Friday, September 20, 2013

ဗုဒ္ဓဘာသာဝင်တိုင်းသိကောင်းစရာ

၁။ လူအမည် = သိဒ္ဓတ္ထ
၂။ ဘုရားဘွဲ့ = ဂေါတမ
၃။ မိဘအမည် = သူဒ္ဓေါဒနမင်းနှင့် မာယာဒေဝီ
၎။ ကြင်ယာတော် = ယာသောဓရာ (ဘဒ္ဒကကစ္စာနာ)
၅။ ရင်သွေးတော် = ရာဟုလာ
၆။ ယောက်ဖတော် = ဒေဝဒတ်
၇။ မိထွေးတော် = ဂေါတမီ
၈။ နေပြည်တော် = ကပိလဝတ်ပြည်(သက္ကတိုင်း၊ မဇ္ဈိမဒေသ)
၉။ ဖွားရာဌာန = လုမ္ဗိနီဥယျာဉ်(ကပိလဝတ်နှင့် ဒေဝဒဟအကြား)
၁၀။ နန်းစံနှစ် = ၁၃နှစ်ကြာ (၁၆နှစ်မှ ၂၉နှစ်အထိ)
၁၁။ နိမိတ်ကြီးများ = သူအို၊ သူနာ၊ သူသေ၊ ရဟန်း
၁၂။ ဗျာဒိတ်ခံယူသောဘဝ = သုမေဓာရသေံဘဝ
၁၃။ ဗျာဒိတ်ခံယူသောနေ့ = ကဆုန်လပြည့်နေ့
၁၄။ ဗျာဒိတ်ပေးသောဘုရား = ဒီပင်္ကရာမြတ်စွာဘုရား
၁၅။ ပါရမီဖြည့်ဖက် = သုမိတ္တာအမျိုးသမီး (ယသော်ဓရာလောင်း)
၁၆။ ပါရမီဖြည့်ရာကာလ = လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း(သုမေဓာဘဝမှ ဝေဿန္တရာဘဝအထိ)
၁၇။ ပါရမီဖြည့်ရခြင်း၏ရည်ရွယ်ချက် = သတ္တဝါများအကျိုးဆောင်ရွက်ရန်
၁၈။ ဒုက္ကရစရိယာကျင့်ရသောကာလ = ၆ နှစ်ကြာ(၉၇ မှ ၁၀၃အထိ)
၁၉။ ဒုက္ကရစရိယာကျင့်သည့်နေရာ = ဥရုဝေဠတော
၂၀။ ဘုရားဖြစ်ချိန်သက်တော် = ၃၅-နှစ်အရွယ်
၂၁။ ဘုရားပွင့်ရာ သက်တမ်း = ၁၀၀ တမ်း
၂၂။ အလုပ်အကျွေး = ပဉ္စဝဂ္ဂီငါးဦး (ဒုက္ကရစရိယာ ကျင့်ခိုက်)
၂၃။ တရားဦးဟောသည့်နေရာ = ဗာရာဏသီ၊ မိဂဒါဝုန်တော
၂၄။ ပထမဆုံး သာဝက = ပဉ္စဝဂ္ဂီငါးဦး
၂၅။ နောက်ဆုံးကျွတ်သော သာဝက = သုဘဒ္ဒပရိဗိုဇ်
၂၆။ လက်ယာရံ အဂ္ဂသာဝက = အရှင်သာရိပုတ္တရာ
၂၇။ လက်ဝဲရံ အဂ္ဂသာဝက = အရှင်မဟာမောဂ္ဂလာန်
၂၈။ အဆုံးအမသာသနာ = ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ
၂၉။ ကျင့်စဉ်သိက္ခာ = သီလ၊ သမာဓိ၊ ပညာ
၃၀။ ချမှတ်သောလမ်းစဉ် = မဇ္စျိမပဋိပဒါ(မဂ္ဂလမ်းစဉ်)
၃၁။ သန္ဓေယူသောနေ့ = မဟာသက္ကရာဇ် ၆၇၊ ဝါဆိုလပြည့်၊ ကြာသပတေးနေ့
၃၂။ ဖွားမြင်သောနေ့ = မဟာသက္ကရာဇ် ၆၈၊ ကဆုန်လပြည့်၊ သောကြာနေ့
၃၃။ တောထွက်သောနေ့ = မယာသက္ကရာဇ် ၉၇၊ ဝါဆိုလပြည့်၊ တနင်္လာနေ့
၃၄။ ဘုရားဖြစ်သောနေ့ = မဟာသက္ကရာဇ် ၁၀၃၊ ကဆုန်လပြည့်နေ့၊ ဗုဒ္ဓဟူးနေ့
၃၅။ ဓမ္မစကြာဟောသောနေ့ = မယာသက္ကရာဇ် ၁၀၃၊ ဝါဆိုလပြည့်၊ စနေနေ့
၃၆။ ပရိနိဗ္ဗာန်စီသောနေ့ = မဟာသက္ကရာဇ် ၁၄၈၊ ကဆုန်လပြည့်၊ အင်္ဂါနေ့
၃၇။ တေဇောဓာတ်လောင်သောနေ့ = ၁၄၈၊ ကဆုန်လဆုတ် ၁၂၊ တနင်္ဂနွေနေ့

Credit to http://348dhamma.blogspot.com/

Saturday, July 13, 2013

ပေးဆပ်မှုအတွက် ၊ ပြန်ရရှိလိမ့်မယ်

တနေ့မှာ စကော့တလန်လူမျိုး ဆင်းရဲသား ဖလဲမင်း ဟာ သူ့ရဲ့ ကျောက်စရစ်ယာခင်းမှာ ထွန်ယက်နေတုန်း အနီးနား ရွံ.ညွန်တောဆီက ငိုယိုအော်ဟစ် အကူအညီ တောင်းသံကိုကြားလိုက်ရတယ် ။ ရွှံ.ညွန်ထဲမှာ လည်ပင်းထိ နစ်နေပြီး ထိတ်လန့်၍ အော်ဟစ်နေရင်း လွတ်မြောက်ဖို့အတွက် ရုန်းကန်နေသော လူငယ်လေးတယောက် သူတွေ.လိုက်ရတယ် ။ လယ်သမားဖလဲမင်း လည်း ရွံ.ညွန်ထဲက လူငယ်လေးဆီကို ခက်ခက်ခဲခဲ ရောက်အောင်သွားပြီး ဒုက္ခရောက်နေတဲ့ လူငယ်လေးကို ကယ်တင်လိုက်နိုင်တယ် ။ ဖလဲမင်းဟာ သေခြင်းတရားဆီကို ရောက်လုနီးလူငယ်လေး တယောက်ကို ကယ်တင်နိုင်ခဲ့တယ် ။ လူငယ်လေးက ဖလဲမင်းကို အသက်ပြင်းပြင်းရှူလျှက် ကျေးဇူးတင်ကြောင်းပြောပြီး သူ့ရဲ့အိမ်ပြန်လမ်းဆီး ပြေးထွက်သွားတယ် ။

နောက်တနေ့မှာ တလှတန်ဆာ ဆင်ယင်ထားတဲ့ မြင်းလှည်းတစီး ဖလဲမင်းရဲ့ တိုက်အိမ်လေးရှေ.ကိုရောက်လာတယ် ။ မြင်းလှည်းထဲက ဝတ်ကောင်းစားလှ ဝတ်ဆင်ထားတဲ့ လူကြီး တဦးထွက်လာပြီး သူဟာ မနေ့က ဖလဲမင်း ကူညီလိုက်တဲ့ သူငယ်လေးရဲ့ ဖခင်ပါလို့ မိတ်ဆက်တယ် ။
"ကျွန်တော် ခင်ဗျားကို ကျေးဇူးဆပ်ချင်လိုပါ" ဟုထိုလူကြီးကပြောလိုက်တယ် ။ ပြီးတော့
"ခင်ဗျား ကျွန်တော့သား အသက်ကိုကယ်တင်ခဲ့တယ်"
"ကြင်နာတတ်တဲ့ ဘယ်သူမဆို ကျွန်တော့လိုပဲ ကူညီကြမှာပါ " လို့ လယ်သမား ဖလဲမင်းက ပြန်ပြောတယ် ။ "အဲ့ဒီအတွက် ဘာတုန့်ပြန်မှုကိုမှ ကျွန်တော်မလိုချင်ပါဘူး" ထိုအချိန်မှာပဲ လယ်သမား ဖလဲမင်းရဲ့သားဟာ အိမ်တံခါးဝကို ထွက်လာတယ် ။
"သူကခင်ဗျားရဲ့သားလား" ဧည့်သည် လူကြီးက မေးလိုက်တယ် ။
လယ်သမား ဖလဲမင်းလည်း ဟုတ်ပါတယ်လို့ ဂုဏ်ယူစွာ ပြန်ဖြေခဲ့တယ် ။
ဧည့်သည်လူကြီးက ခင်ဗျားနဲ့ ကျွန်တော် အပေးအယူ တခုလုပ်ချင်တယ် ။
"သူ့ကို ကျွန်တော့သားနဲ့ တန်းတူပညာသင်နိုင်ရေးအတွက် ကျွန်တော်ကူညီ ထောက်ပံ့ချင်ပါတယ် ။ ဒီကလေးသာ သူ့အဖေနဲ့တူတဲ့ ကလေးဆိုရင် သူဟာ ခင်ဗျားနဲ့ ကျွန်တော်တို့ နှစ်ယောက်စလုံး ဂုဏ်ယူရမဲ့ ကလေးအဖြစ် ကြီးပြင်းလာပါလိမ့်မယ် ။

ဒီလိုနဲ့ဆင်းရဲတဲ့ လယ်သမား ဖလဲမင်းရဲ့ သားငယ်လေးဟာ အကောင်းတကာ့ အကောင်းဆုံး ကျောင်းကို တက်ခွင့်ရခဲ့တယ် ။ လန်ဒန်မြို. စိန့်မေရီ ဆေးကျောင်းက ဘွဲ.ရခဲ့တယ် ။ သူဟာ ပနယ်ဆလင်ကို ရှာဖွေတွေ.ရှိခဲ့ပြီး ဆာအလက်ဇန်းဒါး ဖလဲမင်း လို့ ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီး ဖြစ်လာခဲ့တယ် ။
ပနယ်ဆလင်ကို ရှာဖွေတွေ.ရှိပြီး နှစ်အနည်းငယ် အကြာမှာတော့ ရွံ.ညွန်ထဲနစ်နေရာက အသက်မသေဘဲ လွတ်မြောက်လာခဲ့ဘူးတဲ့ သူငယ်လေးဟာ အဆုပ်အအေးမိ ရောဂါ ဖြစ်လာတယ် ။
ဒီအချိန်မှာတော့ အဆုပ်အအေးမိရောဂါကြောင့် သေမဲ့ဘေးနဲ့ ရင်ဆိုင်နေရတဲ့
သူငယ်လေးကို မည်သည့် အရာက ကယ်တင်ခဲ့ပါသလည်း ။ ပနယ်ဆလင်က သူ့ရဲ့အသက်ကို ဒုတိယ အကြိမ်မြောက် ကယ်တင်လိုက်နိုင်ပါတယ် ။
ဒါဆိုရင် စိတ်ဝင်စားဖို့ ကောင်းတဲ့ ဖလဲမင်း သားအဖကို ကူညီခဲ့တဲ့ လူကြီးကဘယ်သူပါလဲ ။ အင်္ဂလန်ရဲ့ သူကောင်း တဦး ဖြစ်တဲ့ လော့ဒ် ရဲန်ဒို့လ်ဖ် ချာချီ ဖြစ်ပြီး သူ့ရဲ့သားနာမည်က အင်္ဂလန် နိုင်ငံကို ဒုတိယ ကမ္ဘာစစ်ကြီးမှာ အောင်ပွဲရအောင် ကာကွယ်လိုက်နိုင်တဲ့ အင်္ဂလန် ဝန်ကြီးချုပ် ဝန်စတန် ချာချီပဲဖြစ်ပါတယ် ။ ရှေးလူကြီးတွေ ပြောသလိုပဲ သင်ပေးသလောက် သင်ပြန်ရပါလိမ့်မယ် ။

(ဒီဖြစ်ရပ်မှန် ဇတ်လမ်းမှာ အခြားမူကွဲတွေလည်း ရှိပါတယ်)

(ဘာသာပြန်ဆိုသူ)
ရဲသူရိန်မင်း
13.07.2013

မြန်မာပြည်ပြန် စီးပွားရေးလုပ်ဖို့ အချက် (၁၀)ချက်

 မေလဆန်းမှာ စင်္ကာပူရောက်မြန်မာတွေ ပေါင်းလုပ်တဲ့ Panel Discussion ရဲ့ Q & A Section မှာ မြန်မာတွေ အဓိက မေးသွားတာတော့ ပြန်လာပြီး အလုပ်လုပ်မယ့်သူတွေအတွက် ဘယ်လိုမျိုး ကူညီမှုတွေ အဆင်ပြေမှုတွေ ဖြစ်အောင် ဖန်တီးပေးမလဲ ဆိုတာပါပဲ။ အဲဒီပွဲနေ့အပြီး နောက်တစ်ရက် ရန်ကုန်မှာ စီးပွားရေး ပြန်လုပ်ဖို့ မိဘ၊ ဆွေမျိုး၊ သူငယ်ချင်းတွေနဲ့ တိုင်ပင်ရအောင် တစ်ပတ်ပြန်ဖြစ်ခဲ့တယ်။ တစ်ပတ်ဆိုတာ ခဏလေးပါ။ ဒါပေမယ့် စုံစမ်းတွေ့ကြုံရသမျှကိုတော့ မျှဝေပေးချင်လို့ စင်္ကာပူအပြန်လေယာဉ်ပေါ်မှာ စပြီးရေးလာခဲ့တာ အခုမှ အဆုံးသတ်နိုင်ပါတယ်။

    နိုင်ငံရေးအခြေအနေအရ မြန်မာတွေ နိုင်ငံရပ်ခြားကို ရောက်နေကြပေမယ့် တော်တော်များများက ကိုယ့်မြေပေါ်မှာပဲ ကိုယ်နေချင်ကြတာပါ။ အခုလို သတင်းတွေ ဂျာနယ်တွေ ပွင့်လင်းလာတဲ့အချိန်မှာ ဘယ်နိုင်ငံကတော့ ဘယ်လိုဝင်တော့မယ် ဘယ်နိုင်ငံကတော့ ဘယ်လောက်ရင်းနှီးမြှုပ်နှံလိုက်ပြီဆိုတာတွေ ဖတ်ရတော့ တခြားနိုင်ငံခြားသားတွေတောင် စီးပွားရေးလုပ်သေးတာ ဒီမြေမှာ မွေး ဒီရေသောက်ပြီး အရွယ်ရောက် နိုင်ငံရေးအခြေအနေကြောင့် နိုင်ငံခြားရောက်နေတဲ့ မြန်မာတွေဟာ ကိုယ့်မြေကို ပြန်ပြီး အခြေချချင်ကြပါတယ်။ နိုင်ငံဖွံ့ဖြိုးရေးမှာ တဖက်တလမ်းက ပါဝင်ချင်တယ်ပြောပြော၊ ကိုယ့်နိုင်ငံစီးပွားရေး တိုးတက်ဖို့ ကူညီချင်ပါတယ် ဆိုဆို၊ ၀င်ငွေရဖို့ အာမခံနိုင်မယ့်အလုပ်တစ်ခုခုတော့ ရှိဖို့ နည်းလမ်းတချို့တော့ လိုအပ်ပါလိမ့်မယ်။ ပထမနည်းလမ်းက နိုင်ငံခြားမှာ စုမိဆောင်းမိရှိသလောက်လေးနဲ့ ပြည်တွင်း၊ ပြည်ပမှာ အိမ်ဝယ်ထားတာ ရှိရင် အဲဒီအိမ်ငှားခလေးနဲ့ စားလောက်ချင် လောက်နိုင်ပါတယ်။ အခုဆို ရန်ကုန်မြို့ပေါ်က အိမ်ခြံနဲ့ ကွန်ဒိုငှားခတွေဟာ နေရာကောင်းရင် ကောင်းသလို တစ်လကို သုံးသိန်းကနေ သိန်းသုံးဆယ်လောက်အထိရနိုင်ပါတယ်။ နောက်တစ်နည်းကတော့ မြန်မာပြည်ကို စ၀င်နေပြီဖြစ်တဲ့ ၀င်ဖို့ ကြိုးစားနေတဲ့ MNC (Multinational Coporation) တွေမှာ အလုပ်ဝင်လုပ်လို့ ရနိုင်ပါတယ်။ ဒါမှမဟုတ် INGO တချို့နဲ့ ပြည်တွင်း နာမည်ကြီးကုမ္ပဏီတွေဖြစ်တဲ့ ထူး၊ မက်စ်မြန်မာ၊ ရွှေသံလွင် ကုမ္ပဏီစတာတွေဟာလည်း လစာကောင်းတတ်ကြတယ် ပြောပါတယ်။ နောက်ဆုံးတစ်နည်းကတော့ ကိုယ်တိုင် စီးပွားရေးပြန်လုပ်တာပဲ ဖြစ်ပါတယ်။ အဲဒီလို အလတ်စား၊ အသေးစား (SME) ကိုယ်ပိုင်စီးပွားရေး ပြန်လုပ်ဖို့ စဉ်းစားရမယ့် အခြေခံ အချက် ၁၀ ချက်ကို တွေးလို့ ရသလောက် ဖော်ပြပေးလိုက်ပါတယ်။

စီးပွားရေးလုပ်ဖို့ သိထားသင့်တဲ့အချက် (၁၀)ချက်

တကယ်ပြောင်းလဲပြီလား
    နိုင်ငံခြားရောက်မြန်မာတွေ အနေနဲ့ မြန်မာပြည်အကြောင်းကို အင်တာနက်၊ လူမှုစာမျက်နှာတွေနဲ့ မီဒီယာတွေကတဆင့်ပဲ သိကြရတာများပါတယ်။ များသောအားဖြင့်တော့ ဘယ်နိုင်ငံက ဘယ်လောက်ရင်းနှီးမြှုပ်နှံတော့မယ်၊ ဘယ်ကုမ္ပဏီကြီးတွေတော့ စ၀င်နေပြီဆိုတာတွေကိုလည်း အားကျဖွယ် ဖတ်ရှုနေရတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ ထင်သလောက် ခရီးမပေါက်သေးပါဘူး။ အစိုးရနဲ့ ပတ်သက်တဲ့ အလုပ်တော်တော်များများဟာ အရင်အတိုင်းပဲ ပေးရ ကမ်းရတာတွေ ရှိနေဆဲပါ။ အစိုးရရဲ့ လုပ်ငန်းဆောင်တာတို့ဟာဆိုရင်လည်း ထုံးစံအတိုင်း မလိုအပ်တဲ့ အလုပ်အပိုတွေနဲ့ Process တွေဟာ နှေးကွေးဆဲပါ။ အချို့အချို့သော အစိုးရရဲ့ Project တွေကတော့ တော်တော်ပွင့်လင်းမြင်သာမှုရှိစွာ တင်ဒါခေါ်ဆိုမှု၊ ရွေးချယ်မှုတွေ ရှိတယ်လို့ သိရပါတယ်။

အိမ်ခြံမြေ
    နိုင်ငံခြားက ပြန်လာပြီး အလုပ်လုပ်ချင်တဲ့ မြန်မာတွေအတွက် တင်မဟုတ်၊ MNC တွေအတွက်ပါ အဟန့်အတားဖြစ်နေတာတော့ အားလုံးသိတဲ့အတိုင်း အိမ်ခြံမြေဈေးကွက်ပါ။ ရန်ကုန်မြို့မြေညီထပ်တချို့ရဲ့ ငှားရမ်းခဟာ နေရာမကောင်းဘူးဆို တစ်လကို ၂သိန်းကနေ ၁၀သိန်းလောက်ပေါက်ပါတယ်။ လှည်းတန်းတို့လို နေရာမျိုးဆို သိန်း ၃၀ ၀န်းကျင်ကနေ သိန်း ၅၀ လောက်ထိ ရှိတယ်။ ပြီးတော့ အဓိက နိုင်ငံခြားနဲ့ မတူတာက ၆လစာ ဒါမှမဟုတ် ၁နှစ်စာ စာချုပ်ချုပ်ပြီး ငွေပါ ချေရတာပါ။ တချို့ကျတော့လည်း ၁နှစ်ထပ်ပိုချုပ်ချင်တယ်ဆိုတာတောင် ပေးမချုပ်ပါ။ ဥပမာ ကိုယ်က စားသောက်ဆိုင်လေး ဖွင့်ချင်လို့ ဆိုင်အပြင်အဆင်ကို သိန်းရာနဲ့ ချီပြီး အကုန်ခံ၊ အိမ်ရှင်က တစ်နှစ်ပဲ ငှားပြီး ဆက်မငှားတော့ရင် ပြင်ဆင်ခဲ့ရတာတွေ အလကားဖြစ်ပါမယ်။ ၀ယ်ငှား ဈေးနှုန်းတွေ အတိအကျသိချင်ရင်တော့ http://www.zaygwet.com/estate_list.php မှာ သွားကြည့်နိုင်ပါတယ်။

လူ့အရင်းအမြစ်ပြဿနာ
    မြန်မာပြည်မှာ လုပ်ငန်းရှင်တော်တော်များများ ခေါင်းကိုက်နေရတာ ၀န်ထမ်းအရည်အသွေး ပြဿနာပါ။ ဆယ်စုနှစ်ပေါင်း များစွာ ပိတ်လှောင်ခံထားရတဲ့ အသိပညာတွေနဲ့ ချွတ်ချုံကျခဲ့တဲ့ ပညာရေးစနစ်ရဲ့ အတတ်ပညာတွေဟာ နိုင်ငံတကာနဲ့ ယှဉ်ရင် အရမ်းကို နောက်ကျနေခဲ့ပါပြီ။ အဲဒါကြောင့် ၀န်ထမ်းကောင်းတစ်ယောက်ရဖို့ဆိုရင် တော်တော်လေး Training တွေ ပေးပြီး လုပ်ငန်းသဘောသဘာဝတွေကို သင်ကြားပေးရပါတယ်။ အဲဒါပြီးလို့ အဆင်ပြေလောက်ပြီလည်း ထင်ရော အလုပ်ထွက်သွားတာမျိုးတွေ ရှိပါတယ်။ ပြီးတော့ နိုင်ငံတကာနဲ့ မတူတဲ့နောက်တစ်ချက်က နိုင်ငံခြားမှာ ကလေးတွေ အသက်နည်းနည်းရတာနဲ့ Part Time တချို့ ၀င်လုပ်ကြတာတွေ ရှိပါတယ်။ ကျွန်တော်တို့ဆီမှာတော့ Part Time အလုပ်ဟာ လစာလည်း လောက်လောက်လားလား မရှိသလို အလုပ်လည်း သိပ်မပေါလှပါဘူး။ ဒါ့ကြောင့် လုပ်ငန်းအတွေ့အကြုံတော်တော်နည်းကြပါတယ်။ ဒါပေမယ့် မြန်မာအများစုဟာ သင်လွယ် မြင်လွယ် တတ်လွယ် တယ်လို့တော့ ထင်မိတယ်။

ဝန်ထမ်းလစာ
    နိုင်ငံခြားမှာ သူများပေးသလောက် လစာမှ လိုက်မပေးနိုင်ရင် သူများရသလို ၀န်းထမ်းကောင်းမရမှာစိုးတဲ့အတွက် ပျမ်းမျှလစာတွေကို ပေးကြတာ များတယ်။ ပြီးတော့ အလုပ်သမားဝန်ကြီးဌာနလို နေရာမျိုးတွေက တစ်နှစ်စာ လစာတွေကို ထုတ်ပြန်ပေးတတ်ကြပါတယ်။ မြန်မာပြည်မှာတော့ အဲလို သက်မှတ်ချက်မျိုး မရှိသလို ၀န်ကြီးဌာနက ထုတ်ပြန်တယ်လည်း မကြားမိပါဘူး။ စုံစမ်းသိရှိရသလောက် စားသောက်ဆိုင်စားပွဲထိုးတွေဟာ နေစရိတ် စားစရိတ်အပြီးအစီး တစ်လကို ၂သောင်းခွဲမှ ၇သောင်း၊ လုံခြုံရေးဝန်ထမ်းများဟာ ၆သောင်း၊ ပိတ်ရက်မရှိ လုပ်ကြရတယ်။ ရုံးစာရေး၊ ရုံးအကူ၊ Marketing staff တွေက ၆သောင်းက ၁သိန်းကြား၊ ကွန်ပျူတာဘွဲ့ရ၊ အင်ဂျင်နီယာဘွဲ့ရတွေကတော့ ၁သိန်း ၀န်းကျင်လောက်ကနေ စပြီး အတွေ့အကြုံပေါ်မူတည်လို့ ၅သိန်းလောက်ထိ ရကြတယ်ပြောပါတယ်။ AGD ဘဏ်မှာ လုပ်နေတဲ့ စီနီယာမန်နေဂျာသူငယ်ချင်းတစ်ယောက်ကတော့ သုံးသိန်းခွဲနဲ့ ကားသုံးခွင့် ရတယ်သိရတယ်။ အကြမ်းဖျဉ်း ထည့်သွင်းစဉ်းစားရမယ့် ၀န်ထမ်းလစာပါ။ လုပ်ငန်းအတွေ့အကြုံနဲ့ ကုမ္ပဏီပေါ်မူတည်ပြီး လစာကွာခြားမှုရှိနိုင်ပါတယ်။

ဝန်ထမ်းအခွင့်အရေး
    မြန်မာနိုင်ငံက အလုပ်တွေကို လိုက်ကြည့်ပြီး နိုင်ငံခြားတွေနဲ့ ယှဉ်ရင် တော်တော်များများ က ၀န်ထမ်းအခွင့်အရေး ဆုံးရှုံးနေတာ တွေ့ရပါတယ်။ ဥပမာ နိုင်ငံခြား ကုမ္ပဏီတွေဟာ ၀န်ထမ်းတစ်ယောက်ကို တစ်နှစ်စာ ခွင့် ၁၂ရက်၊ ဆေးခွင့် ၁၂ရက်၊ တစ်နှစ်စာ ဆေးခန်းပြခ ဘယ်လောက်စသဖြင့် ပေးတတ်ကြပေမယ့် မြန်မာပြည်မှာတော့ သိပ်မတွေ့ရပါ။ ခွင့်လိုချင်ရင် လစာမဲ့ခွင့်ပဲ ယူရတာများပြီး ဘယ်နှရက်ဘာညာလည်း သက်သက်မှတ်မှတ်မရှိပါ။ အဲဒါကြောင့် ကိုယ်ဝန်ထမ်းငှားရင် ဘယ်လိုနည်းလမ်းကို သုံးမလဲ ထည့်ပြီး စဉ်းစားရပါမယ်။ မြန်မာ့နည်းဆိုရင်တော့ မသေချာ မရေရာမှုတွေနဲ့ သေသေချာချာကြီးကို အသားကျနေတာပါပဲ။

ကုမ္ပဏီထောင်ဖို့
    မြန်မာပြည်မှာ စီးပွားရေးလုပ်မယ်ဆိုရင် လုပ်ငန်းလိုင်စင်နဲ့ လုပ်မလား၊ ကုမ္ပဏီထောင်မလား၊ ဘာမှ မပြပဲ အဆင်ပြေသလို ကြည့်လုပ်မလားဆိုပြီး အခြေခံအချက်သုံးချက်တွေ့ရမှာပါ။ လုပ်ငန်းလိုင်စင်ဆိုတာ များသောအားဖြင့် မြို့နယ် စည်ပင်ကို ပေးရတာလို့ သိရပါတယ်။ ဘယ်လောက်ပေးရသလဲ ဘယ်လိုပေးရသလဲ ဆိုတော့ ကြုံရင်ကြုံသလို ပေးရပါတယ်။ တောင်းရင် တောင်းသလောက်ပေးရပါတယ်။ ဒါမှမဟုတ်ရင် ဒီလုပ်ငန်း ဒီမြို့နယ်မှာ လုပ်ခွင့်မရှိဘူး ဘာဖြစ်တယ် ညာဖြစ်တယ် ရစ်တယ်ကြားပါတယ်။ ကုမ္ပဏီထောင်မယ်ဆိုရင်တော့ အစိုးရကို ၁၀သိန်း Deposit ပေးရပြီး စာရွက်စာတမ်းကြေး ဘာညာနဲ့ ပေါင်းရင် ၁၅သိန်းကနေ သိန်း ၂၀ ကြားလောက် ပေးရပါတယ်။ ဒါဆိုရင်တော့ လုပ်ငန်းလိုင်စင်ဘာညာ မလိုတော့ဘူးပေါ့။ ဘာမှမပြပဲ အဆင်ပြေသလို ကြည့်လုပ်မယ်ဆိုရင်လည်း ဖြစ်နေသေးတာကို တွေ့ရမှာပါ။

ဘဏ်လုပ်ငန်း
    ဘဏ်လုပ်ငန်းတွေကို ကြည့်ရင်လည်း အနည်းငယ်ရှုပ်ထွေးစရာတွေ နိုင်ငံခြားနဲ့ မတူတဲ့ အချက်တွေကို တွေ့ရပါတယ်။ သမ၀ါယမ၊ ကမ္ဘောဇ၊ AGD စတဲ့ ပုဂ္ဂလိက ဘဏ်တော်တော်များများရဲ့ ၀န်ဆောင်မှုတွေက အစိုးရဘဏ်နဲ့ ယှဉ်ရင် ကောင်းတယ် မြန်တယ်လို့ ပြောကြပေမယ့် နိုင်ငံခြားဘဏ်တွေရဲ့ ၀န်ဆောင်မှုကိုတော့ မှီမယ်မထင်သေးပါ။ ဥပမာတစ်ခုအနေနဲ့ မြန်မာဘဏ်တွေရဲ့ အထူးခြားဆုံးအချက်ကတော့ ATM card နဲ့ Bank account မတူတာပါပဲ။ Bank account ဆိုတာဟာ ပိုက်ဆံစုလို့ ရပြီး အတိုးရပါတယ်။ ATM card ကတော့ ATM တွေမှာ ထုတ်လို့ ရအောင် အဲဒီကဒ်ထဲကို ပိုက်ဆံ သက်သက်သွားထည့်ထားရပါတယ်။ အတိုးမပေးပါဘူး။ အဲဒီတော့ ATM Card မှာ ပိုက်ဆံမရှိတော့ရင် ဘဏ်သွား Saving Account ကနေပြီး ထုတ် ATM card ထဲကို ထည့်ရပါတယ်။ ATM ဆိုတာ ဘဏ်မသွားချင်လို့ ဘဏ်မှာ တန်းမစီချင်လို့ ၂၄နာရီ လိုအပ်တဲ့ အချိန်ထုတ်ဖို့ လုပ်ထားကာမှ အဲဒီအထဲကို ပြောင်းထည့်ဖို့ ဘဏ်သွား တန်းစီ ဘဏ်ဖွင့်ချိန်ကို စောင့်ကြရတဲ့အဖြစ်ပါ။

အခြေခံအဆောက်အအုံ
    Infrastructure တွေအနေနဲ့ အရေးအကြီးဆုံးဟာ ဆက်သွယ်ရေး၊ လျှပ်စစ်မီးနဲ့ လမ်းတံတား ပါပဲ။ အခုလာမယ့် ဇွန်လ ၂၇ရက်နေ့မှာ နိုင်ငံခြားဆက်သွယ်ရေး ကုမ္ပဏီကြီးနှစ်ခုကို ကြေငြာတော့မှာဖြစ်ပြီး ပြည်တွင်းကုမ္ပဏီနှစ်ခု နဲ့ ယှဉ်ပြိုင်တော့မှာဖြစ်လို့ ဆက်သွယ်ရေးပိုင်းဟာ အခြေအနေကောင်းလာဖို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် သတင်းတစ်ခုမှာ ပြည်တွင်းဆက်သွယ်ရေးကုမ္ပဏီများက ဖုန်းအလုံး ၄သန်းစီရောင်းချခွင့်ရပြီး ပြည်ပကုမ္ပဏီများက ၁သန်းစီပဲ ရောင်းချခွင့် ရှိမယ်လို့ ဖတ်လိုက်ရတယ်။ အဲဒီလိုပဲ အင်တာနက်လိုင်းတွေကိုလည်း ထိန်းချုပ်မှုတွေ ရှိနေမယ်ဆိုရင်တော့ တိုးတက်သင့်သလောက် တိုးတက်ဖို့ ခက်ခဲနိုင်ပါမယ်။ လျှပ်စစ်မီးအနေနဲ့လည်း နိုင်ငံခြားကုမ္ပဏီကြီးတွေက စိတ်ဝင်စားကြတယ်ဆိုပေမယ့် အခုအချိန်ထိတော့ မီးစက်သံတချုန်းချုန်း ခုတ်မောင်းနေရဆဲပါ။ လမ်းတံတားအနေနဲ့ အစိုးရဘတ်ဂျက်ဟာ အလုံအလောက်မရှိဘူးဆိုတာ သိရတဲ့အတွက်ကြောင့် အချိန်တော်တော်ယူရဦးမယ် ထင်ပါတယ်။

နိုင်ငံရေး
    နိုင်ငံရေးအခြေအနေဟာ စီးပွားရေးလုပ်ငန်းတွေအပေါ်ကို ကောင်းကျိုးဆိုးကျိုး အများကြီး သက်ရောက်စေပါတယ်။ အခုအချိန်မှာတော့ ရခိုင်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဘာသာရေးပြဿနာတွေ၊ တရာဥပဒေစိုးမိုးမှု စတဲ့အချက်တွေဟာ စီးပွားရေး လုပ်ငန်းတွေကို တိုက်ရိုက်မဟုတ်တောင် သွယ်ဝှက်အကျိုးသက်ရောက်မှုတွေ ရှိနေနိုင်ပါတယ်။ နိုင်ငံရေးအခြေအနေကတော့ အင်တာနက် ကနေ တဆင့် အနည်းနဲ့အများ သိနေနိုင်ကြလို့ အကျယ်ချဲ့ပြီး မရေးလိုတော့ပါ။

မြန်မာကတော့ မြန်မာပဲ
    အထက်ပါ ထည့်စဉ်းစားရမယ့်အချက်တွေကြောင့် ခက်ခဲနိုင်မယ်လို့ ထင်ရပေမယ့် တကယ်တမ်း မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ဆိုရင်တော့လည်း အဆင်ပြေနိုင်တာတွေ ရှိနေတာ တွေ့ရပါတယ်။ အဲဒီမြန်မာ့နည်းမြန်မာ့ဟန်ကို နိုင်ငံခြား အတွေ့အကြုံအချို့ပေါင်းစပ်ပြီး လုပ်ငန်းတွေ လုပ်ကိုင်မယ်ဆိုရင်တော့ အဆင်ပြေနိုင်မှာပါ။ နိုင်ငံခြားမှ အသိမိတ်ဆွေများ မြန်မာပြည်ပြန်သွားကြပြီး တချို့လည်း အဆင်ပြေလို့ မြန်မာနိုင်ငံမှာ ပိုက်ဆံရှာရတာ လွယ်တယ် ဆိုကြသလို ပြန်သွားပြီး အဆင်မပြေလို့ နိုင်ငံခြား ပြန်ထွက်လာသူတွေလည်း ရှိပါတယ်။ သိသလောက် ကြားသလောက် စုံစမ်းလို့ ရသလောက် ရေးထားတာဖြစ်လို့ ပြည့်စုံလုံလောက်မှုတော့ မရှိနိုင်ပါ။ တကယ်တမ်း နိုင်ငံခြားကနေ ပြန်ပြီး အလုပ်လုပ်နေကြတဲ့ သူတွေဆိုရင်တော့ ဒီထက်ကို ပိုပြီး ပြည့်ပြည့်စုံစုံ ပြောပြနိုင်မှာပါ။ ဘာပဲဖြစ်ဖြစ် ပြောင်းလဲမှုတို့ရဲ့ ခေတ်ဦးမှာ လက်ဦးမှု ရယူထားနိုင်တယ်ဆိုရင်တော့လည်း နောက်ပိုင်း အဆင်ပြေသွားနိုင်မယ်လို့ မျှော်လင့်ရင်း . . .။

စည်သူ(သံလွင်)

Tuesday, June 18, 2013

၁၅၀၀ နဲ့ ၅၂၈

ကောင်လေး၊ ကောင်မလေးတွေဟာ အထာတွေနဲ့ ၁၅ဝဝ-ကို တောင်းတတ်၊ ပေးတတ်ကြပါတယ်။ ၁၅ဝဝ- ဆိုတာ ဘာမှန်းမသိ၊ ညာမှန်းမသိ ရမ်းတောင်းနေတတ်ကြပါတယ်။ တကယ်တော့ ၁၅ဝဝ ဟာ ကိလေသာထုကို ရည်ညွှန်းတာပါ။ သမီးရည်းစား ဇနီးမယားချစ် သက်သက်သာလျှင် မဟုတ်ပါဘူး။ ဆွေမျိုးဉာတိ မောင်နှစ်မ အချင်းချင်းလည်း ၁၅၀၀ ပိုင်ရှင်တွေ ဖြစ်နိုင်ကြပါတယ်။

ကိလေသာဆိုတာ စိတ်ကို ပူပန်စေတတ်၊ နှိပ်စက်တတ်တဲ့၊ စိတ်ကို ညစ်ပေစေတတ်တဲ့ တရားဖြစ်ပါတယ်။

အဲဒီ ကိလေသာက (၁ဝ) ပါးရှိပါတယ်။ ဘာတွေလဲဆိုတော့-
(၁) လောဘ – လိုချင်တာ
(၂) ဒေါသ – ကြမ်းတမ်းတာ၊ စိတ်ထိခိုက်တာ
(၃) မောဟ – မသိတာ
(၄) မာန – ထောင်လွှားတာ
(၅) ဒိဋ္ဌိ – အယူမှားတာ
(၆) ဝိစိကိစ္ဆာ – သံသယဖြစ်တာ
(၇) ထိန – မလန်းဆန်းတာ
(၈) ဥဒ္ဓစ္စ – စိတ်ပျံ့လွင့်တာ
(၉) အဟိရိက – မကောင်းတာလုပ်ဖို့ မရှက်တာ
(၁ဝ) အနောတ္တပ္ပ – မကောင်းတာလုပ်ဖို့ မကြောက်တာ တွေပါ။

အဲဒီ ကိလေသာတွေက-
စိတ် (၁)ခု၊
စေတသိက် (၅၂) ခု၊
နိပ္ဖန္နရုပ် (၁၈)ခု၊
လက္ခဏရုပ် (၄)ခု ဆိုတဲ့ (၇၅) ခုသော ရုပ်၊ နာမ်တရားတွေကို အာရုံပြုပါတယ်။ အဲဒီတရားတွေဟာ ကိုယ့်သန္တာန်၊ သူများသန္တာန် ၂ မျိုးလုံးမှာရှိလို့ (၇၅x၂) = ၁၅ဝ ဖြစ်သွားပါတယ်။ ကိလေသာ ၁-ပါးမှာ အာရုံ (၁၅ဝ)ရှိတော့ ကိလေသာ (၁ဝ)ပါးဆိုတော့ ၁၅ဝဝ – ဖြစ်သွားပါတယ်။ ဒါပေမယ့် အဲဒီ့ ၁၅ဝဝ လုံးဟာ တပြိုင်နက် မဖြစ်နိုင်ပါဘူး။

အခု လူအများစု သိထားကြတဲ့ ၁၅၀၀ အချစ်ဆိုတာ ကာမရာဂလို့ခေါ်တဲ့ တဏှာ=လောဘကို အခြေခံပြီး တောင်းနေကြ ပေးနေကြတာပါ။ ၁၅ဝဝ ပေးလိုက်တယ်ဆိုပြီး ကိုယ့်ဆီက ဘယ်ကိလေသာမှ လျှော့သွားမှာ မဟုတ်သလို ယူလိုက်ရလို့လည်း အရေအတွက် တိုးလာမှာ မဟုတ်ပါဘူး။ လောဘထု စတာတွေသာလျှင် တိုးလာမှာပါ။

ချစ်သူရည်းစားလို၊ ဇနီးခင်ပွန်းလို ချစ်မှ ၁၅ဝဝ မဟုတ်ပါဘူး။ လိုချင်မှု လောဘသာပါမယ်ဆိုရင် ဘယ်လိုချစ်ခြင်းပဲဖြစ်ဖြစ် ၁၅ဝဝ ထဲမှာ ပါတာပါပဲ။ ချစ်တာမှ မဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် မုန်းနေရင်လည်း ၁၅ဝဝ ထဲမှာ ပါတာပါပဲ။ မုန်းခြင်းဆိုတာ ဒေါသကိလေသာပါ။ တခြား မာနပြိုင်နေကြသူတွေ စတာတွေဟာလည်း ၁၅ဝဝ ပိုင်ရှင်တွေပဲဆိုတာ ကိလေသာ ဆယ်ပါးကို ဖတ်ကြည့်လိုက်ရင် သတိပြုမိမှာပါ။

၅၂၈- ဆိုတာကတော့-
၁။ သဗ္ဗေ သတ္တာ = ခန္ဓာကို တွယ်တာတတ်တဲ့ သတ္တဝါ အားလုံး
(က) အဝေရာ ဟောန္တု = ဘေးရန် ကင်းကြပါစေ။
(ခ) အဗျာပဇ္ဇာ ဟောန္တု = စိတ်ဆင်းရဲ ကင်းကြပါစေ။
(ဂ) အနီဃာ ဟောန္တု = ကိုယ်ဆင်းရဲ ကင်းကြပါစေ။
(ဃ) သုခီ အတ္တာနံ ပရိဟရန္တု = ချမ်းသာစွာ မိမိကိုယ်ကို ဆောင်နိုင်ကြပါစေ။
၂။ သဗ္ဗေ ပါဏာ = ထွက်သက်၊ ဝင်သက်ရှိသော သတ္တဝါ အားလုံး
၃။ သဗ္ဗေ ဘူတာ = ကံ၊ ကိလေသာကြောင့် ဖြစ်သော သတ္တဝါ အားလုံး
၎။ သဗ္ဗေ ပုဂ္ဂလာ = ပုဂ္ဂိုလ် အားလုံး
၅။ သဗ္ဗေ အတ္တဘာဝ ပရိယာပန္နာ = ခန္ဓာ၊ အတ္တဘော၌ အကျုံးဝင်သော သတ္တဝါ အားလုံး
(ဒီ ၅-ပါးက ဘယ်သူဘယ်ဝါလို့ မရည်ညွှန်းဘဲ သတ္တဝါအားလုံးကို ဆိုလိုတဲ့အတွက် အနောဓိသ လို့ခေါ်ပါတယ်။)

၆။ သဗ္ဗာ ဣတ္ထိယော = မိန်းမ အားလုံး
၇။ သဗ္ဗေ ပုရိသာ = ယောက်ျား အားလုံး
၈။ သဗ္ဗေ အရိယာ = အရိယာ အားလုံး
၉။ သဗ္ဗေ အနရိယာ = အရိယာ မဟုတ်သူ (ပုထုဇဉ်) အားလုံး
၁ဝ။ သဗ္ဗေ ဒေဝါ = နတ်၊ ဗြဟ္မာ အားလုံး
၁၁။ သဗ္ဗေ မနုဿာ = လူ အားလုံး
၁၂။ သဗ္ဗေ ဝိနိပါတိကာ = အပါယ်သတ္တဝါ အားလုံး
(နောက် ၇-ပါးကတော့ မိန်းမ၊ ယောက်ျား ရည်ညွှန်းပိုင်းခြားထားလို့ သြဓိသ လို့ခေါ်ပါတယ်။)

အဲဒီ မေတ္တာခံ (၁၂) ပါးကို အဝေရာ ဟောန္တု စသော ပွားနည်း (၄) ပါးနဲ့ မြှောက်လိုက်ရင် ၄၈- ပါး ရပါတယ်။
အဲဒီ ၄၈-ပါးကို အရပ် (၁ဝ) မျက်နှာ တစ်ခုစီပို့တော့ (၄၈x၁ဝ)= ၄၈ဝ ရပါတယ်။
အဲဒီ ၄၈ဝ ကို အရပ်မပိုင်းခြားရသေးတဲ့ မူလ ၄၈-နဲ့ ပေါင်းတော့ = ၅၂၈ ရပါတယ်။
ဒီတော့ သတ္တဝါတွေ ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာခြင်း စတဲ့ အကျိုးစီးပွားကို လိုလားခြင်းသာလျှင် အေးချမ်းတဲ့ မေတ္တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် မိဘ၊ မောင်နှမ၊ ဆွေမျိုး၊ မိတ်ဆွေများ သာမက ချစ်သူ ရည်းစား ခင်ပွန်းဇနီးများပါ (ကိုယ့်အတွက် လောဘမပါဘဲ) သူ့အကျိုးစီးပွား သက်သက်ကို လိုလားမယ်ဆိုရင် ၅၂၈ ထဲမှာ ပါဝင်ပါတယ်။

အနှစ်ချုပ်အနေနဲ့ကတော့ ချစ်သူ၊ မုန်းသူ၊ ဆွေမျိုး၊ မိတ်ဆွေ၊ မိဘ မောင်နှစ်မ ပုဂ္ဂိုလ်မရွေး … ကိလေသာ (၁ဝ) ပါးကို အခြေခံရင် ၁၅ဝဝ ထဲမှာ ပါနေပြီး၊ အကျိုးလိုလားမှုကို အခြေခံရင် ဘယ်သူပဲဖြစ်ဖြစ် ၅၂၈ ထဲမှာပါတယ်ဆိုတဲ့အကြောင်း မေတ္တာလောင်းပြီး သုတပေါင်းပေးကြည့်တာပါ…။

http://dhammayanantmm.blogspot.com/ မှတဆင့်ခံစားတင်ပြသည်။မူကြိုဆရာ၏ဘလော့များကို www.damanady.tk တွင်လဲဖတ်ရှုနိင်သည်။


ရေးသားတင်ပြသူ မူကြိုဆရာ

Monday, June 3, 2013

အွန်လိုင်းမှာသင်/ဖြေပြီး ဒီပလိုမာတွေရယူနိုင်တဲ့နိုင်ငံတကာ အခမဲ့ အွန်လိုင်းပညာသင်ကြားရေး ဝဘ်ဆိုဒ်များ

ထုံးစံအတိုင်း FB မှာ တွေ့လို့ မှတ်ထားပါတယ်။

 original စုစည်း တင်ပြသူကို credit ပေးပါတယ်။ တကယ် အခမဲ့ပါ။ မယုံလို့ တစ်ခုလောက်ဝင်ကြည့်လိုက်တာ ဗီဒီယိုဖိုင်ယူမလား၊ PDF လား၊ သင်ခန်းစာ Note ယူမလား အစရှိသဖြင့် စာသင်ခန်းမှာ ဆရာနဲ့ မတွေ့ရပေမယ့် တကယ့် သင်ရသလိုပါပဲ။ သို့ပေမယ့် နိုင်ငံတကာ ဆိုဒ်ဖြစ်တဲ့အတွက် အားလုံးက အင်္ဂလိပ်လိုချည်း ဖြစ်ပါတယ်။ အခြေခံအင်္ဂလိပ်စာ ဖတ်အား၊ ရေးအား၊ မှတ် အားလေးတော့ ရှိမှ အဆင်ပြေမယ် ထင်ပါတယ်။ ခု ပေးမယ့် ဆိုဒ်များက ကမ္ဘ့ာ့ ထိပ်တန်း အွန်လိုင်း အခမဲ့ ပညာသင်ကြားရေး ဝဘ်ဆိုဒ်တွေချည်း ဖြစ်ပါတယ်။ အချို့ ဆို အွန်လိုင်းကနေပဲ သင်၊ အွန်လိုင်းကနေပဲ စာမေးပွဲဖြေလို့ ဒီပလိုမာတွေ တောင် ယူတယ်လို့ ကြားတယ်။ မြန်မာပြည်ကနေ ဆိုရင်တော့ လွယ်အုံးမယ် မထင်ပါဘူး။ ဒီတော့ အိမ်မှာ ကွန်ပြူတာရှိမယ်၊ အင်တာနက်လိုင်းရှိမယ်ဆိုရင် သင်လို့ ရပါ ပြီ။ လိုင်းအရမ်းကောင်းဖို့ မလိုပါဘူး။ သို့ပေမယ့် ဗီဒီယိုကြည့်ပြီးမှ သင်ချင်တယ် ဆိုတော့ နည်းနည်းစောင့်ရမယ့် သဘော ရှိပါတယ်။ သင်ခန်းစာတွေကို ကိုယ်ကြိုက်ရာ ရွေးလို့ရပါတယ်။ Science, engineering, art, economics, law, language များအပြင် အခြားအခြားသော ပညာရပ်ပေါင်း မြောက်များစွာလည်း ပါဝင်ပြီး ကိုယ်ကြိုက်ရာ ရွေးနိုင်ပါတယ်။ တကယ် လေ့လာနိုင်၊ မှတ်ယူနိုင်ရင် တကယ် ရပါတယ်။ ဒါကြောင့် အားလုံး အသုံးပြုလို့ရအောင် အခမဲ့ ပညာသင် ကြားပေးတဲ့ ဝဘ်ဆိုဒ် လခ့်များအား မျှဝေ ပေးလိုက် ရပါတယ်။

➤ Massachusetts Institute of Technology (MIT)/OpenCourseWare ✤ Link: http://is.gd/0pm1n1
➤ Udacity / Free interactive College Classes ✤ Link: http://is.gd/xiFMtf
➤ Open Yale Courses / Freely Downloadable ✤ Link: http://is.gd/74Xwb4
➤ Coursera Free Online Courses ✤ Link : http://is.gd/LIDgMa
➤ ALISON Database / Free Online Diplomas ✤ Link: http://is.gd/cqkuBQ
➤ Khan Academy / Free Online Education ✤ Link : http://is.gd/qpJwVP
➤ Johns Hopkins OpenCourseWare ✤ Link: http://is.gd/YWSx0O
➤ Academic Earth Free Online Courses ✤ Link: http://is.gd/BIZJQz
➤ UC Berkeley Free Online Lectures ✤ Link: http://is.gd/mNyFEM
➤ Open University LearningSpace ✤ Link: http://is.gd/84CXnA
➤ Carnegie Mellon Open Learning Initiative ✤ Link: http://is.gd/ADEBmj
➤ University of Washington Video Lectures ✤ Link: http://is.gd/ePO5Me
➤ Tufts OpenCourseWare ✤ Link: http://is.gd/8ABGyb
➤ UC San Diego Podcast Lectures ✤ Link: http://is.gd/oGOjth
➤ AMSER (Applied Math and Science Education Repository) ✤ Link: http://is.gd/N51Mvh
➤ Utah State OpenCourseWare ✤ Link: http://is.gd/ZRew6t
➤ Free Video Lectures.com ✤ Link: http://is.gd/ObsSL5
➤ How-Stuff-Works / Free Online Science-Related Courses ✤ Link: http://is.gd/XEHory
➤ Wolfram Demonstrations Project ✤ Link: http://is.gd/0vbMWk
➤ Free Science and Video Lectures Online! ✤ Link: http://is.gd/JoOFQg
➤ LearningScience.org ✤ Link: http://is.gd/te9NqS
➤ Science.gov Databases ✤ Link: http://is.gd/g4ZK7B
➤ Connexions - Open-Content Library ✤ Link: http://is.gd/C9Inr5
➤ Sophia Free Online Courses ✤ Link: http://is.gd/JBsj55
➤ Honorable Mention: Peoi.org ✤ Link: http://is.gd/QbtScO For more - http://is.gd/y7Fukg Aung Kham (TSJ team) http://blog.techspace.com.mm/2013/03/blog-post_8.html တွင်ဖော်ပြချက်အား တဆင့်မျှဝေပါသည်။