ဒီစာကို ညီညီ(သံလွင်)ရဲ့ ပြောင်းလဲတယ်ဆိုတာ သေချာပြီလား စာစုကို
ဖတ်ပြီး ရေးပါတယ်။ ကျွန်တော့်အတွေ့အကြုံတချို့ကို ရှယ်ချင်တာရော
ပြဿနာတစ်ခုကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို Brain Storming လုပ်တာရောပေါ့။
စင်္ကာပူကို ထွက်လာခါနီး Passport လုပ်တော့ ၁၈ နှစ်ပြည့်မှတ်ပုံတင်လိုပါတယ်။
အဲဒါနဲ့ ဗိုလ်တထောင်မြို့နယ် ၄၄လမ်း ရပ်ကွက်မှတ်ပုံတင်ရုံးမှာ
ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ပါ။ ကိုယ့်ဘာသာကိုယ် မှတ်ပုံတင်လုပ်ဖို့
သွားတော့ ဖောင်တွေ ဘာတွေဖြည့် လိုအပ်စာရွက်စာတမ်းတွေပြပြီး
မှတ်ပုံတင်ထုတ်ပေးဖို့ပဲ ကျန်ပါတယ်။ အဲဒီအချိန်မှာ ဦးစီးမှူးဆိုသူရဲ့
လက်မှတ်ထိုးပေးဖို့ ကိစ္စမှာ မထိုးပေးသေးပဲ သူအပြင်သွားတယ်တို့ ညနေမှ
ပြန်ရောက်မယ်တို့ ရုံးစာရေးမရဲ့ ဇာတ်လမ်းစုံနဲ့ ကျွန်တော်
တနေကုန်ထိုင်စောင့်တာ ညနေရုံးဆင်းတဲ့အထိပါပဲ။ နောက်နေ့မနက်ကျတော့လည်း
ရုံးမဖွင့်ခင်ကတည်းက ရုံးရှေ့မှာ ထိုင်စောင့်ပါတယ်။
ဦးစီးမှူးအပြင်သွားတယ်ဆိုလို့ အဲဒီစာရေးမရဲ့ ခုံရှေ့မှာ ထိုင်စောင့်ပါတယ်။
ဒီနေ့တော့ ကျွန်တော်လူလည် ဖြစ်သွားပါပြီ။ ကျွန်တော်ဝတ္ထုစာအုပ်တစ်အုပ်
ပါလာတယ်။
ဒါနဲ့ နေ့လည်ထမင်းစားချိန်လောက်ရောက်ခါနီးမှာ
သူငယ်ချင်းနေဘုန်းလတ်နဲ့ ချိန်းထားတာကို သတိရသွားတယ်။ ဒါနဲ့ပဲ အိမ်ကို
ဖုန်းဆက်ပြီး သူလာရင် ထမင်းဗူးထည့်ပေးလိုက်ဖို့နဲ့ ဂစ်တာပါ ယူလာခဲ့ဖို့
မှာလိုက်ပါတယ်။ နေဘုန်းလတ် ရပ်ကွက်ရုံးကို ရောက်လာတော့ ထမင်းစားချိန်ပါ။
စာရေးမလည်း ထမင်းဗူးထုတ်စား ကျွန်တော်နဲ့ နေဘုန်းလတ်လည်း သူတို့ရှေ့မှာ
ထမင်းဗူးထုတ်စားပါတယ်။ အဲဒီအစည်းအဝေးသွားနေတယ်ဆိုတဲ့ ဦးစီးမှူးက
ဘယ်နေရာမှာ ရှိလို့ ရှိမှန်းကို မသိရပါဘူး။ ဒါနဲ့ပဲ ကျွန်တော်တို့
နှစ်ယောက် စားသောက်ပြီး မေးကြည့်တော့ ပြန်မရောက်သေးဘူးဆိုတာနဲ့
ကျွန်တော်တို့ ဒီရုံးရှေ့မှာ ရှိနေမယ် ဆိုတဲ့အကြောင်းပြောပြီး နှစ်ယောက်သား
ဂစ်တာတီး သီချင်းတွေ ဆိုလို့ ထိုင်စောင့်ပေမယ့် အဲဒီနေ့လည်း မရပါဘူး။
ပိုက်ဆံလိုချင်လို့ လူကို ရစ်ထားတာပါ။ ရပါတယ် ကျွန်တော်အဲဒီနေ့က တနေကုန်
အားနေပါတယ်။ ဒါနဲ့ပဲ နောက်နေ့ကျတော့ မနက်မိုးလင်းကတည်းက ထမင်းဗူးရယ်
ဝတ္ထုစာအုပ်တနေကုန်စာရယ်နဲ့ သွားပါတယ်။ ထုံးစံအတိုင်း ဟိုအကြောင်းပြ
ဒီအကြောင်းပြနဲ့ မလုပ်ပေးပြန်ပါဘူး။ သူတို့က ရစ်လေ ကျွန်တော်က
တပြားမှမပေးချင်လေပါပဲ။ ကျွန်တော့်စာရွက်စာတမ်းတွေကို ဦးစီးမှူးကို
တင်ပြီးရဲ့လား။ ဦးစီးမှူးကရော ရှိနေရဲ့သားနဲ့ ပိုက်ဆံလိုချင်လို့
အတွေ့မခံသေးတာလား ဆိုတာတော့ သူတို့ပဲ အသိဆုံးဖြစ်မှာပါ။
ထမင်းစားပြီးချိန်လောက်မှာ မှတ်ပုံတင်လေး လုပ်တာ ဒီလောက်ကြာနေလို့
စိတ်မချတဲ့ အမေလိုက်လာပါတယ်။ ပြီးတော့ စာအိတ်လေး တစ်အိတ် စာရေးမကို
ပေးလိုက်တာနဲ့ ဦးစီးမှူးက မိုးပေါ်က ကျလာသလိုပဲ ရောက်လာပြီး
ကျွန်တော်မှတ်ပုံတင်ရခဲ့ပါတယ်။ အမေက ပေးစရာရှိတာ ပေးလိုက်။ ပြီးတာပဲ
ဆိုပြီး ကျွန်တော့်ကို စိတ်ဆိုးပါတယ်။ ကျွန်တော်ကလည်း တပြားတချပ်မှ
မပေးချင်လို့ စိတ်ရှည်လက်ရှည်နဲ့ ဒီလိုတွေ လုပ်နေပါတယ် ဆိုမှ
အမေလုပ်လိုက်တော့ ပေးလိုက်ရရောဆိုပြီး သိပ်မကျေနပ်လှပါဘူး။ ပေးလိုက်ရတဲ့
ပိုက်ဆံထက်ကို တရားမ၀င် မပေးချင်တဲ့စိတ်၊ လာဘ်မပေးချင်တဲ့စိတ်က
ပိုများပါတယ်။ ဒါပေမယ့် တဖက်မှာလည်း ပတ်စပို့ကလုပ်ဖို့ ရှိနေတော့
စိတ်နည်းနည်းလျော့လိုက်ပါတယ်။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ ပြည်သူတွေ
ဒီစနစ်ဆိုးကြီးအောက်မှာ အသားကျခဲ့တယ်ထင်ပါရဲ့။
နောက်ကိစ္စတစ်ခုက
ကျွန်တော့်အကိုဖြစ်ခဲ့တဲ့ကိစ္စပါ။ စင်္ကာပူကနေ ခဏကျောင်းပိတ်လို့ ရန်ကုန်ကနေ
ပြန်ခါနီး ပန်းဆိုးတန်းလမ်းက D-form ရုံးမှာ ဖြစ်တာပါ။ သံရုံးက
ကျောင်းသားဖြစ်ကြောင်းထောက်ခံစာကို D-form ရုံးက လူတွေက တောင်းတာပါ။
ကျွန်တော့်အကိုကလည်း လေဆိပ်မှာ လူဝင်မှုက တောင်းလို့ ပေးခဲ့ရပြီ။
မရှိတော့ဘူးဆိုတော့၊ အဲဒီဟာက ပေးခဲ့ရမယ့်ဟာမဟုတ်ဘူး။ အဲဒါမရှိရင် D-form
မထုတ်ပေးဘူးဆိုပြီး ရစ်ပါတယ်။ တကယ်ဆို လေဆိပ်ကလူက ဘာလို့တောင်းသလဲ၊
နောက်ဆုံးသူတို့ လူဝင်မှုအောက်မှာအချင်းချင်းပဲဟာ လှမ်းတောင်းပါလား။
ကျောင်းသားတွေ အနေနဲ့ကတော့ သူတို့ရဲ့ ရုံးကိစ္စတွေမသိတော့ တောင်းရင်
ပေးလိုက်မှာပါပဲ။ အဲဒါကို နှစ်ရက်သုံးရက်လောက် ရစ်နေတာနဲ့ပဲ
လူကြီးတစ်ယောက်ကိုအကူအညီတောင်းပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ ၀န်ကြီးကို
ဖုန်းဆက်ရမလား၊ ၀န်ကြီးPA ကို လာလှမ်းပြောရမလား လုပ်မှ “ဒီကိစ္စလောက်နဲ့
အန်ကယ်ကြီးကိုယ်တိုင် လာစရာမလိုပါဘူး၊ ကျွန်မတို့က အစောကြီးကတည်းက သိရင်
လုပ်ပေးပါတယ်”ဆိုပြီး လုပ်ပေးလိုက်ပါတယ်။ ဒါဟာ ပိုက်ဆံရမယ်ထင်လို့
လုပ်တာပါ။
နောက်တစ်ခေါက်က ညီညီ(သံလွင်)နဲ့
စင်္ကာပူကျောင်းနားရက်မှာ ရန်ကုန် အလည်ပြန်ရင်းဖြစ်ခဲ့တဲ့ ကိစ္စပါ။D-form
ရုံးမှာပါပဲ။ မနက်ကတည်းက လိုအပ်တဲ့ စာရွက်စာတမ်းတွေ
နှစ်ယောက်တူတူတင်လိုက်ပြီးတော့ နေ့လည်၂နာရီလောက်မှာ ကျွန်တော် D-form
ရပါတယ်။ ဒါပေမယ့် ညီညီ့ရဲ့ D-form က ညနေ ၄နာရီလောက်ထိ မရလာပါဘူး။ အဲဒါနဲ့
ကျွန်တော်တို့ ကောင်တာမှာ ရှိသမျှ စာရေးမတွေကို နားပူနားဆာလုပ်ပါတယ်။
ညနေဖက် ရောက်လာလို့ ဖောင်လည်း ထပ်လက်မခံတော့တာကြောင့် ကောင်တာက
အမျိုးသမီးတွေလည်း ရုံးအတွင်းဖက်ကို ၀င်ကုန်ကြပါပြီ။ ဒါနဲ့ပဲ အတွင်းဖက်မှာ
ဖြတ်လျှောက်သွားသူမှန်သမျှကို သွားစရာရှိလို့ပါ ကျွန်တော့်ဟာရပြီး
သူ့ဟာမရသေးဘူးလား နဲ့ မျိုးစုံ မေးပါတယ်။ ဒါပေမယ့် သွားကြည့်ပေးသလိုလို၊
လုပ်နေတုန်းလိုလို ခဏနေရမယ်လိုလို မတင်မကျတွေ ပြောသွားပါတယ်။
ကျွန်တော်တို့လည်း ပိုက်ဆံပေးရကောင်းမှန်းမသိသလို၊ ပေးလည်းမပေးချင်ပါဘူး။
ဒါနဲ့ ထိုင်စောင့်နေလိုက်တာ ညနေ ၅နာရီခွဲ ရုံးပိတ်ခါနီးမှ မောင်လေးရဲ့
ဖောင်မှာ အမှားပြင်ထားတာကို ဘောလ်ပင်ကြီးနဲ့ ခြစ်ထားလို့တဲ့။ “ဗျာ”
မှားလို့ ပြင်တာပဲ ဘောလ်ပင်နဲ့ ခြစ်ပြီး မဖျက်လို့ ဘာနဲ့
ဖျက်စေချင်တာတုန်း။ ဆိုတော့ Correction Pen လေးနဲ့ သေချာဖျက်ပြီးပြန်တင်ပါ
ဆိုလို့ ညီအစ်ကိုနှစ်ယောက် Correction Pen ပြေးဝယ်ရပါသေးတယ်။
အခုတော့
အဲဒီ D-Form ရုံးလည်းမလိုတော့ပါဘူး။ အရမ်းကို အဆင်ပြေလွယ်ကူတဲ့ E-Dform
တွေ ရနေနိုင်လို့ပါပဲ။ ဒါတောင် တခြားဘယ်နိုင်ငံမှာမှ D-Form လုပ်ရတယ်
မကြားဖူးပါဘူး။ နိုင်ငံကနေ ထွက်တယ်ဆိုရင် လူဝင်မှုကြီးကြပ်ရေးက သိပြီပဲ။
အထက်ဖော်ပြပါတွေကတော့
လွန်ခဲ့တဲ့ ၁၀စုနှစ်ကျော်ကျော်က ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားတွေ
နေ့စဉ်ကြုံတွေ့နေရတဲ့ အခက်အခဲတွေပါ။ ဒါမှမဟုတ်
နိုင်ငံသူနိုင်ငံသားတွေနေ့စဉ် ပြုလုပ်နေရတဲ့
အကျင့်ပျက်လာဘ်စားမှုကြီးတွေပါပဲ။ ညီညီရဲ့ ပိုစ့်ကို ဖတ်ပြီး ခုထက်ထိလည်း
ဒါတွေဟာ ရှိနေဆဲပဲဆိုတာကို သိလိုက်ရလို့ အများကြီးလုပ်ဖို့ လိုပါသေးလားလို့
ရင်မောမိတယ်။ အစိုးရလုပ်ရမယ့် ကိစ္စဆိုပြီး သူတို့ ပြင်တာကိုပဲ
ထိုင်စောင့်နေမယ်ဆိုရင်တော့ ရွှေပြည်တော်ရယ် မျှော်တိုင်းဝေးဆိုသလို
ဖြစ်ပါတော့မယ်။ သူတို့ မပြင်ရင် ပြင်အောင် ဘယ်လို တွန်းအားပေးသင့်သလဲဆိုတာ
ကျွန်တော်တို့ စဉ်းစားသင့်တယ်။ သူတို့မပြင်ခင်မှာ ကျွန်တော်တို့ ဘာတွေ
လုပ်သင့်သလဲဆိုတာကို အတွေးနယ်ချဲ့နေမိတယ်။ နောက်မှ အဲဒီအကြောင်းကို
ပိုစ့်တစ်ခု ရေးပြီး တင်ပါဦးမယ်။ တကယ်တော့ လာဘ်ပေးတဲ့သူကလည်း ပြည်သူပဲ။
လာဘ်ယူသူကလည်း ၀န်ထမ်း(ညီညီ့စကားအရဆိုရင်တော့ ငါးခုံးမ)တွေဆိုတော့
ပြည်သူထဲက ပြည်သူပါပဲ။ အမှားတွေကို ပြင်ဖို့ဆိုတာ အမှန်ကို လက်ခံဖို့
လိုပါတယ်။ ဒါ့ကြောင့် လာဘ်ပေးလာဘ်ယူ ဒို့ရန်သူမဟုတ်ပါဘူး။ လာဘ်ပေးလာဘ်ယူ
ဒို့ပြည်သူတွေပါပဲလို့။ အဲဒီအကျင့်ဆိုးကြီး ပြည်သူတွေ ကြားမှာ
ကျွန်တော်တို့ ကြားမှာ ဒီလို ဒီမိုကရေစီခေတ်ကြီးမှာ တကယ်ကို
မရှိသင့်တော့ပါဘူးဗျာ။
စည်သူ(သံလွင်)