အလုပ်နည်းနည်းများနေတာရယ်၊ ဘလော့ခ်ရေးဖို့ သိပ်စိတ်မပါဖြစ်နေတာရယ်ကြောင့် ကျွန်တော့်ဘလောခ့်လေး တိတ်ဆိတ်ခြောက်ကပ်နေပါတယ်။ ဒါ့ကြောင့် ကျွန်တော် သံလွင်အိပ်မက်မှာ ရေးခဲ့ဖူးတဲ့ ကဗျာလေးတစ်ပုဒ်ကို ပြန်ဖော်ပြလိုက်ပါတယ်။
ကြယ်တွေကြွေသွားတဲ့ ဘဝ
ဂြိုဟ်ပြာပေါ်မှာနေ
ဂြိုဟ်ပြာရဲ့ ရေကိုသောက်
လမ်းပေါ်မှာ မှောက်လဲနေတဲ့ ဘ၀တွေရှိတယ်။
မျှော်လင့်ခြင်းဆိတ်သုဉ်း
အရှုံးတွေနဲ့ နပန်းလုံးတဲ့ ဘ၀တွေရှိတယ်။
အနမ်းနဲ့ အမြည်းလုပ်
ပွပွပြီး ပုပ်နေတဲ့ ဘ၀တွေရှိတယ်။
ပညာရည်ချို
သောက်မျိုခွင့်မရတဲ့ ဘ၀တွေရှိတယ်။
လုပ်မရ လှုပ်မရ
ကျောက်ရုပ်လို ဘ၀တွေရှိတယ်။
ပိုနေမြဲ ကျားနေမြဲ
ကြားနေဆဲ ဘ၀တွေရှိတယ်။
တစ်ရာမှာ နှစ်ယောက်
နောက်တစ်ယောက်ပြီး တစ်ယောက်တိုးလာတဲ့ ဘ၀တွေရှိတယ်။
အပြင်ကို မျှော်ငေး
ထွက်ပြေးနေကြတဲ့ ဘ၀တွေရှိတယ်။
အထဲကို ပြန်သွား
အမှားလုပ်မိမှာ ကြောက်တဲ့ ဘ၀တွေရှိတယ်။
ထွန်ယက်စိုက်ပျိုး
မျက်ရည်မိုးတွေနဲ့ ရှင်သန်နေရတဲ့ ဘ၀တွေရှိတယ်။
လင်းလက်တောက်ပ
ကြယ်တွေ ဝေကြတဲ့ ဘဝ
ကြယ်တွေ ချွေနေတဲ့ ဘဝ
ကြယ်တွေ ကြွေသွားတဲ့ ဘ၀တွေလည်း ရှိပေရဲ့
အလင်းဖြူ
သံလွင်အိပ်မက် အမှတ်(၁၁) ဇူလိုင် ၀၇
Tuesday, February 19, 2008
Tuesday, February 12, 2008
Wednesday, February 6, 2008
နေဘုန်းလတ်သို့ ….
ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း "မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ "လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။ ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့  ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်" တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့ အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊ အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅ ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ် မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။ သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။
ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့ လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။
မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့ ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ ချီးမြှင့်ကြတယ်။
ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။ ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင် သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။ ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့ ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် … ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့ ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက် အားလုံးက စောင့်မျှော်နေဆဲပါ ..။
ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက် ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

Labels:
Days
Tuesday, February 5, 2008
တစ်နှစ်ပြည့် Danger Zone
ကျွန်တော် ဒီဘလော့ခ်လေးကို လွန်ခဲ့တဲ့ နှစ် ဒီအချိန်မှာ စရေးခဲ့ပြီး ဟုတ်တာရော မဟုတ်တာပါ အားလုံး ပိုစ့်ပေါင်း ၁၈၃ခု ရေးခဲ့ပါတယ်။ ဘလော့ခ်စရေးတုန်းကတော့ အားနဲ့ မာန်နဲ့ လက်တွေက အရမ်းကို သွက်ခဲ့တယ်။ နောက်ပိုင်း တဖြည်းဖြည်းနဲ့ တခြားကိစ္စတွေများလာတဲ့အခါ ဘလော့ခ်ရေးဖို့ မပြောနဲ့ တစ်နေ့တစ်နေ့ အီးမေးလ် မစစ်ဖြစ်တဲ့နေ့တွေ၊ အင်တာနက်တောင် မသုံးဖြစ်တွေနေ့တွေ များများလာတယ်။ ဒါပေမယ့် တခြားအရာတွေကို မေ့ချင်မေ့မယ်။ ဘလော့ခ်ရေးချင်တဲ့စိတ်၊ သွားရင်းလာရင်း ထူးခြားတာလေးတွေ တွေ့ရင် သတင်းထူးတွေ ဖတ်ရရင် သူများတွေကို ပြောပြချင်တဲ့စိတ်၊ ဘလော့ခ်ပိုစ့်တင်ချင်တဲ့စိတ်တွေ ကတော့ အချိန်တိုင်းလောက်နီးပါးရှိနေပါတယ်။ ပြီးတော့ ကျွန်တော်ဘာပိုစ့်မှ အသစ်မတင်ပေမယ့်လည်း လာဖတ်ကြတဲ့သူတွေ၊ ကော်မန့်တွေ ထားသွားကြတဲ့ ဘလော့ခ်ကာ သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးအထူး တင်ပါတယ်။
ကျွန်တော့်ဘလော့ခ်နဲ့ တူတူ တစ်ရက်ကြီး တစ်ရက်ငယ် မွေးဖွားလာခဲ့တဲ့ “လွတ်ကျခဲ့တဲ့ မြို့တော်”ဟာဆိုရင်လည်း အခုဆို အုပ်ချုပ်သူကင်းမဲ့နေပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ရေးဖော်ရေးဖက် မရှိတော့ အရင်ကလို တက်တက်ကြွကြွနဲ့ မရေးနိုင်တော့ပါဘူး။ ပြီးတော့ အခုခုလောလောဆယ် TPmyanmar ၁၀နှစ်ပြည့် သင်္ကြန်ကို မတ်လထဲမှာ လုပ်ဖို့အတွက်လည်း အသည်းအသန် လုံးပန်းနေရတယ်။ အဲဒါကြောင့် ကိစ္စတွေ အားလုံး ရှင်းမယ့်နေ့၊ သူငယ်ချင်းနဲ့ တူတူပျော်ပျော်ပါးပါး ဘလော့ခ်ပြန်ရေးကြမယ့် နေ့တစ်နေ့ကို စောင့်မျှော်ရင်း . . . . .။

Subscribe to:
Posts (Atom)