Thursday, February 11, 2016

သူငယ်ချင်းသို့ ပြန်စာ (၁)

မင်းပို့လိုက်တဲ့ စာတွေ အကုန်ဖတ်ရပါတယ်။ ငါကလည်း စာရေးပျင်းတဲ့ ကောင်ဆိုတော့ စာပြန်ရေးမယ် ရေးမယ်နဲ့ ငါ့ဘ၀ရဲ့ အပြောင်းအလဲတစ်ခုအတွက် အလုပ်နည်းနည်း ရှုပ်နေတာနဲ့ အခုမှပဲ ရေးမယ့်ဆီကို ရောက်တော့တယ်။ (အဲဒီကိစ္စအသေးစိတ်တွေ မင်းဆီကို စာရေးပါဦးမယ်။) ဒီနေ့ ငါ့ကို စာရေးဖြစ်စေဖို့ အဓိကတွန်းအားကတော့ မင်းသိတဲ့ အတိုင်း လက်ပံတန်းက အကြမ်းဖက်ဖြိုခွဲမှုကြောင့်ပဲ သူငယ်ချင်း။ လက်ပံတန်းကနေ ရန်ကုန်ကို ချီတက်ကြဖို့ အချက် ၈ချက် တောင်းဆိုထားတဲ့ ကျောင်းသားသပိတ်ကို အာဏာပိုင်တွေက ပိတ်ဆို့ထားတဲ့ အတွက် မတ်လ ၁၀ရက်နေ့မှာ ဖောက်ထွက်ကြဖို့ ဆုံးဖြတ်လိုက်ပြီဆိုတော့ ကျောင်းသားတွေအတွက် စိုးရိမ်မိတယ်။ မင်းလည်း သိတဲ့အတိုင်း ဒီအစိုးရက ကမူးရှုးတိုးအစိုးရလေ။ ထင်ထားတဲ့အတိုင်းပါပဲ။ ပထမတော့ လေးယောက်တစ်တွဲ လွှတ်ပြီး ရန်ကုန်ကို ကားနဲ့ သွားခွင့်ပေးမလိုလိုနဲ့ နောက်တော့ လက်ပံတန်းပြည်သူများရဲ့ ကြော်ငြာချက်လိုလို နဖူးမစီးရ အလံမလွှင့်ရ စတဲ့ တားမြစ်ချက်တွေနဲ့ ကျောင်းသားတွေရဲ့ စိတ်ကို ဆွပြီး အကြမ်းဖက်နှိမ်နှင်းမှု တစ်ခုပေါ်ပေါက်အောင် လုပ်ခဲ့တာ မင်းလည်း သတိထားမိမယ်ထင်ပါတယ်။

အင်အားသုံးနှိမ်နင်းမှုတွေ မဖြစ်ခင်မှာ သပိတ်မှောက်ကျောင်းသားတွေရဲ့ Facebook မှာ တင်ထားတာတွေ ဖတ်ရတော့ စိတ်ထဲမကောင်းဘူးကွာ။ သူတို့အဖမ်းခံရ၊ အရိုက်ခံရတဲ့အခါ မသနားပါနဲ့ သူတို့ လိုချင်တဲ့ ဒီမိုကရေစီပညာရေးဥပဒေအသက်ဝင်အောင် လုပ်ပေးကြပါ၊ လို့ ပြောတဲ့လူတွေ ရှိသလို၊ သမီးက အမာခံမဟုတ်ဘူး အသေခံလို့ ပြောတဲ့ ညီမငယ်လေးရဲ့ Status update ကိုလည်း ဖတ်ရတယ်။
အဲဒါလေးတွေ ဖတ်ရတော့ ငါတို့ ၁၀တန်းစာမေးပွဲ ဖြေခါနီး ၉၆တုန်းက ဖြစ်ခဲ့တဲ့ ကျောင်းသားအရေးအခင်းကို သွား သတိရမိတယ်။ လှည်းတန်းကနေ ညကြီးသန်းခေါင် ကြွေးကြော်သံတွေနဲ့ လမ်းလျှောက်ချီတက်လာတဲ့ ငါတို့ဟာ သန်းခေါင်ကျော်တော့ ဆူးလေဘုရားကို ရောက်ခဲ့တယ်။ အဲဒီအချိန်က စစ်အစိုးရအုပ်ချုပ်မှုအောက်မှာ ဖြစ်လို့ အကြမ်းဖက်ဖြိုခွင်းတော့မှာ သိတဲ့ ငါတို့ဟာ ကိုယ့်ကိုယ်ကို သေသူလို့ သတ်မှတ် ကတ္တရာလမ်းကို ဦးတိုက်ပြီး သရဏဂုံတင်ခဲ့ကြတယ်။ ထင်တဲ့အတိုင်း ကျောင်းသားအရေးအခင်းဟာ စစ်တပ်ရဲ့ ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွင်းမှုကို ခံခဲ့ရတယ်။ အခုလည်း သမိုင်းဟာ တကျော့ပြန်လည်ခဲ့ပြန်ပြီပေါ့။

မင်း ကတော့ ဘယ်လိုမြင်တယ် မသိဘူး။ ငါကတော့ အခုကျောင်းသားတွေ တောင်းဆိုနေတဲ့ ဒီမိုကရေစီပညာရေးဥပဒေကို အကြွင်းမဲ့ ထောက်ခံတယ်။ ငါတို့နိုင်ငံ ကမ္ဘာ့အလယ်မှာ မျက်နှာငယ်ရတာ အဓိကအချက်ထဲမှာ ပညာရေးနှိမ့်ကျမှုဟာ ထိပ်ဆုံးက ပါတယ်ဆိုတာ မင်းအသိပဲ မဟုတ်လား။ အဲဒီမှာ သားသမီးကို International school တွေမှာ ထားနိုင်တဲ့ လူကုံထံတွေကတော့ ကျောင်းသားသပိတ်ကို စောသေးတယ်၊ ဒီအချိန်မှာ မလုပ်သင့်သေးဘူးလို့ အပြစ်တင်ချင်ကြတယ်။ ငါ့အနေနဲ့တော့ ဆန္ဒပြပွဲဟာ နောက်တောင် ကျနေပြီလို့ ထင်မိသေးတယ်။
တချို့ကကျတော့လည်း ဒီနှစ်ထဲမှာ ရွေးကောက်ပွဲ ရှိတဲ့အတွက် တိုင်းပြည်တစ်ခုခုဖြစ်မှာ မလိုလားဘူး၊ ရွေးကောက်ပွဲကိုတော့ ပြီးအောင် စောင့်သင့်တယ်လို့ ဝေဖန်သူတွေလည်း ရှိတယ်။ ငါ့အနေနဲ့တော့ ရွေးကောက်ပွဲမနိုင်လောက်ဘူးလို့ ထင်တဲ့ လက်ရှိအစိုးရဟာ တနည်းမဟုတ် တနည်းနဲ့ သူတို့ အာဏာတည်မြဲရေးအတွက် နည်းမျိုးစုံသုံးနေဦးမှာပဲ။ ကျောင်းသားတွေ ဆန္ဒပြလို့ နိုင်ငံချောက်ထဲကျခါနီးလက်တလုံးအလို ကယ်တင်လိုက်ရပါတယ် ဆိုတာကြီးဖြစ်ရင် ဘယ်လိုလုပ်မလဲဆိုပြီး မေးခွန်းထုတ်သူတွေကလည်း ဒုနဲ့ဒေး။ အဲဒီလို လူတွေကို ငါတစ်ခုပြောချင်တာက ကျောင်းသားတွေ ဆန္ဒပြမှ မဟုတ်ပါဘူး ဒေါသထွက်နေတဲ့ လူအုပ်ကြီးကြောင့် လက်တလုံးအလိုကယ်တင်လို့ ရသလို ကိုယ်မွေးတဲ့ မျောက် ကိုယ့်ပြန်ခြောက်ခိုင်းပြီး ကယ်တင်လည်း ရတယ်။ အဲဒါမှမဟုတ်သေးရင် ပြည်တွင်း ငြိမ်းချမ်းရေး အဆင်မပြေသေး၊ တိုင်းရင်းသားလက်နက်ကိုင်စစ်မီးကြောင့် ကယ်တင်လိုက်ရပါတယ် ဆိုတာမျိုးလည်း လုပ်ချင် လုပ်မှာပဲ။ အခုဒီနေ့ ဖြစ်သွားတဲ့ ကိစ္စမှာပဲ ကြည့်။ မန္တလေးကနေ အလံတွေ ကိုင်၊ နဖူးတွေ စည်းပြီး လမ်းလျှောက်ချီတက်လာကြတာ လက်ပံတန်းတောင်ရောက်ပြီ။ အခုမှ ရန်ကုန်သွားကြမယ့် ကားဆီ ကိုက် ၃၀၀ လောက် လမ်းလျှောက်တာကို အလံမကိုင်ရ နဖူးမစည်းရ ဆိုပြီး အကြမ်းဖက်မှု အသွင်ပြောင်းအောင် နယ်လုံဝန်ကြီးနဲ့ အဖွဲ့က ဖန်တီးခဲ့တာ မင်းလည်း ကြားမယ် ထင်ပါတယ်။ ဒီကျောင်းသားလေးတွေ နဖူးစည်းတော့ ဘာဖြစ်သွားမှာမို့လဲ၊ အလံကိုင်တော့ရော ဘာဖြစ်မှာတဲ့လဲ။ အဲဒါကြောင့် ငါပြောတာပေါ့ ဒီအစိုးရက ညစ်ချင်ရင်နည်းတွေ အများကြီးရှိပါတယ်လို့။

ကျောင်းသားတွေကလည်း လွှတ်တော်ထဲ ရောက်နေတဲ့ သူတို့ အမျိုးသားပညာရေး ဥပဒေ အတည်မပြုမှာ အထူးစိုးရိမ်ကြတယ်။ စိုးရိမ်ရင်လည်း စိုးရိမ်စရာပဲလေ အုပ်ချုပ်ရေးက ကြံ့ဖွံ့အစိုးရ၊ တရားစီရင်ရေးက ကြံ့ဖွံ့ကို မလွန်ဆန်နိုင်၊ ဥပဒေပြုရေးက ကြံ့ဖွံ့လွှတ်တော်ဆိုတော့လည်း ဘယ်သွားပြီး ဒီမိုကရေစီ ဆန်နိုင်ပါတော့မလဲ။ မင်းစဉ်းစားကြည့်ကွာ အစိုးရက ဒီဥပဒေလေး တစ်ခုတောင် ဒီလောက်သည်းသည်းလှုပ်နေတာ သူတို့ ပါဝါ အာဏာနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ ရွေးကောက်ပွဲကို လွယ်လွယ်နဲ့အလွတ်ပေးလိမ့်မယ်မင်းထင်သလား။ ငါကတော့ ဘဘဦးဝင်းတင်ပဲကွ။ မင်းသဘောပေါက်တယ်မဟုတ်လား။

ဒါပေမယ့် . . . ပင်မသပိတ်စစ်ကြောင်းနဲ့ ပတ်သက်ပြီး ပြောစရာရှိတာက သူတို့ ရန်ကုန်ဝင်မယ့် ကိစ္စပဲ။ အောင်မြင်မှုက မသေချာသေးတဲ့ အချိန် ရန်ကုန်ကို အောင်ပွဲခံဖို့ လာမယ်ဆိုတာ၊ ရန်ကုန်ရောက်မှ သပိတ်လှန်မယ်ဆိုတာ ပညာရေးဥပဒေအတွက်ဆိုတာထက် တခြား ရည်ရွယ်ချက်တွေများ ရှိနေမလားလို့ မတွေးချင်ပေမယ့် တခြားအဖြေလည်း ရှာမရဘူးဖြစ်နေတယ်။ မင်းကို ပွင့်ပွင့်လင်းလင်းပြောရရင် အစိုးရရဲ့ အပြောင်းအလဲဟာ အချိန်အကြာကြီးပေးပြီးမှ ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်မယ်ဆိုတာကို လက်မခံသလို ဟိုမရောက်ဒီမရောက် အရပ်သားအစိုးရအမည်ခံထက် စာရင် စစ်အစိုးရဆိုတာကမှ တိုက်ရိုက် တိုက်ခိုက်လို့ ကောင်းသေးတယ် ဆိုတဲ အယူကိုလည်း လက်မခံဘူးကွ။ အဲဒီတော့ ငါမတွေးချင်တဲ့ ကျောင်းသားတွေရဲ့ ရည်ရွယ်ချက်ဟာ အစိုးရတစ်ရပ်လုံးဖြုတ်ချဖို့ ဆိုရင်တော့ ငါတို့ ပြည်သူလူထုက အဆင်သင့်ဖြစ်သေးရဲ့လားဆိုတာ သံသယရှိနေမိတယ်။ တကယ်ဆိုရင် ဧရာဝတီသပိတ်စစ်ကြောင်းလို အခြေအနေတွေကို စောင့်ကြည့်သင့်တယ် ထင်တာပဲ။ တချို့က ဒီစစ်အစိုးရရဲ့ မျက်နှာဖုံးတွေ ချွတ်ဖို့ ဒီလောက်တော့ စတေးရမယ်လို့ဆိုလာတယ်။ သူတို့ကို မိကျောင်းကန်၊ လက်ပံတောင်းတောင်၊ ကိုပါကြီး၊ အစိုးရခေါင်းဆောင်များရဲ့ ရင်တွင်းပေါက်ကရစကား စတာတွေနဲ့ မလုံလောက်သေးဘူးလားလို့ မေးချင်မိတယ်။

ငါအစောပိုင်းက ပြောခဲ့သလို ကယ်တင်ချင်တာနဲ့ ချောက်ထဲတွန်းပြီးမှ လက်နဲ့ လှမ်းဆွဲဖို့ဆိုရင် ကိုယ်တွေက ချောက်ကမ်းပါးမှာ မတ်တက်ရပ်မနေမိဖို့တော့ လိုမယ်ထင်ပါတယ်။ သို့မဟုတ်လို့ကတော့ မျက်ဖြူဆိုက်လေ စာဖတ်သူကြီးကြိုက်လေ ဖြစ်တော့မှာပါ။ စာလည်း ရှည်ပြီကွာ နောက်များမှ တခြားအကြောင်းတွေ ပြောတာပေါ့။ လောလောဆယ် ရန်ကုန်မြို့ပေါ်နဲ့ မြန်မာတပြည်လုံးမှာ နောက်ထပ် ဖြစ်ပေါ်လာဦးမယ့် ကျောင်းသားပြည်သူတွေရဲ့ ဆန္ဒပြခြင်းတွေမှာ အကြမ်းဖက်ဖြိုခွင်းခြင်းတွေ မကြုံတွေ့ပါစေနဲ့။ အားလုံး အဆင်ပြေကြပြီး ငါတို့ချစ်တဲ့ အမိမြေမှာ ဒီမိုကရေစီ ပညာရေးတစ်ရပ်အမြန်ဆုံးထွန်းကားပါစေလို့ အဝေးတနေရာက ဆုတောင်းလိုက်ပါတယ် သူငယ်ချင်းရေ . . . ။
စည်သူ(သံလွင်)