Thursday, May 10, 2012

တီပီမြန်မာ နတ်စိမ်းယိမ်း ၂၀၀၂

တီပီမြန်မာရဲ့ ပုဏ္ဏားယိမ်းဟာ ၂၀၀၁ သင်္ကြန်မှာ ပရိသတ်ရဲ့ တခဲနက်အားပေးမှုကို ရခဲ့ပါတယ်။ အဲဒါနဲ့ပဲ နောက်တစ်နှစ် ၂၀၀၂ သင်္ကြန်လုပ်ဖို့အတွက် Meeting အပြီးမှာ လီယိုက ပြောပါတယ်။ “မနှစ်ကလည်း ဒီပုဏ္ဏားတွေ ဒါပဲဆို၊ ဒီနှစ်လည်း ဒီပုဏ္ဏားတွေ ဒါပဲ ဆိုတယ်ဆို ပျင်းစရာကြီးတဲ့၊ အဲဒါကြောင့် ပုဏ္ဏားယိမ်းထက်ကို နတ်စိမ်းယိမ်း လုပ်ရင်ကောင်းမယ်လို့” ပြောလာပါတယ်။ ပြီးတော့ စစ်နိုင်၊ တရုတ်ကြီးနဲ့ ကျော်ကြီးတို့ အစား ကွမ်းသီး၊ ကျော်ဇင်နဲ့ ကိုတွတ်ပီတို့ကို အစားထိုးလို့ ပုဏ္ဏားတစ်ပိုင်းလောက် ထည့်ပြီး နတ်စိမ်းယိမ်းကို အဓိက ကမယ်လို့ပြောတယ်။

နတ်စိမ်းယိမ်းအကြောင်းမပြောခင် နောက်ပိုင်းလူတွေလည်း သိရအောင် ကျွန်တော်လုပ်ခဲ့ဖူးတဲ့ Stage Manager နဲ့ ticketing အကြောင်းလေးကို နည်းနည်းပြောပြချင်ပါတယ်။ ကျွန်တော်တို့ First Year တုန်းက လုပ်တဲ့ ပထမဦးဆုံးတီပီသင်္ကြန်မှာ ကျွန်တော်က Organizer အဖြစ်သာမက တကယ့်ပွဲနေ့မှာ Stage Manager အနေနဲ့ပါ လုပ်ခဲ့ရတော့ ၂၀၀၂ သင်္ကြန်မှာလည်း Stage Manager အရမ်းလုပ်ချင်ခဲ့ပါတယ်။ Stage Manager ဆိုတာ ဇာတ်စင်အနောက်နဲ့ Control Room နဲ့ကို အချိတ်အဆက်လုပ်ပေးရတာပါ။ ယိမ်းတစ်ခုကတော့မယ်ဆိုရင် ယိမ်းတွေ ready ဖြစ်ပြီဆိုတဲ့အကြောင်း control room ကို လှမ်းအကြောင်းကြားရပါတယ်။ အဲဒီအချိန်မှာ Control room ထဲက လူက Light ready/ Sound ready ဆိုပြီး 4,3,2,1 Go ဆိုတာနဲ့ performance တစ်ခု စပါတယ်။ အဲဒီနေရာက တကယ်အရေးကြီးသလို အရမ်းလည်း အလုပ်ရှုပ်ပြီး အရမ်းစည်းစနစ်နဲ့ တိတိကျကျလုပ်တတ်တဲ့သူဖြစ်ရပါတယ်။ (နောက်ပိုင်းနှစ်တွေမှာ နာမည်အကြီးဆုံး Stage Manager ကတော့ ကိုဟန်သော်ဦးပါ) ပျော်ဖို့လည်းကောင်း ရင်ခုန်ဖို့လည်း ကောင်းတဲ့ အဲဒီနေရာကို လုပ်ချင်တယ်ဆိုပြီး အဲဒီနှစ် Organizer ကိုသန့်စင်နဲ့ ကိုကျော်သူရတို့ကို Meeting မှာ ပြောပါတယ်။ နှစ်ယောက်လုံးရဲ့ သဘောက သဘောမတူပါဘူးတဲ့။ ကိုကျော်သူရက “မင်းအဲဒီနေရာ ထက်ကို ပိုပြီးအရေးကြီးတဲ့နေရာမှာ လုပ်သင့်တယ်” ဆိုပြီး လက်မှတ်ကိုင်ခိုင်းပါတယ်။

ကျွန်တော်ကလည်း လက်မှတ်ကိုင်ရတာ အပန်းမကြီးပေမယ့် ငွေကိုင်ရတာကို အရမ်းစိတ်ညစ်ပါတယ်။ ကျွန်တော် စာရင်းဇယားမနိုင်ပါဘူး၊ လုပ်ရတာ သိပ်ပျင်းပါတယ်။ ဒါပေမယ့် လူကြီးတွေ စီစဉ်တာကို လက်ခံလိုက်ပြီး လက်မှတ်ကိုင် လုပ်ပါတယ်။ လက်မှတ်ကိုင်ဆိုတာဟာ လက်မှတ်ဒီဇိုင်း၊ လက်မှတ်ထဲမှာ ထည့်ပေးရမယ့် Infomation ကအစ လက်မှတ်တွေအကုန်ရောင်းနိုင်ဖို့ အလယ်၊ နောက်ဆုံး စာရင်းပိတ်တာ အဆုံးထိ လုပ်ရတာပါ။ အဲဒီ၂၀၀၂ သင်္ကြန်အတွက် လက်မှတ်ကို ကျွန်တော်က ကိုင်ရပြီး စည်သာက ငွေကိုင်ရတယ်လို့ မှတ်မိပါတယ်။ အဲဒါကြောင့် ကိုသန့်စင်တို့ နေတဲ့ Tampines က Blk 840 ကို အမြဲရောက်ပါတယ်။ အဲဒါကြောင့် အဲဒီအိမ်က Leo တို့ လွင်မိုးတို့ရဲ့ နတ်စိမ်းအကြောင်းကိုလည်း သိသင့်သလောက် သိနေပါတယ်။ ပုဏ္ဏားနဲ့ နတ်စိမ်းကို သူတို့က ဒီလိုလေး ချိတ်ဖို့ ကြိုးစားကြတယ်။ ပုဏ္ဏားတွေကို ပေါင်ချိန်က သတ်လိုက်မယ်၊ အဲဒါနဲ့ပဲ သူတို့က နတ်တွေဖြစ်သွားမယ်ပေါ့။

ပြောတာလွယ်ပေမယ့် တကယ်လုပ်တော့ ပေါင်ချိန်အ၀တ်အစားရော ပေါင်ချိန်နောက်လိုက် လေးယောက်ရဲ့ အ၀တ်အစားကိုပါ ချုပ်ဖို့လုပ်ကြရတယ်။ ပေါင်ချိန်ကလည်း ခါးမှာ ခါးပတ်ကြီးက ပတ်ထားသေးတာကိုး။ အဲဒီခါးပတ်ခေါင်းကလည်း အကြီးစားဆိုတော့ ရှာဖို့မလွယ်၊ နောက်ဆုံး အိမ်ပြတင်းပေါက်လိုက်ကာ တွေမှာ ချည်တဲ့ အလှသံခေါင်းနဲ့ အ၀တ်စနဲ့ပေါင်းပြီး ခါးပတ်လုပ်လိုက်တယ်ထင်ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ နားထဲမှာ အရမ်းယဉ်နေတဲ့ ပေါင်ချိန်တီးလုံးပါ။ “ခိုင်ဖုံရုံးဟူ ပေါင်ချိန်တန်” ဆိုတဲ့ တီလုံးကို အဲဒီခေတ်က Youtube မရှိဘာမရှိဆိုတော့ လွယ်လွယ်နဲ့ Internet ကနေလည်း မရနိုင်ပါ။ လိုက်ရှာကြရင်းနဲ့ ပွဲလုပ်မယ့်နေ့ မနက်မှလား ကျောင်းရှေ့က အခွေငှားဆိုင်ကနေ ရလာပါတယ်။ နောက်ဆုံးကြုံရတဲ့ပြဿနာကတော့ ပုဏ္ဏားတွေ သေသွားပြီး နတ်စိမ်းအဖြစ်ပြန်မထွက်ခင်အချိန်ကို ဘယ်လိုလုပ်မလဲ ဆိုတာပါပဲ။ ပြဇာတ်တို သဘောမျိုး ကနေတဲ့ကြားမှာဆိုတော့ MC လည်း ထွက်လာလို့ မရပါဘူး။ ပုဏ္ဏားအ၀တ်အစားကနေပြီး နတ်စိမ်းအ၀တ်အစားလဲဖို့ အချိန်နည်းနည်းတော့ လိုပါတယ်။ အဲဒါနဲ့ နောက်ဆုံးတော့ Puff Daddy ရဲ့ I'll be missing you သီချင်းနဲ့ ပုဏ္ဏားတွေရဲ့ မျက်နှာပြောင်နေတဲ့ ပုံတွေကို Slide show တွေနဲ့ ပြမယ်ဆိုပြီး သင်္ကြန်မတိုင်ခင် ညကျမှ 840 အိမ်ရှေ့မှာပဲ ဓါတ်ပုံတွေ ရိုက်ကြပါတယ်။

ဒီလိုနဲ့ တကယ့်ပွဲနေ့ကို ရောက်လာခဲ့တယ်။ ပုဏ္ဏားနဲ့ နတ်စိမ်းကွာတာက ပုဏ္ဏားက တစ်ယောက်ချင်းစီ ထွက်ဆိုတာဖြစ်ပြီး နတ်စိမ်းကတော့ နှစ်ယောက်တစ်တွဲ ဆိုကြတာပါ။ လီယိုနဲ့ ကျော်ဇင်၊ လွင်မိုးနဲ့ ကိုတွတ်ပီ၊ ကိုပြည့်နဲ့ ကွမ်းသီး စသည်ဖြင့် အတွဲညီညီ သရုပ်ဆောင်သွားကြပါတယ်။ ပေါင်ချိန်အဖြစ်ပီပြင်စွာ သရုပ်ဆောင်သွားသူကတော့ ကိုကျော်စိုးပါ။ နောက်လိုက်လေးယောက်နေရာမှာတော့ ကြောင်ချီး၊ သန့်အောင်နဲ့ နောက်နှစ်ယောက်ပါ။ ၂၀၀၁ တုန်းကလို တစ်ရက်လိုမှ တိုက်တာမဟုတ်ပဲ အစောကြီးကတည်းက သေသေချာချာ တိုက်ထားကြတာဖြစ်တဲ့အတွက် ကိုတွတ်ပီစာရွက်လေး နည်းနည်းကြည့်ဆိုရတာရယ်၊ ကျော်ဇင်က နတ်စိမ်းအ၀တ်ကြီးနဲ့ ပုဏ္ဏားတို့ တီပီမှာကွယ်ဆိုပြီး မှားဆိုတာလေးက လွဲပြီး အားလုံး အဆင်ပြေပြေနဲ့ ပြီးသွားခဲ့ပါတယ်။ ပထမနှစ် ပုဏ္ဏားယိမ်းတုန်းကလိုပဲ ပရိသတ်ရဲ့ လက်ခုပ်သံတွေဟာ မစဲတဲ့ နတ်စိမ်းယိမ်းအကြောင်းကို အမှတ်တရ ရေးသားလိုက်ပါတယ်။

(အစဉ်အလာကြီးမားခဲ့တဲ့ TPmyanmar သင်္ကြန်တွေအကြောင်းနဲ့ တူတူလက်တွဲခဲ့ရတဲ့ သူငယ်ချင်းများအကြောင်းကို မှတ်မိသလောက် အလျဉ်းသင့်သလို ပြန်ရေးမယ်လို့ စိတ်ကူးထားပါတယ်။ ကျွန်တော်နဲ့တူတူ ၀ိုင်းဝန်းပြီး မှတ်မိသလောက် ရေးနိုင်ကြမယ်၊ မှားတာရှိရင် ၀ိုင်းပြင်ပေးကြမယ် ဒါမှမဟုတ် အမှတ်တရလေးတွေကို Comment ပေးသွားမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ကြိုဆိုနေမှာပါ။)



စည်သူ(သံလွင်)

တီပီမြန်မာ ပုဏ္ဏားယိမ်း ၂၀၀၁

မှတ်မှတ်ရရပါပဲ ၂၀၀၁ ခုနှစ် ဧပြီလရဲ့ ညတစ်ညမှာပေါ့။ သင်္ကြန်မလုပ်ခင်ညဖက် ကိုမျိုးထွန်း(အဲဒီနှစ်က Organizer) ရဲ့ အိမ်မှာ TPmyanmar ဓါတ်ပုံပြပွဲလေး လုပ်ဖို့ စီစဉ်နေခဲ့ကြတယ်။ ကိုမျိုးထွန်းတို့က Third Year ကျောင်းပြီးတော့မယ့် အချိန်မှာ ကျွန်တော်တို့ရဲ့ Second Year Second Semester SIP ဆင်းနေတဲ့အချိန်ပေါ့။ အဲဒါကြောင့် 2nd year တွေက သင်္ကြန်အတွက် အချိန်တွေအများကြီးမပေးနိုင်ပေမယ့် ကိုယ်တတ်နိုင်တဲ့ဖက်ကနေ တတပ်တအား ပါဝင်ကူညီခဲ့ကြပါတယ်။ ကျွန်တော်ဆို အဲဒီနှစ်က Auditorium 1 ရဲ့ မီးမောင်းကြီး နှစ်ခုထဲက ဘယ်ဖက်က မီးမောင်းကို ကိုင်ရပါတယ်။ ညာဖက်က မီးမောင်းကို ကိုင်တာကတော့ 1st year က ဘောလုံးကန်တဲ့ ကိုဥက္ကာလို့ ထင်ပါတယ်။ ပြီးတော့ ကိုမျိုးထွန်းက ဓါတ်ပုံပြပွဲလေး လုပ်ရအောင် ဆိုလို့ TPmyanmar ရဲ့ လုပ်ခဲ့တဲ့ ဘောလုံးပွဲ၊ Fresher Welcome၊ သီတင်းကျွတ်မီးထွန်းပွဲ အစရှိတာတွေရဲ့ ဓါတ်ပုံတွေကို Foyer ထဲမှာ လာတဲ့ ပရိသတ်ကြည့်ရအောင် ပြဖို့ ကဒ်ထူပြားတွေပေါ်မှာ ကပ်နေခဲ့ပါတယ်။ ည ကိုးနာရီ ကျော်ကျော်လောက်မှာ လီယိုတို့ ရောက်လာကြပါတယ်။ ပြီးတော့ ဒီနှစ်သင်္ကြန်မှာ အစီအစဉ်လေး တစ်ခု ထပ်ပြီး ထည့်ချင်တယ်ဆိုတဲ့အကြောင်း လာပြောကြတာပါ။ တကယ်ဆို Leo၊ စစ်နိုင်၊ ဖိုးကောက်တို့ ပါတဲ့ ပြဇာတ်က တော်တော်လေး ကောင်းနေပါပြီ။ လီယိုတုတ်ကြီးနဲ့ ရာဇာရေမြင်းတို့ရဲ့ ကျောင်းသားဇာတ်လမ်းလေးပါ။ အဲဒီပြဇာတ်အပြင်ကို ပြဇာတ်တိုလို့ပဲပြောရမလား၊ အများကတော့ ပုဏ္ဏားယိမ်းလို့ပဲ သိထားကြတဲ့ Item လေးတစ်ခုကို ကိုမျိုးထွန်းတို့ကို လာပြီး ပြတာပါ။

အဲဒီပုဏ္ဏားယိမ်းမှာ ပုဏ္ဏားခြောက်ယောက်ပေါ့။ နောက်တနည်းအားဖြင့် မျက်မမြင် ပုဏ္ဏားခြောက်ယောက်ပါ။ လောလောဆယ်တော့ သူရယ် လွင်မိုးရယ်၊ တရုတ်ကြီး(သန်းနိုင်စိုး)ရယ်၊ အောင်ပြည့်ရယ်၊ လေးယောက်ရှိပြီတဲ့။ နောက်နှစ်ယောက်ကတော့ စစ်နိုင်နဲ့ ကျော်ကြီးဖြစ်လောက်တယ်လို့ ပြောပါတယ်။ ပြီးတော့ အလိုက်လေးက “ချာနာပါနာ ချာနာပါနာ”ဆိုတဲ့ အလိုက်လေးနဲ့ပေါ့။ သူရေးထားတာ သုံးယောက်စာလား လေးယောက်စာလား ပြီးနေပါပြီ။ ကျန်တဲ့ နှစ်ယောက်အတွက်လည်း သူဆက်ရေးမယ်လို့ ကိုမျိုးထွန်းတို့ကို ပြောပြီး အစမ်းလေး ဆိုပြပါတယ်။ အဲဒီအချိန်မှာ ကိုမျိုးထွန်းတို့နဲ့ တူတူနေတဲ့ Harry တို့ သုဝဏ်တို့လည်း ရှိကြတယ်ထင်ပါတယ်။ ပြီးတော့ အဲဒီနှစ်က နောက် Organizer တစ်ယောက်ဖြစ်တဲ့ ကိုVictor(ကိုပြည်စိုးဦး) ကလည်း ရောက်နေပါတယ်။ လီယိုတို့ အစမ်း ကပြပြီးတဲ့ အချိန်မှာ ကျွန်တော်တို့အားလုံးအရမ်းကြိုက်သွားကြပါတယ်။ ကိုမျိုးထွန်းက အလုပ်လုပ်ရင် စည်းစနစ်တကျနဲ့ သပ်သပ်ရပ်ရပ် လုပ်တတ်တဲ့လူဆိုတော့ အခုလို Last Minute မှ လုပ်တာမျိုးကို သိပ်မလိုလားပါဘူး။ သေသေချာချာ တိုက်ထားတာ မဟုတ်တဲ့အတွက် စင်ပေါ်မှာ တစ်ခုခု ချွတ်ချော်မှာ စိုးရိမ်လို့ပါ။ ဒါပေမယ့် ကျွန်တော်တို့အားလုံးကရော ကိုVictor ကပါ ထည့်လိုက်ပါ။ လီယိုကလည်း ပြီးအောင် ရေးပြီး အဆင်ပြေအောင် လုပ်မယ်လို့ ပြောနေပြီပဲ ဆိုတော့ကာ နောက်ဆုံး အဲဒီ Item ထည့်ဖို့ ကိုမျိုးထွန်းနဲ့တူတူ အားလုံးက သဘောတူလိုက်ကြပါတယ်။ သဘောတူတယ်သာ ဆိုတယ် ကျွန်တော်စိတ်ထဲမှာတော့ အ၀တ်အစားက အစဘာမှ မစီစဉ်ရသေးတော့ အဆင်ပြေပါ့မလားပေါ့။

ဒါပေမယ့် တကယ်ကမယ့် မနက်မှာတော့ ပုဏ္ဏားတွေအားလုံး ၀တ်စုံပြည့်နဲ့ပါ။ ဓါတ်ပုံဆရာ ဒီဇိုင်နာ မြင့်ထွန်းလင်း(လွင်မိုး) ရဲ့ လက်ရာပါ။ မထင်ထားပါဘူး ဒီကောင် ဒီလောက်ထိ လုပ်တတ်လိမ့်မယ်လို့။ ဒါပေမယ့် မျက်မမြင်ကြောင်းသိအောင် ဘာလုပ်ကြမလဲ။ နေကာမျက်မှန်တွေလိုက်ရှာကြပါတယ်။ မြန်မာနိုင်ငံမှာသာ နေကာမျက်မှန်က လူတော်တော်များများတတ်ကြတာ။ ဒီစင်္ကာပူမှာတော့ တော်တော်လေး ခက်ခက်ခဲခဲ ရှာရပါတယ်။ မဆိုးပါဘူး ပွဲလာကြည့်ကြတဲ့ ပရိသတ်ထဲက Senior, Junior, Graduate များဆီကနေ အသည်းအသန်လိုက်ရှာလိုက်တဲ့ နောက်ဆုံးမှာ နေကာမျက်မှန်ခြောက်ခုရပါတယ်။ ဒါပေမယ့် အဲဒီအထဲကမှ လွင်မိုးရတဲ့ မျက်မှန်က မှန်တစ်ဖက်ပြုတ်သွားသေးတယ်လေ။ မတတ်နိုင်။ ရှိတာနဲ့ပဲ ကကြရတော့မယ်။ (ပြုတ်သွားတဲ့ မျက်မှန်က ကျောင်းပြီးသွားတဲ့ ကိုမျိုးသူရဲ့ မျက်မှန် လို့ မှတ်မိပါတယ်။ နောက်ပိုင်း ဘယ်လိုရှင်းလိုက်လဲတော့ မသိတော့ပါ။ နားလည်မှုနဲ့ပဲ ထင်ပါတယ်။) အစီအစဉ်ထဲမှာ မပါခဲ့တဲ့ Program တစ်ခုဖြစ်လို့ MC က ဘာProgram လဲဆိုတာ မကြေငြာပဲ စင်ပေါ်တက်ဖို့ ဆုံးဖြတ်ခဲ့တဲ့အတွက် ပုဏ္ဏားခြောက်ယောက်စလုံး စင်အောက်ကနေ မမြင်မစမ်းပုံစံနဲ့ တက်ခဲ့ကြပါတယ်။ ပုဏ္ဏားတွေအတွက် ဖွင့်တဲ့သီချင်းကလည်း အဲဒီအချိန်က အရမ်းပေါက်နေတဲ့ Eminem ရဲ့ Stan သီချင်းတီလုံးနဲ့ပါ။ ပြီးတော့ ပုဏ္ဏားတွေ တစ်ယောက်နဲ့ တစ်ယောက်မိတ်ဆက်ကြတော့လဲ အဲဒီအချိန်က စတဲ့ မြန်မာ့ဟစ်ဟော့ပ်အဖွဲ့ Acid ရဲ့ နာမည်တွေကို ယူပြီး Alcoholic ပုဏ္ဏား၊ Acidic ပုဏ္ဏားဆိုပြီးတော့လည်း သရော်ခဲ့ကြပါတယ်။ ဆိုသွားတဲ့အထဲမှာလဲ ကျော်ကြီးဆိုတဲ့ TP ဘောလုံးအသင်းအကြောင်းနဲ့ စစ်နိုင်ဆိုတဲ့ Inter Poly မှာ ကျောင်းသားတွေ ချ တယ်ဆိုတဲ့ အကြောင်းပဲ နည်းနည်း ထစ်သွားပါတယ်။ ထစ်တာလဲ မပြောနဲ့ အဲဒီနေ့ မနက်မှ စပြီး စာသားကျက်၊ အ၀တ်လဲနေရင်းမှ ယိမ်းကို တိုက်ကြရတာပါ။ ဒါပေမယ့် အနောက်က ပုဏ္ဏားတွေက ပြန်ပြီး ထောက်ပေးတဲ့အတွက် စင်ပေါ်မှာ သိပ်တော့ ရုပ်မပျက်ခဲ့ပါဘူး။

အဲဒီယိမ်းပြီးတဲ့အချိန်မှာ TPmyanmar ရဲ့ ပုဏ္ဏားယိမ်းဟာ TP သမိုင်းဝင် ပုံရိပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒါကို အသိအမှတ်ပြုခဲ့တာကတော့ ပရိသတ်တွေရဲ့ တသောသော မစဲတဲ့ လက်ခုပ်သံတွေပါပဲ။ ခေတ်စကားနဲ့ ပြောရမယ်ဆိုရင်တော့ ပုဏ္ဏားယိမ်းဟာ ပေါက်သွားပါတယ်။ အဲဒီလို အောင်မြင်ခဲ့တဲ့ပုဏ္ဏားယိမ်းဟာ တစ်နှစ်တည်းလားဆိုတော့ မဟုတ်ပါဘူး။ နောက်ပိုင်းနှစ်တွေမှာလဲ နှစ်တိုင်းလောက်နီးပါး ပေါက်သွားတဲ့ အောင်မြင်ခဲ့တဲ့ item တွေ ပါပါတယ်။ တီပီသင်္ကြန်ပွဲတွေ လူကြိုက်များရတဲ့ အဓိက အကြောင်းအရင်းကတော့ Leo တို့ အုပ်စုလို Talent ဖြစ်တဲ့လူတွေ၊ ကိုမျိုးထွန်းတို့လို စည်းစနစ်ကျပြီး တကယ်ဦးဆောင်နိုင်တဲ့ Organizer တွေနဲ့ ကိုယ်တတ်နိုင်တဲ့ဖက်ကနေ အသင်းအဖွဲ့စိတ်ဓါတ်ရှိရှိနဲ့ စိတ်ပါလက်ပါ ၀ိုင်းလုပ်ကြတဲ့ ကျောင်းသားကျောင်းသူတွေကြောင့်လို့ ပြောချင်ပါတယ်။ နောက်တစ်ခုရှိတာက တီပီသင်္ကြန်ပွဲတွေဟာ သမာရိုးကျ တင်ဆက်မှုတွေကနေ ဖောက်ထွက်ပြီး အိုင်ဒီယာအသစ်အဆန်းတွေနဲ့ ပရိသတ်ရဲ့ ရင်ထဲကို တိုက်ရိုက်ရောက်အောင် တင်ဆက်နိုင်လို့ပါ။ အဲဒီလို တင်ဆက်မှုတွေကို ဆက်တိုက်ဆင်နွှဲလာခဲ့တာ အခုဆို ၁၀စုနှစ်တစ်ခုကို ကျော်ခဲ့ပါပြီ။ နောက်လာမယ့် နှစ်တွေမှာလဲ ကျွန်တော်တို့ Temasek ကျောင်းတော်ကြီးကနေ Talent ဖြစ်တဲ့၊ ခေါင်းဆောင်မှုအားကောင်းတဲ့၊ အသင်းအဖွဲ့စိတ်ဓါတ်ရှိတဲ့ လူငယ်တွေ အများကြီးမွေးထုတ်ပေးနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

 (အစဉ်အလာကြီးမားခဲ့တဲ့ TPmyanmar သင်္ကြန်တွေအကြောင်းနဲ့ တူတူလက်တွဲခဲ့ရတဲ့ သူငယ်ချင်းများအကြောင်းကို မှတ်မိသလောက် အလျဉ်းသင့်သလို ပြန်ရေးမယ်လို့ စိတ်ကူးထားပါတယ်။ ကျွန်တော်နဲ့တူတူ ၀ိုင်းဝန်းပြီး မှတ်မိသလောက် ရေးနိုင်ကြမယ် ဒါမှမဟုတ် အမှတ်တရလေးတွေကို Comment ပေးသွားမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ကြိုဆိုနေမှာပါ။)




 စည်သူ(သံလွင်)

Wednesday, April 11, 2012

တခိုင်လုံးရွှေတဲ့ မိုးနတ်သူဇာတို့ပွဲ


အခုခတ်မှာ အကျော်ကြားဆုံး မြန်မာ့အငြိမ့်အဖွဲ့နှစ်ခုကို ပြောပါလို့ ကျွန်တော့်ကို မေးလာရင် သီးလေးသီးနဲ့ နှင်းဆီရင်ခွင်အငြိမ့် လို့ ဖြေရမှာပြီး ဟိုးအရင် ၁၉၉၀ ၀န်းကျင်လောက်က အကျော်ကြားဆုံး အငြိမ့်အဖွဲ့များကို ပြောပါဆိုရင် တခိုင်လုံးရွှေနဲ့ မိုးနတ်သူဇာတို့ပါပဲ။

တခိုင်လုံးရွှေ

              တခိုင်လုံးရွှေဆိုတာနဲ့ တခိုင်လုံးရွှေ အေးအေးမြင့်နဲ့ လူရွှင်တော်များဖြစ်ကြတဲ့ လေးမောင်၊ စွပ်ပရား၊ မေတ္တာ၊ ညောင်ညောင်၊ ကွမ်းသီးတို့ကို အရင်ဆုံးပြေးမြင်မိပါတယ်။ အဲဒီအထဲကမှ ကျွန်တော်ထူးထူးခြားခြား ကြိုက်တဲ့ လူရွှင်တော်ကတော့ ကိုမေတ္တာပါ။ သူ့ကို အရမ်းကြိုက်သွားတာ နှစ်နေရာမှာပါ။ ပထမနေရာကတော့ ၀ဇီရာ ပြဇာတ်မှာပါ။ အဲဒီပြဇာတ်တွေ စပြီးကတဲ့အချိန်က ရုပ်မြင်သံကြားမှာ ကြော်ငြာတွေ စပြီးပါလာတဲ့အချိန်ပါ။ အဲဒီကြော်ငြာတွေကို ပေါင်းပြီး ကိုမေတ္တာ ဆိုသွားတဲ့ ကြော်ငြာသီချင်းလေးကို အခုအချိန်အထိ အလွတ်ရနေတုန်းပါ။ ဘာတဲ့  . . .  “မြွေနှစ်ကောင်ပိုလိုဆေးဟာ တကယ်အရေးပါ၊ မျိုးနို့ဆီနဲ့ ဒီဇင်ဘာ ရွှေဘိုမင်းသမီးပါ၊ ရွှေဝါးရွှေပန်းသီးဆပ်ပြာ၊ တကယ်လှပါတဲ့ ဂိုးရှိုးနော်၊ မိုနာလီဇာ၊ ဆင်တုံးမနွယ် ဦးမျှားနဲ့ သမ္မတ ထောပတ် . . . . ”း) ပြီးတော့ အဲဒီသီချင်းအပါအ၀င် သူတစ်ယောက်တည်း ဟာသခွေတစ်ခွေထွက်ပါသေးတယ်။ အမဲရိုးက ဟင်းအိုးမှ အားမနာတို့ ဘာတို့ ပါတဲ့အခွေပါ။ အခုအချိန်မှာ ပြန်နားထောင်ခွင့်ရရင်နားထောင်ချင်ပါသေးတယ်။ ပြီးတော့ မေတ္တာကို အရမ်းကြိုက်သွားတဲ့ဇာတ်ကားကတော့ မော်တာ ပန်ကာပါ၊ မေတ္တာနဲ့ ကွမ်းသီးတို့တကယ့်ကို အတွဲညီညီသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားပါပဲ။ နောက်ပိုင်းမှာ ဆိုကြမယ်ပျော်ကြမယ်မှာ MC လုပ်ရင်း “ဆယ်တန်းအောင်ပြီဆိုတော့ ပညာရေးဆုံးခန်းတိုင်ပြီပေါ့”ဆိုတဲ့ စကားနဲ့ အနုပညာကပြဖျော်ဖြေခွင့် ပိတ်သွားခဲ့တယ်လို့ သိရပါတယ်။ အခုတော့ ကပြဖျော်ဖြေခွင့်တွေလည်း ပြန်ရပါပြီ။ လွန်ခဲ့တဲ့ ၂ပတ်လောက်က ရန်ကုန်ပြန်တော့ မထင်မှတ်ပဲ ကျောက်ကုန်းဖက်က လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ သွားဆုံပါတယ်။ ကိုမေတ္တာက ၀မ်းသာအားရပါပဲ “စင်္ကာပူပွဲအတွက် သံချပ်ရော၊ အငြိမ့်ပြတ်လုံးတွေပါ Ready ပဲ” တဲ့။ စင်္ကာပူအတွက်ဆိုတော့ ခပ်ကြမ်းကြမ်းလေး ရေးထားတယ်ဆိုပဲ။

မိုးနတ်သူဇာ

               မိုးနတ်သူဇာကတော့ သီတာဝင်းနဲ့ ဇာဂနာတို့ အုပ်စုအတွဲပါ။ အဲဒီအချိန်တုန်းက ဇာဂနာ၊ အရိုင်း၊ ပိန်ပိန်၊ စုတ်ချွန်း၊ တက်တူ၊ ချွန်စက်တို့နဲ့ပါ။ နောက်ပိုင်းတော့ ကင်းကောင်၊ ငှက်ပျောကြော်၊ ဖိုးဖြူတို့ ပါလာတယ်ထင်ပါတယ်။ ကိုဇာဂနာဆိုတာကတော့ တကယ့်ကို ရဲရဲတောက် ပျက်လုံးတွေနဲ့ နာမည်ကြီးတဲ့ လူရွှင်တော်တစ်ယောက်ပါ။ သူကိုယ်တိုင်လည်း အဲဒီလိုပျက်လုံးတွေကြောင့် ထောင်နန်းကို အကြိမ်ကြိမ်စံခဲ့ရပြီးပါပြီ။ အဲဒီထောင်နန်းစံနေတဲ့ကြားက သူပျက်တယ်ဆိုပြီး နာမည်ကြီးတဲ့ ပျက်လုံးတွေကို အခုထိ မှတ်မိနေပါသေးတယ်။ “ချိုကုတ်ပြူးကြီး ကျောပြောင်နဲ့ ချိုကုန်ပြူးကြီး ဖင်တွန့်” တို့၊ သတင်းစာဖတ်ရင်း ခွက်ပေါ်လာတော့ “ဒီသောက်ခွက်ကလည်း ပေါ်ပေါ်လာပြန်ပြီ”တို့၊ စစ်ကြောရေးမှာ ဘယ်လောက်ထိနှိပ်စက်လဲဆိုတဲ့ အမေးကို ပြန်ဖြေတော့ “ဟီး ဟီး ဘာမှမလုပ်ပါဘူး”ဆို ရယ်ပြတော့ သွားတွေ တစ်ချောင်းမှ မရှိတော့ဘူးတို့။ သူတကယ်ပျက်မပျက် မသိရပေမယ့် တကယ်ထိတဲ့ ပျက်လုံးတွေဆို သူ့ဆီကထွက်တယ်ပဲ လူတွေက ထင်ရလောက်အောင် ထိထိမိမိ ပျက်တတ်တဲ့ ကိုဇာဂနာပါ။ သူထောင်က ထွက်လာပြီး ရုပ်ရှင်ရိုက်ခွင့်ရတော့ (၁၉၉၅ လောက်ကထင်ပါတယ်) ပြန်ရိုက်တဲ့ အခွေတစ်ခွေလည်း ရှိပါသေးတယ်။  “သူမသာ ကိုယ်အသုဘ”တို့ “သဘောပေါက်ပါတယ်နော်... သဘောပေါက်ပါတယ်” “အားလည်းနာတယ် ခင်လည်းခင်တယ်” “မှန်တိုင်းလည်းမကောင်းဘူး” စတဲ့ ဇာတ်လမ်းတိုလေးတွေ ပေါင်းထားတဲ့ ဗီဒီယိုအခွေလေးပါ။ အရမ်းကောင်းပါတယ်။ ပြန်ကြည့်ခွင့်ကြုံရင် ကြည့်ချင်ပါသေးတယ်။

အဲဒီကိုမေတ္တာနဲ့ ကိုဇာဂနာတို့ရဲ့ အရင်တုန်းက ဟာတွေကို ပြန်ကြည့်ရဖို့ မဖြစ်နိုင်တော့ပေမယ့် သူတို့ရဲ့ နောက်ဆုံးပေါ် ဟာသနဲ့ သံချပ်တွေကို စင်္ကာပူမှာ ကြည့်နိုင်တော့မှာပါ။ အဲဒီတခိုင်လုံးရွှေက ကိုမေတ္တာနဲ့ မိုးနတ်သူဇာက ကိုဇာဂနာတို့ အဖွဲ့တွေ ပထမဆုံးအကြိမ် နိုင်ငံခြားဖျော်ဖြေမှုအဖြစ် ၂၉ ဧပြီမှာကပြမှာ ပါ။ စင်္ကာပူမှာ နှစ်လတစ်ခါလောက်ပွဲတွေ ရှိနေတာ ပွဲတိုင်း ကြည့်ရရင်လည်း ပွဲဖိုးနဲ့ မွဲမှာပါပဲ။ ဒါပေမယ့် ဒီ တစ်ပွဲကိုတော့ သွားကြည့်ဖို့ တိုက်တွန်းပါတယ်။ စင်္ကာပူမှာ လုပ်တဲ့ စာပေဟောပြောပွဲတွေကလွဲလို့ တခြား စတိတ်ရှိုး၊ အငြိမ့်၊ ပဒေသာ ကဇာတ် နောက်ဆုံး ကုန်ကုန်ပြောရရင် ကျွန်တော်တို့ TP သင်္ကြန်ပွဲတွေကိုတောင် တစ်ခါမှ အခုလို မကြော်ငြာဖူးပါဘူး။ အခုဘာလို့ ရေးရလဲဆိုတော့ သူတို့ရဲ့ ပြည်သူလူထုအပေါ်ထားတဲ့ သူတို့ရဲ့ စေတနာတွေကို ဂုဏ်ပြုချင်လို့ပါ။ ကျွန်တော်ကိုယ်တိုင်လည်း သွားကြည့်မှာပါ။ တစ်နှစ်ပတ်လုံးစာ မောပန်းစွာ အလုပ်လုပ်ရတဲ့ စင်္ကာပူ working life style ကနေ ခဏဖြစ်ဖြစ် ရုန်းထွက်ပြီး လွတ်လွတ်လပ်လပ် အားရပါးရ ရယ်မောချင်တဲ့အတွက်။ ဇာတ်သမား၊ အငြိမ့်သမား ပြန်ရင် မှတ်သားစရာ တစ်ခုခု ကျန်တယ်ဆိုတဲ့ စကားအတိုင်း လက်ရုံးတော်ကြီးတွေဆီကနေ မှတ်သားစရာ တစ်ခုခု ကျန်မယ်လို့ ထင်တဲ့အတွက်။ ပြီးတော့ ပြည်သူလူထုအတွက် ပေးဆပ်ခဲ့ရတဲ့ သူတို့ရဲ့ အနုပညာဘ၀တွေကို ဂုဏ်ပြုချင်တဲ့အတွက်။ ကျွန်တော် ဒီပွဲကို သွားကြည့်ပါမယ်။ အားလုံးကိုလည်း လိုက်ကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ လက်မှတ်တွေကိုတော့ ပန်နီဇူးလားပလာဇာက ရနံ့သစ် (B1-17)၊ သစ္စာကြယ်စင်-05-37(A) ဒါမှမဟုတ် ၈၁၆၁၂၂၄၄၊ ၉၈၀၀၄၁၁၈၊ ၉၁၈၆၉၁၄၀၊ ၉၁၀၁၆၄၆၄ တို့ကနေ ၀ယ်ယူရရှိနိုင်ပါတယ်။ ကျွန်တော့်ကိုလည်း ပြောလို့ရပါတယ်။ ကြုံတောင့်ကြုံခဲ ပွဲတစ်ပွဲရဲ့ လက်မှတ်တွေကို အခုအချိန်မှာ ၀ယ်လို့ ရသေးတယ်လို့ သိရပါတယ်။ ၀ယ်စရာရှိတာ မြန်မြန်ဝယ်ထားကြဖို့ တိုက်တွန်းရင်း . . . ။

စည်သူ(သံလွင်)

စင်္ကာပူပွဲအတွက်

ကိုဇာဂနာရဲ့ လက်ဆောင်စကား - http://www.youtube.com/watch?v=2kAonsLInPw&feature=relmfu

ကိုမေတ္တာရဲ့ လက်ဆောင်စကား -  http://www.youtube.com/watch?v=fEsfVSIpdO8

ကိုအရိုင်းရဲ့ လက်ဆောင်စကား - http://www.youtube.com/watch?v=DGQspotZ_fE&feature=relmfu

ကိုငှက်ပြောကြော်ရဲ့ လက်ဆောင်စကား - http://www.youtube.com/watch?v=2b0wlsMCbEM&feature=relmfu

Monday, April 9, 2012

ဆဲလ်မွန်ငါးတို့ရဲ့ အိမ်ပြန်ချိန်နဲ့ ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီခရီး


၁၉၉၉ရဲ့ ဇွန်လ မိုးတွေရွာတဲ့နေ့တစ်နေ့မှာပေါ့။ TP မှာ third yr တက်မယ့် အစ်ကိုနဲ့ NYP မှာ ခုမှ 1st yr စတက်မယ့် ညီညီတို့ကို လေဆိပ်လိုက်ပို့ဖြစ်တယ်။ လေယာဉ်ထွက်ခါနီးတော့ ခွဲခွာခါနီးမိသားစုတွေရဲ့ ထုံစံအတိုင်း ညီညီရော သူ့အမေ (ကြီးကြီးအေး)ရော မျက်ရည်တွေဝိုင်းလို့ပေါ့။ အဲဒီမြင်ကွင်းကို ကြည့်ပြီး ကျွန်တော်ရင်ထဲမှာ ဆို့နင့်လာတယ်။ ပြီးတော့ လေယာဉ်တွေကို လှမ်းကြည့်လို့ ရတဲ့ ၀ရန်တာဖက်ကို တစ်ယောက်တည်း တိတ်တိတ်လေး ထွက်လာခဲ့ပြီး မျက်ရည်တွေဖြိုင်ဖြိုင်ကျခဲ့ရတယ်။ တကယ်ဆို ညီဝမ်းကွဲဖြစ်တဲ့ ညီညီနဲ့ ခွဲခွာရတယ်ဆိုတာ တစ်ပတ်တည်းပါ။ ဘာလို့ဆိုတော့ ညီညီသွားပြီး တစ်ပတ်အကြာမှာ ကျွန်တော်လည်း စင်္ကာပူသွားပြီး TPမှာ ကျောင်းတက်ရတော့မှာမို့ပါ။ ဒါပေမယ့် ကျွန်တော်ကျတဲ့မျက်ရည်ဟာ တခြားအကြောင်းအရာပေါင်းမြောက်များစွာ ဦးနှောက်ထဲ ရောက်လာတဲ့အတွက်ပါ။ ကိုယ့်နိုင်ငံမှာ ပညာမသင်နိုင်ပဲ တိုင်းတပါးမှာ ပညာသွားသင်ရတဲ့အတွက် မိသားစုတွေ ခွဲခွာကြရတာကို ကြည့်ပြီး စိတ်မကောင်းဖြစ်တာ။ ရူးသွပ်ခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ တက္ကသိုလ်ကျောင်းသားဘ၀ကို မရနိုင်တော့လို့ ၀မ်းနည်းတာ။ RIT ကျောင်းတော်ကြီးနဲ့ မဆုံခင်မှာ ခွဲခွာရမှာမို့ ပူဆွေးတာ။ ပြီးတော့ သယံဇာတ ပေါကြွယ်ဝပါတယ်ဆိုတဲ့ နိုင်ငံထဲက သားကောင်းရတနာတွေ နိုင်ငံခြားကို ထွက်ခွာသွားရမှာမို့ နှမြောတာ။ အဲဒီ ခံစားချက်အစုံအလင်နဲ့ ကျခဲ့တဲ့မျက်ရည်တွေပါ။

ဒီကြားထဲမှာ သူက NYP မှာ ကျောင်းတက်၊ ကိုယ်က TP မှာ တက်ရတယ်ဆိုပေမယ့် ကျောင်းပိတ်ရက်တွေဆို အားရင်အားသလို တစ်ယောက်အိမ်မှာ တစ်ယောက် သွားအိပ်ကြပါတယ်။ ကျောင်းပြီးသွားကြတဲ့အချိန်မှာ ညီညီက အလုပ်ကောင်းရပြီး stable ဖြစ်နေပေမယ့် ကျွန်တော်ကတော့ SARS ရောဂါဆိုးကြီးကြောင့် စင်္ကာပူမှာ စီးပွားပျက်ကပ်ဖြစ်ပြီး အလုပ်မရဖြစ်ခဲ့ပါတယ်။ Part time လေး လုပ်ရင်း အဆင်မပြေရင် မပြေသလို ညီညီ့ဆီက ပိုက်ဆံလှမ်းချေးရပါတယ်။ တစ်ခါတစ်လေများဆို “ငါ့ကို ပိုက်ဆံ ၂၀ လောက် ချက်ချင်း လွှဲပေးပါဦး။ ခုလောလောဆယ် Hawker centre ရှေ့မှာ စားစရာပိုက်ဆံမရှိလို့ကွာ” ဆိုတဲ့ အခြေအနေမျိုးအထိ ရောက်ပြီး လှမ်းအပူကပ်ရပါသေးတယ်။ နောက်ပိုင်း အလုပ်လေးဘာလေး အဆင်ပြေတော့ ညီညီက စပြီး စီးပွားရေးလုပ်မလားဆိုလို့ ကုမ္ပဏီထောင်ပြီး ဒါရိုက်တာကြီးတွေလည်း လုပ်ခဲ့ဖူးပါတယ်။ အချိန်ပြည့်အလုပ်တွေရှိနေတာကြောင့် အောင်မြင်သင့်သလောက်မအောင်မြင်ခဲ့ကြပါဘူး။ နောက်ပိုင်း သံလွင်အိပ်မက်ကိုလည်း တူတူလုပ်ခဲ့ကြတယ်။ ဘလော့ခ်တွေလည်း တူတူရေးခဲ့ကြတယ်။ ပြီးတော့ မြန်မာပြည် အတွက် အိပ်မက်တွေလည်း တလှေကြီး မက်ခဲ့ကြပါတယ်။ အခုတော့ အဲဒီအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ညီညီတို့ ပြန်ပါပြီ။

ညီညီပြန်ချင်တယ်လို့ ပြောနေတာတော့ ကြာပါပြီ။ စင်္ကာပူရောက်တာလည်း ကြာပြီဆိုတဲ့အကြောင်း ဒီနိုင်ငံမှာပဲ ရတဲ့လစာလေးနဲ့ အဆင်ပြေသလို နေပြီး ဘ၀ကြီးကို မြှုပ်နှံသွားလို့ မဖြစ်တော့ဘူးဆိုတဲ့အကြောင်း၊ မိဘတွေလည်း အသက်ကြီးပြီ ဆိုတဲ့အကြောင်း၊ အပြောင်းအလဲဆိုတာ ဒီလိုပုံစံမျိုးမှမလုပ်ရင် ဘယ်တော့မှ လုပ်ဖြစ်မှာ မဟုတ်တဲ့အကြောင်းတွေနဲ့ပေါ့။ ဟုတ်ပါတယ်။ ကျွန်တော်ကတော့ ညီညီအတွက် ယုံကြည်နေပါတယ်။ မိမိရဲ့ စားဝတ်နေရေးအတွက် စီးပွားရေးလုပ်တဲ့အခါ နိုင်ငံရဲ့ စီးပွားရေးကိုလည်း တဖက်တလမ်းကနေ အကျိုးရှိစေလိမ့်မယ်ဆိုတာ၊ နိုင်ငံရပ်ခြားကနေ အိတ်အပြည့်နဲ့ ထည့်လာတဲ့ အသိပညာအတတ်ပညာတွေဟာ နိုင်ငံရဲ့ ရှေ့ရေးကို အများကြီးအကျိုးပြုမယ်ဆိုတာ၊ လူမှုရေးကိစ္စရပ်တွေမှာ စိတ်ပါဝင်စားသူတစ်ယောက်အနေနဲ့ ထဲထဲဝင်ဝင်လုပ်ဆောင်နိုင်မယ်ဆိုတာ။ ပြီးတော့ မိဘတွေရဲ့ ကျေးဇူးကို ငွေလေးပို့ရုံဖုန်းလေးဆက်ရုံတင်မဟုတ်ပဲ အနီးကပ်ပြုစုစောင့်ရှောက်နိုင်မယ်ဆိုတာ၊ နောက်ဆုံး ချစ်တဲ့မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် အေးချမ်းတဲ့ ဘ၀လေးကို ပိုင်ဆိုင်နိုင်မယ်ဆိုတာကို ယုံကြည်နေမိပါတယ်။ နိုင်ငံရပ်ခြားကနေ အဲလိုပြန်လာကြမယ့် သားသမီးတွေကို ဒဏ်ရာ အနာတရတွေနဲ့ အမိမြန်မာနိုင်ငံကြီးက ရင်ဘတ်ကြီးကို ဟောင်းလောင်းဖွင့်လို့ ကြိုဆိုနေမယ်ဆိုတာကိုလည်း ယုံကြည်နေပါတယ်။ ညီညီဟာ လွန်ခဲ့တဲ့ ၁၃နှစ်က ကျွန်တော့်ထက် တစ်ပတ်စောပြီး စင်္ကာပူကို ထွက်လာပါတယ်။ အခုလည်း သူကပဲ စောပြီး မြန်မာပြည်ပြန်သွားခဲ့ပါပြီ။ နောက် ၇ရက် အကွာမှာ လိုက်ပြန်ချင်ပေမယ့် မပြီးဆုံးသေးတဲ့ အိပ်မက်ရှည်တွေ ဆက်လျှောက်ဖို့ စင်္ကာပူဆိုတဲ့ ဒီကျွန်းသေးလေးမှာ ကျွန်တော်တို့ကတော့ ဆက်ရှိနေဦးမှာပါ။ ၇ရက်အတွင်းမပြန်နိုင်သေးပေမယ့် ၇နှစ်လောက်တော့ မကြာအောင် ကြိုးစားသွားမှာပါ။ ပညာတွေပြည့်ဝတဲ့အချိန်၊ အိပ်မက်တွေ အကောင်အထည်ဖော်ဖို့အချိန်၊ အကောင်းတကာ့အကောင်းဆုံးတွေ နိုင်ငံအတွက် သယ်လာနိုင်မယ့်အချိန် . . . တချိန်ချိန်မှာတော့ ပြန်လာခဲ့ပါမယ်။ ဆဲလ်မွန်ငါးတို့ အိမ်ပြန်သွားသလို ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီခရီးတွေဟာလည်း သိပ်မကြာတော့မယ့်အချိန်မှာ ပြီးဆုံးနိုင်တော့မယ့်လို့ မျှော်လင့်ရင်း . . . ။

စည်သူ(သံလွင်)

10.03.2012 မှာ ရန်ကုန်အပြီးပြန်သွားတဲ့ ညီညီ(သံလွင်)နဲ့ စကားပန်းအတွက်အမှတ်တရ . . .

Wednesday, February 1, 2012

အသက်ရှည်လိုလျှင် အသည်းကို ညှာတာပါ(ဇီဝက-ဆေး၂)


  Facebook မှာ ဟိုလျှောက်ဖတ် ဒီလျှောက်ဖတ်ရင်းတွေ့တာပါ။ အသည်းက လူအတွက် သိပ်အရေးကြီးကြောင်းရေးထားတဲ့ စာစုလေးပါ။ ပထမတော့ ခဏခဏ ပြန်ဖတ်သင့်တယ် ထင်လို့ တနေရာရာမှာ သိမ်းထားမယ် စိတ်ကူးတာ။ နောက်တော့မှ ဘလောခ့်ပေါ်မှာ ရှယ်လိုက်တော့ တခြားလူတွေလည်း ဖတ်လို့ ရတာပေါ့ ဆိုပြီး တင်လိုက်ပါတယ်။ အခုလို ကိုယ်သိတဲ့ အသိပညာကို ရှယ်ပေးတဲ့ ဇီဝက-ဆေး၂ကိုလည်း ကျေးဇူးတင်တယ်။ ပြီးတော့ ဟုတ်ပါတယ် အသက်ကို ဥာဏ်စောင့်ပါတယ်။


အသက်ရှည်လိုလျှင် အသည်းကို ညှာတာပါ

Liver

အသည်းဟာ လူ့ခန္ဓာကိုယ်မှာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာ ရှိတဲ့ ဇီဝဖြစ်စဉ် တော်တော်များများမှာ သူပါဝင်ပါတယ်။ အညစ်အကြေးတွေ စွန့်ပစ်ခြင်းနဲ့ အဆိပ်အတောက်တွေကို ဓာတ်ပြယ်အောင်လည်း သူကပဲ လုပ်ပေးပါတယ်။ အစာခြေဖို့အတွက် အစာခြေရည်တွေကိုလည်း သူကပဲ ထုတ်ပေးတယ်။ ကိုယ်စားလိုက်တဲ့ ကစီဓာတ်၊ အသားဓာတ်နဲ့ အဆီဓာတ်တွေကို လိုရင်သုံး မလိုရင် သိုလှောင်ဖို့အတွက်လည်း အသည်းကပဲ အဓိက လုပ်ဆောင်ပေးတာပါ။ ဒါ့ကြောင့် တသက်လုံး သုံးရမယ့် အသည်းကို မလိုအပ်ဘဲ အလွန်အကျွံ မခိုင်းမိစေဖို့ အရေးကြီးပါတယ်။ နောက်ပြီး လူတွေက နှလုံးရောဂါ၊ သွေးတိုးရောဂါတွေနဲ့ ဆီးချိုရောဂါတွေ အကြောင်းက သိသင့်သလောက် သိလာတော့ ရှောင်တာဆောင်တာတွေ လုပ်လာကြတယ်။ သွေးတိုးတို့ ဆီးချိုတို့ ကြောက်စရာကောင်းသလို အသည်းကလည်း မမေ့သင့်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် အသည်းကျန်းမာရေးကို ကောင်းအောင် မည်ကဲ့သို့ ပြုမူနေထိုင်ရမည်ကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။

နံပါတ်(၁)။ ။အစားအသောက်စားတဲ့အခါမှာ ကိုယ့်ခန္ဓာကို ကိုယ်နားထောင်ပါ။ ဗိုက်မဆာလျှင်မစားပါနှင့်။ ဆာတယ်မဆာဘူးဆိုတာက ကိုယ့်ရဲ့ စိတ်နဲ့လည်း ဆိုင်သေးတယ်။ ဒါ့ကြောင့် တကယ်မလိုအပ်လျှင် ငါမစားဘူးဟု စိတ်ကို တင်းထားရမည်။ ဥပမာ။ နေ့လည် ၁၂ နာရီလောက်က နေ့လည်စာ စားထားလျှင် ညနေ ၄ နာရီလောက်အထိတော့ နေနိုင်မည်ဖြစ်သည်။ အဲဒါကို ၂ နာရီလောက်မှာ မိတ်ကောင်းလို့ အပြင်မှာ တစ်ခုခုစားလိုက်တာမျိုးဖြစ်သည်။ ဒါမှ မဟုတ် အသုတ်သည်ကိုတွေ့လို့ ၀ယ်စားတာမျိုးဖြစ်သည်။ လိုတာထက် ပိုစားတော့ ဘာဖြစ်ပါသလဲ။ အသည်းက ကိုယ်စားလိုက်တဲ့အစာထဲမှာ ပါဝင်တဲ့ အစာအာဟာရတွေကို စီမံခန့်ခွဲနေရတယ်။ ကိုယ်က အများကြီးစားရင် အသည်းမှာ တာဝန်ပိလာတယ်။ ကြာလာတော့ metabolism လို့ခေါ်တဲ့ ဇီဝဖြစ်စဉ်တွေ ကမောက်ကမ ဖြစ်လာတယ်။ စားလိုက်တဲ့ ကစီဓာတ် တွေကို သွေးထဲမှာ မများလာအောင် pancreas အကူအညီနဲ့ အင်ဆူလင် ဟော်မုန်းတွေကို အများကြီးထွက်စေတယ်။ ကြလာတော့ pancreas က ပင်ပန်းပြီး အင်ဆူလင်မထုတ်နိုင်တော့ဘူး။ အဲဒီမှာ အမျိုးအစား- ၂ ဆီးချိုက ၀င်လာပါရော။ စားလိုက်တဲ့ အဆီတွေကို ကောင်းကောင်းမခြေဖျက်နိုင်တော့ဘဲ အသည်းမှာ အဆီတွေ စုလာမယ်။ တခြားနေရာတွေမှာ အဆီတွေ စုလာမယ်။ အသည်းမှာ အဆီစုတာကို fatty liver လို့ခေါ်ပါတယ်။ အသည်းရောင်ခြင်း မရှိဘဲနဲ့ အသည်းခြောက်တဲ့ အဆင့်ကို ကူးသွားနိုင်တဲ့အတွက် ကြောက်စရာ ကောင်းလှပါတယ်။ ဒါ့ကြောင့် အစားအသောက်ကို လိုအပ်သလောက်သာ စားသုံးဖို့လိုပါတယ်။ စားတဲ့အခါမှာလည်း ကောင်းမွန်စာ ချက်ပြုပ်ထားတဲ့ ဟင်းလျာတွေကို စားသုံးဖို့ လိုပါတယ်။
နံပါတ်(၂)။ ။ရေကို နေ့စဉ် လုံလောက်စွာ သောက်ဖို့ လိုအပ်ပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့တာမှာ သောက်ရည် ၂ လီတာ ခွဲစာလောက် သောက်ရပါမယ်။ အဲဒီလောက်မှာ မသောက်ရင် ကျောက်ကပ်ဟာ အညစ်အကြေးများ စွန့်ပစ်ဖို့ အလုပ်ကောင်းကောင်းလုပ်နိုင်မှာ မဟုတ်ပါဘူး။ ကျောက်ကပ်က မနိုင်ရင် အသည်းက ကူပေးရတဲ့အတွက် မလိုအပ်ဘဲ အလုပ်ရှုပ်တာပေါ့။ ဒါ့ကြောင့် တနေ့တာကာလမှာ ရေကို နည်းနည်း နဲ့ ခဏခဏသောက်ပေးခြင်းအားဖြင့် အသည်းအတွက်ကောင်းသလို ကျောက်ကပ်ကိုပါ ဆေးပြီးသား ဖြစ်သွားမှာပါ။ ဗမာတွေက ဆီးခဏခဏသွားရင် မကြိုက်ကြဘူး။ ဆီးသွားတာနဲ့ ကျောက်ကပ်ကစစ်ထုတ်တာနဲ့ က တိုက်ရိုက်တော့လည်း မဆိုင်ပါဘူး။ ရေများများသောက်ပြီး ခဏခဏ မသွားချင်ရင် အောင့်ထားတတ်အောင် ကျင့်ထားခြင်းက အသုံးဝင်မှာ ဖြစ်ပါတယ်။

နံပါတ်(၃)။ ။တတိယမြောက်အချက်ကတော့ အရမ်းချိုတဲ့ အစားအသောက်တွေကို မစားဖို့ပါပဲ။ သဘာဝအတိုင်းချိုတဲ့ အသီးအနှံတွေကိုတော့ စားလို့ရပါတယ်။ မစားသင့်တာကတော့ junk food လို့ခေါ်တဲ့ အသင့်စားအချိုစာတွေ၊ သကြားလုံးတွေ၊ အရမ်းချိုတဲ့ ပေါင်မုန့် ကိတ်မုန့်တွေ ဖြစ်ပါတယ်။ သူတို့ဆီမှာ ပါဝင်တဲ့ သကြားတွေဟာ သွေးထဲကို ရောက်သွားတာနဲ့ သွေးထဲက သကြား level ကို အရမ်းမြှင့်တင်လိုက်တယ်။ ဒီအခါမှာ အသည်းဟာ အင်ဆူလင် ဟော်မုန်းရဲ့ အကူအညီနဲ့ သွေးထဲက ပိုလျှံနေတဲ့ သကြားတွေကို လျော့နည်းသွားအောင် လုပ်ရပါတယ်။ ခဏခဏ လုပ်နေရရင် အသည်းဟာ ကောင်းစွာ အလုပ်မလုပ်နိုင်တော့ဘဲ ဆီချိုရောဂါ အ၀လွန်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး ကိုယ်က အချိုဓာတ်ကို ကြိုက်သူဆိုရင် အကောင်းဆုံးနည်းလမ်းက သဘာဝအသီးအနှံ၊ ပျားရည် အစရှိတဲ့ green product တွေကိုသာ စားသုံးသင့်ပါတယ်။

နံပါတ်(၄)။ ။စတုထ္တအချက်ကတော့ အစာလမ်းကြောင်းကို ကျန်းမာအောင် ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ စားလိုက်သမျှကို အူတွေထဲမှာ ခြေဖျက်ပြီးရင် အသည်းဆီ အရင်ဆုံးရောက်တာပါ။ ကိုယ်စားတဲ့အစာတွေက မသန့်ရှင်းတဲ့ အစာတွေ ဖြစ်နေရင် ဘက်တီးရီးယားပိုးတွေ၊ ဗိုင်းရပ်စ်ပိုးတွေ၊ သန်ကောင်ဥတွေ ပါလာတတ်ပါတယ်။ အူတွေထဲမှာ ရှိတဲ့ ခုခံတဲ့ စနစ်တွေက ဒီကောင်တွေကို နှိမ်နင်းနိုင်တယ်ဆိုပေမယ့် အရည်အတွက်နဲ့လည်း ဆိုင်ပါသေးတယ်။ ကာလ၀မ်းရောဂါပိုးဟာ အကောင်အရေအတွက် နည်းနည်း စားမိရင် လူကို ဘာမှ ဒုက္ခမပေးနိုင်ပေမယ့် လုံလောက်တဲ့ အရေအတွက်ကို စားမိရင် ကာလ၀မ်းရောဂါကိုဖြစ်စေနိုင်ပါတယ်။ ဒီနေရာမှာ အသည်းကို အဓိက ဒုက္ခပေးနိုင်တာက သန်ကောင်ဥတွေပါပဲ။ အချို့သော သန်ကောင်တွေက အူထဲမှာ အကောင်ပေါက်ပြီးရင် အသည်းထဲ အထိရောက်အောင် သွားပါတယ်။ မြန်မာပြည်မှာ သန်ကောင်ပိတ်လို့ သည်းခြေပြွန်လမ်းကြောင်းရောင်ရမ်းပြီး ဆေးရုံရောက်တဲ့ လူနာအရေအတွက်လည်း မနည်းလှပါဘူး။ ရောဂါဖြစ်တဲ့သူတွေကို ရောဂါရာဇ၀င်မေးကြည့်ရင် ဆင်းရဲနွမ်းပါးသူတွေ အဖြစ်များပြီး လမ်းဘေးစာတွေ အသုတ်တွေ ၀က်သားဒုတ်ထိုးတွေ ပုံမှန်စားသူတွေ ဖြစ်ကြပါတယ်။ ကိုယ်က လုံလောက်တဲ့ ၀င်ငွေမရှိလို့ အဆင်ပြေသလိုစားရတာကို အပြစ်မပြောလိုပေမယ့် လမ်းဘေးမှာ ဖုန်တောထဲမှာ ရောင်းတဲ့ အစာတွေ ကိုမှ ကြိုက်နှစ်သက်တဲ့ သူတွေကိုတော့ တားမြစ်ချင်ပါတယ်။ အစားအသောက်ကို သန့်ရှင်းလတ်ဆတ်တာကို စားပါ။ မှိုတက်နေသော အစားအသောက်များသည်လည်း လူကို ဒုက္ခပေးနိုင်ပါတယ်။ မှိုရှိမရှိကို အရောင်ပြောင်းလဲခြင်းနှင့် အနံ့တို့ အပေါ် မူတည်၍ ခွဲခြားနိုင်ပါတယ်။ မှိုသည် အသည်းခြောက်စေနိုင်သည်။ အသည်းကင်ဆာဖြစ်စေနိုင်သည်။

နံပါတ်(၅)။ ။အသည်းဟာ အစာအိမ်နဲ့ အူလမ်းကြောင်းနဲ့ တွဲဖက်ပြီး အလုပ်လုပ်ရတဲ့အတွက် အူလမ်းကြောင်းမကောင်းရင် သူလည်း ဖောက်တတ်ပါတယ်။ အထူးသဖြင့် ၀မ်းချုပ်တဲ့ အခါတွေမှာ အူတွေထဲမှာ ဘက်တီးရီးယားပိုးတွေ ပေါက်ပွားလာတတ်တယ်။ သာမန်လူတွေမှာတော့ သိပ်ပြီး မသိသာလှပေမယ့် အစကတည်းက အသည်းကောင်းစွာ အလုပ်မလုပ်သူတွေ၊ အသည်းခြောက်ရောဂါရှိသူတွေအတွက် အသက်အန္တာရာယ် စိုးရိမ်ရသည်အထိ ဒုက္ခပေးနိုင်ပါတယ်။ ထို့ကြောင် မူလက အသည်းမကောင်းရင် ၀မ်းမချုပ်အောင် သတိထားဖို့လိုပါတယ်။

နံပါတ်(၆)။ ။သဘာဝအရောင်မဟုတ်တဲ့ ဆိုးဆေးပါတဲ့ အစားအသောက်တွေ၊ ကြာရှည်ခံအောင် ထည့်တဲ့ ယမ်းစိမ်းတွေဟာ အသည်းရဲ့ ရန်သူတွေ ဖြစ်ပါတယ်။ အလွယ်ဆုံး မှတ်တဲ့ နည်းလမ်းကတော့ အဲဒါတွေ ပါတဲ့ အစာများများစားလေလေ အသည်းက မြန်မြန်ပျက်စီးလေ ဆိုတာပါပဲ။ အသည်းမကောင်းရင် အသက်တိုပါလိမ့်မယ်။ ဒါ့ကြောင့် အသက်ကို ဥာဏ်စောင့်သည့် သဘောရှိသောကြောင့် ရှောင်ကြရှားကြပါ။

နံပါတ်(၇)။ ။နောက်ဆုံးအချက်ကတော့ လူအများသိကြသည့် အရက်နှင့် ဆေးလိပ်ပင် ဖြစ်ပါတယ်။ သူတို့နဲ့ ပတ်သက်လို့ကတော့ ထပ်မံမပြောလိုတော့ပါဘူး။ အရက်ထဲမှာတောင်မှ အရက်အတု၊ အရက်အပြင်းသောက်သူက ပိုထိတယ်။ အကောင်းစားအရက် သောက်တဲ့သူက သိပ်ပြီး မထိဘူး။ သောက်ပုံသောက်နည်းမှာလည်း ခွေးသောက်သောက်သူက သူဌေးသောက်သောက်သူထက် ပိုထိတယ်။ အမြည်းမပါဘဲ သောက်သူက အမြည်းစားပြီး သောက်သူထက် ပိုဆိုးပါတယ်။


Collapse...

Posted by ဇီဝက (ဆေး-၂)