Monday, May 17, 2010

ဝင်္ကပါ


အရှေ့ကိုလျှောက်ရင်း
အနောက်ကို ရောက်ရောက်နေမယ်ဆိုရင်
အဲဒီခြေထောက်တွေကို သစ္စာဖောက်လို့ စွပ်စွဲလိုက်ပါ . . .

ငါ့ ရာဇ၀င်ကျဲကျဲမှာ မီးခဲတွေ ရဲခဲ့ဖူးတယ်
ငါ့ သမိုင်းခပ်ရိုင်းရိုင်းမှာ အရိုးတွေ ပြိုင်းပြိုင်းထခဲ့တယ်
ဒါပေမယ့် ကြေငြာချက် တစ်စောင်ထုတ်ချင်တယ်
ငါ့ နေ့စွဲမှောင်မည်းမည်းမှာ လတစ်ခြမ်းကွဲလေးရှိနေသေးတယ်လို့ . . .

ဒီအမ်အေကို ခွဲကြည့် အနုပညာတွေအပြည့်ရှိတယ်
မနေ့ညက ဦးနှောက်မုန်တိုင်းရှိတယ်
အဆုံးလားအစလားမသိတဲ့ ကြိုးစတစ်စရှိတယ်

ပြီးတော့ . . ရှုပ်ထွေးပွေလီလှတဲ့ ၀င်္ကပါတစ်ခုရှိတယ်
မကြောက်တတ်ဘူးဆိုရင်တော့
အခုပဲ အဲဒီ ၀င်္ကပါမှာ ၀င်ကပါလို့ ပြောချင်စိတ်ရှိတယ် . . . ။

ပြီးတော့လည်း ပြီးတာပါပဲလို့ မပြောနဲ့
အဲဒီမှာ မပြီးသေးတဲ့ ပန်းချီကားတွေ အများကြီးရှိသေးတယ် . . . ။

ဇင်ကိုလတ်

သရုပ်ဖော်ပုံကို မပန်ဒိုရာ၏ ကဗျာမှတဆင့် ဤနေရာတွင် လျှောက်ခြစ်သည်။

Friday, November 20, 2009

မွေးနေ့ကဗျာ . .

ကျွန်တော့်ဘ၀မှာ ကျွန်တော့်အတွက်ဆိုပြီး ရေးထားတဲ့ ကဗျာကို ပထမဆုံး ရရှိဖူးခြင်းပါ။ အဲဒီကဗျာလေးကို မွေးနေ့တိုင်း ပြန်ဖတ်ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီနေ့လည်း အဲဒီကဗျာလေးကို . . . .

ကျွန်တော်ခုန်ချချင်တဲ့ မြစ်

အန္တရာယ်ရှိသည် မ၀င်ရတဲ့
ကျွန်တော်ကလည်း
စွန့်စားရတာ ၀ါသနာပါတယ်…
အဲဒီ ဇင်ကိုလတ်ဆိုသူရဲ့အိမ်ကိုရောက်တော့
မာရေကျောရေအမှန်တရားနဲ့ ဧည့်ခံတယ်
သူ့စကားလုံးတွေက ပြတ်သားသလို
သူ့အတွင်းစိတ်ကလည်း ရိုးရှင်းတယ်
သူတို့ရဲ့သံလွင်အိပ်မက်တွေက
ကျွန်တော့်ဆီကူးစက်ခဲ့ပေါ့
ကျွန်တော်တို့အတူ အလင်းဖြူနေ့တွေကို
စောင့်မျှော်ရင်း…
အနုပညာတွေ ဝေမျှ၊ အတွေ့အကြုံတွေ ကူးလူး
လမ်းချင်းတူလို့ လူချင်းတွေ့ခဲ့ရတယ်
ကဗျာဆရာဖြစ်ပြီး…ခင်ဗျား ၀,နေတယ်လို့
ကျွန်တော်ပြောရင်… သူ တဟားဟားနဲ့ အော်ရယ်နေလိမ့်မယ်
ကျွန်တော်ခုန်ချချင်တဲ့မြစ်ကတော့
၂၈ နှစ်ခရီးကို စီးဆင်းပြီးပြီ…
နောင်နှစ်ပေါင်းများစွာပေါ့
ဟိုလိုလူတစ်ယောက်ရဲ့
အနုပညာကို တခုတ်တရခံစားရဦးမယ်

မိုးလှိုင်ည

(ကဗျာလက်ဆောင်ပေးတဲ့ မိုးလှိုင်ညကို အမြဲ ကျေးဇူးတင်နေပါတယ်။)

Monday, November 16, 2009

သံလွင်အိပ်မက်၊ ခွင့်နဲ့ လမ်းပြကြယ်



သံလွင်အိပ်မက် အတွဲ ၃၊ အမှတ် ၄ကို အောင်မြင်စွာ ထုတ်လွှင့်နိုင်ခဲ့ပါပြီ။ ၀တ္ထုနဲ့ ဆောင်းပါးက အားကောင်းပြီး အက်ဆေးကတော့ အားနည်းနေဆဲပါ။ ဘာရယ် မဟုတ်ဘူး အလုပ်ကနေ ခွင့်ယူထားတာ ၇ရက်နေ့ကတည်းက စပြီး ၁၇ရက်နေ့ ထိ၊ ပြီးရင် ၁၈ နိုဝင်ဘာနဲ့ ၂၁ နိုဝင်ဘာနှစ်ရက်ပဲ အလုပ်လုပ်ပြီး ၂၉ရက်အထိ နားပါဦးမယ်။ မန်နေဂျာက ခွင့်တွေကို နောက်နှစ်ထဲ ၇ရက်ပဲ ပေးသယ်မယ် မင်းဆီမှာ ခွင့်အားလုံးပေါင်း ၁၆ရက်ကျန်သေးတယ်ဆိုတာနဲ့ ခွင့် ၉ရက်တိတိကို ဒီနိုဝင်ဘာလထဲမှာ ရှင်းနေတာပါ။ ဒီဇင်ဘာလထဲမှာလည်း အလုပ်ထဲက သုံးယောက်တိတိက ရန်ကုန်ပြန်ကြမယ်ဆိုတော့ မတတ်နိုင်။ ဒီလထဲမှာပဲ အကုန်ရှင်းရမယ်။ ဒါနဲ့ပဲ ရေကန်အသင့်၊ ကြာအသင့်ဆိုသလို ခွင့်တော်တော်များများကို သံလွင်အိပ်မက်အတွက် ပေးလိုက်ပါပြီ။ နောက်ပိုင်းကျန်တဲ့ ခွင့်တွေ အတွက်တော့ လမ်းပြကြယ်အတွက် website လေး တစ်ခုလုပ်မလား စဉ်းစားမိပါတယ်။ ဘာရယ်မဟုတ်ဘူး လမ်းပြကြယ် တည်ထောင်တာလည်း နှစ်နှစ်ကျော်ပြီ။ အတည်တကျ website လေး တစ်ခုတော့ ရှိသင့်တယ် ထင်လို့ပါ။ အကောင်းစားကြီးမဟုတ်ပေမယ့် လူတွေကို လိုအပ်တဲ့ Information တွေ ပေးနိုင်မယ့် နေရာလေး တစ်ခုတော့ ဖြစ်အောင် ကြိုးစားသွားမှာပါ။

Sunday, October 25, 2009

လောကကြီးနဲ့ လွဲခဲ့သူတစ်ယောက်

ကျွန်တော်စာအုပ်တွေ ဖတ်ပြီး မျက်ရည်ကျဖူးတာ မရှိသလောက်ရှားပါတယ်။ အဲဒီမရှိသလောက်ရှားတဲ့စာအုပ်တွေထဲကမှ တစ်အုပ်ကို ပြောပါဆိုရင် နီကိုရဲရဲ့ ကြည်ပြာရောင် နဂ္ဂတစ်များဆိုတဲ့ ၀တ္ထုစာအုပ်လေးပဲဖြစ်ပါလိမ့်မယ်။

ဟ . . . မကြည်ပြာဆိုတဲ့ စာအုပ်က ဟာသ ၀တ္ထုမဟုတ်ဘူးလား။ ဟာသ၀တ္ထုဖတ်ပြီး ရယ်ရလွန်းလို့ ရယ်တာလားလို့ မေးနိုင်ပါတယ်။ မဟုတ်ပါဘူး ကျွန်တော် ဖတ်ပြီး ၀မ်းနည်းလွန်းလို့ပါ . . . ၀တ္ထုထဲက ကိုရဲဝင်းကို သနားသလို ကိုယ့်ကိုယ်ကိုလည်း သနားလို့ပါ။ အဲဒီဝတ္ထုရဲ့ စကားလုံးတွေကို အကုန်လုံးမမှတ်မိတော့ပေမယ့် အကြောင်းအရာကတော့ ကိုရဲဝင်းကို မကြည်ပြာက မချစ်တော့ပဲ နောက်တစ်ယောက်ကို စိတ်ယိမ်းနေတဲ့အတွက် ပြတ်ပြတ်သားသားဆုံးဖြတ်ဖို့လိုလာပါတယ်။ လဖက်ရည်ဆိုင် နှစ်ဆိုင်မှာ ကိုရဲဝင်းနဲ့ သူ့ရဲ့ ပြိုင်ဖက်က တစ်ဆိုင်ဆီမှာ ထိုင်နေကြပါမယ်။ အဲဒါကို မကြည်ပြာက ရွေးလိုက်တဲ့သူရှိတဲ့ ဆိုင်ကို သွားပါလိမ့်မယ်။ အဲဒီလို မကြည်ပြာမဆုံးဖြတ်ခင် ညမှ ကိုရဲဝင်းရင်ထဲက ခံစားချက်တွေကို ဖတ်ပြီး မျက်ရည်ကျရတာပါ။

ကိုရဲဝင်း ရင်ထဲမှာ ဘာတွေရှိလဲဆိုတာ အတိအကျမမှတ်မိပေမယ့် အကြမ်းဖျဉ်းကတော့ “မကြည်ပြာရေ . . . မင်းဘယ်လိုပဲဆုံးဖြတ် ဆုံးဖြတ် ငါကတော့ လက်ခံရမှာပါ။ ဘာပဲ ဖြစ်ဖြစ် ငါ မကြောက်ပါဘူး။ ငါ့ဖက်မှာ ငါ့ကိုချစ်တဲ့သူငယ်ချင်းတွေရှိတယ်။ ဂျပ်ဆင်အိုနဲ့ သစ်ပုပ်ပင်ကြီးရှိတယ်။ ဟောသည် တက္ကသိုလ်ကျောင်းဝင်းကြီးရှိတယ်။ ငါ့ရင်ထဲက အချစ်တွေကို သူတို့အားလုံးခံစားသိရှိကြပါတယ်” ဆိုပြီး တိုင်တည်ပြောတဲ့ စကားလုံးတွေကို ကျွန်တော် အရမ်းခံစားသွားရပါတယ်။ မကြည်ပြာနဲ့ ကိုရဲဝင်းရဲ့ ဇာတ်လမ်းကြောင့်ဆိုတာထက် . . . ကျွန်တော်လည်း ကျွန်တော့်ခံစားချက်နဲ့ပါ။ အဲဒီအချိန်တုန်းက ကျွန်တော်က စင်္ကာပူထွက်ဖြစ်ဖို့ သေချာသလောက်ဖြစ်နေတဲ့အချိန်။ စိတ်ထဲမှာ တွေးမိတာက ကိုရဲဝင်းပြောတဲ့ ဂျပ်ဆင်အိုကြီးနဲ့ ငါမနီးစပ်ခဲ့ဖူးသလို ထာဝရဝေးကွာရတော့မယ်၊ သစ်ပုပ်ပင်အိုကြီးကို မတွေ့ဖူးခင် ခွဲခွာရတော့မယ်။ ငါတို့မြန်မာလူငယ်လေးတွေအားလုံးကို လက်ပြနှုတ်ဆက်နေမယ့် တက္ကသိုလ်ကျောင်းဝင်းကြီးနဲ့ မဆုံဆည်းနိုင်တော့ဘူး။ စသည်ဖြင့် တွေးမိပြီး မျက်ရည်များ ပေါက်ပေါက်ကျခဲ့ရဖူးပါတယ်။

အခုတော့ အဲဒီတက္ကသိုလ်ဝင်းကြီးဟာ အသက်မဲ့နေပြီဖြစ်သလို ကိုရဲဝင်းတဖြစ်လဲ စာရေးဆရာနီကိုရဲတစ်ယောက်ဟာလည်း အောက်တိုဘာ ၂၃ရက် ၂၀၀၉ ညသန်းခေါင်ယံအချိန်မှာ အသက်မဲ့သွားခဲ့ပါပြီ။ ဆရာနီကိုရဲရဲ့ နှလုံးသားထဲ ကြွက်ဝင်နေသည်၊ ရိုက်ကွင်းပေါ်မှ အလွဲများ ၁၊ ၂ တို့ဟာလည်း အလွန်ကောင်းတဲ့ စာအုပ်များဖြစ်ပါတယ်။ ကျွန်တော်တို့ ချစ်ရတဲ့ အနုပညာရှင် တစ်ယောက် သေဆုံးသွားတိုင်း ဒါဟာ အိပ်မက်တစ်ခုဖြစ်ပါစေလို့ ဆုတောင်းခဲ့ပေမယ့် ဘယ်တော့မှ မပြည့်ခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် လူသာသေပေမယ့် နာမည်မသေမယ့် နောက်ထပ်အနုပညာသည်တစ်ဦးအဖြစ် ကျွန်တော့်ရဲ့ရင်ထဲမှာ အမြဲရှိနေမှာပါ။

“ဤသို့ချစ်ရပါသော မကြည်ပြာရယ်” လို့ တခါလောက်တော့ ထပ်ပြောပါဦးတော့လား ကိုရဲဝင်းရယ် . . ။

Tuesday, October 20, 2009

စိတ်လေနေတယ် . . .

ဒီရက်ပိုင်းဘာမှ မလုပ်ချင်မကိုင်ချင်ဘူးဖြစ်နေတယ်။ ဒီလသံလွင်အိပ်မက်အတွက် စာမူတချို့ရေးထားတာရှိတယ်။ ကိုယ်တိုင် ၀ိတ်ချခဲ့တဲ့အကြောင်းလေးကို ၀ိတ်ချချင်ပါတယ်ဆိုတဲ့ လူတွေအတွက် ရေးထားတဲ့ ဆောင်းပါးလေး တစ်ပုဒ်နဲ့ credit card အကြောင်း အက်ဆေးတစ်ပုဒ်ပါ။ ရေးသာရေးလိုက်ရတာ သိပ်တော့အားမရဘူး။ ပြီးတော့ လကုန်ပိုင်းကို လမ်းပြကြယ်ရဲ့ နေရာအသစ်ကို ပြောင်းဖြစ်မယ်။ အားလုံး အဆင်ပြေပြေချောချောမွေ့မွေ့ဖြစ်မှာပါ။ ဘလော့ခ်မရေးဖြစ်ပေမယ့် ဘလော့ခ်နဲ့တော့ မဝေးပါဘူး။ တစ်ခုခုဆိုရင် ဘာရယ်မဟုတ်ဘူး ဘလော့ခ်လေးကို လာလာကြည့်ဖြစ်တယ်။ ရင်ထဲမှာ ရေးချင်တဲ့ စိတ်လည်း တခါတခါတော့ဖြစ်ပါတယ်။ ဒါပေမယ့် ချမရေးဖြစ်တာ။

zinkolatt.net ဆိုတဲ့ domain ၀ယ်ထားတာ နိုဝင်ဘာလထဲမှာ ပြည့်မယ်။ nayphonelatt.net လဲ တူတူပဲ။ သက်တမ်းလဲ ထပ်တိုးချင်စိတ်မရှိတော့လို့ ဒီအလကားရတဲ့ zincolatt.blogspot.com နဲ့ nayphonelatt.blogspot.com ပဲ ထားလိုက်တော့မယ်။ အဟီး ဘလော့ခ်သာ မရေးဖြစ်တာ Facebook ထဲမှာတော့ ဟိုကြည့်ဒီကြည့်နေ့တိုင်းကြည့်ဖြစ်ပါတယ်။ ကွန်ပျူတာဖွင့်လို့ အင်တာနက် သုံးဖြစ်ပြီဆိုတာနဲ့ အီးမေးလ်စစ်ပြီးရင် Facebook ကို ဖွင့်ဖြစ်တော့တာပဲ။ လူတော်တော်များများဆော့ကြတဲ့ Mafia War ရယ် Farmville ရယ် တော့ မဆော့ဖြစ်ပါဘူး။ ပြီးတော့ ကိုယ့်ရဲ့ Facebook ထဲမှာလည်း အဲဒါတွေ တက်နေတာ မကြိုက်လို့ အကုန်လုံး remove လုပ်ပစ်လိုက်တယ်။ အေးရော . . . ။

Facebook အပြင် ဒီရက်ပိုင်း wiki ထဲမှာ ဟိုဟာဖတ်လိုက်။ ဒီဟာဖတ်လိုက်။ လုပ်ဖြစ်တယ်။ သံလွင်အိပ်မက်အတွက် ဆရာချစ်ဦးညိုနဲ့ အင်တာဗျုးထဲက ဆရာဖြေတာလေး တစ်ခုကို သွားသတိရမိတယ်။ ဘာမှ မဖတ်ချင်၊ ဘာမှမရေးချင်ဖြစ်နေတဲ့အချိန်မှာ အဘိဓာန်တွေ စွယ်စုံကျမ်းတွေ ဖတ်ဖြစ်တယ်ဆိုသလိုပေါ့။ ကျွန်တော်လည်း wiki ထဲမှာ အပျင်းပြေလျှောက်ဖတ်နေမိတယ်။ ဖြစ်နိုင်မယ်ဆိုရင် လွန်ခဲ့တဲ့ ဧပြီလလောက်ကို ပြန်သွားချင်တယ်။ ဒါမှမဟုတ် နောက်နှစ် ဧပြီလကို ရောက်သွားချင်တယ်။ ဘာကြောင့်လဲတော့မမေးနဲ့ ကိုယ့်ဝမ်းနာကိုယ်သာသိပဲ။ ဒီရက်ပိုင်း ဆရာတော် ဦးဇောတိကရဲ့ တရားတွေ နာဖြစ်တယ်။ ဆရာတော်ရဲ့ တရားထဲက ဒီစာကြောင်းလေးကိုတော့ လောလောဆယ် သဘောအကျဆုံးပဲ။ “လူ့ဘ၀ဟာစွန့်စားမှုနဲ့ challenge နဲနဲရှိ မှကောင်းတယ်၊ မဟုတ်ရင်ဘ၀ဟာပျင်းစရာကောင်းတယ်”

ဘာတွေရေးမိမှန်းလည်းမသိဘူး။ ဟိုရောက်လိုက် ဒီရောက်လိုက်ပဲ။ ဟုတ်ပါတယ်။ အဲဒါဟာ လောလောဆယ် ဖြစ်ပျက်နေတဲ့ဘ၀တစိတ်တပိုင်းပါ။ ဘာတွေလုပ်မိမှန်းလည်းမသိ။ စိတ်တွေက ဟိုရောက်လိုက် ဒီရောက်လိုက်ပဲ။ စိတ်လေတယ်ဆိုတာ စိတ်တွေက လေတွေလို လွင့်နေတာဆိုရင်တော့ တော်တော်ပေါ့ပါးမှာပဲ။ ဘာပဲဖြစ်ဖြစ် အရင်အပတ်က ချယ်လ်ဆီးနဲ့ လီဗာပူးရှုံးပြီး မန်ယူ ထိပ်ဆုံးရောက်သွားတာကိုတော့ သိပ်ဝမ်းသာမိနေတာ အမှန်ပဲ။