Thursday, January 29, 2009

နေဘုန်းလတ်ကို ပြောပေးပါ

မင်း နေကောင်းတယ်နော်။ အစားအသောက်ရော အဆင်ပြေရဲ့လား။ ကဗျာတွေ၊ စာတွေရော စိတ်ထဲမှာပဲ ရေးနေသလား။ အစရှိသဖြင့်ပေါ့ကွာ မင်းကို ပြောချင်နေတဲ့စကားတွေ အများကြီးပဲ။ ဘာလိုလိုနဲ့ မင်းကို ဖမ်းဆီးသွားတာ ဒီနေ့ဆို တစ်နှစ်တိတိပြည့်သွားပြီ သူငယ်ချင်း။ မင်းအကြောင်းပြောဖို့ အဆင်မပြေတော့ မင်းအထဲမှာ ရောက်နေတဲ့ အချိန် အပြင်မှာ ဘာတွေဖြစ်သွားသလဲ ဆိုတာ မင်းသိအောင် မင်း လွတ်လာတဲ့အချိန်မှာ သိရအောင် ငါပြောပြချင်တယ်။

ဒီရက်ပိုင်းအတွင်း ကမ္ဘာပေါ်မှာ ခေတ်စားနေတဲ့ အကြောင်းတွေကတော့ အများကြီးပေါ့ကွာ။ ငါတို့ပြောနေကျ စကားကြီး စကားကျယ်တွေနဲ့ ပြောရမယ်ဆိုရင်တော့ အရာရာတိုင်းပြောင်းလဲနေတဲ့ ဒီလောကကြီးမှာ ပြောင်းလဲဖို့လိုနေတဲ့ အရာတချို့ကတော့ မပြောင်းလဲသေးဘူးကွာ။ အမေရိကန်သမ္မတအသစ် ပြောင်းတဲ့ သတင်း၊ ယိုးဒယားမှာ ဆန္ဒပြကြလို့ သုဝဏ္ဏဘူမိလေဆိပ်ကြီးပါ ပိတ်လိုက်ရတယ်ဆိုတဲ့သတင်း၊ အိန္ဒိယမှာ ဗုံးပေါက်တဲ့သတင်း၊ ငါတို့စင်္ကာပူက Flyer ကြီး တ၀က်တပျက်မှာ ရပ်သွားတဲ့သတင်း အို . . .အစုံပါပဲကွာ။

အဲဒီအထဲမှာ အမေရိကန်သမ္မတအသစ်ရဲ့ သတင်းကတော့ အကျော်ကြားဆုံးပေါ့ကွာ။ အမေရိကန်ရဲ့ သမိုင်းမှာ ပထမဆုံး လူမည်းဖြစ်တဲ့ အိုဘားမားအကြောင်းတွေဟာ ဘယ်နေရာကြည့်ကြည့်ပဲ။ ငါတို့မြန်မာတွေလည်း အမေရိကန်သမ္မတအပြောင်းအလဲမှာ ဘာများဖြစ်ကြမလဲဆိုတဲ့ မျော်လင့်ချက်အပြည့်နဲ့ပေါ့။ တချို့ဆို နာမည်ကိုက အိုဘားမား(အို . . Burma)လို့ အမည်တွင်လို့ မြန်မာနိုင်ငံအတွက် အပြောင်းအလဲတစ်ခုကို ကူညီနိုင်မယ့် လူလို့ထင်တဲ့သူလည်း ရှိရဲ့။ အပြောင်းအလဲဆိုလို့ သူသမ္မတဖြစ်လာတာလည်း အဲဒီ `အပြောင်းအလဲ´ ဆိုတဲ့ စကားလုံးရယ်၊ `ငါတို့ လုပ်နိုင်ပါတယ်´ဆိုတဲ့ စကားလုံးတွေနဲ့ ဖြစ်လာတာလေ။ အင်း အဲဒီစကားလုံးနှစ်လုံးက သူတို့ အမေရိကန်နိုင်ငံသားတွေအတွက်သာမကပဲ ငါတို့မြန်မာတွေ အတွက်ပါ အရမ်းကို အရေးကြီးနေတဲ့စကားလုံးတွေလို့ ပြောရင် မှားမယ်မထင်ဘူး။

ပြီးတော့ မင်းကို ဘလော့ခ်ဆုတွေအကြောင်းလည်း ပြောပြချင်သေးတယ်။ မြန်မာနိုင်ငံမှာ မြန်မာလူငယ်တွေကြားမှာ ဘလော့ခ်ဆိုတာကြီးကို Blog Seminarနဲ့ တစ်နည်း သတင်းတွေ၊ မီဒီယာတွေနဲ့ တစ်ဖုံ ရဲရဲတင်းတင်းချပြခဲ့တဲ့ မင်းသိသင့်တယ်ထင်လို့ ပြောတာပါ။ ဟိုတစ်လောက မြန်မာဘလော့ခ်ဆုပေးပွဲကြီးကို အောင်မြင်စွာ ကျင်းပသွားခဲ့တယ်။ မြန်မာဘလော်ဂါပရက်စ်နဲ့ မြန်မာသတင်းသမဂ္ဂတို့က ပူးပေါင်းပြီးစီစဉ်တယ်ဆိုပဲ။ မင်းအပြင်မှာရှိနေတယ်ဆိုရင် ကိုယ်တိုင်ကိုယ်ကျ ငါတို့အတူတကွဦးဆောင်ပါဝင်နိုင်မလား၊ ဘေးကနေ လက်ခုပ်လက်ဝါးတီးပြီးအားပေးမလား မသေချာပေမယ့် အခုလောလောဆယ်တော့ မင်းဘလော့ခ်ဟာ သူတို့သက်မှတ်ထားတဲ့အရည်အချင်းတွေနဲ့ မကိုက်ညီတဲ့အတွက် မဲပေးလို့ရတဲ့စာရင်းထဲမှာတောင် ပါမလာခဲ့ပါဘူး။ မြန်မာဘလော့ခ်လောကအတွက် မှတ်တိုင်တစ်ခုစိုက်ထူခဲ့တဲ့ မင်းလိုဘလော့ခ်ကာတစ်ယောက်အတွက် ရခဲ့တဲ့ဆုက အနှစ်နှစ်ဆယ်နဲ့ ခြောက်လတဲ့လား သူငယ်ချင်းရာ။

ဒါနဲ့ ငါတို့ရဲ့ သံလွင်အိပ်မက်မဂ္ဂဇင်း အတွဲ၃ အမှတ်၁လည်း ထွက်ပြီကွ။ မင်းအပြင်မှာမရှိပေမယ့် ငါတို့အင်နဲ့ အားနဲ့ ငါတို့တတ်နိုင်သလောက်အကောင်းဆုံး တင်ဆက်ခဲ့ကြတယ်။ ဒီတစ်ခေါက်မဂ္ဂဇင်းမှာ အပြင်အဆင်ပိုင်းနဲ့ ဒီဇိုင်းပိုင်းကို တတ်နိုင်သမျှကောင်းအောင် ကြိုးစားထားသလို စာပေရသပိုင်းလည်း အားမနည်းရအောင် တင်ဆက်ထားတာသိရင် မင်းဝမ်းသာမှာပါ။ ဘယ်လောက်ကောင်းအောင်လုပ်လုပ် အားနည်းချက်လေးတွေ၊ အမှားလေးတွေကတော့ ထုံးစံအတိုင်း ဟိုတစ်ခု၊ ဒီတစ်ခုပေါ့ကွာ။ ဘာပဲဖြစ်ဖြစ်ငါတို့ကတော့ အခုတွေ့တဲ့အမှားဟာ နောက်တစ်စောင်အတွက် အမှန်တွေဖြစ်စေရမယ်လို့ ခံယူထားတယ်။ ငါတို့ ယုံကြည်ချက်တွေ၊ မျှော်လင့်ချက်တွေနဲ့ ချယ်မှုန်းထားတဲ့ သံလွင်အိပ်မက် မဂ္ဂဇင်းလေးရဲ့ ၁၅ခုမြောက်မှတ်တိုင်ကနေ မင်းနဲ့ အတူတူ ငြင်းရင်း၊ ခုန်ရင်း ဆွေးနွေးကြရင်း ထွက်လာမယ့် မဂ္ဂဇင်းအထိ ကြားထဲမှာ တတ်နိုင်သမျှ ငါတို့ ကြိုးစားပြီးတင်ဆက်သွားမယ်။ တော်သင့်ပြီ သူငယ်ချင်း။ တခြားတော့ ဘာမှ ထွေထွေထူးထူး မှာစရာမရှိပါဘူး။ မင်း ကျန်းမာရေးကိုသာ ဂရုစိုက်ပါကွာ။

Monday, January 26, 2009

သံလွင်အိပ်မက် သုံးဒဿမတစ်

သံလွင်အိပ်မက် အတွဲ ၃ အမှတ် ၁ကို ယနေ့ ၂၆ရက် ဇန်န၀ါရီလ ၂၀၀၉ခုနှစ်မှာ ထုတ်ဝေလိုက်ပါပြီ။ ဒီတစ်ခေါက်သံလွင်အိပ်မက်က ပညာရေးကို အသားပေးထားတာဖြစ်ပြီး ထုံးစံအတိုင်း အခြား ဖတ်စရာတွေကို စုံစုံလင်လင်နဲ့ တင်ဆက်ထားပါတယ်။



ဒီတစ်ခေါက် ကျွန်တော့်ရဲ့ ၀တ္ထုတို တစ်ပုဒ်နဲ့ အက်ဆေးတစ်ပုဒ်ပါတယ်။ ၀တ္ထုတိုက စင်္ကာပူနိုင်ငံပျက်သုန်းခြင်း အကြောင်းကို တွေးကြည့်ပြီး ရေးထားတာပါ။ တကယ်တော့ ဘယ်တော့မှ ဖြစ်မလာနိုင်ပါဘူး။ အက်ဆေးကတော့ လက်ဖက်ရည်ဆိုင်ထိုင်တဲ့အကြောင်းကို ရေးမိပါတယ်။ ရေးတဲ့လူလည်း ပေါ့ပေါ့ပါးပါး၊ ဖတ်တဲ့သူလည်း ပေါ့ပေါ့ပါးပါးပေါ့။ ဒီတစ်ခေါက်မှာ အကြိုက်ဆုံးကတော့ ဆရာ၊ ဆရာမတွေနဲ့ အင်တာဗျူးနဲ့ ကျောင်းသားတွေဆီက ကောက်ခံရရှိခဲ့တဲ့ ဆာဗေးပဲ ဖြစ်ပါတယ်။ ဖတ်ချင်တယ်ဆိုရင်တော့ . . . ဒီမှာ သွားဖတ်နိုင်ပါတယ်။

Tuesday, January 6, 2009

မထင်မှတ်ထားတဲ့ Genting Trip

စင်္ကာပူမှာ အနေကြာလာတော့ ဒီကျွန်းသေးသေးလေးကနေ တခြားနိုင်ငံတွေကို အမြဲ သွားဖို့ ကြိုးစားနေမိတယ်။ အနည်းဆုံးတစ်နှစ်တစ်ခေါက် မြန်မာပြည်ပြန်တာဖြစ်ဖြစ်၊ နီးနီးနားနား Johor Bahruလောက်ဖြစ်ဖြစ်ပေါ့။ မှတ်မိသလောက်ပြန်ကြည့်ရရင် ၂၀၀၂ကျောင်းပြီးကတည်းက နှစ်တိုင်းလောက်နီးပါး တခြားနိုင်ငံတွေကိုသွားဖြစ်တယ်။ နှစ်တိုင်းမြန်မာပြည်ကို ပြန်ဖြစ်ပေမယ့် ရန်ကုန်မှာပဲနေပြီး တစ်ခါတစ်လေမှ ခရီးထွက်ဖြစ်တယ်။

၂၀၀၃ - Bangkok (Thailand)
၂၀၀၄ - Johor Bahru (Malaysia), Bagan (Myanmar)
၂၀၀၅ - Johor Bahru, Malacca (Malaysia)
၂၀၀၆ - US. KL, Genting (Malaysia)
၂၀၀၇ - Dhaka (Bangladesh), Yangon Thingyan (Myanmar)
၂၀၀၈ - Bangkok, Ayutthaya (Thailand). Nargis Trip (Myanmar). Malacca (Malaysia)

တစ်နှစ်တစ်နှစ် စင်္ကာပူကနေပြီး တခြားနိုင်ငံတစ်ခုကို ခရီးမထွက်ဖြစ်ဘူးဆိုရင် လူက နေမထိထိုင်မသာနဲ့ မရိုးမရွဖြစ်ဖြစ်လာတယ်။ ဒါကြောင့် နှစ်ကုန်ခါနီးတိုင်း ဒီနှစ်အတွက် မြန်မာနိုင်ငံအပြင်တခြားဘယ်နိုင်ငံမှ မသွားရသေးရင် Woodlands Interchangeကနေပြီး ၉၅၀စီးလို့ Johor Bahruကို ခဏဖြစ်ဖြစ်သွားလည်လိုက်ရမှ စိတ်ကျေနပ်တယ်။ ဒီနှစ် ၂၀၀၉အတွက်တော့ မရိုးမရွဖြစ်စရာမလိုတော့ပါဘူး။ ဘာလို့လဲဆိုတော့ ၂၀၀၉ခုနှစ် ဇန်န၀ါရီလ ၂ရက်နေ့ကတည်းက မလေးရှားနိုင်ငံ Gentingကိုသွားလည်လိုက်လို့ပါပဲ။ သူငယ်ချင်းစုံတွဲက သွားလည်ရအောင်ဆိုပြီး ခေါ်နေတာ လေးငါးခါလောက်ရှိနေပါပြီ။ အဲဒီကို အလုပ်ရှိလို့၊ သွားစရာရှိလို့၊ မင်းတို့စုံတွဲကြားမှာ ကန့်လန့်ကန့်လန့်နဲ့ ရှုပ်နေမယ်၊ နောက်တစ်ယောက်ပါရင် လိုက်မယ်ဆိုပြီး လှည့်ပတ်ပြီးရှောင်နေတာ နောက်ဆုံးတော့ တခြားသူငယ်ချင်းတစ်ယောက်ကလည်း လိုက်မယ်ဆိုတာနဲ့ ငြင်းမရတော့ပါ။

အရင်အခေါက်တွေတုန်းက ဘတ်စ်ကားကြီးတွေနဲ့ သွားတာ။ ဒီတစ်ခေါက်တော့ သူငယ်ချင်းက ကားပါတော့ အတွေ့အကြုံအသစ်တွေ ရတယ်။ သူတလှည့်ကိုယ့်တလှည့်မောင်းပြီး သွားလိုက်တာ Gentingကို မနက်၁၀လောက် ရောက်သွားတယ်။ သွားမယ်မသွားဘူးဆိုတာကို ည၁၀လောက်ကမှ သေချာပြီး သွားတာဆိုတော့ ဘယ်ဟိုတယ်မှလည်း Bookingမလုပ်ထားမိဘူး။ ဟိုတယ်ခန်းတွေက အားလုံးပြည့်နေတာနဲ့ ဟိုတယ်အပြင်မှာ ယောင်လည်လည်လုပ်နေတုန်း ဟိုတယ်လိုချင်လားလို့ လာမေးတဲ့ အဖိုးကြီးတွေဆီက အခန်းကို ငှားလိုက်ပါတယ်။ တစ်ခန်းကို မလေးရှားပိုက်ဆံ ၃၈၀နဲ့ပါ။ ပုံမှန်ဆိုရင် အဲဒီအခန်းက ၂၀၀လောက်ပဲ တန်တာပါ။ မတတ်နိုင်၊ ဒီအချိန်မှ ဈေးကြီးသလေး ဘာလေးဆိုရင် ကားထဲမှာပဲ အိပ်ရမယ့် သဘောမှာ ရှိတယ်။ ခဏတဖြုတ်နားပြီး သရဲအိမ်ထဲ ၀င်ကြည့်ဖြစ်တယ်။ သရဲအိမ်ဆိုတာထက် သရဲအခန်းဆိုရင် ပိုမှန်မယ်။ မှောင်မှဲပြီးဘာမှ မမြင်ရတော့ ကြောက်ဖို့တော့ ကောင်းပါတယ်။ ဒါပေမယ့် လာလာပြီးခြောက်တဲ့သရဲတွေက လူတွေဆိုတာသိနေတော့ သိပ်တော့ မကြောက်လှပါဘူး။ ၀ူးဝူးဝါးဝါးနဲ့ တချက်တချက်ထအော်တာက လွဲလို့ပေါ့။ ဘာပဲဖြစ်ဖြစ်တစ်ယောက်ကို ရင်းဂစ် ၂၅စီ ဆုံးသွားတယ်လို့တော့ သဘောထားလိုက်တယ်။ နောက်ပြီး သူငယ်ချင်းစုံတွဲက နှင်းအိမ်(အအေးခန်း)ထဲကို ၀င်ကြည့်ကြပါတယ်။ နှင်းတွေ ကျနေသလိုလုပ်ထားတယ်၊ ပြီးတော့ ဓါတ်ပုံရိုက်ပေးတယ်။ အနွေးထည်အထူကြီးတွေ ၀တ်ပြီးမှဝင်တာတောင် တော်တော်အေးတယ်လို့တော့ သူတို့ကပြောတယ်။ ကျွန်တော်နဲ့ နောက်တစ်ကောင်ကတော့ Snow Cityလို အဲဒီအိမ်ထဲကို ၀င်ကြည့်ဖို့ သိပ်စိတ်မ၀င်စားတော့ ၀ါဿနာပါရာ Casinoခန်းတွေထဲ ၀င်ကြည့်ကြပါတယ်။ ဘာဆော့ရင် ကောင်းမလဲပေါ့။ နောက်ဆုံးတော့ အံစာတုံးခေါက်ဖြစ်ကြပြီး ကျွန်တော်က ငါးဆယ်ရှုံးလို့ ဒီကောင်ကတော့ ၁၂၀တောင် နိုင်ပါတယ်။ အဲဒါနဲ့ပဲ သူက အားလုံးကို ဘီယာလိုက်တိုက်တယ်။



အပြန်လမ်းကြတော့ ကားကို ၁၅၀ကီလိုမီတာလောက်နဲ့ မောင်းလိုက်၊ အရှိန်က မြန်သွားပြီး ၁၈၀လောက်ထိရောက်သွားလိုက်၊ ပြန်လျော့လိုက်နဲ့ စင်္ကာပူကို ၃ရက်နေ့ ည၁၀နာရီလောက်မှာ ပြန်ရောက်ပါတယ်။ ဒီတစ်ခေါက် Gentingမှာ တော်တော်အေးပါတယ်။ ဟိုအရင်တစ်ခါက အနွေးထည်မပါပဲ နေနိုင်ပေမယ့် ဒီတစ်ခါတော့ အနွေးထည်မပါတဲ့ ကျွန်တော် သူငယ်ချင်းရဲ့ အနွေးထည်အပိုကို ငှားဝတ်ပြီးတဲ့အချိန်မှာတောင် ခိုက်ခိုက်တုန်နေတုန်း။ ပတ်ဝန်းကျင်တစ်ခုလုံးလည်း မြူတွေနဲ့ အုပ်ဆိုင်းလို့။ ဒီခရီးမှာ တစ်ခုဆိုးတာက ဖုန်းကင်မရာကလွဲလို့ ဘယ်သူမှ ကင်မရာမပါလာဘူး။ ဟိုလူယူလာနိုး၊ ဒီလူယူလာနိုးနဲ့ နောက်ဆုံး ဘယ်သူ့ဆီမှာမှ ကင်မရာမပါတဲ့ ခရီးတစ်ခုကို ပထမဆုံးအကြိမ်သွားဖြစ်ခဲ့ကြောင်း မှတ်တမ်းတင်အပ်ပါတယ်။

၂၀၀၉ - Genting (Malaysia). _ _ _ _ _ _ _ _ . _ _ _ _ _ _ _ _ _ _