Wednesday, April 11, 2012

တခိုင်လုံးရွှေတဲ့ မိုးနတ်သူဇာတို့ပွဲ


အခုခတ်မှာ အကျော်ကြားဆုံး မြန်မာ့အငြိမ့်အဖွဲ့နှစ်ခုကို ပြောပါလို့ ကျွန်တော့်ကို မေးလာရင် သီးလေးသီးနဲ့ နှင်းဆီရင်ခွင်အငြိမ့် လို့ ဖြေရမှာပြီး ဟိုးအရင် ၁၉၉၀ ၀န်းကျင်လောက်က အကျော်ကြားဆုံး အငြိမ့်အဖွဲ့များကို ပြောပါဆိုရင် တခိုင်လုံးရွှေနဲ့ မိုးနတ်သူဇာတို့ပါပဲ။

တခိုင်လုံးရွှေ

              တခိုင်လုံးရွှေဆိုတာနဲ့ တခိုင်လုံးရွှေ အေးအေးမြင့်နဲ့ လူရွှင်တော်များဖြစ်ကြတဲ့ လေးမောင်၊ စွပ်ပရား၊ မေတ္တာ၊ ညောင်ညောင်၊ ကွမ်းသီးတို့ကို အရင်ဆုံးပြေးမြင်မိပါတယ်။ အဲဒီအထဲကမှ ကျွန်တော်ထူးထူးခြားခြား ကြိုက်တဲ့ လူရွှင်တော်ကတော့ ကိုမေတ္တာပါ။ သူ့ကို အရမ်းကြိုက်သွားတာ နှစ်နေရာမှာပါ။ ပထမနေရာကတော့ ၀ဇီရာ ပြဇာတ်မှာပါ။ အဲဒီပြဇာတ်တွေ စပြီးကတဲ့အချိန်က ရုပ်မြင်သံကြားမှာ ကြော်ငြာတွေ စပြီးပါလာတဲ့အချိန်ပါ။ အဲဒီကြော်ငြာတွေကို ပေါင်းပြီး ကိုမေတ္တာ ဆိုသွားတဲ့ ကြော်ငြာသီချင်းလေးကို အခုအချိန်အထိ အလွတ်ရနေတုန်းပါ။ ဘာတဲ့  . . .  “မြွေနှစ်ကောင်ပိုလိုဆေးဟာ တကယ်အရေးပါ၊ မျိုးနို့ဆီနဲ့ ဒီဇင်ဘာ ရွှေဘိုမင်းသမီးပါ၊ ရွှေဝါးရွှေပန်းသီးဆပ်ပြာ၊ တကယ်လှပါတဲ့ ဂိုးရှိုးနော်၊ မိုနာလီဇာ၊ ဆင်တုံးမနွယ် ဦးမျှားနဲ့ သမ္မတ ထောပတ် . . . . ”း) ပြီးတော့ အဲဒီသီချင်းအပါအ၀င် သူတစ်ယောက်တည်း ဟာသခွေတစ်ခွေထွက်ပါသေးတယ်။ အမဲရိုးက ဟင်းအိုးမှ အားမနာတို့ ဘာတို့ ပါတဲ့အခွေပါ။ အခုအချိန်မှာ ပြန်နားထောင်ခွင့်ရရင်နားထောင်ချင်ပါသေးတယ်။ ပြီးတော့ မေတ္တာကို အရမ်းကြိုက်သွားတဲ့ဇာတ်ကားကတော့ မော်တာ ပန်ကာပါ၊ မေတ္တာနဲ့ ကွမ်းသီးတို့တကယ့်ကို အတွဲညီညီသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားပါပဲ။ နောက်ပိုင်းမှာ ဆိုကြမယ်ပျော်ကြမယ်မှာ MC လုပ်ရင်း “ဆယ်တန်းအောင်ပြီဆိုတော့ ပညာရေးဆုံးခန်းတိုင်ပြီပေါ့”ဆိုတဲ့ စကားနဲ့ အနုပညာကပြဖျော်ဖြေခွင့် ပိတ်သွားခဲ့တယ်လို့ သိရပါတယ်။ အခုတော့ ကပြဖျော်ဖြေခွင့်တွေလည်း ပြန်ရပါပြီ။ လွန်ခဲ့တဲ့ ၂ပတ်လောက်က ရန်ကုန်ပြန်တော့ မထင်မှတ်ပဲ ကျောက်ကုန်းဖက်က လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ သွားဆုံပါတယ်။ ကိုမေတ္တာက ၀မ်းသာအားရပါပဲ “စင်္ကာပူပွဲအတွက် သံချပ်ရော၊ အငြိမ့်ပြတ်လုံးတွေပါ Ready ပဲ” တဲ့။ စင်္ကာပူအတွက်ဆိုတော့ ခပ်ကြမ်းကြမ်းလေး ရေးထားတယ်ဆိုပဲ။

မိုးနတ်သူဇာ

               မိုးနတ်သူဇာကတော့ သီတာဝင်းနဲ့ ဇာဂနာတို့ အုပ်စုအတွဲပါ။ အဲဒီအချိန်တုန်းက ဇာဂနာ၊ အရိုင်း၊ ပိန်ပိန်၊ စုတ်ချွန်း၊ တက်တူ၊ ချွန်စက်တို့နဲ့ပါ။ နောက်ပိုင်းတော့ ကင်းကောင်၊ ငှက်ပျောကြော်၊ ဖိုးဖြူတို့ ပါလာတယ်ထင်ပါတယ်။ ကိုဇာဂနာဆိုတာကတော့ တကယ့်ကို ရဲရဲတောက် ပျက်လုံးတွေနဲ့ နာမည်ကြီးတဲ့ လူရွှင်တော်တစ်ယောက်ပါ။ သူကိုယ်တိုင်လည်း အဲဒီလိုပျက်လုံးတွေကြောင့် ထောင်နန်းကို အကြိမ်ကြိမ်စံခဲ့ရပြီးပါပြီ။ အဲဒီထောင်နန်းစံနေတဲ့ကြားက သူပျက်တယ်ဆိုပြီး နာမည်ကြီးတဲ့ ပျက်လုံးတွေကို အခုထိ မှတ်မိနေပါသေးတယ်။ “ချိုကုတ်ပြူးကြီး ကျောပြောင်နဲ့ ချိုကုန်ပြူးကြီး ဖင်တွန့်” တို့၊ သတင်းစာဖတ်ရင်း ခွက်ပေါ်လာတော့ “ဒီသောက်ခွက်ကလည်း ပေါ်ပေါ်လာပြန်ပြီ”တို့၊ စစ်ကြောရေးမှာ ဘယ်လောက်ထိနှိပ်စက်လဲဆိုတဲ့ အမေးကို ပြန်ဖြေတော့ “ဟီး ဟီး ဘာမှမလုပ်ပါဘူး”ဆို ရယ်ပြတော့ သွားတွေ တစ်ချောင်းမှ မရှိတော့ဘူးတို့။ သူတကယ်ပျက်မပျက် မသိရပေမယ့် တကယ်ထိတဲ့ ပျက်လုံးတွေဆို သူ့ဆီကထွက်တယ်ပဲ လူတွေက ထင်ရလောက်အောင် ထိထိမိမိ ပျက်တတ်တဲ့ ကိုဇာဂနာပါ။ သူထောင်က ထွက်လာပြီး ရုပ်ရှင်ရိုက်ခွင့်ရတော့ (၁၉၉၅ လောက်ကထင်ပါတယ်) ပြန်ရိုက်တဲ့ အခွေတစ်ခွေလည်း ရှိပါသေးတယ်။  “သူမသာ ကိုယ်အသုဘ”တို့ “သဘောပေါက်ပါတယ်နော်... သဘောပေါက်ပါတယ်” “အားလည်းနာတယ် ခင်လည်းခင်တယ်” “မှန်တိုင်းလည်းမကောင်းဘူး” စတဲ့ ဇာတ်လမ်းတိုလေးတွေ ပေါင်းထားတဲ့ ဗီဒီယိုအခွေလေးပါ။ အရမ်းကောင်းပါတယ်။ ပြန်ကြည့်ခွင့်ကြုံရင် ကြည့်ချင်ပါသေးတယ်။

အဲဒီကိုမေတ္တာနဲ့ ကိုဇာဂနာတို့ရဲ့ အရင်တုန်းက ဟာတွေကို ပြန်ကြည့်ရဖို့ မဖြစ်နိုင်တော့ပေမယ့် သူတို့ရဲ့ နောက်ဆုံးပေါ် ဟာသနဲ့ သံချပ်တွေကို စင်္ကာပူမှာ ကြည့်နိုင်တော့မှာပါ။ အဲဒီတခိုင်လုံးရွှေက ကိုမေတ္တာနဲ့ မိုးနတ်သူဇာက ကိုဇာဂနာတို့ အဖွဲ့တွေ ပထမဆုံးအကြိမ် နိုင်ငံခြားဖျော်ဖြေမှုအဖြစ် ၂၉ ဧပြီမှာကပြမှာ ပါ။ စင်္ကာပူမှာ နှစ်လတစ်ခါလောက်ပွဲတွေ ရှိနေတာ ပွဲတိုင်း ကြည့်ရရင်လည်း ပွဲဖိုးနဲ့ မွဲမှာပါပဲ။ ဒါပေမယ့် ဒီ တစ်ပွဲကိုတော့ သွားကြည့်ဖို့ တိုက်တွန်းပါတယ်။ စင်္ကာပူမှာ လုပ်တဲ့ စာပေဟောပြောပွဲတွေကလွဲလို့ တခြား စတိတ်ရှိုး၊ အငြိမ့်၊ ပဒေသာ ကဇာတ် နောက်ဆုံး ကုန်ကုန်ပြောရရင် ကျွန်တော်တို့ TP သင်္ကြန်ပွဲတွေကိုတောင် တစ်ခါမှ အခုလို မကြော်ငြာဖူးပါဘူး။ အခုဘာလို့ ရေးရလဲဆိုတော့ သူတို့ရဲ့ ပြည်သူလူထုအပေါ်ထားတဲ့ သူတို့ရဲ့ စေတနာတွေကို ဂုဏ်ပြုချင်လို့ပါ။ ကျွန်တော်ကိုယ်တိုင်လည်း သွားကြည့်မှာပါ။ တစ်နှစ်ပတ်လုံးစာ မောပန်းစွာ အလုပ်လုပ်ရတဲ့ စင်္ကာပူ working life style ကနေ ခဏဖြစ်ဖြစ် ရုန်းထွက်ပြီး လွတ်လွတ်လပ်လပ် အားရပါးရ ရယ်မောချင်တဲ့အတွက်။ ဇာတ်သမား၊ အငြိမ့်သမား ပြန်ရင် မှတ်သားစရာ တစ်ခုခု ကျန်တယ်ဆိုတဲ့ စကားအတိုင်း လက်ရုံးတော်ကြီးတွေဆီကနေ မှတ်သားစရာ တစ်ခုခု ကျန်မယ်လို့ ထင်တဲ့အတွက်။ ပြီးတော့ ပြည်သူလူထုအတွက် ပေးဆပ်ခဲ့ရတဲ့ သူတို့ရဲ့ အနုပညာဘ၀တွေကို ဂုဏ်ပြုချင်တဲ့အတွက်။ ကျွန်တော် ဒီပွဲကို သွားကြည့်ပါမယ်။ အားလုံးကိုလည်း လိုက်ကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ လက်မှတ်တွေကိုတော့ ပန်နီဇူးလားပလာဇာက ရနံ့သစ် (B1-17)၊ သစ္စာကြယ်စင်-05-37(A) ဒါမှမဟုတ် ၈၁၆၁၂၂၄၄၊ ၉၈၀၀၄၁၁၈၊ ၉၁၈၆၉၁၄၀၊ ၉၁၀၁၆၄၆၄ တို့ကနေ ၀ယ်ယူရရှိနိုင်ပါတယ်။ ကျွန်တော့်ကိုလည်း ပြောလို့ရပါတယ်။ ကြုံတောင့်ကြုံခဲ ပွဲတစ်ပွဲရဲ့ လက်မှတ်တွေကို အခုအချိန်မှာ ၀ယ်လို့ ရသေးတယ်လို့ သိရပါတယ်။ ၀ယ်စရာရှိတာ မြန်မြန်ဝယ်ထားကြဖို့ တိုက်တွန်းရင်း . . . ။

စည်သူ(သံလွင်)

စင်္ကာပူပွဲအတွက်

ကိုဇာဂနာရဲ့ လက်ဆောင်စကား - http://www.youtube.com/watch?v=2kAonsLInPw&feature=relmfu

ကိုမေတ္တာရဲ့ လက်ဆောင်စကား -  http://www.youtube.com/watch?v=fEsfVSIpdO8

ကိုအရိုင်းရဲ့ လက်ဆောင်စကား - http://www.youtube.com/watch?v=DGQspotZ_fE&feature=relmfu

ကိုငှက်ပြောကြော်ရဲ့ လက်ဆောင်စကား - http://www.youtube.com/watch?v=2b0wlsMCbEM&feature=relmfu

Monday, April 9, 2012

ဆဲလ်မွန်ငါးတို့ရဲ့ အိမ်ပြန်ချိန်နဲ့ ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီခရီး


၁၉၉၉ရဲ့ ဇွန်လ မိုးတွေရွာတဲ့နေ့တစ်နေ့မှာပေါ့။ TP မှာ third yr တက်မယ့် အစ်ကိုနဲ့ NYP မှာ ခုမှ 1st yr စတက်မယ့် ညီညီတို့ကို လေဆိပ်လိုက်ပို့ဖြစ်တယ်။ လေယာဉ်ထွက်ခါနီးတော့ ခွဲခွာခါနီးမိသားစုတွေရဲ့ ထုံစံအတိုင်း ညီညီရော သူ့အမေ (ကြီးကြီးအေး)ရော မျက်ရည်တွေဝိုင်းလို့ပေါ့။ အဲဒီမြင်ကွင်းကို ကြည့်ပြီး ကျွန်တော်ရင်ထဲမှာ ဆို့နင့်လာတယ်။ ပြီးတော့ လေယာဉ်တွေကို လှမ်းကြည့်လို့ ရတဲ့ ၀ရန်တာဖက်ကို တစ်ယောက်တည်း တိတ်တိတ်လေး ထွက်လာခဲ့ပြီး မျက်ရည်တွေဖြိုင်ဖြိုင်ကျခဲ့ရတယ်။ တကယ်ဆို ညီဝမ်းကွဲဖြစ်တဲ့ ညီညီနဲ့ ခွဲခွာရတယ်ဆိုတာ တစ်ပတ်တည်းပါ။ ဘာလို့ဆိုတော့ ညီညီသွားပြီး တစ်ပတ်အကြာမှာ ကျွန်တော်လည်း စင်္ကာပူသွားပြီး TPမှာ ကျောင်းတက်ရတော့မှာမို့ပါ။ ဒါပေမယ့် ကျွန်တော်ကျတဲ့မျက်ရည်ဟာ တခြားအကြောင်းအရာပေါင်းမြောက်များစွာ ဦးနှောက်ထဲ ရောက်လာတဲ့အတွက်ပါ။ ကိုယ့်နိုင်ငံမှာ ပညာမသင်နိုင်ပဲ တိုင်းတပါးမှာ ပညာသွားသင်ရတဲ့အတွက် မိသားစုတွေ ခွဲခွာကြရတာကို ကြည့်ပြီး စိတ်မကောင်းဖြစ်တာ။ ရူးသွပ်ခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ တက္ကသိုလ်ကျောင်းသားဘ၀ကို မရနိုင်တော့လို့ ၀မ်းနည်းတာ။ RIT ကျောင်းတော်ကြီးနဲ့ မဆုံခင်မှာ ခွဲခွာရမှာမို့ ပူဆွေးတာ။ ပြီးတော့ သယံဇာတ ပေါကြွယ်ဝပါတယ်ဆိုတဲ့ နိုင်ငံထဲက သားကောင်းရတနာတွေ နိုင်ငံခြားကို ထွက်ခွာသွားရမှာမို့ နှမြောတာ။ အဲဒီ ခံစားချက်အစုံအလင်နဲ့ ကျခဲ့တဲ့မျက်ရည်တွေပါ။

ဒီကြားထဲမှာ သူက NYP မှာ ကျောင်းတက်၊ ကိုယ်က TP မှာ တက်ရတယ်ဆိုပေမယ့် ကျောင်းပိတ်ရက်တွေဆို အားရင်အားသလို တစ်ယောက်အိမ်မှာ တစ်ယောက် သွားအိပ်ကြပါတယ်။ ကျောင်းပြီးသွားကြတဲ့အချိန်မှာ ညီညီက အလုပ်ကောင်းရပြီး stable ဖြစ်နေပေမယ့် ကျွန်တော်ကတော့ SARS ရောဂါဆိုးကြီးကြောင့် စင်္ကာပူမှာ စီးပွားပျက်ကပ်ဖြစ်ပြီး အလုပ်မရဖြစ်ခဲ့ပါတယ်။ Part time လေး လုပ်ရင်း အဆင်မပြေရင် မပြေသလို ညီညီ့ဆီက ပိုက်ဆံလှမ်းချေးရပါတယ်။ တစ်ခါတစ်လေများဆို “ငါ့ကို ပိုက်ဆံ ၂၀ လောက် ချက်ချင်း လွှဲပေးပါဦး။ ခုလောလောဆယ် Hawker centre ရှေ့မှာ စားစရာပိုက်ဆံမရှိလို့ကွာ” ဆိုတဲ့ အခြေအနေမျိုးအထိ ရောက်ပြီး လှမ်းအပူကပ်ရပါသေးတယ်။ နောက်ပိုင်း အလုပ်လေးဘာလေး အဆင်ပြေတော့ ညီညီက စပြီး စီးပွားရေးလုပ်မလားဆိုလို့ ကုမ္ပဏီထောင်ပြီး ဒါရိုက်တာကြီးတွေလည်း လုပ်ခဲ့ဖူးပါတယ်။ အချိန်ပြည့်အလုပ်တွေရှိနေတာကြောင့် အောင်မြင်သင့်သလောက်မအောင်မြင်ခဲ့ကြပါဘူး။ နောက်ပိုင်း သံလွင်အိပ်မက်ကိုလည်း တူတူလုပ်ခဲ့ကြတယ်။ ဘလော့ခ်တွေလည်း တူတူရေးခဲ့ကြတယ်။ ပြီးတော့ မြန်မာပြည် အတွက် အိပ်မက်တွေလည်း တလှေကြီး မက်ခဲ့ကြပါတယ်။ အခုတော့ အဲဒီအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ညီညီတို့ ပြန်ပါပြီ။

ညီညီပြန်ချင်တယ်လို့ ပြောနေတာတော့ ကြာပါပြီ။ စင်္ကာပူရောက်တာလည်း ကြာပြီဆိုတဲ့အကြောင်း ဒီနိုင်ငံမှာပဲ ရတဲ့လစာလေးနဲ့ အဆင်ပြေသလို နေပြီး ဘ၀ကြီးကို မြှုပ်နှံသွားလို့ မဖြစ်တော့ဘူးဆိုတဲ့အကြောင်း၊ မိဘတွေလည်း အသက်ကြီးပြီ ဆိုတဲ့အကြောင်း၊ အပြောင်းအလဲဆိုတာ ဒီလိုပုံစံမျိုးမှမလုပ်ရင် ဘယ်တော့မှ လုပ်ဖြစ်မှာ မဟုတ်တဲ့အကြောင်းတွေနဲ့ပေါ့။ ဟုတ်ပါတယ်။ ကျွန်တော်ကတော့ ညီညီအတွက် ယုံကြည်နေပါတယ်။ မိမိရဲ့ စားဝတ်နေရေးအတွက် စီးပွားရေးလုပ်တဲ့အခါ နိုင်ငံရဲ့ စီးပွားရေးကိုလည်း တဖက်တလမ်းကနေ အကျိုးရှိစေလိမ့်မယ်ဆိုတာ၊ နိုင်ငံရပ်ခြားကနေ အိတ်အပြည့်နဲ့ ထည့်လာတဲ့ အသိပညာအတတ်ပညာတွေဟာ နိုင်ငံရဲ့ ရှေ့ရေးကို အများကြီးအကျိုးပြုမယ်ဆိုတာ၊ လူမှုရေးကိစ္စရပ်တွေမှာ စိတ်ပါဝင်စားသူတစ်ယောက်အနေနဲ့ ထဲထဲဝင်ဝင်လုပ်ဆောင်နိုင်မယ်ဆိုတာ။ ပြီးတော့ မိဘတွေရဲ့ ကျေးဇူးကို ငွေလေးပို့ရုံဖုန်းလေးဆက်ရုံတင်မဟုတ်ပဲ အနီးကပ်ပြုစုစောင့်ရှောက်နိုင်မယ်ဆိုတာ၊ နောက်ဆုံး ချစ်တဲ့မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် အေးချမ်းတဲ့ ဘ၀လေးကို ပိုင်ဆိုင်နိုင်မယ်ဆိုတာကို ယုံကြည်နေမိပါတယ်။ နိုင်ငံရပ်ခြားကနေ အဲလိုပြန်လာကြမယ့် သားသမီးတွေကို ဒဏ်ရာ အနာတရတွေနဲ့ အမိမြန်မာနိုင်ငံကြီးက ရင်ဘတ်ကြီးကို ဟောင်းလောင်းဖွင့်လို့ ကြိုဆိုနေမယ်ဆိုတာကိုလည်း ယုံကြည်နေပါတယ်။ ညီညီဟာ လွန်ခဲ့တဲ့ ၁၃နှစ်က ကျွန်တော့်ထက် တစ်ပတ်စောပြီး စင်္ကာပူကို ထွက်လာပါတယ်။ အခုလည်း သူကပဲ စောပြီး မြန်မာပြည်ပြန်သွားခဲ့ပါပြီ။ နောက် ၇ရက် အကွာမှာ လိုက်ပြန်ချင်ပေမယ့် မပြီးဆုံးသေးတဲ့ အိပ်မက်ရှည်တွေ ဆက်လျှောက်ဖို့ စင်္ကာပူဆိုတဲ့ ဒီကျွန်းသေးလေးမှာ ကျွန်တော်တို့ကတော့ ဆက်ရှိနေဦးမှာပါ။ ၇ရက်အတွင်းမပြန်နိုင်သေးပေမယ့် ၇နှစ်လောက်တော့ မကြာအောင် ကြိုးစားသွားမှာပါ။ ပညာတွေပြည့်ဝတဲ့အချိန်၊ အိပ်မက်တွေ အကောင်အထည်ဖော်ဖို့အချိန်၊ အကောင်းတကာ့အကောင်းဆုံးတွေ နိုင်ငံအတွက် သယ်လာနိုင်မယ့်အချိန် . . . တချိန်ချိန်မှာတော့ ပြန်လာခဲ့ပါမယ်။ ဆဲလ်မွန်ငါးတို့ အိမ်ပြန်သွားသလို ကြိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီခရီးတွေဟာလည်း သိပ်မကြာတော့မယ့်အချိန်မှာ ပြီးဆုံးနိုင်တော့မယ့်လို့ မျှော်လင့်ရင်း . . . ။

စည်သူ(သံလွင်)

10.03.2012 မှာ ရန်ကုန်အပြီးပြန်သွားတဲ့ ညီညီ(သံလွင်)နဲ့ စကားပန်းအတွက်အမှတ်တရ . . .