Samsung Galaxy S II : Galaxy S II သည် Apple iPhone ၏ အကြီးမားဆုံး ပြိုင်ဖက် ဖြစ်ကာ ဈေးကွက်ကို စဖြန့်သည့် အချိန်မှ ယခုထိ ဖုန်းအလုံးပေါင်း ၁၀ သန်းခန့် ရောင်းချပြီးဖြစ်သည်။ Galaxy S II ၏ အဓိကအားသာချက်များကတော့ dual-core 1.2 GHz အမြန်နှုန်း ရှိသော processor ၊ 1 GB ရှိသော RAM နှင့် အရောင်အသွေးစုံလင်၍ ပုံရိပ်ပြတ်သားမှု အထူးကောင်းမွန်သော Super AMOLED ဖန်သားပြင်တို့ ဖြစ်သည်။ ထိုမျှမက ဖုန်း၏ နောက်ကျောဖက်ရှိ 8 Megapixelကင်မရာ နှင့် Video chat ပြုလုပ်နိုင်သော အရှေ့ဖက်ရှိ 2 Megapixel ကင်မရာတို့မှလည်း 1080p ထုတ်လုပ်ပေးနိုင်သော HD ဗီဒီယိုများကို ရိုက်ကူးနိုင်ပါသည်။
Apple iPhone 4S : Apple ၏ တည်ထောင်သူ Steve Jobs သက်တမ်းတွင် နောက်ဆုံးထုတ်လုပ်ခဲ့သော ဖုန်းဖြစ်ကာ ပိုမို မြန်ဆန်သည့် processor, ပိုမိုကောင်းမွန်သော အလင်းရောင် ထိတွေ့မှု ကင်မရာနှင့် မိမိ၏ ကိုယ်ပိုင်အသံဖြင့် ဖုန်းခေါ်နိုင်၊ sms ပို့နိုင်သည့် Siri Application တို့ဟာ iPhone 4S ၏ အဓိက အားသာချက်များ ဖြစ်၏။
Samsung Galaxy Tab 750 : ဈေးကွက်ထဲတွင် Samsung Galaxy Tab 10.1 ဟုလည်း လူသိများသော Tab 750 ကို Apple က သူ၏ iPad ထုတ်လုပ်မှုအား အမှန်တကယ် ခြိမ်းခြောက်နိုင်စွမ်းရှိသည့် အရာတစ်ခုအဖြစ် မြင်လေသည်။ ၁၀.၁ လက်မခန့်ရှိသော Galaxy Tab သည် အောက်တိုဘာလအတွင်းက ထုတ်လုပ်ခဲ့သည့် ၇လက်မအရွယ် Galaxy Tab ထက် ပိုမိုကောင်းမွန်ရန် ထုတ်လုပ်ခဲ့သော ကိရိယာတစ်ခုလည်းဖြစ်သည်။ ထို Galaxy Tab 10.1 ဟာ Google ၏ နောက်ဆုံးထုတ်လုပ်လိုက်သော Android ကို အသုံးပြုထား၍ Tegra 2 ဟု ခေါ်သော Nvidia ၏ dual core processor ကို အသုံးပြုထားလေသည်။ Galaxy Tab 10.1သည် iPad 2 ထက် ပိုမိုကြီးမားကာ အလင်းထုတ်လုပ်မှုကောင်းသော ဖန်သားပြင်ရှိ၍ iPad 2 ထက် ပိုပေါ့ပါးသော အလေးချိန်ရှိ၏။ သို့သော် Application ပေါင်း ၄၂၅ ၀၀၀ ကျော်ရှိသော Apple ၏ App Store နှင့် နှိုင်းယှဉ်ပါက Application ပေါင်း ၂၀၀ ၀၀၀ ခန့်သာ ရှိသဖြင့် ထက်ဝက်မျှ အားနည်းနေသည်ကို တွေ့ရမည် ဖြစ်၏။
Apple iPad 2 : iPad 2 မှာ Samsung နှင့် အခြား Android အသုံးပြုသော Tablet များ၏ ယှဉ်ပြိုင်မှုကို တောင့်ခံ၍ Tablet ဈေးကွက်ကို ယခုအချိန်ထိ လွှမ်းမိုးထားနိုင်ဆဲဖြစ်သည်။ iPad 2 ဟာ iPad 1 ထက် ၃၃ရာခိုင်းနှုန်း ပိုပါး၍ ၁၅ရာခိုင်နှုန်းပိုပေါ့ကာ ဖန်သားပြင်မှာတော့ ယခင်ကဲ့သို့ ၉.၇ လက်မရှိလေသည်။ ပိုမိုမြန်ဆန်သော Dual-core A5 processor ကို အသုံးပြုထားသောကြောင့် CPU ၏ လုပ်နိုင်စွမ်းကို ၂ဆပိုမို အားကောင်းစေ၍ Graphics တင်ဆက်ပြသချက်များကို ယခင်ထက် ၉ဆ ပိုကောင်းစေကာ ယခင်ကဲ့သို့ပင် ၁၀နာရီခန့် ကြာရှည်ခံနိုင်သော ဘတ္ထရီကို ဆက်လက်အသုံးပြုထားဆဲဖြစ်သည်။
Samsung Galaxy Nexus : Google ၏ software နှင့် Samsung ၏ hardware တို့ကို ပေါင်းစပ်လိုက်သော အခါ Apple ၏ နောက်ဆုံးပေါ် iPhone ကို ယှဉ်ပြိုင်ရန် အကောင်းဆုံး လက်ကိုင်ဖုန်းအဖြစ် Galaxy Nexus ကို ထုတ်လုပ်ထားသည်။ Google ၏ နောက်ဆုံး Version Ice Cream Sandwich (သို့မဟုတ်) Android 4.0 ကို သူ၏ OS အနေဖြင့် အသုံးပြုထားသည်။ သူ့ရဲ့ ဖန်သားပြင်ဟာ ၄.၆၅လက်မရှိပြီး Android beam ဆိုတဲ့ App ဖြင့် Nexus ဖုန်းနှစ်လုံးကို ကျောချင်းဆိုင်ထားကာ website၊ ဓါတ်ပုံနှင့် ဗီဒီယိုများကို ဖလှယ်နိုင်ကြ၏။
Kindle Fire : Apple နှင့် Samsung တို့၏ tablet စစ်ပွဲတွင် ပါဝင်တိုက်ခိုက်ရန် ထုတ်လုပ်လိုက်သော Kindle Fire ဟာ Amazon ၏ tablet တစ်ခုဖြစ်၍ သူ၏ နာမည်ကြီး Kindle (ebook reader) ဟာ တစ်ပတ်လျှင် စက်အလုံးရေ ၁သန်း ခန့် ရောင်းချနေရသည်။ Amazon ဟာ iPad ၏ အားနည်းချက်များကို အခြေခံပြီး ထုတ်လုပ်ခဲ့ခြင်းဖြစ်ကာ ၇လက်မရှိသော ဖန်သားပြင်၊ ချိုသာသော ဈေးနှုန်း၊ cloud ပေါ်တွင် ကန့်သတ်ချက်မဲ့ သိမ်းစည်းနှိုင်မှု၊ ရပ်နားမှုမရှိသော Streaming များအပါအ၀င် Amazon ၏ များပြားလှစွာသော ဗဟုသုတအရင်းအမြစ်များကို လက်ဖျားထိပ်လေးပေါ်တွင် ရရှိနိုင်မည်ဖြစ်၏။
Aakash tablet : Android 2.3 ကို အသုံးပြုထားသော Aakash သည် ကမ္ဘာ့ဈေးအပေါဆုံး tablet အဖြစ် နာမည်ကျော်ကာ သူ့တွင် Cortex A8-700 MHz processor၊ HD video processor၊ 256 MB RAM နှင့် 2 GB ခန့် ရှိသော သိမ်းဆည်းနိုင်မှုများ ပါဝင်သည်။ အခြား စွမ်းဆောင်ရည်များအနေဖြင့် USB port, 3.5mm audio jack, ၈၀၀x၄၈၀ pixel resolution ရှိသော ၇လက်မ ဖန်သားပြင်၊ ခံနိုင်ရည်ကောင်းသော touchscreen၊ GPRS နှင့် WiFi တို့ ပါဝင်၏။
Samsung Galaxy Note : ဖုန်းလား၊ tablet လား။ Galaxy အုပ်စုဖြစ်သော smartphones နှင့် tablets အတွင်းသို့ နောက်ဆုံး ၀င်ရောက်လာခဲ့သော အရာမှာ Galaxy note ပင်ဖြစ်သည်။ သာမာန်အားဖြင့် smartphone တစ်ခုအဖြစ် အသုံးပြုရမှာ ဖြစ်ကာ 5.3 လက်မခန့် ရှိသော Super AMOLED ဖန်သားပြင်ကို တွေ့ရမည်။ သူဟာ Dell ၏ Streak 5 အားနည်းချက်များ အပေါ် အခြေခံကာ အောင်မြင်မှုများ ရရှိခဲ့သည့် Smartphone ဖြစ်သည်။ အဓိက အားဖြင့် 1.4 GHz dual-core processor၊ 1GB RAM ၊ 16GB or 32GB ရှိသော သိမ်းဆည်းနိုင်မှုတို့ ပါဝင်သည်။ ထို့အပြင် stylus pen တစ်ခု ပါဝင်ကာ အသုံးပြုသူများအတွက် ပိုမိုတိကျသော လုပ်ဆောင်ချက်များကို ပြုလုပ်နိုင်မည် ဖြစ်သည်။
Macbook Air 13’’ : နောက်ဆုံးပေါ် MacBook Air သည် ငှက်တောင်မွှေးတစ်ချောင်းကဲ့သို့ မပေါ့သော်လည်း အဲသည်လောက် နီးနီးပေါ့ပါးသည်။ Apple ၏ MacBook Airသည် အိတ်ဆောင် ကွန်ပျူတာများ၏ အလေးချိန်လျော့ချရေး ဦးတည်ချက်များ အစဟု ဆိုလျှင် Macbook Air 13’’ သည် အဲဒါ၏ နောက်ထပ်တစ်ဆင့်ဟု ဆိုရမည်ဖြစ်သည်။ ထိုအိတ်ဆောင် ကွန်ပျူတာငယ်တွင် Intel ၏ နောက်ဆုံးပေါ် CPU ကို အသုံးပြုထားကာ MacBook Air 11’’ ထက် ပိုမိုသော လုပ်ဆောင်ချက်များအတွက် သုံးနိုင်မည်ဖြစ်၏။
Nokia Lumia 800 : Nokia Lumia 800သည် Microsoft ၏ Windows mobile OS ကို ပထမဆုံးအသုံးပြုသော Nokia ဖုန်းဖြစ်သည်။ ထို့အပြင် Lumia အမည်ဖြင့် စတင်ထုတ်လုပ်သော ပထမဆုံး Nokia ဖုန်းလည်း ဖြစ်၏။ အရောင်အသွေး စုံလင်လှသော ဒီဇိုင်းများကို ရွေးချယ်နိုင်မည်ဖြစ်ကာ 1.4GHz processor, အလိုအလျှောက် Foucs လုပ်ပေးနိုင်သော 8MPရှိ ကင်မရာ၊ LED flash, နှင့် 720p ရှိသော ဗီဒီယို ရိုက်ယူနိုင်မှုတို့ ပါဝင်သည်။
ဇင်ကိုလတ်
၂၀၁၁ အတွင်း အကောင်းဆုံး အိတ်ဆောင်ပစ္စည်းတွေဆိုပေမယ့် ၂၀၁၂အတွက်လည်း အကောင်းဆုံးတွေထဲမှာ ပါမယ်ထင်ပါတယ်။ ရေးထားတာတော့ ကြာပါပြီ အခုမှ ဖိုင်အဟောင်းတွေ ပြန်တွေ့လို့ တင်လိုက်တယ်။း)
ကိုးကား ။ ။ Yahoo News - http://sg.news.yahoo.com/photos/ten-best-gadgets-of-the-year-2011-1325003755-slideshow/
Friday, June 15, 2012
Thursday, June 14, 2012
ရခိုင်-ရိုဟင်ဂျာအရေးနှင့် ရင်လေးမိသည် တို့တိုင်းပြည်
ရခိုင်ပြည်နယ်တွင် ဇွန်လ ၈ရက်နေ့မှ စပြီး မီးတောက်နေသည်မှာ ယနေ့
၁၂.၀၆.၁၂ ဆိုလျှင် ၄ရက်မြောက်ဖြစ်ပြီး အခြေအနေတွေဟာ တစ်နေ့ တခြား
ပိုမိုဆိုးရွားလို့ လာနေသည်။
BBC, VOA, RFA, DVB စတဲ့ အသံလွှင့်ဌာနများသို့
စစ်အုပ်ချုပ်ရေးအောက် ရောက်ခဲ့ရတဲ့ ၂၁နှစ်လုံးလုံး
သတင်းအမှောင်ချထားခံရတဲ့အချိန်တွင် ထိုသတင်းဌာနများကိုပဲ အားကိုးခဲ့ရသည်။
တောရောမြို့ပါမကျန် ရေဒီယိုရှိသူတိုင်း ထိုအသံလွှင့်ဌာနများ၏ သတင်းများကိုသာ
နားထောင်ခဲ့ရသည်။ ထိုကဲ့သို့ တိုင်းပြည်နှင့် လူမျိုးအပေါ်
တာဝန်ကျေပွန်ခဲ့သော သတင်းဌာနများမှာ ယခုအချိန်တွင် အဘယ်ကြောင့်
ရိုဟင်ဂျာအရေးအစား မြန်မာ-မွတ်စလင်ဟူသော စကားလုံးကိုသာ တွင်တွင်သုံးနေကြသည်
မသိဖြစ်ရ၏။ မြန်မာ-မွတ်စလင်အမျိုးသားရေးရာအဖွဲ့ချုပ်မှ အတွင်းရေးမှူး
ဦးကျော်မြင့်ဆိုသူကလည်း ဒါဟာ မြန်မာမွတ်စလင်အရေးမဟုတ်ပါဘူးဟု လည်းကောင်း၊
အင်္ဂလန်မှ ရိုဟင်ဂျာခေါင်းဆောင်တစ်ဦးဖြစ်သူကလည်း ရိုဟင်ဂျာတွေ
ခံနေရပါတယ်ဟုလည်းကောင်း၊
လာဘ်ပေးလာဘ်ယူ ဒို့ပြည်သူ
ဒီစာကို ညီညီ(သံလွင်)ရဲ့ ပြောင်းလဲတယ်ဆိုတာ သေချာပြီလား စာစုကို
ဖတ်ပြီး ရေးပါတယ်။ ကျွန်တော့်အတွေ့အကြုံတချို့ကို ရှယ်ချင်တာရော
ပြဿနာတစ်ခုကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို Brain Storming လုပ်တာရောပေါ့။
စင်္ကာပူကို ထွက်လာခါနီး Passport လုပ်တော့ ၁၈ နှစ်ပြည့်မှတ်ပုံတင်လိုပါတယ်။
အဲဒါနဲ့ ဗိုလ်တထောင်မြို့နယ် ၄၄လမ်း ရပ်ကွက်မှတ်ပုံတင်ရုံးမှာ
ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ပါ။ ကိုယ့်ဘာသာကိုယ် မှတ်ပုံတင်လုပ်ဖို့
သွားတော့ ဖောင်တွေ ဘာတွေဖြည့် လိုအပ်စာရွက်စာတမ်းတွေပြပြီး
မှတ်ပုံတင်ထုတ်ပေးဖို့ပဲ ကျန်ပါတယ်။ အဲဒီအချိန်မှာ ဦးစီးမှူးဆိုသူရဲ့
လက်မှတ်ထိုးပေးဖို့ ကိစ္စမှာ မထိုးပေးသေးပဲ သူအပြင်သွားတယ်တို့ ညနေမှ
ပြန်ရောက်မယ်တို့ ရုံးစာရေးမရဲ့ ဇာတ်လမ်းစုံနဲ့ ကျွန်တော်
တနေကုန်ထိုင်စောင့်တာ ညနေရုံးဆင်းတဲ့အထိပါပဲ။ နောက်နေ့မနက်ကျတော့လည်း
ရုံးမဖွင့်ခင်ကတည်းက ရုံးရှေ့မှာ ထိုင်စောင့်ပါတယ်။
ဦးစီးမှူးအပြင်သွားတယ်ဆိုလို့ အဲဒီစာရေးမရဲ့ ခုံရှေ့မှာ ထိုင်စောင့်ပါတယ်။
ဒီနေ့တော့ ကျွန်တော်လူလည် ဖြစ်သွားပါပြီ။ ကျွန်တော်ဝတ္ထုစာအုပ်တစ်အုပ်
ပါလာတယ်။
ဒါနဲ့ နေ့လည်ထမင်းစားချိန်လောက်ရောက်ခါနီးမှာ
သူငယ်ချင်းနေဘုန်းလတ်နဲ့ ချိန်းထားတာကို သတိရသွားတယ်။ ဒါနဲ့ပဲ အိမ်ကို
ဖုန်းဆက်ပြီး သူလာရင် ထမင်းဗူးထည့်ပေးလိုက်ဖို့နဲ့ ဂစ်တာပါ ယူလာခဲ့ဖို့
မှာလိုက်ပါတယ်။ နေဘုန်းလတ် ရပ်ကွက်ရုံးကို ရောက်လာတော့ ထမင်းစားချိန်ပါ။
စာရေးမလည်း ထမင်းဗူးထုတ်စား ကျွန်တော်နဲ့ နေဘုန်းလတ်လည်း သူတို့ရှေ့မှာ
ထမင်းဗူးထုတ်စားပါတယ်။ အဲဒီအစည်းအဝေးသွားနေတယ်ဆိုတဲ့ ဦးစီးမှူးက
ဘယ်နေရာမှာ ရှိလို့ ရှိမှန်းကို မသိရပါဘူး။ ဒါနဲ့ပဲ ကျွန်တော်တို့
နှစ်ယောက် စားသောက်ပြီး မေးကြည့်တော့ ပြန်မရောက်သေးဘူးဆိုတာနဲ့
ကျွန်တော်တို့ ဒီရုံးရှေ့မှာ ရှိနေမယ် ဆိုတဲ့အကြောင်းပြောပြီး နှစ်ယောက်သား
ဂစ်တာတီး သီချင်းတွေ ဆိုလို့ ထိုင်စောင့်ပေမယ့် အဲဒီနေ့လည်း မရပါဘူး။
ပိုက်ဆံလိုချင်လို့ လူကို ရစ်ထားတာပါ။ ရပါတယ် ကျွန်တော်အဲဒီနေ့က တနေကုန်
အားနေပါတယ်။ ဒါနဲ့ပဲ နောက်နေ့ကျတော့ မနက်မိုးလင်းကတည်းက ထမင်းဗူးရယ်
ဝတ္ထုစာအုပ်တနေကုန်စာရယ်နဲ့ သွားပါတယ်။ ထုံးစံအတိုင်း ဟိုအကြောင်းပြ
ဒီအကြောင်းပြနဲ့ မလုပ်ပေးပြန်ပါဘူး။ သူတို့က ရစ်လေ ကျွန်တော်က
တပြားမှမပေးချင်လေပါပဲ။ ကျွန်တော့်စာရွက်စာတမ်းတွေကို ဦးစီးမှူးကို
တင်ပြီးရဲ့လား။ ဦးစီးမှူးကရော ရှိနေရဲ့သားနဲ့ ပိုက်ဆံလိုချင်လို့
အတွေ့မခံသေးတာလား ဆိုတာတော့ သူတို့ပဲ အသိဆုံးဖြစ်မှာပါ။
ထမင်းစားပြီးချိန်လောက်မှာ မှတ်ပုံတင်လေး လုပ်တာ ဒီလောက်ကြာနေလို့
စိတ်မချတဲ့ အမေလိုက်လာပါတယ်။ ပြီးတော့ စာအိတ်လေး တစ်အိတ် စာရေးမကို
ပေးလိုက်တာနဲ့ ဦးစီးမှူးက မိုးပေါ်က ကျလာသလိုပဲ ရောက်လာပြီး
ကျွန်တော်မှတ်ပုံတင်ရခဲ့ပါတယ်။ အမေက ပေးစရာရှိတာ ပေးလိုက်။ ပြီးတာပဲ
ဆိုပြီး ကျွန်တော့်ကို စိတ်ဆိုးပါတယ်။ ကျွန်တော်ကလည်း တပြားတချပ်မှ
မပေးချင်လို့ စိတ်ရှည်လက်ရှည်နဲ့ ဒီလိုတွေ လုပ်နေပါတယ် ဆိုမှ
အမေလုပ်လိုက်တော့ ပေးလိုက်ရရောဆိုပြီး သိပ်မကျေနပ်လှပါဘူး။ ပေးလိုက်ရတဲ့
ပိုက်ဆံထက်ကို တရားမ၀င် မပေးချင်တဲ့စိတ်၊ လာဘ်မပေးချင်တဲ့စိတ်က
ပိုများပါတယ်။ ဒါပေမယ့် တဖက်မှာလည်း ပတ်စပို့ကလုပ်ဖို့ ရှိနေတော့
စိတ်နည်းနည်းလျော့လိုက်ပါတယ်။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ ပြည်သူတွေ
ဒီစနစ်ဆိုးကြီးအောက်မှာ အသားကျခဲ့တယ်ထင်ပါရဲ့။
နောက်ကိစ္စတစ်ခုက
ကျွန်တော့်အကိုဖြစ်ခဲ့တဲ့ကိစ္စပါ။ စင်္ကာပူကနေ ခဏကျောင်းပိတ်လို့ ရန်ကုန်ကနေ
ပြန်ခါနီး ပန်းဆိုးတန်းလမ်းက D-form ရုံးမှာ ဖြစ်တာပါ။ သံရုံးက
ကျောင်းသားဖြစ်ကြောင်းထောက်ခံစာကို D-form ရုံးက လူတွေက တောင်းတာပါ။
ကျွန်တော့်အကိုကလည်း လေဆိပ်မှာ လူဝင်မှုက တောင်းလို့ ပေးခဲ့ရပြီ။
မရှိတော့ဘူးဆိုတော့၊ အဲဒီဟာက ပေးခဲ့ရမယ့်ဟာမဟုတ်ဘူး။ အဲဒါမရှိရင် D-form
မထုတ်ပေးဘူးဆိုပြီး ရစ်ပါတယ်။ တကယ်ဆို လေဆိပ်ကလူက ဘာလို့တောင်းသလဲ၊
နောက်ဆုံးသူတို့ လူဝင်မှုအောက်မှာအချင်းချင်းပဲဟာ လှမ်းတောင်းပါလား။
ကျောင်းသားတွေ အနေနဲ့ကတော့ သူတို့ရဲ့ ရုံးကိစ္စတွေမသိတော့ တောင်းရင်
ပေးလိုက်မှာပါပဲ။ အဲဒါကို နှစ်ရက်သုံးရက်လောက် ရစ်နေတာနဲ့ပဲ
လူကြီးတစ်ယောက်ကိုအကူအညီတောင်းပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ ၀န်ကြီးကို
ဖုန်းဆက်ရမလား၊ ၀န်ကြီးPA ကို လာလှမ်းပြောရမလား လုပ်မှ “ဒီကိစ္စလောက်နဲ့
အန်ကယ်ကြီးကိုယ်တိုင် လာစရာမလိုပါဘူး၊ ကျွန်မတို့က အစောကြီးကတည်းက သိရင်
လုပ်ပေးပါတယ်”ဆိုပြီး လုပ်ပေးလိုက်ပါတယ်။ ဒါဟာ ပိုက်ဆံရမယ်ထင်လို့
လုပ်တာပါ။
နောက်တစ်ခေါက်က ညီညီ(သံလွင်)နဲ့
စင်္ကာပူကျောင်းနားရက်မှာ ရန်ကုန် အလည်ပြန်ရင်းဖြစ်ခဲ့တဲ့ ကိစ္စပါ။D-form
ရုံးမှာပါပဲ။ မနက်ကတည်းက လိုအပ်တဲ့ စာရွက်စာတမ်းတွေ
နှစ်ယောက်တူတူတင်လိုက်ပြီးတော့ နေ့လည်၂နာရီလောက်မှာ ကျွန်တော် D-form
ရပါတယ်။ ဒါပေမယ့် ညီညီ့ရဲ့ D-form က ညနေ ၄နာရီလောက်ထိ မရလာပါဘူး။ အဲဒါနဲ့
ကျွန်တော်တို့ ကောင်တာမှာ ရှိသမျှ စာရေးမတွေကို နားပူနားဆာလုပ်ပါတယ်။
ညနေဖက် ရောက်လာလို့ ဖောင်လည်း ထပ်လက်မခံတော့တာကြောင့် ကောင်တာက
အမျိုးသမီးတွေလည်း ရုံးအတွင်းဖက်ကို ၀င်ကုန်ကြပါပြီ။ ဒါနဲ့ပဲ အတွင်းဖက်မှာ
ဖြတ်လျှောက်သွားသူမှန်သမျှကို သွားစရာရှိလို့ပါ ကျွန်တော့်ဟာရပြီး
သူ့ဟာမရသေးဘူးလား နဲ့ မျိုးစုံ မေးပါတယ်။ ဒါပေမယ့် သွားကြည့်ပေးသလိုလို၊
လုပ်နေတုန်းလိုလို ခဏနေရမယ်လိုလို မတင်မကျတွေ ပြောသွားပါတယ်။
ကျွန်တော်တို့လည်း ပိုက်ဆံပေးရကောင်းမှန်းမသိသလို၊ ပေးလည်းမပေးချင်ပါဘူး။
ဒါနဲ့ ထိုင်စောင့်နေလိုက်တာ ညနေ ၅နာရီခွဲ ရုံးပိတ်ခါနီးမှ မောင်လေးရဲ့
ဖောင်မှာ အမှားပြင်ထားတာကို ဘောလ်ပင်ကြီးနဲ့ ခြစ်ထားလို့တဲ့။ “ဗျာ”
မှားလို့ ပြင်တာပဲ ဘောလ်ပင်နဲ့ ခြစ်ပြီး မဖျက်လို့ ဘာနဲ့
ဖျက်စေချင်တာတုန်း။ ဆိုတော့ Correction Pen လေးနဲ့ သေချာဖျက်ပြီးပြန်တင်ပါ
ဆိုလို့ ညီအစ်ကိုနှစ်ယောက် Correction Pen ပြေးဝယ်ရပါသေးတယ်။
အခုတော့
အဲဒီ D-Form ရုံးလည်းမလိုတော့ပါဘူး။ အရမ်းကို အဆင်ပြေလွယ်ကူတဲ့ E-Dform
တွေ ရနေနိုင်လို့ပါပဲ။ ဒါတောင် တခြားဘယ်နိုင်ငံမှာမှ D-Form လုပ်ရတယ်
မကြားဖူးပါဘူး။ နိုင်ငံကနေ ထွက်တယ်ဆိုရင် လူဝင်မှုကြီးကြပ်ရေးက သိပြီပဲ။
အထက်ဖော်ပြပါတွေကတော့
လွန်ခဲ့တဲ့ ၁၀စုနှစ်ကျော်ကျော်က ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားတွေ
နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေပါ။ ဒါမှမဟုတ်
နိုင်ငံသူနိုင်ငံသားတွေနေ့စဉ် ပြုလုပ်နေရတဲ့
အကျင့်ပျက်လာဘ်စားမှုကြီးတွေပါပဲ။ ညီညီရဲ့ ပိုစ့်ကို ဖတ်ပြီး ခုထက်ထိလည်း
ဒါတွေဟာ ရှိနေဆဲပဲဆိုတာကို သိလိုက်ရလို့ အများကြီးလုပ်ဖို့ လိုပါသေးလားလို့
ရင်မောမိတယ်။ အစိုးရလုပ်ရမယ့် ကိစ္စဆိုပြီး သူတို့ ပြင်တာကိုပဲ
ထိုင်စောင့်နေမယ်ဆိုရင်တော့ ရွှေပြည်တော်ရယ် မျှော်တိုင်းဝေးဆိုသလို
ဖြစ်ပါတော့မယ်။ သူတို့ မပြင်ရင် ပြင်အောင် ဘယ်လို တွန်းအားပေးသင့်သလဲဆိုတာ
ကျွန်တော်တို့ စဉ်းစားသင့်တယ်။ သူတို့မပြင်ခင်မှာ ကျွန်တော်တို့ ဘာတွေ
လုပ်သင့်သလဲဆိုတာကို အတွေးနယ်ချဲ့နေမိတယ်။ နောက်မှ အဲဒီအကြောင်းကို
ပိုစ့်တစ်ခု ရေးပြီး တင်ပါဦးမယ်။ တကယ်တော့ လာဘ်ပေးတဲ့သူကလည်း ပြည်သူပဲ။
လာဘ်ယူသူကလည်း ၀န်ထမ်း(ညီညီ့စကားအရဆိုရင်တော့ ငါးခုံးမ)တွေဆိုတော့
ပြည်သူထဲက ပြည်သူပါပဲ။ အမှားတွေကို ပြင်ဖို့ဆိုတာ အမှန်ကို လက်ခံဖို့
လိုပါတယ်။ ဒါ့ကြောင့် လာဘ်ပေးလာဘ်ယူ ဒို့ရန်သူမဟုတ်ပါဘူး။ လာဘ်ပေးလာဘ်ယူ
ဒို့ပြည်သူတွေပါပဲလို့။ အဲဒီအကျင့်ဆိုးကြီး ပြည်သူတွေ ကြားမှာ
ကျွန်တော်တို့ ကြားမှာ ဒီလို ဒီမိုကရေစီခေတ်ကြီးမှာ တကယ်ကို
မရှိသင့်တော့ပါဘူးဗျာ။
စည်သူ(သံလွင်)
Labels:
Essays
Thursday, May 10, 2012
တီပီမြန်မာ နတ်စိမ်းယိမ်း ၂၀၀၂
တီပီမြန်မာရဲ့ ပုဏ္ဏားယိမ်းဟာ ၂၀၀၁ သင်္ကြန်မှာ ပရိသတ်ရဲ့ တခဲနက်အားပေးမှုကို ရခဲ့ပါတယ်။ အဲဒါနဲ့ပဲ နောက်တစ်နှစ် ၂၀၀၂ သင်္ကြန်လုပ်ဖို့အတွက် Meeting အပြီးမှာ လီယိုက ပြောပါတယ်။ “မနှစ်ကလည်း ဒီပုဏ္ဏားတွေ ဒါပဲဆို၊ ဒီနှစ်လည်း ဒီပုဏ္ဏားတွေ ဒါပဲ ဆိုတယ်ဆို ပျင်းစရာကြီးတဲ့၊ အဲဒါကြောင့် ပုဏ္ဏားယိမ်းထက်ကို နတ်စိမ်းယိမ်း လုပ်ရင်ကောင်းမယ်လို့” ပြောလာပါတယ်။ ပြီးတော့ စစ်နိုင်၊ တရုတ်ကြီးနဲ့ ကျော်ကြီးတို့ အစား ကွမ်းသီး၊ ကျော်ဇင်နဲ့ ကိုတွတ်ပီတို့ကို အစားထိုးလို့ ပုဏ္ဏားတစ်ပိုင်းလောက် ထည့်ပြီး နတ်စိမ်းယိမ်းကို အဓိက ကမယ်လို့ပြောတယ်။
နတ်စိမ်းယိမ်းအကြောင်းမပြောခင် နောက်ပိုင်းလူတွေလည်း သိရအောင် ကျွန်တော်လုပ်ခဲ့ဖူးတဲ့ Stage Manager နဲ့ ticketing အကြောင်းလေးကို နည်းနည်းပြောပြချင်ပါတယ်။ ကျွန်တော်တို့ First Year တုန်းက လုပ်တဲ့ ပထမဦးဆုံးတီပီသင်္ကြန်မှာ ကျွန်တော်က Organizer အဖြစ်သာမက တကယ့်ပွဲနေ့မှာ Stage Manager အနေနဲ့ပါ လုပ်ခဲ့ရတော့ ၂၀၀၂ သင်္ကြန်မှာလည်း Stage Manager အရမ်းလုပ်ချင်ခဲ့ပါတယ်။ Stage Manager ဆိုတာ ဇာတ်စင်အနောက်နဲ့ Control Room နဲ့ကို အချိတ်အဆက်လုပ်ပေးရတာပါ။ ယိမ်းတစ်ခုကတော့မယ်ဆိုရင် ယိမ်းတွေ ready ဖြစ်ပြီဆိုတဲ့အကြောင်း control room ကို လှမ်းအကြောင်းကြားရပါတယ်။ အဲဒီအချိန်မှာ Control room ထဲက လူက Light ready/ Sound ready ဆိုပြီး 4,3,2,1 Go ဆိုတာနဲ့ performance တစ်ခု စပါတယ်။ အဲဒီနေရာက တကယ်အရေးကြီးသလို အရမ်းလည်း အလုပ်ရှုပ်ပြီး အရမ်းစည်းစနစ်နဲ့ တိတိကျကျလုပ်တတ်တဲ့သူဖြစ်ရပါတယ်။ (နောက်ပိုင်းနှစ်တွေမှာ နာမည်အကြီးဆုံး Stage Manager ကတော့ ကိုဟန်သော်ဦးပါ) ပျော်ဖို့လည်းကောင်း ရင်ခုန်ဖို့လည်း ကောင်းတဲ့ အဲဒီနေရာကို လုပ်ချင်တယ်ဆိုပြီး အဲဒီနှစ် Organizer ကိုသန့်စင်နဲ့ ကိုကျော်သူရတို့ကို Meeting မှာ ပြောပါတယ်။ နှစ်ယောက်လုံးရဲ့ သဘောက သဘောမတူပါဘူးတဲ့။ ကိုကျော်သူရက “မင်းအဲဒီနေရာ ထက်ကို ပိုပြီးအရေးကြီးတဲ့နေရာမှာ လုပ်သင့်တယ်” ဆိုပြီး လက်မှတ်ကိုင်ခိုင်းပါတယ်။
ကျွန်တော်ကလည်း လက်မှတ်ကိုင်ရတာ အပန်းမကြီးပေမယ့် ငွေကိုင်ရတာကို အရမ်းစိတ်ညစ်ပါတယ်။ ကျွန်တော် စာရင်းဇယားမနိုင်ပါဘူး၊ လုပ်ရတာ သိပ်ပျင်းပါတယ်။ ဒါပေမယ့် လူကြီးတွေ စီစဉ်တာကို လက်ခံလိုက်ပြီး လက်မှတ်ကိုင် လုပ်ပါတယ်။ လက်မှတ်ကိုင်ဆိုတာဟာ လက်မှတ်ဒီဇိုင်း၊ လက်မှတ်ထဲမှာ ထည့်ပေးရမယ့် Infomation ကအစ လက်မှတ်တွေအကုန်ရောင်းနိုင်ဖို့ အလယ်၊ နောက်ဆုံး စာရင်းပိတ်တာ အဆုံးထိ လုပ်ရတာပါ။ အဲဒီ၂၀၀၂ သင်္ကြန်အတွက် လက်မှတ်ကို ကျွန်တော်က ကိုင်ရပြီး စည်သာက ငွေကိုင်ရတယ်လို့ မှတ်မိပါတယ်။ အဲဒါကြောင့် ကိုသန့်စင်တို့ နေတဲ့ Tampines က Blk 840 ကို အမြဲရောက်ပါတယ်။ အဲဒါကြောင့် အဲဒီအိမ်က Leo တို့ လွင်မိုးတို့ရဲ့ နတ်စိမ်းအကြောင်းကိုလည်း သိသင့်သလောက် သိနေပါတယ်။ ပုဏ္ဏားနဲ့ နတ်စိမ်းကို သူတို့က ဒီလိုလေး ချိတ်ဖို့ ကြိုးစားကြတယ်။ ပုဏ္ဏားတွေကို ပေါင်ချိန်က သတ်လိုက်မယ်၊ အဲဒါနဲ့ပဲ သူတို့က နတ်တွေဖြစ်သွားမယ်ပေါ့။
ပြောတာလွယ်ပေမယ့် တကယ်လုပ်တော့ ပေါင်ချိန်အ၀တ်အစားရော ပေါင်ချိန်နောက်လိုက် လေးယောက်ရဲ့ အ၀တ်အစားကိုပါ ချုပ်ဖို့လုပ်ကြရတယ်။ ပေါင်ချိန်ကလည်း ခါးမှာ ခါးပတ်ကြီးက ပတ်ထားသေးတာကိုး။ အဲဒီခါးပတ်ခေါင်းကလည်း အကြီးစားဆိုတော့ ရှာဖို့မလွယ်၊ နောက်ဆုံး အိမ်ပြတင်းပေါက်လိုက်ကာ တွေမှာ ချည်တဲ့ အလှသံခေါင်းနဲ့ အ၀တ်စနဲ့ပေါင်းပြီး ခါးပတ်လုပ်လိုက်တယ်ထင်ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ နားထဲမှာ အရမ်းယဉ်နေတဲ့ ပေါင်ချိန်တီးလုံးပါ။ “ခိုင်ဖုံရုံးဟူ ပေါင်ချိန်တန်” ဆိုတဲ့ တီလုံးကို အဲဒီခေတ်က Youtube မရှိဘာမရှိဆိုတော့ လွယ်လွယ်နဲ့ Internet ကနေလည်း မရနိုင်ပါ။ လိုက်ရှာကြရင်းနဲ့ ပွဲလုပ်မယ့်နေ့ မနက်မှလား ကျောင်းရှေ့က အခွေငှားဆိုင်ကနေ ရလာပါတယ်။ နောက်ဆုံးကြုံရတဲ့ပြဿနာကတော့ ပုဏ္ဏားတွေ သေသွားပြီး နတ်စိမ်းအဖြစ်ပြန်မထွက်ခင်အချိန်ကို ဘယ်လိုလုပ်မလဲ ဆိုတာပါပဲ။ ပြဇာတ်တို သဘောမျိုး ကနေတဲ့ကြားမှာဆိုတော့ MC လည်း ထွက်လာလို့ မရပါဘူး။ ပုဏ္ဏားအ၀တ်အစားကနေပြီး နတ်စိမ်းအ၀တ်အစားလဲဖို့ အချိန်နည်းနည်းတော့ လိုပါတယ်။ အဲဒါနဲ့ နောက်ဆုံးတော့ Puff Daddy ရဲ့ I'll be missing you သီချင်းနဲ့ ပုဏ္ဏားတွေရဲ့ မျက်နှာပြောင်နေတဲ့ ပုံတွေကို Slide show တွေနဲ့ ပြမယ်ဆိုပြီး သင်္ကြန်မတိုင်ခင် ညကျမှ 840 အိမ်ရှေ့မှာပဲ ဓါတ်ပုံတွေ ရိုက်ကြပါတယ်။
ဒီလိုနဲ့ တကယ့်ပွဲနေ့ကို ရောက်လာခဲ့တယ်။ ပုဏ္ဏားနဲ့ နတ်စိမ်းကွာတာက ပုဏ္ဏားက တစ်ယောက်ချင်းစီ ထွက်ဆိုတာဖြစ်ပြီး နတ်စိမ်းကတော့ နှစ်ယောက်တစ်တွဲ ဆိုကြတာပါ။ လီယိုနဲ့ ကျော်ဇင်၊ လွင်မိုးနဲ့ ကိုတွတ်ပီ၊ ကိုပြည့်နဲ့ ကွမ်းသီး စသည်ဖြင့် အတွဲညီညီ သရုပ်ဆောင်သွားကြပါတယ်။ ပေါင်ချိန်အဖြစ်ပီပြင်စွာ သရုပ်ဆောင်သွားသူကတော့ ကိုကျော်စိုးပါ။ နောက်လိုက်လေးယောက်နေရာမှာတော့ ကြောင်ချီး၊ သန့်အောင်နဲ့ နောက်နှစ်ယောက်ပါ။ ၂၀၀၁ တုန်းကလို တစ်ရက်လိုမှ တိုက်တာမဟုတ်ပဲ အစောကြီးကတည်းက သေသေချာချာ တိုက်ထားကြတာဖြစ်တဲ့အတွက် ကိုတွတ်ပီစာရွက်လေး နည်းနည်းကြည့်ဆိုရတာရယ်၊ ကျော်ဇင်က နတ်စိမ်းအ၀တ်ကြီးနဲ့ ပုဏ္ဏားတို့ တီပီမှာကွယ်ဆိုပြီး မှားဆိုတာလေးက လွဲပြီး အားလုံး အဆင်ပြေပြေနဲ့ ပြီးသွားခဲ့ပါတယ်။ ပထမနှစ် ပုဏ္ဏားယိမ်းတုန်းကလိုပဲ ပရိသတ်ရဲ့ လက်ခုပ်သံတွေဟာ မစဲတဲ့ နတ်စိမ်းယိမ်းအကြောင်းကို အမှတ်တရ ရေးသားလိုက်ပါတယ်။
(အစဉ်အလာကြီးမားခဲ့တဲ့ TPmyanmar သင်္ကြန်တွေအကြောင်းနဲ့ တူတူလက်တွဲခဲ့ရတဲ့ သူငယ်ချင်းများအကြောင်းကို မှတ်မိသလောက် အလျဉ်းသင့်သလို ပြန်ရေးမယ်လို့ စိတ်ကူးထားပါတယ်။ ကျွန်တော်နဲ့တူတူ ၀ိုင်းဝန်းပြီး မှတ်မိသလောက် ရေးနိုင်ကြမယ်၊ မှားတာရှိရင် ၀ိုင်းပြင်ပေးကြမယ် ဒါမှမဟုတ် အမှတ်တရလေးတွေကို Comment ပေးသွားမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ကြိုဆိုနေမှာပါ။)
စည်သူ(သံလွင်)
တီပီမြန်မာ ပုဏ္ဏားယိမ်း ၂၀၀၁
မှတ်မှတ်ရရပါပဲ ၂၀၀၁ ခုနှစ် ဧပြီလရဲ့ ညတစ်ညမှာပေါ့။ သင်္ကြန်မလုပ်ခင်ညဖက် ကိုမျိုးထွန်း(အဲဒီနှစ်က Organizer) ရဲ့ အိမ်မှာ TPmyanmar ဓါတ်ပုံပြပွဲလေး လုပ်ဖို့ စီစဉ်နေခဲ့ကြတယ်။ ကိုမျိုးထွန်းတို့က Third Year ကျောင်းပြီးတော့မယ့် အချိန်မှာ ကျွန်တော်တို့ရဲ့ Second Year Second Semester SIP ဆင်းနေတဲ့အချိန်ပေါ့။ အဲဒါကြောင့် 2nd year တွေက သင်္ကြန်အတွက် အချိန်တွေအများကြီးမပေးနိုင်ပေမယ့် ကိုယ်တတ်နိုင်တဲ့ဖက်ကနေ တတပ်တအား ပါဝင်ကူညီခဲ့ကြပါတယ်။ ကျွန်တော်ဆို အဲဒီနှစ်က Auditorium 1 ရဲ့ မီးမောင်းကြီး နှစ်ခုထဲက ဘယ်ဖက်က မီးမောင်းကို ကိုင်ရပါတယ်။ ညာဖက်က မီးမောင်းကို ကိုင်တာကတော့ 1st year က ဘောလုံးကန်တဲ့ ကိုဥက္ကာလို့ ထင်ပါတယ်။ ပြီးတော့ ကိုမျိုးထွန်းက ဓါတ်ပုံပြပွဲလေး လုပ်ရအောင် ဆိုလို့ TPmyanmar ရဲ့ လုပ်ခဲ့တဲ့ ဘောလုံးပွဲ၊ Fresher Welcome၊ သီတင်းကျွတ်မီးထွန်းပွဲ အစရှိတာတွေရဲ့ ဓါတ်ပုံတွေကို Foyer ထဲမှာ လာတဲ့ ပရိသတ်ကြည့်ရအောင် ပြဖို့ ကဒ်ထူပြားတွေပေါ်မှာ ကပ်နေခဲ့ပါတယ်။ ည ကိုးနာရီ ကျော်ကျော်လောက်မှာ လီယိုတို့ ရောက်လာကြပါတယ်။ ပြီးတော့ ဒီနှစ်သင်္ကြန်မှာ အစီအစဉ်လေး တစ်ခု ထပ်ပြီး ထည့်ချင်တယ်ဆိုတဲ့အကြောင်း လာပြောကြတာပါ။ တကယ်ဆို Leo၊ စစ်နိုင်၊ ဖိုးကောက်တို့ ပါတဲ့ ပြဇာတ်က တော်တော်လေး ကောင်းနေပါပြီ။ လီယိုတုတ်ကြီးနဲ့ ရာဇာရေမြင်းတို့ရဲ့ ကျောင်းသားဇာတ်လမ်းလေးပါ။ အဲဒီပြဇာတ်အပြင်ကို ပြဇာတ်တိုလို့ပဲပြောရမလား၊ အများကတော့ ပုဏ္ဏားယိမ်းလို့ပဲ သိထားကြတဲ့ Item လေးတစ်ခုကို ကိုမျိုးထွန်းတို့ကို လာပြီး ပြတာပါ။
အဲဒီပုဏ္ဏားယိမ်းမှာ ပုဏ္ဏားခြောက်ယောက်ပေါ့။ နောက်တနည်းအားဖြင့် မျက်မမြင် ပုဏ္ဏားခြောက်ယောက်ပါ။ လောလောဆယ်တော့ သူရယ် လွင်မိုးရယ်၊ တရုတ်ကြီး(သန်းနိုင်စိုး)ရယ်၊ အောင်ပြည့်ရယ်၊ လေးယောက်ရှိပြီတဲ့။ နောက်နှစ်ယောက်ကတော့ စစ်နိုင်နဲ့ ကျော်ကြီးဖြစ်လောက်တယ်လို့ ပြောပါတယ်။ ပြီးတော့ အလိုက်လေးက “ချာနာပါနာ ချာနာပါနာ”ဆိုတဲ့ အလိုက်လေးနဲ့ပေါ့။ သူရေးထားတာ သုံးယောက်စာလား လေးယောက်စာလား ပြီးနေပါပြီ။ ကျန်တဲ့ နှစ်ယောက်အတွက်လည်း သူဆက်ရေးမယ်လို့ ကိုမျိုးထွန်းတို့ကို ပြောပြီး အစမ်းလေး ဆိုပြပါတယ်။ အဲဒီအချိန်မှာ ကိုမျိုးထွန်းတို့နဲ့ တူတူနေတဲ့ Harry တို့ သုဝဏ်တို့လည်း ရှိကြတယ်ထင်ပါတယ်။ ပြီးတော့ အဲဒီနှစ်က နောက် Organizer တစ်ယောက်ဖြစ်တဲ့ ကိုVictor(ကိုပြည်စိုးဦး) ကလည်း ရောက်နေပါတယ်။ လီယိုတို့ အစမ်း ကပြပြီးတဲ့ အချိန်မှာ ကျွန်တော်တို့အားလုံးအရမ်းကြိုက်သွားကြပါတယ်။ ကိုမျိုးထွန်းက အလုပ်လုပ်ရင် စည်းစနစ်တကျနဲ့ သပ်သပ်ရပ်ရပ် လုပ်တတ်တဲ့လူဆိုတော့ အခုလို Last Minute မှ လုပ်တာမျိုးကို သိပ်မလိုလားပါဘူး။ သေသေချာချာ တိုက်ထားတာ မဟုတ်တဲ့အတွက် စင်ပေါ်မှာ တစ်ခုခု ချွတ်ချော်မှာ စိုးရိမ်လို့ပါ။ ဒါပေမယ့် ကျွန်တော်တို့အားလုံးကရော ကိုVictor ကပါ ထည့်လိုက်ပါ။ လီယိုကလည်း ပြီးအောင် ရေးပြီး အဆင်ပြေအောင် လုပ်မယ်လို့ ပြောနေပြီပဲ ဆိုတော့ကာ နောက်ဆုံး အဲဒီ Item ထည့်ဖို့ ကိုမျိုးထွန်းနဲ့တူတူ အားလုံးက သဘောတူလိုက်ကြပါတယ်။ သဘောတူတယ်သာ ဆိုတယ် ကျွန်တော်စိတ်ထဲမှာတော့ အ၀တ်အစားက အစဘာမှ မစီစဉ်ရသေးတော့ အဆင်ပြေပါ့မလားပေါ့။
ဒါပေမယ့် တကယ်ကမယ့် မနက်မှာတော့ ပုဏ္ဏားတွေအားလုံး ၀တ်စုံပြည့်နဲ့ပါ။ ဓါတ်ပုံဆရာ ဒီဇိုင်နာ မြင့်ထွန်းလင်း(လွင်မိုး) ရဲ့ လက်ရာပါ။ မထင်ထားပါဘူး ဒီကောင် ဒီလောက်ထိ လုပ်တတ်လိမ့်မယ်လို့။ ဒါပေမယ့် မျက်မမြင်ကြောင်းသိအောင် ဘာလုပ်ကြမလဲ။ နေကာမျက်မှန်တွေလိုက်ရှာကြပါတယ်။ မြန်မာနိုင်ငံမှာသာ နေကာမျက်မှန်က လူတော်တော်များများတတ်ကြတာ။ ဒီစင်္ကာပူမှာတော့ တော်တော်လေး ခက်ခက်ခဲခဲ ရှာရပါတယ်။ မဆိုးပါဘူး ပွဲလာကြည့်ကြတဲ့ ပရိသတ်ထဲက Senior, Junior, Graduate များဆီကနေ အသည်းအသန်လိုက်ရှာလိုက်တဲ့ နောက်ဆုံးမှာ နေကာမျက်မှန်ခြောက်ခုရပါတယ်။ ဒါပေမယ့် အဲဒီအထဲကမှ လွင်မိုးရတဲ့ မျက်မှန်က မှန်တစ်ဖက်ပြုတ်သွားသေးတယ်လေ။ မတတ်နိုင်။ ရှိတာနဲ့ပဲ ကကြရတော့မယ်။ (ပြုတ်သွားတဲ့ မျက်မှန်က ကျောင်းပြီးသွားတဲ့ ကိုမျိုးသူရဲ့ မျက်မှန် လို့ မှတ်မိပါတယ်။ နောက်ပိုင်း ဘယ်လိုရှင်းလိုက်လဲတော့ မသိတော့ပါ။ နားလည်မှုနဲ့ပဲ ထင်ပါတယ်။) အစီအစဉ်ထဲမှာ မပါခဲ့တဲ့ Program တစ်ခုဖြစ်လို့ MC က ဘာProgram လဲဆိုတာ မကြေငြာပဲ စင်ပေါ်တက်ဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် ပုဏ္ဏားခြောက်ယောက်စလုံး စင်အောက်ကနေ မမြင်မစမ်းပုံစံနဲ့ တက်ခဲ့ကြပါတယ်။ ပုဏ္ဏားတွေအတွက် ဖွင့်တဲ့သီချင်းကလည်း အဲဒီအချိန်က အရမ်းပေါက်နေတဲ့ Eminem ရဲ့ Stan သီချင်းတီလုံးနဲ့ပါ။ ပြီးတော့ ပုဏ္ဏားတွေ တစ်ယောက်နဲ့ တစ်ယောက်မိတ်ဆက်ကြတော့လဲ အဲဒီအချိန်က စတဲ့ မြန်မာ့ဟစ်ဟော့ပ်အဖွဲ့ Acid ရဲ့ နာမည်တွေကို ယူပြီး Alcoholic ပုဏ္ဏား၊ Acidic ပုဏ္ဏားဆိုပြီးတော့လည်း သရော်ခဲ့ကြပါတယ်။ ဆိုသွားတဲ့အထဲမှာလဲ ကျော်ကြီးဆိုတဲ့ TP ဘောလုံးအသင်းအကြောင်းနဲ့ စစ်နိုင်ဆိုတဲ့ Inter Poly မှာ ကျောင်းသားတွေ ချ တယ်ဆိုတဲ့ အကြောင်းပဲ နည်းနည်း ထစ်သွားပါတယ်။ ထစ်တာလဲ မပြောနဲ့ အဲဒီနေ့ မနက်မှ စပြီး စာသားကျက်၊ အ၀တ်လဲနေရင်းမှ ယိမ်းကို တိုက်ကြရတာပါ။ ဒါပေမယ့် အနောက်က ပုဏ္ဏားတွေက ပြန်ပြီး ထောက်ပေးတဲ့အတွက် စင်ပေါ်မှာ သိပ်တော့ ရုပ်မပျက်ခဲ့ပါဘူး။
အဲဒီယိမ်းပြီးတဲ့အချိန်မှာ TPmyanmar ရဲ့ ပုဏ္ဏားယိမ်းဟာ TP သမိုင်းဝင် ပုံရိပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒါကို အသိအမှတ်ပြုခဲ့တာကတော့ ပရိသတ်တွေရဲ့ တသောသော မစဲတဲ့ လက်ခုပ်သံတွေပါပဲ။ ခေတ်စကားနဲ့ ပြောရမယ်ဆိုရင်တော့ ပုဏ္ဏားယိမ်းဟာ ပေါက်သွားပါတယ်။ အဲဒီလို အောင်မြင်ခဲ့တဲ့ပုဏ္ဏားယိမ်းဟာ တစ်နှစ်တည်းလားဆိုတော့ မဟုတ်ပါဘူး။ နောက်ပိုင်းနှစ်တွေမှာလဲ နှစ်တိုင်းလောက်နီးပါး ပေါက်သွားတဲ့ အောင်မြင်ခဲ့တဲ့ item တွေ ပါပါတယ်။ တီပီသင်္ကြန်ပွဲတွေ လူကြိုက်များရတဲ့ အဓိက အကြောင်းအရင်းကတော့ Leo တို့ အုပ်စုလို Talent ဖြစ်တဲ့လူတွေ၊ ကိုမျိုးထွန်းတို့လို စည်းစနစ်ကျပြီး တကယ်ဦးဆောင်နိုင်တဲ့ Organizer တွေနဲ့ ကိုယ်တတ်နိုင်တဲ့ဖက်ကနေ အသင်းအဖွဲ့စိတ်ဓါတ်ရှိရှိနဲ့ စိတ်ပါလက်ပါ ၀ိုင်းလုပ်ကြတဲ့ ကျောင်းသားကျောင်းသူတွေကြောင့်လို့ ပြောချင်ပါတယ်။ နောက်တစ်ခုရှိတာက တီပီသင်္ကြန်ပွဲတွေဟာ သမာရိုးကျ တင်ဆက်မှုတွေကနေ ဖောက်ထွက်ပြီး အိုင်ဒီယာအသစ်အဆန်းတွေနဲ့ ပရိသတ်ရဲ့ ရင်ထဲကို တိုက်ရိုက်ရောက်အောင် တင်ဆက်နိုင်လို့ပါ။ အဲဒီလို တင်ဆက်မှုတွေကို ဆက်တိုက်ဆင်နွှဲလာခဲ့တာ အခုဆို ၁၀စုနှစ်တစ်ခုကို ကျော်ခဲ့ပါပြီ။ နောက်လာမယ့် နှစ်တွေမှာလဲ ကျွန်တော်တို့ Temasek ကျောင်းတော်ကြီးကနေ Talent ဖြစ်တဲ့၊ ခေါင်းဆောင်မှုအားကောင်းတဲ့၊ အသင်းအဖွဲ့စိတ်ဓါတ်ရှိတဲ့ လူငယ်တွေ အများကြီးမွေးထုတ်ပေးနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
(အစဉ်အလာကြီးမားခဲ့တဲ့ TPmyanmar သင်္ကြန်တွေအကြောင်းနဲ့ တူတူလက်တွဲခဲ့ရတဲ့ သူငယ်ချင်းများအကြောင်းကို မှတ်မိသလောက် အလျဉ်းသင့်သလို ပြန်ရေးမယ်လို့ စိတ်ကူးထားပါတယ်။ ကျွန်တော်နဲ့တူတူ ၀ိုင်းဝန်းပြီး မှတ်မိသလောက် ရေးနိုင်ကြမယ် ဒါမှမဟုတ် အမှတ်တရလေးတွေကို Comment ပေးသွားမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ကြိုဆိုနေမှာပါ။)
စည်သူ(သံလွင်)
Subscribe to:
Posts (Atom)

.jpg)
.jpg)




