Monday, August 6, 2007

မိုးခေါင်ပေမယ့် ဗုံသံတွေစဲသွားပြီ

Singapore Polyမှာ မြန်မာကျောင်းသားလေးတွေ ဦးစီးပြီး လုပ်တဲ့ Showသွားကြည့်နေတုန်း ညီမငယ်ဒီမိုက smsပို့လာပါတယ်။ တာရာမင်းဝေ ဆုံးပြီတဲ့။ ကြားကြားချင်း အဲဒါကောလဟာလ ဖြစ်ပါစေ။ ကောလဟာလဖြစ်ပါစေ ဆိုပြီးဆုတောင်းနေမိတယ်။ ဒါပေမယ့် ကျွန်တော်ဆုတောင်း မပြည့်ခဲ့ပါဘူး။ ဒီလိုခံစားမှုမျိုးကို ဆွေမင်း(ဓနုဖြူ)နဲ့ ကာတွန်းမောင်ဝဏ္ဏတို့ကွယ်လွန်သွားတဲ့ အချိန်တုန်းက တစ်ခါခံစားဖူးပါတယ်။

မှတ်မှတ်ရရ ကျွန်တော်သံလွင်အိပ်မက်မှာ ပထမဆုံးရေးခဲ့တဲ့ ဆောင်းပါးဟာ တာရာမင်းဝေ အကြောင်းဖြစ်သလို ဒီဘလောခ့်ရဲ့ ပထမဆုံးပိုစ့်ဟာလည်း တာရာမင်းဝေရဲ့ စကားလုံးတွေပါပဲ။ အခုတော့ ဘယ်သူမှ မလွန်ဆန်နိုင်တဲ့ သေခြင်းတရားကို တာရာမင်းဝေတစ်ယောက် ရင်ဆိုင်လိုက်ရပါပြီ။ လူသာသေပြီး နာမည်သေမှာ မဟုတ်တဲ့ တာရာမင်းဝေဆိုတဲ့ လူငယ်တစ်ယောက်ရဲ့ ကျောက်ထွင်းရာဇ၀င်တွေက ကျွန်တော်တို့ ရင်ထဲမှာ အမြဲရှိနေမှာပါ။ ဆရာတာရာမင်းဝေ ကောင်းရာသုဂတိလားပါစေ။

မိုးခေါင်လို့ တီးတဲ့ဗုံသံကဗျာ စာအုပ်မှ ကဗျာတစ်ပုဒ်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

`ဒိုင်ယာရီရဲ့ နောက်ဆုံးစာမျက်နှာ´

နှင်းစက်လက်တွဲခိုနေတဲ့
စံပယ်အိုလေးရေ . . .
ဒီ လကွယ်ညမှာပဲ
ဆုပ်ကိုင်ထားတဲ့ လက်ချောင်းတွေကို
ဖြည်ချလိုက်ပါတော့။

တချို့လူတွေက
ဘ၀မှာ ကြယ်တွေကြွေကျခဲ့သတဲ့
ငြိမ်သက်စွာ ခရီးနှင်ကြဦးပေါ့ကွယ်
ကိုယ့်မှာက . . .
နေတွေ လတွေတောင် ကြွေကျခဲ့ဖူးပါတယ်။

``သွားတော့မယ်နော် . . .
ကံကြုံရင် ပြန်ဆုံကြဦးမှာပေါ့´´လို့
ကံမကောင်းသူတို့ရဲ့
မှိုင်းညို့သောလမ်းခွဲ
ကျောက်စရစ်ခဲတွေ အပြိုင်းအရိုင်းလွင့်ကြဲနေတယ်။

(ဘာဖြစ်ဖြစ် ကိုယ့်အပြစ်ပါပဲ)
လေရိုင်းတွေ ၀ိုင်းဝန်းကိုက်ခဲကြတဲ့
မီးလျှံစတစ်ခုလို ပြာညိုယိမ်းထိုး
ပြက္ခဒိန်မှာတော့
နက်ဖန်ခါဟာ နာမည်ဆိုးမရှိပါဘူး။

ဒါပေမယ့် . . .
လွမ်းဆွတ်နေသူတစ်ယောက်ရဲ့
ကြောက်မက်ဖွယ်ရာ အိပ်မက်များ
နှင်းဆီချွေရထားမှာ
စူးစူးဝါးဝါး ဥသြဆွဲပစ်လိုက်တယ်။

ဒီည . . .
နောက်ည . . .
ဘယ်လိုမှ နိဂုံးချုပ်မရပါဘူး
ဘီလူးဖမ်းသလို ကြမ်းတဲ့လင်္ကာ
ငှက်ဆိုးတွေအိပ်မှ
တိတ်တဆိတ် ကိုယ်ရေးလိုက်ပါတယ်။

``ပျော်ခွင့်မပိုင်သော
ဒိုင်ယာရီ၏ နောက်ဆုံးစာမျက်နှာထက်၌´´
နတ်သူရူးတွေ ကြဲပက်တဲ့
ကောင်းကင်ဘုံက အက်ဆစ်တစ်စက်လို
ရှအက်ကြေကွဲ ရှ - -အက် - -ကြေ - -ကွဲ . . .
မင်နီတွေနဲ့ `ရဲ´လို့ပေါ့ကွယ်။ ။

တာရာမင်းဝေ

9 comments:

Anonymous said...

ဒီမို လည်း ဒီသတင်းကြားကြားချင်း (တာရာမင်းဝေ ကြိုက်တဲ့) ဒီမို အစ်ကိုကြီးကိုဇင်ကိုလတ် ကိုချက်ချင်း သတိရသွားတယ်.. အဲဒါနဲ့ အစ်ကိုများ ကြားမိမလားဆို sms ပို့ပြီးမေးလိုက်တယ်.. ပြီးတော့လည်း ဒီသတင်းအမှန်မဟုတ်ပါစေနဲ့ လို့ဆုတောင်းမိတယ်.. =( ဆုတောင်းမပြည့်ပါဘူး.. ဒီသတင်းဟာ အမှန်ပဲဆိုတာ သိလိုက်ရတော့ တကယ် ၀မ်းနည်းမိပါတယ်..

ဆရာတာရာမင်းဝေ တစ်ယောက် ကောင်းရာသုဂတိလားပါစေ..

Anonymous said...

- I was shocked to hear this news. Didn't expect that.

- Thanks for your news.

- May he rest in peace.

Wai Phyo said...

Shocked and sad ...

Rest in Peace, sayar taryar..

:(

W.

NayPhoneLatt said...

ဘာပြောရမမယ်မှန်းမသိတော့ဘူး
ငါတို့နှစ်ယောက် တာရာမင်းဝေကို ဘယ်လောက်ရူးသွတ်ကြတယ်ဆိုတာ မင်းရောငါရောသိပါတယ်။ ငါ့ရင်ထဲမှာ ဆို့နင့်နေတယ်ကွာ …။

Saturngod said...

လူဆိုတာ သေမျိုးပါပဲ... တစ်ယောက်ပြီး တစ်ယောက်သေကုန်ကြတော့.. ဟူး.. နှမြောရုံပဲတတ်နိုင်တာပဲ...

ZawZaw said...

ဟုတ်တယ်ဗျာ စိတ်မကောင်းပါဘူး။
သူလို အရေး အသားသွက်လက်တဲ့ လူထက် ထွက်ဖို့
ခက်သွားပြီ။

pandora said...

ဟုတ်တယ်.. တကယ် နှမြောစရာကောင်းတယ်..
အခုမှ အစပဲရှိသေးသလိုပဲ.. သူပြောချင်တာတွေ အများကြီး ရှိဦးမယ် ယုံကြည်တယ်.

ဒီဝိုင်း (D'vine) said...

အခုမှပဲ တာရာမင်းဝေဘယ်လိုပုံလဲ မြင်ဘူးတော့တယ်ဗျာ…း(
ကလောင်တစ်လက် လွတ်ကျပြန်ပေါ့..

thennowh said...

replica bags in uk replica bags in china replica kipling bags