Wednesday, April 11, 2012

တခိုင်လုံးရွှေတဲ့ မိုးနတ်သူဇာတို့ပွဲ


အခုခတ်မှာ အကျော်ကြားဆုံး မြန်မာ့အငြိမ့်အဖွဲ့နှစ်ခုကို ပြောပါလို့ ကျွန်တော့်ကို မေးလာရင် သီးလေးသီးနဲ့ နှင်းဆီရင်ခွင်အငြိမ့် လို့ ဖြေရမှာပြီး ဟိုးအရင် ၁၉၉၀ ၀န်းကျင်လောက်က အကျော်ကြားဆုံး အငြိမ့်အဖွဲ့များကို ပြောပါဆိုရင် တခိုင်လုံးရွှေနဲ့ မိုးနတ်သူဇာတို့ပါပဲ။

တခိုင်လုံးရွှေ

              တခိုင်လုံးရွှေဆိုတာနဲ့ တခိုင်လုံးရွှေ အေးအေးမြင့်နဲ့ လူရွှင်တော်များဖြစ်ကြတဲ့ လေးမောင်၊ စွပ်ပရား၊ မေတ္တာ၊ ညောင်ညောင်၊ ကွမ်းသီးတို့ကို အရင်ဆုံးပြေးမြင်မိပါတယ်။ အဲဒီအထဲကမှ ကျွန်တော်ထူးထူးခြားခြား ကြိုက်တဲ့ လူရွှင်တော်ကတော့ ကိုမေတ္တာပါ။ သူ့ကို အရမ်းကြိုက်သွားတာ နှစ်နေရာမှာပါ။ ပထမနေရာကတော့ ၀ဇီရာ ပြဇာတ်မှာပါ။ အဲဒီပြဇာတ်တွေ စပြီးကတဲ့အချိန်က ရုပ်မြင်သံကြားမှာ ကြော်ငြာတွေ စပြီးပါလာတဲ့အချိန်ပါ။ အဲဒီကြော်ငြာတွေကို ပေါင်းပြီး ကိုမေတ္တာ ဆိုသွားတဲ့ ကြော်ငြာသီချင်းလေးကို အခုအချိန်အထိ အလွတ်ရနေတုန်းပါ။ ဘာတဲ့  . . .  “မြွေနှစ်ကောင်ပိုလိုဆေးဟာ တကယ်အရေးပါ၊ မျိုးနို့ဆီနဲ့ ဒီဇင်ဘာ ရွှေဘိုမင်းသမီးပါ၊ ရွှေဝါးရွှေပန်းသီးဆပ်ပြာ၊ တကယ်လှပါတဲ့ ဂိုးရှိုးနော်၊ မိုနာလီဇာ၊ ဆင်တုံးမနွယ် ဦးမျှားနဲ့ သမ္မတ ထောပတ် . . . . ”း) ပြီးတော့ အဲဒီသီချင်းအပါအ၀င် သူတစ်ယောက်တည်း ဟာသခွေတစ်ခွေထွက်ပါသေးတယ်။ အမဲရိုးက ဟင်းအိုးမှ အားမနာတို့ ဘာတို့ ပါတဲ့အခွေပါ။ အခုအချိန်မှာ ပြန်နားထောင်ခွင့်ရရင်နားထောင်ချင်ပါသေးတယ်။ ပြီးတော့ မေတ္တာကို အရမ်းကြိုက်သွားတဲ့ဇာတ်ကားကတော့ မော်တာ ပန်ကာပါ၊ မေတ္တာနဲ့ ကွမ်းသီးတို့တကယ့်ကို အတွဲညီညီသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားပါပဲ။ နောက်ပိုင်းမှာ ဆိုကြမယ်ပျော်ကြမယ်မှာ MC လုပ်ရင်း “ဆယ်တန်းအောင်ပြီဆိုတော့ ပညာရေးဆုံးခန်းတိုင်ပြီပေါ့”ဆိုတဲ့ စကားနဲ့ အနုပညာကပြဖျော်ဖြေခွင့် ပိတ်သွားခဲ့တယ်လို့ သိရပါတယ်။ အခုတော့ ကပြဖျော်ဖြေခွင့်တွေလည်း ပြန်ရပါပြီ။ လွန်ခဲ့တဲ့ ၂ပတ်လောက်က ရန်ကုန်ပြန်တော့ မထင်မှတ်ပဲ ကျောက်ကုန်းဖက်က လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ သွားဆုံပါတယ်။ ကိုမေတ္တာက ၀မ်းသာအားရပါပဲ “စင်္ကာပူပွဲအတွက် သံချပ်ရော၊ အငြိမ့်ပြတ်လုံးတွေပါ Ready ပဲ” တဲ့။ စင်္ကာပူအတွက်ဆိုတော့ ခပ်ကြမ်းကြမ်းလေး ရေးထားတယ်ဆိုပဲ။

မိုးနတ်သူဇာ

               မိုးနတ်သူဇာကတော့ သီတာဝင်းနဲ့ ဇာဂနာတို့ အုပ်စုအတွဲပါ။ အဲဒီအချိန်တုန်းက ဇာဂနာ၊ အရိုင်း၊ ပိန်ပိန်၊ စုတ်ချွန်း၊ တက်တူ၊ ချွန်စက်တို့နဲ့ပါ။ နောက်ပိုင်းတော့ ကင်းကောင်၊ ငှက်ပျောကြော်၊ ဖိုးဖြူတို့ ပါလာတယ်ထင်ပါတယ်။ ကိုဇာဂနာဆိုတာကတော့ တကယ့်ကို ရဲရဲတောက် ပျက်လုံးတွေနဲ့ နာမည်ကြီးတဲ့ လူရွှင်တော်တစ်ယောက်ပါ။ သူကိုယ်တိုင်လည်း အဲဒီလိုပျက်လုံးတွေကြောင့် ထောင်နန်းကို အကြိမ်ကြိမ်စံခဲ့ရပြီးပါပြီ။ အဲဒီထောင်နန်းစံနေတဲ့ကြားက သူပျက်တယ်ဆိုပြီး နာမည်ကြီးတဲ့ ပျက်လုံးတွေကို အခုထိ မှတ်မိနေပါသေးတယ်။ “ချိုကုတ်ပြူးကြီး ကျောပြောင်နဲ့ ချိုကုန်ပြူးကြီး ဖင်တွန့်” တို့၊ သတင်းစာဖတ်ရင်း ခွက်ပေါ်လာတော့ “ဒီသောက်ခွက်ကလည်း ပေါ်ပေါ်လာပြန်ပြီ”တို့၊ စစ်ကြောရေးမှာ ဘယ်လောက်ထိနှိပ်စက်လဲဆိုတဲ့ အမေးကို ပြန်ဖြေတော့ “ဟီး ဟီး ဘာမှမလုပ်ပါဘူး”ဆို ရယ်ပြတော့ သွားတွေ တစ်ချောင်းမှ မရှိတော့ဘူးတို့။ သူတကယ်ပျက်မပျက် မသိရပေမယ့် တကယ်ထိတဲ့ ပျက်လုံးတွေဆို သူ့ဆီကထွက်တယ်ပဲ လူတွေက ထင်ရလောက်အောင် ထိထိမိမိ ပျက်တတ်တဲ့ ကိုဇာဂနာပါ။ သူထောင်က ထွက်လာပြီး ရုပ်ရှင်ရိုက်ခွင့်ရတော့ (၁၉၉၅ လောက်ကထင်ပါတယ်) ပြန်ရိုက်တဲ့ အခွေတစ်ခွေလည်း ရှိပါသေးတယ်။  “သူမသာ ကိုယ်အသုဘ”တို့ “သဘောပေါက်ပါတယ်နော်... သဘောပေါက်ပါတယ်” “အားလည်းနာတယ် ခင်လည်းခင်တယ်” “မှန်တိုင်းလည်းမကောင်းဘူး” စတဲ့ ဇာတ်လမ်းတိုလေးတွေ ပေါင်းထားတဲ့ ဗီဒီယိုအခွေလေးပါ။ အရမ်းကောင်းပါတယ်။ ပြန်ကြည့်ခွင့်ကြုံရင် ကြည့်ချင်ပါသေးတယ်။

အဲဒီကိုမေတ္တာနဲ့ ကိုဇာဂနာတို့ရဲ့ အရင်တုန်းက ဟာတွေကို ပြန်ကြည့်ရဖို့ မဖြစ်နိုင်တော့ပေမယ့် သူတို့ရဲ့ နောက်ဆုံးပေါ် ဟာသနဲ့ သံချပ်တွေကို စင်္ကာပူမှာ ကြည့်နိုင်တော့မှာပါ။ အဲဒီတခိုင်လုံးရွှေက ကိုမေတ္တာနဲ့ မိုးနတ်သူဇာက ကိုဇာဂနာတို့ အဖွဲ့တွေ ပထမဆုံးအကြိမ် နိုင်ငံခြားဖျော်ဖြေမှုအဖြစ် ၂၉ ဧပြီမှာကပြမှာ ပါ။ စင်္ကာပူမှာ နှစ်လတစ်ခါလောက်ပွဲတွေ ရှိနေတာ ပွဲတိုင်း ကြည့်ရရင်လည်း ပွဲဖိုးနဲ့ မွဲမှာပါပဲ။ ဒါပေမယ့် ဒီ တစ်ပွဲကိုတော့ သွားကြည့်ဖို့ တိုက်တွန်းပါတယ်။ စင်္ကာပူမှာ လုပ်တဲ့ စာပေဟောပြောပွဲတွေကလွဲလို့ တခြား စတိတ်ရှိုး၊ အငြိမ့်၊ ပဒေသာ ကဇာတ် နောက်ဆုံး ကုန်ကုန်ပြောရရင် ကျွန်တော်တို့ TP သင်္ကြန်ပွဲတွေကိုတောင် တစ်ခါမှ အခုလို မကြော်ငြာဖူးပါဘူး။ အခုဘာလို့ ရေးရလဲဆိုတော့ သူတို့ရဲ့ ပြည်သူလူထုအပေါ်ထားတဲ့ သူတို့ရဲ့ စေတနာတွေကို ဂုဏ်ပြုချင်လို့ပါ။ ကျွန်တော်ကိုယ်တိုင်လည်း သွားကြည့်မှာပါ။ တစ်နှစ်ပတ်လုံးစာ မောပန်းစွာ အလုပ်လုပ်ရတဲ့ စင်္ကာပူ working life style ကနေ ခဏဖြစ်ဖြစ် ရုန်းထွက်ပြီး လွတ်လွတ်လပ်လပ် အားရပါးရ ရယ်မောချင်တဲ့အတွက်။ ဇာတ်သမား၊ အငြိမ့်သမား ပြန်ရင် မှတ်သားစရာ တစ်ခုခု ကျန်တယ်ဆိုတဲ့ စကားအတိုင်း လက်ရုံးတော်ကြီးတွေဆီကနေ မှတ်သားစရာ တစ်ခုခု ကျန်မယ်လို့ ထင်တဲ့အတွက်။ ပြီးတော့ ပြည်သူလူထုအတွက် ပေးဆပ်ခဲ့ရတဲ့ သူတို့ရဲ့ အနုပညာဘ၀တွေကို ဂုဏ်ပြုချင်တဲ့အတွက်။ ကျွန်တော် ဒီပွဲကို သွားကြည့်ပါမယ်။ အားလုံးကိုလည်း လိုက်ကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ လက်မှတ်တွေကိုတော့ ပန်နီဇူးလားပလာဇာက ရနံ့သစ် (B1-17)၊ သစ္စာကြယ်စင်-05-37(A) ဒါမှမဟုတ် ၈၁၆၁၂၂၄၄၊ ၉၈၀၀၄၁၁၈၊ ၉၁၈၆၉၁၄၀၊ ၉၁၀၁၆၄၆၄ တို့ကနေ ၀ယ်ယူရရှိနိုင်ပါတယ်။ ကျွန်တော့်ကိုလည်း ပြောလို့ရပါတယ်။ ကြုံတောင့်ကြုံခဲ ပွဲတစ်ပွဲရဲ့ လက်မှတ်တွေကို အခုအချိန်မှာ ၀ယ်လို့ ရသေးတယ်လို့ သိရပါတယ်။ ၀ယ်စရာရှိတာ မြန်မြန်ဝယ်ထားကြဖို့ တိုက်တွန်းရင်း . . . ။

စည်သူ(သံလွင်)

စင်္ကာပူပွဲအတွက်

ကိုဇာဂနာရဲ့ လက်ဆောင်စကား - http://www.youtube.com/watch?v=2kAonsLInPw&feature=relmfu

ကိုမေတ္တာရဲ့ လက်ဆောင်စကား -  http://www.youtube.com/watch?v=fEsfVSIpdO8

ကိုအရိုင်းရဲ့ လက်ဆောင်စကား - http://www.youtube.com/watch?v=DGQspotZ_fE&feature=relmfu

ကိုငှက်ပြောကြော်ရဲ့ လက်ဆောင်စကား - http://www.youtube.com/watch?v=2b0wlsMCbEM&feature=relmfu

Monday, April 9, 2012

ဆဲလ်မွန်ငါးတို့ရဲ့ အိမ်ပြန်ချိန်နဲ့ ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီခရီး


၁၉၉၉ရဲ့ ဇွန်လ မိုးတွေရွာတဲ့နေ့တစ်နေ့မှာပေါ့။ TP မှာ third yr တက်မယ့် အစ်ကိုနဲ့ NYP မှာ ခုမှ 1st yr စတက်မယ့် ညီညီတို့ကို လေဆိပ်လိုက်ပို့ဖြစ်တယ်။ လေယာဉ်ထွက်ခါနီးတော့ ခွဲခွာခါနီးမိသားစုတွေရဲ့ ထုံစံအတိုင်း ညီညီရော သူ့အမေ (ကြီးကြီးအေး)ရော မျက်ရည်တွေဝိုင်းလို့ပေါ့။ အဲဒီမြင်ကွင်းကို ကြည့်ပြီး ကျွန်တော်ရင်ထဲမှာ ဆို့နင့်လာတယ်။ ပြီးတော့ လေယာဉ်တွေကို လှမ်းကြည့်လို့ ရတဲ့ ၀ရန်တာဖက်ကို တစ်ယောက်တည်း တိတ်တိတ်လေး ထွက်လာခဲ့ပြီး မျက်ရည်တွေဖြိုင်ဖြိုင်ကျခဲ့ရတယ်။ တကယ်ဆို ညီဝမ်းကွဲဖြစ်တဲ့ ညီညီနဲ့ ခွဲခွာရတယ်ဆိုတာ တစ်ပတ်တည်းပါ။ ဘာလို့ဆိုတော့ ညီညီသွားပြီး တစ်ပတ်အကြာမှာ ကျွန်တော်လည်း စင်္ကာပူသွားပြီး TPမှာ ကျောင်းတက်ရတော့မှာမို့ပါ။ ဒါပေမယ့် ကျွန်တော်ကျတဲ့မျက်ရည်ဟာ တခြားအကြောင်းအရာပေါင်းမြောက်များစွာ ဦးနှောက်ထဲ ရောက်လာတဲ့အတွက်ပါ။ ကိုယ့်နိုင်ငံမှာ ပညာမသင်နိုင်ပဲ တိုင်းတပါးမှာ ပညာသွားသင်ရတဲ့အတွက် မိသားစုတွေ ခွဲခွာကြရတာကို ကြည့်ပြီး စိတ်မကောင်းဖြစ်တာ။ ရူးသွပ်ခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ တက္ကသိုလ်ကျောင်းသားဘ၀ကို မရနိုင်တော့လို့ ၀မ်းနည်းတာ။ RIT ကျောင်းတော်ကြီးနဲ့ မဆုံခင်မှာ ခွဲခွာရမှာမို့ ပူဆွေးတာ။ ပြီးတော့ သယံဇာတ ပေါကြွယ်ဝပါတယ်ဆိုတဲ့ နိုင်ငံထဲက သားကောင်းရတနာတွေ နိုင်ငံခြားကို ထွက်ခွာသွားရမှာမို့ နှမြောတာ။ အဲဒီ ခံစားချက်အစုံအလင်နဲ့ ကျခဲ့တဲ့မျက်ရည်တွေပါ။

ဒီကြားထဲမှာ သူက NYP မှာ ကျောင်းတက်၊ ကိုယ်က TP မှာ တက်ရတယ်ဆိုပေမယ့် ကျောင်းပိတ်ရက်တွေဆို အားရင်အားသလို တစ်ယောက်အိမ်မှာ တစ်ယောက် သွားအိပ်ကြပါတယ်။ ကျောင်းပြီးသွားကြတဲ့အချိန်မှာ ညီညီက အလုပ်ကောင်းရပြီး stable ဖြစ်နေပေမယ့် ကျွန်တော်ကတော့ SARS ရောဂါဆိုးကြီးကြောင့် စင်္ကာပူမှာ စီးပွားပျက်ကပ်ဖြစ်ပြီး အလုပ်မရဖြစ်ခဲ့ပါတယ်။ Part time လေး လုပ်ရင်း အဆင်မပြေရင် မပြေသလို ညီညီ့ဆီက ပိုက်ဆံလှမ်းချေးရပါတယ်။ တစ်ခါတစ်လေများဆို “ငါ့ကို ပိုက်ဆံ ၂၀ လောက် ချက်ချင်း လွှဲပေးပါဦး။ ခုလောလောဆယ် Hawker centre ရှေ့မှာ စားစရာပိုက်ဆံမရှိလို့ကွာ” ဆိုတဲ့ အခြေအနေမျိုးအထိ ရောက်ပြီး လှမ်းအပူကပ်ရပါသေးတယ်။ နောက်ပိုင်း အလုပ်လေးဘာလေး အဆင်ပြေတော့ ညီညီက စပြီး စီးပွားရေးလုပ်မလားဆိုလို့ ကုမ္ပဏီထောင်ပြီး ဒါရိုက်တာကြီးတွေလည်း လုပ်ခဲ့ဖူးပါတယ်။ အချိန်ပြည့်အလုပ်တွေရှိနေတာကြောင့် အောင်မြင်သင့်သလောက်မအောင်မြင်ခဲ့ကြပါဘူး။ နောက်ပိုင်း သံလွင်အိပ်မက်ကိုလည်း တူတူလုပ်ခဲ့ကြတယ်။ ဘလော့ခ်တွေလည်း တူတူရေးခဲ့ကြတယ်။ ပြီးတော့ မြန်မာပြည် အတွက် အိပ်မက်တွေလည်း တလှေကြီး မက်ခဲ့ကြပါတယ်။ အခုတော့ အဲဒီအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ညီညီတို့ ပြန်ပါပြီ။

ညီညီပြန်ချင်တယ်လို့ ပြောနေတာတော့ ကြာပါပြီ။ စင်္ကာပူရောက်တာလည်း ကြာပြီဆိုတဲ့အကြောင်း ဒီနိုင်ငံမှာပဲ ရတဲ့လစာလေးနဲ့ အဆင်ပြေသလို နေပြီး ဘ၀ကြီးကို မြှုပ်နှံသွားလို့ မဖြစ်တော့ဘူးဆိုတဲ့အကြောင်း၊ မိဘတွေလည်း အသက်ကြီးပြီ ဆိုတဲ့အကြောင်း၊ အပြောင်းအလဲဆိုတာ ဒီလိုပုံစံမျိုးမှမလုပ်ရင် ဘယ်တော့မှ လုပ်ဖြစ်မှာ မဟုတ်တဲ့အကြောင်းတွေနဲ့ပေါ့။ ဟုတ်ပါတယ်။ ကျွန်တော်ကတော့ ညီညီအတွက် ယုံကြည်နေပါတယ်။ မိမိရဲ့ စားဝတ်နေရေးအတွက် စီးပွားရေးလုပ်တဲ့အခါ နိုင်ငံရဲ့ စီးပွားရေးကိုလည်း တဖက်တလမ်းကနေ အကျိုးရှိစေလိမ့်မယ်ဆိုတာ၊ နိုင်ငံရပ်ခြားကနေ အိတ်အပြည့်နဲ့ ထည့်လာတဲ့ အသိပညာအတတ်ပညာတွေဟာ နိုင်ငံရဲ့ ရှေ့ရေးကို အများကြီးအကျိုးပြုမယ်ဆိုတာ၊ လူမှုရေးကိစ္စရပ်တွေမှာ စိတ်ပါဝင်စားသူတစ်ယောက်အနေနဲ့ ထဲထဲဝင်ဝင်လုပ်ဆောင်နိုင်မယ်ဆိုတာ။ ပြီးတော့ မိဘတွေရဲ့ ကျေးဇူးကို ငွေလေးပို့ရုံဖုန်းလေးဆက်ရုံတင်မဟုတ်ပဲ အနီးကပ်ပြုစုစောင့်ရှောက်နိုင်မယ်ဆိုတာ၊ နောက်ဆုံး ချစ်တဲ့မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် အေးချမ်းတဲ့ ဘ၀လေးကို ပိုင်ဆိုင်နိုင်မယ်ဆိုတာကို ယုံကြည်နေမိပါတယ်။ နိုင်ငံရပ်ခြားကနေ အဲလိုပြန်လာကြမယ့် သားသမီးတွေကို ဒဏ်ရာ အနာတရတွေနဲ့ အမိမြန်မာနိုင်ငံကြီးက ရင်ဘတ်ကြီးကို ဟောင်းလောင်းဖွင့်လို့ ကြိုဆိုနေမယ်ဆိုတာကိုလည်း ယုံကြည်နေပါတယ်။ ညီညီဟာ လွန်ခဲ့တဲ့ ၁၃နှစ်က ကျွန်တော့်ထက် တစ်ပတ်စောပြီး စင်္ကာပူကို ထွက်လာပါတယ်။ အခုလည်း သူကပဲ စောပြီး မြန်မာပြည်ပြန်သွားခဲ့ပါပြီ။ နောက် ၇ရက် အကွာမှာ လိုက်ပြန်ချင်ပေမယ့် မပြီးဆုံးသေးတဲ့ အိပ်မက်ရှည်တွေ ဆက်လျှောက်ဖို့ စင်္ကာပူဆိုတဲ့ ဒီကျွန်းသေးလေးမှာ ကျွန်တော်တို့ကတော့ ဆက်ရှိနေဦးမှာပါ။ ၇ရက်အတွင်းမပြန်နိုင်သေးပေမယ့် ၇နှစ်လောက်တော့ မကြာအောင် ကြိုးစားသွားမှာပါ။ ပညာတွေပြည့်ဝတဲ့အချိန်၊ အိပ်မက်တွေ အကောင်အထည်ဖော်ဖို့အချိန်၊ အကောင်းတကာ့အကောင်းဆုံးတွေ နိုင်ငံအတွက် သယ်လာနိုင်မယ့်အချိန် . . . တချိန်ချိန်မှာတော့ ပြန်လာခဲ့ပါမယ်။ ဆဲလ်မွန်ငါးတို့ အိမ်ပြန်သွားသလို ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီခရီးတွေဟာလည်း သိပ်မကြာတော့မယ့်အချိန်မှာ ပြီးဆုံးနိုင်တော့မယ့်လို့ မျှော်လင့်ရင်း . . . ။

စည်သူ(သံလွင်)

10.03.2012 မှာ ရန်ကုန်အပြီးပြန်သွားတဲ့ ညီညီ(သံလွင်)နဲ့ စကားပန်းအတွက်အမှတ်တရ . . .

Wednesday, February 1, 2012

အသက်ရှည်လိုလျှင် အသည်းကို ညှာတာပါ(ဇီဝက-ဆေး၂)


  Facebook မှာ ဟိုလျှောက်ဖတ် ဒီလျှောက်ဖတ်ရင်းတွေ့တာပါ။ အသည်းက လူအတွက် သိပ်အရေးကြီးကြောင်းရေးထားတဲ့ စာစုလေးပါ။ ပထမတော့ ခဏခဏ ပြန်ဖတ်သင့်တယ် ထင်လို့ တနေရာရာမှာ သိမ်းထားမယ် စိတ်ကူးတာ။ နောက်တော့မှ ဘလောခ့်ပေါ်မှာ ရှယ်လိုက်တော့ တခြားလူတွေလည်း ဖတ်လို့ ရတာပေါ့ ဆိုပြီး တင်လိုက်ပါတယ်။ အခုလို ကိုယ်သိတဲ့ အသိပညာကို ရှယ်ပေးတဲ့ ဇီဝက-ဆေး၂ကိုလည်း ကျေးဇူးတင်တယ်။ ပြီးတော့ ဟုတ်ပါတယ် အသက်ကို ဥာဏ်စောင့်ပါတယ်။


အသက်ရှည်လိုလျှင် အသည်းကို ညှာတာပါ

Liver

အသည်းဟာ လူ့ခန္ဓာကိုယ်မှာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာ ရှိတဲ့ ဇီဝဖြစ်စဉ် တော်တော်များများမှာ သူပါဝင်ပါတယ်။ အညစ်အကြေးတွေ စွန့်ပစ်ခြင်းနဲ့ အဆိပ်အတောက်တွေကို ဓာတ်ပြယ်အောင်လည်း သူကပဲ လုပ်ပေးပါတယ်။ အစာခြေဖို့အတွက် အစာခြေရည်တွေကိုလည်း သူကပဲ ထုတ်ပေးတယ်။ ကိုယ်စားလိုက်တဲ့ ကစီဓာတ်၊ အသားဓာတ်နဲ့ အဆီဓာတ်တွေကို လိုရင်သုံး မလိုရင် သိုလှောင်ဖို့အတွက်လည်း အသည်းကပဲ အဓိက လုပ်ဆောင်ပေးတာပါ။ ဒါ့ကြောင့် တသက်လုံး သုံးရမယ့် အသည်းကို မလိုအပ်ဘဲ အလွန်အကျွံ မခိုင်းမိစေဖို့ အရေးကြီးပါတယ်။ နောက်ပြီး လူတွေက နှလုံးရောဂါ၊ သွေးတိုးရောဂါတွေနဲ့ ဆီးချိုရောဂါတွေ အကြောင်းက သိသင့်သလောက် သိလာတော့ ရှောင်တာဆောင်တာတွေ လုပ်လာကြတယ်။ သွေးတိုးတို့ ဆီးချိုတို့ ကြောက်စရာကောင်းသလို အသည်းကလည်း မမေ့သင့်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် အသည်းကျန်းမာရေးကို ကောင်းအောင် မည်ကဲ့သို့ ပြုမူနေထိုင်ရမည်ကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။

နံပါတ်(၁)။ ။အစားအသောက်စားတဲ့အခါမှာ ကိုယ့်ခန္ဓာကို ကိုယ်နားထောင်ပါ။ ဗိုက်မဆာလျှင်မစားပါနှင့်။ ဆာတယ်မဆာဘူးဆိုတာက ကိုယ့်ရဲ့ စိတ်နဲ့လည်း ဆိုင်သေးတယ်။ ဒါ့ကြောင့် တကယ်မလိုအပ်လျှင် ငါမစားဘူးဟု စိတ်ကို တင်းထားရမည်။ ဥပမာ။ နေ့လည် ၁၂ နာရီလောက်က နေ့လည်စာ စားထားလျှင် ညနေ ၄ နာရီလောက်အထိတော့ နေနိုင်မည်ဖြစ်သည်။ အဲဒါကို ၂ နာရီလောက်မှာ မိတ်ကောင်းလို့ အပြင်မှာ တစ်ခုခုစားလိုက်တာမျိုးဖြစ်သည်။ ဒါမှ မဟုတ် အသုတ်သည်ကိုတွေ့လို့ ၀ယ်စားတာမျိုးဖြစ်သည်။ လိုတာထက် ပိုစားတော့ ဘာဖြစ်ပါသလဲ။ အသည်းက ကိုယ်စားလိုက်တဲ့အစာထဲမှာ ပါဝင်တဲ့ အစာအာဟာရတွေကို စီမံခန့်ခွဲနေရတယ်။ ကိုယ်က အများကြီးစားရင် အသည်းမှာ တာဝန်ပိလာတယ်။ ကြာလာတော့ metabolism လို့ခေါ်တဲ့ ဇီဝဖြစ်စဉ်တွေ ကမောက်ကမ ဖြစ်လာတယ်။ စားလိုက်တဲ့ ကစီဓာတ် တွေကို သွေးထဲမှာ မများလာအောင် pancreas အကူအညီနဲ့ အင်ဆူလင် ဟော်မုန်းတွေကို အများကြီးထွက်စေတယ်။ ကြလာတော့ pancreas က ပင်ပန်းပြီး အင်ဆူလင်မထုတ်နိုင်တော့ဘူး။ အဲဒီမှာ အမျိုးအစား- ၂ ဆီးချိုက ၀င်လာပါရော။ စားလိုက်တဲ့ အဆီတွေကို ကောင်းကောင်းမခြေဖျက်နိုင်တော့ဘဲ အသည်းမှာ အဆီတွေ စုလာမယ်။ တခြားနေရာတွေမှာ အဆီတွေ စုလာမယ်။ အသည်းမှာ အဆီစုတာကို fatty liver လို့ခေါ်ပါတယ်။ အသည်းရောင်ခြင်း မရှိဘဲနဲ့ အသည်းခြောက်တဲ့ အဆင့်ကို ကူးသွားနိုင်တဲ့အတွက် ကြောက်စရာ ကောင်းလှပါတယ်။ ဒါ့ကြောင့် အစားအသောက်ကို လိုအပ်သလောက်သာ စားသုံးဖို့လိုပါတယ်။ စားတဲ့အခါမှာလည်း ကောင်းမွန်စာ ချက်ပြုပ်ထားတဲ့ ဟင်းလျာတွေကို စားသုံးဖို့ လိုပါတယ်။
နံပါတ်(၂)။ ။ရေကို နေ့စဉ် လုံလောက်စွာ သောက်ဖို့ လိုအပ်ပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့တာမှာ သောက်ရည် ၂ လီတာ ခွဲစာလောက် သောက်ရပါမယ်။ အဲဒီလောက်မှာ မသောက်ရင် ကျောက်ကပ်ဟာ အညစ်အကြေးများ စွန့်ပစ်ဖို့ အလုပ်ကောင်းကောင်းလုပ်နိုင်မှာ မဟုတ်ပါဘူး။ ကျောက်ကပ်က မနိုင်ရင် အသည်းက ကူပေးရတဲ့အတွက် မလိုအပ်ဘဲ အလုပ်ရှုပ်တာပေါ့။ ဒါ့ကြောင့် တနေ့တာကာလမှာ ရေကို နည်းနည်း နဲ့ ခဏခဏသောက်ပေးခြင်းအားဖြင့် အသည်းအတွက်ကောင်းသလို ကျောက်ကပ်ကိုပါ ဆေးပြီးသား ဖြစ်သွားမှာပါ။ ဗမာတွေက ဆီးခဏခဏသွားရင် မကြိုက်ကြဘူး။ ဆီးသွားတာနဲ့ ကျောက်ကပ်ကစစ်ထုတ်တာနဲ့ က တိုက်ရိုက်တော့လည်း မဆိုင်ပါဘူး။ ရေများများသောက်ပြီး ခဏခဏ မသွားချင်ရင် အောင့်ထားတတ်အောင် ကျင့်ထားခြင်းက အသုံးဝင်မှာ ဖြစ်ပါတယ်။

နံပါတ်(၃)။ ။တတိယမြောက်အချက်ကတော့ အရမ်းချိုတဲ့ အစားအသောက်တွေကို မစားဖို့ပါပဲ။ သဘာဝအတိုင်းချိုတဲ့ အသီးအနှံတွေကိုတော့ စားလို့ရပါတယ်။ မစားသင့်တာကတော့ junk food လို့ခေါ်တဲ့ အသင့်စားအချိုစာတွေ၊ သကြားလုံးတွေ၊ အရမ်းချိုတဲ့ ပေါင်မုန့် ကိတ်မုန့်တွေ ဖြစ်ပါတယ်။ သူတို့ဆီမှာ ပါဝင်တဲ့ သကြားတွေဟာ သွေးထဲကို ရောက်သွားတာနဲ့ သွေးထဲက သကြား level ကို အရမ်းမြှင့်တင်လိုက်တယ်။ ဒီအခါမှာ အသည်းဟာ အင်ဆူလင် ဟော်မုန်းရဲ့ အကူအညီနဲ့ သွေးထဲက ပိုလျှံနေတဲ့ သကြားတွေကို လျော့နည်းသွားအောင် လုပ်ရပါတယ်။ ခဏခဏ လုပ်နေရရင် အသည်းဟာ ကောင်းစွာ အလုပ်မလုပ်နိုင်တော့ဘဲ ဆီချိုရောဂါ အ၀လွန်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး ကိုယ်က အချိုဓာတ်ကို ကြိုက်သူဆိုရင် အကောင်းဆုံးနည်းလမ်းက သဘာဝအသီးအနှံ၊ ပျားရည် အစရှိတဲ့ green product တွေကိုသာ စားသုံးသင့်ပါတယ်။

နံပါတ်(၄)။ ။စတုထ္တအချက်ကတော့ အစာလမ်းကြောင်းကို ကျန်းမာအောင် ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ စားလိုက်သမျှကို အူတွေထဲမှာ ခြေဖျက်ပြီးရင် အသည်းဆီ အရင်ဆုံးရောက်တာပါ။ ကိုယ်စားတဲ့အစာတွေက မသန့်ရှင်းတဲ့ အစာတွေ ဖြစ်နေရင် ဘက်တီးရီးယားပိုးတွေ၊ ဗိုင်းရပ်စ်ပိုးတွေ၊ သန်ကောင်ဥတွေ ပါလာတတ်ပါတယ်။ အူတွေထဲမှာ ရှိတဲ့ ခုခံတဲ့ စနစ်တွေက ဒီကောင်တွေကို နှိမ်နင်းနိုင်တယ်ဆိုပေမယ့် အရည်အတွက်နဲ့လည်း ဆိုင်ပါသေးတယ်။ ကာလ၀မ်းရောဂါပိုးဟာ အကောင်အရေအတွက် နည်းနည်း စားမိရင် လူကို ဘာမှ ဒုက္ခမပေးနိုင်ပေမယ့် လုံလောက်တဲ့ အရေအတွက်ကို စားမိရင် ကာလ၀မ်းရောဂါကိုဖြစ်စေနိုင်ပါတယ်။ ဒီနေရာမှာ အသည်းကို အဓိက ဒုက္ခပေးနိုင်တာက သန်ကောင်ဥတွေပါပဲ။ အချို့သော သန်ကောင်တွေက အူထဲမှာ အကောင်ပေါက်ပြီးရင် အသည်းထဲ အထိရောက်အောင် သွားပါတယ်။ မြန်မာပြည်မှာ သန်ကောင်ပိတ်လို့ သည်းခြေပြွန်လမ်းကြောင်းရောင်ရမ်းပြီး ဆေးရုံရောက်တဲ့ လူနာအရေအတွက်လည်း မနည်းလှပါဘူး။ ရောဂါဖြစ်တဲ့သူတွေကို ရောဂါရာဇ၀င်မေးကြည့်ရင် ဆင်းရဲနွမ်းပါးသူတွေ အဖြစ်များပြီး လမ်းဘေးစာတွေ အသုတ်တွေ ၀က်သားဒုတ်ထိုးတွေ ပုံမှန်စားသူတွေ ဖြစ်ကြပါတယ်။ ကိုယ်က လုံလောက်တဲ့ ၀င်ငွေမရှိလို့ အဆင်ပြေသလိုစားရတာကို အပြစ်မပြောလိုပေမယ့် လမ်းဘေးမှာ ဖုန်တောထဲမှာ ရောင်းတဲ့ အစာတွေ ကိုမှ ကြိုက်နှစ်သက်တဲ့ သူတွေကိုတော့ တားမြစ်ချင်ပါတယ်။ အစားအသောက်ကို သန့်ရှင်းလတ်ဆတ်တာကို စားပါ။ မှိုတက်နေသော အစားအသောက်များသည်လည်း လူကို ဒုက္ခပေးနိုင်ပါတယ်။ မှိုရှိမရှိကို အရောင်ပြောင်းလဲခြင်းနှင့် အနံ့တို့ အပေါ် မူတည်၍ ခွဲခြားနိုင်ပါတယ်။ မှိုသည် အသည်းခြောက်စေနိုင်သည်။ အသည်းကင်ဆာဖြစ်စေနိုင်သည်။

နံပါတ်(၅)။ ။အသည်းဟာ အစာအိမ်နဲ့ အူလမ်းကြောင်းနဲ့ တွဲဖက်ပြီး အလုပ်လုပ်ရတဲ့အတွက် အူလမ်းကြောင်းမကောင်းရင် သူလည်း ဖောက်တတ်ပါတယ်။ အထူးသဖြင့် ၀မ်းချုပ်တဲ့ အခါတွေမှာ အူတွေထဲမှာ ဘက်တီးရီးယားပိုးတွေ ပေါက်ပွားလာတတ်တယ်။ သာမန်လူတွေမှာတော့ သိပ်ပြီး မသိသာလှပေမယ့် အစကတည်းက အသည်းကောင်းစွာ အလုပ်မလုပ်သူတွေ၊ အသည်းခြောက်ရောဂါရှိသူတွေအတွက် အသက်အန္တာရာယ် စိုးရိမ်ရသည်အထိ ဒုက္ခပေးနိုင်ပါတယ်။ ထို့ကြောင် မူလက အသည်းမကောင်းရင် ၀မ်းမချုပ်အောင် သတိထားဖို့လိုပါတယ်။

နံပါတ်(၆)။ ။သဘာဝအရောင်မဟုတ်တဲ့ ဆိုးဆေးပါတဲ့ အစားအသောက်တွေ၊ ကြာရှည်ခံအောင် ထည့်တဲ့ ယမ်းစိမ်းတွေဟာ အသည်းရဲ့ ရန်သူတွေ ဖြစ်ပါတယ်။ အလွယ်ဆုံး မှတ်တဲ့ နည်းလမ်းကတော့ အဲဒါတွေ ပါတဲ့ အစာများများစားလေလေ အသည်းက မြန်မြန်ပျက်စီးလေ ဆိုတာပါပဲ။ အသည်းမကောင်းရင် အသက်တိုပါလိမ့်မယ်။ ဒါ့ကြောင့် အသက်ကို ဥာဏ်စောင့်သည့် သဘောရှိသောကြောင့် ရှောင်ကြရှားကြပါ။

နံပါတ်(၇)။ ။နောက်ဆုံးအချက်ကတော့ လူအများသိကြသည့် အရက်နှင့် ဆေးလိပ်ပင် ဖြစ်ပါတယ်။ သူတို့နဲ့ ပတ်သက်လို့ကတော့ ထပ်မံမပြောလိုတော့ပါဘူး။ အရက်ထဲမှာတောင်မှ အရက်အတု၊ အရက်အပြင်းသောက်သူက ပိုထိတယ်။ အကောင်းစားအရက် သောက်တဲ့သူက သိပ်ပြီး မထိဘူး။ သောက်ပုံသောက်နည်းမှာလည်း ခွေးသောက်သောက်သူက သူဌေးသောက်သောက်သူထက် ပိုထိတယ်။ အမြည်းမပါဘဲ သောက်သူက အမြည်းစားပြီး သောက်သူထက် ပိုဆိုးပါတယ်။


Collapse...

Posted by ဇီဝက (ဆေး-၂)

Friday, December 23, 2011

အခွန်ကိစ္စနဲ့ တကယ့်စေတနာ


မနေ့ကပဲ အခွန်တွေပေးစရာမလိုတော့ဘူးဆိုပြီး အမိန့်ကြေငြာစောင် တစ်စောင်ထွက်လာတော့ သို့လော သို့လောနဲ့ ဟုတ်ရဲ့လား မှန်ရဲ့လားဆိုပြီး ညီညီ(သံလွင်)နဲ့ နှစ်ယောက်သား လိုက်လံစုံစမ်းကြပါသေးတယ်။ အောက်က အတွင်းရေးမှူး တင်မျိုးကြည်ဆိုတာ ဘယ်သူလဲ၊ အပေါ်က fax ထိုးထားတဲ့ နေ့ရက်နဲ့ အချိန်၊ အလယ်မှာ ရေးထားတဲ့ စာအရေးအသား။ စတာတွေကို အရင်ကြေငြာချက်အဟောင်းတွေနဲ့ တိုက်ကြည့်၊ ဘယ်သတင်းဌာနမှာမှလည်း မပါသေးပါလား ဟုတ်ရဲ့လားဆိုပြီး စဉ်းစားနဲ့ လုပ်နေလို့ ကောင်မလေးကတောင် စုံထောက် ဦးစံရှားလုပ်နေတယ်ဆိုပြီး စနေပါသေးတယ်။ စုံထောက်မောင်စံရှားတို့ ဆားပုလင်းနှင်းမောင်တို့ ဖတ်ထားတာ ဒီအချိန်မှာ အသုံးမချ ဘယ်အချိန်အသုံးချမလဲ။ ဒီကိစ္စက သိပ်ကိုအရေးကြီးတဲ့ကိစ္စပါ။ မစုံစမ်းလို့လဲမရပါဘူး၊ အခုလခရမယ့် ၁၃ လစာလေးကို ပထမတော့ အခွန်ဆောင်မလို့ထားတာပါ။ ပေးစရာမလိုဘူး၊ သေချာတယ်ဆိုရင်တော့ တခြားအကြွေးလေးဘာလေးဆပ်၊ အိမ်ကိုပြန်ပို့စရာရှိပို့၊ လှူစရာရှိတာလေးလှူလို့ စင်္ကာပူမှာ မစားဖူးတဲ့ အစားကောင်းတွေ စားလိုက်မယ်ဟဲ့လို့ ကြံစည်နေလေတော့ သိဖို့က လိုအပ်ပါတယ်။ 

ဒီနေ့တော့ အစိုးရသတင်းစာတွေရော အစိုးမရသတင်းစာတွေပါ တရားဝင်ပါလာပါပြီ။ FB ထဲမှာလည်း အားပွားလုပ်တဲ့လူကလုပ်၊ သမ္မတကြီးကို ချစ်သွားပြီ ဆိုသူကဆို၊ ဒါဟာအမှန်ပဲ အိပ်မက်မဟုတ်ပါလို့ တင်သူကတင်နဲ့ အပျော်ကြီးပျော်နေကြပါတယ်။ အဲဒီကိစ္စကို Double Tax မကောက်ခံရေးအနေနဲ့ ကြိုးစားခဲ့ကြတဲ့ ခရီးလမ်းကို ပြန်မြင်ယောင်မိတော့ တော်တော်လေးကို ရင်မောပြီး အလုံးကြီးတော်တော်ကျသွားသလို ခံစားမိပါတယ်။ တကယ်မပေးရတော့မှ နောင်ဘယ်တော့မှ ပေးစရာမလိုတော့မှ သံရုံးမှာ သက်တမ်းတိုးပြီးတော့မှ အပြည့်အ၀ပျော်နိုင်မှာပါ။ ဟိုးအရင် ခုနှစ်တွေကတည်းက စင်္ကာပူရောက်မြန်မာတွေကြိုးစားခဲ့ကြတဲ့ အခွန်မဆောင်ရရေးကြိုးပမ်းချက်တွေ ပြီးမြောက်သွားတဲ့အထိမ်းအမှတ်နဲ့ သွားအဖြဲသားလုပ်လို့ စားမြုံ့ပြန်ချင်ပါတယ်။ ၀မ်းသာလွန်းလို့ပါ။

၂၀၀၄ လောက်က ထင်ပါတယ် အွန်လိုင်းမှာ အခွန်မဆောင်ရရေး Petition တစ်ခုကို မြန်မာနိုင်ငံဖက်က သံအမတ်ကြီးဦးလှသန်း၊ ဘဏ္ဍာရေးဝန်ကြီးလှထွန်း၊ စင်္ကာပူက လက်ထောက်ဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီး ရာထူးနှစ်ခုယူထားတဲ့ လီရှန်လွန်း(လီရှန်လွန်းဆိုတာ အခု စင်္ကာပူရဲ့ ၀န်ကြီးချုပ်ပါ၊ အရပ်စကားနဲ့ ပြောရရင် အဲဒီအချိန်က ငချွတ်လေးပေါ့။း) ဟိဟိ အစိုးရရာထူးကြီးနှစ်ခုယူထားတဲ့ ငချွတ်လေး၊ ထားပါ) ပြီးတော့ သတင်းဌာနကြီးတွေကို လိပ်မူတပ်ပြီး လုပ်တဲ့ Petition ပါ။ လုပ်တဲ့သူကတော့ ကိုသီဟလို့ သိထားပါတယ်။ အခုထိ ဒီနေရာမှာ ရှိနေပါသေးတယ်။ 


နောက်ထပ်တစ်ဖွဲ့ကတော့ ၂၀၀၇နှစ်ဆန်းပိုင်းလောက်ကစတဲ့ DTASG ဆိုတဲ့ ကိုနိုင်မိုးအောင်နဲ့ အဖွဲ့ပါ။ သူတို့ကတော့ စင်္ကာပူရဲ့ အစိုးရအဖွဲ့အစည်းဖြစ်တဲ့ IRAS မှာ ရှိတဲ့ မြန်မာနဲ့ စင်္ကာပူ ၂နိုင်ငံအကြားက အခွန်နှစ်ထပ်မပေးဆောင်ရရေး စာချုပ် ကို လက်ကိုင်ထားလို့ စင်္ကာပူအစိုးရရုံးတို့ မြန်မာသံရုံးတို့အထိတက်ပြီးတိုင်ပါတယ်။ အဲဒါတွေရဲ့ အပြည့်အစုံတို့ သူတို့ဘလော့ခ်ဖြစ်တဲ့ ဒီနေရာမှာ သွားကြည့်နိုင်ပါသေးတယ်။
ကျွန်တော်တို့ သံလွင်အိပ်မက်နဲ့တောင် အင်တာဗျူးလုပ်လိုက်ပါသေးတယ်။


ပြီးတော့ ကျွန်တော်တို့ Temasek Poly Myanmar Thingyan တွေမှာလဲ ကိုသားကြီးရဲ့ “သားသားကြောက်တာ မြန်မာသံရုံး အမေရေကယ်ပါဦး”တို့ ၊ “ဘယ်သွားမလို့လဲ မောင်ရေခဲ”ဆိုပြီး သံရုံးအခွန်သွားဆောင်တဲ့ မောင်ရေခဲတစ်ယောက် လခ၂၀၀၀ အကုန်လုံးပြောင်တဲ့အကြောင်း စတာတွေကို နှစ်တိုင်း သံချပ်ထဲ ထည့်ပျက်လိုက်၊ ပြဇာတ်ထဲ ထည့်လိုက်နဲ့ သံအမတ်ကြီး ဦးလှသန်းတောင် တဟားဟားနဲ့ အော်ရယ်ခဲ့တဲ့ ဟာသလေးတွေကို အမှတ်ရစေပါသေးတယ်။ ဒါတင်မကပဲ April Fool Day တိုင်း စင်္ကာပူရောက်မြန်မာတွေ အခွန်ပေးစရာမလိုတော့ဘူးဆိုတဲ့ sms တွေ ပလူပျံအောင် တစ်ယောက်ကို တစ်ယောက်ပို့ပြီး အရူးလုပ်ခဲ့ကြတယ်။

ဘာပဲဖြစ်ဖြစ်အခုအချိန်မှာတော့ လုပ်ခဲ့တဲ့လူတွေပဲ လုပ်ရကျိုးနပ်တယ်ပြောရမလား၊ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲထဲမှ ပျော်ရွှင်ဖွယ်နေ့ရက်တချို့လို့ပဲ နာမည်တပ်ရမလားမပြောတတ်ပါ။ အခုလိုဆိုရင်တော့ မြန်မာနိုင်ငံသားအဖြစ်က စွန့်လွှတ်ပြီး စလုံးနိုင်ငံသားခံသွားကြသူတွေ တော်တော်နည်းသွားမယ်ထင်ပါတယ်။ ဟုတ်တယ်လေ အရင်ကဆို ဘာလို့ စလုံးနိုင်ငံသားခံလဲဆိုရင် အခွန်မပေးချင်လို့၊ စလုံးကရမယ့် အကျိုးကျေးဇူးတွေက မိသားစုရှေ့ရေးအတွက် အများကြီးအထောက်အကူဖြစ်လို့၊ အိမ်ဝယ်ရတာ ဈေးသက်သာလို့၊ နိုင်ငံတော်တော်များများကို ဗီဇာမလိုလို့စသည်ဖြင့် ပြောကြတဲ့အထဲမှာ အခွန်မပေးချင်လို့ဆိုတာက ထိပ်ဆုံးကနေ အမြဲပါ ပါတယ်။ အဲဒါရဲ့ အပြည့်အစုံကိုတော့ နိုင်ငံသားပြောင်းသွားသူတွေနဲ့ အင်တာဗျူးလုပ်ထားတာကို သံလွင်အိပ်မက်မဂ္ဂဇင်းမှာသွားဖတ်နိုင်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံသားအဖြစ်က စွန့်လွှတ်သင့်မသင့်ဆိုတဲ့ ၂၀၀၆လောက်က သံလွင်စကားဝိုင်းမှာလည်း အဲဒီအခွန်ကိစ္စက ထိပ်ဆုံးက ပါခဲ့ပါတယ်။

ကျွန်တော်ကိုယ်တိုင်တောင်မှပဲ ကောက်ရိုးလေးတမျှင်မပြတ်သ၍ဆိုပြီးအက်ဆေးလေး တစ်ပုဒ်ရေးခဲ့မိပါသေးတယ်။ အခုတော့ ကျွန်တော့်ကောက်ရိုးမျှင်လေးပိုခိုင်လာခဲ့ပါပြီ။ ဒါပေမယ့် ကောက်ရိုးမျှင်ကို ကောက်ရိုးမျှင်လေးတွေနဲ့ပဲ ဆက်နေနိုင်ပါသေးတယ်။ တချိန်မှာတော့ ဂုန်နီကြိုး၊ နိုင်လွန်ကြိုး၊ သွပ်နန်းကြိုး၊ တွေနဲ့ နိုင်ငံအပေါ်ကို ထားတဲ့ သံယောဇဉ်ကြိုး တိုင်းပြည်ချစ်တဲ့ နိုင်ငံချစ်တဲ့ နိုင်ငံခေါင်းဆောင်တွေကို ချစ်တဲ့ နိုင်ငံသားတစ်ယောက်ဖြစ်ချင်ပါသေးတယ်။ အခုလောလောဆယ်တော့ နိုင်ငံတော်သမ္မတ ကိုယ်တိုင် နိုင်ငံရေးအကျဉ်းသားမရှိဘူးတို့ လယ်ယာမြေသိမ်းတဲ့ကိစ္စ၊ တိုင်းရင်းသားတွေနဲ့ စစ်ဖြစ်နေတဲ့ ကိစ္စ၊ တွေကြောင့် အပြည့်အ၀တော့ ယုံကြည်လို့ မရသေးပါဘူး။ (နိုင်ငံရေးအကျဉ်းသားမရှိဘူးဆိုရင် ကျွန်တော်သူငယ်ချင်း နေဘုန်းလတ်နဲ့ တကွ ၈၈ခေါင်းဆောင်တွေကဘာလဲ၊ မတရားပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရတာ ဒီလူကြီးမသိဘူးလား။ မသိချင်ယောင်ဆောင်နေတာလား၊ ဗျောင်လိမ်တာလား၊ ညစ်ပတ်တာလား၊ တော်ပြီဗျာ အဲဒီကိစ္စပြောရင် တင်းတင်းလာတယ်)

ထားပါ။ အခုလောလောဆယ်တော့ အခွန်ကိစ္စ အပါအ၀င်မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတချို့ကိုတော့ ကောင်းသောပြောင်းလဲခြင်းများနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်ရောင်ချည်သမ်းလာပြီလို့ ပြောရင် မှားမယ်မထင်ပါဘူး။ ကောင်းတာလုပ်တယ်ဆိုရင် ကောင်းတယ်လို့ ချီးကျူးရမှာ ဖြစ်ပြီး မကောင်းတာလုပ်ရင်တော့ မကောင်းဘူးလို့ ရှုံ့ချရမှာပါ။ ကြုံတုန်း ကောင်းသော ပြောင်းလဲခြင်းတို့ထဲက တစ်ခုကို ပြပါဆို မြန်မာနိုင်ငံရဲ့ မီဒီယာ လွတ်လပ်ခွင့်ဟာ တော်တော်လေးကို တိုးတက်လာတယ်လို့ ပြောလို့ရပါတယ်။ ပြည်သူ့ခေတ်ဂျာနယ်မှာဆို ဒီမိုကရေစီဆိုတဲ့ စကားလုံး၊ နိုင်ငံရေးအကြောင်း ရေးသားချက်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ ဝေေ၀ဆာဆာတွေကို ၀မ်းသာအားရဖွယ် တွေ့ရမှာပါ။ ဒီလိုဂျာနယ်မျိုးကို အရင်တုန်းကဆိုရင် ၈၈အရေးအခင်းတုန်းက တရားမ၀င်ထုတ်ဝေခဲ့တဲ့ ဂျာနယ်တွေမှာပဲ ဖတ်ခွင့်ရခဲ့တာပါ။ နိုင်ငံတော် လွှတ်တော်နဲ့ လုပ်ပိုင်ခွင့်ရှိသူတွေကို အကြံတစ်ခုတော့ ပေးချင်ပါတယ်။ ဘာပဲ လုပ်လုပ် စေတနာပါပါနဲ့လုပ်ပါ။ တပွဲတိုး လုပ်ပြတယ်၊ ကောင်းပြတယ် ဆိုတာမျိုးထက် ပြည်သူ့အကျိုး အများအကျိုးအတွက်လုပ်ပါ။ ဒါမှလဲ သမိုင်းမှာ နာမည်ဆိုးနဲ့ မကျန်ခဲ့ပဲ လူအများ ချစ်ခင်လေးစားတဲ့လူတွေ အနေနဲ့ ကျန်ခဲ့မှာပါ။ စင်္ကာပူနဲ့ တူချင်တယ်ဖြစ်ဖြစ်၊ စီးပွားရေးပိတ်ဆို့မှုတွေ ရပ်တန့်ပြီး နိုင်ငံကို ကောင်းစားစေချင်တယ်ပြောပြော၊
သန့်ရှင်းသော အစိုးရဖြစ်ချင်တယ်ဆိုဆို၊ ဘယ်နေရာမှာဖြစ်ဖြစ် ရေရှည်ကို ကြည့်ပြီး ပြည်သူလူထု ကောင်းစားမယ့်အရေးကို စေတနာပါပါနဲ့လုပ်ပါ။ 

အဲလိုမှမဟုတ်ပဲ ဒီမိုကရေစီအမည်ခံပြီး ဟိုဟာလေး လုပ်ပြလိုက်၊ ဒီဟာလေးလုပ်ပြလိုက်ဆိုရင်တော့ စင်္ကာပူလို ဒီမိုကရေစီအမည်ခံပြီး လီမိသားစု စီးပွားရေးလိုဖြစ်မလား၊ ထိုင်းလို အနီနဲ့ အ၀ါချမလား၊ ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ အိမ်နီးချင်းဒီမိုကရေစီနိုင်ငံ ဘင်္ဂလားဒေ့ရှ်လို စုတ်ပြတ်သပ်နေမလားဆိုတာကတော့ သိပ်မဝေးတော့မယ့် အနာဂတ်မှာ မျက်ဝါးထင်ထင် တွေ့ရတော့မှာပါ။

နိဂုံးချုပ်ပြောရမယ်ဆိုရင်တော့ အခုလို အခွန်တွေ လွတ်ကင်းခွင့်ပေးလိုက်တာဟာ နောက်ကွယ်မှာ တခြား ဆိုးရွားတဲ့ ရည်ရွယ်ချက်မရှိဘူးဆိုရင်တော့  နိုင်ငံခြားရောက်ပြည်သူတွေ အတွက်အရမ်းကောင်းပါတယ်။ ဒါပေမယ့် နိုင်ငံတော်အနေနဲ့ဆိုရင်တော့ တိုင်းသူပြည်သားတွေဆီက အခွန်ငွေကို ဟိုးအရင် ရှင်ဘုရင်တွေ လက်ထပ်ကတည်းက ယူခဲ့တာဖြစ်လို့ အခွန်အခဆိုတာကိုတော့ တိကျတဲ့ဥပဒေတွေနဲ့ တရားမျှတစွာ သက်မှတ်သင့်ပါတယ်။ စင်္ကာပူ၊ ယူအက်စ်၊ ယူကေ၊ သြဇီ စတဲ့ တိုးတက်တဲ့နိုင်ငံတိုင်းလည်း ၀င်ငွေရှိသူတိုင်း (သို့) သတ်မှတ်ထားသော လစာ ပြည့်မှီသူတိုင်း အခွန်ထမ်းဆောင်ကြရပါတယ်။ ခုလောလောဆယ်တော့ ကျွန်တော်တို့ဆီက မယူပါနဲ့ဦး။ ဆယ်စုနှစ် သုံးခုစာလောက် ပေးခဲ့ရလို့ ခြေကုန်လက်ပမ်းလည်း ကျနေကြပါပြီ။ တချိန် နိုင်ငံတော် အတွက် ရိုးရိုးသားသား စေတနာမှန်မှန်နဲ့ လုပ်ကြရတော့မယ်ဟေ့ ဆိုရင်တော့ ဇင်ကိုလတ် တို့က ရှေ့ဆုံးက ပေးပြီးသားဖြစ်နေမှာ။ စိတ်ချ။

ကျွန်တော့်ရဲ့ ဒီပိုစ့်နဲ့ ပတ်သက်ပြီး လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရမှာကိုက လွတ်လွတ်လပ်လပ်ရဲရဲဝံ့ဝံ့ချပြရဲတဲ့ သတ္တိတွေရှိရမယ်မဟုတ်ဘူးလား။ ဒါပေမယ့် တစ်ခုတော့ ရှိတာပေါ့ အများအတွက် တကယ့်စေတနာတော့ပါရမယ်လေ . . . 


Tuesday, October 25, 2011

ရန်ကုန်နှင့် သုံးဒဿမလေးအကွာ

နိုင်ငံခြားရောက် မြန်မာတွေ အနေနဲ့ မြန်မာနိုင်ငံကို အလည်ပြန်ရတာလောက် ပျော်ရွှင်ကြည်နူးဖို့ ကောင်းတဲ့အချိန်မရှိပါဘူး။ မပြန်ဖြစ်တာ ၃နှစ်နဲ့ ၄လ အကြာ အခုတစ်ခေါက် ရန်ကုန်ပြန်တော့ တိုးတက်လာတာတွေ တွေ့ရသလို ဆုတ်ယုတ်သွားတာတွေလည်း အများကြီး တွေ့ခဲ့ရတယ်။ ကောင်းတာနဲ့ မကောင်းတာမှာ ကောင်းတာကိုပဲ အရင်ပြောပြချင်မိတယ်။

တိုးတက်လာတာတွေကတော့

အရင်တုန်းက သုံးတဲ့ ကျွတ်ကျွတ်အိတ်တွေ လုံးဝမတွေ့ရတော့ပဲ ပလတ်စတစ်အိတ်အပျော့စားလေးတွေကို နေရာတိုင်းမှာ အသုံးပြုနေကြပါတယ်။ အဲဒီအိတ်လေးတွေဟာ အရင် ကျွတ်ကျွတ်အိတ်တွေထပ်စာရင်အများကြီး ချေဖြတ်ရလွယ်တယ်လို့ သိရပါတယ်။


ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံတွေကို ဗိုလ်ချုပ်အောင်ဆန်းဈေးရှေ့လို မြို့လယ် လူစည်ကားတဲ့နေရာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ၀ယ်ယူလို့ ရနေပါပြီ။ အဲဒီမှာ လာကြည့်တဲ့ အဒေါ်ကြီးတွေက အင်း အရမ်းဝမ်းသာဖို့ ကောင်းတာပဲ အခုမှပဲ လွတ်လွတ်လပ်လပ် ၀ယ်ယူနိုင်တော့တယ်ဆိုပြီး ပြောသံ ကြားခဲ့ရပါသေးတယ်။

တီဗွီကနေ ရုပ်သံလိုင်းပေါင်းမြောက်မြားစွာကို ကြည့်ရှုနိုင်တာပါပဲ။ တောသားမြို့ရောက်ဆိုသလိုပါပဲ တီဗွီက လာနေတာတွေကို ကြည့်ပြီး ပါးစပ်အဟောင်းသားဖြစ်ရပါတယ်။ အရင်တုန်းက MRTV နဲ့ MWD ဆိုပြီး နှစ်လိုင်းထဲ ရှိရာကနေ အခုတော့ MRTV4။ အဲဒါတွေက FOC လိုင်းတွေ၊ ပြီးတော့ ပိုက်ဆံ၅၀၀၀ လောက်ပေးရင် ကြည့်လို့ ရတဲ့ For Tune, For edu, for comedy, Movie 5 Family Entertainment Group ကလုပ်တာတွေရော အားလုံးပေါင်း မြန်မာရုပ်သံလိုင်းပေါင်း ၁၀ခုကျော်ကျော်လောက် အားရပါးရ ကြည့်လို့ ရတာကို တွေ့ရပါတယ်။

မီးပုံမှန်လာပါတယ်။ စင်္ကာပူက ပြန်သယ်သွားတဲ့ လက်နှိပ်မီးလေးကို တစ်ခါမှ မသုံးခဲ့ရပါဘူး။ အဲဒါတစ်ခုတော့ ကျေနပ်စရာပါ။ မီးမပျက်ရင် မြန်မာပြည်ပြန်ရတာ အဓိပ္ပါယ် မရှိဖြစ်မှာ စိုးလို့ ထင်ပါတယ်။ ချီးကျူးမဆုံးခင်မှာပဲ စင်္ကာပူပြန်ရမယ့် မနက်မှာ မီးလေး ပျက်ပြီး နှုတ်ဆက်တာကိုလည်း ခံခဲ့ရပါတယ်။

မတိုးတက်လာပဲ စုတ်ပြတ်သက်နေတာတွေကတော့

GSM ဖုန်းတွေဟာ အရင်လိုပဲ ဟိုနေရာ လိုင်းမမိ ဒီနေရာ လိုင်းမမိနဲ့ သိပ်စိတ်ပြတ်ဖို့ ကောင်းပါတယ်။ ရိုးရိုး ကြိုးဖုန်းလိုင်းကလည်း တစ်ချက်တစ်ချက် လိုင်းပူးနေတာတွေကို ကြားရပါသေးတယ်။ မှတ်မှတ်ရရ အဖွားဆီ ဖုန်းဆက်တော့ “အဖွားနေကောင်းလား၊ သားခဏနေရင် အဖွားဆီ လာခဲ့မယ်နော်”လို့ ပြောတော့ “အင်း များလိုက်တာ၊ နှစ်ခု၊သုံးခုလောက်ဆို တော်သေးတယ်။ ခုကျတော့ ကြည့်ပါလား ငါးခုဆိုတော့ များတာပေါ့” ဆိုတဲ့ ခပ်စွာစွာ မိန်းမသံတစ်သံထွက်လာတော့ အင်း ဆက်ပြောနေရင် ၁၀ခု လောက်ဖြစ်တော့မယ်ဆိုပြီး မြန်မြန်ဆက်ဖုန်းချလိုက်ပါတယ်။

အင်တာနက်ကို ဆိုင်မှာ သွားသုံးတော့ တဆိုင်လုံးမှာ ကိုယ်တစ်ယောက်တည်း၊ လူအများနဲ့ ရှယ်သုံးရတာမဟုတ်ပဲ တစ်ယောက်တည်း သုံးရတာဖြစ်လို့ လိုင်းကောင်းမလားမှတ်တယ်။ Website တစ်ခုပွင့်ဖို့ သုံးမိနစ်ကနေ ငါးမိနစ်လောက်ကြာတယ်။ ဒါတောင် အများကြီး တပြိုင်နက်တည်းဖွင့်ရင် မရမှာစိုးလို့ Gmail နဲ့ facebook ပဲ ဖွင့်တာပါ။ ကျွန်တော်စင်္ကာပူကို ရောက်စတုန်းက သုံးရတဲ့ အင်တာနက်ကော်နက်ရှင်လောက်တောင် မမြန်တဲ့အတွက် လွန်ခဲ့တဲ့ ၁၂နှစ်ကျော်ကျော်လောက်က Internet Speed ကိုတောင် မမှီသေးတဲ့ သဘောရှိတယ်။ ဖွင့်ထားတဲ့ website ကို စောင့်ရတာအလွန့်အလွန်ကြာတဲ့အတွက် နာရီဝက်အတွင်း ၄ခါတိတိ အိပ်ပျော်ခဲ့တာနဲ့ ကျသင့်ငွေ ၃၀၀ ကျပ်ကို ပေးပြီး ပြန်ခဲ့ရပါတယ်။

တချို့လမ်းတွေ တော်တော်ဆိုးပါတယ်။ နေဘုန်းလတ်တို့အိမ်ကို သွားတဲ့ လေးထောင့်ကန်လမ်းမကြီးဆို လကမ္ဘာပေါ်က လမ်းတွေအလား ချိုင့်ခွက်များစွာနဲ့ ဖြစ်နေတယ်။

ပညာရေးနဲ့ ပတ်သက်ပြီး အခြေခံ မူလတန်းကိုတောင် တက်ဖို့ တော်တော်ခက်နေတဲ့ လူတွေ ရှိနေတယ်ဆိုတာကို တစေ့တစောင်းသိမြင်ခဲ့ရပါတယ်။ အဲဒီအကြောင်းကို နောက်ထပ် ပိုစ့်တစ်ခုရေးပါဦးမယ်။

ဒီ ပိုစ့် လေးကို မြန်မာပြည်မပြန်ဖြစ်တာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းမောင်နှမများအတွက် ရည်ညွှန်းပြီး ရေးပါတယ်။ တခြား တိုးတက်၊ ဆုတ်ယုတ်လာတာတွေလည်း အများကြီး ရှိနိုင်သေးပေမယ့် ပြန်ခဲ့တဲ့ တစ်ပတ်အတွင်းမှာ မြင်တွေ့ခဲ့ရတာလေးတွေကို အမှတ်တရအနေနဲ့ ရေးခဲ့မိတယ်။ နိုင်ငံရေးနဲ့ ပက်သက်လို့တော့ အင်တာနက်ပေါ်မှာ အများကြီး ဖတ်လို့ ရနေတဲ့အတွက် အကျယ်ချဲ့ပြီးမရေးတော့ပါဘူး။ နိုင်ငံကောင်းလာတယ် တိုးတက်လာတယ်ဆိုရင် ပျော်ရွှင်ကြည်နူးစွာ လက်ခံရမှာ ဖြစ်သလို နိုင်ငံမတိုးတက်ပဲ ဆုတ်ယုတ်တယ်ဆိုရင်လည်း စိတ်မကောင်းဖြစ်စွာပဲ လက်ခံနေရဦးမှာပါ။ အဓိက မြင်တာတော့ မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးပိုင်းနဲ့ စီမံခန့်ခွဲမှုပိုင်းတွေမှာ တော်တော်လေး အားနည်းနေသေးတာ တွေ့ရပါတယ်။ အရင် ပြန်တုန်းကဆိုရင် တစ်နှစ်ပြန်လည်း ဒီတိုင်း နောက်တစ်နှစ်ပြန်လည်း ဒီအတိုင်းဆိုတာထက် စာရင်တော့ အများကြီး သာလာတယ်လို့ ထင်မိတယ်။ အဲဒီလိုပဲ နောက်အခေါက်တွေ ပြန်တိုင်းမှာလည်း တစတစ တိုးတက်မှုတွေ ပိုများလာပါစေလို့ ဆုတောင်းလိုက်ပါတယ်။

စာကြွင်း။ ။ရေးဖို့ တစ်ခုကျန်သွားလို့ ဒီမှာပဲ ထပ်ရေးလိုက်တော့မယ်။ အရင်တုန်းက City Mart လောက်ပဲ ရှိတာ။ အခုတော့ Ocean ၊ Orange ၊ Ruby Mart ၊ အစရှိတဲ့ ဆိုင်ကြီးတွေ အပြင်၊ တော်ဝင်ပလာဇာ၊ မော်တင်ပလာဇာ စတဲ့ Shopping Mall ကြီးတွေကိုပါ တွေ့ခဲ့ရတယ်။ Gandamar Wholesale ဆိုတာကြီးကိုလည်း တွေ့ခဲ့ရတယ်။ စင်္ကာပူကလိုဆို Giant တို့ Carrefour တို့လိုမျိုးကြီးပေါ့။ သူရဲ့ website ဖြစ်တဲ့ www.gandamarwholesale.com မှာလည်း ဈေးနှုန်းတွေကို တင်ထားပေးပါတယ်တဲ့။