်။ ပြဇာတ်အတိုချုံးကတော့ စင်္ကာပူမှာ ပေါ်လီတက်ပြီး ပြန်လာခဲ့တဲ့ ကျောင်းသားလေးတွေ ရန်ကုန်လေဆိပ်မှာ ပြဿနာဖြစ်တဲ့အကြောင်းလေးတွေကို ဟာသနှောပြီး တင်ဆက်ခဲ့ပါတယ်။ ပြဇာတ်ပြီးတဲ့အခါ ကံစမ်းမဲအစီအစဉ်ကို တင်ဆက်ပြီး တူးပို့ တူးပို့ သီချင်းနဲ့ TPမှ မခိုင်ချောစု၊ Ivy၊ မမေသန္တာ၊ မချိုမာ၊ မနေနွယ်၊ မကြော့၊ မယု၊ Vel နဲ့ မမိုးတို့က လှပစွာ တင်ဆက်ဖျော်ဖြေခဲ့ပါတယ်။ နောက်ဆုံးအစီအစဉ်အနေနဲ့ ကတော့ Stage show ပါ၊ သီဆိုဖျော်ဖြေသွားတဲ့ သီချင်းတွေကတော့ အချစ်သေနတ်၊ ငပျင်း၊ တစ်မိနစ်နောက်ကျ(ကိုကျော်သက်)၊ အနှိုင်းမဲ့၊ ပြီးတော့ အင်္ဂလိပ်သီချင်းတစ်ပုပ်ကို TPမှ အဆိုတော်ဆွေဟိန်း၊ ကိုအိဘုတ်နဲ့ Andy တို့က တင်ဆက်ဖျော်ဖြေသွားခဲ့ပါတယ်။ နောက်ဆုံးအဆုံးသတ်အနေနဲ့ မကေ ရဲ့ Hero ဆိုတဲ့ သီချင်းနဲ့ ဖျော်ဖြေခဲ့ပါတယ်။ မကေသီချင်းဆိုတာ ကောင်းတဲ့အတွက် စင်ရှေ့မှာလာပြီး ဦးကျွတ်အလေးပြုတဲ့သူတွေကိုပါ တွေ့ခဲ့ရပါတယ်။ (မကေဆိုတာ ကျွန်တော်နဲ့ batch တစ်ခုတည်း တူတူတက်ခဲ့တဲ့ ဂစ်တာတီးကောင်းတဲ့ ကိုအော်တိုရဲ့ အမဖြစ်သူပါ။ အခုတော့ အဲဒီအဆိုကောင်းတဲ့ မကေကြီးတစ်ယောက်လည်း တမလွန်ကို ကူးပြောင်းခဲ့ပါပြီ၊ RIP Ma K ၊ ဤကားစကားချပ်)
ပထမဆုံးပေါ်လီ ၄ကြောင်းပေါင်း လုပ်တာက တစ်ကြောင်း၊ အခက်အခဲတွေအများကြီးကြားထဲကနေ လုပ်ရတာက တစ်ကြောင်းဖြစ်လို့ လိုအပ်ချက်လေးတွေရှိတယ်ဆိုပေမယ့် ခုချိန်ထိ နောက်ထပ်တစ်ခေါက်မလုပ်နိုင်သေးတဲ့ ပေါ်လီပေါင်းစုံ သင်္ကြန်ပွဲတစ်ခုအနေနဲ့ မှတ်တမ်းတင်အပ်ပါတယ်။ အဲဒီသင်္ကြန်ပွဲ ဖြစ်မြောက်ခဲ့ပြီးနောက် နှစ်စဉ်နှစ်တိုင်းလောက်နီးပါး သင်္ကြန်ပွဲတွေကို ကပြဖျော်ဖြေခဲ့ရာကနေ အခုဆိုရင် စင်္ကာပူမှာ IC show၊ အငြိမ့်၊ Hip Hop Show၊ မြန်မာသံစဉ်ဖျော်ဖြေမှု၊ စာပေဟောပြောပွဲစသည်ဖြင့် ၁၂ရာသီမြန်မာပွဲတွေနဲ့ မြန်မာနိုင်ငံအလားစည်ကားသိုက်မြိုက်နေပါပြီ။ အဲဒါကြောင့် ဒီပွဲတွေရဲ့ ပထမဆုံးပွဲဖြစ်တဲ့ ဒီသင်္ကြန်ပွဲကို မှတ်တမ်းတင်ချင်တဲ့ အတွက် ဒီစာလေးကို ရေးဖြစ်ခဲ့ပါတယ်။ ဒီပွဲဖြစ်မြောက်ရေးအတွက် အဓိက လုပ်ဆောင်သွားသူတွေ ဖြစ်တဲ့ TP မှ ကျွန်တော့်အစ်ကို ကိုသီဟ၊ ကိုမျိုးထွန်း၊ ကိုအေးအောင်သက်၊ ကိုဗညားနိုင်၊ ကိုHarry ၊ NYP မှ မဂွမ်းပုံ၊ NP မှ မမို့မို့စံ၊ SP မှ ကိုကျော်သက် တို့ကိုလည်း ဒီစာလေးနဲ့ အတူ မှတ်တမ်းတင်ရင်း နိဂုံးချုပ်လိုက်ပါတယ်။ အထက်ပါအကြောင်းအရာများဟာ ဘယ်သူ့ကိုမျှ ထိခိုက်စေလိုတဲ့ သဘောနဲ့ ရေးထားတာ မဟုတ်တဲ့အတွက် နာမည်အရင်းတွေကိုပဲ အသုံးပြုထားပါတယ်။ အဲဒီအတွက် တစုံတယောက်ကို ထိခိုက်မှု ရှိခဲ့တယ်ဆိုရင် ကျွန်တော့်တာဝန်ပဲ ဖြစ်ပြီး ပြန်လည် ပြင်ဆင်ပေးဖို့ အဆင်သင့်ဖြစ်နေကြောင်းလည်း အသိပေးပါတယ်။ ပြီးတော့ အထက်ပါအချက်တွေထဲမှာ အမှားတွေ ပါခဲ့တယ်ဆိုရင်လည်း နားလည်ခွင့်လွှတ်ပြီး အမှန်ပြင်ပေးဖို့ တောင်းဆိုပါတယ်။ နောက်ဆုံးအနေနဲ့ TPmyanmar ရဲ့ လျှောက်ခဲ့တဲ့လမ်းတွေကို မှတ်မိသလောက် မှတ်တမ်းတင်ချင်တဲ့အတွက် ရေးသားတာ ဖြစ်လို့ ဒီပွဲမှာ ပါဝင်ကပြခဲ့ကြသူတွေရဲ့ ခံစားချက်တွေကို မျှဝေပေးဖို့ တောင်းဆိုလိုက်ပါတယ်။

Monday, May 17, 2010

ဝင်္ကပါ


အရှေ့ကိုလျှောက်ရင်း
အနောက်ကို ရောက်ရောက်နေမယ်ဆိုရင်
အဲဒီခြေထောက်တွေကို သစ္စာဖောက်လို့ စွပ်စွဲလိုက်ပါ . . .

ငါ့ ရာဇ၀င်ကျဲကျဲမှာ မီးခဲတွေ ရဲခဲ့ဖူးတယ်
ငါ့ သမိုင်းခပ်ရိုင်းရိုင်းမှာ အရိုးတွေ ပြိုင်းပြိုင်းထခဲ့တယ်
ဒါပေမယ့် ကြေငြာချက် တစ်စောင်ထုတ်ချင်တယ်
ငါ့ နေ့စွဲမှောင်မည်းမည်းမှာ လတစ်ခြမ်းကွဲလေးရှိနေသေးတယ်လို့ . . .

ဒီအမ်အေကို ခွဲကြည့် အနုပညာတွေအပြည့်ရှိတယ်
မနေ့ညက ဦးနှောက်မုန်တိုင်းရှိတယ်
အဆုံးလားအစလားမသိတဲ့ ကြိုးစတစ်စရှိတယ်

ပြီးတော့ . . ရှုပ်ထွေးပွေလီလှတဲ့ ၀င်္ကပါတစ်ခုရှိတယ်
မကြောက်တတ်ဘူးဆိုရင်တော့
အခုပဲ အဲဒီ ၀င်္ကပါမှာ ၀င်ကပါလို့ ပြောချင်စိတ်ရှိတယ် . . . ။

ပြီးတော့လည်း ပြီးတာပါပဲလို့ မပြောနဲ့
အဲဒီမှာ မပြီးသေးတဲ့ ပန်းချီကားတွေ အများကြီးရှိသေးတယ် . . . ။

ဇင်ကိုလတ်

သရုပ်ဖော်ပုံကို မပန်ဒိုရာ၏ ကဗျာမှတဆင့် ဤနေရာတွင် လျှောက်ခြစ်သည်။

Friday, November 20, 2009

မွေးနေ့ကဗျာ . .

ကျွန်တော့်ဘ၀မှာ ကျွန်တော့်အတွက်ဆိုပြီး ရေးထားတဲ့ ကဗျာကို ပထမဆုံး ရရှိဖူးခြင်းပါ။ အဲဒီကဗျာလေးကို မွေးနေ့တိုင်း ပြန်ဖတ်ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီနေ့လည်း အဲဒီကဗျာလေးကို . . . .

ကျွန်တော်ခုန်ချချင်တဲ့ မြစ်

အန္တရာယ်ရှိသည် မ၀င်ရတဲ့
ကျွန်တော်ကလည်း
စွန့်စားရတာ ၀ါသနာပါတယ်…
အဲဒီ ဇင်ကိုလတ်ဆိုသူရဲ့အိမ်ကိုရောက်တော့
မာရေကျောရေအမှန်တရားနဲ့ ဧည့်ခံတယ်
သူ့စကားလုံးတွေက ပြတ်သားသလို
သူ့အတွင်းစိတ်ကလည်း ရိုးရှင်းတယ်
သူတို့ရဲ့သံလွင်အိပ်မက်တွေက
ကျွန်တော့်ဆီကူးစက်ခဲ့ပေါ့
ကျွန်တော်တို့အတူ အလင်းဖြူနေ့တွေကို
စောင့်မျှော်ရင်း…
အနုပညာတွေ ဝေမျှ၊ အတွေ့အကြုံတွေ ကူးလူး
လမ်းချင်းတူလို့ လူချင်းတွေ့ခဲ့ရတယ်
ကဗျာဆရာဖြစ်ပြီး…ခင်ဗျား ၀,နေတယ်လို့
ကျွန်တော်ပြောရင်… သူ တဟားဟားနဲ့ အော်ရယ်နေလိမ့်မယ်
ကျွန်တော်ခုန်ချချင်တဲ့မြစ်ကတော့
၂၈ နှစ်ခရီးကို စီးဆင်းပြီးပြီ…
နောင်နှစ်ပေါင်းများစွာပေါ့
ဟိုလိုလူတစ်ယောက်ရဲ့
အနုပညာကို တခုတ်တရခံစားရဦးမယ်

မိုးလှိုင်ည

(ကဗျာလက်ဆောင်ပေးတဲ့ မိုးလှိုင်ညကို အမြဲ ကျေးဇူးတင်နေပါတယ်။)

Monday, November 16, 2009

သံလွင်အိပ်မက်၊ ခွင့်နဲ့ လမ်းပြကြယ်



သံလွင်အိပ်မက် အတွဲ ၃၊ အမှတ် ၄ကို အောင်မြင်စွာ ထုတ်လွှင့်နိုင်ခဲ့ပါပြီ။ ၀တ္ထုနဲ့ ဆောင်းပါးက အားကောင်းပြီး အက်ဆေးကတော့ အားနည်းနေဆဲပါ။ ဘာရယ် မဟုတ်ဘူး အလုပ်ကနေ ခွင့်ယူထားတာ ၇ရက်နေ့ကတည်းက စပြီး ၁၇ရက်နေ့ ထိ၊ ပြီးရင် ၁၈ နိုဝင်ဘာနဲ့ ၂၁ နိုဝင်ဘာနှစ်ရက်ပဲ အလုပ်လုပ်ပြီး ၂၉ရက်အထိ နားပါဦးမယ်။ မန်နေဂျာက ခွင့်တွေကို နောက်နှစ်ထဲ ၇ရက်ပဲ ပေးသယ်မယ် မင်းဆီမှာ ခွင့်အားလုံးပေါင်း ၁၆ရက်ကျန်သေးတယ်ဆိုတာနဲ့ ခွင့် ၉ရက်တိတိကို ဒီနိုဝင်ဘာလထဲမှာ ရှင်းနေတာပါ။ ဒီဇင်ဘာလထဲမှာလည်း အလုပ်ထဲက သုံးယောက်တိတိက ရန်ကုန်ပြန်ကြမယ်ဆိုတော့ မတတ်နိုင်။ ဒီလထဲမှာပဲ အကုန်ရှင်းရမယ်။ ဒါနဲ့ပဲ ရေကန်အသင့်၊ ကြာအသင့်ဆိုသလို ခွင့်တော်တော်များများကို သံလွင်အိပ်မက်အတွက် ပေးလိုက်ပါပြီ။ နောက်ပိုင်းကျန်တဲ့ ခွင့်တွေ အတွက်တော့ လမ်းပြကြယ်အတွက် website လေး တစ်ခုလုပ်မလား စဉ်းစားမိပါတယ်။ ဘာရယ်မဟုတ်ဘူး လမ်းပြကြယ် တည်ထောင်တာလည်း နှစ်နှစ်ကျော်ပြီ။ အတည်တကျ website လေး တစ်ခုတော့ ရှိသင့်တယ် ထင်လို့ပါ။ အကောင်းစားကြီးမဟုတ်ပေမယ့် လူတွေကို လိုအပ်တဲ့ Information တွေ ပေးနိုင်မယ့် နေရာလေး တစ်ခုတော့ ဖြစ်အောင် ကြိုးစားသွားမှာပါ။

Sunday, October 25, 2009

လောကကြီးနဲ့ လွဲခဲ့သူတစ်ယောက်

ကျွန်တော်စာအုပ်တွေ ဖတ်ပြီး မျက်ရည်ကျဖူးတာ မရှိသလောက်ရှားပါတယ်။ အဲဒီမရှိသလောက်ရှားတဲ့စာအုပ်တွေထဲကမှ တစ်အုပ်ကို ပြောပါဆိုရင် နီကိုရဲရဲ့ ကြည်ပြာရောင် နဂ္ဂတစ်များဆိုတဲ့ ၀တ္ထုစာအုပ်လေးပဲဖြစ်ပါလိမ့်မယ်။

ဟ . . . မကြည်ပြာဆိုတဲ့ စာအုပ်က ဟာသ ၀တ္ထုမဟုတ်ဘူးလား။ ဟာသ၀တ္ထုဖတ်ပြီး ရယ်ရလွန်းလို့ ရယ်တာလားလို့ မေးနိုင်ပါတယ်။ မဟုတ်ပါဘူး ကျွန်တော် ဖတ်ပြီး ၀မ်းနည်းလွန်းလို့ပါ . . . ၀တ္ထုထဲက ကိုရဲဝင်းကို သနားသလို ကိုယ့်ကိုယ်ကိုလည်း သနားလို့ပါ။ အဲဒီဝတ္ထုရဲ့ စကားလုံးတွေကို အကုန်လုံးမမှတ်မိတော့ပေမယ့် အကြောင်းအရာကတော့ ကိုရဲဝင်းကို မကြည်ပြာက မချစ်တော့ပဲ နောက်တစ်ယောက်ကို စိတ်ယိမ်းနေတဲ့အတွက် ပြတ်ပြတ်သားသားဆုံးဖြတ်ဖို့လိုလာပါတယ်။ လဖက်ရည်ဆိုင် နှစ်ဆိုင်မှာ ကိုရဲဝင်းနဲ့ သူ့ရဲ့ ပြိုင်ဖက်က တစ်ဆိုင်ဆီမှာ ထိုင်နေကြပါမယ်။ အဲဒါကို မကြည်ပြာက ရွေးလိုက်တဲ့သူရှိတဲ့ ဆိုင်ကို သွားပါလိမ့်မယ်။ အဲဒီလို မကြည်ပြာမဆုံးဖြတ်ခင် ညမှ ကိုရဲဝင်းရင်ထဲက ခံစားချက်တွေကို ဖတ်ပြီး မျက်ရည်ကျရတာပါ။

ကိုရဲဝင်း ရင်ထဲမှာ ဘာတွေရှိလဲဆိုတာ အတိအကျမမှတ်မိပေမယ့် အကြမ်းဖျဉ်းကတော့ “မကြည်ပြာရေ . . . မင်းဘယ်လိုပဲဆုံးဖြတ် ဆုံးဖြတ် ငါကတော့ လက်ခံရမှာပါ။ ဘာပဲ ဖြစ်ဖြစ် ငါ မကြောက်ပါဘူး။ ငါ့ဖက်မှာ ငါ့ကိုချစ်တဲ့သူငယ်ချင်းတွေရှိတယ်။ ဂျပ်ဆင်အိုနဲ့ သစ်ပုပ်ပင်ကြီးရှိတယ်။ ဟောသည် တက္ကသိုလ်ကျောင်းဝင်းကြီးရှိတယ်။ ငါ့ရင်ထဲက အချစ်တွေကို သူတို့အားလုံးခံစားသိရှိကြပါတယ်” ဆိုပြီး တိုင်တည်ပြောတဲ့ စကားလုံးတွေကို ကျွန်တော် အရမ်းခံစားသွားရပါတယ်။ မကြည်ပြာနဲ့ ကိုရဲဝင်းရဲ့ ဇာတ်လမ်းကြောင့်ဆိုတာထက် . . . ကျွန်တော်လည်း ကျွန်တော့်ခံစားချက်နဲ့ပါ။ အဲဒီအချိန်တုန်းက ကျွန်တော်က စင်္ကာပူထွက်ဖြစ်ဖို့ သေချာသလောက်ဖြစ်နေတဲ့အချိန်။ စိတ်ထဲမှာ တွေးမိတာက ကိုရဲဝင်းပြောတဲ့ ဂျပ်ဆင်အိုကြီးနဲ့ ငါမနီးစပ်ခဲ့ဖူးသလို ထာဝရဝေးကွာရတော့မယ်၊ သစ်ပုပ်ပင်အိုကြီးကို မတွေ့ဖူးခင် ခွဲခွာရတော့မယ်။ ငါတို့မြန်မာလူငယ်လေးတွေအားလုံးကို လက်ပြနှုတ်ဆက်နေမယ့် တက္ကသိုလ်ကျောင်းဝင်းကြီးနဲ့ မဆုံဆည်းနိုင်တော့ဘူး။ စသည်ဖြင့် တွေးမိပြီး မျက်ရည်များ ပေါက်ပေါက်ကျခဲ့ရဖူးပါတယ်။

အခုတော့ အဲဒီတက္ကသိုလ်ဝင်းကြီးဟာ အသက်မဲ့နေပြီဖြစ်သလို ကိုရဲဝင်းတဖြစ်လဲ စာရေးဆရာနီကိုရဲတစ်ယောက်ဟာလည်း အောက်တိုဘာ ၂၃ရက် ၂၀၀၉ ညသန်းခေါင်ယံအချိန်မှာ အသက်မဲ့သွားခဲ့ပါပြီ။ ဆရာနီကိုရဲရဲ့ နှလုံးသားထဲ ကြွက်ဝင်နေသည်၊ ရိုက်ကွင်းပေါ်မှ အလွဲများ ၁၊ ၂ တို့ဟာလည်း အလွန်ကောင်းတဲ့ စာအုပ်များဖြစ်ပါတယ်။ ကျွန်တော်တို့ ချစ်ရတဲ့ အနုပညာရှင် တစ်ယောက် သေဆုံးသွားတိုင်း ဒါဟာ အိပ်မက်တစ်ခုဖြစ်ပါစေလို့ ဆုတောင်းခဲ့ပေမယ့် ဘယ်တော့မှ မပြည့်ခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် လူသာသေပေမယ့် နာမည်မသေမယ့် နောက်ထပ်အနုပညာသည်တစ်ဦးအဖြစ် ကျွန်တော့်ရဲ့ရင်ထဲမှာ အမြဲရှိနေမှာပါ။

“ဤသို့ချစ်ရပါသော မကြည်ပြာရယ်” လို့ တခါလောက်တော့ ထပ်ပြောပါဦးတော့လား ကိုရဲဝင်းရယ် . . ။