Thursday, February 11, 2016
သူငယ်ချင်းသို့ ပြန်စာ (၄)
မြန်မာပြည်မှာ မဲစာရင်းတွေနဲ့ အလုပ်ရှုပ်နေကြတဲ့ အချိန် ငါ့အိမ်ကိုလည်း သြဇီ ရွေးကောက်ပွဲကော်မရှင် ဆီကစာလာတယ်ကွ။ ငါ ဒီလိပ်စာမှာ နေတယ်ဆိုတာတွေ့ရပေမယ့် သူတို့ရဲ့ မဲပေးခွင့်ရှိသူ စာရင်းမှာ ငါ့နာမည်မပါတဲ့ အကြောင်း၊ သြဇီမှာ အသက် ၁၈နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲ မပေးမနေရဖြစ်တဲ့အတွက် မဲပေးခွင့်ရှိသူစာရင်းမှာ နာမည်ထည့်ရမယ့်အကြောင်း၊ မဲပေးခွင့်မရှိသူဆိုရင်လည်း ဘာကြောင့် မရှိရသလဲဆိုတာကို ပြန်ပြောရမယ့်အကြောင်း စာရောက်လာတာပါ။ ငါလည်း သူတို့နိုင်ငံသားမဟုတ်လို့ မဲပေးခွင့် ရှိသူမဟုတ်ပါဘူးလို့ဆိုပြီး စာပြန်ပို့ပေးလိုက်တယ်။ ငါတို့နိုင်ငံ မဲစာရင်းရဲ့ လူနာမည် နေရာမှာ “တက္ကသိုလ်လမ်း” ဖြစ်နေတာ၊ အဖေနာမည်နဲ့ သားနာမည် တစ်ခုတည်းဖြစ်နေတာ၊ နာမည်တွေ နှစ်ခုထပ်နေတာတွေ ဖြစ်နေတဲ့အချိန် ဒီမှာတော့ စာရင်းမှာ ဒီလူရှိ မရှိကို သိတာနဲ့ ချက်ချင်း ရွေးကောက်ပွဲကော်မရှင်က စာရောက်လာရော။ ပြီးတော့ မဲ မပေးမနေရ စနစ်ဖြစ်တဲ့အတွက် မဲမပေးဘူးဆိုရင် ဒဏ်ကြေး ဒေါ်လာ ၂၀ ဆောင်ရတယ်။ စင်္ကာပူလည်း တူတူပဲ၊ မဲမပေးမနေရ။ မဲမပေးခဲ့ဘူးဆိုရင် မဲစာရင်းထဲကနေ ကိုယ့်နာမည်ကို ထုတ်လိုက်မှာ ဖြစ်ပြီး နောင်တချိန် မဲပြန်ပေးချင်တယ်ဆိုရင်တော့ ဒဏ်ကြေး ဒေါ်လာ ၅၀ ပေးရမယ်တဲ့။
ငါတို့နိုင်ငံမှာတော့ မဲပေးဖို့ကို မနည်းဆော်သြနေကြရတယ်။ မင်း ပြောသလိုပေါ့ကွာ ဒီမိုကရေစီနိုင်ငံတော် ကြီးဆီကို မဲရုံသွားတဲ့ ခြေလှမ်းတွေနဲ့ စကြရမယ်ကွ။ အဲဒါမှ ငါတို့ လိုချင်တဲ့ အစိုးရတရပ်ကို ငါတို့ ရွေးချယ်နိုင်မယ်။ အရပ်ထဲမှာ ပြောပြောနေတဲ့ ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရမယ်ဆိုတဲ့ လူတွေကို တစ်ခုလောက်ပြောပေးစမ်းပါကွာ။ တကယ်အစိုးရကောင်းရင် ကိုယ်မလုပ်လည်း ကိုယ်စားခွင့်ရှိတယ်၊ ဒါမှမဟုတ် ကိုယ် လုပ်သလောက် တကယ်ကို ကိုယ်စားခွင့် ရှိတယ်ဆိုတဲ့ အကြောင်းလေး။ သြဇီမှာ သူ့နိုင်ငံသားတွေ အလုပ်မရှိဘူးဆိုရင် အစိုးရက လစဉ်ထောက်ပံ့ကြေးပေးတယ်။ ကလေးမွေးထားပြီး ကလေးကို အမေက ပြုစုစောင့်ရှောက်ဖို့ အလုပ်မလုပ်ဘူးဆိုရင် အစိုးရက ထောက်ပံ့ကြေးပေးတယ်၊ အသက်ကြီးလာရင် ထောက်ပံ့ကြေးပေးတယ်၊ နေမကောင်းလို့ ဆေးခန်း၊ ဆေးရုံသွားရင် ပိုက်ဆံတပြားမှမယူဘူး၊ မသန်မစွမ်းတွေကို ထောက်ပံ့ကြေးပေးတယ်။ အဲဒီထောက်ပံ့ကြေးက ဒီနိုင်ငံရဲ့ ဈေးနှုန်းတွေနဲ့ ယှဉ်ရင် အများကြီးမဟုတ်ပေမယ့် စားလို့ သောက်လို့တော့ ဖြစ်တဲ့ အနေအထားပေါ့ကွာ။ ငါလည်း စပ်စပ်စုစု သူတို့ရဲ့ website မှာ အလုပ်မရှိသူတွေကို ဘယ်လောက်ပေးလည်း သိချင်လို့ သွားကြည့်တော့ နှစ်ပတ်ကို ၅၄၁ ဒေါ်လာပေးတယ်တဲ့၊ မိန်းမကပါ အလုပ်မရှိရင် နောက်ထပ် ၅၄၁ဒေါ်လာ၊ နှစ်ယောက်ပေါင်း ၁၀၈၂ ဒေါ်လာ၊ တစ်လဆိုရင် ၂၁၆၄ ဒေါ်လာ အလကားပေးပြီး အစိုးရက ကျွေးထားတယ်။ ဟ ကောင်းလှချည့်လား ငါ့ကောင်ရ ဒါဆို အားလုံး အလုပ်မလုပ်ပဲ ထိုင်စားနေကြမှာပေါ့လို့ တွေးနေပြီမဟုတ်လား။ အဲလောက်တော့ မလွယ်ဘူး သူငယ်ချင်း၊
အလုပ်မရှိလို့ အစိုးရက ပိုက်ဆံပေးရပြီဆိုတာနဲ့ CentreLink ဆိုတဲ့ အစိုးရအဖွဲ့အစည်း(ငါတို့ဆီမှာဆိုရင်တော့ လူမှု့ဖူလုံရေးလိုနေမှာပေါ့)က အလုပ်အတင်းရှာပေးတယ်။ အင်တာဗျူးတွေ သွားခိုင်းတယ်၊ တကယ်ကို အလုပ်က မရတဲ့ လူတွေကိုမှ အစိုးရက ပိုက်ဆံပေးတာကွ။ အဲဒါမှ အလုပ်မရသေးရင် သင်တန်းတွေ ငါ့အရင်စာမှာတုန်းက ပါတဲ့ TAFE လို ကျောင်းတွေကို အစိုးရစားရိတ်နဲ့ အတင်းတက်ခိုင်းတယ်။ ကျောင်းပြီးရင် အလုပ်အတင်းရှာပေးပြန်တယ်။
အလုပ်ရသွားရင်တော့ Qualification မရှိတဲ့ သူက အနိမ့်ဆုံး လစာ တနာရီကို ၁၅ဒေါ်လာလောက် ရပြီး တစ်ပတ်ကို ၄၀ နာရီ နဲ့ တွက်ရင် တစ်လကို ဒေါ်လာ၂၄၀၀ လောက်ရတယ်။ Certificate တွေ ဘွဲ့တွေ ရထားတဲ့ လူ၊ လုပ်ငန်းအတွေ့အကြုံလည်း ရှိတဲ့လူ ဆိုရင်တော့ တစ်လကို ဒေါ်လာ ၄၊ ၅ ထောင် ပြေးမလွတ်ဘူးပေါ့ကွာ။ ဒီမှာ အလုပ်လုပ်သူတိုင်း အိမ်နဲ့ကား ၀ယ်နိုင်ကြတော့ အိမ်တွေကားတွေ ရှိတဲ့သူက သူဌေးမဟုတ်ဘူး၊ ဇိမ်ခံကားအိမ် (Caraven) တွေ ဇိမ်ခံရွက်လှေ၊ သင်္ဘောတွေ ၀ယ်နိုင်တဲ့လူကမှ တကယ်ချမ်းသာတာ။ ဟ လခတွေက ကောင်းလှ ချည့်လားလို့ မင်းတွေးနေပြန်သလား။ အေး လခကောင်းပေမယ့် အစိုးရက လခများရင် များသလို Tax ကိုလည်း ၁၉% ကနေ ၄၅% လောက်ထိ လခ အနည်းအများပေါ်မူတည်ပြီး ပြန်နှုတ်ထားလေရဲ့။ ပြီးတော့ စောစောက အလုပ်မရှိတဲ့လူတွေကို ပြန်ပေးပေါ့ကွာ။ ဒါ့ကြောင့် ငါပြောတာပေါ့ ဘယ်အစိုးရ တက်တက် ကိုယ်လုပ်မှ ကိုယ်စားရမယ်ဆိုတာထက်၊ ကိုယ်မလုပ်ပဲ ကိုယ်စားနိုင်သလို ကိုယ်လုပ်သလောက် တန်ရာ တန်ရာ ကိုယ်စားနိုင်ဖို့လည်း လိုသေးတယ်ကွ။ မင်းစဉ်းစားကြည့်ကွာ ဒီမှာလည်း လူတစ်ယောက် တစ်ပတ်ကို နာရီလေးဆယ်လောက်လုပ်ရတာပဲ ငါတို့ဆီမှာလည်း နာရီလေးဆယ်လုပ်ကြတာပဲ၊ ဒါပေမယ့် ဘာလို့ ဒီကလူတွေက အိမ်နဲ့ ကားနဲ့ သက်တောင့်သက်သာနေနိုင်ပြီး ငါတို့ဆီမှာ လူတွေ ဒုက္ခရောက်နေသလဲ။ ကိုယ်လုပ်သလောက် ကိုယ်မစားရလို့ပေါ့ကွာ။ အဲဒီတော့ ကိုယ်လုပ်သလောက် ကိုယ်စားခွင့် ရှိတဲ့ စနစ်တစ်ခု အစိုးရတစ်ရပ်ကို ဖော်ဆောင်ဖို့က ငါတို့တွေ အားလုံးရဲ့ တာဝန်ပဲမဟုတ်လား။ ဟော ပြောရင်းနဲ့ နိုင်ငံရေးတွေ ပါလာပြန်ပြီ။
ဟုတ်တယ်သူငယ်ချင်း ငါတို့ဆီမှာ လူတွေက နိုင်ငံရေး စိတ်မ၀င်စားဘူး။ ရှုပ်ရှုပ်ရှက်ရှက်တွေဆိုပြီး ထင်ကြတယ်။ အမှန်အတိုင်းပြောရရင် နိုင်ငံရေးကို စိတ်မ၀င်စားပေမယ့် အဲဒီနိုင်ငံရေးဆိုတာကြီးက ငါတို့ လမ်းတွေကို ကျပ်စေတယ်၊ ငါတို့ မီးတွေကို ပျက်စေတယ်၊ ငါတို့မျိုးဆက်တွေရဲ့ ပညာရေးကို ရပ်စေတယ်၊ ငါတို့ တိုင်းပြည်ကြီးကို ဖျက်နေတယ် ဆိုတာကိုတော့ လူတိုင်း သိကြဖို့လိုမယ်ကွာ။ ကဲ ဒါဆို ဘယ်နိုင်ငံရေးကို သိဖို့လိုမလဲ လို့မေးမလား။ ရှင်းရှင်းလေးပဲ ပြောရရင် အနည်းဆုံးတော့ ကိုယ့်ကို အုပ်ချုပ်မယ့် စနစ်၊ ကိုယ့်ကို အုပ်ချုပ်မယ့် အစိုးရကိုတော့ သိဖို့လိုတယ်ကွ။ အုပ်ချုပ်မယ့်စနစ်ဆိုတော့ လောလောဆယ် ပြောရရင် ငါတို့အားလုံး လိုချင်နေတဲ့ ဒီမိုကရေစီပေါ့။ ဟိုးတလောက ငါတို့နိုင်ငံရဲ့ စစ်တမ်းတစ်ခုမှာ ဒီမိုကရေစီဆိုတာ ဘာလဲလို့ မေးတော့ ၉၀%လောက်က လွတ်လပ်ရေးလို့ ဖြေကြတယ်တဲ့။ အဲဒီမှာကတည်းက စလွဲတာပဲ။ ဒီမိုကရေစီဆိုတာ အဲဒီလွတ်လပ်ရေးဆိုတာထက်ကို အများကြီးကျယ်ပြန့်ကြောင်း သိနိုင်ဖို့ အတွက် Wiki လုပ်ကြည့်တဲ့အခါ ဒီမိုကရေစီဆိုတာ ဂရိဘာသာစကား Demos=People, Kratos=Power တို့ပေါင်းစပ်ထားတဲ့ “Demokratia” ဆိုတဲ့ စကားလုံး ကလာတာဖြစ်တယ်။ တနည်းအားဖြင့် People Power ၊ မြန်မာလိုဆိုရင်တော့ ပြည်သူ့အာဏာစနစ်ပေါ့။ အဲဒီ ဂရိစကားလုံးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော် ဒီမိုကရေစီကို ကျင့်သုံးခဲ့တဲ့ အချိန်ကတည်းက စတင်သုံးစွဲလာတာဆိုတော့ ငါတို့က အခုထက်ထိ ဒီမိုကရေစီစနစ်မသုံးစွဲနိုင်သေးဘူးဆိုတော့ နှစ်ပေါင်း ၂၅၀၀ လောက် နောက်ကျနေပြီပဲ ပြောရမလား။ ဆက်ဖတ်ကြည့်တော့ “ဒီမိုကရေစီစနစ်ကို ဘယ်လို အဓိပ္ပါယ်ဖွင့်တယ်ဆိုတာ တိတိကျကျမရှိကြပေမယ့် တရားသဖြင့် တန်းတူညီခြင်း၊ နိုင်ငံရေးအရ လွတ်လပ်ခွင့်ရခြင်း၊ တရားဥပဒေ စိုးမိုးခြင်း စတဲ့ အချက်တွေကတော့ အရမ်းအရေးကြီးတယ်”လို့ ရေးထားတာ တွေ့ရတယ်။
ကဲ အဲဒီကနေ ဆက်စပ်ပြီးတွေးတော့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးမယ်ဆိုတဲ့ အစိုးရတစ်ရပ်ဟာ အနည်းဆုံးတော့ အဲဒီအချက်သုံးချက်နဲ့ ကိုက်ညီမှ ရလိမ့်မယ်ဆိုတာကို ငါတို့ သိရလိမ့်မယ်။ အသစ်တက်မယ့် အစိုးရကို ဝေဖန်သုံးသပ်ချက်တွေ အများကြီးမလုပ်နိုင်သေးပေမယ့် အခု လက်ရှိအစိုးရကို ငါတို့ သုံးသပ်ကြည့်ရအောင်ပါ။ တရားသဖြင့် တန်းတူညီခြင်းဆိုတဲ့နေရာမှာ နီးစပ်ရာအသိုင်းအ၀ိုင်းနဲ့ ပတ်သက်ရာပတ်သက်ကြောင်းတွေကသာ အခွင့်ထူးခံဖြစ်နေတဲ့ အစိုးရတစ်ရပ်၊ နိုင်ငံရေးအရ လွတ်လပ်ခွင့်ရခြင်း ဆိုတဲ့ နေရာမှာ ပညာရေးပြုပြင်ပြောင်းလဲဖို့ ဆန္ဒပြကျောင်းသားတွေကို ထောင်သွင်းအကျဉ်းချတဲ့ အစိုးရတစ်ရပ်၊ တရားဥပဒေစိုးမိုးခြင်းကတော့ အထွေအထူးပြောနေစရာတောင် မလိုတဲ့ အစိုးရတစ်ရပ်ကို ငါတို့ လက်မခံသင့်ကြောင်းလောက် နိုင်ငံရေးကိုတော့ ငါတို့ သိကြရလိမ့်မယ် သူငယ်ချင်း။ စာလည်း ရှည်ပြီ ရွေးကောက်ပွဲလည်း နီးလာပြီဆိုတော့ ဘယ်အစိုးရတက်တက်မဟုတ်ပဲ၊ ကိုယ်လိုချင်တဲ့ အစိုးရတက်ဖို့၊ ဒီမိုကရေစီနဲ့ နိုင်ငံရေးအခြေခံလောက်တော့ သိဖို့၊ အဲဒါမှ ငါတို့ရဲ့ လူနေမှုအဆင့်အတန်းတွေ မြင့်တက်ပြီး ငြိမ်းချမ်းသာယာဖို့ ဆိုတာတွေကတော့ မင်းတို့ ငါတို့ ပြည်သူတွေ အားလုံးရဲ့ တာဝန်ပဲမဟုတ်ပါလား သူငယ်ချင်းရာ. ။
မင်းရဲ့ သူငယ်ချင်း
စည်သူ(သံလွင်)
Labels:
Letter
Subscribe to:
Post Comments (Atom)
1 comment:
hollister clothing
kobe bryant shoes
oklahoma city thunder jerseys
louis vuitton outlet
coach outlet
polo ralph lauren
ugg slippers
replica watches
ralph lauren
hollister clothing
20173.14chenjinyan
Post a Comment